🤚Chapter 47
အန်းနဉ် အိမ်ပြန်ရောက်ပြီးမကြာမီ သူမဆီသို့ ဖုန်းဝင်လာသည်။ ယင်းက သူမရက်အတော်ကြာ စောင့်နေခဲ့ရသည့် မော်ဒယ်လျှောက်ထားခြင်းအပေါ် အကြောင်းပြန်သည့်ဖုန်းဖြစ်သည်။
“ဒီနေ့နေ့လယ်လား… ကျွန်မ အချိန်မမှီလောက်ဘူး… မနက်ဖြန်ကို ပြောင်းလို့ရနိုင်မလား...”
သူမအနေနှင့် ညနေပိုင်းတွင် ကော်ဖီဆိုင်သွားရမည်ဖြစ်၍ တစ်ဖက်လူနှင့် ညှိနှိုင်းပြီး ချိန်းဆိုမှုကို နောက်နေ့သို့ ပြောင်းကာစီစဉ်လိုက်သည်။
ဖုန်းချပြီးသည်အထိ သူမ စိတ်လှုပ်ရှားနေဆဲဖြစ်ပြီး ညနေ ကော်ဖီဆိုင်မှာ ရှုချန်းကို ပြောပြရန် မစောင့်နိုင်လောက်အောင်ပင်။
ရှုချန်းလည်း သူမအတွက် ဝမ်းသာနေခဲ့သည်။ X Bao၏ မော်ဒယ်လုပ်ငန်းအကြောင်းကို နားမလည်သော်ငြားလည်း cosplayနှင့် ပတ်သတ်သည့် ဗဟုသုတတချို့ သိထား၍ အမျိုးသားဓာတ်ပုံဆရာများ၏ အခွင့်ကောင်းယူခြင်းမှ ကာကွယ်နိုင်ရန် သတိထားစရာအချို့ကို အကြံပေးလိုက်သည်။
အန်းနဉ်က သူ၏အကြံပေးချက်များကို သဘောတူခဲ့သည်။
အမှန်တွင် သူမက ကော်ဖီဆိုင်မှအလုပ်ကို အစားထိုးရန် အလုပ်သစ်ရှာနေခဲ့ခြင်း ဖြစ်သည်။ မော်ဒယ်လုပ်ရသည့် ဝင်ငွေသာ လုံလောက်မည်ဆိုလျှင် အလုပ်ထွက်ရန် စီစဉ်ထားသည်။
ရှုချန်းက ထိုအကြောင်းကို လုံးဝမသိထားဘဲ အကြံဉာဏ်များပေးကာ စိတ်အားထက်သန်စွာ ကူညီပေးနေသေးသဖြင့် အန်းနဉ်အား အပြစ်မကင်းသည့်စိတ် အနည်းငယ် ခံစားမိစေသည်။
အခြားတဖက်တွင်မူ ယန်ပေါ်မှာ ထိုညက သူ့အဖေယန်ယွီထံမှ ဖုန်းဝင်လာပြီး တစ်ညလုံးဆူပူကြိမ်းမောင်းခံလိုက်ရသည်။
“မင်းဘာလုပ်ချင်နေတာလဲ...”
သူ၏လေသံက အေးစက်ကာ ဝမ်ယွီအရှေ့တွင် ပြသခဲ့သည့် အသွင်အပြင်နှင့် လုံးလုံးမတူပေ။
“ဒီလိုအရေးကြီးတဲ့အချိန်မှာ မလိုတဲ့ ပြဿနာတွေ မဖြစ်စေနဲ့... နဂိုက မင်းတို့နှစ်ယောက်ကို ရင်းနှီးလာစေချင်တာ…ခုတော့ ထားလိုက်တော့… နောက် ဝမ်ယွီနဲ့ ဝေးဝေးနေချေ...”
