အပိုင်း ၁၄၃
Viewers 16k

Chapter 143

သတ္ထုရိုင်းဂြိုလ်


ယောင်စစ် အတော်လေး စိတ်ဒဏ်ရာ ရသွားရသည်။ သူမ၏ ရုပ်ရည်သွင်ပြင်ကို မေးခွန်းထုတ်ရင်း နောက်ထပ်သုံးရက်လောက် အသိစိတ်မကပ်ဖြစ်နေခဲ့သည်။ သူမ၏ ဘဲသွေးခဲအပေါ် စားချင်စိတ်များအပေါ်ပင် သက်ရောက်လေသည်။


အဏ္ဏဝါမျိုးစိတ်များနှင့် ဆက်နွယ်မှုမရှိစေရန် ကိုယ့်မာနကိုယ် မြှင့်လိုက်သည်။


သူမက အလှလေးတစ်ယောက်မဟုတ်သော်လည်း ဆိုးဝါးလှသည့်အထဲတွင်မပါပေ။ ထို့အပြင် အလှတရားဆိုသည်မှာ ကြည့်ရှူသည့်သူပေါ်တွင် မူတည်နေသည်။ ရေသူမျိုးနွယ်များက လူသားတစ်ဝက်ဖြစ်၍ သူတို့၏ အလှအပခံစားတတ်မှုကလည်း လူသားများနှင့် တစ်ဝက်မျှတူညီလောက်သည်။ သူတို့၏ ရှုမြင်မှုက သူမယူဆထားသည်နှင့် လုံးဝမတူညီဘဲ လူသားများ၏ ရှုမြင်မှုနှင့် တစ်ဝက်မျှတူညီလောက်သည်။ ထိုသို့သာ ဖြစ်ရပေလိမ့်မည်။


"မူရွှမ်... ကျွန်မလှရဲ့လားဟင်..."

သူမ ဘေးကလူကို လှည့်၍မေးလိုက်သည်။


"အင်း... လှတယ်..."

ထိုလူက တုံ့ဆိုင်းတွေဝေမှုမရှိဘဲ ပြန်ဖြေလိုက်သည်။


တွေ့လား... စကြဝဠာတစ်ခုလုံးရဲ့ နတ်ဘုရားကိုယ်တိုင်တောင် အတည်ပြုပေးလိုက်ပြီကွ...


╭(╯^╰)╮


သူမ၏ ကိုယ့်ကိုကိုယ်ယုံကြည်မှုလေးကို အောင်အောင်မြင်မြင် ပြန်လည်မြှင့်တင်ပြီးနောင်တွင် ယောင်စစ် သူမ၏ ရုပ်ရည်အပေါ်မေးခွန်း ထိုင်ထုတ်မနေတော့ပဲ သူမကိုယ်သူမ လှပသည်ဟုလှည့်စား၍ ပျော်ရွှင်နေတော့သည်။


ခရီးစဉ်တလျှောက်လုံး လုချန်က သူ၏မိသားစုနောက်ခံအကြောင်း အဆက်မပြတ်ပြောပြခဲ့လေသည်။ သူ၏ပြောပြချက်အရ သူက ယောင်များ၏ အုပ်စုခွဲဖြစ်သည့် လုမိသားစုမှဟုသိရသည်။ သူတို့က သတ္တုရိုင်းဂြိုလ်များစွာ၏ မန်နေဂျာများဖြစ်ကြပြီး အထူးသဖြင့် Tကြယ်စုနှင့် နယ်မြေ၉၅ကို အာရုံစိုက်ကြပေသည်။


မူလက သူက ထိုနေရာကို သတ္တုတူးဖော်ရေး လုပ်ငန်းစဉ်အတွက်သွားခဲ့ပြီး တစ်လက်စတည်း အသစ်လွင်ဆုံးသတ္တုတစ်သုတ်ကို သတ္တုသန့်စင်ရေးစက်ရုံရှိရာ ဂြိုလ်များသို့ ပို့ဆောင်ညွှန်ကြားရန် ထွက်လာခဲ့ခြင်းဖြစ်သည်။  


