အပိုင်း၄၄
Viewers 6k

🤚Chapter 44



စွန်းယာရှန့် သူမခေါင်းထဲတွင် အနည်းငယ် မူးဝေလာသည်ကို ခံစားလိုက်ရသည်။


"မင်း အဆင်ပြေရဲ့လား..." 


ချန်းဟောင်ရန်က မေးသည်။


“ကျွန်မ အဆင်ပြေပါတယ်....”


 စွန်းယာရှန့်က သူမ၏တုံ့ပြန်မှုကို သဘောပေါက်ပြီး ပြန်ဖြေသည်။


“အင်း… နည်းနည်းမူးနေလို့ပါ...” 


ချန်းဟောင်ရန်က ရယ်နေလျက် မေးလာသည်။


 “မင်း အရက်မသောက်ဖူးဘူးလား...” 


 စွန်းယာရှန့်က အံ့သြသွားသည်။


"ဒါကအရက်လား..." 


၎င်းက အရောင်စုံပြီးချိုမြိန်သောကြောင့် ပိုက်ဖြင့် သောက်နေခဲ့မိပြီး ဖျော်ရည်တစ်မျိုးဟုသာ ထင်ခဲ့သည်။


“အဲဒါ အရက်ပဲလေ...” 


ချန်းဟောင်ရန်က ထိုမိန်းကလေး၏ မသိနားမလည်မှုကအလွန်ချစ်စရာကောင်းသည်ဟု ထင်လိုက်သည်။


သူမက ပါးနပ်ကာ အပေါ်ယံအတွေးများကို ဖုံးကွယ်ထားနိုင်သော်လည်း လူ့အဖွဲ့အစည်းထဲသို့ အမှန်တကယ် မဝင်သေးသော နုံအသည့်ငှက်တစ်ကောင်အဖြစ် ရှိနေသေးသည်။


စွန်းယာရှန့်ထံတွင် စိတ်ကူးယဉ်အတွေး အမျိုးမျိုး ရှိသော်လည်း လက်တွေ့တွင်မူ သူမက အထက်တန်းကျောင်းမှ တက္ကသိုလ်သို့ ကူးပြောင်းသွားသည်မှာ တစ်လသာ ရှိသေးသည်။


ဤသို့ သက်ဝင်လှုပ်ရှားပြီး လူစည်ကားသည့် နေရာမျိုးတွင် သူတို့ကို သတိထား ဆက်ဆံနေလျှင်ပင် သူမ၏ နိုးကြားမှုက ကျိအန်းနဉ်ထက် အဆပေါင်းများစွာ နည်းပါးသေးသည်။


ချန်းဟောင်ရန်က သူမ၏အရက်ထဲကို ဆေးထည့်ထားခြင်း သို့မဟုတ် အခြားအရာများမထည့်ထား‌ပေ။ သူတို့လိုလူများအတွက်  စွန်းယာရှန့်ကဲ့သို့ အတွေ့အကြုံနုသည့် မိန်းကလေးများက အလွယ်ကူဆုံးပစ်မှတ်ပင် ဖြစ်သည်။ 


သူတို့က စျေးပေါလွန်ပြီး မျက်နှာအရေထူလှသည့် အမျိုးအစားဖြစ်ကာ အနည်းငယ် အကြိုက်လိုက်ပေး သို့မဟုတ် မျက်နှာသာပေးရုံနှင့် သူတို့ကိုယ်တိုင် ပြေးဝင်လာကြသည်။ 


ဝမ်ယွီက "ဘာဖြစ်ဖြစ်"ဟုပြောချိန်တည်းက သူနားလည်သွားခဲ့သည်။


စွန်းယာရှန့်က ဝမ်ယွီနှင့် စကားပြောချင်နေလေသည်။


သူမက ချန်းဟောင်ရန်အား သန့်စင်ခန်းကိုသွားမည်ဟု ပြောခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဝမ်ယွီက လီဟေးနှင့် စကားဝိုင်းထဲ နစ်မွန်းနေကာ သူမဘက်သို့ အကြည့်တစ်ချက်မှ ကောင်းစွာမပေးခဲ့ပေ။


စွန်းယာရှန့် သူတို့နားကို လျှောက်လာစဉ် သူတို့ ပရောဂျက်တစ်ခုအကြောင်း ဆွေးနွေးနေသည်ကို မပြတ်မသားကြားလိုက်ရသည်။ လီ‌ဟေးက သူမကို တစ်ချက်မျှကြည့်ကာ အာရုံမစိုက်တော့ပေ။ သူတို့၏စကားဝိုင်းနှင့် မပါဝင်နိုင်သဖြင့် စွန်းယာရှန့် အပန်းဖြေခန်းထဲတွင် သန့်စင်ခန်းသို့သာ တန်းတန်းမတ်မတ်သွားတော့သည်။


သူမအဝေးကို ထွက်သွားသည်နှင့် ဝမ်ယွီ သူမဘက်သို့ လှမ်းကြည့်လေသည်။


"မင်းတို့တွေပျော်ကြနှင့်...ငါသွားတော့မယ်..."