ဝမ်ယွီ့၏တစ်ကိုယ်ကောင်းဆန်ပြီး မောက်မာသည့်ပုံစံနှင့်ယှဉ်လိုက်လျှင် ယန်ပေါ်က ယန်ယွီ၏ရှေ့၌ ကလေးတစ်ယောက်ကဲ့သို့ပင်။ သူက သူ့အမှားကို နှိမ့်ချစွာ ဝန်ခံခဲ့ပြီး ဝမ်ယွီက ထိုမိန်းကလေးကို စိတ်မဝင်စားခဲ့ဟုထင်၍ ခဏတာ စိတ်လိုက်မာန်ပါလုပ်မိခြင်းသာဖြစ်ကြောင်း ရှင်းပြသည်။
အဖေဖြစ်သူ၏ ခွင့်လွှတ်မှုကိုရရှိကာ ဖုန်းချပြီးသည်နှင့် ယန်ပေါ်၏ အကြည့်များက အေးစက်သွားသည်။
ထိုမိန်းကလေးက သူ့business cardကို ယူပြီး WeChatတွင် addမည်ဟု ပြောခဲ့သော်လည်း သူ့ကို ဤသို့ရောင်းစားလိုက်မည်ကို မထင်မှတ်ထားခဲ့ချေ။
ဝမ်ယွီကလည်း မိန်းမများနှင့်ပတ်သတ်ပြီး သူ့အဖေထက်ကို ကောင်းကောင်းရွေးချယ်နိုင်မည်ဟု မမျှော်လင့်မိခဲ့ပေ။
ယန်ပေါ်၏နှုတ်ခမ်းတွင် လှောင်ပြုံးတခုပေါ်လာသည်။
တနင်္ဂနွေမနက် စာပြပြီးနောက် အန်းနဉ်က ဖုန်းဖြင့် အကြောင်းကြားသည့် နေရာသို့ ဘတ်စ်ကားဖြင့်သွားလိုက်သည်။ ထိုနေရာက သမိုင်းကိုဖော်ညွှန်းသည့် နယ်မြေဟောင်းတစ်ခုဖြစ်ကာ စစ်ပွဲအတွင်း နိုင်ငံခြားသားများ ဆောက်ခဲ့သည့် အနောက်တိုင်းပုံစံ အိမ်ငယ်များစွာရှိသောကြောင့် မြို့တော်၏ ယဉ်ကျေးမှုထိန်းသိမ်းရေးဇုန်အဖြစ် သတ်မှတ်ထားရာ နေရာဖြစ်သည်။
သူမ သွားမည့်နေရာက ထိုအိမ်များထဲက တစ်အိမ်ဖြစ်သည်။ ပိုင်ရှင်က အိမ်အတွင်းပိုင်းကို အသေးစား၊ ဓနရှင်လူတန်းစားပုံစံ အလှဆင်ထားသောကြောင့် တောက်ပြောင်သော်ငြားလည်း အလွန်အကျွံဖြစ်လွန်းသည်။ ကြည့်ရသည်မှာ နေထိုင်ရန် ရည်ရွယ်ချက်အတွက်ဟုတ်ပုံမရဘဲ ဓာတ်ပုံရိုက်ရန် studioအဖြစ် ငှားရမ်းထားခြင်းဖြစ်ရမည်။ အိမ်၏ထောင့်တိုင်းက ရိုက်ကွင်းအဖြစ်သုံးရန် အလားအလာကောင်းသည်။
အန်းနဉ်က ရှုချန်း၏ညွှန်ကြားချက်ကို နားထောင်ပြီး စိတ်လှုပ်ရှားနေကာ လူလိမ်များ၊ နှာဘူးများနှင့် တွေ့မည်ကို စိုးရိမ်နေခဲ့သည်။ သို့သော် ရိုက်ကွင်းသို့ ရောက်ချိန်တွင် အဖွဲ့ နှစ်ဖွဲ့ သုံးဖွဲ့လောက်က မတူသည့်နေရာများ တစ်ပြိုင်တည်း ဓာတ်ပုံရိုက်နေကြပြီး လူတိုင်းက အလုပ်ရှုပ်နေကာ မြန်ဆန်သည့် အရှိန်ဖြင့် အလုပ်လုပ်နေကြသည်ကိုမြင်လိုက်ရ၍ သူမစိတ်အေးသွားသည်။
သူမကို ဆက်သွယ်လာသူများထဲက ဓာတ်ပုံဆရာမှာ ဆံပင်က မေးစေ့အထိရှည်ကာ ကောက်နေသည့်ဆံပင်အနည်းငယ်ကို နောက်တွင် သပ်ရပ်စွာ ချည်ထားသည်။ အသက်နှစ်ဆယ်ကျော်ခန့် ရှိပုံရကာ အတော်ပင်ချောမောသည်။
လက်ထောက်နှစ်ယောက်မှာ ငယ်ရွယ်ကြပြီး အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်ဖြစ်သည်။ နောက်ဆုံးလူကမူ အသက်သုံးဆယ်အရွယ် လူလတ်ပိုင်း အမျိုးသမီးတစ်ဦးဖြစ်သည်။
ဓာတ်ပုံဆရာက အလုပ်ရှုပ်နေပြီး လက်ထောက်များကလည်း ထိုနည်း၎င်းပင်။ အန်းနဉ်က မေးမြန်းရန် ချဉ်းကပ်ခဲ့သော်လည်း လူလတ်ပိုင်းအမျိုးသမီးကသာ သူမကို ဖြေကြားပေးခဲ့သည်။
“မင်းရဲ့မျိုးရိုးနာမည်က ‘ကျိ’မဟုတ်လား… မင်းက ငါတို့အဖွဲ့ကပဲ...”
