အပိုင်း ၁၄၄
Viewers 16k

Chapter 144

ကံဆိုးရှာတဲ့ ဘော့စ်


ယောင်စစ် ပြန်လည်မတုံ့ပြန်နိုင်မီ သားရဲအုပ်စုကြီးက သူတို့ကိုဝန်းရံလိုက်ပြီဖြစ်သည်။


"ငါတို့ လုံခြုံရေးစနစ်ကို ပိတ်ပြီးတာတောင်မှ ဘယ်လိုလုပ်ဝင်လာနိုင်ရတာလဲ..."

ခေါင်းဆောင်ဟုထင်ရသော ကျားခေါင်းနှင့်လူကြီးက ရှေ့သို့ထွက်လာပြီး သူတို့ကို စူးစမ်းလိုက်သည်။

"လုလုပ်ငန်းစုရဲ့ ထိပ်ဆုံးအဆင့် စီမံခန့်ခွဲသူတွေပဲ အမြင့်ဆုံးလုပ်ပိုင်ခွင့်ကို အမိန့်ပေးပိုင်ခွင့်ရှိတာ... မြန်မြန်လေး နယ်မြေ၉ရဲ့ ကြီးကြပ်သူကိုသွားခေါ်ပြီး အဲ့လူကို ဖော်ထုတ်ဖို့ လုပ်ခိုင်းလိုက်..."


ကျားသစ်ခေါင်းနှင့်လူက ချက်ချင်းထွက်သွားလိုက်သည်။ တစ်မိနစ်အတွင်း သူက အသက်လေးဆယ်ခန့် သတ်လတ်ပိုင်းလူတစ်ဦးကို ဆွဲခေါ်လာခဲ့သည်။ ထိုလူက တစ်ကိုယ်လုံး အပြာရောင်အဝတ်အစားများ ဝတ်ဆင်ထားပြီး သူ၏မီးခိုးရောင်ဆံပင်များက ရှုပ်ပွလျက်ရှိသည်။ သူက အလွန်ကြောက်နေပုံပေါ်ပြီး မထိန်းချုပ်နိုင်အောင် တုန်ရီလျက်ရှိသည်။


ကျားသစ်ခေါင်းကသူ့ကို ဆွဲခေါ်လာပြီး မြေပေါ်ပစ်ချလိုက်သည်။ သူ့ခေါင်းသူ တုန်တုန်ယင်ယင်မော့လိုက်ပြီး လုချန်ကိုတွေ့လိုက်ရသောအခါ မျက်လုံးများ ပြူးကျယ်လာသည်။

"မန်နေဂျာလု.. ဘယ်လိုလုပ်ဒီကိုရောက်နေရတာလဲ...."


"ကြီးကြပ်ရေးမှူးယွမ်..."

သူတို့နှစ်ယောက်လုံးက အသိအကျွမ်းများဖြစ်ကြပေသည်။

"ဒါ... အတိအကျဘာတွေဖြစ်နေတာလဲ..."


"ဒီတော့ မင်းက သတ္တုရိုင်းဂြိုလ်ရဲ့ မန်နေဂျာပေါ့...."

နောက်ထပ် ဘာမှမပြောနိုင်မီ ကျားခေါင်း၏ မျက်လုံးက တောက်ပသွားသည်။ သူရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးလာပြီး လုချန်ကို အပေါ်အောက် အစုန်အဆန်ကြည့်ပြီး သူ၏အစွယ်ချွန်ချွန်များပင် ထွက်ပေါ်လာအောင် ပြုံးလိုက်သည်။

"မင်းရဲ့ မျိုးရိုးနာမည်ကလုဆိုတော့ မင်းကလုမိသားစုကပဲ ဖြစ်ရမယ်... ဒီလောက်ငါးအကြီးကြီးဖမ်းမိမယ်လို့ လုံးဝမထင်ထားခဲ့ဘူး... ဟားဟားဟား...."


"မင်း... မင်းဘယ်သူလဲ... မင်းဘာလိုချင်တာလဲ..."

