Chapter 95
ခဏအကြာ မုန့်ယွမ်က တံခါးတွန်းဖွင့် ဝင်လာသည် မျက်နှာကလည်း ဒေါသအပြည့်ပင်။
ရှစ်ရော့က ဖုန်းကို ဖယ်ထားလိုက်ရင်း သိချင်စိတ်နှင့် မေးလာသည်
" အစ်ကိုမုန့်... ထုတ်လုပ်ရေးဆရာနဲ့ သွားတွေ့ခဲ့တာ မဟုတ်ဘူးလား... ဒုတိယတစ်ဖြတ် ပရိုမိုးရှင်းဓါတ်ပုံအတွက် နျန်နျန်က ဘယ်အချိန်လောက် သွားရမှာတဲ့လဲ... နေပါအုံး အစ်ကိုမုန့်ကို ဒီလို စိတ်ဆိုးအောင် ဘယ်သူလုပ်လိုက်တာလဲ"
မုန့်ယွမ်က နှာမှုတ်လိုက်ရင်း ပြန်ဖြေလာသည်
" တခြား ဘယ်သူရှိရအုံးမှာလဲ"
သူက ထိုင်ချလိုက်ရင်း စားပွဲပေါ် ဖုန်းပစ်တင်လိုက်ကာ ရေခဲတစ်မျှ အေးစက်သော လေသံနှင့် ပြောလာသည် " ဟာဆီက ကြေငြာပေးပြီးတာနဲ့ ထန်းရှောင်ခယ်က ဒေါသထွက်ပြီးတော့ သူ့ ပို့စ်တွေ ချက်ချင်းဖျက်တော့တာ နောက်ပြီး သူ့အဖေကို သွားတောင်းဆိုတာလေ...အဲ့ဒါနဲ့ ယွီနျန်ကို ဆက်ထားမယ်ဆိုရင် ထန်းရှောင်ခယ်ဘက်က ရန်ပုံငွေအားလုံးကို ရုတ်သိမ်းသွားမှာ ဖြစ်ပြီး ယွီနျန့်ကို ထုတ်လိုက်မယ် ဆိုရင်တော့ ပရိုဂရမ်အဖွဲ့ရဲ့ ရန်ပုံငွေကို နှစ်ဆတိုးမြင့်ထည့်သွားမယ် ဆိုပြီး သူ့အဖေက 'သီချင်းဆိုပါရစေ' ပရိုဂရမ်အဖွဲ့ကို သတိပေးစာ ပို့လာတယ်..."
ရှစ်ရော့က နေရာမှာတင် မေ့လဲမတတ် ဖြစ်သွားရသည် " ထန်းရှောင်ခယ်ဘက်က ပိုက်ဆံ ဘယ်လောက်လောက် ရင်းနှီးမြုပ်နှံထားတာလဲ"
"စုစုပေါင်းရဲ့ ၆၀ရာခိုင်နှုန်းလောက်... မဟုတ်ရင် ထန်းရှောင်ခယ်က ရှိုးကို ချုပ်ကိုင်ထားနိုင်ပါ့မလား"
"အများကြီးပဲ..." အားယူပြောလိုက်ရင်း ရှစ်ရော့က မေးရန်ပြင်သည်
" ဒါဖြင့်... ပရိုဂရမ်အဖွဲ့က ဘာပြောလိုက်လဲ"
မုန့်ယွမ်မျက်နှာက မည်းမှောင်သွားပြီး အံတင်းတင်းကြိတ်ရင်း ပြောလာသည်
" ပရိုဂရမ်အဖွဲ့က ပိုက်ဆံရော ယွီနျန့် အောင်မြင်မှုနဲ့ ကျွမ်းကျင်ပိုင်နိုင်မှုကိုရော လိုချင်နေတာ ဆိုတော့ ညှိဖို့ ကြိုးစားနေတာ"
တိတ်ဆိတ်နေသည့် ယွီနျန်က တည်တည်ငြိမ်ငြိမ် မေးလာသည် " အဲ့ဒါနဲ့..."
