အပိုင်း ၁၄၂
Viewers 19k

Chapter 142

အဏ္ဏဝါဂြိုလ်ပေါ်မှ ထွက်ခွာခြင်း


"မိန်းမ... ဘာတွေပြောနေတာလဲ..."

ရေသူထီးလေးက မေးလိုက်သည်။

"မင်းလေးက အလှဆုံး... အွတ်..."


ယောင်စစ် သူ့ပါးစပ်ကို ချက်ချင်း အုပ်လိုက်သည်။ သူသာ ကျယ်ကျယ်အော်မပြောခဲ့လျှင် သူမကိုယ်သူမ အယောင်ဆောင် ချီးကျူးမှုတွင် မွေ့လျှော်နေဆဲဖြစ်မိပေလိမ့်မည်။


သူမပါးပြင်ပေါ် မျက်ရည်စက်တို့ စီးကျလာသည်။

ငလူးပဲ.... ဝမ်းနည်းစရာကြီးဟ..


"မိန်းမလှလေး... စိတ်မပူပါနဲ့...."

ရှီကျင်းက သူမ၏ အမူအယာကို တလွဲကောက်ချက်ချမိပြီး သူမရှေ့တွင် လာရပ်လေသည်။

"မကြာခင် ရဲတွေရောက်လာတော့မှာပါ... ကျူးကျော်သူက ဘာကိုအလိုရှိလဲ မသိပေမဲ့ ကိုယ်မင်းကို အရာရာတိုင်းဆီကနေ ကာကွယ်ပေးပါ့မယ်... အဆင်ပြေသွားမှာပါ..."


"ကျွန်မထင်တာတော့... သူက ကျွန်မကို လာခေါ်တဲ့ပုံပဲ..."

ယောင်စစ် သူမလက်ကို ချိနဲ့စွာ မြှောက်လိုက်သည်။


"ဘာ...."

ရှီကျင်း အံ့ဩသွားပြီး သူမကို အထိတ်တလန့်ကြည့်လာသည်။

"မင်းတကယ်... အဲ့ဒီ့ ရုပ်ဆိုးဆိုးလူကြီးနဲ့ သိတာလား...."


"အာ...."

သူက ဘယ်လိုလုပ် ရုပ်ဆိုးရမှာလဲ... ရှင့်ရဲ့ သောက်တလွဲ အလှအပခံစားမှုအာရုံနဲ့ ကျွန်မကို မစော်ကားပါနဲ့တော့... အဏ္ဏဝါဂြိုလ်က တကယ်ကြောက်ဖို့ကောင်းတာပဲ... 


ယောင်စစ် တတ်နိုင်သမျှ မြန်မြန်လေး ဤဂြိုလ်မှ ထွက်သွားချင်နေပြီဖြစ်သည်။


သူ ရှေ့သို့ ခြေနှစ်လမ်းတိုးလိုက်ပြီး မူရွှမ်ကို လက်ဝှေ့ရမ်းပြလိုက်သည်။

"ကျွန်မ ဒီမှာ...."


သူ ချက်ချင်းလက်ငင်း သူမနားရောက့လာသည်။ သူမခါးကို တင်းတင်းကြပ်ကြပ် ဖက်တွယ်လိုက်ပြီး သူမက သူ၏ရင်ခွင်ထဲ ကျဆင်းသွားခဲ့သည်။ သူမကို အားနှင့်ဖက်ပြီး စိုးရိမ်တကြီး မေးမြန်းတော့သည်။

"မင်း အဆင်ပြေရဲ့လား...."


"အဆင်ပြေပါတယ်..."

သူမ ခေါင်းငြိမ့်ပြလိုက်သည်။


"သူမကိုလွှတ်လိုက်... သူမက ငါ့အပိုင်ပဲ...."

ရေသူထီးလေးက မူရွှမ်ကို ဒေါသတကြီး အော်လိုက်သည်။

လူတိုင်းက ဘာလို့ သူ့ရဲ့မိန်းမကို ဖြတ်ခုတ်ချင်နေရတာလဲ...


