🤚Chapter 45
စနေနေ့မနက်အစောပိုင်းတွင် ကျိအန်းနဉ် အိပ်ရာမှထကာ သူမအဖွားကို ဆန်ပြုတ်နှင့်ကြက်ဥကို ဂရုတစိုက်ကျွေးလေသည်။ သူမအတွက် နေ့လယ်စာနှင့်ညစာကိုလည်း ထိုအတိုင်းသာပြင်ဆင်ခဲ့သည်။
"နေ့လယ်ဘက်တော့ ပြန်လာနိုင်အောင်ကြိုးစားပါ့မယ်...ပြီးရင်ကော်ဖီဆိုင်ကိုလည်းသွားရဦးမယ်..."
သူမ အဖွားအားပြောလျက် အချိန်နီးကပ်နေသောကြောင့် အိတ်ကိုကောက်ယူပြီး လှေကားအောက်ကို ပြေးဆင်းသွားသည်။
အောက်ထပ်ကိုရောက်သည်နှင့် သူ ဝမ်ယွီ၏အနက်ရောင် ဟမ်မာကားကို အလိုလိုရှာကြည့်နေမိတော့လည်း မတွေ့ခဲ့ပေ။ ထိုအစား ကြောက်စရာကောင်းသည့်တာယားဘီးအကြီးကြီးနှင့် အကြမ်းမောင်းဂျစ်ကားကိုသာ တွေ့ခဲ့လေသည်။
ကားမှန်ချလာသည်နှင့် အထဲတွင် ဝမ်ယွီဆေးလိပ်သောက်နေသည်ကို မြင်လိုက်သည်။ သူခေါင်းကိုလှည့်လိုက်သည်နှင့် သူမကို မြင်လိုက်ရ၍ မျက်ခုံးပင့်လိုက်မိသည်။
အဝတ်အစားက လူကိုပြောင်းလဲစေသည်။
ကျိအန်းနဉ်က ဖက်ရှင်ကျကျအိတ်တစ်လုံးပြောင်းလွယ်ပြီး လူငယ်ဆန်ဆန် ဝတ်စားဆင်ယင်သော်လည်း သူမအကောင်းစားတံဆိပ်များကိုဝတ်ဆင်လိုက်ချိန်တွင် ကွဲပြားသွားလေသည်။
သူမကားပေါ်တက်ပြီး ခါးပတ်ပတ်လိုက်ချိန်အထိ ဝမ်ယွီ၏မျက်လုံးများက တောက်ပနေသည်။
"ဘာဖြစ်လို့လဲ..."
ကျိအန်းနဉ် နားမလည်စွာဖြင့် မေးလာခဲ့သည်။
"ဘာမှမဟုတ်ပါဘူး..."
ဝမ်ယွီ စိတ်ကောင်းဝင်နေ၍ ပြုံးလိုက်သည်။
"သေချာထိုင်...ကိုယ်မင်းကို brunchဖို့ခေါ်သွားမှာ..."
( နောက်ကျမှစားတဲ့ မနက်စာကို ပြောချင်တာပါ )
မနက်စာအတွက် အဝေးကြီးသို့သွားရမည်မှာ အစတည်းက အလိမ်အညာပင် ဖြစ်သည်။ ဝမ်ယွီက ကျိအန်းနဉ်စားရန်အတွက် ရိုးရှင်းသည့်နေရာတစ်ခုဆီသို့ ခေါ်သွားခဲ့သည်။
ပိတ်ရက်မနက်ခင်းတွင် brunchအတူပေါင်းစားပြီးနောက် သူတို့ သူငယ်ချင်းများနှင့် အချို့အားကစားများဆော့ကြမည်ဖြစ်ပြီး နေ့လယ်စာအတူထပ်စားကြရာ အမှန်တကယ်ပင် ပြီးပြည့်စုံသည့် ဒိတ်လေးသာဖြစ်လာလိမ့်သည်။ ယခုက သူတို့နှစ်ယောက်အတွက် ပထမဆုံး ဒိတ်လုပ်ကြခြင်းလည်းဖြစ်သည်။
ဝမ်ယွီက ကျိအန်းနဉ်အား သေသပ်သန့်ရှင်းသော ကန်တုံစားသောက်ဆိုင်ကို ခေါ်သွားခဲ့သည်။ ရှု့ခင်းများက ပန်းချီဆွဲထားသလို လှပလွန်းသည်။ ကံမကောင်းသည်မှာ သူ့ဘေးနားမှ မိန်းမလှလေးက အစာစားရမည်ကို စိတ်မရောက်သည့်ပုံပင်။
ဝမ်ယွီ မတောင့်ခံနိုင်တော့ဘဲ မေးလာလေသည်။
"ဘာဖြစ်လို့လဲ...နေမကောင်းဘူးလား..."
ကျိအန်းနဉ်က ယနေ့တွင် ယန်ပေါ်နှင့်တွေ့ရန်ကို အာရုံရောက်နေသည်။ သူမစိတ်က အစားပေါ်တွင် မရှိရာ ဆင်ခြေတစ်ခုကို ပြောလိုက်သည်။
"ကျွန်မ ဒီမနက် စားချင်စိတ်သိပ်မရှိလို့ ..."
