🤚Chapter 49
ယခင်ဘဝတွင် ကျိအန်းနဉ် အဖွားတွင် တည်နေသည့်ကျောက်မှာ သေးနေသေး၍ ခွဲစိတ်မှုကို မလုပ်ဆောင်နိုင်သေးချေ။ လဝက်လောက်နေမှ အဖွားက ခါးနာနေကြောင်း ညည်းညူနေသဖြင့် ဆေးရုံကို ခေါ်သွားခဲ့သည်။ ထိုနောက် ဆရာဝန်က ခွဲစိတ်ရန်အတွက် ကျောက်က ပိုကြီးလာသည်အထိ စောင့်ခိုင်းခဲ့သည်။
သိုသော် ယခုဘဝ၌ တည်နေသည့် ကျောက်က ခွဲစိတ်ရန်လိုသည့် အခြေအနေအထိပင် ရောက်နေပြီဖြစ်သည်။
တခုခုတော့ လွဲနေပြီ...
သူမ၏နှလုံးသားထဲ ထိတ်လန့်လာသည်။
ပြန်လည်မွေးဖွားလာပြီးနောက် အန်းနဉ်နှင့် သူမပတ်ဝန်းကျင်ရှိ လူများ၏ ဆက်ဆံရေးက ယခင်ကနှင့်မတူဘဲ ကောင်းသောပြောင်းလဲခြင်းမျိုး ဖြစ်လာခဲ့သည်။
ဥပမာအနေနှင့် စွန်းယာရှန့်အား အန်းနဉ်က အတိတ်ကဖြစ်ရပ်များကို တားဆီးရန် အစပျိုးခဲ့သည်။
ကျောင်းချန်နှင့်ပတ်သတ်၍ နောင်ဘာဖြစ်လာမည်ဆိုသည်ကို မသိသော်လည်း သေချာသည်မှာ တူညီသည့် ထောင်ချောက်ထဲကို သူမပြန်အကျခံမည် မဟုတ်ပေ။
ဝမ်ယွီကိုမူ ယခင်ကဲ့သို အမှားများ ထပ်မဖြစ်စေလိုပေ။
အရာအားလုံးက မှန်ကန်သည့် လမ်းကြောင်းပေါ်ရောက်နေသည်။ သိုသော် ရုတ်တရက်ကြီး အဖွား၏အခြေအနေက အတိတ်ဘဝကထက် မြန်မြန်ဆန်ဆန်နှင့် ဆိုးရွားလာသည်။ အန်းနဉ်၏နားထဲ အသံကျယ်ကြီး မြည်နေသည့်အတိုင်းပင် မူးဝေနေပြီး စိတ်ရှုပ်လာလေသည်။
ဆိုဖာပေါ် အချိန်အတော်ကြာ လှဲနေခဲ့ပြီးနောက် ထလာကာ အတန်းပိုင်၊ ကန်တင်းမန်နေဂျာနှင့် ရှုချန်းတိုအား ခွင့်တိုင်ရန် စာပို့ခဲ့သည်။ ပိတ်ရက်စာသင်သည့် အလုပ်ကိုလည်း ရွှေ့ဆိုင်းလိုက်သည်။
ရှုချန်းက စာကိုလျင်မြန်စွာ တုံပြန်ခဲ့ပြီး သူမအား နှစ်သိမ့်ပေးခဲ့သည်။ အားလုံးကလည်း သူမ၏အခြေအနေကို အကြမ်းဖျင်း နားလည်ကြသဖြင့် ခွင့်ပေးလိုက်ကြသည်။
အန်းနဉ် တဖြည်းဖြည်းနှင့် စိတ်တည်ငြိမ်လာသည်။
သေချာစဉ်းစားကြည့်လျှင် ဝမ်ယွီစကားများမှာ အမှန်ပင်ဖြစ်သည်။ သူမအဖွား၏အခြေအနေက အသက်အန္တရာယ် စိုးရိမ်ရသည်အထိ မဟုတ်ပေ။ ထိုအပြင် အားလုံးကိုလည်း သေချာစီစဉ်ထားပြီးသားဖြစ်သည်။ ယခင်ဘဝကပင် ခွဲစိတ်မှုက ချောချောမွေ့မွေ့နှင့် အောင်မြင်ခဲ့သည်။ လက်ရှိတွင်လည်း ပိုက်ဆံအကုန်ခံကာ သူနာပြုတစ်ယောက်ကို ငှားခဲ့သေးသည်။
သူမ နားမလည်သည့် တစ်ခုတည်းသောအရာမှာ သူမအဖွားအခြေအနေက အဘယ်ကြောင့် မြန်မြန်ဆိုးရွားလာရသည် ဆိုသည်ကိုပင်။
နောက်တစ်နေ့မနက်တွင် ဝမ်ယွီက မနက်စာသယ်လာကာ တံခါးကို လာခေါက်သည်။
“များများစား မင်းပိုတည်ငြိမ်ဖို့လိုတယ်... ကိုယ့်ကိုယ်ကို ဂရုစိုက်ရမှာပေါ့...မင်းသာလဲသွားရင် အဖွားမှာ မှီခိုရမယ့်သူ မရှိဘူးနော်....”