သို့သော် ဆီအလုံအလောက် ဖြည့်ရန် မေ့ခဲ့ပြီး စွမ်းအင်ပမာဏနည်းနည်းသာ ယူဆောင်ခဲ့သဖြင့် အဏ္ဏဝါဂြိုလ်ပေါ်တွင် မဖြစ်မနေရပ်ခဲ့ရခြင်းဖြစ်သည်။


စကြဝဠာတခွင် အပျော်ခရီးသွားရန် သင်္ဘာပေါ်တက်ကာစဖြစ်သော ယောင်စစ်က သတ္တုဂြိုလ်များဆိုသည်မှာ မည်သည်နှင့်တူမှန်းမသိ၍ သူနှင့်ဆက်သွားကာ အပျော်လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။


"အစ်မ... အစ်မကတော့ တကယ့်ကို အချိန်ကိုက်မှာ ရောက်လာတာပဲ..."

လုချန်း သူ၏ရင်ဘတ်ကို စိတ်လှုပ်တရှားပုတ်လိုက်သည်။

"သတ္တုရိုင်းဂြိုလ်ဆိုတာ ကျွန်တော်တို့ လုမိသားစုပိုင်တဲ့ ကိုယ်ပိုင်ဂြိုလ်ပဲ... အဲ့ဒီ့မှာ လူတိုင်း ရှုစားဖို့မတတ်နိုင်တဲ့ ပြိုင်ဘက်ကင်းပြီး လှပလွန်းတဲ့ မြင်ကွင်းတွေရှိတယ်... ဒါပေမဲ့ စိတ်မပူပါနဲ့... ကျွန်တော်က လုမိသားစုရဲ့ မိသားစုခွဲလေးကဆိုပေမဲ့ ဂြိုလ်ထဲကို ဝင်ခွင့်ရှိပါတယ်..."


"နင်တို့က ဘာသတ္တုရိုင်းတွေကို တူးဖော်ကြတာလဲ..."


"ပုံမှန်ဆိုရင်တော့ နိုးထပြီးသား သတ္တုရိုင်းတွေပေါ့...."

လုချန် ပြန်ဖြေလိုက်သည်။

"ကျွန်တော့်ရဲ့ ဂြိုလ်က သကြဝဠာထဲမှာ နိုးထပြီးသား သတ္တုရိုင်းတူးဖော်တဲ့ နေရာအဖြစ် အတော်လေး လူသိများတယ်...."


"နိုးထပြီးသား သတ္တုရိုင်း...."

ဘာကြီးလဲ...


"အဲ့တာက စိတ်ခွန်အားကို လှုံ့ဆော်ပေးတဲ့အရာတွေကို ဖန်တီးတဲ့နေရာမှာ အဓိကပါဝင်ပစ္စည်းပဲ...."

မူရွှမ် ရှင်းပြလိုက်သည်။ 

"အဲ့လို သတ္တုရိုင်းတွေမှာပဲ တွေ့ရတဲ့ အစိတ်အပိုင်းတစ်ခုလေ...."


စိတ်ခွန်အားဆိုတာက လှုံ့ဆော်ဖို့လိုလို့လား... သူမကြတော့ ဘာလို့လေ့ကျင့်ဖို့လိုအပ်ရတာလဲ...


"အမှန်ပဲ... လုမိသားစုကသာ အဲ့လိုဆေးမျိုးကို ထုတ်လုပ်နိုင်တာ...."

