🤚Chapter 43
လူများစွာက သူတို့၏ သူငယ်ချင်းများနှင့်အတူ အပန်းဖြေရန်နှင့်ပျော်ပါးရန် စုဝေးလာတတ်သောညမှာ သောကြာနေ့ညပင်ဖြစ်သည်။
ဝမ်ယွီက စွန်းယာရှန့်ကို သူ၏သူငယ်ချင်းများ စုဝေးနေသည့်နေရာကိုခေါ်လာလေသည်။ ပါတီက ယောင်္ကျားလေးများနှင့်သာ ပြည့်နှက်မနေဘဲ အတော်လေးငယ်ရွယ်ပြီးလှပသည့် မိန်းမပျိုလေးများကိုလည်း ပေါင်းထည့်ထားလေသည်။
စွန်းယာရှန့်က အထူးတလည် ကောင်းမွန်စွာ ဝတ်စားလာခဲ့ပြီး သူမကိုယ်သူမအလှဆုံးဟု တွေးထင်နေခဲ့သော်လည်း သီးသန့်အခန်းထဲ ဝင်ရောက်ပြီးနောက်တွင် သူမသိမ်ငယ်လာသည်။
သူမ၏ ယွမ်အနည်းငယ်သာပေးရသည့်လက်ကောက်နှင့် တောက်ပနေသော စိန်များကို မယှဉ်နိုင်ပေ။ ကိုးရီးယားဘရန်းတစ်ခုနှင့် Chanel ဘရန်းကိုလည်း မယှဉ်နိုင်ခဲ့ပေ။ သူမကိုယ်ပေါ်မှ ဖက်ရှင်ဘရန်က အထူးသဖြင့် ဤအခန်းထဲတွင် "ဈေးပေါသည်"ဟူသည့်စကားလုံးဖြင့် အမှတ်အသားပြုနေသလိုပင်။
စွန်းယာရှန့်က ယခုလေးတင်တွေးနေသော သူမကအလွန်လှနေသည့်ဟူသည့် ယုံကြည်မှုပျောက်ကွယ်သွားပြီး သူမ စိုးရိမ်ထိတ်လန့်လာသည်ကို ခံစားလိုက်ရသည်။ သူမက ဝမ်ယွီကို ရှက်ရွံ့နေစေမည်ကို ထိတ်လန့်လာသည်။
အဘယ့်ကြောင့်ဆိုသော် သူမက ဝမ်ယွီ၏အဖော်အဖြစ်ပေါ်လာခဲ့သောကြောင့်ဖြစ်သည်။
ကံကောင်းသည်မှာ သူမ၏ဝတ်စားပုံကို အာရုံမထားသည့်ယောင်္ကျားများလည်းရှိနေသေးသည်။ တစ်ယောက်ယောက်က သူမအား သောက်စရာကမ်းပေးလာရာ သူမ ကျေးဇူးတင်ပြီး ယူလိုက်လေသည်။
မည်သို့ပင်ဖြစ်စေ ထိုလူ၏လက်ကောက်ဝတ်ရွေ့လျားလိုက်သည်နှင့် တောက်ပနေသည့် လက်ပတ်နာရီက ပေါ်လာလေသည်။ ထိုနာရီကို စွန့်ယာရှန့် ရှင်းရှင်းလင်းလင်းမြင်နိုင်သည်အထိ လုံလုံလောက်လောက် နီးကပ်လာသည်။
သူမ မကြာခဏ ဖက်ရှင်မဂ္ဂဇင်းများ ဖတ်လေ့ရှိရာ ဇိမ်ခံပစ္စည်းများအပေါ် မက်မောတောင့်တမှုရှိသဖြင့် ပစ္စည်း၏ဆွဲစွဲဆောင်ခြင်းကို ခံလိုက်ရသည်။ သူမစိတ်ထဲတွင် နာရီ၏ တန်ဖိုးကို တိတ်တဆိတ် တွက်ချက်နေပြီးနောက် အံ့ဩသွားလေသည်။
"မင်းက ချင်းဟွာတက္ကသိုလ်ကလား... ရှောင်ယွီရဲ့ အတန်းဖော်ထင်တယ်..."
