🤚Chapter 46
နေ့လည်စာကို ဤကလပ်မှာပင် သူတို့စားလိုက်ကြသည်။
စားသောက်နေစဉ်အတွင်း ယန်ပေါ်နှင့် ဝမ်ယွီတို့က နှစ်အတော်ကြာအတူရှိခဲ့သည့်သဖွယ် ပြေပြေလည်လည် ရယ်မောနေကြလေသည်။ သိပ်မကြာမီကပင် ယန်ပေါ်က ဝမ်ယွီ နောက်သို့လိုက်ရန် ကြိုးစားနေခြင်းမဟုတ်ဟု ပြောရခက်သည်။ ရံဖန်ရံခါသာ သူတို့စကားဝိုင်းမှ သူကလုပ်ငန်းနှင့် ပတ်သက်သည့်မှာကြားချက်များကိုပေးကာ ကျိအန်းနဉ်ကို တစ်ချက်အမြန်ကြည့်လာသည်။
သူက ဝမ်ယွီနှင့် အဆင်ပြေနေပုံရသော်လည်း သူမကို ကြည့်နေသော သူ့အကြည့်တွင် ပြုံးနေသည့်အရိပ်အမြွက် အမြဲရှိနေသည်ဟု ခံစားမိသည်။
သူ့အပေါ်ထားရှိသော သူမ၏သတိက ပိုပြင်းထန်လာသည်။
သူတို့ စားသောက်ပြီးသည်နှင့် တစ်လမ်းစီခွဲသွားကြသည်။
ဝမ်ယွီက ကျိအန်းနဥ်ကို အိမ်ပြန်မပို့ချင်၍ မေးလိုက်သည်။
“ရုပ်ရှင်ကြည့်ရင်ရော ဘယ်လိုလဲ....”
ကျိအန်းနဉ် : “ညနေဘက်ကျရင် ကော်ဖီဆိုင်သွားရဦးမယ်... ကျွန်မကို အိမ်မှာပဲ ချထားပေးပါ.... ကျွန်မအဖွားလည်း ရှိနေတုန်းပဲ....”
ဝမ်ယွီက ကော်ဖီဆိုင် သို့မဟုတ် မည်သည်ကိုမျှ ဂရုမစိုက်သောကြောင့် အဖွားအကြောင်း ပြောပြသည့်အခါမှသာ သူမအိမ်သို့ မောင်းသွားရန် သဘောတူခဲ့သည်။လမ်းတွင် သူမက မေးလာသည်။
"ရှင် ယန်ပေါ်နဲ့ရင်းနှီးတာလား..."
"ကိုယ်တို့က အသိအကျွမ်းတွေလောက်ပါပဲ... ရင်းနှီးတာမျိုးလည်းမဟုတ်သေးဘူး.... တစ်ယောက်နဲ့တစ်ယောက် တွေ့ရင် ပြုံးပြနှုတ်ဆက်ရုံပဲ..."
ဝမ်ယွီက ဂရုတစိုက်ဖြင့် မေးလာသည်။
"ဘာလို့ သူ့အကြောင်းမေးတာလဲ..."
အမှန်တွင်မူ ဝမ်ယွီ ယန်ပေါ်နှင့် မရင်းနှီးပေ။ ယန်ပေါ်က ချန်းလျန်၊ ယန်ယွမ်တို့နှင့် နီးကပ်နေသောကြောင့် အနှောင့်အယှက်ဖြစ်ရုံတင်သာမက သူတို့ဆက်ဆံရေးက ရှိုးသက်သက်သာဖြစ်သည်။ လီဟေးနှင့် အခြားသူများကို ရင်းနှီးသကဲ့သို့ ယန်ပေါ်အား မရင်းနှီးလှပေ။
သူပြောခဲ့သည့်အတိုင်းပင် သူတို့တွေ့တိုင်း တစ်ယောက်နှင့်တစ်ယောက် အပြုံးဖြင့်နှုတ်ဆက်ကြသည်။ ၎င်းက သူတို့၏အလုပ်လည်ပတ်နေသော ကမ္ဘာသာဖြစ်သည်။
"ကျွန်မက သူ့ကို အရင်ကမြင်ဖူးခဲ့သလိုပဲ ခံစားရတယ်..."
ကျိအန်းနဉ်က ပေါ့ပေါ့ပါးပါးမေးလာသည်။
"သူ့မိသားစုက ဘယ်လိုမျိုးလဲ...."
