🤚Chapter 48
“ချန်းဟောင်ရန်က မင်း စနေနေ့ည သွားဖြစ်မလားဆိုတာ မေးခိုင်းလိုက်တယ်…”
"မသေချာဘူး ညီမ မဆုံးဖြတ်ရသေးဘူး…ပြီးတော့…"
"ငါ့အတွက် ပူစရာမလိုဘူး… ဟောင်ရန်က မင်းကိုခေါ်တာ သွားချင်သွားပေါ့…”
ဝမ်ယွီ့စကားများကို ကြားပြီးနောက် စွန်းယာရှန့်က နှုတ်ခမ်းကိုက်လိုက်သည်။
သူမက လှပပြီး သူမကိုလိုက်နေကြသည့် အမျိုးသားများစွာလည်း ရှိသည်။ ထို့အပြင် သူမက လူတစ်ယောက်၏ စိတ်ဝင်စားမှုကို ရေရှည်တည်မြဲရန် မည်သို့ထိန်းထားရမည်ကိုလည်း သိသည်။ ဝမ်ယွီက သူမအား ပူလိုက်အေးလိုက် ဆက်ဆံကာ သူ့အားတမ်းတမ်းစွဲဖြစ်လာစေရန် လုပ်ဆောင်နေသည်ကို နားလည်သည်။
ဒါပေမဲ့ သူ နားလည်နေရင်တောင် ဘာလုပ်ရမှာလဲ…
သူ့ဘက်က အရံလူအဖြစ် အသုံးချနေမှန်း မသိရအောင် အဲ့ဒီလူတွေက အရူးမို့လို့လား…
သူက သူတို့ကို ကြိုးရှည်ရှည်နဲ့ လှန်ထားမှန်း သိကြသလို သူတို့ကိုယ်တိုင်ကလည်း အဲ့ဒါကို လိုလားနေကြတာပဲ မဟုတ်လား…
နှစ်ဦးနှစ်ဖက်က ဆန္ဒရှိလို့ ဖြစ်လာရတာလေ…
ဝမ်ယွီက လှောင်ပြုံးပြုံးလိုက်သည်။
“မင်းသွားချင်ရင်သွားပေါ့… ငါ့ကို မေးစရာမလိုပါဘူး… မင်းနဲ့ငါက ဘာမှမဆိုင်ဘူးလေ…”
သူက အချိန်ကို ကြည့်လိုက်ကာ ဆက်ပြောသည်။
“မင်းသွားလို့ရပြီ… ငါလူတစ်ယောက်ကို စောင့်နေတာ...”
ဝမ်ယွီက မည်သူ့အား စောင့်နေသည်ကို မပြောသော်လည်း စွန်းယာရှန့်က ထိုသူမှာ အန်းနဉ်မှန်း သိနေသည်။ လွန်ခဲ့သည့်မိနစ်ဝက်ကတည်းက အန်းနဉ် လမ်းတစ်ဖက်မှ ကူးလာသည်ကို သူမရပ်နေသည့်နေရာမှ မြင်နေရသည်။
သို့သော်လည်း ထိုအကြောင်းနှင့် ပတ်သတ်ပြီး သူမက တစ်ခွန်းမှ မဟခဲ့ချေ။
ဝမ်ယွီ့စကားကြောင့် စွန်းယာရှန့်က အန်းနဉ်ရှိနေသည့်နေရာသို့ ထပ်မကြည့်မိဘဲ မနေနိုင်ချေ။ စွန်းယာရှန့်ကဲ့သို့ မိန်းမငယ်လေးအနေနှင့် သူမ၏ တည်ငြိမ်နိုင်စွမ်းမှာ ပြောရလောက်သည်အထိ မနက်နဲသေးချေ။