ဝမ်ယွီက သူမအား ပုစွန်အစာသွပ်ထားသော ဖက်ထုပ်နှင့် ကြက်ဥနို့ပေါင်းပေါင်မုန့်ကို ပေးလိုက်ရင်း ပြောလိုက်သည်။
"များများစားထား...ပြီးရင် ကိုယ်တို့လေ့ကျင့်ခန်းအများကြီးလုပ်ရဦးမှာ...."
ကျိအန်းနဉ်က ဝမ်ယွီကျွေးသည်ကို တိတ်တဆိတ်သာစားနေရင်း သူ့အား အကြံပြုနေသည်။
"ကျွန်မတို့ ဘယ်နေရာသွားကြမှာလဲ... နောက်ကျလို့မဖြစ်ဘူးမလား...အခု သွားကြမလား..."
ဘယ်လိုတောင် ခံစားချက်ကို ဖျက်ဆီးတဲ့လူလဲ...
ဤမနက် သူတို့နှစ်ယောက် အချိန်အကြာကြီးအတူရှိနေရန်အတွက် ဝမ်ယွီက အထူးရည်ရွယ်ကာစီစဉ်ထားခဲ့သည်။ သို့သော် ယခုချိန်တွင် သူတို့နှစ်ယောက်လုံး အလျင်စလို စားသောက်နေရသည်။
"မင်းဘာလို့ အလောတကြီးဖြစ်နေရတာလဲ..."
ဝမ်ယွီက မကျေမနပ်ဖြင့် ပြောလာသည်။
ကျိအန်းနဉ်မှာ သူမပုံစံက အလွန်သိသာနေသည်ကို နားလည်သော်လည်း ပေါ့ပေါ့ပါးပါးပြောလိုက်သည်။
"ကျွန်မ... ရှင် ကျွန်မကြောင့်နောက်ကျနေမှာစိုးလို့ပါ..."
"ဘာမှ အလျင်လိုစရာမလိုဘူး ...ကိုယ်တို့မှာအချိန်ရှိပါတယ်..."
ဝမ်ယွီက ပြောသည်။
သူမှာထားသော ပြောင်းဖူးဖျော်ရည် ပူပူနွေးနွေးလေးရောက်လာသည်။ သူက ကျိအန်းနဥ်အတွက် ဖန်ခွက်တစ်ခွက်ထဲကို ထည့်ပေးပြီး ပြောလိုက်သည်။
“မင်းနည်းနည်းပဲစားထားတာ.....ဒါလေး နည်းနည်းသောက်ထားလိုက်... သူက ကယ်လိုရီများတယ်လေ.....မင်းက အရမ်းပိန်လွန်းနေတယ်.."
ဝမ်ယွီက မိန်းကလေးတစ်ယောက်ပိန်လွန်းသည်ကို ပထမဆုံးအကြိမ် စောဒကတက်ဖူးခြင်းသာဖြစ်သည်။ အမှန်တွင် သူက ပိန်ပိန်ပါးပါး မိန်းကလေးများကို ပိုမိုနှစ်သက်လေ့ရှိသည်။ ပိန်ပိန်ပါးပါးမိန်းကလေးတစ်ယောက်က ယောက်ျားတစ်ဦးကို ပို၍ နှစ်သက်စေသည်။ ထို့အပြင် ကျိအန်းနဉ်ထံတွင် သင့်လျော်သော ကိုယ်လုံးကိုယ်ပေါက်ရှိသည်။ သူမက လေ့ကျင့်ခန်းလုပ်ပြီး ဝိတ်လျှော့တတ်သည့်မိန်းကလေးအတော်များများ လိုချင်သည့် စံပြခန္ဓာကိုယ် အမျိုးအစားကို ပိုင်ဆိုင်ထားသူပင်ဖြစ်သည်။
သို့သော်ဝမ်ယွီ၏စိတ်ထဲ ကျိအန်းနဉ်က ပိန်လွန်းသည်ဟုခံစားမိဆဲဖြစ်သည်။ သူမ ပိန်နေရသည့်အကြောင်းကအလုပ်အလွန်ကြိုးစားပြီး မောပန်းနွမ်းနယ်ခြင်း၏ရလဒ်ဟု အမြဲတွေးခဲ့သည်။ သူမကို အစာများ ပိုစားစေချင်ပြီး ကိုယ်အလေးချိန်တက်လာရန်အတွက် မလုပ်ပေးဘဲ မနေနိုင်ချေ။
"ပိန်တယ်လား...ကျွန်မကတော့ ဒီလောက်ဆို အဆင်ပြေမယ်ထင်တာပဲ...”