ယခင်ဘဝတွင် ကျိအန်းနဉ်သေဆုံးသွားပြီးနောက် အဖွားက အိမ်ထဲ သော့ခတ်ခံထားရသဖြင့် ဆာလောင်ပြီး သေလုနီးပါးဖြစ်နေခဲ့သည်။
သူမ ခဏတုံ့ဆိုင်းသွားပြီး ပြောလိုက်သည်။
“ရှင် ပြောတာမှန်တယ်...”
ယမန်နေ့ညက သူမ၏ ထိတ်လန့်တုန်လှုပ်နေပုံကို တွေးမိပြီး ယခုမနက် တည်ငြိမ်သွားသည့် အမူအရာကို ကြည့်ကာ ဝမ်ယွီက အသားညှပ်ပေါင်မုန့်ကို ခပ်ကြီးကြီး ကိုက်လိုက်သည်။
“ကျောင်းကို ခွင့်တိုင်ပြီးပြီလား...”
“တိုင်ပြီးပြီ...”
“အလုပ်ကရော...”
“အားလုံးလုပ်ပြီးပြီ...”
မနက်စာစားပြီးသည်နှင့် ထွက်လာခဲ့ကြသည်။ လမ်းတွင် ဝမ်ယွီက သူမကို နှစ်သိမ့်ပေးခဲ့သည်။
“ဒီနေ့က ခွဲစိတ်ဖို့ ပြင်ဆင်ရုံပဲ...ဘာမှလုပ်စရာ သိပ်မရှိဘူး... စာအုပ်တွေယူလာလိုက်လေ၊ မှတ်စုနဲ့ ကျန်တာတွေကူးဖို အတန်းဖော်တွေကို အကူအညီတောင်းလို့ရတယ်... ဟိုတစ်ယောက်နာမည်ဘယ်သူ၊ မုန့်ရှင်းယွီဆိုလား...”
အန်းနဉ်က ခေါင်းညိတ်ကာ ပြန်ဖြေသည်။
“ဟုတ်တယ် မုန့်ရှင်းယွီ... ကျွန်မသူ့ကို ပြောလိုက်မယ်...”
“ကူးရမယ့်ဟာကို ချန်းဟောင်ကို ပေးခိုင်းလိုက်လိုရတယ်... အခုဆို သူတို့က တော်တော်ရင်းနှီးနေပြီ... နောက်မှ ချန်းဟောင်ကနေတဆင့် ကိုယ်ယူလာခဲ့မယ်...”