ဝမ်ယွီက သူမပြောသမျှကို အာရုံမထားကြောင်းကို တဖြေးဖြေးသိလိုက်ရသည်။
"မင်းဘာလို့ သူ့မိသားစု ဘာလုပ်လဲဆိုတာ သိချင်ရတာလဲ... ကိုယ့်အပေါ်တော့ စိတ်ဝင်စားမှုမပြဘူး....ကိုယ် မင်းကို မေးပါရစေ....ကိုယ့်မိသားစုဘာလုပ်လဲလို့ ကိုယ့်ကိုဘာလို့မမေးရတာလဲ..."
ကျိအန်းနဉ် ပြောစရာစကား ပျောက်ရှသွားသည်။
သူမ ပြန်မဖြေနိုင်ခဲ့ပေ။ အမြင်အရပြောရလျှင် သူမက ဝမ်ယွီကို အမှန်တကယ် ဂရုမစိုက်သလိုဖြစ်နေပုံရသည်။
ဝမ်ယွီ၏ အတွေးများကို ပုံဖော်ရန် ကြိုးစားခြင်းက အမှန်တကယ်ပင် ခက်ခဲခဲ့၍ ကျိအန်းနဥ်က စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကို ခံစားခဲ့ရသည်။
သို့သော် ထိုအကြောင်းကိုတွေးမိပြီး သူမ မေးလာသည်။
“ရှင်တို့အချင်းချင်းကြားမှာ စီးပွားရေးအရ ပြိုင်ဆိုင်တာရော ရှိလား...”
“အခုတော့ မဖြစ်သေးဘူး....လောလောဆယ်တော့ ကိုယ်တို့က အခြားနယ်ပယ်မှာ ရှိနေတယ်လေ...”
ဝမ်ယွီက မေးလာသည်။
“ဘာလို့ ဒီအကြောင်းမေးတာလဲ..."
ကျိအန်းနဉ်က ပြောလာသည်။
"ရှင့်အတွက် စိတ်ပူလို့ပါ..."
" ကျစ်"
ဝမ်ယွီက မကျေမနပ် ဖြစ်နေသည်။
"အခုမှ မင်းက ကိုယ့်ကို စိတ်ပူပြဖို့ ချက်ချင်း သတိရနေတာလား...မင်းကိုယ်မင်း အပြစ်ရှိတယ်လို့ မခံစားရဘူးလား... မင်းဘယ်လိုလုပ်ပြီး ဒီလိုမျိုး တစ်ယောက်ယောက်ရဲ့ ချစ်သူကောင်မလေးဖြစ်လာတာလဲ....မင်းက တကယ်ကို အရည်အချင်းမပြည့်မှီဘူးနော်..."
ကျိအန်းနဉ်က ဒေါသတကြီး ရယ်သည်။
"ဝမ်ယွီ စကားကို မလွှဲချနဲ့ လီဟေးက ကြုံသလိုမိတ်ဆက်ပေးခဲ့တောင် ရှင် အရှက်ကွဲမှာစိုးလို့ ကျွန်မ မငြင်းခဲ့ဘူးနော်...."
“အဆင်ပြေသားပဲ... မင်းရဲ့ကောင်လေး မျက်နှာမပျက်ဖို့တော့ ဂရုစိုက်တယ်ပေါ့... မင်းက အရည်အချင်းပြည့်မီတယ်လို့ ကိုယ်ထင်တယ်..."