ကျိအန်းနဉ်က သူမကိုယ်သူမ ပိန်သည်ဟု မခံစားရပေ။
သူမထံတွင် သဘာဝအတိုင်းသေးငယ်သည့် အရိုးတည်ဆောက်ပုံရှိသောကြောင့် အလယ်တန်းကျောင်းဝတ်စုံကိုပါ ဝတ်ဆင်နိုင်သေးသည်။ သူမ၏ သေးသွယ်သွယ်ပုံရိပ်ကြောင့် ပိန်ပါးသည့်ပုံပေါ်နေသော်လည်း သူ့မှာ အသားအချို့ရှိနေသေးသည်ဟု ခံစားနေရသည်။ သို့သော် သူမ၏ရေရှည်ကြိုးစားမှုကြောင့် ကြွက်သားများက သဘာဝအတိုင်း တောင့်တင်းလာပြီး ကိုယ်အလေးချိန် တူညီသည့် မိန်းကလေးများနှင့်ယှဉ်လျှင်ပင် ပို၍သွယ်လျနေသေးသည်။
"အဲဒီ ခန္ဓာကိုယ်ကြွက်သားတွေကို လေ့ကျင့်တာက တကယ်အလုပ်ဖြစ်တယ်...”
သူမက ဝမ်းဗိုက်ပေါ် လက်တင်ပြီး ပြောခဲ့သည်။
"ကျွန်မကြွက်သားတွေ တောင့်တင်းလာတာကို ခံစားရတယ်...."
ဝမ်ယွီက မသိချင်ယောင်ဆောင်နေသည်။
“အဲ့ဒီလိုလား...ကိုယ့်ကိုပြလေ..."
အရှက်မရှိသောဝံပုလွေက သူမကို ထိချင်နေသည်။
ကျိအန်းနဥ်- “…”
ကျိအန်းနဥ်က သူ၏ဝံပုလွေလက်ကို ဆုပ်ကိုင်ပြီး လက်ချောင်းများကို နောက်သို့လိမ်လိုက်သည်။
“ဟေး ဟေး မချိုးနေနဲ့တော့... Squashမကစားနိုင်ဘဲ နေတော့မယ်..."
အရှက်မရှိသော ဝံပုလွေက ခွင့်လွှတ်ရန်တောင်းပန်လျက် လက်ကိုပြန်ဆွဲကာ ညဉ်းညူလေသည်။
“ဒီအကွက်ကို ဘယ်မှာသင်ခဲ့တာလဲ...”
ကျိအန်းနဉ်က ပြောင်းဖူးဖျော်ရည်ကို သောက်ပြီးပြောလိုက်သည်။
“NL မှာတုန်းက လုံခြုံရေးဌာနရဲ့ အစ်ကိုကြီးဆီကနေ သင်ခဲ့ရတာလေ...."
ဝမ်ယွီ : "ဒီဖျော်ရည်ကိုကြိုက်လား..."
ပြောင်းဖူးဖျော်ရည်က မွှေးကြိုင်ပူနွေးနေပြီ ဤရာသီအတွက် အထူးသင့်လျော်သည်။ ကျိအန်းနဉ် ချက်ချင်းဆိုသလို သဘောကျမိသွားသည်။
သူ့ဗိုက်ထဲမှာ နွေးနွေးထွေးထွေး ဖြစ်နေကာ ကျေနပ်နေသလို ခံစားလိုက်ရပြီးနောက် ဤမနက်ခင်းတွင် စိတ်မရှည်ဖြစ်လွန်းနေသည်ကို သဘောပေါက်လိုက်သည်။ သူမအတွေးများကို မျိုသိပ်ပြီးပြောင်းဖူးဖျော်ရည်ကို ဖြည်းညှင်းစွာ ငုံ့သောက်လိုက်သည်။
နှစ်ယောက်သား တစ်ယောက်က စိတ်ရှည်သည်းခံနေရပြီး အခြားတစ်ယောက်ကမူ ဝမ်းသာအားရ ကြည်နူးနေသည်။ စားပွဲတစ်ခုတည်းမှာထိုင်သော်လည်း သူတို့နှစ်ယောက်၏အတွေးများက မတူညီကြပေ။
ဝမ်ယွီက မနက်ကိုးနာရီခွဲတွင် လီဟေးနှင့်တွေ့ဆုံရန် စီစဉ်ခဲ့သည်။
Squashကစားမည့်နေရာက ကလပ်တစ်မျိုးဖြစ်သည်။ သူတို့ကားက အထဲဝင်သွားသောအခါ ကျိအန်းနဉ်က ထင်ရှားသော အရိပ်အယောင်ကိုမျှ မတွေ့ခဲ့ရပေ။သို့သော်လည်း ဝင်းအတွင်းပိုင်းက သပ်ရပ်လှပပြီး ကားပါကင်အတွက် နေရာများစွာရှိသည်။ ထိုနေရာတွင် ရပ်ထားသောကားများက ထူးခြားသောပုံစံများရှိနေသောကြောင့် ဝမ်ယွီ၏ အရွယ်အစားကြီးမားသော ဂျစ်ကားသည်ပင် ထင်ထင်ရှားရှားမရှိလှပေ။
လီဟေးက ဦးစွာရောက်လာပြီး ဧည့်ခန်းထဲတွင် ကြိုစောင့်နေသည်။
ဝမ်ယွီက ကျိအန်းနဉ်ကို ခေါ်လာကာ တစ်ယောက်နှင့်တစ်ယောက် မိတ်ဆက်ပေးလာသည်။
ကျိအန်းနဉ်ကို မိတ်ဆက်ပေးသောအခါ သူက လက်မြှောက်ကာ သူမပခုံးများကို ဖက်လျက် ပြောလာသည်။
“ဒါက ကျိအန်းနဥ်ပါ...”
