အပိုင်း ၁၄၅
Viewers 16k

Chapter 145

အစွန်းရောက်ဝါဒီသားရဲများ

 

"စစ်စစ်...."

မူရွှမ် သူမကို မေးခွန်းထုတ်သလို ကြည့်လိုက်သည်။


"မူရွှမ်...." 

ယောင်စစ်၏ မျက်နှာတွင် အနက်ရောင်လိုင်းတို့ ပြည့်နှက်သွားသည်။

"ဒီဂြိုလ်က... ကျွန်မပိုင်တာ ဖြစ်လောက်တယ်..."


သူမ နိုးလာလာချင်းတွင် လုရန်က အာကာသစခန်းတစ်ခု၏ ခေါင်းဆောင်သာဖြစ်ခဲ့သည်။ DNA စစ်ဆေးချက်ကြောင့် သူက ယန်ရွှမ်ဆီမှ လှည့်စားခံခဲ့ရသည်။ ထိုအချိန်က စကြဝဠာငွေကြေးအစား သူမကို သတ္တုရိုင်းဂြိုလ်တစ်ခုပေးမည်ဟု ပြောခဲ့ပုံပေါ်လည်း သူမကနားမလည်ခဲ့ပေ။ ထို့ကြောင့် သူမကဂြိုလ်ကြီးတစ်ခုလုံးကို ပေးမည်ဟု မထင်ထားခဲ့ပေ။


အာ... သူမရုတ်တရက်ကြီး သူမကို ဘာပေးလိုက်လဲ သိသွားပြီပဲ...


"အင်း..."

မူရွှမ်က သူမ၏ ရှင်းပြမှုကို သူမတွင် တုတ်ထိုးချိုချဉ်လေးတစ်ခုထပ်ရလာပုံဖြင့် မတုန်မလှုပ် ခေါင်းငြိမ့်ပြလိုက်သည်။ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး သူမကို သူ့နောက်သို့ ဆွဲလိုက်ကာ သားရဲများကို အေးစက်နေသော အကြည့်ဖြင့် ကြည့်လိုက်သည်။

"သဘောက မင်းတို့က ငါ့ကလေးလေးရဲ့ ဂြိုလ်ကို ယူဖို့ပြင်နေကြတာပေါ့...."


သူ၏လေသံက မပြောင်းလဲသော်လည်း သူ၏အေးစက်နေသော အမူအယာက လူတိုင်းကို ကျောရိုးတလျှောက် အေးစိမ့်သွားစေပြီး လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားကြသည်။


မိနစ်ဝက်မျှကြာသောအခါ...


"သူ... သူမက သတ္တုရိုင်းဂြိုလ်ရဲ့ ဘော့စ်ပဲ..."

ကျားခေါင်းက ထိတ်လန့်နေရာမှ အသိဝင်လာသည်။ သူ့လက်ကို နေရာပြောင်းပြီး သူမကို သေနတ်ဖြင့် ချိန်လိုက်သည်။

"ငါတို့ကို ဒီဂြိုလ်ရဲ့လုပ်ပိုင်ခွင့်တွေ လက်လွှဲပေးစမ်း... မဟုတ်ရင် မင်းတို့အကုန်လုံးကို သတ်ပစ်မယ်..."


"..."

အွန်း... တကယ့်ကို သတ္တိရှိတဲ့ ကျားခေါင်းလေးပဲ...


သူမ မျက်နှာလွှဲလိုက်သည်။ သူမဘာမှလုပ်စရာ မလိုလောက်ပေ။


ထင်ထားသည့်အတိုင်း နှစ်စက္ကန့်အပြီးတွင် ခြိမ်းခြောက်နေကြသော သားရဲအုပ်ကြီးတစ်အုပ်လုံး မြေပြင်ပေါ်လဲကျသွားပြီး နာကျင်မှုကြောင့် ငြီးငြူနေကြသည်။ မည်သည့် ဒဏ်ရာကမှသေစေနိုင်လုနီးပါး မဖြစ်စေခဲ့သောကြောင့် ၎င်းကို မပြင်းထန်ဟု သတ်မှတ်နိုင်သည်။


"ရှင်အဆင်ပြေရဲ့လား...."

ယောင်စစ် သူမကို လွန်ခဲ့သည့် စက္ကန့်ပိုင်းလောက်က ရောင်းစားသွားခဲ့သော ကြီးကြပ်ရေးမှူးဆီ လျှောက်သွားလိုက်သည်။ ထိုစက္ကန့်ပိုင်းလေးအတွင်း သူ၏အမူအယာတစ်ခုလုံး ပြောင်းလဲနေသည်။


"အာ...."