သူ လီဟေးကိုပြောလိုက်သည်။


"ဟေး..ဟေး..." ‌


လီဟေးက သူ့အား ကန့်ကွက်ရင်း လက်အားဆန့်ထုတ်လိုက်သည်။


"မင်းဘယ်ကိုသွားမလို့လဲ..."


ဝမ်ယွီ အမြန်ရှောင်တိမ်းလိုက်သည်။


 "ကိုယ့်အလုပ်သာကိုယ် ဂရုစိုက်ပါ..."


လီဟေးက ဤညတွင် ဝမ်ယွီ၏စိတ်က ဤနေရာတွင် မရှိသည်ကို သ‌တိပြုမိသည်။ သူ ရယ်မောရင်းကျိန်ဆဲလိုက်ကာ ဝမ်ယွီအဝေးသို့ ထွက်သွားသည်ကိုသာ ကြည့်နေခဲ့သည်။


စွန်းယာရှန့် သန့်စင်ခန်းထဲမှ ထွက်လာလျှင် ဝမ်ယွီမရှိတော့သည်ကို တွေ့လိုက်ရသည်။ သူမက လီဟေးဆီသို့ လမ်းလျှောက်သွားရင်း မေးလိုက်သည်။


 "အမ်....ဝမ်ယွီက ဘယ်မှာလဲ..."


လီဟေးက ပြောသည် 


"သူ လုပ်စရာတစ်ခုရှိလို့ ထွက်သွားပြီ..."


ဝမ်ယွီက ငါ့ကို ဒီနေရာမှာ ပစ်ထားခဲ့တာလား...

စွန်းယာရှန့် အနည်းငယ် စိတ်ဓာတ်ကျသွားသလို ခံစားလိုက်ရသည်။


လီဟေး၏စရိုက်က အနည်းငယ်အေးစက်စက်ဖြစ်သည်။ သူကအသက်ကြီးပြီး သန်မာသည့်တည်ရှိမှုလည်းရှိ၍ စွန်းယာရှန်က ထို့ထက်ပို၍ ဖိအားမပေးရဲပေ။ သူမမတတ်နိုင်ဘဲ နစ်နာသလိုခံစားလိုက်ရသည်။


လီဟေးက ရိုးရှင်းပြီး အပြစ်ကင်းသူ သို့မဟုတ် စမတ်ကျပြီး လုပ်ကိုင်နိုင်စွမ်းရှိသည့် မိန်းကလေးများကို သဘောကျသည်။ သူက စွန်းယာရှန့်၏ အကြံအစည်များ‌နှင့် အရေးမပါသည့် ပါးနပ်မှုကို စိတ်မဝင်စားပေ။ သို့သော် သူမက ငယ်ရွယ်ပြီး နူးညံ့သည့် ပန်းလေးနှင့်တူသဖြင့် သူပြောလိုက်သည်။


"အဆင်ပြေပါတယ်...မင်း ငါတို့နဲ့ အချိန်ဖြုန်းလေ...ဟောင်ရန်က ပြီးကျရင် မင်းကို လိုက်ပို့ပေးလိမ့်မယ်..."


စွန်းယာရှန့် သူ့အကြည့်နောက်ကို လိုက်ကြည့်သည့်အခါ ချန်းဟောင်ရန်က သူမအားလက်လှမ်းပြနေသည်။


သူက ကမ်းဘရစ်ခ်ျတက္ကသိုလ်မှ ဘွဲ့ရထားပြီး သူ့၏အရှိန်အဝါကလည်း ပျော်စရာကောင်းသည့်လူအဖြစ် ထည့်စဉ်းစား၍ရလေသည်။


ဝမ်ယွီက တစ်ညလုံးကျိအန်းနဉ်ထံသာ အာရုံရောက်နေပြီး သူ့စိတ်က သူမအပေါ်တွင်သာ တည်မြဲနေသည်။


စွန်းယာရှန့် သူ့ကိုဖြတ်သွားချိန်တွင် သူ့အတွေးများကို မထိန်းချူပ်နိုင်တော့ဘဲ ဦးစွာထွက်လာခဲ့သည်။ သူ ကွမ်းမင်လမ်းကို တည့်တည့်မတ်မတ်မောင်းလာသည်။


ကံကောင်းစွာဖြင့် တောင်ဘက်တံတားလမ်းနှင့် မတူသသည်မှာ ပိတ်ရက်များတွင် လူများပြည့်သိပ်ခြင်းမရှိ၍ သူ ထိုနေရာသို့ အမြန်ရောက်သွားလေသည်။


ထိုအချိန်၌ ကော်‌ဖီဆိုင်တွင် လူမကျတော့၍ လူအတော်များများက ဆိုင်အတွင်းဘက်တွင် မရှိတော့ချေ။


ကျိအန်းနဉ်က ရှုချန်းနှင့်အတူ ပရင့်မော်ဒယ်လုပ်ရန်လျှောက်ထားသည့်အကြောင်း ဆွေးနွေးနေသည်။


 "ကျွန်မအခုထိ  သူတို့ဆီက အကြောင်းပြန်တာ မရသေးဘူး...ဒါက အလုပ်ဖြစ်ရဲ့လား ကမသိတော့ဘူး.."