မုန့်ယွမ်က မေးရိုးတင်းသွားပြီး နောက်ဆုံး ထုတ်ပြောလာသည် " မင်းဘက်က ထန်းရှောင်ခယ်ကို လူချင်းတွေ့ပြီး တောင်းပန်ပေးမလား ဆိုပြီး ပြောလာကြတယ်"
ရှစ်ရော့မျက်လုံးများ ချက်ချင်း ရဲတောက်သွားပြီး အသံပင် ထိန်းမနိုင်ပဲ ပြောလာတော့သည်
" ဒါဘယ်လို အတွေးအခေါ်ကြီးလဲ... ထန်းရှောင်ခယ်ကသာ နျန်နျန့်ကို စပြီး ရန်စခဲ့တာလေ... နျန့်နျန့်ကို နေရာတိုင်းမှာ ရန်စပြီး အင်တာဗျူးတိုင်းမှာလည်း နျန်နျန့်က ဟာဆီကို ဝယ်မဝတ်နိုင်လို့ ဆိုပြီး လူရှေ့ စော်ကားခဲ့တာ... အခု နျန်နျန်က သူ့ကိုယ်ပိုင်အရည်အချင်းနဲ့ ဟာဆီကို ကြော်ငြာခွင့်ရပြီး သူ့မျက်နှာကို ဖြတ်ရိုက်လိုက်တော့ အခွင့်မသာလို့ ဖိအားပေးပြီး တောင်းပန်ခိုင်းပြန်ပြီ... သူက ဘာလို့လုပ်ရမှာလဲ"
မုန့်ယွမ်က ဘာမျှဝင်မပြောပဲ ယွီနျန့်ကိုသာ ကြည့်နေပြီး မေးလာသည် " မင်း ဘယ်လို စဥ်းစားထားလဲ"
ယွီနျန့်အကြည့်က အေးစက်နေသည်
" ထန်းရှောင်ခယ်က ရှိုးမှာ နေရာတစ်ခုရဖို့ ခက်ခက်ခဲခဲ ကြိုးစားထားရတာ... စုစုပေါင်းရဲ့ ၆၀ရာခိုင်နှုန်း ဆိုတော့ ဒီလို ပမာဏအများကြီးနဲ့ဆို သူ ရင်းနှီးမြုပ်နှံထားတာကို တကယ် ရုတ်သိမ်းမှာ မဟုတ်သလို ဧည့်သည်အဖြစ်လည်း နှုတ်ထွက်သွားမှာ မဟုတ်ဘူး... ဒါကြောင့် သူလိုချင်တဲ့ အရာက ပရိုဂရမ်အဖွဲ့ကို တည်ကြက်လုပ်ပြီး ကျွန်တော့်ဘက်က သူ့ကို ဦးညွတ်တောင်းပန် စေချင်တာ"
"ကျွန်တော့်ဘက်က တောင်းပန်ပါတယ်လို့ ပရိုဂရမ်အဖွဲ့ကို ပြောရမှာလား... မဖြစ်နိုင်တာတွေ"
မုန့်းယွမ်က ခေါင်းညိမ့်ပြလာသည်
" ကောင်းတယ်... ငါလည်း သူတို့ကို အဲ့လို ပြောမလို့" ထို့နောက် သူက ပြောနေရင်း ထရပ်ပြီး အခန်းထဲမှ ထွက်သွားသည်။
ရှစ်ရော့က စိုးရိမ်နေ၍ အဝတ်လဲခန်းထဲ ရှေ့လျှောက်လိုက် နောက်လျှောက်လိုက် သွားနေရင်း ယွီနျန့်က်ု ထပ်မေးလာသည်
" နျန်နျန်ရေ... သူတို့ တကယ်ကြီး တောင်းဆိုလာရင် အစ်မတို့က ရှိုးကနေ နှုတ်ထွက်ပေးရမှာလား"
ယွီနျန်က သက်တောင့်သက်တာ ပြန်ဖြေလာသည်
" ဟုတ်မယ်... သူတို့က ထန်းရှောင်ခယ်ကို တောင်းပန်ပေးဖို့ ပြောလာရင်လည်း ကျွန်တော်က ဧည့်သည်အဖြစ် ပါဝင်ပေးမှာ မဟုတ်တော့ဘူး... ရှုံးမယ့်ရှုံး ပရိုဂရမ်အဖွဲ့ဘက်ကပဲ ဆုံးရှုံးစရာရှိတာ... ကျွန်တော်ကတော့ နောက်ထပ်ရှိုးတွေ ပြောင်းသွားလို့ရတယ်လေ"