ထိုအမျိုးသမီးက အန်းနဉ်၏အသွင်အပြင်ကို စိတ်ကျေနပ်သွားကာ မေးသည်။
"အရင်က မော်ဒယ်လုပ်ဖူးလား...”
သူမထံတွင် အတွေ့အကြုံမရှိကြောင်းသိသဖြင့် ဓာတ်ပုံဆရာငယ်လေး လက်ရှိရိုက်ကူးနေသည့် သက်လတ်ပိုင်းအရွယ် မော်ဒယ်အား ညွှန်ပြသည်။
“မခက်ပါဘူး၊ တခြားသူတွေ ဘယ်လိုလုပ်လဲဆိုတာကြည့်ပြီး သင်လို့ရတယ်...”
မော်ဒယ်အမျိုးသမီးက အသက်ငါးဆယ်အရွယ်ဖြစ်ပြီး သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်းအရွယ်များအတွက် အဝတ်အစားများကို ရိုက်ကူးနေခြင်းဖြစ်သည်။
အန်းနဉ်က ဓာတ်ပုံမော်ဒယ်များမှာ ကိုယ်ဟန်ပြကာ ပုံမှန်အတိုင်းposeပေးရမည်ဟု ထင်ခဲ့သော်လည်း သူမထင်မှတ်ထားသည်နှင့် လုံးဝမတူခဲ့ချေ။
ထိုမော်ဒယ်က အတွေ့အကြုံရင့်နေသည်မှာ ထင်ရှားသည်။ သူမက ဝတ်စုံတစုံချင်းစီကို poseပြောင်းကာ ရှုထောင့်မျိုးစုံမှ ဓာတ်ပုံဆရာက ဆက်တိုက် ဓာတ်ပုံရိုက်သည်။
မော်ဒယ်၏ အဝတ်လဲသည့်နှုန်းက အန်းနဉ်အားပို၍ပင် အံ့အားသင့်စေသည်။ အနီးအနားတွင် အဝတ်လဲခန်းကို ထားပေးထားသဖြင့် မော်ဒယ်က အပြေးအလွှားနှင့် အဝတ်လဲရသည်မှာ မျက်လှည့်ပြနေသကဲ့သို့ပင်။
“ဒီအမျိုးသမီးက တစ်ရက်ကို ယွမ်ထောင်ပေါင်းများစွာ ဝင်ငွေရတယ်… အထူးသဖြင့် ရောင်းအားမြှင့်တင်တဲ့ပုံတွေမှာဆို တအားကြည့်ကောင်းတယ်… သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းအဝတ် ရောင်းတဲ့သူ တော်တော်များများက သူ့ကို လာရှာကြတယ်...“
အဲ့ဒါဆို သူက နာမည်ကောင်းရှိတယ်လို့ ဆိုလိုတာမလား...
အန်းနဉ်က မေးလိုက်သည်။
"မော်ဒယ်တစ်ယောက်ရဲ့ ပုံမှန်ဝင်ငွေက ဘယ်လောက်လဲ..."
"ပုံမှန်ဆိုတာ ဘယ်လိုမျိုးကိုပြောတာလဲ… တချို့က တစ်ရက်ကို ယွမ်ရာဂဏန်းလောက်ပေါ့…တချို့ကတော့ သောင်းဂဏာန်းလောက် ဝင်ငွေရှိတယ်… ဒါပေမဲ့ တစ်လလုံး အလုပ်တစ်ခုမှ မရသေးတဲ့သူတွေလည်းရှိတယ်...”