ထိုလူက မေးသည်။စွန်းယာရှန့်က ဝမ်ယွီ သူနှင့်အသက်တူသည့် လူငယ်များနှင့်သာ တွေ့ဆုံမည်ဟုထင်ခဲ့ပြီး သူ့ထက် အသက်များစွာကြီးသည့်လူများနှင့်တွေ့မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ဤလူက အသက်နှစ်ဆယ့်ခြောက် နှစ်ဆယ့်ခုနှစ်ဝန်းကျင် ရှိပုံပေါ်သည်။ ဝမ်ယွီက ကျောင်းတွင် ရင့်ကျက်နေဟန်ရှိသည်မှာ အံ့ဩစရာမဟုတ်တော့ပေ။ သူ့ပတ်ဝန်းကျင်မှလူများကလည်း ကွဲပြားနေပေသည်။
"ဟုတ်.. ပထမနှစ်ပြီးရုံပဲ ရှိပါသေးတယ်..."
သူမက ပြန်ဖြေသည်။ထိုလူက သူမကို စိတ်ဝင်စားနေဟန်ရှိပြီး သူမနှင့် စကားပြောနိုင်မည့် အခွင့်အရေးကို အရယူနေသည်။
ထိုသူနှင့်ပြောနေစဉ်တွင် စွန်းယာရှန့်က ဝမ်ယွီကို ရှာရန် သူမမျက်လုံးများကို ဘေးပတ်ပတ်လည်တွင် ကြည့်လိုက်သည်။ ထိုအစား ဝမ်ယွီသည် အနားယူခန်းထဲသို့ ဝင်ရောက်သွားပြီး ဆိုဖာပေါ်တွင် သူမနှင့် အကွာအဝေးတစ်ခုရှိသည့်နေရာ၌ အခြားသူများနှင့် စကားပြောနေသည်။
သူမနှင့် စကားပြောနေသည့်လူက သာမန်ထက်ပိုရင့်ကျက်ပြီး များပြားသည့်အမျှော်အမြင်နှင့် ဗဟုသုတများရှိရာ သာမန်လူများထက်သာလွန်နေသည်။ ပထမနှစ်ကောလိပ်ကျောင်းသူနှင့် စကားပြောနေရခြင်းမှာ သူ့အတွက် ကြီးကြီးမားမားဆက်ဆံစရာမလိုပေ။ သူက စကားခေါင်းစဉ်တို့ကို ထိန်းချူပ်နိုင်ပြီးသက်သက်သာသာဖြင့် ခြေလှမ်းနိုင်သည်။ စွန်းယာရှန့်က အလျင်အမြန်ကိုပဲ ငါးစာဟပ်မိသွားပြီး အစောပိုင်းက သတိထားမှုများ ပျောက်ဆုံးသွားသည်။
သူမ၏အကြည့်က သီးသန့်ခန်းထဲရှိ ဝမ်ယွီ၏သူငယ်ချင်းများကိုဖြတ်၍ ရှင်းရှင်းလင်းမြင်ရလေသည်။ သူတို့က အခန်းထဲတွင် သက်တောင့်သက်သာ ရှိနေသော်လည်း သူတို့၏ အထက်တန်းစားဆန်ဆန် တည်ရှိမှုက အလွန်သန်မာနေဆဲပင်။
လူချမ်းသာဒုတိယမျိုးဆက်က တူညီသည့်အစုသေးသေးလေးများဖြစ်လျှင်ပင် သဘာဝကျကျ အဖွဲ့သေးလေးများအဖြစ် ပေါင်းစပ်သွားမည်ပင်။
ဝတ်ကောင်းစားလှဝတ်ထားသည့် ယောင်္ကျားလေးများက ရောနှောနေပြီး အသုံးအဖြုန်းကြီးခြင်းတွင် မွေ့လျော်နေသည်။ အခြားလူချမ်းသာများက အကူအညီ သို့မဟုတ် ယှဉ်ပြိုင်မှုများကို စောင့်ကြည့်နေပြီး နှစ်ဖက်လုံးနိုင်နိုင်ချေရှိသည့် အခြေအနေကို စောင့်ကြည့်နေသည်။
ဝမ်ယွီနှင့် သူ့သူငယ်ချင်းများက သေချာပေါက် ဒုတိယ လူအုပ်စုသာဖြစ်သည်။
ဝမ်ယွီက ဆေးလိပ်မီးညှိကာ နောက်ဆိုဖာတစ်ခုတွင် ထိုင်နေပြီး စွန်းယာရှန့်က သူ့သူငယ်ချင်းများထဲမှ တစ်ယောက်၏ စကားဝိုင်းထဲတွင် မျောပါနေသည်ကို မျက်စိမှေးကြည့်နေသည်။ သူမက ရံဖန်ရံခါ အံဩခြင်း၊ ပျော်ရွင်ခြင်း၊ ရှက်ရွံခြင်း၊ သိလိုစိတ်များခြင်း၊ မငြိမ်မသက်ဖြစ်နေခြင်း စသည့်အမူအရာများစွာကို ပြသနေသည်။
အမှန်တွင် သူမက လူများနှင့် ဆက်ဆံပြောဆိုရာတွင်အရည်အချင်းရှိသော်လည်း အတွေအကြုံမရှိပေ။ အခန်းထဲရှိလူတိုင်းက အကြည့်တစ်ချက်နှင့်ပင် ဤသည်ကို သိနိုင်လေသည်။
သူငယ်ချင်းတစ်ယောက်ရောက်လာကာ စနောက်ကျီစယ်ပြီးမေးလာသည်။
"ဒါက မင်းပြောပြောနေတဲ့ ထူးခြားတဲ့ကောင်မလေးလား..."