ဝမ်ယွီက သူမအကြည့်ကို သတိပြုမိသွား၍ လှည့်ကြည့်လိုက်ရာ အန်းနဉ်ကို တွေ့လိုက်ရသည်။
ထို့နောက် စွန်းယာရှန့်ဘက်သို့ ပြန်လှည့်လိုက်ကာ အကြည့်များက အေးစက်လာသည်။
စွန်းယာရှန့်လည်း အနည်းငယ်ထိတ်လန့်သွားသည်။
“ဒါဆို ညီမသွားတော့မယ်…”
စကားဆုံးသည်နှင့် မြန်မြန်ထွက်သွားသည်။
“အန်းနဉ်…”
စွန်းယာရှန့် ထွက်သွားသည်နှင့် ဝမ်ယွီက အန်းနဉ်ကို လက်ပြလိုက်သည်။
အန်းနဉ်က သူ့ကားဆီသို့ လျှောက်လာသည်။
“ဘာလို့မပြန်သေးတာလဲ…”
“ဒီည ကိုယ့်မှာ ဘာမှလုပ်စရာမရှိဘူး.. မင်းကိုပြန်ပို့ပေးမယ်လေ… ကွမ်းမင်လမ်းကို သွားမှာမလား…”
အန်းနဉ်က သူနှင့် စွန်းယာရှန့်အကြား ပြောနေခဲ့သည့် စကားများကို မေးမြန်းခြင်းမရှိဘဲ ကားထဲသို့ ဝင်လိုက်သည်။ ယခင်ဘဝကတည်းက စွန်းယာရှန့် ဝမ်ယွီ့နောက် လိုက်လိုက်ကပ်နေသည်ကို တစ်ကြိမ်တစ်ခါမက တွေ့ဖူးသဖြင့် ၎င်းက သူမအတွက် အထူးအဆန်း မဟုတ်တော့ပေ။
ဝမ်ယွီကလည်း ရှင်းပြခြင်း မရှိခဲ့ချေ။
“လီဟေးက တနင်္ဂနွေနေ့ကျရင် ကိုယ်တို့အပြင်ထွက်ကြမလားတဲ့…”
“တနင်္ဂနွေနေ့ အချိန်မရှိလောက်ဘူး…”
“ဘာကိစ္စရှိလို့လဲ…”
“စနေ၊တနင်္ဂနွေမနက်ဆို စာသင်ဖို့ရှိတယ် ပြီးတော့ ညနေငါးနာရီကျရင် ကွမ်းမင်လမ်းကို သွားရဦးမယ်… ကြားထဲက နာရီပိုင်းလောက်ပဲ အားမှာဆိုတော့ အဆင်မပြေဘူးလေ…”
“ဒါဆို ပြီးခဲ့တဲ့စနေနေ့တုန်းက အချိန်ဘာလို့ရှိတာလဲ...”
အန်းနဉ် ကူကယ်ရာမဲ့သလို ခံစားရသည်။ ထိုနေ့က ယန်ပေါ်အား တွေ့ချင်၍ မုန့်ရှင်းယွီကို ကူညီပြီး စာသင်ပေးရန် တောင်းဆိုခဲ့ရသည်။
“အရင်က squashတစ်ခါမှ မကစားဘူးလို့ ကျွန်မသူငယ်ချင်းကို စာပြပေးဖို့ အကူအညီတောင်းလိုက်တာ… ဒါပေမဲ့ သူများကို အမြဲတမ်း အကူအညီတောင်းနေလို့မဖြစ်ဘူးလေ… သူတို့ မအားလောက်ဘူး… ကျွန်မကလည်း ပိုက်ဆံရှာတာနားလိုက်လို့ မဖြစ်ဘူးလေ…”