"ဒါပေမယ့် မင်းကောင်းကောင်းလုပ်နိုင်မယ်လို့ ငါထင်တယ်…"
သူမက အန်းနဉ်ကို သေချာအကဲဖြတ်လိုက်သည်။
"မင်းက ခန္ဓာကိုယ်သွယ်သွယ်လေးနဲ့ မျက်နှာသေးသေးလေးလည်း ရှိတယ်… ဘယ်လိုအဝတ်အစားပဲဝတ်ဝတ် မင်းနဲ့ဆိုကြည့်ကောင်းနေလိမ့်မယ်… အိုး၊ ဆွဲဆောင်မှုရှိပေမဲ့ မျက်နှာက ကြီးနေရင် ဓာတ်ပုံရိုက်ဖို့ အဆင်မပြေဘူး… ပြီးတော့ အဝတ်တွေကလည်း ကြည့်ကောင်းနေမှာ မဟုတ်ဘူး...”
သက်လတ်ပိုင်းမော်ဒယ်က နောက်ထပ်နာရီဝက်ခန့် ဓာတ်ပုံရိုက်ပြီးနောက် အဝတ်လဲကာ မြန်မြန်ပြန်ထွက်သွားသည်။ သူမ၏နောက်အလုပ်က ဤအဆောက်အအုံနားတွင် ရှိသည်ဟု ပြောကြသည်။
ဒါက ပိုက်ဆံအများကြီး ရှာနိုင်တဲ့နည်းပဲ မဟုတ်လား...
အန်းနဉ် အလွန်ပင် အားကျလာသည်။
"ငါတို့အလှည့်ရောက်ပြီ... သွားကြစို့..."
အမျိုးသမီးကြီးက ချက်ချင်း အလုပ်လုပ်သည့်modeဝင်သွားပြီး ဆတ်ခနဲထကာ အန်းနဉ်ကို ဆွဲခေါ်လိုက်သည်။
“အရင်က ဒီလိုမရိုက်ဖူးဘူးလား...”
ကင်မရာနှင့် အလုပ်ရှုပ်နေသည့် ဓာတ်ပုံဆရာက သူမကိုမော့ကြည့်ပြီးပြောလိုက်သည်။
“မြန်မြန်အဝတ်အစားသွားလဲလိုက်...”
ဤနေရာတွင် ငွေသည် အချိန်နှင့်အမျှ ရနေခြင်းဖြစ်၍ လူတိုင်းက အလုပ်ရှုပ်နေကြပြီး မော်ဒယ်များက တစ်ပိုင်းစာအလိုက် ငွေရကြမည်ဖြစ်သည်။
သို့ရာတွင် အမျိုးသမီးကြီးက အန်းနဉ်ကို သူမမှာ အတွေ့အကြုံမရှိသေး၍ ယခု အစမ်းသဘောမျိုး ရိုက်ရုံသာဖြစ်ကြောင်း ငွေရဦးမည်မဟုတ်သေးကြောင်း စောစီးစွာ ပြောခဲ့သည်။
အန်းနဉ်က လက်ခံခဲ့သည်။
ထိုအမျိုးသမီးကြီးက ဝတ်စုံများကို ပြင်ဆင်ပေးထားပြီး သူမကို အဝတ်လဲခန်းသို့ ခေါ်သွားသည်။ အန်းနဉ်က အဝတ်များကို မြန်နိုင်သမျှ မြန်မြန်လဲပါသော်လည်း အရှေ့ပိုင်းက မော်ဒယ်၏အရှိန်ကို မမှီသေးချေ။
လက်ထောက်တစ်ဦးက sprayဘူးတစ်ဘူးယူကာ အန်းနဉ်ခေါင်းကို ဖြန်းလိုက်ပြီး ဆံပင်များကို ချောမွေ့စေသည်။ ထို့နောက် သူမကို ကင်မရာရှေ့တွင် ရပ်ခိုင်းလိုက်သည်။
အရှေ့ပိုင်းက မော်ဒယ် poseပေးသည်ကိုကြည့်ပြီး လွယ်ကူမည်ထင်ခဲ့သော်လည်း သူမအလှည့်တွင် တစ်ကိုယ်လုံးတောင့်တင်းနေသည်။
ရိုက်ချက်အနည်းငယ်ရိုက်ပြီးနောက် ဓာတ်ပုံဆရာက စိတ်တိုင်းမကျပေ။
"လှုပ်၊ လှုပ်လိုက်… ငါ့ကိုစိတ်ထဲမထားနဲ့… မင်းကြိုက်သလို လှုပ်ရှားချေ..."