ဝမ်ယွီက ရယ်လိုက်သည်။
"မင်းက သူ့ကို အဲ့ဒီတစ်ယောက်လို့ မြင်တယ်ပေါ့လေ..."
စွန်းယာရှန့်က လှပသည်မှာ မှန်သော်လည်း ဝမ်ယွီနှင့်သူ၏သူငယ်ချင်းများအတွက်မူ မိန်းမလှလေးများက သူတို့ပတ်ဝန်းကျင်တွင် ပြတ်လတ်မနေပေ။
ဤမိန်းကလေးက နုံအသည့်ပုံစံ ရှိသော်လည်း အခြားမိန်းကလေးများ၏ လက်ကိုင်အိတ်၊ လက်ဝတ်ရတနာများနှင့် ယောင်္ကျားလေးများ၏လက်ပတ်နာရီကို ငေးကြည့်နေလေသည်။ များပြားလှသည့် ပစ္စည်းများအပေါ် မက်မောနေမှုက သူမကို နိမ့်ကျစေကာ သာမန် မိန်းကလေးတစ်ယောက်အဆင့်မှ တိုးတက်လာခြင်းကိုတားဆီးထားလေသည်။
ယောင်္ကျားလေးများက အကြည့်တစ်ချက်နှင့်ပင် ၎င်းကိုပြောနိုင်လေသည်။
သူမက ဤမတိုင်မီတွင် ဝမ်ယွီပြောပြထားသည့် မိန်းကလေးမဟုတ်ပေ။ သူငယ်ချင်းဖြစ်သူက ဆေးလိပ်အား ကိုင်ထားရင်း ရယ်မောနေသည်။
"ချန်းဟောင်ရန်... ဟမ်...သူ့ကို စိတ်ဝင်စားနေတာလားဟ...."
ချန်းဟောင်ရန်က စွန်းယာရှန့်နှင့် စကားပြောနေသည့်လူဖြစ်ပြီး သူက အခြားသူတစ်ယောက်နှင့် နေရာလဲထားကာ သူမအနားသို့ တစ်ဖြည်းဖြည်းနှင့်ကပ်လာပြီး နီးကပ်စွာထိုင်နေသည်။
မိန်းမလှလေးတစ်ယောက်အတွက် ဤအသိုင်းအဝိုင်းထဲသို့ ဝင်ရောက်ပြီး တွေ့ဆုံမှုအနည်းငယ်ပြုလုပ်ခြင်းသည် အထူးအဆန်းမဟုတ်ပေ။ သို့သော် ယောင်္ကျားလေးများတွင် မထုတ်ဖော်သည့် စည်းမျဉ်းများရှိလေ့ရာ တစ်ယောက်ယောက်က သူမကို ဤအသိုင်းအဝိုင်းထဲခေါ်လာပါက ထိုလူက သူမကို ပိုင်ပေသည်။
"အဆင်ပြေပါတယ်..."
ဝမ်ယွီက ပြန်ဖြေသည်။
" သူက ငါ့ကိုအစောတည်းက ခွင့်တောင်းထားပြီးသား...ပြီးတော့ ဒါက သူ့အပေါ်မူတည်တယ်လို့ ငါပြန်ပြောထားပြီးသား..."
ဆိုလိုသည်မှာ ဝမ်ယွီက ဂရုမစိုက်ပေ။
သူငယ်ချင်းဖြစ်သူက သူမကို အကြိမ်အနည်းငယ်ခန့်ကြည့်ပြီးနောက် အံ့ဩတကြီးမေးလာသည်။
" သူက အပျိုလား..."
ဝမ်ယွီက တစ်ချက်ဝှေ့ကြည့်ကာ ထောက်ခံလေသည်။
"ဖြစ်နိုင်တယ်..."