ဝမ်ယွီက စိတ်မကျေနပ်သော်လည်း ၎င်းက သူ မတတ်နိုင်သည့် အရာပင်။
မီးနီတွင် သူက အန်းနဉ်ကို ကြည့်ကာ သူမလက်မောင်းကို ညှစ်ကြည့်လိုက်သည်။
“မင်း ဝိတ်ထပ်ကျသွားတယ်လို့ ဘာလို့ ခံစားရတာလဲ…”
အန်းနဉ်က သူ၏ထိတွေ့မှုများဖြင့် အလိုလိုကျင့်သားရလာသည်။
သူမက သူ့လက်မောင်းသူ ပြန်ညှစ်ကြည့်လိုက်သည်။
“ဝိတ်မကျပါဘူး… ပိုတောင်တက်လာသေးတယ်… ကြည့်ရတာ အသားတွေ ကျစ်လာတာနေမှာ…”
‘အသားကျစ်ခြင်း’ဆိုသည်က ကိုယ်အလေးချိန်တိုးလာသော်လည်း အရွယ်အစားက ပြောင်းလဲသွားခြင်း မရှိသည်ကို ဆိုလိုသည်။
“ထပ်ပြီး မပိန်စေနဲ့နော်… မဟုတ်ရင် ကိုင်လို့မကောင်းဘဲနေမယ်…”
အန်းနဉ်က ထိုစကားမှာ ညစ်ပတ်သည့်အရာများကို ဆိုလိုနေကြောင်းကို နားလည်သွားရန် အချိန်အနည်းငယ် ယူလိုက်ရ၏။
“ရှင်တစ်ခါလောက် အလေးအနက်ထားလို့ မရဘူးလား….”
“အလေးအနက်ထားတာက ဘာများကောင်းနေလို့လဲ… တအားကြီးလေးနက်လွန်းရင်လည်း ဘဝရဲ့ ပျော်စရာကောင်းတဲ့အရာတွေကို ဆုံးရှုံးသွားရလိမ့်မယ်ဆိုတာ မင်းသိလား….”
အန်းနဉ် သူနှင့် စကားဆက်ပြောရန် စိတ်မပါတော့ချေ။
ကွမ်းမင်လမ်းကို ရောက်သည်နှင့် ကားပေါ်က ဆင်းလိုက်ပြီး သူ့ကို တိုက်ရိုက်ပြောလိုက်သည်။
“ကျွန်မကို အကြိုအပို့လုပ်စရာ မလိုဘူး… ရှင့်လုပ်ချင်တာ သွားလုပ်လို့ရတယ်…”
ဝမ်ယွီက မပျော်မရွှင်ဖြစ်သွားသည်။
“ကိုယ်ဘာလုပ်နေလဲ မင်းသိလို့လား…”
ယနေ့ သူ့တွင် လုပ်စရာအလုပ်မရှိ၍ သူမအား လာခေါ်ခြင်း ဖြစ်သည်။
“ရှင်တို့ တတိယနှစ်တွေက စာလုပ်နေရမှာ မဟုတ်ဘူးလား…”
ဝမ်ယွီက သေချာစဉ်းစားကာ ခေါင်းငြိမ့်လိုက်သည်။
“မင်းပြောတာမှန်တယ်… ကိုယ်တို့စာလုပ်ရမှာ… ကိုယ်တို့ဂျူနီယာနှစ်က စာအတော်လည်း ခက်တယ်…”
အန်းနဉ်က သူ့ကို စည်းရုံးသိမ်းသွင်းနိုင်လိုက်ပြီဟု ထင်ကာ ဝမ်းသာသွားသည်။