လုချန် ခေါင်းငြိမ့်ပြလိုက်သည်။ သူ့ပေါင်သူ လက်သီးဆုပ်ဖြင့် ထုလိုက်ပြီး ဆက်ပြောလိုက်သည်။

"ကျွန်တော် အစ်မတို့က သွေးစုပ်ဖုတ်ကောင်တွေဆိုတာ မေ့သွားတာ.... အစ်မတို့ရဲ့ အစွမ်းတွေနဲ့ဆိုရင် စိတ်ခွန်အားက သူ့အလိုလိုသဘာဝအတိုင်း ထုတ်လွှတ်တော့ ဆေးနဲ့ကူဖို့မလိုအပ်ဘူးလေ ... ဒါပေမဲ့ အခြားမျိုးနွယ်စုတွေက အစွမ်းမရှိတော့ သူတို့ရဲ့ စိတ်ခွန်အားကို အသုံးချချင်ရင် ဒီဆေးဝါးတွေကို ဝယ်သုံးရတာ..."


"အိုး..."

ငါသိသွားပြီ...


"မြန်မြန်လာကြည့်လှည့်... ကျွန်တော်တို့ ရောက်ပြီဗျ...."

လုချန် အော်ပြော၍ သူတို့ရှေ့ကို ညွှန်ပြလိုက်သည်။


ယောင်စစ် ခေါင်းမော့ပါ မဟူရာရောင် ကောင်းကင်ကြီးကိုမော့ကြည့်လိုက်သည်။ ရုတ်တရက် ကြီးမားလှသည့် အဖြူရောင်ဂြိုလ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းကို အဏ္ဏဝါဂြိုလ်ကဲ့သို့ အလွှာတစ်ခုက ဖုံးအုပ်ထားသည်။ ထိုအရာက သလင်းကဲ့သို့ ကြည်လင်နေပြီး ရင်သတ်ရှုမောဖွယ်ရာကောင်းလှသည်။


ဤသည်က ယောင်စစ် ထိုကဲ့သို့သော ဂြိုလ်မျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ၎င်းက သလင်းကျောက်ဘောလုံးနှင့်တူနေပြီး လုချန်ပြောသလို တုနှိုင်းမဲ့သော မြင်ကွင်းမျိုးဖြစ်ပေသည်။


သူတို့ ဂြိုလ်ထဲဝင်ခါနီးတွင် အလိုအလျောက်မက်ဆေ့တစ်စောင် ဝင်လာပြီး ယာဉ်ပျံတစ်ခုလုံး မီးနီတို့လင်းလာသည်။


[ဒင်.... ဒါက ကိုယ်ပိုင်ဂြိုလ်တစ်ခုပါ.. အစိုးရအမှုထမ်းများမဟုတ်သော အခြားလူများအားလုံးကို ဝင်ခွင့် ကန့်သတ်ထားပါတယ်... ကျေးဇူးပြု၍ သင့်ရဲ့ အထောက်အထားနဲ့ စာရင်းသွင်းပေးပါ...]


"သတ္တုရိုင်းဂြိုလ်ရဲ့ လုံခြုံရေးက အတော်လေးတင်းကြပ်တာမလို့ ဒါက ပုံမှန်နည်းလမ်းမျိုးပါပဲ... စိတ်မပူပါနဲ့ ခဏလေးပဲကြာမှာပါ..."

လုချန် စခရင်သုံးခုကို ကျောပေး၍ သူတို့နှစ်ယောက်ဘက် လှည့်၍ ပြုံးပြလိုက်သည်။

"ကျွန်တော့်မှာ မန်နေဂျာအဆင့် လုပ်ပိုင်ခွင့်ရှိတယ်... အချိန်ခဏလေးပေးပါ... ကျွန်တော်အရင် စာရင်းသွင်းပြီးမှ အစ်မတို့ဝင်ခွင့်ရအောင် လုပ်ပေးပါ့မယ်...."


သူလက်မြှောက်လိုက်ပြီး စခရင်များထဲမှတစ်ခုရှေ့တွင် လက်ဝှေ့ရမ်းလိုက်သည်။


[ဒင် ဒင်... လုပ်ပိုင်ခွင့်မလုံလောက်၍ ဝင်ခွင့်ပိတ်ခံထားရပါတယ်...]