သူ၏ရည်ရွယ်ချက်က ရှင်းလင်းနေသည်။ လီဟေးပင် သူ့မျက်လုံးထဲမှ ပိုင်ဆိုင်လိုစိတ်များကို လျစ်လျူမရှုထားနိုင်တော့ပေ။
"လီဟေးပါ..."
လီဟေးက ပြုံးပြီး သူ့လက်ကို ကျိအန်းနဉ်ရှေ့တွင် ဖြန့်လိုက်သည်။
ကျိအန်းနဉ်က သူ့ကိုလက်ဆွဲနှုတ်ဆက်ရင်း ပြောလာသည်။
"တွေ့ရတာ ဝမ်းသာပါတယ်..."
လီဟေးက ကျိအန်းနဉ်၏လက်ကို ရည်ရွယ်ချက်ရှိရှိဖြင့် ဆုပ်ကိုင်ထားပြီး လက်မလွှတ်ဘဲနေလိုက်သည်။
"ချင်းဟွာတက္ကသိုလ်က မလား...မင်းက ရှောင်ယွီနဲ့ အတန်းတူတူပဲလား.... ကိုယ်က ရှောင်ယွီကြီးပြင်းလာတာကို စောင့်ကြည့်ခဲ့တာလေ..."
ဝမ်ယွီက စိတ်မရှည်စွာနှင့် သူ့လက်ကို ပြန်ဆွဲပြီး ကျိအန်းနဉ်ကို ပြောလိုက်သည်။
“လူလတ်ပိုင်းတွေက အမြဲတမ်း စကားအရမ်းများတတ်ကြတယ်... သူ့ကို စိတ်ထဲမထားနဲ့..."
လီဟေးက အပြုံးကိုထိန်းထားရင်း ပြန်ပြောသည်။
“ဟေး ငါက နှစ်ဆယ့်ခုနစ်နှစ်ပဲရှိသေးတယ်ကွ..."
သူတို့သုံးယောက် တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးလာပြီး စကားစမြည်ပြော၍ ရယ်မောနေသောကြောင့် ကျိအန်းနဥ်ကို စိတ်အေးလက်အေး ဖြစ်စေခဲ့သည်။
“အခုထိ ဘယ်သူမှ မရောက်သေးဘူးလား..."
ကျိအန်းနဉ် မနက်ပိုင်းတည်းက စိတ်လှုပ်ရှားနေသည်ကို ဝမ်ယွီ သတိထားမိခဲ့ပြီး လီဟေးက သူ့ကို တမင်တကာ စနေသောကြောင့် သူနှင့်အတူ လိုက်ကစားပေးခဲ့သည်။မျှော်လင့်ထားသည့်အတိုင်း သူမက ယခုအချိန်တွင် ပို၍သက်တောင့်သက်သာရှိလာပုံပေါ်သည်။
သူ့လက်ပတ်နာရီကို ကြည့်လိုက်သည်။
“စောနေပါသေးတယ်..."
သူတို့သုံးယောက်ဧည့်ခန်းထဲတွင် ခဏခန့် စကားစမြည်ပြောကြပြီး သိပ်မကြာခင်မှာပင် သူတို့၏ အခြားသူငယ်ချင်း ယန်ပေါ်ရောက်လာသည်။ သူက နောက်ဆုံးရောက်လာသူဖြစ်နေသည်။
ယန်ပေါ် မရောက်မီတွင် ကျိအန်းနဥ်က စကားပြောနေစဉ် ငြိမ်သွားသည်။ သူမက သူတို့နှင့်မရင်းနှီးသလို သူတို့၏ စကားဝိုင်းတွင် ဝင်မပါနိုင်သောကြောင့် သူ့အနားတွင် တိတ်တဆိတ်သာနေခဲ့သည်။
သို့သော် သူမအကြည့်များက မသိမသာနှင့် ဝင်ပေါက်တံခါးကိုသာ ကြည့်နေခဲ့သည်။ သူတို့ကားပါကင်ထိုးပြီးသည်နှင့် ဧည့်သည်ခန်းထဲကို ဖြတ်လာရမည်ကို သူမ သိနေခဲ့သည်။
ဝမ်ယွီ လီဟေး၏စကားကို နားထောင်နေစဉ် ကျိအန်းနဉ်၏ ခန္ဓာကိုယ်က တောင့်တင်းလာသည်ကို ရုတ်တရက် သတိပြုမိလိုက်သည်။ သူက ခေါင်းလှည့်ပြီး သူမကိုငေးကြည့်စဥ် ယန်ပေါ်က သူတို့ထံ လမ်းလျှောက်လာနေသည်ကို မြင်လိုက်ရသည်။
သူ ကျိအန်းနဥ်ကို ငုံ့ကြည့်လိုက်ပြီးနောက် ယုံကြည်မှုအပြည့်နှင့် သူတို့နားကို ရောက်လာသည့်ယန်ပေါ်ကို သူမစိုက်ကြည့်နေခြင်းအား သတိထားမိလိုက်သည်။
ဝမ်ယွီ၏အကြည့်က တဖြည်းဖြည်းမာကျောလာသည်။
ယန်ပေါ်က ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာကာ ပြုံးနေသည်။
"အားလုံး အစောကြီးရောက်နေတာလား..."