ရှစ်ရော့က စိတ်ပြန်ငြိမ်လာသည်
" မှန်တယ်... မင်းကို စောင့်နေတဲ့ ရှိုးတွေမှ အများကြီးပဲ ... ဒီရှိုးကို အစ်မတို့ မလိုပါဘူး"
"အတိအကျပဲ... ပရိုဂရမ်အဖွဲ့ကလည်း ဒါကို ကောင်းကောင်းသိတာမို့ ဒီသတင်းထွက်တာနဲ့ လူတွေ စိတ်ပျက်အံ့သြသွားမယ်ဆိုတာ သူတို့ မှန်းထားပြီးလောက်တယ်... အစ်ကိုမုန့်က သွားပြီးတော့ အကျိုးအကြောင်းပြောလိုက်ရင် ပရိုဂရမ်အဖွဲ့ကလည်း ထန်းရှောင်ခယ် အကြိုက်လိုက်ပေးမှာ မဟုတ်တော့ဘူး"
ရှစ်ရော့က သဘောတူလာသည် " မှန်တယ် နျန်နျန်... မင်းက ဒီရှိုးရဲ့ အဓိကလူပဲ... ပြီးတော့ မင်းသာ ထွက်သွားရင် သူတို့ ပရိုမိုးရှင်းတွေကို ပြန်လုပ်ရတော့မှာ... ကြည့်ရှုနှုန်းကလည်း တစ်ဝက် မဟုတ်တောင် အနည်းဆုံး ၃၀ရာခိုင်နှုန်းထိ ကျသွားမှာပဲ"
"အမှန်ပဲ... ဒါကြောင့် ကျွန်တော်တို့မှာ ယုံကြည်ချက်ရှိတယ်"
ယွီနျန်က စားပွဲကို ခပ်ဖွဖွ ထိလိုက်ရင်း " ပြီးတော့ ထန်းရှောင်ခယ်ရဲ့ မိသားစုက ၆၀ရာခိုင်နှုန်း ရင်းနှီးမြုပ်နှံထားတာ ဆိုတော့ ပရိုဂရမ်အဖွဲ့က သူ့ဆန္ဒကို သေချာပေါက် အလေးထားပေးရလိမ့်မယ်... ဒါပေမယ့် ကျွန်တော်တို့က သဘောထားချင်း ကွဲလွဲနေတော့ ရှေ့ဆက် ပြဿနာတွေ ရှိနေအုံးမှာ... အခုချိန်မှာ ပရိုဂရမ်အဖွဲ့က သူတို့ လုပ်သင့်တာကို သိစေဖို့ ကျွန်တော့်တို့ဘက်က အခိုင်အမာရပ်တည်ချက်ပြထားတာ ပိုကောင်းမယ်"
ယွီနျန့်ပြောစကား နားထောင်ပြီးနောက် ရှစ်ရော့က ပြန်လည် တည်ငြိမ်လာပြီး ဟာဆီ၏ကြော်ငြာချက်ထံ တုံ့ပြန်ထားကြပုံကို စစ်ကြည့်ရန်#သင့်ကိုယ်သင် မယုံနိုင်အောင် ဖြစ်သွားစေပါလိမ့်မယ်#ခေါင်းစဥ်ကို ပြန်ဖွင့်လိုက်သည်။
နာရီဝက်ခန့် ကြာသွားပြီးနောက် မုန့်ယွမ်က အခန်းဆီ အလျင်စလို ပြန်လာသည်။
ရှစ်ရော့က ချက်ချင်း ထရပ်လိုက်ပြီး စိုးရိမ်တကြီး မေးလာသည် " အစ်ကိုမုန့်... ဘယ်လိုဖြစ်သွားပြီလဲ"
မုန့်ယွမ်က မျက်နှာကို ပွတ်လိုက်ရင်း မျက်လုံးထောင့်နှင့် နှုတ်ခမ်းတို့တွင် အပြုံးတို့ဝေ့နေလျက် ပြန်ဖြေလာသည် " ငါ အစစ်ကို တွေ့ခဲ့ရတာ" သူ့စကားလုံးများက စိတ်အေးသွားသည့် အရိပ်အရောင်တို့ နစ်ဝင်နေပြီး ဆက်ပြောလာသည်