သူတို့က သူမကို ဝမ်ယွီပြောပြဖူးသည့် မိန်းကလေးဟု ထင်ခဲ့သော်လည်း သူမက အပျိုဖြစ်နေဆဲပင်။ သူငယ်ချင်းဖြစ်သူက နားမလည်ဖြစ်ကာ "သူသာ စိတ်မဝင်စားရင် ဘာလို့ဒီကိုခေါ်လာတာလဲ" ဟုတွေးပြီး အံဩနေမိသည်။
ဝမ်ယွီက ဆေးလိပ်ပြာကို ခါချလျက် အေးစက်စက်ကြည့်နေသည်။
[သူက နွမ်းပါးနေတဲ့ကျောင်းသူဖြစ်နေတာတောင် ဒုတိယမျိုးဆက်လူချမ်းသာလေးကို ချိတ်လိုက်နိုင်ပြီ မဟုတ်ဘူးလား... မဟုတ်ရင် ဘာကြောင့် ပညာသင်ဆုကို ရနိုင်ရတာလဲ...]
[သူက ချမ်းသာတဲ့လူတွေနဲ့တွေ့ချင်လို့ ဘားမှာ အလုပ်လုပ်နေရုံလေ]
[သူ့ရဲ့နွမ်းပါးနေတဲ့ပုံစံကြောင့် အရူးလုပ်မခံနဲ့...သူက ဘယ်လောက်တောင်ပျက်စီးနေတာလဲ မသိကြဘူးမ လား... သူကအပြစ်ကင်းအောင် လုပ်မလို့ ဆင်းရဲချင်ယောင်ဆောင်ဖို့ရည်ရွယ်ထားတာ...အကုန်လုံးဟန်ဆောင်နေတာတွေချည်းပဲ...]
"ငါက သူ့ကို အတွေ့အကြုံရှိနေစေချင်ရုံပါပဲ..."
သူက ထူးမခြားနားဖြစ်စွာ အေးစက်စက်ပြောလေသည်။
ဒီသာမန်မဟုတ်တဲ့ စွဲမက်စရာကောင်းတဲ့ အသိုင်းအဝိုင်းထဲမှာ အလယ်အလတ်မိသားစုက သာမန်မိန်းကလေးတစ်ယောက်က ဘာများဖြစ်လာနိုင်မလဲ...
မဲ့ပြုးတစ်ခုက ဝမ်ယွီ၏နှုတ်ခမ်းထောင့်တွင်ပေါ်လာပြီး အငြိုးများနှင့် ပြည့်နေသည်။
သူငယ်ချင်းဖြစ်သူက သူ၏အတွေးတွေကို ပြန်စုစည်းကာမေးလေသည်။
"မင်းပြောနေတဲ့ နတ်သမီးလေးကရော ဘယ်လိုလဲ...."
ဝမ်ယွီက တုံ့ဆိုင်းသွားကာ ပြောလေသည်။
"သူလား..."
"ဟမ်...."
သူငယ်ချင်းက အံ့ဩသွားပြီးမေးလေသည်။
"မင်းအခုထိ သူ့အပေါ် မလှုပ်ရှားရသေးဘူးလား..."
ဝမ်ယွီမျက်နှာပေါ်ရှိ အထက်စီးဆန်မှုက ပျောက်သွားသလိုခံစားလိုက်ရရင်း ဖြေလိုက်သည်။
" ငါ သူ့ကို လိုက်နေပြီးပါပြီ..."
ခဏအကြာတွင် သူ စိတ်အနှောင့်အယှက်ဖြစ်လာ၍ အနည်းငယ်မျှ ဆူပူလိုက်ရင်း ခပ်ပြတ်ပြတ်ပြောလာသည်။
"ကိုယ့်ကိစ္စသာ ဂရုစိုက်ပါ..."
"သေစမ်း..."
သူငယ်ချင်းက ဒေါသထွက်လာကာ ဝမ်ယွီ့ခေါင်းကိုရိုက်ရန် သူ့လက်ကိုဝှေ့ယမ်းလိုက်သည်။
"ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့အထိ အသက်ကြီးနေပြီပေါ့လေ...ထပ်ပြီး အထိန်းချုပ် မခံနိုင်တော့ဘူးပေါ့...မင်းအစ်ကိုကြီးက မင်းကိုဂရုစိုက်ပေးခဲ့တဲ့ အရင်ချိန်တွေလို မဟုတ်တော့ဘူးပေါ့..."