ကြီးကြပ်ရေးမှူးယွမ် ကြောင်အနေသည်။

သူအဆင်ပြေလား... ဘာဖြစ်သွားတာလဲ... သူကဘယ့သူလဲ... သူဘယ်ရောက်နေတာလဲ.... ကိစ္စတွေပြောင်းလဲတာ မြန်လွန်းလို့ သူအခြေအနေကို လိုက်မမှီတော့ဘူး...


မူရွှမ်၏ အစွမ်းကို ကြုံဖူးပြီးသားဖြစ်သော လုချန်က သူ၏တည်ငြိမ်မှုကို လျှင်မြန်စွာ ပြန်ရလာသည်။

"အိုး... ဟုတ်သားပဲ... ကျန်တဲ့လူတွေ ဘယ်မှာလဲ... သူတို့အခု ဘယ်ရောက်နေလဲ..."

နယ်မြေတစ်ခုဆီတွင် အနည်းဆုံး ရာကျော်မျှရှိသည့် ဝန်ထမ်းများရှိသည်။


"သူတို့... ဟုတ်သား... သူတို့ကို ရုံးရဲ့ ဒုတိယအလွှာမှာ ပိတ်ထားကြတယ်..."

ကြီးကြပ်ရေးမှူးယွမ်က မြေပြင်ပေါ်တွင် အော်ဟစ်ငြီးငြူနေကြသော လူတစ်အုပ်ကို စိုးရိမ်စွာ ကြည့်၍ စကားပြောသည်ကိုရပ်လိုက်သည်။


ယောင်စစ် သူ၏စိုးရိမ်မှုကို နားလည်သဖြင့် မူရွှမ်ဘက်လှည့်၍ မေးလိုက်သည်။


"သူတို့ မလွတ်နိုင်ဘူးမလား...."

သူခေါင်းငြိမ့်လိုက်ပြီး သူ၏စိတ်ခွန်အားကို ထပ်မံထုတ်လွှတ်လိုက်သည်။ ထိုလူတစ်အုပ်လုံး အတုန်တုန်အယင်ယင်ဖြစ်နေရာမှ လုံးဝဖိနှိပ်ခံလိုက်ရ၍ ရပ်တန့်သွားခဲ့သည်။


ဒုတိယအထပ်တွင် ဝန်ထမ်း ရာပေါင်းများစွာပိတ်မိနေခဲ့ပြီး အများစုက ယောင်များဖြစ်ကြကာ သားရဲအနည်းငယ်လည်း ပါဝင်ပေသည်။ ကျားခေါင်းနှင့် ခြင်္သေ့ခေါင်းတို့နှင့်ယှဉ်လျှင် အကျဉ်းချခံထားရသည်မှာ ကြောင်နားရွက်၊ ယုန်အမြှီးနှင့် ခွေးနှာခေါင်းကဲ့သို့သော သိမ်မွေ့နူးညံ့သည့် သားရဲများသာဖြစ်နေသည်။


သူတို့နှင့် ပြောဆိုမေးမြန်းပြီးနောက်တွင် ဤသည်က အမှန်တကယ် ပြန်ပေးဆွဲ၍ ခြိမ်းခြောက်ငွေညှစ်ခြင်းဖြစ်နေကြောင်း သိလိုက်ရသည်။ ကျားခေါင်းပြောခဲ့သမျှ အလုပ်သမားများ မမျှမတဆက်ဆံခံရသည်ဆိုသည်မှာ လုပ်ကြံဇာတ်လမ်းများသာဖြစ်သည်။ လုလုပ်ငန်းစုက စကြဝဠာထဲတွင် ထိပ်တန်း ကုမ္ပဏီဆယ်ခုထဲတွင် အမြဲတမ်း ရှိနေပြီး ထို့ကြောင့်ပင် သူတို့၏ စံနမူနာအဖြစ်ရှိထားရှိသည့် စံချိန်များကို ချိုးဖောက်မည် မဟုတ်ချေ။


အကွာအဝေးနှင့် သတ္တုရိုင်းဂြိုလ်ပေါ်တွင် ခေတ်မှီတိုးတက်ခြင်းမရှိ၍ ဤနေရာရှိလုပ်ခများက အခြားစက်ရုံများထက် ပိုမိုများပြားလေသည်။ လုမိသားစုက မကောင်းသတင်းဖြင့်ကျော်ကြားသော သားရဲများကိုအလုပ်ခန့်ရန် ဆုံးဖြတ်ရခြင်းမှာ သူတို့၏ ရုပ်ပိုင်းဆိုင်ရာခွန်အားများကြောင့်အပြင် ကုမ္ပဏီ၏ပုံရိပ်ကို မြင့်တက်စေလို၍ဖြစ်သည်။ ကုမ္ပဏီ၏ပရဟိတလုပ်ငန်းစဉ်နှင့် သာတူညီမျှဆက်ဆံမှုကို ကြော်ငြာအဖြစ်အသုံးချထား၍ အလုပ်သမားများကို မဟုတ်မမှန် ဆက်ဆံစရာ အကြောင်းပင်မရှိချေ။