ဝမ်ယွီက အရှက်မဲ့စွာပြောလာသည်။
ကျိအန်းနဥ် ခေါင်းကိုလှည့်ကာ လျစ်လျူရှုလိုက်သည်။
ယန်ပေါ် နှင့်ဝမ်ယွီတို့၏ ဆက်ဆံရေးအကြောင်း သူမ တွေးနေခဲ့သည်။ ကျိအန်းနဉ်က သူတို့ကြားတွင် စီးပွားရေးအရပြိုင်ဆိုင်မှုမရှိဟု ဆိုသည်ကို နားမလည်နိုင်ပေ။ သို့ရာတွင် ယနေ့ နေ့လယ်စာစားချိန် စကားစမြည်ပြောစဥ်က သူမနားမလည်သည့် အကြောင်းအရာ များစွာရှိခဲ့သေးသည်။
သူမ၏ အတိတ်ဘဝကလည်း ကျောင်းသူလေးတစ်ယောက်သာဖြစ်ခဲ့၍ စီးပွားရေးနှင့် စီးပွားရေးအပေါ်နားလည်မှုက ပြဋ္ဌာန်းစာအုပ်များပေါ်ရှိ မရေမတွက်နိုင်သော မက်ခရိုအဆင့် သီအိုရီအချို့တွင်သာ ကန့်သတ်ထားသည်။ ဝမ်ယွီနှင့်လီဟေးတို့က သူမ နားမလည်နိုင်သော လက်တွေ့ကျသည့် ကိစ္စရပ်များကို ဆွေးနွေးနေကြသည်။
ကျိအန်းနဉ်က ယန်ပေါ် ၏ လုပ်ငန်းကတ်ကို ဝှက်ထားသည့် သူမကျောပိုးအိတ်၏ အပြင်ဘက်အိတ်ကပ်ကို ထိလိုက်သည်။
ငါ ယန်ပေါ် နဲ့ အဆက်အသွယ်လုပ်နိုင်ပ့ါမလား...
သူမ ယနေ့တွင် လီဟေးနှင့်အခြားသူများ၏ စကားပြောဆိုမှုများကို မြင်တွေ့ခဲ့ရသည်။ သူတို့အားလုံးက အသက်ကြီးပြီး ရင့်ကျက်ကြသည်။ ဝမ်ယွီသည်လည်း ကျောင်းပတ်ဝန်းကျင်နှင့် လုံးဝခြားနားသော ရင့်ကျက်သောဘက်ခြမ်းကို ပြသခဲ့သည်။
နှိုင်းယှဥ်ကြည့်လျှင် သူမကိုယ်သူမ မရင့်ကျက်သည့်အပြင် အတွေ့အကြုံမရှိဟု ခံစားရသည်။
ငါ သူနဲ့ ယှဉ်နိုင်ပါ့မလား...
သူမ၏ အတိတ်ဘဝတွင် ထိုလူက ဝမ်ယွီကို ထောင်ထဲပို့ခဲ့သည်။
ကျိအန်းနဥ်၏ နှလုံးသားထဲတွင် မငြိမ်မသက် ခံစားလာရပြီး သူမလက်ချောင်းကို မကိုက်ဘဲမနေနိုင်ပေ။
ကားက လမ်းဆုံရှိ မီးနီတွင် ရပ်သွားသည်။
"မင်းဘာဖြစ်နေတာလဲ... မင်းက အရွယ်ရောက်ပြီးသားနော်...”
ဝမ်ယွီက သူမကို လှမ်းကြည့်ရင်း လက်ညှိုးကို ကိုက်နေသည်ကို တွေ့လိုက်ရသည့်အခါ သူမလက်ကို ဖယ်လိုက်သည်။ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားလိုက်ရ၍ သူ မေးလာသည်။
“ဘာဖြစ်လို့လဲ စိတ်ဆိုးနေလား..."
သူကသူမကို နောက်ပြောင်နေသော်လည်း ကျိအန်းနဉ်က အတွေးထဲ နစ်မွန်းနေဆဲဖြစ်ပြီး ဝတ်ကျေတမ်းကျေ တုံ့ပြန်မှုတစ်ခုကိုသာ ပေးခဲ့သည်။
လမ်းတစ်လျှောက်လုံး သူမ တွေးတောနေခဲ့မိသည်။ သူမ မည်သို့တွေးသည်ဖြစ်စေ သူမကဲ့သို့ မိန်းကလေးတစ်ယောက်အနေဖြင့် တွက်ချက်နိုင်စွမ်းရှိပြီး အရည်အချင်းရှိသည့် ယန်ပေါ်ကဲ့သို့ အမျိုးသားကို ဆန့်ကျင်ရန်အခွင့်အရေးမရှိဟု ခံစားခဲ့ရသည်။
ဒီလိုမျိုး ရှေ့တိုးရခက် နောက်ဆုတ်ရခက် အခြေအနေကိုဘယ်လိုများ ချိုးဖျက်နိုင်မလဲ...