သို့သော်လည်း လူသစ်တစ်ယောက်အနေနှင့် အန်းနဉ်အတွက် ဤအရာများက စိမ်းသက်နေသည်။ သူမ၏ ပထမဆုံးအကြိမ်ဖြစ်၍ လေ့ကျင့်ရေးမဆင်းဖူးသည့် အပျော်တမ်းမော်ဒယ်များထက်ပင် အတွေ့အကြုံက ပိုနည်းနေသေးသည်။
“လာ၊ ဒီကိုလာ...”
ဓာတ်ပုံဆရာက သူမကို လက်ယပ်ခေါ်လိုက်ရာ လိမ်လိမ်မာမာနှင့် သွားလိုက်သည်။
“ကြည့်လိုက်...”
ဓာတ်ပုံဆရာက သူမမြင်နိုင်ရန် ကင်မရာကို မြှောက်ပြလိုက်သည်။
အန်းနဉ်က ပုံများကို လှသည်ထင်ခဲ့သော်လည်း ဓာတ်ပုံဆရာကိုမူ ထိုသို့ မပြောရဲပေ။ သူမကို ပုံကြည့်ခိုင်းကတည်းက သူစိတ်တိုင်းမကျမှန်း ရှင်းလင်းသည်။
“မင်း၊ မင်းကအရမ်းလှတယ် ဒါပေမဲ့ ငါ့ကင်မရာက ဘာပြောလဲသိလား...”
ဓာတ်ပုံဆရာက ကာတွန်းဇာတ်ကောင်အသံကို တုပကာ သူ့ကင်မရာအဖြစ် ဟန်ဆောင်သည်။
“ဒီမိန်းကလေးကြည့်ရတာ သစ်သားရုပ်ကြီးကျနေတာပဲ… သစ်သားရုပ်ကြီး...”
"အရမ်းတောင့်တင်းလွန်းတယ်…. စိတ်ကိုလျှော့ထား… ဒါပေမယ့် အရမ်းကြီးတော့ မလျှော့နဲ့… မင်းရဲ့လက်မောင်းတွေကို ပုံမှန်နေနေကျလို သဘာဝအတိုင်း ငိုက်ကျနေလို့မရဘူး၊ အဝတ်အစားတွေကို ပြနိုင်ဖို့ နည်းနည်းထောင့်ကျနေရမယ်...”
ဓာတ်ပုံဆရာက သူမကို လမ်းညွှန်ချက်တချို့ပေးသည်။
နောက်ထပ်ရိုက်ချက်များတွင် ပိုတိုးတက်လာသော်လည်း အခြားသူများထက် အချိန်ပိုယူလိုက်ရသည်။
ထို့နောက် ခဏနားကာ နေ့လည်စာစားကြသည်။ လက်ထောက်အမျိုးသမီးက အော်ဒါမှာရန် ဓာတ်ပုံဆရာကိုသာ မေးခဲ့ပြီး အန်းနဉ်ကို လျစ်လျူရှုထားသည်။ အမျိုးသမီးကြီးကသာ သူမကို “ငါမင်းအတွက် အော်ဒါမှာလိုက်မယ်” ဟုဆိုကာ သူမနေ့လည်စာနှင့် အတူမှာပေးသည်။
ထိုအမျိုးသမီးကြီးက သူမအပေါ်ကောင်းကောင်း ဆက်ဆံပေးသဖြင့် ကျေးဇူးတင်မိသည်။
နေ့လည်စာစားပြီးသည်နှင့် ရိုက်ကွင်းပြန်စသည်။ သူမ အဝတ်လဲသည်က နှေးသည့်အပြင် ကင်မရာကို မည်သည့်ထောင့်မျိုးမှ ကြည့်ရမည်ကိုလည်း မသိသောကြောင့် ဓာတ်ပုံဆရာကို မကျေမနပ်ဖြစ်စေကာ လုပ်ရည်ကိုင်ရည်ကို ကျဆင်းသွားစေသည်။
နေ့လည်သုံးနာရီထိုးခါနီးမှ အကုန်လုံးပြီးစီးသွားသည်။
"ဒီနေ့တော့ ဒီလောက်ပါပဲ… မင်းမှာ အတွေ့အကြုံမရှိသေးဘူး… နောက်ထပ်လေ့လာသင့်တယ်… အလုပ်သစ်ရှိရင် မင်းကို ဆက်သွယ်လိုက်မယ်"
အမျိုးသမီးကြီးက ထိုသို့ပြောကာ သူမအဝတ်များကို အိတ်ကြီးနှစ်အိတ်ထဲ ထည့်ပြီး ကမန်းကတန်း ထွက်သွားသည်။
အဆုံးတွင် အန်းနဉ် သက်ပြင်းတစ်ချက်ချလိုက်သည်။