ရှုချန်းက သူမကိုနှစ်သိမ့်ပေးလေသည်။


"အခုမှ သောကြာနေ့ပဲရှိသေးတာပါ...မစိုးရိမ်နဲ့..."


ကျိအန်းနဉ် ဆက်ပြောလေသည်။


 "ကျွန်မ မနက်ဖြန် လုပ်စရာရှိသေးတယ်...ကျွန်မရဲ့အတန်းဖော် ရှောင်ယွင်ကို စာသင်ထားပေးဖို့ တောင်းဆိုထားရတာ...ရှောင်ယွင်ရဲ့အမေကိုလည်း ပြောထားခဲ့တယ်...ကျွန်မအ‌တန်းဖော်က ထိပ်တန်းကျောင်းသားဖြစ်ပြီး အတန်းမော်နီတာဆိုလည်း ဟုတ်တယ် သူက စာ‌သင်တာလည်း တကယ်တော်တာ..."


သူတို့ စကားပြောနေစဉ်တွင် တံခါးက တွန်းဖွင့်ခံလိုက်ရပြီး ဘဲလ်မြည်လာသည်။


ကျိအန်းနဉ် ချက်ချင်းမတ်တပ်ထရပ်ကာ ချိုချိုသာသာဖြင့်ပြောလာသည်။


"ကြိုဆိုပါတယ်..."


ထို့နောက်တွင် သူမ ဝမ်ယွီ၏မျက်နှာကို မြင်လိုက်ရသည်။


ရှုချန်းက ဗန်ပိုင်းယားဖြစ်နိုင်လောက်သည်ဟု ဝမ်ယွီ မခံစားရဘဲ မနေနိုင်ပေ။


သူက ကျိအန်းနဉ်အား ပြတင်းပေါက်မှတစ်ဆင့် အိမ်အကူဝတ်စုံနှင့် မြင်ဖူးပြီးသားဖြစ်သော်လည်း သူ လာကြိုချိန်တိုင်းတွင် ကျိအန်းနဉ်က သူမ၏ပုံမှန်အဝတ်အစားများကို လဲပြီးပြီဖြစ်သည်။ သူ ယခုလိုမျိုးတံခါးဖွင့်ပြီး ဝင်လာချိန်တွင် ပျော်ပျော်ရွှင်ရွှင်ပြုံးနေခြင်းက ပထမဆုံးအကြိမ်သာဖြစ်သည်။


အဖြူအမည်းအိမ်အကူဝတ်စုံ ဝတ်ထားပြီး အမွေးပွကြောင်နားရွက်လေးနှင့် သူမက သူ့ကို အရည်‌ေပျာ်လုနီးပါးပင် ရုတ်တရက်ကြီး သူanimeများကို အလွန်အမင်းစွဲလမ်းလွန်းသည့် လူငယ်များကို နားလည်သွားသည်။


ရူချန်းက ကျိအန်းနဉ်အား ငွေပမဏအနည်းငယ်သာ ပေးလေသည်။ ၎င်းက အမှန်တကယ်ကို အမြတ်ကြီးစားလွန်းသည်။


"ဟေး ရှင်က ဘာလို့ဒီနေရာမှာ ရှိနေရတာလဲ..."


ကျိအန်းနဉ် မေးလိုက်သည်။


"ကိုယ် ဒီနေရာကို ဖောက်သည်အဖြစ်လာလို့မရဘူးလား..."


ဝမ်ယွီက စိတ်တိုတိုနှင့် ပြန်ဖြေလာသည်။


"ဟုတ်တာပေါ့...ရှင် ဒီကိုလာပြီး ကျွန်မတို့ဆိုင်ရဲ့ တစ်ဦးတည်းသော မိတ်ဆွေအနေနဲ့ လာကူညီပေးလို့ရပါတယ်..."


ကျိအန်းနဉ် အာစေးမိရာမှ ပြောလာသည်။ရူချန်းက ပြုံးလိုက်သည်။


 "အထဲကိုဝင်ထိုင်ပါဦး ...ဘာများ သောက်ချင်ပါသလဲ..."


ဝမ်ယွီ လာတေးတစ်ခွက်မှာလိုက်သည်။ကျိအန်းနဉ်က ‌ယူလာပေးသောအခါတွင် သူမက အနည်းငယ်ကူကယ်ရာမဲ့စွာဖြင့် သူ့အားကြည့်လာသည်။


ဝမ်ယွီ ကော်ဖီခွက်အားကြည့်လိုက်ချိန် ဘာဖြစ်သွားသည်ကို နားလည်လိုက်သည်။ ရှုချန်းက ကာတွန်းပုံထဲမှ ကောင်မလေး၏ ခေါင်းထိပ်တွင် ကြောင်နားရွက်လေးများကို ဆွဲပေးထားလေသည်။


ဒါက ကျိအန်းနဉ်မဟုတ်ဘူးလား...


ရူချန်းက တကယ်ကို အရေးမပါတဲ့လူပဲ...