" အခုလေးတင် သူတို့ ကုမ္ပဏီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ ရောက်လာကြတယ်... ဘာဖြစ်သွားလဲ သိလား"
ရှစ်ရော့က စိတ်လှုပ်ရှားစွာ ခေါင်းခါပြသည်။
"ဥက္ကဥရွှယ်က ထန်းရှောင်ခယ် ထွက်သွားရမယ်ဆိုတဲ့ တောင်းဆိုချက်တစ်ခုနဲ့ တစ်ခါတည်း စုစုပေါင်းပမာဏရဲ့ နှစ်ဆကို ရင်းနှီးမြုပ်နှံလိုက်တာတဲ့... "
ရှစ်ရော့က တွန့်ဆုတ်ဆုတ်နှင့် မေးလာသည်
" ဥက္ကဌရွှယ်ကလား"
မုန့်ယွမ်က တစ်ခုခု နားလည်သွား၍ ယွီနျန့်ကို ကြည်လိုက်သည်။ ယွီနျန်က ခေါင်းစောင်းပြီး ပြုံးပြလာသည် " ကျွန်တော်က အစ်မရော့ရော့ကိုတော့ အစ်ကိုမုန့် ပြောထားလိမ့်မယ်လို့ ထင်ခဲ့တာ"
မုန်ယွမ်က သူ့နာဖူး သူရိုက်လိုက်ရင်း " ဟားဟားဟား... ငါ ဒီအကြောင်းကို လုံးဝ မေ့သွားတာ"
နားမလည်ဟန်နှင့် ရှစ်ရော့က ယွီနျန့်ကို တစ်လှည့် မုန့်ယွမ်ကို တစ်လှည့် ကြည့်ပြီး မေးလာသည်
" ရှင်တို့နှစ်ယောက် ဘယ်လို ပဟေဠိဂိမ်းမျိုး ကစားနေကြတာလဲ... ကျွန်မကို ဘာပြောစေချင်တာလဲ"
တံခါးပိတ်ထားမှန်း သေချာကြည်ပြီးမှ မုန့်ယွမ်က အနားကပ်လာပြီး လည်ချောင်းရှင်းကာ " ကောင်းပြီ ဥက္ကဌရွှယ်က ယွီနျန်ရဲ့..."
သူက စကားထစ်နေ၍ ယွီနျန်က ဆက်ပြောပေးလိုက်သည် " သူက ကျွန်တော့် ချစ်သူပါ"
ရှစ်ရော့က ဘာမှ ပြန်ဖြေမလာပဲ တောင့်တောင့်ကြီး ရပ်နေ၍ မုန့်ယွမ်က သူမ မျက်စိရှေ့ လက်ယမ်းပြရင်း " မင်း သတိမေ့သွားတာတော့ မဟုတ်ဘူးမို့လား...ရော့ရော့...အသိဝင်လာတော့လေ"
ရှစ်ရော့မျက်လုံးများက ဗလာသက်သက်နှင့် ကြက်တူရွေး တစ်ကောင်လို ထပ်ပြောလာသည်
" ချစ် ... သူ"
ယွီနျန်က ခေါင်းညိမ့်ပြလာသည်
" ဟုတ်တယ် ... ကျွန်တော့် ချစ်သူပါ"
"နေအုံး ဒါကြောင့် ငလျင်လှုပ်တုန်းက ဥက္ကဌရွှယ်က ဥက္ကဌချူနဲ့ အတူတူမလာခဲ့တာက မင်းကို စိုးရိမ်လို့လား"
ယွီနျန်က ထပ်ပြီး ခေါင်းညိမ့်ပြလာသည် " ဟုတ်ပါတယ်"
မုန့်ယွမ်က "ထိတ်လန့်စရာကို မျှဝေခြင်းက တစ်ယောက်တည်း သိသည်ထက် ပိုကောင်းသည် "ဆိုသည့် နည်းလမ်းကို လိုက်၍ ထပ်ပြောလာသည်