လက်ထောက်က ဓါတ်ပုံဆရာအတွက် milk teaမှာပေးထားသည်။ နောက်ထပ်ချိန်းဆိုထားသည့်သူက ရောက်မလာသေးသည့်အတွက် ကိရိယာပုံးပေါ်ထိုင်ကာ milk teaသောက်ရင်း ခဏနားလိုက်သည်။ သူက အန်းနဉ်နှင့် အမျိုးသမီးကြားက စကားဝိုင်းကို နားထောင်ရင်း လက်ထောက်နှင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။
အမျိုးသမီးကြီး ထွက်သွားပြီးနောက် သူတို့က အန်းနဉ်ကိုခေါ်လိုက်သည်။
"သူ မင်းကို ဘာမှမပေးသွားဘူးလား..."
"ဒီနေ့ အစမ်းရိုက်တာမလို့ ပေးစရာမလိုဘူးတဲ့..."
"ရူးနေလား၊ အဲ့ဒါမင်းကိုလိမ်သွားတာကွ..."
ဓာတ်ပုံဆရာက ကျိန်ဆဲလိုက်ကာ လက်ထောက်က ညည်းညူလေသည်။
“သူ့အသက်အရွယ်မှမထောက် ကလေးမလေးကို အခွင့်ကောင်းယူတာ အရှက်မရှိချက်...”
လက်ထောက်က အသက်ဆယ့်ကိုး၊နှစ်ဆယ်ခန့်ရှိကာ လူ့အဖွဲ့အစည်းအတွင်း ကျင်လည်သည်မှာ ကြာပြီဖြစ်၍ အန်းနဉ်ကို ‘ကလေးမလေး’ဟု ရည်ညွှန်းလိုက်သည်။
အန်းနဉ် စိတ်ရှုပ်ထွေးသွားသည်။
“Brandတိုင်းက ပရိုမိုးရှင်းအတွက် ဘက်ဂျက်ရှိပြီးသား… သူက တမင်တကာ ဈေးသက်သာတဲ့ မော်ဒယ်အသစ်လေးတွေကို ကမ်းလှမ်းပြီးတော့ ဖောက်သည်တွေကို ပိုမြင့်တဲ့ဈေးနဲ့တောင်းတယ်… ကြားထဲက ပိုတာက သူ့အိပ်ကပ်ထဲ ရောက်သွားမှာပဲ… မင်းက အတွေ့အကြုံမရှိမှန်းသိတော့ ဒါကအစမ်းရိုက်တာဘာညာနဲ့ မင်းကိုအရူးလုပ်သွားပြီး ပိုက်ဆံအားလုံး သူမပဲသိမ်းသွားတာ”
ဓာတ်ပုံဆရာက ရှင်းပြသည်။
အစောက ‘အလုပ်သစ်ရှိလာရင်’ ဆိုသည့် စကားအတွက်တော့ ယခုbrandက တစ်ရာသီတွင် ဒီဇိုင်းအနည်းငယ်သာ ထုတ်၍ နောက်တစ်ရာသီမှသာ ဖြစ်လာနိုင်မည့်စကားပင်။
ထိုအမျိုးသမီးကြီးက မရိုးသားခဲ့ချေ။ ပရိုမိုးရှင်းအတွက် ဘတ်ဂျက်ကို သူမက ဝါးမျိုသွားသဖြင့် အန်းနဉ်ကို ထပ်မံခေါ်ယူရန်မှာ မဖြစ်နိုင်သည့် ကိစ္စရပ်ပင်။ ဆိုလိုသည်မှာ အန်းနဉ်က တစ်နေ့လုံး အလကား အလုပ်လုပ်ပေးလိုက်ရခြင်း ဖြစ်ပေသည်။
အန်းနဉ် အချိန်အတော်ကြာ ဆွံ့အသွားသည်။
"ကျွန်မကို နေ့လယ်စာ ဝယ်ပေးလို့ လူကောင်းလို့တောင် ထင်ခဲ့တာ"
သူမ၏ အလုပ်နှင့် ငွေကြေးအပေါ် သဘောထားက ယခင်ဘဝနှင့်ယှဉ်လျှင် ကွဲပြားကြောင်းကို သတိထားမိလာသည်။ ယနေ့ အသစ်အဆန်းတစ်ခု သင်ခဲ့ရ၍ဖြစ်မည်။ နောင်တမရသည့်အပြင် ဒေါသလည်းမထွက်သည်မှာ အံ့ဩစရာပင်။
အမျိုးသမီးကြီး၏ လုပ်ရပ်များက ဟာသဆန်သလို စိတ်ပျက်စရာကောင်းမှန်း သိလိုက်ရချိန်တွင် ကျိအန်းနဉ်ပြောလိုက်သည်။
"မေ့လိုက်ပါ၊ အဲဒါကို သင်ခန်းစာတစ်ခုအနေနဲ့ သဘောထားလိုက်တာပေါ့… နောက်တစ်ကြိမ်တော့ မှတ်မိနေအောင်လို့..."