ကျိအန်းနဉ်က ကူကယ်ရာမဲ့ဟန်ဖြစ်နေသည်မှာ အံ့ဩစရာမလိုတော့ပေ။


ဝမ်ယွီသည် ရယ်နေမိသည်။


သူ ကော်ဖီတစ်ငုံသောက်ကာ ကျိအန်းနဉ်၏ အိမ်အကူဝတ်စုံကိုသဘောကျသွားလေသည်။ ၎င်းက အဖော်အချွတ်ပုံစံမဟုတ်သော်လည်း ယောင်္ကျားလေးများအတွက် အမှန်တကယ်ကို မျက်စိအစာကျွေးစရာဖြစ်နေပြီး သူတို့နှလုံးသားထဲထိ ယားယံလာစေသည်။


ရူချန်းဟူသည် လူယုတ်မာက လူဆိုးဟုပြောရသည်အထိ ဆိုးရွားနေသည်လည်း မဟုတ်ပေ။ သူ့ထံတွင် အနည်းငယ်ခန့် ကြင်နာတတ်သည့်နှလုံးသား ရှိလေသည်။


ထိုထူးခြားချက်ကြောင့် လူများက သွားများယားယံလာသည်အထိ သူ့အား မုန်းလာစေနိုင်သည်။


ကျိအန်းနဉ် အလုပ်မဆင်းမီတွင် ဝမ်ယွီက သူမအား ငွေရှင်းရန်ခေါ်လိုက်သည်။


ကျိအန်းနဉ်က ပြောလာသည်။


 "မလိုပါဘူး ကျွန်မတို့ဆိုင်ရဲ့မန်နေဂျာက ရှင်က ဒီဆိုင်ကိုပထမဆုံးလာတာမို့ ဒီတိုင်းတိုက်တာပါတဲ့... နောက်တစ်ကြိမ်တော့ ရှင့်အတွက်ရှင် ပေးရလိမ့်မယ်..."


ဝမ်ယွီက ကျေးဇူးတင်ဟန်ဖြင့် ကောင်တာဘက်အား လက်‌ေဝှ့ယမ်းပြလေသည်။


ရှုချန်းသည်လည်း သူ့လက်အား ဝှေ့ယမ်းဟန်ပြလေသည်။


"ကိစ္စမရှိပါဘူး..."


သူတို့နှစ်ယောက်က မယုံနိုင်စရာကောင်းအောင် သင့်မြတ်နေ၍ ကျိအန်းနဉ် မယုံနိုင်စွာဖြင့် ခံစားနေရလေသည်။


သူမနောက်ဘက်တွင် အဝတ်အစားလဲနေချိန်၌ ဝမ်ယွီတစ်ခဏခန့် တွေးဆနေမိသည်။ သူ တုံ့ဆိုင်းသွားပြီး ကောင်တာဘက်ကိုလက်တင်လိုက်ကာ သူ့လက်ချောင်းများကို လှည့်နေသည်။


"ဟမ်..."


ရူချန်း ကောင်တာပေါ်တွင် ကာတွန်းပုံကြမ်း‌ရေးဆွဲနေရာမှဘောပင်ကိုကိုင်ထားရင်း မော့ကြည့်လာသည်။


"ဘာကိစ္စရှိလို့လဲ..."


"ငါ့မှာ မေးစရာရှိတယ်..." 


ဝမ်ယွီ တုံ့ဆိုင်းနေရာမှ ပြောလာသည်။


 "ကျိအန်းနဉ်ဝတ်ထားတဲ့ ယူနီဖောင်းကို ဘယ်နေရာကဝယ်လာတာလဲ..."


ရှုချန်း "...."


ရူချန်း မျက်မှန်မဝတ်လာမိပေ။


အကယ်၍ သူသာ မျက်မှန်ဝတ်ထားခဲ့ပါက ရုပ်ပြများထဲကကဲ့သို့ ဒရမ်မာဆန်ဆန် ခပ်တည်တည်နှင့် မျက်မှန်ကို လက်ခလယ်ဖြင့် အပေါ်ပင့်တင်မိမှာပင်။


ကျိအန်းနဉ် အဝတ်အစားလဲပြီးထွက်လာချိန်တွင် ဝမ်ယွီနှင့် ရှုချန်းက ပျော်ပျော်ရွှင်ရွှင်ဖြင့် စကားပြောနေကြသည်။


သူတို့ကို ကြည့်ရသည်မှာ သူမအဝတ်အစားလဲနေစဉ်အတွင်း သူတို့နှစ်ယောက်ကြားမှ သူငယ်ချင်းဆက်ဆံရေးကို တိုးတက်လာစေမည့် အဖြစ်အပျက်တစ်ခုသိသိသာသာဖြစ်ပျက်ခဲ့ဟန်ရသည်။ သူတို့က နှစ်ပေါင်းများစွာ မိတ်ဆွေဟောင်းဖြစ်ခဲ့သလို စည်းလုံးနေသည်။


စိတ်ကူးယဉ်နေမိတာပဲ...


ကျိအန်းနဉ် သံသယများနှင့် သူတို့ဆီလျှောက်လာရင်း ဝမ်ယွီကို ပြောလိုက်သည်။


 " ကျွန်မ အဆင်သင့်ဖြစ်ပြီ...ပြန်ကြတော့မလား...."