" ချင်းဟိုင်liveလွှင့်တိုင်း လက်ဆောင်တွေ မီလီယံနဲ့ ချီပြီး သုံးတဲ့ 'နျန်နျန်ယုံယွီ' ဆိုတဲ့ တစ်ယောက်ကလည်း ရွှယ်ယုံပဲ"
ရှစ်ရော့က သူမနားများ အလုပ်မလုပ်တော့သလို အိပ်မက်မက်နေသလို ခံစားနေရသည်။ ခဏအကြာမှ သူမ၏အတွေးများကို စကားလုံး နှစ်လုံးနှင့်သာ ပြောပြနိုင်တော့သည်
" သောက်ကျိုးနဲ"
ထို့နောက် သူမက အမြန် လက်ယမ်းပြလာသည်
" ဆဲတာ မဟုတ်ဘူးနော်... ဒါပေမယ့် ကျွန်မ ဘယ်လို ခံစားမိလဲ ဆိုတာ ပြောဆို တခြားစကားလုံး မရှိတော့လို့"
မုန့်ယွမ်က "ငါ နားလည်တယ်"ဆိုသည့် မျက်နှာ ပုံစံနှင့် ပြောလာသည် " ရတယ် ရတယ်"
သူက "၁၈၆"မှာ ရွှယ်ယုံ ဖြစ်နိုင်သည် ဆိုပြီး တွေးလိုက်ချိန်မှစ အိပ်မပျော်နိုင်ဖြစ်ကာ မျက်လုံး ပိတ်လိုက်တိုင်း ယွီနျန့်ကို ရွှယ်ယုံက ပင်လယ်ထဲတွင် လူးလိမ့်နေသည့် မြင်ကွင်းမျိုး ကြုံရာအိပ်မက်များ မက်နေတော့သည်။
ရှစ်ရော့မှာ ခေါင်း ချာချာလည်နေတော့သည်
" ဒါဖြင့် နျန်နျန် သဘောကျတဲ့သူဆိုတာ နံရံမှာ ဖိကပ်ပြီး နမ်းနိုင်တယ် ဆိုတဲ့သူက ဥက္ကဌရွှယ်လား"
နံရံမှာ ဖိကပ်ပြီး နမ်းတယ်...။
ယွီနျန်က သဘောကျစွာ ရယ်မောလိုက်ရင်း " ဟုတ်တယ် သူပါ"
ရှစ်ရော့က မျက်တောင် တစ်ဖျတ်ဖျတ်ခတ်ရင်း " ပြီးတော့ နျန်နျန်ပြောတဲ့ သကြားကပ်ချိုချဥ်လိုမျိုးလူ ဆိုတာလည်း သူပဲလား"
"ဟုတ်ပါတယ်... အစကနေ အဆုံးထိ သူ တစ်ယောက်တည်းပါ"
ရုတ်တရက် တစ်ခုခု မှတ်မိလာ၍ သူမက မေးလာသည် " ဒါဆို ဥက္ကဌရွှယ်က အသည်းပုံလေးနဲ့ trending ခေါင်းစဉ် တစ်ခု ဝယ်ခဲ့တဲ့ အချိန်တုန်းကလည်း အဲ့တာက ..."
"ဟုတ်ပါတယ်... ကျွန်တော့်အတွက် ဝယ်ခဲ့တာပါ"
"ပြီးတော့ နျန်နျန့်ကို အားပေးဖို့ LEDစခရင်တွေနဲ့ supportလုပ်ပေးတာလည်း..."
"ဟုတ်ပါတယ်... ကျွန်တော့ကို အားပေးဖို့ လုပ်ခဲ့တာပါ"
ရှစ်ရော့က ရေရွတ်လာသည်
" နေအုံး... အစ်မကို ခဏလောက် စကားမပြောနဲ့အုံး... ဒါကို ဖြေရှင်းဖို့ လိုတယ်... ဥက္ကဌရွှယ်က အမြဲတမ်း မင်းကို ဆန့်ကျင်ဖို့ လုပ်နေခဲ့တာ မဟုတ်ဘူးလား... သူက အများကြီး လုပ်ခဲ့တာတော့ မဟုတ်ပေမယ့် အခု ပြန်လည့်ကြည့်ကြည့်ရင် နည်းနည်း ထူးဆန်းသလိုမျိုးပဲ..."