"..." လုချန်


"..." ယောင်စစ်


"..." မူရွှမ်


နင်ပြောတဲ့ မန်နေဂျာအဆင့်ဆိုတာ ဘယ်မှာလဲ....


(﹁﹁)~→


"မဖြစ်နိုင်ဘူး...."

လုချန် မယုံကြည်နိုင်ဟန် အော်ဟစ်လိုက်သည်။ သူ၏ အလုပ်သမားကတ်ရှိ အချက်အလက်များကို ပြူးနေအောင်ကြည့်လိုက်သောအခါ 'မန်နေဂျာ'ဟူသော ရာထူးက ထင်ထင်ရှားရှားရှိနေသေးပေသည်။

"ကျွန်တော်မှန်ပါတယ်... ဒီဂြိုလ်ပါ... ဒါပေမဲ့ ဘာလို့ ဝင်ခွင့်ပိတ်ခံထားရတာလဲ..."


သူလက်မြှောက်၍ အာရုံခံကိရိယာရှေ့တွင် ဝှေ့ယမ်းလိုက်သည်။


[ဒင် ဒင်... လုပ်ပိုင်ခွင့်မလုံလောက်၍ ဝင်ခွင့်ပိတ်ခံထားရပါတယ်...]


[ဒင် ဒင်... လုပ်ပိုင်ခွင့်မလုံလောက်၍ ဝင်ခွင့်ပိတ်ခံထားရပါတယ်...]


[ဒင် ဒင် စကန်ဖတ်ခြင်း သုံးကြိမ်ပြည့်သွား၍ အလိုအလျောက်လော့ကျသွားပါပြီ... ကျေးဇူးပြုပြီး ဤနေရာမှ ဆယ်မိနစ်အတွင်းထွက်ခွာပေးပါ.... သို့မဟုတ် အလိုအလျောက်တိုက်ခိုက်မှုအတွက် ပြင်ဆင်ထားပေးပါ...]


လုချန် ဖြူဖျော့သွားကာ သူ့မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားပြီး အာရုံခံကိရိယာကို စိုက်ကြည့်လိုက်သည်။ သူအရူးလို သရုပ်ဆောင်ချင်သော်လည်း လွန်ကဲသွားကြောင်း မည်သူက သိမည်နည်း။


"ကျွန်တော်.... ကျွန်တော် ခေါင်းဆောင်ပိုင်းကို ဒီအခြေအနေနဲ့ ပတ်သတ်ပြီး မက်ဆေ့ခ်ျပို့ပြီးပါပြီ.... ဒီ လုံခြုံရေးစနစ်မှာ တစ်ခုခုမှားနေ နေမှာပါ..."

လုချန် သူတို့ကို ရှက်ရမ်းရမ်းပြီး ကြည့်လိုက်သည်။ သူ၏ ကွန်ပျူတာလက်ပတ်ကို စိုးရိမ်တကြီးဖွင့်လိုက်ပြီး ဆက်သွယ်ရေးကော်လံကို စကန်ဖတ်လိုက်သည်။ 


ခဏကြာပြီးနောက်တွင်...


"အမ်... ငါဘာလို့ ဆက်သွယ်မရတာလဲ... ခေါင်းဆောင်ပိုင်းတွေ ဒီနေ့ အလုပ်နားကြလို့လား..."


"ထားလိုက်တော့...."

ယောင်စစ် မျက်လုံးတို့ ကြုံ့ဝင်သွားသည်။ သူမ ရှေ့သို့ ခြေတစ်လှမ်းတိုး၍ အချိန်ဆယ်မိနစ်ကို ရေတွက်နေသော အာရုံခံကိရိယာကိုကြည့်လိုက်သည်။ 

"အရင်ဆုံး ထွက်သွားကြတာပေါ့... ဒီအခြေအနေကို ဖြေရှင်းပြီးမှ ပြန်လာကြမယ်.."