သူမ ဖြေရှင်းချက်မထုတ်နိုင်သေးမီတွင် ကားက ချင်းဟွာတက္ကသိုလ်၏ လူနေအဆောက်အအုံဆီသို့ ပြန်လှည့်နေပြီဖြစ်သည်။
ကျိအန်းနဥ် ကားပေါ်မှဆင်းပြီး နေရောင်ကြောင့် ခေတ္တ မျက်စိကျိန်းသွားခဲ့သည်။ ဆောင်းဦး၏ နေမင်းကြီးက အမှန်တကယ်ပင် တောက်ပလွန်းသည်။ သူမ မျက်လုံးများကိုကာရန် လက်မြှောက်ကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ဆောင်းဦးရာသီကောင်းကင်ကြီးက ကြည်လင်နေပြီး အလွန်ကျယ်ပြောလှသည်။
ကျိအန်းနဥ် အတိတ်ဘဝက မတော်တဆ ပြုတ်ကျပြီး သေဆုံးသွားသည့် ညကို သတိရမိသည်။ ကြယ် သို့မဟုတ် လကို မမြင်နိုင်ဘဲ မှောင်မိုက်လှသည့် နီယွန်မီးသီးလုံးများက အရာအားလုံးကို ကြောက်မက်ဖွယ်ကောင်းစေသည်။
သူမ၏အတိတ်ဘဝက ကျိအန်းနဉ်ကို လေးနက်သောသင်ခန်းစာကို သင်ပေးခဲ့ပါက၊ ထိုအရာသည် "ခွန်အားမလုံလောက်ခြင်း" ဟူသော စကားစုဖြစ်သည်။
သူမက မိမိကိုယ်မိမိ ကာကွယ်နိုင်လောက်အောင် သွက်လက်ပြီး နိုးနိုးကြားကြားရှိနေသည်ဟု အမြဲယုံကြည်ခဲ့သည်။ ထောင်ချောက်များ၊ အကြမ်းဖက်မှုများနှင့် ပါဝါများနှင့် ရင်ဆိုင်ရသည့်အခါတွင် သူမ အမှန်တကယ် မည်မျှ အားနည်းပြီး လုံးဝကိုအစွမ်းမဲ့ကြောင်း သိရှိနားလည်လာခဲ့သည်။
ဝမ်ယွီကို ကာကွယ်လိုသည်မှာ အမှန်ပင်ဖြစ်သော်လည်း သူမတွင် လုံလောက်သော စွမ်းအားမရှိပေ။
သို့ရာတွင် ဝမ်ယွီကမူ လုံလောက်နိုင်သည်။
ဝမ်ယွီ ကားတံခါးကိုပိတ်ပြီး သူမဘက်သို့ လျှောက်သွားသောအခါတွင် ကျိအန်းနဥ်က ခေါင်းအနည်းငယ်စောင်းကာ သူ့ကိုကြည့်နေသည်ကို တွေ့လိုက်ရသောကြောင့်မေးလိုက်သည်။
“ဘာဖြစ်နေတာလဲ...”
ခရီးတစ်လျှောက်လုံး ကျိအန်းနဉ်၏ အမူအရာထူးဆန်းလာသည်ကို သူ ခံစားခဲ့ရသည်။
ကားပေါ်မှဆင်းပြီး နေရောင်ကြောင့် ခဏတာ မျက်စိကျိန်းသွားချိန်တွင် ကျိအန်းနဉ်က ၎င်းကို သိလိုက်ရသည်။
ယန်ပေါ်က ဝမ်ယွီ၏ရန်သူဖြစ်သည်ကို သူမ သံသယမရှိပေ။ ဝမ်ယွီက ကျောင်းချန်၏အခြေအနေမှ မိမိကိုယ်ကို ဘေးကင်းစွာ ရုန်းထွက်ရန်နည်းလမ်းကို မူလက စီစဉ်ခဲ့သော်လည်း ယန်ပေါ်က သူ့ကို ထောင်ထဲပို့ခဲ့သည်။
ထို့အပြင် ယန်ပေါ် ၏စကားအပေါ်အခြေခံရလျှင် ဝမ်ယွီက သူ့ကို နှိမ်နှင်းနိုင်ခဲ့သည်။
ဝမ်ယွီက ယန်ပေါ်ကိုလုံလုံလောက်လောက်ဖိနှိပ်နိုင်ခဲ့သည်။
ထို့ကြောင့် သူမလုပ်ရမည့်အရာမှာ ဝမ်ယွီအား ယခုမှစပြီး ယန်ပေါ်ကို နိုးနိုးကြားကြားသတိထားစေရန်ဖြစ်သည်။