၎င်းက နှစ်ဦးနှစ်ဖက်လုံးကို အကျိုးအမြတ်ရစေသည့် ဆက်ဆံရေးဖြစ်ပြီး လုလုပ်ငန်းစုက သားရဲများကို ကျွန်ကဲ့သို့ဆက်ဆံပြီး သူတို့၏ မာနကိုချိုးနှိမ်ပါသည်ဟူသော သားရဲတစ်ကောင်၏ သွေးထိုးလှုံ့ဆော်သည့် စကားများ ထွက်ပေါ်မလာခင်ချိန်အထိ အလုပ်ဖြစ်ခဲ့သည်။ တဖြေးဖြေးသူ၏စကားများက အခြား အလုပ်သမားများကို လွှမ်းမိုးသွားပြီး နောက်လိုက်များ ရလာခဲ့သည်။ သားရဲများအားလုံးမပါဝင်ကြသော်လည်း မပါဝင်ကြသူက လူနည်းစုသာဖြစ်၍ မည်သူမှ သူပုန်များ၏ဆန့်ကျင်ဘက်တွင် မရပ်တည်ရဲကြပေ။


ဤသို့ဖြင့် ကိစ္စများက ပေါက်ကွဲထွက်လာခဲ့သည်။


သူပုန်များက လုံခြုံရေးစနစ်ကို ဟက်ခ်ရုံမျှမက  အခြားဂြိုလ်များနှင့်ပါ အဆက်အသွယ်ပြတ်တောင်အောင်လုပ်ပြီး အမျိုးမျိုးသောနယ်မြေမှ အလုပ်သမားများအားလုံးကို ဓားစာခံလုပ်ခဲ့သည်။ သူတို့သုံးယောက် ဂြိုလ်ထဲ မဝင်လာမီ သူတို့က ဂြိုလ်တစ်ခုလုံးကို သိမ်းယူရန် စီစဉ်နေကြခြင်းဖြစ်သည်။


၎င်းက သူတို့ အုတ်နံရံကို ဝင်မတိုးမိချိန်အထိဖြစ်သည်။


"ဘော့စ်.. ကျွန်တော် စကြဝဠာရဲတွေကို သတင်းပေးလိုက်ပါပြီ... သူတို့ မကြာခင်ရောက်လာပါလိမ့်မယ်... "

ကြီးကြပ်ရေးမှူးယွမ်က စိတ်သက်သာရာရစွာသက်ပြင်းချလိုက်ပြီး လေးလေးနက်နက်ပြောလိုက်သည်။

"ရဲတွေရောက်လာတာနဲ့ အခြားအလုပ်သမားတွေလည်း လွတ်လာပါလိမ့်မယ်..."


ယောင်စစ် ခေါင်းငြိမ့်လိုက်သည်။ ဂြိုလ်ပေါ်တွင် ကြီးမားလှသော နယ်မြေများစွာရှိ၍ ရဲများကို ကိုင်တွယ်ခိုင်းသည်က ပိုကောင်းပေလိမ့်မည်။

"အိုး.... ဟုတ်သားပဲ... ရှင်ပြောတဲ့ သူပုန်ခေါင်းဆောင်က ဘယ်သူလဲ... သူက ဘယ်နယ်မြေကလဲ..."


"သူက နယ်မြေ၃ကပါ..."

ကြီးကြပ်ရေးမှူးယွမ်ပြောလိုက်သည်။

"သူ့ကို ဖုန်းရှောင်လို့ခေါ်တယ်... ကျွန်တော်ကြားတာတော့ သူ့မှာ Sအဆင့် ခန္ဓာကိုယ် ကြံ့ခိုင်မှုရှိပြီး အစွမ်းလည်းရှိတယ်တဲ့... ဒါပေမဲ့ စိတ်မပူပါနဲ့ နယ်မြေ၃က ကျွန်တော်တို့နဲ့ အဝေးကြီးပါ... သူတို့ဘာမှ မခြိမ်းခြောက်နိုင်...."