သူက လီဟေးနှင့်ရင်းနှီးပြီး ဝမ်ယွီနှင့်သိကျွမ်းသော်လည်း ဝမ်ယွီ၏အခြားသူငယ်ချင်းများနှင့် ကျိအန်းနဥ်ကို မသိထား၍ သူတို့ကို နောက်တစ်ကြိမ် မိတ်ဆက်ပေးလိုက်ရသည်။
လီဟေးက အသက်ပိုကြီးသော်လည်း နောက်နောက်ပြောင်ပြောင် နေတတ်သူဖြစ်သည်။ ကျိအန်းနဉ်ကို မိတ်ဆက်ပေးနေစဉ်တွင် ယန်ပေါ်ဘက်လှည့်ပြီး တည့်တိုးပြောလိုက်သည်။
" ဒါက ကျိအန်းနဉ်တဲ့ ဝမ်ယွီရဲ့ကောင်မလေးလေ..."
အတည်တစ်ဝက် အနောက်တစ်ဝက်နှင့် စနောက်လိုက်ခြင်းဖြစ်သည်။ ဤသို့သောအချိန်တွင် ငြင်းဆိုခြင်းက လူတိုင်းကို မျက်နှာပျက်စေမည်ဖြစ်သောကြောင့် ကျိအန်းနဉ်က တိတ်တဆိတ်သာ အသိအမှတ်ပြုခဲ့သည်။ ဝမ်ယွီက လီဟေးကို တစ်ချက်ကြည့်ကာ 'ကောင်းကောင်းလုပ်ခဲ့တယ် ' ဟု ပြောလိုက်သည်။
တစ်ဖက်တွင်မူ ယန်ပေါ်က ကျိအန်းနဥ်ကို ပို၍စူးစိုက်ကြည့်လာသည်။
ဤနေရာတွင် ရှိနေသူတိုင်းက ကျားမအပေါ်မူတည်ပြီး သူတို့အင်္ကျီပုံစံကို ခွဲခြားထားသည်။
ကျိအန်းနဥ်ထသွားသည်နှင့် လီဟေးက ရယ်မောပြီး ဝမ်ယွီကို ပြောလာသည်။
"ချင်းဟွာနယ်မြေကို မင်း ဒီလောက် တင်းတင်းကြပ်ကြပ်စောင့်ရှောက်နေတာ အံ့သြစရာ မရှိတော့ဘူးပဲ.... မင်းက မိန်းမတွေနဲ့ပတ်သက်ရင် အတော်ကံကောင်းတာပဲ..."
အသက်ကြီးလာသည်နှင့်အမျှ လီဟေးက ကျိအန်းနဉ် ကို သတိရှိရှိ အကဲဖြတ်ပြီးဖြစ်သည်။
သူမက ဝမ်ယွီကို သူမအလှနှင့်ပတ်သက်ပြီး သူ့၏ပိုင်ဆိုင်မှုအဖြစ် မျက်နှာပြောင်ပြောင်နှင့် ကြေငြာစေသည်အထိ သူမက ပြုလုပ်နိုင်ပေသည်။
အထက်တန်းကျောင်းမှ တက္ကသိုလ်သို့ ကူးပြောင်းသွားသော လူငယ်တစ်ဦးအနေဖြင့် သူမက သဘာဝအတိုင်း ဆိတ်ငြိမ်ခြင်း သို့မဟုတ် အေးဆေးတည်ငြိမ်သော အကျင့်စရိုက် ရှိမရှိ ရှင်းရှင်းလင်းလင်း မသိရပေ။ မည်သို့ပင်ဆိုစေကာမူ သူမက ကျယ်လောင်ပြီး စိတ်အားထက်သန်မှုကို ပြနေသောမိန်းကလေးများထက် လီဟေးကို ပို၍ဆွဲဆောင်နိုင်သည်။
တစ်ခုတည်းသောမေးခွန်းမှာ -
ဝမ်ယွီရဲ့ စိတ်အားထက်သန်မှုက ဘယ်လောက်ကြာကြာခံမှာလဲ...