“မှန်တယ်…ရှင်စောစောပြန်သင့်တယ်… ကျွန်မလည်း အခုသွားတော့မှာ…”
ထို့နောက် လွယ်အိတ်ယူကာ ကော်ဖီဆိုင်ထဲသို့ ပေါ့ပေါ့ပါးပါး ဝင်သွားပြီးနောက် ညစာစားသည်။ ထို့နောက် အလုပ်တွင် ဝတ်ရမည့် ဝတ်စုံကိုလဲပြီး ပြန်လာရာတွင် ဝမ်ယွီ့မျက်နှာကို တွေ့လိုက်ရသည်။
“…” အန်းနဉ်က သူမနဖူးကို ပွတ်လိုက်သည်။
“ဘာလာလုပ်နေတာလဲ…”
“စာလုပ်နေတာလေ…”
ဝမ်ယွီက စားပွဲပေါ်ရှိစာအုပ်များကို လက်ဟန်ခြေဟန်ဖြင့် ညွှန်ပြကာ အပြစ်ကင်းသည့်ပုံစံဖြင့် ပြောလာသည်။
ထို့နောက် အတည်ပေါက်နှင့် လက်ကိုထောင်လိုက်သည်။
“စောစောက ကိုယ်မှာထားတဲ့ ပီဇာလေး မြန်မြန်လုပ်ပေးဖို့ သူတို့ကို သွားပြောပေးပါလား… ကိုယ်ဗိုက်အရမ်းဆာနေလို့…”
သူမမှာ ဆွံ့အသွားပြီး သွားပြောပေးရန် ကောင်တာသို့ သွားလိုက်သည်။
ပီဇာအသင့်ဖြစ်သည်နှင့် သူ့ဆီသို့ ယူလာသည်။ ဝမ်ယွီက ညည်းတွားနေဆဲပင်။
“ကိုယ် ဗိုက်သေအောင်ဆာနေပြီ…”
အန်းနဉ်က နားထင်ကို ပွတ်ကာ သူ့ကိုလျစ်လျူရှုလိုက်ပြီး ဘားဆီသို့ ပြန်သွားသည်။
ရှုချန်းက သူမအား စလိုက်သည်။
“မင်းတို့အိမ်ကဝမ်ယွီက မင်းကို တကယ်စိတ်ပူနေတာပဲ…”
စနောက်နေသည်ဆိုသော်လည်း အမှန်မှာမူ သူက ဝမ်ယွီဘက်သားပင်။ အန်းနဉ်ကမူ သူတို့နှစ်ယောက်၏ ခင်မင်ရင်းနှီးမှုကြီးကို နားမလည်နိုင်ပေ။
အဆုံးတွင် သူမက ဝမ်ယွီ့ကားနှင့်သာ အိမ်ပြန်လိုက်ရသည်။
တစ်နေ့လုံး အလှည့်စားခံနေရသဖြင့် ဝမ်ယွီက အောက်ထပ်၌ သူမအနားကပ်ရန် ကြိုးစားချိန်တွင် သတိကြီးကြီးထားပြီး ရှောင်လိုက်၍ သူ့လှည့်ကွက်ထဲ မကျသွားခဲ့ပေ။
“ဘာလို့ ကိုယ့်ကိုရှောင်နေရတာလဲ…”
ဝမ်ယွီက မှုန်တေတေနှင့်ဆိုသည်။
အန်းနဉ်ထံမှ အနမ်းလေးတစ်ခုပင် မခိုးနိုင်ဘဲ တစ်ညနေလုံး အချည်းအနှီး ကုန်ဆုံးသွားခဲ့ရသည်။
အန်းနဉ်က နှာမှုတ်လိုက်သည်။