မူရွှမ် သူမထံမှ အကြည့်ရွှေ့လိုက်ပြီး သူ့ရှေ့ရှိ လူအုပ်ကို ကြည့်လိုက်သည်။ သူ့ပတ်ဝန်းကျင်ရှိ ရေများက အေးစက်သွားပြီး သူ့ခြေထောက်အောက်ရှိ လေထုက ရေခဲတုံးအဖြစ် ခဲသွားသည်။ သူ့ကိုဗဟိုပြု၍ မီတာရာပေါင်းများစွာအထိရေများခဲသွားပြီး သူတို့နောက်ရှိ မှတ်ပုံတင်ရုံးပါ ရေခဲတို့ ဖုံးလွှမ်းသွားသည်။


ဒါ သူ့ရဲ့အဖိုးတန်ကလေးလေးကို အတင်းအကြပ် ခေါ်သွားတဲ့ လူတွေမလား....


"ခဏလေးနေပါဦး..."

ယောင်စစ် ခုန်ထွက်လိုက်ကာ ရူးသွပ်ခါနီးဖြစ်နေသော မူရွှမ်ကို တားလိုက်သည်။

စိတ်လျှော့ပါ... စိတ်လေးကိုလျှော့....

"ဒါ နားလည်မှုလွဲတာပါ...."


ရှီကျင်းနဲ့ မန်နေဂျာငါးကြင်းတို့ အတုန်တုန်အယင်ယင် နောက်ဆုတ်သွားပြီး ရေခဲများကြောင့် ထိတ်လန့်သွားကြသည်။ ရေသူထီးလေးပင် ကြောက်ရွံ့သွားကာ သူ့ငါးခေါင်းအောက်ရှိ ကြေးခွံများပင် ကျွတ်ကျသွားသည်။ သို့သော်လည်း ရှီကျင်းက သူမကိုမမေ့ခဲ့ပေ။

"မိန်းမ.. အဲ့လူက ကြောက်ဖို့ကောင်းပြီး ရုပ်ဆိုးလွန်းတယ်... သူကမကောင်းတဲ့လူပဲ ဖြစ်ရမယ်... ဒီကို မြန်မြန်လာခဲ့လိုက်..."


ကျေးဇူးပြုပြီး ရုပ်ဆိုးတယ်ဆိုတဲ့ စကားလေးကို ရုပ်သိမ်းပေးပါလား ... ကျေးဇူး...


-_-|||


"အဟမ်း... သူက ကျွန်မကိုလာခေါ်တာပါ...."

ယောင်စစ် ရှင်းပြလိုက်သည်။

"ဒါက ကျွန်မ ဒီမှာနေလို့မရတဲ့  အကြောင်းပြချက်ပဲ..."


"မင်းသူ့ကိုလက်ထပ်ထားတာလား...."

ရှီကျင်း မူရွှမ်ကို လှည့်ကြည့်လိုက်သည်။


"အာ...."

ဂိမ်းထဲမှာ လက်ထပ်တာကရော ထည့်တွက်လို့ရလား... 

သူတို့၏မျှော်လင့်ချက်များကို တစ်လက်စတည်းချေဖျက်ပစ်လိုက်ရန် ခေါင်းငြိမ့်လိုက်သည်။

"အမှန်ပဲ...."


သူမပြောလိုက်ပြီးသည်နှင့် မူရွှမ်တောင့်တင်းသွားသည်။ သူ၏လက်များကလည်း သူမကို တင်းတင်းကြပ်ကြပ်ဖက်တွယ်လာသည်။


"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."

ရေသူထီးသုံးယောက်က မယုံကြည်နိုင်ဟန်ပြောလိုက်သည်။ မူရွှမ်ကို စက်ဆုပ်ဟန်ဖြင့် ကြည့်လိုက်ပြီး သူတို့မျက်နှာများတွင် ပေါ်နေသည့်အမူအယာမှာ ထိုသို့ပင်ဖြစ်သည်။

_ဒီလောက်လှတဲ့ ဇနီးကိုလပ်ထပ်နိုင်အောင် အရင်ဘဝက သူရွာကြီးတစ်ရွာလုံးကို ကယ်ခဲ့တာပဲနေမှာ...


"..."

ယောင်စစ် တိတ်တိတ်လေးနေရန်သာ ရွေးချယ်လိုက်သည်။


"ရပါတယ် ...."

ရှီရီက တောက်ပနေသော မျက်လုံးများဖြင့် ရှေ့သို့ ခြေတစ်လှမ်းတိုးလာသည်။

"ခင်ဗျားလက်ထပ်ပြီးရင်တောင် ရှီရီက ခင်ဗျားနဲ့ အတူတူရှိချင်သေးတယ်... ကိစ္စမရှိပါဘူး..."