ထိုသူငယ်ချင်းအများစုမှာ ငယ်စဉ်ကလေးဘဝကတည်းက တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းခဲ့ကြပြီး ကြီးပြင်းလာခဲ့ကြသည့် မိတ်ဆွေဟောင်းများဖြစ်သည်။ တစ်ယောက်နှင့်တစ်ယောက် ကျီစယ်လာချိန်တွင် တည်ငြိမ်မှုဆိုသည်မှာ မရှိတော့ချေ။
ဝမ်ယွီက သူ့သူငယ်ချင်း၏တိုက်ခိုက်မှုကို ရှောင်တိမ်းရင်း အချိန်ခဏခန့်ရယ်မောရင်း စနောက်နေကြသည်။ ထို့နောက်သူငယ်ချင်းက မေးလာသည်။
"မင်းရဲ့မြင့်မြတ်ပြီးမာနကြီးတဲ့နတ်သမီးလေးက မာနကြီးနေတုန်းပဲလား..."
"ဆင်းရဲတာနဲ့ မာနကြီးတာနှစ်ခုလုံးက သိပ်စိတ်ပျက်ဖို့ကောင်းတာပဲ..."
သူက ဆေးလိပ်ငွေ့ကို ရှုထုတ်လိုက်ကာ ဆေးလိပ်ပြာကို ခါချလိုက်သည်။
"ငါမင်းကိုပြောပြမယ် ဒီလိုမိန်းကလေးမျိုးတွေကလေ မင်းဘက်က ပိုက်ဆံဖြုန်းပေးဖို့ပဲလိုတာ...သူ့ဘက်က မလှုပ်ရှားလာသေးရင် အဲ့ဒါမင်းပိုက်ဆံဖြုန်းပေးတာမလုံလောက်သေးလို့ပဲ ဒါဆိုရင် မရပ်နဲ့ ထပ်ပြီး ဖြုန်းပေးလိုက်...နောက်ဆုံးမှာ သူ ဒူးထောက်လာတဲ့အထိ အားနည်းလာလိမ့်မယ် အစားအသောက်ကောင်း၊ သောက်စရာ၊ ပျော်စရာကောင်းတာတွေနဲ့ ဂရုစိုက်ပေး...သူနဲ့ အတူရှိပြီးကစားရတာ ငြီးငွေ့လာတဲ့အခါသူ့ကို စွန့်ပစ်လိုက်...အဲဒါပျော်စရာအကောင်းဆုံးပဲ..."
မိန်းကလေးတစ်ယောက်က သုံးဖြုန်းနေရာကနေ ရုတ်တရက် သူ မတတ်နိုင်တဲ့ အခြေအနေအထိ နိမ့်ပါးသွားတဲ့အခါ သူ့မျက်နှာက ဘယ်လိုမျိုး ဖြစ်လာလိမ့်မလဲ..သူ့စိတ်ဓါတ်တွေ မကျိုးပျက်သွားပဲ အထက်ကို အားတင်းပြီးတက်လာနိုင်မှာလား...အရင်သာမန်ဘဝကို ပြန်သွားမလား မဟုတ်ရင်...အခြားချမ်းသာတဲ့ ယောင်္ကျားတစ်ယောက်ကို အားကိုးတဲ့ လမ်းကြောင်းပေါ်တက်လာမှာလား...
ဘာကိုများ သူတို့ဂရုစိုက်စရာလိုလဲ...
ဟက်...
၎င်းက ဤအသိုင်းအဝိုင်း၏ သာမန်မိန်းကလေးများအပေါ် သဘောထားသည့် ပုံစံဖြစ်သော်လည်း သူ့သူငယ်ချင်းက ကျိအန်းနဉ်အပေါ်ကို ခပ်ပေါ့ပေါ့လေးပြောသွားချိန်တွင် သူ့နှလုံးသားထဲ၌ မသက်မသာဖြင်မှုနှင့် မယုံကြည်နိုင်စရာကောင်းသည့် ခံစားချက်တစ်ခုဖြစ်လာသည်။ သူက သူ့သူငယ်ချင်းမျက်နှာကိုကြည့်ကာ လှောင်ပြုံးပြုံးလိုက်သည်။
အစပိုင်းတွင် ကျိအန်းနဉ်က သူမပေါ် ပိုက်ဆံကို နည်းလမ်းတစ်ခုလို သဘောထားပြီး လာမသုံးစွဲရန် သူ့ကို ပြောခဲ့သည်။ သူမက အတင်းအဖျင်းများကို ကြောက်နေရုံမသာမက ဝမ်ယွီသည်လည်း သူမက ဤအခြေအနေမျိုးဖြစ်လာမည်ကို ကြောက်ရွံ့နေသည်အား ဝေဝေဝါးဝါးခံစားမိသည်။