သူတို့အားကစားဝတ်စုံကို ပြောင်းလဲဝတ်ဆင်ကာ ကစားကွင်းကို ပြန်ရောက်လာပြီး ကျိအန်းနဥ်ကို ပြန်တွေ့ချိန်တွင် သူမက အားကစားဝတ်စုံအတိုကို ၀တ်ထားခဲ့သည်။
သူက နှင်းသဖွယ် ဖြူဖွေးကာ မိုးမခပင်လိုမျိုး သွယ်လျနေသည်။ ယောက်ျားလေးများက သူမကို ငေးမကြည့်ဘဲမနေနိုင်ပေ။ ကျိအန်းနဥ်နဲ့ ပတ်သက်ပြီး သူတို့စိတ်ထဲဘာကိုမှ တွေးထားခြင်းမရှိဘဲ ပင်ကိုဗီဇအရ ကြည့်နေမိခြင်းသာဖြစ်သည်။
ဝမ်ယွီ လမ်းလျှောက်လာကာ အနောက်မှနေ၍ကျိအန်းနဥ်ကို ပွေ့ဖက်၍ ကျိီစယ်လိုဟန်ဖြင့် မဲ့ပြုံးလိုက်သည်။
"သူ အရင်က မကစားဖူးဘူးဆိုတော့ငါအရင်သင်ပေးလိုက်မယ်..."
ပြောပြီးသည်နှင့် ကျိအန်းနဉ်ကို အခြားကစားကွင်းတစ်ခုဆီသို့ ခေါ်သွားခဲ့သည်။
ကျိအန်းနဥ်၏စိတ်ထဲတွင် အမှန်တကယ် ကစားလိုခြင်းသော်လည်း ၎င်းကို ဆင်ခြင်အနေဖြင့် တစ်လျှောက်လုံး အသုံးပြုခဲ့ရသည်။ သူမ မငြင်းဆန်နိုင်သောကြောင့် ဝမ်ယွီက ဘေးချင်းကပ်လျက် ကစားကွင်းထဲသို့ ဆွဲခေါ်သွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ကစားကွင်းနှစ်ခုက နီးကပ်နေခဲ့သည်။
"ဟေး... အာရုံစိုက်လေကွာ..."
ဝမ်ယွီက မပျော်မရွှင်ဖြင့်ပြောသည်။
"ဘာလို့ မနက်အစောကြီးတည််းက စိတ်ရှုပ်နေတာလဲ... မင်း အရမ်းအများကြီး စားမိလိုက်လို့လား... အဲဒီလိုတော့ မဖြစ်နိုင်လောက်ပါဘူး..."
ဝမ်ယွီက များသောအားဖြင့် ပေါ့ပေါးပါးပါးဖြင့် အပူအပင်ကင်းစွာ နေလေ့ရှိသော်လည်း ကျိအန်းနဥ်က သူတို့၏ ကိုယ်ခံပညာအဖွဲ့အတွင်း အချို့ကဏ္ဍများတွင် သူ၏ လေးနက်မှုကို ကြုံတွေ့ခဲ့ရဖူးသည်။ သူမ အာရုံကို အလျင်အမြန်စုစည်းလိုက်သည်။
“တောင်းပန်ပါတယ်..."
သူက သူမကို စကွပ်ကစားနည်းကို သင်ပေးနေသည်ထက် သူ့ရင်ခွင်ထဲတွင် သူမအား နူးညံ့နွေးထွေးစွာ ဆုပ်ကိုင်ထားလိုသည်မှာ သူ၏ရည်ရွက်ချက်အမှန်ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ လူသုံးယောက်က အလှည့်ကျ ကစားကြပြီး အရံလူတစ်ယောက်က စင်္ကြန်ဘက်တွင် အနားယူနေသည်။
အခြားတစ်ဖက်တွင် ဝမ်ယွီကကောင်မလေးကို သူ့ရင်ခွင်ထဲတွင် ဖက်ထားရန် ကစားနည်းအားသင်ပေးသည့် အကြောင်းပြချက်ကို ပွင့်ပွင့်လင်းလင်း အသုံးချသည်ကိုမြင်သည့်အခါ အနားယူနေသည့်လူက မပြုံးဘဲမနေနိုင်တော့ပေ။
ကျိအန်းနဥ်က တုံ့ပြန်မှုရှိပြီး ကောင်းမွန်သော ညှိနှိုင်းဆောင်ရွက်မှုရှိသောကြောင့် အချိန်တိုအတွင်း သင်ကြားတတ်မြောက်သွားသည်။
"ကျွန်မတို့ အခု ဆော့ကြည့်လို့ရပြီလား..."
သူမ မေးလိုက်သည်။
ဝမ်ယွီက စိတ်ပျက်လက်ပျက်ဖြင့် သူမကို လွှတ်လိုက်သည်။ ကစားနေသည့်အဖွဲ့က အလွန်အရှိန်မြန်လာပြီး အကျိုးသက် ရောက်မှုအားကောင်းသည်။ ကျိအန်းနဉ် ဝင်လာသည်နှင့် သူမ အာရုံစိုက်ခံလိုက်ရသည်။
အချိန်အတော်ကြာအောင် အဖွဲ့နှင့် ပြင်းပြင်းထန်ထန်ကစားပြီးနောက် ဝမ်ယွီ ချွေးများထွက်လာသည်။
သူတို့နှစ်ယောက်စလုံး အသက်မနည်းရှုနေရကာ ကျိအန်းနဥ်အမှတ်ဆုံးရှုံးသွားခါနီး လှည့်ကြည့်လိုက်စဥ် အနားယူသူ၏နေရာကို ယန်ပေါ်က နေရာယူထားသည်ကို သတိပြုမိသည်။ သူမက ကြက်တောင်ရိုက်တံကို နှိမ့်ချလိုက်ပြီး ပြောလာသည်။
“ ကျွန်မ ပင်ပန်းနေပြီ...ခဏလောက် အနားယူဦးမယ်...."