ဘာ...


"ဟုတ်တယ်..."

ရှီကျင်းကလည်း ရှီရီ၏ လွှမ်းမိုးမှုခံလိုက်ရပြီး သူမကို အချစ်တို့ပြည့်လျှံနေသော မျက်လုံးရွဲကြီးများဖြင့် ကြည့်လာသည်။

"မင်းက ဒီလိုပုံနဲ့လူကိုတောင် လက်ခံနိုင်တယ်ဆိုမှတော့... ကိုယ့်ကိုလည်း လက်ခံပေးပါလားကွာ... မင်းနဲ့အတူရှိခွင့်ရမယ်ဆိုရင် အမြှောင်လင်ငယ်လေး လုပ်ရရင်တောင် ရပါတယ်... မဟုတ်သေးဘူး... ဒုတိယအမြှောင်လင်ငယ်လေးဆိုရင်တောင်ရတယ်..."


ဟေး ဟေး ဟေး... နင်တို့ အတည်ကြီးပြောနေကြတာလား... ကောင်လေးက ငယ်သေးလို့ဆိုတာ နားလည်ပေးလို့ ရပေမဲ့... နင့်လို အရွယ်ရောက်ပြီးသားလူကြီးက ဒီပြဿနာထဲပါလာစရာလားဟ...


မန်နေဂျာငါးကြင်းက ဘေးတွင်ရပ်ပြီး ခေါင်းတငြိမ့်ငြိမ့်ထောက်ခံလာသည်။

"ဟုတ်ပါတယ်... မိန်းကလေးလို မိန်းမလှလေးတစ်ယောက်အနေနဲ့ ချစ်သူအနည်းငယ်လောက်ရှိတာက လုံးဝကို ပုံမှန်ပါပဲ..."


အဲ့တာက ဘယ်လိုသောက်ကျိုးနည်း ပုံမှန်ဖြစ်ရမှာလဲ... သောက်တလွဲတွေပြောမနေနဲ့... နင်တို့ရဲ့ သောက်တလွဲ အလှအပစံနှုန်းတွေနဲ့ ကိုယ်ကျင့်တရားတွေကို ဝဲပစ်လိုက်စမ်းပါ...


"လာပါ မိန်းမရယ်... တို့ရဲ့ လက်ထပ်မှတ်ပုံတင်တာလေးကို ဆက်လိုက်ရအောင်ပါ.."


"ဟုတ်တယ်... မင်းသာဆန္ဒရှိရင် ကိုယ်တို့တွေ သဟဇာတဖြစ်ဖြစ်နေလို့ရတယ်..."


"မိန်းမလှလေး... မင်း ကျွန်တော့်ရဲ့ မင်းသားနှစ်ပါးကိုလက်ခံမှာပါလား..."


“…”


(╯‵□′)╯︵┻━┻


ဘယ်သူကများ ဒီလောက်ထူးဆန်းတဲ့ ဂြိုလ်ပေါ်မှာ နေချင်မှာလဲ...


မူရွှမ်၏ မျက်နှာ မဲမှောင်သွားသည်။ သူ့နှဖူးပေါ်တွင် သွေးကြောတို့ထောင်ထလာကာ ပေါက်ကွဲလုမတတ်ဖြစ်နေသည်။ ယောင်စစ် အသက်ပြင်းပြင်းရှူလိုက်ပြီး အော်ပြောလိုက်သည်။

"ကျွန်မက သွေးစုပ်ဖုတ်ကောင်တစ်ယောက်နော်..."


ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားရသည်။


“…”


တစ်မိနစ်ကြာသောအခါ...


"ဂုဏ်သိက္ခာကြီးမားလှတဲ့ သွေးစုပ်ဖုတ်ကောင် အမျိုးသမီးခင်ဗျာ... မိန်းကလေး ကျွန်တော်တို့ ဂြိုလ်ပေါ်ကနေထွက်သွားဖို့ ယာဉ်ပျံစီစဉ်ပြီးခဲ့ပြီလား... မစီစဉ်ရသေးရင် ကျွန်တော်တို့ ချက်ချင်း စီစဉ်ပေးပါ့မယ်..."