သူတို့၏ အတိတ်ဘဝမှ ပတ်သက်မှုကြောင့် ကျိအန်းနဉ်က သူမ မမြင်မီအချိန်တွင် ဝမ်ယွီက ရှုချန်းကိုခြောက်လှန့်ပစ်မည်ကို သံသယဖြစ်နေပြီး ရှုချန်းအကြောက်လွန်၍ စကားမပြောရဲမည်ကို စိုးရိမ်နေခဲ့သည်။


သို့သော် ထိုသို့မဖြစ်ခဲ့ပုံပေါ်သည်။


သူတို့ကားပေါ်ရောက်သွားသည်နှင့် ကျိအန်းနဉ် မပြောဘဲမနေနိုင်တော့ပေ။


"ရှုချန်းက လူကောင်းတစ်ယောက်ပါ...သူ့ကို အကြောင်းအရင်းမရှိဘဲ ကြောက်အောင်မလုပ်နဲ့...."


ဝမ်ယွီ စိတ်ရှုပ်ထွေးသွားသည်။


"ကိုယ်က သူ့ကိုဘာကြောင့် ခြောက်ရမှာလဲ...."


ကျိအန်းနဉ် ပြောစရာစကားလုံးများ ပျောက်ဆုံးနေလေသည်။ သေသေချာဆန်းစစ်ကြည့်လျှင်လည်း ဝမ်ယွီကလိမ်နေဟန်မပေါ်ပေ။


"ဒါဆိုရင် အခုလေးတင် ရှင်တို့နှစ်ယောက် ဘာအကြောင်းပြောနေတာလဲ..."


 ကျိအန်းနဉ်။စပ်စပ်စုစုဖြင့် မေးလာသည်။


"အမ်...ဘာမှမဟုတ်ပါဘူး..."


ဝမ်ယွီ တစ်ဖက်ပြန်လှည့်ကာ ကား၏ဘေးမှန်ကို ကြည့်နေသည်။ ကားကစတင်ရွေ့လျားချိန်တွင် သူကကျိအန်းနဉ်ကို မေးလိုက်သည်။


 "မင်း ဒီအလုပ်က ဘယ်တော့ထွက်မှာလဲ..."


"ကျွန်မမှာ အခုချိန်ထိ သင့်တော်တဲ့အလုပ်မရှိသေးဘူး..." ကျိအန်းနဉ်က သူ့ကို အသေအချာပြောလာသည်။

 "အလုပ်သစ်တစ်ခုကို ရှာတွေ့ရင်တော့ ဒီမှာထပ်ပြီးမလုပ်တော့ဘူးလေ..."


ကျိအန်းနဉ်၏ အိမ်အကူဝတ်စုံက အတွေးများစွာလွင့်အောင်အထိ စွမ်းဆောင်နိုင်သည်။ ဝမ်ယွီ၏ရင်ထဲတွင် သူ တစ်ယောက်တည်းရှိနေချိန်မှာသာ သူမကိုထိုပုံစံနှင့်မြင်ရသည်မှာ သင့်တော်သည်ဟု တွေးနေမိသည်။ ယခုတွင် လူတိုင်းက သူမကိုငေးကြည့်နေရာ သူ့ရင်ထဲမှ မသက်မသာဖြစ်မှုကို ခံစားနေရသည်။


သို့သော် ကျိအန်းနဉ်က သူ အကြံပြုထားသည်ကို နားထောင်ရန် ဆန္ဒရှိသည့်အပြင် သူမ၏ အကျင့်စရိုက်ကလည်း ကောင်းမွန်ပေရာ သူသည်လည်းသူမကို ခက်ခဲစေရန် တွန်းအားမပေးတော့ပေ။ သို့ဖြစ်၍ သူ မယုတ်မလွန်သာ ပြန်ဖြေလိုက်သည်။


ကျိအန်း ထိုအသံကိုကြားသည်နှင့် ဝမ်ယွီမပျော်မရွှင်ဖြစ်နေကြောင်း နားလည်သွားသည်။ သူမ အလိုက်တသိဖြင့် စကားတစ်ခွန်းမှ ထပ်မဟဘဲ ခရီးသည်ခုံတွင် တိတ်တ ဆိတ်ထိုင်နေသည်။ ဒေါသကြီးသည့်လူငယ်လေးအား စိတ်တိုအောင် မနိုးဆွချင်ပေ။


ထိုအချိန်တွင် ဝမ်ယွီက အချို့အချိန်တွင် ကျိအန်းနဉ်သည် သူမနှင့်သင့်တော်သည့် အလုပ်မျိုးကို အစားထိုးရန် ရှာမတွေ့၍  သူ ကုမ္ပဏီခွဲတစ်ခု ပေါ့ပေါ့ပါးပါးထောင်လိုက်ရင်းသူမအတွက်သင့်တော်သော နေရာတစ်ခုကို ဖန်တီးပေးမည်ဟု တွေးနေသည်။


သူမက သူ့ရည်ရွယ်ချက်ကို လုံးဝရှာမတွေ့ဟု အာမခံနိုင်ပေသည်။


"မနက်ဖြန်မနက် ခုနှစ်နာရီ ကိုယ်မင်းကိုလာခေါ်မယ်နော်..."