ဤသည်က လုချန်တစ်ယောက် ဤသို့သော သတိကြီးကြီးထားရသော အခြေအနေမျိုးသို့ ပထမဆုံးကျရောက်ဖူးခြင်းဖြစ်ပြီး စတင်၍ ကြောက်လန့်လာသည်။

"ဘာမှ အလျှင်စလိုမလုပ်ပါနဲ့... ကျွန်တော်တို့ ဆွေးနွေးလို့ရပါတယ်..."


"ဟက်..... မင်းလိုမန်နေဂျာတစ်ယောက်က ငါတို့လို အဆင့်နိမ့်အလုပ်သမားလေးတွေကို မှတ်မိမယ်လို့ မထင်ပါဘူး..."

ကျားခေါင်းက လုချန်ကဲ့သို့ အားနည်းသူတစ်ယောက်ကို မထီလေးစားဟန်ဖြင့် လှောင်ပြုံးပြုံးလိုက်သည်။

"ဒါပေမဲ့ အဆင်ပြေပါတယ်လေ... ငါတို့သားရဲတွေက မကြာခင် ငါတို့နဲ့ထိုက်တန်တာကို ရလာတော့မှာပါ.."


"မန်နေဂျာလု... နယ်မြေ ၁ကနေ ၉အထိ အကုန်လုံးကို သူတို့သိမ်းယူသွားပြီ...."

ကြီးကြပ်ရေးမှူးယွမ်က မြေပြင်ပေါ်တွင် ဖျော့တော့စွာ လှဲလျောင်းရင်း ရှင်းပြလိုက်သည်။

"သတ္တုရိုင်းဂြိုလ်က အလုပ်သမားအားလုံးချုပ်နှောင်ခံထားရတယ်... သူတို့က သွေးဆောင်ဖျားယောင်းချင်နေ...."


"ပါးစပ်ပိတ်စမ်း..."

ကျားခေါင်းက သူ့၏စကားကို ဖြတ်ပြောလိုက်သည်။

"ဒါတွေအကုန်လုံး မင်းတို့လုလုပ်ငန်းစုကြောင့်ပဲ... ငါတို့မျိုးနွယ်စုက နှစ်ပေါင်းများစွာ လုံ့လဝီရိယရှိရှိ အလုပ်လုပ်ခဲ့ကြပေမဲ့ အကျိုးကျေးဇူးတွေအကုန်လုံးကိုတော့ မင်းတို့လူတွေဆီပဲရောက်သွားရတယ်လေ...ဒါကို ကျွန်ပြုတယ်လို့ ခေါ်လို့မရဘူးလားပြော... ငါတို့က ဒီလိုပုန်ကန်ဖို့ တွန်းအားပေးခံခဲ့ရတာကွ..."


"အဲ့တာ အမှန်မဟုတ်ဘူး..."

လုချန်က စိုးရိမ်တကြီး ပြန်လည်ချေပလိုက်သည်။

"ငါတို့အလုပ်ခန့်ထားတဲ့ သားရဲတွေအကုန်လုံးနဲ့ တရားဝင် အလုပ်ရှင်-အလုပ်သမားဆက်ဆက်ရေး သဘောတူညီမှုချုပ်ဆိုထားတယ်လေ... မင်းတို့ ဆန္ဒမရှိရင် ဘယ်အချိန်ဆို ထွက်လို့ရတာပဲကို... ဘယ်လိုလုပ် ကျွန်ပြုတယ်လို့ ခေါ်လို့ရမှာလဲ...."


"ပေါက်ကရတွေ... အဲ့တာတွေအကုန်လုံးက အပြောပဲရှိတာ... မင်းတို့တွေငါတို့ကိုပေးတဲ့ လစာဆိုတာက သတ္တုရိုင်းဂြိုလ်ကရတဲ့ အမြတ်အစွန်းနဲ့ယှဉ်ရင် မြူမှုန်လောက်ပဲရှိတယ်...."

ကျားခေါင်းက လုချန်၏ ကော်လာကို ဆွဲလိုက်သည်။

"သတ္တုရိုင်းတွေကို ငါတို့မျိုးနွယ်ပဲ တူးဖော်ရတာ... ဒီတော့ငါတို့ပဲပိုင်တယ်... မင်းတို့က ဘာမှမလုပ်ပဲ ငါတို့တူးထားတဲ့ ရေတွင်းကနေ ရေချိုအသင့်ခပ်သောက်ရုံပဲ... မင်းတို့တွေက ငါတို့သားရဲတွေကို ဂုတ်သွေးစုပ်နေတဲ့ သွေးစုပ်ဖုတ်ကောင်တွေပဲ..."