လိုအင်ဆန္ဒရှိသည်မှာ သာမန်သာဖြစ်ပြီး ဘယ်သူကမှ သူတော်စင်ဟုတ်မနေပေ။
ကျိအန်းနဉ်က သူမ၏ ရုပ်ပိုင်းဆိုင်ရာ တပ်မက်မှုများကို အပြင်းအထန် ထိန်းချူပ်ထားသည်မှာ ရှင်းလင်းပေသည်။
ဝမ်ယွီက ယခင်ဘဝတွင် ၎င်းကိုနားမလည်နိုင်ခဲ့ပေ။ သူက သူမအပေါ် ဤအသိုင်းအဝိုင်း၏ ပုံမှန်နည်းလမ်းများကဲ့သို့ သူမအတွက် ပိုက်ဆံများဖြုန်းပေးခြင်းနည်းလမ်းသာ သုံးခဲ့ပြီး ကျိအန်းနဉ်ကမူ ပစ္စည်းဥစ္စာများက သူမ၏ဘဝကို ဖျက်ဆီးပစ်မည်ကို ကြောက်ရွံ့နေခဲ့သည်။
သူမ၏ သူ့အပေါ်နက်နက်ရှိုင်းရှိုင်းမုန်းတီးမှုနှင့် ခေါင်းမာစွာ ခုခံမှုများလာခြင်းမှာ သူက သူမကို သွေးဆောင်ဖြားယောင်းမှုဟု ထင်နေသောကြောင့်ဟု သူမ တွေးနေသောကြောင့်ပင်။
နက်ရှိုင်းလှသည့်အတွင်းစိတ်ထဲတွင် ချမ်းသာသော သခင်ငယ်လေးက သူမကို ပိုင်ဆိုင်ရန် စိတ်ပိုင်းဖြတ်ထားပုံရသော်လည်း၊ သူမတို့၏ ဆက်ဆံရေးမှာ ကြာရှည်မခံမည့် ဖြစ်နိုင်ခြေ မြင့်မားမှုကြောင်း သူမ ကောင်းကောင်းသိခဲ့သည်။ သူမက လွယ်ကူသောဘဝနှင့် ဇိမ်ခံပစ္စည်းအများပေါ် ကျေနပ်ပျော်ရွင်နေခြင်းကို တစ်ကြိမ်မျှ ဇိမ်ခံ ခံစားပြီးသည်နှင့် ဘဝ၏ခက်ခဲမှုများကို သူ့မကိုယ်တိုင် ခံနိုင်ရည်ရှိတော့မည် မဟုတ်သည်ကို ကြောက်ရွံ့ခဲ့သည်။
သူမက တစ်နေ့တွင် ကောလဟာလများထဲမှ မိန်းကလေးမျိုး အမှန်တကယ်ဖြစ်လာမည်ကို ကြောက်ရွံ့နေခဲ့သည်။
အခန်းထဲတွင် ဆေးလိပ်နံ့များနှင့် အမွှေးရနံ့များပြည့်နေသောလေထုမျိုးရှိနေကာ ဝမ်ယွီက ကျိအန်းနဉ်၏ စိုးရိမ်ပူပန်နေမှုများကို ခပ်ရေးရေးလေး ဖမ်းဆုပ်မိသွားသည်။ သူ့စိတ်ထဲတွင် အသည်းကွဲသလိုနှင့် သူမအပေါ် ကြင်နာချင်လာစိတ်တို့ မဖြစ်ဘဲ မနေနိုင်တော့ပေ။
ယနေ့ည စုဝေးတွေ့ဆုံခြင်းသည် သူ့ကို ပျင်းရိလာစေသည်။ သူခံစားခဲ့ဖူးသည့် အမျိုးမျိုးသော သက်ဝင်လှုပ်ရှားမှုများက ကျိအန်းနဉ်မရှိပါက စိတ်ဝင်စားစရာမရှိတော့သလိုပင်။
သူက စီးကရက်မီးညှိပြီး မေးလိုက်မိသည်။
"မင်း ယန်ပေါ်နဲ့ ရင်းနှီးလား..."
ဤသူငယ်ချင်း၏နာမည်က လီဟေးဖြစ်ပြီး သူက ယန်ပေါ်နဲ့ နှစ်ဦးနှစ်ဖက်မိတ်ဆွေဖြစ်ကာ အတော်လေး ရင်းနှီးသည်ဟုပြောနိုင်လေသည်။ မနက်ဖြန်အတွက် ဘတ်စကတ် ဘောဂိမ်းကို သူစီစဉ်ထားခြင်းဖြစ်လေသည်။
"ရင်းနှီးတာပေါ့ကွ...သူက ငါ့ကောလိပ်က ဂျူနီယာလေးလေ...သူ့မိသားစုက ပြီးခဲ့တဲ့နှစ်ပိုင်းလောက်က အတော်ချမ်းသာလာတာ..."