မန်နေဂျာ ငါးကြင်းက အဆိုပြုလာသည်။


"ဂုဏ်သိက္ခာကြီးမားလှတဲ့ သွေးစုပ်ဖုတ်ကောင်အမျိုးသမီးခင်ဗျာ... ခရီးဆောင်အိတ်ထုတ်ပိုးပြီးပါပြီလား... ကျွန်တော်တို့ ဂြိုလ်ရဲ့ ဒေသထွက်ကုန်တွေရော လိုချင်သေးလား.. ကျွန်တော်တို့ဆီမှာ ငါးအမျိုးအစားမျိုးစုံရှိပါတယ်... ငါးအသား၊ ငါးဆော့စ်၊ ငါးခြောက် အကုန်အစုံရှိလို့ ဘာများလိုချင်ပါသလဲဗျာ.."

ရှီကျင်း မေးလိုက်သည်။


"မိန်းကလေး... အသွားအလာဂရုစိုက်ပြီး အပြန်ခရီးလမ်း လုံခြုံပါစေဗျာ..."

ရှီရီ လေးလေးနက်နက် ပြောလိုက်သည်။


"..." ယောင်စစ်


"..." မူရွှမ်


"..." လုချန်နှင့် ကျန်လူများ


-_-|||


ပြောင်းလဲမှုကြီးက အရမ်းမြန်လွန်းမနေဘူးလား... ဒီလိုမှန်းသိ အစကတည်းက ပြောလိုက်ပါတယ်...


"ကျွန်တော် ပြည်တွင်းနေထိုင်ခွင့်ခန့်ခွဲရေး ရုံးကို သတင်းပို့ပြီးပါပြီ..."

မန်နေဂျာငါးကြင်းက သူ၏ ကွန်ပျူတာလက်ပတ်ကို ညွှန်ပြလိုက်ပြီး ရုတ်တရက်ကြီး ပြောင်းလဲသွားသော အခြေအနေကို တည်တည်ငြိမ်ငြိမ် ကိုင်တွယ်လေသည်။ သူ့ခန္ဓာကိုယ်သာ တုန်ရီမနေခဲ့လျှင် စံပြဝန်ထမ်းကောင်းတစ်ဦးအဖြစ် ရှုမြင်၍ ရပေလိမ့်မည်။


ဖက်ခ်... သူတို့တွေ အလှလေးတစ်ယောက်ကို ပေါချောင်ကောင်းရပြီမှတ်နေတာ... သူမက သွေးစုပ်ဖုတ်ကောင်မှန်း ဘယ်သူသိမှာလဲလို့... ဒီလူရဲ့ ကြောက်စရာ စွမ်းအားက ဒီလိုကြောင့်ဖြစ်နေတာပဲ... သွေးစုပ်ဖုတ်ကောင်တစ်ယောက်ရဲ့ ဇနီးကို လုဖို့ဆိုတာက သေချာပေါက်ကို သေလမ်းရှာတာပဲ... မဟုတ်သေးဘူး... မျိုးနွယ်တစ်ခုလုံး ပျက်သုဉ်းဖို့ လမ်းရှာတာလို့ ပြောရင် ပိုမှန်မယ်...


ဒီကိစ္စကြီးတစ်ခုလုံး သူတို့ သတိမရတော့အောင် လုပ်ရမယ်...


"နှစ်နာရီအတွင်း ထွက်ခွာမယ့် ယာဉ်ပျံနဲ့ ပြန်ချင်ပါသလား..."


"ရတယ်... ကျွန်မက ဒီကို သူငယ်ချင်းတစ်ယောက်နဲ့လာတာ..."

ယောင်စစ် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် သူမဘေးရှိလူကို ကြည့်လိုက်သည်။

"လုချန်... ငါတို့ နင့်ရဲ့ ယာဉ်ပျံကို သုံးလို့ရမလား... စိတ်မရှိဘူးမလား..."


ကြောင်အနေဆဲဖြစ်သော လုချန်က ချက်ချင်းပင် အပြုံးကြီးကြီးပြုံးပြီး ခုန်ပေါက်၍ ဖြေလိုက်သည်။

"စိတ်မရှိပါဘူး... ဒါပေါ့ လုံးဝစိတ်မရှိဘူး... လက်ကမ်းပြီးကို ကြိုပါတယ်..."

အစ်မက တကယ့်ကို သစ္စာရှိတာပဲ... ငိုတောင်ငိုချင်လာပြီနော် ဝူး ဝူး ဝူး....

"သွားကြစို့လေ... ကျွန်တော်တို့ အခုချက်ချင်း ထွက်သွားလို့ရပြီ..."