သူမ အချိန်ရေတွက်နေသည်ကို လက်ညှိုးထိုးပြလိုက်သည်။

"ဒါ....."


[ဒင်... အမြင့်ဆုံး လုပ်ပိုင်ခွင့်... 

ဝင်ခွင့် ဖွင့်လိုက်ပါပြီ... လုမိသားစုရဲ့ သတ္တုရိုင်းဂြိုလ်မှ ကြိုဆိုပါတယ်... သာယာတဲ့ လေကြောင်းခရီးစဉ်လေး ဖြစ်ပါစေလို့ ဆုမွန်ကောင်းပို့သအပ်ပါတယ်....]


စာလုံးအတန်းလိုက်က သူမ၏စခရင်ရှေ့တွင် ပေါ်ထွက်လာသည်။


"..."


ဟမ်...


(⊙_⊙)


ယောင်စစ် တောင့်ခဲသွားပြီး လုချန်နှင့် မူရွှမ်တို့နှစ်ယောက်စလုံး သူမကို တပြိုင်နက်တည်း လှည့်ကြည့်လိုက်သည်။ 

"ငါ့ကို မကြည့်ကြနဲ့... ငါလည်း ဘာတွေဖြစ်သွားလဲ မသိဘူး...."


“…”


အာ....


(⊙_⊙)


လုချန်၏ မျက်နှာတွင် ရှုပ်ထွေးမှုတို့ ပြည့်နှက်နေသည်။ သို့သော် ဂြိုလ်ကို ဝန်းရံထားသော ခုခံခြင်စနစ်က တဖြေးဖြေးခြင်း ဆုတ်ခွာသွားသည်။ သူတို့တကယ် ဝင်ခွင့်ရသွားခြင်းဖြစ်သည်။


"ထူးဆန်းလိုက်တာ အစ်မရဲ့ ကွန်ပျူတာလက်ပတ်က....."

သူ လက်တစ်ဆုပ်စာ ဆံပင်များကို ဆွဲလိုက်မိသည်။

"ထားလိုက်ပါတော့... လုံခြုံရေးစနစ်က တစ်ခုခုမှားနေတာပဲ နေမှာပါ... အင်း... ကျွန်တော်တို့ ဂြိုလ်ပေါ်ရောက်တာနဲ့ ကျွမ်းကျင်သူတွေကို တစ်ချက် ကြည့်ခိုင်းလိုက်ပါ့မယ်...."


လုချန် တောင်းပန်ဟန် ပြုံးလိုက်ကာ သူ၏ယာဉ်ပျံကို သတ္တုရိုင်းဂြိုလ်ထံ ပျံသန်းလိုက်သည်။ သူတို့ဝင်လာသည်နှင့် သူကဤနယ်မြေအကြောင်း ယာဉ်ကျေးမှုနှင့် လူမျိုးများအကြောင်း စိတ်အားထက်သန်စွာ ရှင်းပြခဲ့သည်။


"သတ္တုရိုင်းဂြိုလ်က အစက လူမနေတဲ့ဂြိုလ်ပဲ... ဒီဂြိုလ်ကို လုမိသားစုကပဲ ရှာတွေ့ခဲ့ပြီး လုမိသားစုကပဲ မိုင်းတွင်းပြုလုပ်ခဲ့တာ... ဒီနေရာမှာ မိုင်းတွင်းတွေအများကြီးရှိပြီး ကျွန်တော်တို့က အကြီးဆုံးဖြစ်တဲ့ နယ်မြေ၉ကိုသွားနေကြတာပါ...."


"အင်း... အင်း..."