မုန့်ယွမ်က စနောက်လိုက်သည် " မင်းက ဒါကို ဖြေရှင်းဖို့ လိုတာလား... ဘယ်သူ့ကိုလဲ... သူ့ကို သွားရှာပေးရမလား"
ရှစ်ရော့က မျက်လုံးများ ပြူးကျယ်သွားရင်း ပြောလာသည် " အစ်ကိုမုန့်... ဘာလို့ ဒီလိုမျိုး ဖြစ်သွားရတာလဲ... အခု ကျွန်မရဲ့ ဦးနှောက်က ရှုပ်ထွေးနောက်ကျိနေပြီ" ခဏအကြာမှ သူမက အာမေဍိတ်သံ ထွက်လာသည်
" ဒါပေမယ့် တကယ်တော့ ဥက္ကဌရွှယ်ရဲ့ ချစ်သူကောင်လေး စကေးတွေက လုံးဝ လိုက်မမှီနိုင်တော့ဘူး... မဟုတ်ဘူး... လုံးဝကို ကွဲထွက်နေတာ"
မုန့်ယွမ်က ထောက်ခံလာသည်
" တကယ်တမ်း သူက အထက်စီးဆန်တဲ့ စီအီးအိုတစ်ယောက်လိုမျိုး ပုံစံနဲ့ သူ့ အိပ်မက်တွေ ပြည့်လာတာပဲလေ"
"ဟုတ်တယ်... အိပ်မက်တွေ ပြည့်လာရုံမကဘူး ဥက္ကဌရွှယ်က ထန်းရှောင်ခယ်ကိုလည်း ဆေးတစ်ခွက် ပေးချင်တာ ဖြစ်နိုင်တယ်... စဥ်းစားကြည့်လေ ငါတို့ဘက်သာ ရိုက်ကူးရေးကို ရုတ်သိမ်းပြီး တခြား ဘတ်ဂျက်ကြီးကြီးနဲ့ ရှိုးတစ်ခုကို သွားဆက်သွယ်လိုက်မယ် ဆိုရင် အဲ့ဒီရှိုးက နာမည်ကြီးသွားမယ် ဆိုရင်တောင် ငါတို့ဘက်က နောက်ဆုတ်ပြီး အရှုံးပေးခဲ့တာ လိုမျိုး ဖြစ်နေအုံးမှာပဲလေ"
ထိုအတွေးကြောင့် ရှစ်ရော့က စိတ်လှုပ်ရှားစွာ ပြောလာသည်
" အတိအကျပဲ... ကျွန်မတို့ ဘာလုပ်ကြမလဲ... ထန်းရှောင်ခယ်ရဲ့ မျက်နှာကြီးကို သွားကြည့်ချင်လှပြီ... ဟားဟားဟား သူ့လက်နဲ့သူ ပြန်အရိုက်ခံလိုက်ရတယ်... ဒါက လုံးဝကို သာမာန်ထက် ကျော်လွန်သွားပြီ... အရမ်း ရယ်ရတာပဲ...
ထန်းရှောင်ခယ်က ငွေအင်အား သုံးပြီး တစ်ဖက်လူကို ဖိနှိပ်ဖို့ ကြိုးစားခဲ့ပေမယ့် ဥက္ကဌရွှယ်က ဆွဲချလိုက်တာနဲ့ အဆုံးသတ်သွားတယ်... ချက်ချင်းကို ပြာကျသွားတာပဲ"
ရှစ်ရော့နှင့် မုန့်းယွမ်တို့ ပြောနေကြသည်ကို ကြားနေရ၍ ယွီနျန်က ရွှယ်ယုံ့ထံ မက်ဆေ့ချ်ပို့လိုက်သည်
" လေယာဥ်ပေါ်က ဆင်းခဲ့ပြီလား"
ရွှယ်ယုံက ချက်ချင်း ပြန်ဖြေလာသည်
" ဟုတ်တယ် နျန်နျန်လေး စိတ်မညစ်နဲ့တော့ ကိုယ်ရောက်နေပြီ"
ရှင်းပြစရာမလိပဲ ထိုမက်ဆေ့ချ်ကို မြင်သည်နှင့် ယွီနျန်က ငြိမ်းချမ်းသွားသလို ခံစားရသည်။ သို့သော်လည်း အနည်းငယ် ခါးသက်သက် ခံစားမိပြန်သည်။
သူ ကြောက်ရွံ့ပြီး မလွယ်မကူဖြစ်နေချိန်များတွင် ယွီချင်း၊ဆရာများ၊ စီနီယာအစ်ကိုများနှင့် သူနှင့် ရင်းနှီးသည့်သူများ အပါအဝင် အခြားသူများ အပေါ်တွင် မမှီခိုရန် သူ့ကိုယ်သူ သတိပေးနေရမှန်း ကောင်းကောင်း သိသည်။
ထို့ကြောင့် မည်သည့်ကိစ္စပဲ ဖြစ်လာဖြစ်လာ သူ့ကိုယ်ပိုင်နည်းလမ်းနှင့် ရင်ဆိုင်ဖြေရှင်းတတ်သည်။