ဝမ်ယွီက သူမအား မနက်ဖြန်အတွက် သူတို့၏အစီအစဉ်များကို ပြောပြနေသည်။


ကျိအန်းနဉ် အလွန်အံ့ဩသွားသည်။


 "အဲ့ဒီလောက်တောင် စောတယ်လား..."


"ကိုယ်မင်းကို မနက်စားစားဖို့အရင်ခေါ်သွားမယ်..."


ဝမ်ယွီက သူမကိုပြောလာသည်။


"စားပြီးရင် လေ့ကျင်ခန်းလုပ်မယ်လေ...ဒါ‌ကြောင့် စောစောစီးစီးစားထားတာ ပိုကောင်းတယ်..."


"ကောင်းပြီလေ..." 


ကျိအန်းနဉ်က သူမအိမ်မှာပေါင်းထားသည့် ပေါက်စီစား၍ရသည်ဟု သူ့ကိုပြောပြချင်နေသည်။


ပေါင်းထားသည့် ပေါက်စီက အလွန်ကြီးမား၍ သူမကန်တင်းက ဝယ်ထားသမျှထဲ ကျေနပ်စရာပင်ဖြစ်သည်။ သူမဗိုက်ကိုလည်း ပြည့်စေသည်။


ဝမ်ယွီသည်သူမ ငြင်းဆန်လာမည်ကို ‌ခန့်မှန်းပြီးသားဖြစ်ရာ သူမပြောနေသည်ကို နှောင့်ယှက်လိုက်သည်။


 "ကိုယ်မနက်စာသွားစားမဲ့နေရာက လမ်းမတူဘူးလေ...ကိုယ်သာမနက်စာစားပြီး မင်းကိုလာခေါ်ရင် ပြန်လှည့်ရမှာက အရမ်းဒုက္ခများလွန်းတယ်..."


သူက ကျိအန်းနဉ် ထပ်ပြောလာမည်ကို တားရန်အတွက်အကျိုးသင့်အကြောင်းသင့် ရှင်းပြလိုက်သည်။


သူနှင့်အတူဆွေးနွေးပြီးနောက် ကျိအန်းနဉ် ဘာစကားမှမပြောနိုင်တော့ဘဲ သဘောတူရုံသာတတ်နိုင်လေသည်။


သူတို့ ချင်းဟွာတက္ကသိုလ်၏ မိသားစုအဆောက်အဦးအောက် ရောက်သည့်အခါ ဝမ်ယွီက ကားနောက်ဖုံးထဲမှ စက္ကူအိတ်များစွာကို ထုတ်လာသည်။


ကျိအန်းနဥ်က သူ့ကို ငေးကြည့်ရင်းမေးလာလေသည်။


"အဲ့ဒါက ဘာတွေလဲ..."


ဝမ်ယွီက ပြောသည်။


" မင်း မနက်ဖြန်ဝတ်ဖို့အတွက် ဝတ်စုံတွေလေ..."


ကျိအန်းနဉ် သူမနှုတ်ခမ်းကိုကိုက်လျက် ပြောလိုက်သည်။


 "ကျွန်မ‌ လေ့ကျင့်ခန်းဝတ်စုံဝတ်ရမယ်လို့ ရှင်မပြောလိုက်ဘူးလေ..."


"မင်းဒါတွေကို လေ့ကျင့်ခန်းလုပ်ရင် ဝတ်ရမှာ...ဒါပေမဲ့ ဒါတွေကို တခြားဘယ်နေရာမှ လျှောက်မဝတ်ရဘူးနော် ဟုတ်ပြီလား..."


ကျိအန်းနဉ် ပြောစရာစကားများ ပျောက်ရှသွားသည်။


သို့သော် သူ့သူငယ်ချင်းများက ချမ်းသာကြပြီး ယန်ပေါ်အပါအဝင် အကုန်လုံးက ချမ်းသာကြသည်ကို သူမသိနေသည်။ သူမ၏အဝတ်အစားများက ဟောင်းနွမ်းပြီး ဈေးပေါလေရာ အကယ်၍ သူမအဝတ်အစားများသာ ဝတ်လျှင် သူမတစ်ယောက်တည်း ထင်းထွက်နေမည်ဖြစ်သည်။


သို့သော် သူမ ယန်ပေါ်နှင့်တွေ့ရန်လိုအပ်သည်။


ကျိအန်းနဉ်က အိတ်များကိုယူလိုက်ရင်း နူးနူးညံ့ညံ့ပြောလာလေသည်။


 "နောက်တစ်ကြိမ် ဒုက္ခပေးမိပြန်ပြီ...ကျေးဇူးတင်ပါတယ်..."


သူမက ဖြောင့်မတ်ဟန်မဆောင်သည်ကို မြင်ရာ ဝမ်ယွီစိတ်သက်သာရာရသည့် သက်ပြင်းချကာ ပြုံးရင်းပြောလာသည်။


" မင်းက ဘယ်တုန်းကများ ကိုယ့်ကို ဒုက္ခဖြစ်စေလို့လဲ..."