"..." သွေးစုပ်ဖုတ်ကောင်အစစ်ဖြစ်သည့် ယောင်စစ်နှင့် မူရွှမ်


ဘာမဆိုလျှောက်ပြောလို့ရပေမဲ့ ကျေးဇူးပြုပြီး လူမျိုးရေးမခွဲခြားပါနဲ့လား...


ငါတို့က နင်တို့ကို ဘာလုပ်နေလို့လဲ...


(╯‵□′)╯︵┻━┻


"မင်းတို့တွေက ပရဟိတ လူကောင်းမျက်နှာဖုံးဝတ်ပြီး ငါတို့မျိုးနွယ်ကို မင်းတို့အတွက် ကျွန်ခံပေးဖို့ လှည့်စားထားတာ... ငါပြောပြမယ်... ငါတို့သားရဲတွေမှာလည်း မာနဆိုတာရှိတယ်ကွ... အခုကစပြီး ငါတို့နဲ့ထိုက်တန်တာ ငါတို့ပြန်ယူမယ် မင်းတို့ ကုမ္ပဏီကို စွန့်စားပေးတော့မှာမဟုတ်ဘူး... ငါတို့က ကျွန်တွေမဟုတ်ဘူးကွ... မဟုတ်ဘူး...."

ကျားခေါင်းက ကျယ်ကျယ်လောင်လောင် ပြောရင်း သူ၏ဆောင်ပုဒ်နှင့် နိဂုံးချုပ်လိုက်သည်။


သူ၏စကားများကို အခြားသားရဲများက သံပြိုင်ကြွေးကြော်ကြသည်။


"သားရဲတွေက ဘယ်တော့မှ ကျွန်တွေဖြစ်လာမှာမဟုတ်ဘူး...."


တော်လောက်ပြီ... နင်က အခြားမျိူးနွယ်စုတွေကိုလည်း ဆွဲထည့်နေတာပဲ... အဲ့တာက တခြားလူဆီက ကူးထားတဲ့ စာသားမဟုတ်လား... ငါနင့်ကို မူပိုင်ခွင့်အတွက် တရားစွဲလို့ရတယ်နော်....


အနည်းဆုံးတော့ အရာတိုင်းက ယောင်စစ်အတွက် အဓိပ္ပါယ်ရှိနေသည်။ ဤကိစ္စက အလုပ်သမားများက သူတို့၏ လုပ်ခနှင့်ပတ်သတ်၍ မကျေနပ်ရာမှ သပိတ်မှောက်ကြခြင်းဖြစ်သည်။

ဒါပေမဲ့ ဒါကဘယ်လိုလုပ်ပြီး သူတို့မျိုးနွယ်စုတစ်ခုလုံးကို ပါဝင်လာစေပြီး ဘာကိစ္စကြောင့် လက်နက်တွေပါ ပါဝင်လာရတာလဲ...

သူမ နားကိုမလည်တော့ပေ။

ဒါ စကြဝဠာတွင်း ဓလေ့များလား...


-_-|||


"အဟမ်း..."

ယောင်စစ် သူမလက်ကို မြှောက်ကာ ကြားဖြတ်ပြောလိုက်သည်။

"ဒီလောက်အကြာကြီးဆွေးနွေးနေရအောင် ရှင်ရဲ့ရည်ရွယ်ချက်က ဘာများလဲ.... တိုတိုတုတ်တုတ် အကျဉ်းချုပ်ပြီး ပြောပေးလို့ရမလား..."


ကျားခေါင်းက ကြောင်အသွားကာ ချက်ချင်းလက်ငင်း သူ၏ရည်ရွယ်ချက်များကို သတိရသွားသည်။ သူ လူအုပ်ကို အကြည့်ဖြင့် အချက်ပြလိုက်ပြီး လုချန်ကို သေနတ်နှင့်ထောက်လိုက်သည်။

"မင်းက လုမိသားစုဝင်တစ်ယောက်ပဲ... ဒီတော့ ဒီသတ္တုရိုင်းဂြိုလ်ရဲ့ ပိုင်ရှင်နဲ့အဆက်အသွယ်ရှိမှာသေချာတယ်... သူ့ကိုအခုချက်ချင်းခေါ်လိုက်စမ်း... မင်း ဒီဂြိုလ်ရဲ့ ရပိုင်ခွင့်တွေအားလုံးကို ငါတို့သားရဲတွေကိုပေးတယ်ဆိုရင် မင်းတို့ရဲ့ လုံခြုံမှုကို အာမခံနိုင်မယ်...."