သူ သူမနောက်မှ ချက်ချင်းပြေးထွက်သွားသည်မှာ တစ်ယောက်ယောက်က သူ့ကို တားတော့မည့်အလားပင် ဖြစ်နေသည်။


ရေသူထီးသုံးယောက်က သူမတို့ကို ဆိပ်ခံတံတားကို ယဉ်ကျေးစွာလိုက်ပို့ပြီး လုချန်၏ ယာဉ်ပျံကိုပင် ဝန်ဆောင်မှုပေး၍ ယူလာခဲ့သည်။


ကလေးဆန်ဆန် ပိုင်ဆိုင်လိုစိတ်ရှိနေသော ရှီရီက ယောင်စစ်ကို သနားစဖွယ်ပုံလေးဖြင့် ကြည့်လိုက်သည်။ သူနှင့်ယှဉ်လျှင် ကျန်ရေသူထီးနှစ်ယောက်က သူမတောင်းဆိုလျှင် သူတို့၏ အသက်ကို ပေးဆပ်တော့မည့် စေတနာ့ဝန်ထမ်းများပမာ တောက်ပစွာ ပြုံးနေသည်။


"တာ့တာ.. မိန်းမရေ..."

တံခါးပိတ်ခါနီးတွင် ရေသူထီးလေးက သူမရှိရာသို့ ပြေးထွက်လာပြီး လက်ဝေ့ရမ်းပြလာသည်။


"တာ့တာ..."

ယောင်စစ် တာ့တာပြန်ပြလိုက်သည်။


မူရွှမ် တံခါးဝတွင်ရပ်လိုက်ပြီး အဏ္ဏဝါဂြိုလ်ကို နောက်ဆုံးတစ်ကြိမ်ငုံ့ကြည့်လိုက်သည်။ သူ့ကလေးလေးက အရာတိုင်းက နားလည်မှု လွဲခဲ့သည်ဟုပြောပြီး ဘာမှမနစ်နာခဲ့ဟု ပြောခဲ့သော်လည်း သူ့တွင် သူတို့ကို အဝေးသို့ ရွှေ့ပြောင်းပစ်ရမည်ဟု ခံစားနေရဆဲဖြစ်သည်။


ယာဉ်ပျံက အဏ္ဏဝါဂြိုလ်မှ ပျံသန်းထွက်ခွာသွားခဲ့သည်။ ထို့နောက် ယောင်စစ်က ထိုဂြိုလ်ပေါ် စိတ်ဝင်စားမှု ပျောက်ဆုံးသွားလေတော့သည်။ ထို့အပြင် ရေသူထီးသုံးယောက်၏ စက်ဆုပ်နေသော အမူအယာက သူမမျက်လုံးထဲတွင် တဝဲလည်လည်ဖြစ်နေပြီး လည်ချောင်းထဲတွင် တစ်ခုခုတစ်ဆို့နေဟန် ခံစားနေရသည်။ အဓိကအချက်က သူတို့က သူမကို ပန်းလေးတစ်ပွင့်လို လှသည်ဟု မြင်ပြီး မူရွှမ်ကို အကျည်းတန်သည်ဟု မြင်ကြသည်။ ထိုသည်က အမှန်တကယ်အကျည်းတန်သူက.... သူမ...


သူမနှလုံးသားလေး သွေးများယိုစီးကျနေပြီဖြစ်သည်။


သူမ မနေနိုင်တော့ဘဲ အာရုံစိုက်၍ ယာဉ်ပျံမောင်းနေသော လုချန်ကို မေးလိုက်သည်။


" ငါနင့်ကို မေးစရာရှိတယ်... ဒါပေမဲ့ အမှန်အတိုင်းပဲ ဖြေရမှာနော်...."


"ရပါတယ် အစ်မရယ်... အစ်မက ကျွန်တော့်အသက်သခင်လေ... အစ်မသိလိုသမျှ အရာတိုင်းဖြေပေးမယ်..."


"ငါ့ရုပ်ရည်ကို နင်ဘယ်လိုထင်လဲ..."


"ဟိုဟာလေ.. အစ်မ... ကျွန်တော် အမှန်အတိုင်းပြောပြရင် ရိုက်မှာလား..."


“…”


ဆောတီးပဲ... နင်မဖြေရင်တောင် ငါနင့်ကို ရိုက်ချင်သွားပြီ...