သဘောထားကွဲလွဲမှုနှင့် ခြယ်လှယ်မှုများကြား ကျိအန်းနဉ်က သူမတွင် ထိုစွမ်းရည်မရှိသည်ကို သိရှိခဲ့သည်။ သို့ရာတွင် အကြောင်းတစ်ခုခုကြောင့် ယန်ပေါ် က ဝမ်ယွီ၏လွတ်လမ်းကို လုချင်နေသည်က တိုက်ဆိုင်လွန်းလှသည်။
ဝမ်ယွီအကြောင်းကိုမူ ကျိအန်းနဉ်က ကောင်းကောင်းသိထားသည်။ အတိတ်ဘဝတွင် သူမကြောင့် သူက အရွယ်မရောက်သေးသော ဆယ်ကျော်သက်တစ်ဦးကဲ့သို့ ပြုမူခဲ့ကာ သူမနှင့် သင့်တော်သည့်သူများကို အကြမ်းဖက်ရန် ကြံရွယ်ခဲ့သည်။
သူမအပေါ် သူ၏ပိုင်ဆိုင်လိုမှုက လူမုန်းများစေခဲ့သည်။
ဝမ်ယွီ ခေါင်းကို အနည်းငယ်ငုံ့ထားကာ အိတ်ထဲမှ ကတ်ပြားကိုထုတ်၍ သူ့ထံသို့ တိုက်ရိုက်ပေးလာသည့် ကျိအန်းနဥ်ကို ကြည့်နေသည်။
"ဒီမှာ ဒါက ရှင့်အတွက်ပဲ..."
ဝမ်ယွီ တစ်ခဏတာ အံ့အားသင့်သွားပြီးမေးလိုက်သည်။
“ဒါက ဘာလဲ...”
သူက ကတ်ကိုဆွဲယူပြီး ငုံ့ကြည့်လိုက်သည်။
ကတ်က ပုံစံများသာမက နာမည်နှင့် အခြားဘာတစ်ခုမှမပါဘဲ ဖုန်းနံပါတ်တစ်ခုမျှသာပါပြီး ရိုးရှင်းလှသည်။
ဝမ်ယွီ ကတ်ကိုကြည့်လိုက်သည့်အခါ သူ့အမူအရာက ပြောင်းလဲသွားသည်။
လုပ်ငန်းကတ်များက အများအားဖြင့် ၎င်းတို့တွင် ကုမ္ပဏီ၊ အလုပ်ခေါင်းစဉ်၊ လုပ်ငန်းဖုန်းနံပါတ်နှင့် အီးမေးလ်တို့ကဲ့သို့သော အချက်အလက်များစွာကို ကတ်တွင် ရိုက်နှိပ်ထားတတ်သည်။ စီးပွားရေးလုပ်ငန်းအတွက် လူများက ဤကတ်မျိုးများကို ဖလှယ်ကြလေ့ရှိသည်။
ဒါပေမဲ့ ဘာကြောင့်များ ဒီလိုကိုယ်ပိုင်ကတ်အမျိုးအစားကို သုံးရတာလဲ...
ယနေ့ကဲ့သို့ မိတ်ဆွေများအကြား မိတ်ဆက်ပွဲများတွင် ယန်ပေါ် နှင့် ဝမ်ယွီ၏ အခြားသူငယ်ချင်းများကလည်း တစ်ယောက်နှင့် တစ်ယောက် မသိသေးသည့်လူများနှင့် သူတို့ကိုယ်ပိုင်ကဒ်ကို ဖလှယ်တတ်ကြသည်
ဤအခိုက်အတန့်တွင် သူအမှားကြီးမှားသွားခဲ့ပြီး ကျိအန်းနဥ်၏လက်ထဲမှ ယန်ပေါ်၏ ဖုန်းနံပါတ်ကို သူကိုင်ထားမိသည်။
ဝမ်ယွီ ကျိအန်းနဥ်ကို စိုက်ကြည့်ကာ မေးလာသည်။
“ဘယ်အချိန်ကလဲ....”
ကျိအန်းနဉ်က အေးအေးဆေးဆေး ပြန်ဖြေသည်။
"ရှင် ရေချိုးခန်းမှာ ရှိနေတုန်းကလေ..."
ယန်ပေါ်က ရေနွေးဖြင့်ချိုးခြင်းကို မကြိုက်ကြောင်းပြောပြီး စောစောထွက်သွားခဲ့သည်။ ထိုမျှ အချိန်တိုလေးအတွင်းတွင် ဤကိစ္စကဖြစ်သွားခဲ့သည်။
ခွေးမသား... မျိူးရိုးနာမည်ယန်နဲ့ လူတွေက ကောက်ကျစ်စဉ်းလဲတဲ့ မြေခွေးမျိုးရိုးနဲ့များ လူဝင်စားခဲ့ကြတာများလား...