သို့သော်လည်း ထိုလူက ရွှယ်ယုံ ဖြစ်နေလျှင် သူ့အပေါ် မှီခိုကြည့်လိုက်ရင်ရော...။
သူက စာဆက်ရိုက်လိုက်ရင်း မေးလိုက်သည် " ပင်ပန်းနေပြီလား"
ရွှယ်ယုံက ပြန်ဖြေလာသည် "မပင်ပန်းပါဘူး"
သိပ်မကြာမီ ရွှယ်ယုံ့ဘက်က မက်ဆေ့ချ်နှစ်စောင် ပို့လာသည် " ဘာသူမှ မင်းကို အနိုင်ကျင့်လို့ မရစေရဘူး"
"မင်းဘက်က ခံခဲ့ရမှန်း သိပါတယ်... ပြီးတော့ အဲ့ဒါက ကိုယ်ခံရတာထက် ပိုပြီးနာကျင်စေတယ်"
ထိုစာကြောင်းများက ယွီနျန့်နှလုံးသား အောက်ခြေရှိ အခွံမာကို အက်ကွဲသွားစေသည်ထိ နူးညံ့သိမ်မွေ့မှု ပါဝင်နေသည်။ သူက တစ်ခဏမျှ ရပ်သွားရင်း မည်သို့ စာပြန်ရမည်မှန်း ရုတ်တရက် မသိတော့။
နောက်ဆုံး ယွီနျန်က သူ့နှလုံးသား စေစားရာအတိုင်း စာလုံးအချို့ ရိုက်လိုက်သည်
" ကျွန်တော် ခင်ဗျားကို အခုချက်ချင်း နမ်းချင်လာပြီ"
တစ်ခဏအကြာ ရွှယ်ယုံဘက်မှ ပြန်စာ ရောက်လာသည် " ကောင်းပြီ"
တစ်ဖက်တွင်လည်း ထန်းရှောင်ခယ်က မီးနီကို လေးငါးကြိမ်ခန့် ဖြတ်ကျော်သွားပြီး ထန်းကျန့်ကျုံး၏ ရုံးခန်းအပြင်ရောက်မှ ရေးကြီးသုတ်ပြာ ရပ်သွားသည်။ မည်းမှောင်နေသော မျက်နှာနှင့် သူက ရုံးခန်းတံခါးကို တွန်းဖွင့်ဝင်သွားလိုက်သည်။
ဝင်ပေါက်မှ အတွင်းရေးမှူးက သူ့ကို လာမတားရဲချေ။ ထန်းရှောင်ခယ်က တံခါးကို ကြမ်းကြမ်းတမ်းတမ်း တွန်းဖွင့်လိုက်ရင်း ထန်းကျန့်ကျုံးကို ထိပ်တိုက်တွေ့လာသည်
" ဘာဖြစ်လာတာလဲ... မင်း မျက်နှာပုံစံက ...မင်းကို အပြစ်လုပ်ထားတဲ့ တစ်ယောက်က မတောင်းပန်ခဲ့လို့လား..."
ထန်းရှောင်ခယ်က အဝင်ဝရှိ ကြမ်းခင်းတစ်ခုကို ခပ်ပြင်းပြင်း ကန်လိုက်ရင်း အံတင်းတင်းကြိတ်ပြီး ကြုံခဲ့ရသမျှ ပြန်တိုင်နေသည်
" အကြီးပိုင်းတွေ အကုန် ရူးကုန်ကြတာလား ... လူတိုင်းရဲ့ ရှေ့မှာ သူတို့က ကျွန်တော့်ကို လျစ်လျူရှုပြီး ဧည်သည့်နေရာ အစားထိုးချင်လို့ ပရိုမိုးရှင်းဗီဒီယိုကိုလည်း ပြန်လုပ်မယ်တဲ့ ပြီးတော့ လူထုရပ်တည်မှူကိုလည်း စိစစ်ဆုံးဖြတ်အုံးမယ် ပြောခဲ့တာ... အဲ့သောက်ကောင် ယွီနျန်က သူ့အတွက် ကောင်းမယ့်အရာကို မသိပဲ တကယ် ထွက်သွားချင်နေခဲ့တာလို့ ထင်ခဲ့ပေမယ့် ကျွန်တော့်ဘက်က နှုတ်ထွက်ရမယ် ဆိုပြီး အခြေအနေ ပြောင်းပြန်ဖြစ်သွားတာ"
ထန်းကျန့်ကျုံးက သူ၏ ရွှေရောင်ဖောင်တိန်ကို ချလိုက်ရင်း မျက်မှောင်ကြုပ်လျက် မေးလာသည် " မင်း ဘယ်သူလို့ ပြောလိုက်တယ်"
"ယွီနျန်"
"မဟုတ်ဘူး...အဲ့ဒါရဲ့ ရှေ့က..."