"အဓိကအလုပ်သမားတွေက သားရဲတွေလေ.. သူတို့မှာ လွန်ကဲလှတဲ့ခံနိုင်စွမ်းနဲ့ သားရဲမျိုးနွယ် DNAကိုပိုင်ဆိုင်ထားပြီး အနည်းဆုံး ခန္ဓာကိုယ်ကြံ့ခိုင်မှု Sအဆင့်ရှိလို့ သတ္တုရိုင်းတူးဖော်တဲ့နေရာမှာ အသင့်လျှော်ဆုံးပဲ...."


"သားရဲတွေ...."

အဲ့‌တာ ဘာမျိုးနွယ်စုလဲ....


"ဟုတ်ပါတယ်... သားရဲတွေကို ပုံစံမျိုးကွဲအများဆုံးရှိတဲ့ မျိုးနွယ်စုလို့ပြောလို့ရတယ်... မတူညီတဲ့ မျိုးရိုးဗီဇဆိုင်ရာ သွင်ပြင်တွေကြောင့် သူတို့ကတစ်ယောက်နဲ့တစ်ယောက် အလွန်ကွာခြားကြတယ်.... အစ်မတို့ သားရဲတွေအများကြီးကို တစ်ကြိမ်တည်းမှာမတွေ့ဖူးဘူးဆိုတာသေချာတယ်... ဒီမှာတော့ တွေ့ရလိမ့်မယ်...."


"တကယ်လား...."

ယခုတွင် ယောင်စစ် သိချင်စိတ်တို့ ပြင်းပြနေပြီဖြစ်သည်။


"ဒါပေမဲ့.... အစ်မ မကြောက်နဲ့နော်... သူတို့ကြည့်ရတာ ကြမ်းတမ်းခက်ထန်တယ် ဆိုပေမဲ့ သူတို့မှာ ငြိမ်းချမ်းတဲ့ စိတ်နေသဘောထားရှိပြီး ပေါင်းသင်းရလွယ်ကူပါတယ်...."


ယာဉ်ပျံ မြေပြင်ပေါ်သက်ဆင်းသွားသောအခါ လုချန်က သူတို့ကို ဂိတ်များဆီခေါ်သွားပြီး မရပ်မနား စကားပြောလေသည်။


"သားရဲတွေက ဓားမြတွေဆိုတဲ့ စကြဝဠာကွန်ရက်က သတင်းတွေကို မယုံနဲ့နော်... အဲ့ဒီ့လူတွေက အမှန်ကိုမစုံစမ်းဘဲ မလိုမုန်းထားပြီး သူတို့ကို တိုက်ခိုက်ကြတာ... နှစ်ပေါင်းများစွာ သူတို့နဲ့ အလုပ်လုပ်လာပြီးနောက်မှာ... ကျွန်တော်တို့က ဆက်ဆံရေးကို သဟဇာတရှိရှိ ထိန်းသိမ်း..."


"ရပ်လိုက်စမ်း...."

သူ့စကားမဆုံးမီ လူသားတစ်ဝက် ကျား၊ခြင်္သေ့၊ ကျားသစ်တစ်ဝက်တို့ ပါဝင်သော အုပ်စုက သူတို့ဆီပြေးလာပြီး လက်မောင်းများဆန့်တန်း၍ကာဆီးလိုက်သည်။

"ဒီနေရာကို ကျုပ်တို့ယူထားပြီးပြီ... အခု ဒါကသားရဲတွေရဲ့ ပိုင်နက်ဖြစ်သွားပြီ.. လက်တွေ မြှောက်လိုက်စမ်း...."


"..." ယောင်စစ်


"..." မူရွှမ်


"..." လုချန်


ယောင်စစ် မျက်နှာဖြတ်ရိုက်ခံလိုက်ရသောအသံ သဲ့သဲ့ကို ကြားလိုက်ရသလိုပင်။

နင်ပြောတဲ့ သဟဇတရှိတယ်ဆိုတာ ဘယ်မှာလဲ....


(╯‵□′)╯︵┻━┻