“နောက်ထပ် ဟာသလုပ်ဖို့ ကြိုးစားရဲ ကြိုးစားကြည့်… ကျွန်မလေ့ကျင့်ထားတာတွေကို သုံးရလိမ့်မယ်…”
သူမလေ့ကျင့်ရသည့် ရည်ရွယ်ချက်ကား နှာဘူးများကို ကိုင်တွယ်ရန်ဖြစ်သည်။
ဝမ်ယွီ သူ့ခြေထောက်ကို သူကိုယ်တိုင် သေနတ်ဖြင့်ပစ်လိုက်မိသကဲ့သို့ ခံစားလိုက်ရပြီး အန်းနဉ် အပေါ်ထပ်သို့ ဒေါသတကြီးနှင့် တက်သွားသည်ကိုသာ ကြည့်နေလိုက်ရသည်။
သို့သော် သူကားဆီပြန်မရောက်မီ အန်းနဉ်ဆီမှ ဖုန်းဝင်လာသည်။
ဝမ်ယွီက ရွှတ်နောက်နောက်နှင့် စလိုက်သည်။
“ဟယ်လို တစ်ခုခုများ ကျကျန်ခဲ့လို့လား ဒါမှမဟုတ် ကိုယ်မရှိလို့ နောင်တရလာတာလား…”
အန်းနဉ်က အထိတ်တလန့်ဖြစ်သည့် အသံနှင့် ပြောလာသည်။
”ဝမ်ယွီ... ဝမ်ယွီ ရှင်ပြန်သွားပြီလား…”
ဝမ်ယွီက စနောက်နေသည့် လေသံကို ရပ်လိုက်ကာ မေးသည်။
“ဘာဖြစ်လို့လဲ…”
အန်းနဉ်၏အသံက စိုးရိမ်နေရုံမကာ ဆို့နင့်နေပုံရသည်။
“မြန်မြန်လာပါဦး…ကျွန်မအဖွား ဆေးရုံသွားဖို့လိုနေပြီ…”
ဝမ်ယွီက ချက်ချင်းနောက်ပြန်လှည့်ပြေးကာ နှစ်သိမ့်ပေးလိုက်သည်။
“မကြောက်နဲ့နော်… ကိုယ်ဒီမှာရှိနေတုန်းပဲ… အခုချက်ချင်းလာခဲ့မယ်…”
အန်းနဉ်၏ အခန်းတံခါးက ပွင့်နေသည်။ ဝမ်ယွီက သူမကို မကြာခဏ လိုက်ပို့ပေးဖူးပြီး တစ်ခါတစ်ရံ တံခါးဝနားအထိပင် ရောက်ဖူးသည်။ သို့သော် ယခုအကြိမ်က သူမအိမ်ထဲသို့ ပထမဆုံးဝင်ဖူးခြင်း ဖြစ်သည်။
အခန်းတွင်းရှိ လေထုက အနံ့အသက် သိပ်မကောင်းပေ။ အခန်းအပြင်အဆင်က အိုဟောင်းနေပြီး ပရိဘောဂများက ရိုးရှင်းသည်။ နေရာက ကျဉ်းကာ သူ့အခန်းထက်ပင် ပိုသေးသည်။
အဖွားက အန်းနဉ်ကို မှီကာ ဆိုဖာပေါ်တွင် တစ်ဝက်မှီ၍ လဲလျောင်းနေသည်။ မျက်နှာက ဖြူဖျော့ပြီး နှုတ်ခမ်းက ဖြူဖတ်နေကာ အသက်ကိုပြင်းပြင်းရှုပြီး နာကျင်၍ ငိုနေလေသည်။
“လှုပ်လို့ရလား…”
“ကိုယ် လူနာတင်ကား ခေါ်လိုက်ရမလား…”
“အဖွား မတ်တပ်ရပ်နိုင်လားဟင်….”