ထန်းရှောင်ခယ်က ထန်းကျန့်ကျုံး၏ မျက်နှာက ရုတ်ချည်းဆိုသလို တည်တင်းသွားခြင်းကို နားမလည်သော်ငြား ထပ်ပြောပေးလိုက်သည်
" ရွှယ်ယုံလို့ ခေါ်တဲ့လူက ပမာဏရဲ့ နှစ်ဆလောက် ရင်းနှီးမြုပ်နှံပေးမှာမို့ ကျွန်တော့်ကို ထွက်သွားခိုင်းဖို့ ပြောခဲ့တာတဲ့"
"ရွှယ်ယုံလား"
"ဟုတ်တယ်... အဲ့ဒီနာမည်ပဲ ... ကြားတောင်မကြားဖူးတဲ့သူက ကျွန်တော့်ကို ထွက်သွားခိုင်းရဲတယ်ပေါ့... သူ မသိဘူးလား...."
"ပါးစပ်ပိတ်ထားစမ်း"
ထန်းကျန့်ကျုံးမျက်နှာက ဖျော့တော့သွားရင်း မေးလာသည်
" အဲ့ဒီနာမည်ဆိုတာ သေချာလား"
အအော်ခံလိုက်ရ၍ ထန်းရှောင်ခယ်က စိတ်မထိန်းနိုင်တော့ " အဲ့ဒီနာမည်ပဲ... ကျွန်တော်က နားကြားမှားတာ ဖြစ်နိုင်လို့လား"
ထန်းကျန့်ကျုံးက စက္ကန့်အနည်းငယ်မျှ စဥ်းစားလိုက်ရင်း ဆုံးဖြတ်ချက် ချလိုက်သည်
" ရှိုးကို မသွားနဲ့တော့ ချက်ချင်း ရုတ်သိမ်းလိုက်"
"ဘာလို့ အဲ့ဒီလို လုပ်ရမှာလဲ" ထန်းရှောင်ခယ်က ပေါက်ကွဲသွားပြီး မျက်လုံးများပင် ရဲရဲနီလာသည် "
အဖေဖြစ်တာတောင် သားကို ထောက်ပံ့ပေးမယ် မရှိဘူး... ရှိုးကနေ ထွက်စေချင်သေးတယ်... ကျွန်တော့်မျက်နှာကို ဘယ်မှာ သွားထားရတော့မှာလဲ... ဟမ် ... ရင်းနှီးမြုပ်နှံတာကို နှစ်ဆလောက် ထည့်ပေးလိုက်တာလေးနဲ့လား... ဒါဆို ကျွန်တော့်ဘက်က သုံးဆ ရင်းနှီးမြုပ်နှံပစ်လိုက်မယ်... ကျွန်တော် မယုံဘူး..."
"မင်းကို အရှုံးခံလိုက်ပြောရင် အရှုံးခံလိုက်တော့..."
ထန်းကျန့်ကျုံးက အသံမြင့်ပြောရ၍ မျက်လုံးများပင် နီရဲလာသည်
" မင်း လူစက
ား နားမလည်ဘူးလား... မင်း ဘယ်သူ့ကို အပြစ်လုပ်ခဲ့မိတာလဲ သိရဲ့လား... ပိုက်ဆံပစ်ပေးရမှာ ဟုတ်လား... မင်း အရာရာတိုင်းကို ပိုက်ဆံနဲ့ ဖြေရှင်းလို့ရမယ်လို့ တကယ် ထင်နေတာလား"
ထန်းရှောင်ခယ်က လက်သီးဆုပ်လိုက်ရင်း ထန်းကျန့်ကျုံးကို စိုက်ကြည့်နေလေသည်။