ထို့နောက် ဓာတ်ပုံဆရာနှင့် လက်ထောက်ဖြစ်သူအား ကျေးဇူးတင်စကားဆိုလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဒီနေ့ကျွန်မ ရှင့်ရဲ့အချိန်တွေ အများကြီး ဖြုန်းတီးလိုက်မိတယ်..."
သူမက ရုပ်ရည်ချောမောသည့်အပြင် အကျင့်စရိုက်ကောင်းသဖြင့် ပို၍သဘောကျလာကြသည်။
ဓာတ်ပုံဆရာက ပြုံးလိုက်သည်။
"လူသစ်တွေက ခဏခဏ လှည့်စားခံရတယ်… ပြီးတော့ ငွေနဲ့ပတ်သတ်လာရင် တအားအလျှော့မပေးနဲ့...”
“မင်းဖုန်းနံပါတ်ထားခဲ့လိုက်၊ အလုပ်ရှိရင် ငါတို့ မင်းကို ဆက်သွယ်လိုက်မယ်၊ ကင်မရာထဲမှာ မင်းရဲ့ပုံက တော်တော်ကောင်းတယ်”
ဓာတ်ပုံဆရာက သူမအား ချီးကျူးလိုက်သည်။
ဓာတ်ပုံဆရာက တချိန်လုံး သူမကို ဆူပူနေသော်လည်း တချို့လူတွေကတော့ တကယ့်ကို……
အလုပ်လုပ်သည့်modeဝင်သွားသည်နှင့် သူတို့က လုံးဝကို ပရော်ဖက်ရှင်နယ် ဖြစ်လာကြသည်။ အလုပ်ပြီးသွားမှ နဂိုပုံစံကို ပြန်ရောက်လာသည်။
နာရီအနည်းငယ်စာအတွက် အလိမ်ခံလိုက်ရသော်လည်း အများကြီး သင်ယူလာနိုင်ခဲ့သည်ဟု ပြောရပေမည်။
ပို့စ်ပေးနည်းအပြင် မှန်ကန်သည့်ထောင့်ကို ရှာနည်းပါ သိလာခဲ့သည်။ ဓာတ်ပုံဆရာနှင့်လည်း ဖုန်းနံပါတ်ချင်း ဖလှယ်ခဲ့ရသည်။
ဓာတ်ပုံဆရာ၏ နာမည်က တုချင်ဖြစ်၏။
"မင်းကို Groupတစ်ခုထဲ ထည့်လိုက်မယ်၊ အဲ့ဒီထဲမှာ ဓာတ်ပုံဆရာကော မော်ဒယ်တွေကောပါတယ်… တစ်ခုခုနားမလည်တာရှိရင် သူတို့နဲ့ဆက်သွယ်ပြီး မေးလို့ရတာပေါ့...”
ညနေ ကော်ဖီဆိုင်တွင် ရှုချန်းကို ဖြစ်ပျက်ခဲ့သမျှအားလုံး ပြောပြလိုက်သည်။ ရှုချန်းလည်း ပြောစရာစကား ပျောက်ဆုံးသွားပုံရသည်။
“ဘာလို့ အဲ့ဒီလိုလူမျိုးတွေရှိနေရတာလဲ...”