 "ဒါတွေက အလုပ်လုပ်တဲ့လူတိုင်းတတ်နိုင်တဲ့ ဘရန်းတစ်ခုပါပဲ...ကိုယ် ‌ဒါတွေဝယ်ရတာမကျွမ်းလို့ တမင်တကာ မောလ်ကို သွားခဲ့တာ...ပြီးတော့ မင်းကို ပျက်စီးအောင်လို့ ဇိမ်ခံပစ္စည်းတွေပေးတာမဟုတ်လို့ လျှောက်မတွေးနဲ့တော့..."


သူတို့ အဆောက်အဦးဝင်ပေါက်ရောက်သည့်အခါ ကျိအန်းနဉ်ရပ်လိုက်ကာ တစ်ခဏခန့် တုံ့ဆိုင်းနေရာမှပြောလာသည်။


 "ကျွန်မရှင့်ကို တစ်ခုခုပြောရင် ဒေါသမထွက်ဘဲ နေနိုင်မလား..."


"အမ်..."


ဝမ်ယွီ အံ့ဩသွားလေသည်။


"ဆက်ပြောလေ..."


"ဟုတ်ပြီ... ရှင်ပေးတဲ့ဖုန်းကို ကျွန်မ ကျောင်းကတစ်ယောက်ကို ရောင်းလိုက်တယ်..."


"....."ဝမ်ယွီ ကြောင်အသွားသည်။


"ပြီးတော့ရော.."


ကျိအန်းနဉ် ဆက်ပြောလေသည်။


 "ကျွန်မ သာမန်ပြည်တွင်းထုတ် အိမ်ဖုန်းတစ်လုံးဝယ်လိုက်တယ်..."


သာမန်ဆိုသည်မှာ ဈေးအနိမ့်ဆုံးနှင့် အသက်သာဆုံးကို ဆိုလိုသည်ကို ဝမ်ယွီ ချက်ချင်းသဘောပေါက်လိုက်သည်။ကျိအန်းနဉ်က ခေါင်းကို အနည်းငယ်ငုံ့ပြီး တိုးတိုးလေးရှင်းပြသည်။


 "ရှင်ပြောချင်တာကို ကျွန်မကောင်းကောင်းသိပါတယ်...ဒါပေမယ့် ကျွန်မက ပညာသင်ဆုရပြီး ငွေရေးကြေးရေး ချို့တဲ့နေတဲ့ ကျောင်းသူတစ်ယောက်မို့လို့ ဒီလိုစျေးကြီးတဲ့ ဖုန်းတစ်လုံးရှိဖို့က ကျွန်မအတွက် တကယ်ကို မသင့်တော်ဘူးလေ..."


ကျိအန်းနဉ်က ဝမ်ယွီ၏မျက်နှာအမူအရာက အမှန်တကယ်ပင် မလွယ်ကူဟု ခံစားမိလေသည်။  သူသာ ထိုအကြောင်းသိခဲ့ပါက မပျော်မရွှင်ဖြစ်မည်ကို သူမ သိခဲ့သည်။


သို့သော်ဝမ်ယွီက ရယ်မောလိုက်ရင်း သူမခေါင်းကိုပွတ်သပ်ကာ ပြောလာသည်။


 "ဒါကဘာမှ ကြီးကြီးမားမားမဟုတ်ပါဘူးကွာ..ကိုယ်ကမင်းကို ပေးထားပြီးသားလေ...ဒီတော့ မင်းအပိုင်ဖြစ်ပြီးသား...ဒါကို ဘာလုပ်လုပ် မင်းသဘောအတိုင်းပဲဖြစ်သွားပြီ..."


ကျိအန်းနဉ် သူ့ကိုမော့ကြည့်သည့်အခါ သူက အမှန်ပင် စိတ်တိုမနေပေ။


ဝမ်ယွီ ခဏစဉ်းစားပြီးပြောလိုက်သည်။


 "ကိုယ် သေသေချာချာမတွေးလိုက်မိဘူး.. ကိုယ်ကအကုန်လုံးကို နောက်‌ဆုံးမော်ဒယ်တွေဝယ်ပြိီး သုံးနေပေမဲ့ မင်းဘက်က အခြေ‌အနေကို ထည့်မစဉ်းစားမိလိုက်ဘူး...နောင်ကျရင် ကိုယ်အဲ့ဒီအကြောင်း ပိုပြီးစဉ်းစားပါ့မယ်..."


ကျိအန်းနဉ် သူမပါးစပ်ကိုဟကာ ပြောလိုက်သည်။


"မဟုတ်ပါဘူး..."


"မဟုတ်ဘူး...ဘာက မဟုတ်ရတာလဲ..."