ဝမ်ယွီက မျိုးဆက်ဟောင်းများနှင့် ပတ်သက်သည့် ကိစ္စများကို မျက်ကွယ်ပြုကာ ဝင်မစွက်ဖက်ချင်ပေ။ သူက ယန်သားအဖနှစ်ယောက်ကို မလွန်ကြူးလာစေလိုခြင်းဖြစ်သည်။
ဝမ်ယွီ သူ့နှလုံးသားထဲတွင် ဒေါသကို ခံစားလာရပြီး သူ၏အမူအရာတွင် ပေါ်လာသည်။ ၎င်းက ကျိအန်းနဉ်လိုချင်သည့်အရာ အတိအကျပင်ဖြစ်သည်။
" ကျွန်မ သူနဲ့ရှင့်ရဲ့ဆက်ဆံရေးကို တကယ်နားမလည်ဘူး ဒါမှမဟုတ် ဒီကိစ္စက စီးပွားရေးနဲ့ဆက်စပ်မှုရှိမရှိဆိုတာကိုလည်း တကယ်နားမလည်ဘူး ဒါပေမယ့် ဒီလူက သူငယ်ချင်းဖြစ်ဖို့မသင့်တော်ဘူးလို့တော့ ခံစားရတယ်..."
ရုတ်တရက် သူမက သူနှင့် ယန်ပေါ်အကြားပြိုင်ဆိုင်မှုရှိမရှိမေးရသည်ကို ဝမ်ယွီနားလည်သွားသည်။ သူမက သူ့ကိုစိုးရိမ်နေခြင်းဖြစ်သည်။
စဉ်းစားကြည့်လျှင် ယန်ပေါ်၏အသွင်အပြင်ကမိန်းကလေးများအတွက် အတော်လေးဆွဲဆောင်မှုရှိသင့်သည်။ သို့သော် ကျိအန်းနဉ်က စိတ်မ၀င်စားဘဲ သူ၏ကတ်ကိုပင် “ပစ်ချ” ခဲ့သည်။ ဝမ်ယွီ၏ စိတ်အလိုမကျမှုများ ပျောက်ကွယ်သွားပြီး သူ့မျက်လုံးထဲတွင် ပြုံးရိပ်ထင်ဟပ်လာသည်။
သူ့ကို အမြဲမေးခွန်းထုတ်နေသည့် ဤ ပုန်ကန်တတ်သော ဤကလေးမလေးက နာခံတတ်လွန်းသည်။
သူမက အရည်အချင်းပြည့်မီသော ရည်းစားဖြစ်ခဲ့သည်။
သူက သူ့လက်ထဲမှ ကတ်ကိုဝှေ့ယမ်းပြီး ကျိအန်းနဥ်ကို လှောင်ပြောင်လိုက်သည်။
“ဘယ်လိုအခွင့်ရေးကောင်းကြီးလဲ... တစ်ချိန်တည်းမှာ ဆက်ဆံရေးနှစ်ခုရှိနိုင်တာကို မင်းက ဒီအတိုင်းပဲ စွန့်လွှတ်လိုက်တာလား...မင်း ကိုယ့်ကို စွန့်ပစ်ဖို့ အမြဲကြိုးစားနေတာ မဟုတ်ဘူးလား..."
သူကယန်ပေါ် ကို ဂရုမစိုက်ဟု ထင်သည့်အတွက် ကျိအန်းနဉ်က အနည်းငယ် စိုးရိမ်ပြီးပြောလာသည်။
“သူ့ရဲ့ စရိုက်က မကောင်းပါဘူ....အခု ရှင့်ရဲ့ပိုင်နက်ထဲ တွင်းတူးနေတာ ဘယ်သူသိနိုင်မလဲ....သူက ရှင့် နောက်ကျောကို ဓားနဲ့ထိုးနိုင်တယ်မလား...သူ့နားဝန်းကျင်ကို သတိထား..."
သူမက လေးနက်သောအမူအရာဖြင့် ပြောဆိုခဲ့ပြီး ယန်ပေါ် ကို သူမဝေဖန်လေလေ၊ ဝမ်ယွီ ပိုပျော်လေဖြစ်နေသည်။
သူ ဘာတွေပြောနေမှန်းတောင် သိရဲ့လား...