သူတို့နှစ်ယောက် မှန်တံခါးကို တွန်းဖွင့်ပြီး လီဟေးနှင့် အခြားသူငယ်ချင်းကစားနေသည်ကို ယန်ပေါ်နှင့်အတူ ကြည့်နေရန် ပြင်လိုက်သည်။
ကျိအန်းနဥ်က ရုတ်တရက် လွန်ကဲစွာပြုမှုထားမိကြောင်း သဘောပေါက်သွားသည်။ သူမက ဝမ်ယွီ၏ရည်းစားအဖြစ်နှင့် ယန်ပေါ်ကိုချဉ်းကပ်ခြင်းက အဆင်မပြေချေ။ ၎င်းက ဝမ်ယွီ သူ့အနားမှာတွင်ရှိချိန်၌ ရိုးစင်းစွာ အလုပ်မဖြစ်တော့ပေ။
သူမက သူတို့နှစ်ယောက် စကားပြောသည်ကို ငြိမ်ငြိမ်လေးသာ နားထောင်နေလိုက်သည်။
ယန်ပေါ်က ရုပ်ရည်ချောမောပြီး ရင့်ကျက်သောအမူအယာရှိကာ ခန့်ညားသည့်ရုပ်ရည်နှင့် ငွေကြေးချမ်းသာသည့်လူငယ်တစ်ယောက်ဖြစ်သည်။ ကျိအန်းနဥ်၏ အကြည့်များက ဝမ်ယွီကို မပျော်မရွှင်ဖြစ်စေခဲ့သည်။
ဝမ်ယွီက သတ္တုရေတစ်ပုလင်းကို ကောက်ယူကာ တစ်ငုံသောက်လိုက်ပြီး ပုလင်းကို မလွှတ်ဘဲ စားပွဲပေါ်တင်ထားသည့် ကျိအန်းနဥ်၏လက်ကို တိုက်ရိုက်ကိုင်လိုက်သည်။ သူ၏လုပ်ရပ်က အတော်လေးကို သိသာထင်ရှားပြီး ယန်ပေါ်၏အကြည့်များက သူတို့လက်ကြားကို ရောက်လာသွားပြီး အနည်းငယ် ပြုံးလိုက်သည်။
ဝမ်ယွီ၏ မနာလိုစိတ်က ပြင်းထန်လွန်းသောကြောင့် ကျိအန်းနဉ် အကူအညီမဲ့သလို ခံစားခဲ့ရသည်။ ယနေ့ ခရီးက အလကားဟု သူမကိုယ်သူမ သတိပေးလိုက်ရသည်။
သို့သော် ကိစ္စများက မမျှော်လင့်ထားသလို ပြောင်းလဲကုန်သည်။
သူတို့ငါးယောက် ကစားနေစဉ်တွင် ကွင်းနှစ်ခုကြားတွင် လှည့်ပတ်နေကြသော်လည်း ဝမ်ယွီက ကျိအန်းနဥ်နှင့်အတူ အမြဲလိုက်ပါသွားခဲ့သည်။ လီဟေးက သူမနှင့် ကစားချင်သည့်အခါ ဝမ်ယွီက တိုက်ရိုက်ငြင်းဆိုခဲ့၍ ယောက်ျားလေးများကို ရယ်မောသွားစေခဲ့ကာ ကျိအန်းနဉ်၏ နားရွက်များလည်း အနည်းငယ်နီလာခဲ့သည်။
ပြင်းပြင်းထန်ထန်ကစားပြီးနောက်တွင် သူတို့အားလုံး ရေချိုးကြသည်။ ကျိအန်းနဥ်က အခြားသူများကို စောင့်ခိုင်းရမည်ကို ကြောက်သောကြောင့် အမြန်ရေချိုးပြီး သူမဆံပင်ခြောက်သည်နှင့် ထွက်လာခဲ့သည်။
ရလဒ်အနေနှင့် ယန်ပေါ် တစ်ယောက်တည်းသာ ဧည့်ခန်းထဲတွင် ရှိနေလေသည်။ သူက နေရာတွင်ထိုင်နေလျက် ကျိအန်းနဥ်ထွက်လာသည်ကို ကြည့်ပြီး ပြုံးပြုံးရွှင်ရွှင်နှင့် လက်ဝှေ့ယမ်းပြလာသည်။
ကျိအန်းနဉ်က လမ်းလျှောက်လာပြီး မေးသည်။
"ကျန်တဲ့သူတွေ ဘယ်မှာလဲ..."