"မင်း သတ္တုရိုင်းဂြိုလ်ကို လိုချင်နေတာလား... မဖြစ်နိုင်ဘူး..."

လုချန် မဲ့ပြုံးပြုံးလိုက်ကာ သူ့ခေါင်းကိုခါရမ်းလိုက်သည်။

"ဒီဂြိုလ်ကို လုလုပ်ငန်းစုက စီမံခန့်ခွဲတာဆိုပေမဲ့ ငါတို့ကဒီမှာ ရှယ်ယာမဝင်ထားကြဘူး... ပြီးတော့ မင်းတို့လုပ်နေတာတွေက တရားမဝင်တာပဲ... ဘာပဲဖြစ်ဖြစ် ငါကတော့ ငါ့ရဲ့ဘော့စ်ကို ဆက်သွယ်မှာမဟုတ်သလို ဆက်သွယ်ခဲ့ရင်တောင် မင်းတို့ကို ဒီဂြိုလ်မပေးနိုင်ဘူးကွ..."


"ကောင်းတယ်... ကောင်းလိုက်လေခြင်း...'

ကျားခေါင်းက သူ့ကို မျက်စိမှေး၍ ကြည့်လိုက်သည်။

"မင်း ပူပေါင်းဆောင်ရွက်မှုမရှိရင် ငါ့မျိုးနွယ်ကလွဲလို့ ဂြိုလ်ပေါ်ရှိသမျှလူတိုင်းကို သတ်ပစ်မယ်... လုလုပ်ငန်းစုက ဒါတွေဘယ်လိုကိုင်တွယ်မလဲ ကြည့်ရတာပေါ့...."


"မင်း..."


"မင်းကနေစတာပေါ့..."

ချက်ချင်း သေနတ်ကြီးတစ်လက်ကို ယူလိုက်ပြီး သေနတ်ခလုတ်ကိုထိထားကာ မြေပြင်ပေါ်ရှိလူကို ချိန်ထားလိုက်သည်။ 


"ကြီးကြပ်ရေးမှူးယွမ်...."

လုချန်၏မျက်လုံးက မယုံနိုင်ဟန် ပြူးကျယ်သွားသည်။


ဟေး ဟေး ဟေး... ဒါကလွန်သွားပြီလေ... 

ယောင်စစ် မျက်မှောင်ကြုတ်လိုက်သည်။ ဤအုပ်စု၏ ပြဿနာက အနည်းငယ် တစ်မူထူးနေသော်လည်း သူမဝင်စွက်ဖက်၍မရသည့် အဖွဲ့တွင်းသွေးကွဲမှုဟုယူဆ၍ပေသည်။ သို့သော် အပြစ်ကင်းစင်သည့် ဘာမှမဆိုင်သူများကို ဆွဲထည့်ပြီး သူတို့၏အသက်နှင့် ခြိမ်းခြောက်ခြင်းဆိုသည်မှာ ပြန်ပေးဆွဲခြင်းပြီး ခြိမ်းခြောက်ငွေညှစ်သည်နှင့် မခြားနားတော့ပေ။


"ငါ ဆက်သွယ်ရေးလိုင်းကို ဖွင့်လိုက်ပြီ... မြန်မြန်လေး ဆက်သွယ်ရေးစက်နဲ့ ချက်ချင်း ချိတ်ဆက်လိုက်စမ်း.."

ကျားခေါင်းက နောက်တစ်ကြိမ် ခြိမ်းခြောက်လိုက်သည်။

"မဟုတ်ရင် သူ့ကိုသတ်ပစ်မှာ..."


"ကောင်းပါပြီ... ကောင်းပါပြီ... ငါ.. ငါဆက်သွယ်လိုက်ပါ့မယ်..."