လီဟေးက ပြောသည်။
"သူက မင်းကို တော်တော်လေး အကောင်းမြင်နေတာ ...ငါသူနဲ့ ပြိီးခဲ့တဲ့ရက်ကတွေ့တော့ သူ မင်းကို ချီးကျူးတယ်လေ ဒါနဲ့ငါလည်း အားလုံးနဲ့ကစားလို့ရအောင်လို့ ဒီပိတ်ရက်ကိုချိန်းလိုက်တာပဲ..."
သူပြောပြီးသည့်နောက် စွန်းယာရှန့်ကို ကြည့်ရင်း လက်ကာလိုက်သည်။
"ကောင်မလေး ခေါ်လာဖို့ကရော ဘယ်လိုလဲ..မင်းသူ့ကိုပဲ ခေါ်လာမလို့လား..."
"မဟုတ်ဘူး..တခြားတစ်ယောက်..."
ဝမ်ယွီ ငြင်းလိုက်သည်။
လီဟေးက ပေါ့ပါ့ပါးပါးမေးလာသည်။
"ဘယ်သူလဲ..."
ဝမ်ယွီက ပြန်မဖြေဘဲ ပြုံးနေ၍ လီဟေးရုတ်တရက်နားလည်သွားသည်။
"အို့...နတ်သမီးလေးလား..."
"သူက ငါ့အပိုင်..."
ဝမ်ယွီက အခိုင်အမာပြောလေသည်။
"သူ့ကို လုံးဝမထိရဘူး..."
လီဟေးက ကျယ်ကျယ်လောင်လောင်ရယ်လိုက်မိသည်။
"မင်းက အရမ်းပိုင်ဆိုင်လိုစိတ်ကြီးတာပဲ...ကြက်ပေါက်လေးအတိုင်းပဲ..."
သူရယ်နေလျက် စွန်းယာရှန့်ကို လှမ်းကြည့်သည်။
ဝမ်ယွီ တစ်စုံတစ်ယောက်ကို ဂရုစိုက်မစိုက် သိသာလေသည်။ လူတစ်ယောက်ကိုခေါ်လာပြီး လူစုလူဝေးထဲပစ်ထားစဉ်တွင် အခြားတစ်ယောက်က ယခုထိမပေါ်လာသေးသော်လည်း သူ၏အပိုင်အဖြစ် ကြော်ငြာထားပြီးသားဖြစ်လေသည်။
စွန်းယာရှန့်က တစ်ချိန်လုံး ချန်းဟောင်ရန်နှင့်စကားပြောနေရသည်။
ချန်းဟောင်ရန်က အလွန်လိမ္မာပါးနပ်ပြီး ဆွဲဆောင်မှုရှိသော်လည်း သူမ၏စိတ်ထဲတွင် ဝမ်ယွီသာ ရှိနေဆဲဖြစ်သည်။ သို့သော် ဝမ်ယွီက အဝေးတွင်ထိုင်ကာ အခြားတစ်ယောက်နှင့် စကားပြောနေသောကြောင့် သူမ မယဉ်မကျေးနှင့် ထွက်မသွားချင်ပေ။ ထို့အပြင် သူ့ကို အနှောင့်အယှက်မပေးချင်၍ သူမ ဆက်ထိုင် နေလိုက်သည်။
ကံကောင်းထောက်မစွာဖြင့် ချန်းဟောင်ရန်က ငြီးငွေ့စရာမကောင်းဘဲ သူမတို့၏စကားဝိုင်းသည် စိတ်ဝင်စားစရာကောင်းနေခဲ့သည်။
သူတို့ကျောင်းနေစဥ်အကြောင်းများ ပြောကြသည့်အခါ စွန်းယာရှန့်က အနည်းငယ် အံ့သြသွားသည်။
“ကမ်းဘရစ်ချ်..ရှင်က ကမ်းဘရစ်ခ်ျကနေ ဘွဲ့ရခဲ့တာလား..."
ချန်းဟောင်ရန် အနည်းငယ်ပြုံးလိုက်သည်။
အမျိုးသားများအတွက် ရုပ်ရည်၊ ကိုယ်လုံးကိုယ်ပေါက်နှင့် မိသားစုနောက်ခံများသာမက ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အောင်မြင်မှုများသည်လည်း အရေးပါသောအချက်များဖြစ်သည်။
"ကိုယ် ကမ်းဘရစ်ခ်ျကိုသွားခဲ့တယ်...လီဟေးက ပရင့်စတန် ကိုသွားတယ်... ကျန်းရွှယ်ပင်းက ဘော်စတင်ကောလိပ် ကိုသွားခဲ့တယ်... "
သူက သူတို့တစ်ယောက်ချင်းစီအကြောင်း ပြောပြလေသည်။
"ရှောင်းယွီတစ်ယောက်တည်းသာ ပြည်တွင်းတက္ကသိုလ်မှာ တတ်ခဲ့ရတာ..."