ယန်ပေါ်က ပြန်ဖြေလာသည်။
"သူတို့က ရေနွေးငွေ့ခန်းထဲ ရှိနေတုန်းပဲ..."
ယောကျာ်းလေးတိုင်း ရေမြန်မြန်ချိုးခြင်း မဟုတ်ကြောင်းသူမ သိလာရသည်။
နောက်ဆုံးတွင် သူတို့ နှစ်ယောက်တည်းနေခွင့်ရခဲ့သည့်အခါ ကျိအန်းနဥ်က အစမ်းသဘောဖြင့် မေးလာသည်။
" ရှင် ဝမ်ယွီကို သိနေတာကြာပြီလား..."
"တော်တော်ကြာနေပြီ လူကြီးတွေကတော့ တစ်ယောက်နဲ့တစ်ယောက် သိတာကြာပြီ...”
ကျိအန်းနဉ်က သူ့မိသားစုအကြောင်းကို မေးသော်လည်း ယန်ပေါ်က လူမှုဆက်ဆံရေး ညံ့ဖျင်းလွန်းကာ မရေမရာနှင့် ရှောင်လွှဲလိုသည့် အဖြေကိုသာ ပေးခဲ့သည်။
ကျိအန်းနဥ်က သူမတွင် သူလျှိုဖြစ်ခြင်း သို့မဟုတ် အချက်အလက်စုဆောင်းခြင်းအတွက် အမှန်ပင် အရည်အချင်းမရှိသည်ကို နားလည်ခဲ့ပြီး အနည်းငယ် အကူအညီမဲ့သွားသည်ဟု ခံစားရသည်။
ဆန့်ကျင်ဘက်အနေနှင့် ယန်ပေါ်က သူမ၏ကျောင်း၊ မေဂျာနှင့် အတန်းများကဲ့သို့သော ကိုယ်ရေးကိုယ်တာနှင့်ပတ်သက်သည့် မေးခွန်းအချို့ကို မေးခဲ့သည်။ ကျိအန်းနဥ် အနည်းငယ် စိတ်ပျက်အားငယ်သွားကာ ယန်ပေါ်မေးသမျှကို ယဉ်ယဉ်ကျေးကျေးနှင့် ဂရုတစိုက်ပြန်ဖြေ၍ သူမ၏ စုံစမ်းလိုသည့် ရည်ရွယ်ချက်များကို စွန့်လွှတ်ခဲ့ရသည်။
လေ့ကျင့်ခန်းလုပ်ပြီး ရေနွေးလေးနှင့် ရေချိုးပြီးသည့်နောက်သူမ၏ ပါးပြင်များက နီမြန်းလာပြီး အသားအရေက ကြည်လင်တောက်ကာ ဆွဲဆောင်မှုရှိသည့်မည်းနက်နက်မျက်လုံးတစ်စုံက တောက်ပနေသည်။ ယန်ပေါ်၏အကြည့်များက သူမမျက်နှာကို တစ်ခဏမျှ ငေးကြည့်နေပြီးနောက် ယောက်ျားလေးအဝတ်လဲခန်းဆီသို့ လှမ်းကြည့်ကာ သူ့အလုပ်ကတ်ပြားကိုထုတ်၍ အပြုံးဖြင့် သူမအား ပေးလိုက်သည်။
ကျိအန်းနဥ် အံ့အားသင့်သွားပြီး သူ့ကို မော့ကြည့်လိုက်သည်။
“ကိုယ့်ရဲ့ လုပ်ငန်းကတ်ပြားပါ...”
ဆွဲဆောင်မှုရှိပြီး ခန့်ညားသည့်ကောင်လေးက အလွန်ကြည့်ကောင်းစွာပြုံးလိုက်၍ သူ့မျက်လုံးထဲတွင် ဆွဲဆောင်မှုများဖြင့် ပြည့်လာသည်။
“ကိုယ့်ဖုန်းနံပါတ်က အဲဒီပေါ်မှာ ရှိတယ်...”
အခြားသူ၏ရည်းစားအတွက် သူ၏ကိုယ်ပိုင်အလုပ်ကတ်ပြားကို ထားခဲ့လိုက်သည်။
ကျိအန်းနဉ်က ဤသို့အလှည့်အပြောင်းဖြစ်လာမည်ဟု မမျှော်လင့်ထားပေ။ သို့သော် သူမအတွက် ၎င်းက လက်လွတ်မခံချင်သည့် အခွင့်အရေးတစ်ခုသာဖြစ်သည်။
သူမက ကတ်ပြားကိုဆွဲယူလိုက်ကာ ခေါင်းညိတ်ပြလျက် ပြောလာသည်။
"ကျွန်မရှင့်ကို WeChat မှာ နောက်မှထည့်လိုက်မယ်နော်...”
သူမ ပြောပြီးသည်နှင့် ဝမ်ယွီနှင့်အခြားသူများ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။
တကယ်ကို နည်းနည်းလေးပဲ လိုတော့တာပဲ...
###