ဝမ်ယွီက သူမကိုမယဉ်ကျေးစွာဖြင့် ဖြတ်ပြောလိုက်သည်။


သူမကိုကြည့်နေသည့် သူ့အကြည့်ထဲတွင် နာကျင်မှုများပြည့်နေသည်။


"မင်းက တခြားသူတွေ အရမ်းထိန်းချုပ်တာကိုခံနေရတာပဲ....ဘာလို့များ သူတို့တွေးနေတာတွေကို လိုက်ဂရုစိုက်နေရတာလဲ...ကိုယ်က မင်းကိုငွေကြေးထောက်ပံနေတာလည်း မဟုတ်ဘူး..."


ဝမ်ယွီ ဒေါသအနည်းငယ်ထွက်လာသည်။


"ဘာလို့များ လူတစ်ယောက်က အခြားတစ်ယောက်အပေါ် ကောင်းပေးလို့ မရရမှာလဲ..."


သူက ကျိအန်းနဉ်ကို ဒေါသမထွက်သော်လည်း သူမအပေါ် လွှမ်းမိုးထားသည့် ထိုလူများကို ဒေါသထွက်လေသည်။


အိပ်မက်ထဲတွင် သူက သူမ ထိုလူများ၏ အဆဲအဆိုကို မည်မျှခံခဲ့ရသည်နှင့် သူမတစ်ယောက်တည်းရှိနေပြီး အလွန်အထီးကျန်ခဲ့ရသည်ကို မြင်ခဲ့ရသည်။


၎င်းက အိပ်မက်တစ်ခုဆိုသော်လည်း သူက အစစ်အမှန်ဟုသာ ခံစားနေရသည်။


လွန်ခဲ့သည့်ရက်အနည်းငယ်က ကျိအန်းနဉ် သူ့ကိုပြောပြခဲ့သည့် အခြားသူများ၏ နှောင့်ယှက်မှုနဲ့ ကောလဟာလများက အမှန်တကယ်ဖြစ်နေသည်ဟု ဝမ်ယွီ သူ့ကိုယ်သူပြောနေမိသည်။ ထို့ကြောင့် ဤအချက်အလက်များက သူ့ဦးနှောက်ထဲဝင်လာပြီး သူနေ့ဘက်တွင်တွေးနေသမျှက  အိပ်မက်ဖြစ်လာပြီး ညဘက်တွင် အိမ်မက်အဖြစ် ထင်ထင်ရှားရှား မြင်မက်နေခြင်းဖြစ်သည်။


သို့သော် သူ့ကိုယ်သူ လက်ခံနိုင်ရန် ကြိုးစားသော်လည်း အိပ်မက်ထဲမှ  ဖြစ်ပေါ်လာသည့် နာကြည်းမှုများက နိုးထလာပြီးနောက်တွင်လည်း သူ့နှလုံးသားထဲတွင် စွဲမြဲနေဆဲဖြစ်သည်


ကျိအန်းနဉ် ပါးစပ်ဟလိုက်မိသော်လည်း ဘာသံမှ မထွက်လာပေ။


နောက်ဆုံးတွင် သူမပြောလာသည်။


 "ကျွန်မ မနက်စောစောထရမယ်... ရှင်လည်းပြန်တော့လေ...ကျွန်မလည်းပြန်ရတော့မယ်..."


သူမအသံကတိုးလျပြီး အက်ကွဲနေသည်။ သူမ ပြောပြီးသည်နှင့် လှေကားပေါ်ပြေးတက်သွားသည်။


ဝမ်ယွီ သူမပုံရိပ်လေးပျောက်ကွယ်သွားသည်နှင့် သက်ပြင်းတိုးတိုးလေးချကာ ထွက်ခွာသွားသည်။


ကျိအန်းနဥ် အပေါ်ထပ်သို့ပြေးကာ တံခါးလက်ကိုင်ကို လှည့်၍ အခန်းထဲသို့အမြန်ဝင်လိုက်သည်။ အသံကျယ်လောင်စွာ မြည်သည်အထိ တံခါးကိုပိတ်လိုက်ပြီး သူမ ထိုနေရာ၌ မှီကာမတ်တပ်ရပ်လိုက်သည်။


လူတစ်ယောက်က တခြားလူတစ်ယောက်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံဖို့က မဖြစ်နိုင်တာမှ မဟုတ်တာ...



..........


ကောင်းရော...


ဟုတ်ပြီ...


အိတ်များက ကြမ်းပြင်ပေါ်ပြုတ်ကျသွားပြီး ကျိအန်းနဉ် တံခါးကို မှီရင်းငုတ်တုပ်ထိုင်ကာ ဒူးကိုဖက်ထားသည်။


အခန်းထဲတွင် မီးများပိတ်ထားကာ တီဗွီမှလာသော အလင်းရောင်က သူမအဖွား၏မျက်နှာတွင် ရောင်ပြန်ဟပ်နေသည်။ သူမ အသံကြား၍ ခေါင်းလှည့်ကြည့်လ်ိုက်ရင်း အားပါးတရပြုံးပြလာလေသည်။


"နဉ်နဉ် ဒီအပိုင်းပြီးရင် ညစာစားဖို့အတွက် အဘွား ချက်ပေးမယ်နော်..."


သူမက တံခါးဘက်ကိုကြည့်လိုက်ပြီး ခဏအကြာတွင်ပြောလာသည်။

"နဉ်နဉ်...မငိုပါနဲ့...."



###