သူက ညည်းတွားလိုက်သည်။
"နောက် ဒီလိုမျိုးထပ်မဖြစ်စေရပါဘူး..."
အန်းနဉ်က ဆိုသည်။
"ဟုတ်တယ်…တစ်ခါတစ်လေမှာ ဆုံးရှုံးမှုကိုခံစားရတာက ကောင်းချီးတစ်ခုပါပဲ..."
အန်းနဉ်က များသောအားဖြင့် အင်တာနက်သုံးလေ့မရှိသော်လည်း ကော်ဖီဆိုင်တွင် wifi ရှိသည်။ သူမအလုပ်ပြီးသည်နှင့် သူမကိုထည့်ပေးထားသည့်Group Chatမှ message ရာပေါင်းများစွာ ဝင်နေသည်။
အပြန်လမ်း ဘတ်စ်ကားပေါ်တွင် စိတ်အားထက်သန်စွာ ဖတ်ကြည့်လိုက်သည်။
အဖွဲ့ကြီးဖြစ်သောကြောင့် အသေးအမွှားစကားပြောရန် မသင့်တော်ချေ။ အများစုမှာ အလုပ်အကြောင်းပြောကြသည်။ သူမ လုံးဝနားမလည်သည့်အရာများနှင့် တစ်စိတ်တစ်ပိုင်းသာ နားလည်သည်များရှိသော်လည်း ဤနယ်ပယ်အကြောင်း အနည်းငယ်သင်ယူနိုင်ခဲ့သည်။
အဖွဲ့ထဲရှိ သူများက သူတို့ မည်မျှရိုက်ခဲ့ရကြောင်း ငွေမည်မျှဝင်ကြောင်း ဆွေးနွေးနေကြရာ သူမအနေနှင့် ဈေးကွက်၏ ခေတ်ရေစီးကြောင်းကို အနည်းငယ်သဘောပေါက်လာသည်။
ယနေ့ ငွေမရှာနိုင်ခဲ့သော်လည်း သူမအတွက် ပြည့်စုံသွားသလို ခံစားလိုက်ရသည်။
တုချင်က သူမအား WeChat ၌ addခဲ့ပြီး အရပ်၊ ကိုယ်အလေးချိန်၊ ခန္ဓာကိုယ် အတိုင်းအတာနှင့် အားနိုင်သည့်အချိန်ကို ပို့ပေးထားရန် တောင်းဆိုခဲ့သည်။
ဤဓာတ်ပုံဆရာက အခွင့်ကောင်းယူသွားသည့် အမျိုးသမီးကြီးထက် ပိုမိုစိတ်ချရသည်ကို ခံစားရသည်။
ဗုဒ္ဓဟူးနေ့ညနေခင်းတွင် သူမအဖွားအတွက် အစားအသောက်ပြင်ဆင်ပေးပြီး ကားမှတ်တိုင်သို့သွားရန် KFCမှ လမ်းဖြတ်ကူးရာ ဝမ်ယွီ၏ Hummer ကား ကို မထင်မှတ်ပဲတွေ့လိုက်ရသည်။
ဝမ်ယွီက သူမကို ကျောင်းတံခါးမှာ မစောင့်တော့ပါဟု ကတိပေးထားသည်။ သူမအနေနှင့် ကိုယ်ပိုင်ကားမောင်းသည့် ဒါရိုက်ဘာမျိုးနှင့် မထိုက်တန်ဟု ခံစားနေရသည်။
သို့သော်ငြားလည်း ပို၍အံ့သြစရာကောင်းသည်မှာ စွန်းယာရှန့်က ဝမ်ယွီနှင့် စကားပြောနေသည်။
စွန်းယာရှန့်က အမှန်ကို လှပသည်။ အတိတ်ဘဝတုန်းတွင် ဝမ်ယွီ အဘယ်ကြောင့် စွန်းယာရှန့်ကို ကျော်ပြီး သူမကို လိုက်ခဲ့သည်ကို အန်းနဉ်နားမလည်နိုင်ခဲ့ချေ။
ယခင်ဘဝ၌ ဝမ်ယွီက စွန်းယာရှန့်အား စကားပြောရန် စိတ်မရှည်သည်ကို ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့သည်။ စွန်းယာရှန့်အပေါ် နူးညံ့ကြင်နာတတ်သည့် အမူအရာမျိုးပင် မပြသဖူးချေ။
###