လုချန် ဖြူဖျော့သွားကာ သူ့နောက်တွင် အစွမ်းအပြည့်နှင့် သွေးစုပ်ဖုတ်ကောင်နှစ်ယောက်ရှိသည်ကိုပင် မေ့သွားခဲ့သည်။ သူ ဆက်သွယ်ရေးစက်ကို မဝံ့မရဲထိလိုက်ပြီး အရေးကြီးပုဂ္ဂိုလ်ဟု အမှတ်သညာပြုထားသော အကောင့်ကို ရောက်သည်အထိ ဆွဲချလိုက်သည်။

"လုမိသားစုက ဘော့စ်ကိုမနှောင့်ယှက်ဖို့ တားမြစ်ထားတယ်... ငါ့မှာ သူတို့နံပါတ်တွေရှိပေမဲ့ ငါတစ်ခါမှ မဆက်သွယ်ဖူးဘူး... တစ်ယောက်ယောက် ကိုင်ပါ့မလားဆိုတာသေချာမသိဘူး..."


ဒါကြီးက ထူးခြားဆန်းပြားလိုက်တာ....

ယောင်စစ် စတင်၍ စိတ်ဝင်စားလာမိသည်။

လုယက်ခံရမဲ့ ကံဆိုးရှာတဲ့ ဘော့စ်လေးက ဘယ်သူဖြစ်လောက်မလဲ....


လုချန် ထိုအကောင့်ကို နှိပ်လိုက်ပြီး ဘိဟူသော မြည်သံဖွဖွထွက်ပေါ်လာသည်။


ခဏအကြာတွင် ယောင်စစ်၏ ကွန်ပျူတာလက်ပတ်က အသံမြည်လာသည်။


[ဒင်... သင့်မှာ နယ်မြေ ၈၅ Tကြယ်စုရှိ သတ္တုရိုင်းဂြိုလ်မှ မက်ဆေ့အသစ်ရောက်ရှိနေပါတယ်....]


"..." ယောင်စစ်


"..." မူရွှမ်


"..." လုချန်


"..." သားရဲတစ်အုပ်


(╯‵□′)╯︵┻━┻


ဒီလိုမဖြစ်ရဘူးလေ... သူမက အဲ့ဒီ့ ကံဆိုးရှာတဲ့ ဘော့စ်လေးတဲ့လား...


ချက်ချင်းပင် လူတိုင်း၏ အကြည့်များက သူမပေါ်ရောက်ရှိလာသည်။ ယောင်စစ် မျက်နှာမဲ့လိုက်သည်။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...

သူမ ကွန်ပျူတာလက်ပတ်ကိုဖွင့်ကာ အနီးကပိကြည့်လိုက်သော်လည်း ထိုမက်ဆေ့က လူချန်ထံမှဖြစ်နေသည်။


သူခေါင်းမော့လိုက်ပြီး သူ့ကိုကြည့်လိုက်သည်။

သူ့ကိုယ်သူ ဒီလို ကျဉ်းထဲကျပ်ထဲကနေ ထွက်နိုင်အောင်လို့ တမင်လုပ်တာလား...


"ဘော့စ်..."

လုချန်၏ မျက်လုံးများက မီးလုံးများပမာ တောက်ပလာသည်။


အင်း... ထိတ်လန့်နေတာ စစ်မှန်တဲ့ပုံနဲ့ပဲ... ကြည့်ရတာတော့ ဒါသရုပ်ဆောင်နေတာ မဟုတ်လောက်ဘူး....


ဒါဆို....


ငလူး... ငါတောင်မသိလိုက်ပဲ သတ္တုရိုင်းဂြိုလ်ကို ဘယ်တုန်းက ရသွားတာလဲ...


နေစမ်းပါဦး...

သူမ ရုတ်တရက်ကြီး အရင်တုန်းက ကိစ္စတစ်ခုကို သတိရသွားသည်။


"အမ်... လုချန်ရေ... လုရန်ဘာဖြစ်သွားလဲ နင်သိလား..."


"မစ္စတာလုလား...."

သူ ကြောင်အသွားသည်။

"သူက အခုလက်ရှိ လုမိသားစုရဲ့ ခေါင်းဆောင် လုလုပ်ငန်းစုရဲ့ CEOပါ..."


“…”


(⊙_⊙)


ဖက်ခ်....