အဖွားက နာကျင်နေသော်လည်း မထနိုင်သည်အထိမဟုတ်သေးပေ။ ကူတွဲပေးမည်ဆိုပါက မတ်တပ်ရပ်နိုင်လာသည်။
အန်းနဉ်က ပြောလာသည်။
“အဖွားရဲ့ကျောက်ကပ်က ကျောက်တည်နေတာပဲ… ခွဲစိတ်ဖို့အတွက် ဆေးရုံကို မြန်မြန်သွားရအောင်…”
အန်းနဉ်က ဆရာဝန်၏ ဆေးစစ်တမ်းမရှိဘဲ အဖွား၏အခြေအနေကို သေချာသိနေသည်ကို ဝမ်ယွီ သတိမထားမိချေ။ သူမက အဖွား၏ကျန်းမာရေး အခြေအနေနှင့် ရင်းနှီးနေ၍ဟုသာ တွေးခဲ့သည်။
အဖွားက မတ်တပ်ရပ်နိုင်သော်လည်း ဝမ်ယွီက သူမကို လမ်းမလျှောက်ခိုင်းခဲ့ချေ။
သူက အဖွားကို အောက်ထပ်သို့ သယ်ကာ ကားဆီသို့ သွားသည်။ ထို့နောက် အနီးအနားရှိ အဆင့်မြင့်ဆေးရုံသို့ မောင်းလိုက်သည်။
ဆရာဝန်၏ စစ်ဆေးမှုကို ခံရပြီးနောက် ကျောက်တည်နေခြင်းဖြစ်ကြောင်း အတည်ပြုခဲ့သည်။
နာကျင်မှုမှ သက်သာလာသည့်အခါ အဖွား၏ အသားအရေက ပိုကောင်းလာသည်။ သူမက ဆေးရုံကို ရောက်နေသည့်အကြောင်းကို ချက်ချင်းမေ့သွားကာ အန်းနဉ်အား ရှုပ်ထွေးသည့် အကြည့်ဖြင့် မေးလာသည်။
“ဒီနေရာက ဆေးရုံမဟုတ်ဘူးလား… ဘယ်သူနေမကောင်းလို့လဲ…”
အန်းနဉ်က အဖွားကိုနှစ်သိမ့်ပေးပြီး ဆရာဝန်အား ဆက်သွယ်ခဲ့သည်။
အဖွားက ခွဲစိတ်ရန် လိုသော်လည်း ချက်ချင်းလုပ်ဆောင်၍ မရသေးချေ။
“အစောဆုံးအနေနဲ့ သဘက်ခါကျခွဲစိတ်ပါမယ်…”
ဆရာဝန်က သတိပေးလိုက်သည်။
ဝမ်ယွီက အန်းနဉ်၏ကျောကို ထိန်းကိုင်ပေးထားသည်။
“မင်း အဖွားနဲ့ သွားနေလိုက်နော်…”
သူက အန်းနဉ်ကိုယ်စား ဆေးရုံတင်သည့် လုပ်ငန်းစဉ်များကို ဂရုစိုက်ခဲ့သည်။
အဖွားကို ဆေးရုံခန်းထဲ ထားပြီးနောက် လူလတ်ပိုင်း အမျိုးသမီးတစ်ဦး ဝင်လာလေသည်။
“ကုတင်၆၂က လူနာစောင့်ရှာနေတာလား…”
အန်းနဉ်က တစ်ခွန်းမှ မပြောရသေးမီ ဝမ်ယွီက ဝင်ပြောလိုက်သည်။
“ဟုတ်တယ်၊ ဒီနေရာပါ”
အန်းနဉ်က လက်မခံလိုပေ။
“အဖွားကို ကျွန်မကိုယ်တိုင် စောင့်ရှောက်နိုင်ပါတယ်…”
“မင်းပြန်ပြီး ကောင်းကောင်းနားချေ… အဖွားမှာ ဆွေမျိုးသားချင်းဆိုလို့ မင်းပဲရှိတာ… သူ့ကို စောင့်ရှောက်ချင်ရင် မင်းကောင်းကောင်းအနားယူရမယ်… မနက်ဖြန်မှ ပြန်လာခဲ့…”
ဝမ်ယွီပြောသည်မှာ မှန်ပေသည်။