ဝမ်ယွီ၏ မျက်လုံးများက ရွှင်မြူးစွာဖြင့် ကွေးညွတ်သွားသည်။
“ရပါတယ်၊ စိတ်မပူပါနဲ့...”
သူ ရုတ်တရက် ခေါင်းငုံ့ကာ ကျိအန်းနဥ်နဖူးကို နမ်းလိုက်ပြီး ရယ်မောလိုက်သည်။
"ကိုယ့်ပိုင်နက်လေး..."
ကျိအန်းနဉ် ထိတ်လန့်သွားပြီး စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ပြောလိုက်သည်။
“ ဘယ်သူက ရှင့် ပိုင်နက်လဲ "...." “
ဝမ်ယွီက ရှက်ရွံ့စွာ ပြုံးပြီး ပြောလိုက်သည်။
“ဘယ်သူက ကိုယ့်ကိုစိတ်ပူနေတာများလဲ...”
ကျိအန်းနဉ်က သူ၏ ရယ်မောနေသော အပြုအမူကြောင့် ရူးသွပ်သွားတော့မတတ်ဖြစ်နေသည်။
ဒီလူက ဘာဖြစ်နေတာလဲ...
သူမက သူ့ကို မျက်လုံးလှိမ့်ပြလိုက်သည်။
“အိမ်ပြန်တော့မယ်၊ ရှင်ကျွန်မကိုလိုက်ပို့ဖို့ မလိုဘူး... ပြန်ပါတော့"
သူမ စကားပြောပြီးနောက်လှည့်ထွက်သွားသည်။
"ဟေး အန်းနဉ်...."
ဝမ်ယွီ က သူမကို အနောက်မှ လှမ်းအော်လိုက်သည်။
ကျိအန်းနဉ် လှည့်ကြည့်လာသည်။
ဝမ်ယွီက ကားတံခါးကို မှီကာ ခြေထောက်တစ်ဖက်ကို ဖြတ်ကာ ရယ်မောပျော်ရွင်စွာပြုံးလိုက်သည်။
“မင်းကို တစ်ခုပြောဖို့မေ့နေတယ်…"
ကျိအန်းနဉ် "..."
“မင်းကြည့်ရတာ…”
ဝမ်ယွီက သူ့ရင်ဘတ်ကို လက်မထောင်ကာပြောလာသည်။
“ဒီနေ့ အရမ်းလှနေတယ်...”
နေရောင်အောက်တွင် သူ့နှာတံက ဖြောင့်စင်းနေပြီး ပါးလွှာသည့် နှုတ်ခမ်းများက ဆွဲဆောင်မှုရှိနေကာ သူ့မျက်လုံးများက ကြယ်လေးများသဖွယ် တောက်ပနေသည်။
ကျိအန်းနဥ် သူမ၏ပါးပြင်ပေါ်မှ အပူဒဏ်ကို ခံစားလိုက်ရပြီး နားမလည်နိုင်စွာသော ဂနာမငြိမ်မှုတစ်ခု သူမ၏ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်။
“ အပိုတွေပြောနေတာ တော်လိုက်တော့..."
သူ့ကို ကြိမ်းမောင်းပြီးသည်နှင့် သူမ ထွက်ပြေးသွားခဲ့သည်။
သူမ ထွက်ပြေးသွားသည်ကိုကြည့်ပြီး ဝမ်ယွီ အော်ရယ်မိမတတ်ဖြစ်သွားသည်။
ဝမ်ယွီက ကောင်းကင်ကို မော့ကြည့်လိုက်သည်။
ရာသီဥတုက ဘယ်လောက်တောင်ကောင်းလဲ... မိန်းကလေးကတစ်ယောက်က နူးညံ့သိမ်မွေ့ပြီး နာခံမှုရှိရင် ဘယ်လောက် တောင်ကြည်နူးစရာကောင်းလဲ...
သူ့အား မအီမသာဖြစ်စေသည်မှာ မျိုးရိုးအမည်ယန်နှင့် ထိုလူယုတ်မာသာဖြစ်သည်။
သူက ချန်းလျန်ကို ဖုန်းခေါ်ပြီးမေးလိုက်သည်။
" အမေ ဘယ်မှာလဲ..."