သူ့စကားမဆုံးမီ ရုတ်တရက် ဝီကနဲမြည်သံကြားလိုက်ရသည်။ သူတို့ပတ်ပတ်လည်ကို အနီရောင်မီးတို့လင်းထိန်သွားပြီး စခရင်တစ်ခုပေါ်ထွက်လာသည်။


"မင်းက ဒီသတ္တုရိုင်းဂြိုလ်ရဲ့ ဘော့စ်လား...."

စခရင်ပေါ်မှလူက မေးလိုက်သည်။

"မင်း နောက်ဆုံးတော့ရောက်လာပြီပဲ... တွေ့ရတယ် ဝမ်းသာတယ် ကျုပ်နာမည် ဖုန်းရှောင်ပါ..."


“…”


ရှင်ပြောတော့ သူက မခြိမ်းခြောက်နိုင်ပါဘူးဆို...


သူတို့စကားသူတို့ ပြန်စားတာ ယောင်တွေရဲ့ ထူးခြားတဲ့ ဓလေ့များလား...


╮(╯﹏╰)╭


"မင်းတို့ငါ့လူကိုထိရဲတယ်လား... မင်းတို့မှာ သတ္တိရှိတယ်လို့တော့ ပြောရမယ်...."

ဖုန်းရှောင် သရော်လိုက်သည်။ ကျားခေါင်းနှင့် ခြင်္သေ့ခေါင်းတို့နှင့်ယှဉ်လျှင် သူက ပို၍ လူပုံပေါက်ပေသည်။ သူ့တွင် ရေယက်များကဲ့သို့ ကားတက်နေသည့် နားရွက်များနှင့် ခေါင်းပေါ်တွင် ဦးချိုတစ်စုံသာရှိနေသည်။


"မင်းတို့က နယ်မြေလေးတစ်ခုပြန်ရတာနဲ့ ပြီးပြီထင်တာလား... ငါက မင်းတို့ အကူအညီတောင်းလို့မရအောင် ပိတ်ဆို့လိုက်ပြီ... ဘယ်သူမှ မင်းတို့ကို လာမကယ်တော့ဘူး...."


ထို့နောက် သူက ကြက်သီးထဖွယ်ရယ်သံကြီးဖြင့် ရယ်လိုက်သည်။

"ငါက ငြိမ်းချမ်းရေးကမ်းလမ်းဖို့လူလာမယ်လ်ု မျှော်လင့်နေတာ... ဒါပေမဲ့ မင်းတို့ရဲ့ ပူးပေါင်းဆောင်ရွက်ပေးခြင်းမရှိမှုက ခက်ခဲအောင်လုပ်နေတော့တာပဲ... ရပါတယ်လေ... ငါမင်းကိုသတ်လိုက်တာနဲ့ အရာအားလုံးအဆင်ပြေသွားမှာ...."


သူ ရုတ်တရက် ယောင်စစ်ကို လူသတ်ချင်စိတ်တို့ ပြင်းထန်နေသည့် မျက်နှာဖြင့်ကြည့်ပြီး လက်ညှိုးထိုးလိုက်သည်။ ယောင်စစ်တွင် ထိခိုက်မှုမရှိသော်လည်း မူရွှမ်က မျက်မှောင်ကြုတ်နေပြီဖြစ်သည်။


"နယ်မြေ၉မှာပုန်းနေရုံနဲ့ အဆင်ပြေသွားမယ်ထင်နေလား.. ဂြိုလ်တစ်ခုလုံးက ငါ့ဟာဖြစ်နေပြီ... သုံးရက်အတွင်း ငါမင်းဆီ လူကိုယ်တိုင်လာခဲ့မယ်... အဲ့တာပြီးရင်တော့..."


"မေ့လိုက်တော့...."

မူရွှမ် သူ့ကိုယ်သူ မထိန်းထားနိုင်တော့ပေ။ သူ့လက်ကိုရမ်းခါလိုက်ပြီး အာကာသတွင်းပေါက်တစ်ခုဖွင့်ကာ တစ်စုံတစ်ခုကို အတင်းအကြပ်ဆွဲထုတ်လိုက်သည်။


ဘုတ်ကနဲမြည်သံဖြင့် နယ်မြေ ၃တွင်ရှိနေသော ဖုန်းရှောင်က လူအုပ်ရှေ့တွင် မျက်နှာဖြင့်ကျလာခဲ့သည်။


"..." ယောင်စစ်


"..." လုချန်


"..." ကြီးကြပ်ရေးမှူးယွမ်


ကြွားလုံးထုတ်တဲ့လူတွေ ပျက်ဆီးကိန်းတကယ်ဆိုက်တာပဲ...


╮(╯▽╰)╭