ယခင်ဘဝ၌ အဖွားကို စောင့်ရှောက်ပေးရင်း ပင်ပန်းမှုများကြောင့် သူမ ဖျားနာသွားခဲ့သည်ကို အမှတ်ရလာသည်။ သူမအနားတွင် ဝမ်ယွီလည်း ရှိမနေခဲ့ချေ။
ထိုအချိန်တွင် ဝမ်ယွီအပေါ် သူမ၏အမြင်မှာ စိတ်အနှောင့်အယှက် ဖြစ်စေသည့်သူသာသာပင် ဖြစ်သည်။ သူမတို့၏ဆက်ဆံရေးက အကူအညီတောင်းရန်အထိ မနီးစပ်ခဲ့ပေ။
ယခုဘဝတွင်မူ သူ့အကြံကို လိုက်နာရန် ရွေးချယ်လိုက်သည်။ လူနာစောင့်ကို သတိထားရမည်များအား သေချာမှာကြားပြီးနောက် ဝမ်ယွီနှင့်အတူ အိမ်ပြန်လာလိုက်သည်။
“ဒါက ပြဿနာကြီးကြီးမားမား မဟုတ်ပါဘူးကွာ… ဆရာဝန်က အကုန်ရှင်းပြထားတယ်မလား… လုံးဝကြီးခွဲစိတ်မှာ မဟုတ်ဘူး… အသေးစားစစ်ဆေးကြည့်ရုံပါကွာ… မင်းမျက်နှာဘယ်လောက်တောင် ဖြူဖတ်နေလဲ ကြည့်ပါဦး…”
အန်းနဉ်က “အင်း”ဟုသာ ပြန်တုံ့ပြန်ပြီး တစ်လမ်းလုံး တိတ်ဆိတ်နေခဲ့သည်။
အဖွားကို စိတ်ပူနေသေးမှန်းသိ၍ ဝမ်ယွီက တလမ်းလုံး နှစ်သိမ့်ပေးခဲ့သည်။
၎င်းက အန်းနဉ်၏အိမ်ကို ရောက်လာသည်အထိပင်။
“ကြည့်လေ အဖွားက အခုဆို မနာတော့ဘူး… ဆေးရုံမှာ ပြုစုပေးနေတဲ့ လူနာစောင့်လည်းရှိတယ်… ခွဲစိတ်ဖို့ ကိစ္စလည်း စီစဉ်ပြီးသွားပြီ… အားလုံးက ချောချောမွေ့မွေ့ပဲလေကွာ… စိတ်မပူတော့နဲ့နော်… ကိုယ်ဒီမှာရှိတယ်…”
အန်းနဉ် ခေါင်းမော့လိုက်သည်။
မှိန်ဖျော့ဖျော့ မီးရောင်အောက်တွင် အန်းနဉ်၏မျက်လုံးထဲ ကြေကွဲမှုများ လျော့ကျသွားသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
ဝမ်ယွီ့အတွေးများက မြန်ဆန်လာကာ သူ့စကားများထဲမှ မည်သည်က သူမအား ဤသို့ဖြစ်လာစေသည်ကို ချက်ချင်းသိလိုက်သည်။
“ကိုယ်ဒီမှာရှိတယ်နော်…”
အန်းနဉ်၏အမေက သူမငယ်ရွယ်စဉ်တွင် ဆုံးပါးသွားခဲ့ပြီး အဖေဖြစ်သူမှာ သူမအလယ်တန်းတက်နေစဉ်တွင် အဆက်အသွယ် ပြတ်သွားခဲ့သည်။ သူမတွင် အားကိုးအားထားပြုစရာ အဖွားပဲ ကျန်ခဲ့သည်။ နောက်ပိုင်းတွင် အဖွားက Dementiaရောဂါကို ခံစားလာရသည်။
ထို့နောက် သူမက အမြဲတမ်း တစ်ယောက်တည်းလိုလို နေခဲ့ရသည်။
ဆယ်ကျော်သက် ကောင်မလေးက အားလုံးကို ကိုယ့်ကိုယ်ကိုသာ မှီခိုခဲ့ရသည်။
အန်းနဉ်၏ဘဝက ခက်ခဲသည်ကို ဝမ်ယွီ သိသည်။