"အိမ်မှာလေ ဘာဖြစ်လို့လဲ"
ချန်းလျန်က မေးလာသည်။
ဝမ်ယွီက ပြောသည်။
"ခဏနေပြန်လာခဲ့မယ်...ကျွန်တော့်ကိုစောင့်နေပါ"
ချန်းလျန် အံ့သြသွားသည်။
"မင်းဘာဖြစ်နေတာလဲ... မင်းက များသောအားဖြင့် စနေနေ့တွေမှာ ပျော်နေတတ်တာ မဟုတ်ဘူးလား..."
ချန်းလျန်က မကြာမီ သူအိမ်ထဲသို့ ဝင်လာသည်ကို သိလိုက်သည်။
"မျိုးရိုးအမည် ယန်ဆိုတဲ့ ဒီလူက မြေခွေးဝိညာဉ် လူဝင်စားတယ်လို့များ အမေ ထင်လား..."
ဝမ်ယွီက ယန်ပေါ် ၏ကတ်ကို ချန်းလျန်ရှေ့တွင်ပစ်ချကာ ရယ်မောပြီးပြောလာသည်။
"ကျွန်တော် အမှားတစ်ခု လုပ်မိသွားတာနဲ့ သူကကျွန်တော့်ကောင်မလေးလက်ထဲကို သူ့ကတ်ကိုမသိမသာထည့်သွားတယ်လေ....သူကသူ့ကိုယ်သူ ဘာကောင်များ ထင်နေတာလဲ..."
ချန်းလျန်က ထိတ်လန့်သွားပြီး အတင်းဟန်လုပ်ပြုံးကာပြောလာသည်။
“လူငယ်တွေက တစ်ခါတစ်ရံ ဒီလိုမျိုး ကစားတတ်ကြတယ်မလား... ပြီးတော့ မင်းရဲ့ရည်းစားနဲ့ကလည်း လပိုင်းလောက်ပဲ ကြာသေးတာ မဟုတ်ဘူးမလား...."
“ကျွန်တော့်ရည်းစားနဲ့တွဲတာ လဘယ်လောက်ကြာကြာ သူနဲ့ဘာဆိုင်နေလို့လဲ... မျိုးရိုးအမည်ယန် ဆိုတဲ့သူတွေက ဝမ်မိသားစုထဲက အမျိုးသမီးတွေကို လွယ်ကူတဲ့ပစ်မှတ်တွေလို့များ ထင်ကြတာလား...”
ချန်လျန်း၏အမူအရာမှာ စိတ်မသက်မသာဖြစ်သွားသည်။သို့သော် ဝမ်ယွီက ဂရုမစိုက်ချေ။
ဝမ်ကောအန်းက ပညာရေးအရ တင်းကြပ်နေသော်လည်း ဝမ်ယွီ၏ဘဝအတွက် အခြားရှုထောင့်များနှင့်ပတ်သက်လာသောအခါတွင် သူက အလွန်မျက်နှာသာပေးခဲ့သည်။ ဝမ်ယွီက အလိုလိုက်ခံရသည်မှာကြာပြီဖြစ်၍ သူ့စကားများကသာ ဥပဒေဖြစ်သည်။
သို့သော်လည်း ဝမ်ကောအန်းက အသက်ကြီးလာသည်နှင့်အမျှ လစဉ်တိုင်းလိင်ဆက်ဆံရန် စိတ်ဆန္ဒမရှိတော့ပေ။ တစ်ဖက်တွင်မူ ချန်းလျန်က သူမဘဝ၏ အထွတ်အထိပ်အချိန်သို့ရောက်နေ၍ သူမတွင် ငယ်ရွယ်သော မိန်းကလေးများထက် ပြင်းပြသောရမက်မျိုး ရှိနေသည်။
သူမကို အိမ်အလွတ်တစ်ခုတွင် တစ်နေကုန် စောင့်ဆိုင်းခိုင်းထားသည်က သနားစရာကောင်းလှသည်။
ထို့ကြောင့် ဝမ်ယွီက သူမ၏ ကိစ္စရပ်များကို ဝင်ရောက်စွက်ဖက်လိုခြင်းမရှိပေ။ သူတို့၏အသက်အရွယ်ကြောင့်ကွာရှင်းပြတ်စဲခြင်းမှာ မဖြစ်နိုင်သောကြောင့် အချို့သောအရာများကို မျက်ကွယ်ပြုထားကြသည်။
သို့သော် သူ့ရင်ထဲတွင် ဒေါသမထွက်ဟု မဆိုလိုပေ။
###