ချမ်းသာသောမိသားစုများမှ သားသမီးများကို နိုင်ငံခြားသို့ပညာသင်ကြားရန် မကြာခဏစေလွှတ်ကြောင်းကိုလည်း စွန်းယာရှန့် ငယ်စဉ်က ကြားဖူးသည်။ အထက်တန်းစားကလေးများမှာ သူတို့ ငယ်ရွယ်စဉ်ကတည်းက ကောင်းမွန်သောပညာရေး အရင်းအမြစ်များကို နှစ်သက်ကြပြီး ကြီးပြင်းလာသည့်အခါတွင်လည်း ထိပ်တန်းကျောင်းများသို့ သွားလေ့ရှိကြသည်။ သို့သော်လည်း ဤကဲ့သို့ အသိုင်းအဝိုင်းကို သူမ ပထမဆုံးအကြိမ် ထိတွေ့ခွင့်ရခြင်းဖြစ်သည်။
သူမ တစ်ချိန်တည်းမှာပင် စိတ်လှုပ်ရှားတုန်လှုပ်မှုကို မထိန်းနိုင်၍ သိချင်စိတ်ဖြင့်မေးလိုက်သည်။
“ဝမ်ယွီက ဘာလို့ နိုင်ငံခြားမှာ ကျောင်းသွားမတက်တာလဲ..."
"သူ့မှာ ခက်ခဲတဲ့အချိန်ရှိခဲ့တယ်...”
ချန်းဟောင်ရန်က ဝမ်ယွီကို စာနာမိသည်။
“သူက နောက်ကျမှမွေးလာတာ.... ကြည့်လေ..သူက ကိုယ်တို့အားလုံးထက် ငယ်ပေမယ့် သူ့အဖေက ကိုယ်တို့အဖေတွေထက် အများကြီး အသက်ကြီးတယ်...သူ့အဖေက စိတ်ပူပြီး ဝမ်ယွီကို နိုင်ငံခြားမှာ နှစ်အတော်ကြာ ကျောင်းတက်ခိုင်းပြီး မိသားစုစီးပွားရေးကို မထောက်ပံ့နိုင်ဘူးလို့ ခံစားရတယ်...ဒါကြောင့် မိသားစုစီးပွားရေးကို စောစောစီးစီး အမွေဆက်ခံနိုင်ဖို့ မျှော်လင့်ပြီး တစ်ချိန်တည်းမှာပဲ စီးပွားရေးကို စီမံခန့်ခွဲစေရင်းနဲ့ ပြည်တွင်းမှာ ပညာသင်ခိုင်းခဲ့တာ...အဲဒါ တော်တော်လေးကံဆိုးတယ်လေ..."
ချန်းဟောင်ရန်၏အမြင်တွင် ကောလိပ်တက်သည့်နှစ်များမှာ မိဘအုပ်ထိန်းမှုမှ လွတ်မြောက်နိုင်ပြီး အမှန်တကယ်ပျော်ရွှင်နိုင်သည့် ကာလဖြစ်သည်။ ဝမ်ယွီက မိသားစု၏ ဖိအားပေးခံခဲ့ရသောကြောင့် အလုပ်များသာ လုပ်ကိုင်နေရသည်။ ၎င်းက နှစ်ပေါင်းများစွာ ဘဝ၏ ပျော်ရွှင်စရာအချိန်များကိုလွဲချော်သွားခဲ့သည်ဟု ဆိုလိုရပေမည်။
တကယ့်ကို ကံမကောင်းတာပဲ...
မိသားစုစီးပွားရေးကို အမွေဆက်ခံခြင်း...
ဤသည်မှာ သာမန်လူများအတွက် ဝေးကွာသောကမ္ဘာတစ်ခုသာဖြစ်သည်။ စွန်းယာရှန့်မှာ ဝမ်ယွီက ယနေ့တွင် သူမအတွက် တံခါးဖွင့်ပေးလိုက်ကြောင်း ခံစားလိုက်ရကာ လုံးဝခြားနားပြီး စွဲမက်ဖွယ်ကောင်းသော ကမ္ဘာကို တစ်ချက်မြင်ယောင်နိုင်စေခဲ့သည်။
###