သို့သော်လည်း ထိုခက်ခဲမှုအပေါ် သူ၏နားလည်ထားမှုမှာ အခြားလူများနှင့် အတူတူပင်။ ‘သနားစရာကောင်းလိုက်တာ’ သို့မဟုတ် ‘ပင်ပန်းနေမှာပဲ’ စသည့် စာနာသည့် အမူအရာမျိုးကို ပေါ့ပေါ့ပါးပါး ပြောတတ်ကြသည့် သူများကဲ့သို့ပင်။ ကာယကံရှင်က မည်မျှအထိ ခက်ခဲနေခဲ့မည်ဆိုသည်ကို အမှန်တကယ်တွင် သေချာနားလည်ခြင်း မရှိချေ။
ကိုယ်တိုင်ခံစားရခြင်း မဟုတ်၍ ဘေးလူများအနေဖြင့် နားမလည်နိုင်သည်မှာ အမှန်ပင်ဖြစ်သည်။
စဉ်းစားနေရင်း ဝမ်ယွီက သူ့နှလုံးသားထဲတွင် နက်ရှိုင်းသည့် နာကျင်မှုများကို ခံစားလိုက်ရသည်။
သူက အန်းနဉ်ခေါင်းကို ပွတ်လိုက်ကာ ပြောသည်။
“စောစောနားတော့နော်… မနက်ဖြန် ကျောင်းကို ခွင့်တိုင်လိုက်… မသွားသေးနဲ့ဦး…”
“မင်း တစ်ယောက်တည်းနေရမှာကို ကြောက်လား… ကိုယ့်ကိုဒီမှာ နေစေချင်လား… ကိုယ် ဆိုဖာပေါ်မှာ အိပ်လို့ရတယ်…”
သူ့လေသံက ညှင်သာကာ သူ့နှလုံးသားကလည်း အလားတူပင်။ လက်ရှိအချိန်တွင် မကောင်းသည့် အကြံအစည်တစ်ခုမှ မရှိဘဲ သူမခက်ခဲနေချိန်၌ အနားတွင် ရှိနေပေးချင်သည့် ဆန္ဒလေးတစ်ခုသာ ရှိသည်။
အန်းနဉ်က ခေါင်းယမ်းကာ ငြင်းဆိုလိုက်သည်။
“ပြန်လိုက်ပါ… ရှင်လည်း အနားယူဖို့လိုတယ်…”
“ကောင်းးပြီ… မနက်ဖြန်မနက်ကျရင် ဆေးရုံတူတူသွားရအောင်… ကိုယ်လာခေါ်မယ်နော်….”
စကားအဆုံးတွင် ဝမ်ယွီက သူမ၏နဖူးကို ပေါ့ပါးသည့် အနမ်းတစ်ခု ပေးလိုက်သည်။
သူမဘက်ကလည်း မရှောင်ခဲ့ပေ။
ဝမ်ယွီ၏ချဉ်းကပ်မှုနှင့် သူ့အထိအတွေ့များက သူမကို သက်သောင့်သက်သာ ဖြစ်စေသည်။
အမှန်တွင် သူမက သူနှင့် ယခုထက်ပိုပြီး နီးကပ်ချင်သည်။ အားလုံးကို လွှတ်ချလိုက်ပြီး မျက်လုံးများကိုမှိတ်ကာ သူ့ရင်ဘတ်ကိုမှီထားချင်မိသည်။
ကံကောင်းထောက်မစွာနှင့် သူမ၏စိတ်ဓာတ်က ကြံ့ခိုင်နေ၍ တော်သေးသည်။
အိမ်ပြန်ရောက်ပြီးနောက် အန်းနဉ်က ဆိုဖာပေါ် လှဲချလိုက်ကာ မျက်လုံးများက ဝေဝါးလာသည်။
ဘာလို့ ဒါတွေ ဖြစ်လာရတာလဲ…
အခု ဘယ်လိုဖြစ်သွားတော့မှာလဲ…
အချိန်က...လုံးဝမတူဘူး…
အန်းနဉ်၏နှလုံးသားက စိတ်မချမ်းမြေ့မှုများနှင့် ပြည့်နှက်နေကာ သူမတွင် ရင်ဖွင့်နိုင်သည့်လူလည်းမရှိပေ။
###