အရာအားလုံးကို ကောင်းစွာစီစဉ်ပြီးနောက် သူမ၏နှလုံးသားလေးက တဖြည်းဖြည်းချင်း ငြိမ်ကျသွားသည်။
အဖွား၏အခြေအနေက ကောင်းမွန်သည်။ သူနာပြုကလည်း ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း အဖွားကို သေချာပြုစုပေးသည်။
အဖွားကို ကြည့်ပြီးနောက် ဝမ်ယွီကို ပြန်ခိုင်းလိုက်သည်။
ညနေစာသင်ချိန်ပြီးသည်နှင့် ဝမ်ယွီက မုန့်ရှင်းယွီ၏မှတ်စုကိုယူကာ ပြန်လာခဲ့သည်။ ထိုနောက် အဖွားညစာစားသည်ကို အတူတူစောင့်ကြည့်ပြီး သူနာပြုဆီလွှဲခဲ့ကာ အိမ်သိုပြန်လာသည်။
ညစာစားနေစဉ် အန်းနဉ် နောင်တရလာသည်။
"ဒီနေ့ ကော်ဖီဆိုင်ကနေ ခွင့်မယူလိုက်သင့်ဘူး... ”
ယခင်ဘဝမှ အတွေးအခေါ်များကို လိုက်နာကာ ခွင့်ယူခဲ့သော်လည်း အဖွားအတွက် သူနာပြုတစ်ယောက် ငှားရမ်းထားပြီဖြစ်၍ သူမအနေနှင့် အချိန်တိုင်း နေပေးရန်မလိုအပ်ပေ။ ခွင့်မယူလိုက်ပါက ငွေရှာရန် နှောင့်နှေးနေမည်မဟုတ်ပေ။
“ရှင်ဆေးရုံစရိတ်ဘယ်လောက်ရှင်းလိုက်ရလဲ... ကျွန်မကိုပြေစာပေးပါ...”
"အဲ့ဒီကိစ္စတွေ စိုးရိမ်နေစရာမလိုပါဘူးကွာ...”
“ဝမ်ယွီ...”
အန်းနဉ်သက်ပြင်းချလိုက်သည်။
“ကျိအန်းနဉ်... မင်းမှာ ကိုယ်ကိုပြန်ဆပ်ဖို တစ်သက်လုံးအချိန်ရှိသေးတယ်... အလျင်လိုစရာမလိုပါဘူးကွာ...”
သို့သော်ငြားလည်း တချို့အရာများက မည်သို့သောအခါမှ ပြန်ဆပ်နိုင်မည် မဟုတ်သည်ကို အန်းနဉ် တွေးလိုက်မိသည်။
ငွေကြေးအရ စဉ်းစားလိုက်လျှင် သူမက ရှုချန်းထံမှ ခွင့်ထားသည်ကို ပြန်ဖျက်ရန် တွေးထားသည်။ သို့ရာတွင် ရှုချန်းက သူမနေရာတွင် အခြားသူအား ပြန်စီစဉ်ထားလိမ့်မည် ဖြစ်သဖြင့် သူမသာ ပြန်ဖျက်လိုက်လျှင် လူအတော်များများကို ဒုက္ခဖြစ်စေလိမ့်မည်။
သူမ စိတ်ပင်ပန်းလာသည်။
သူမဘက်မှ ထုတ်မပြောခဲ့သော်လည်း ဝမ်ယွီက သူမ၏ပူပန်မှုများကို နားလည်နေသည့်အတိုင်းပင်။ ကားထဲရောက်သည်နှင့် သူမခေါင်းကို ပွတ်သပ်လိုက်သည်။
“ကိုယ်ပြောထားတယ်လေ စိုးရိမ်နေစရာမလိုဘူးလို့... မင်းအတွက် ကိုယ်ဒီမှာရှိနေမှာ...”
ငါ တကယ်ပဲ အရာရာကိုလွှတ်ချပြီး သူ့ကိုမှီခိုနိုင်ပါ့မလား...
သောကြာနေ့တွင် ခွဲစိတ်မှုစတင်ခဲ့ပြီး ချောချောမွေ့မွေ့ အောင်မြင်ခဲ့သည်။ အဖွား၏ အခြေအနေက ကောင်းမွန်နေသည်။
ဝမ်ယွီက ဆေးရုံ၌ အန်းနဉ်နှင့် နေပေးရန် ခွင့်ယူခဲ့သည်။ ခွဲစိတ်မှု အောင်မြင်ပြီးနောက် အန်းနဉ်က သူ့ကို ကျောင်းသို့ ပြန်စေသည်။ သူ့အနေနှင့် အမျိုးသမီးလူနာဆောင်တွင် နေရန် မဖြစ်နိုင်သဖြင့် ပြန်လိုက်ရသည်။
နေ့လည်စာစားချိန်တွင် ဝမ်ကောအန်းက သူ့ကိုဖုန်းခေါ်ကာ ညနေ သူနှင့် ညစာလာစားရန် ပြောသည်။ ဝမ်ယွီလည်း အန်းနဉ်ကို ဖုန်းခေါ်၍ ညနေ သူလာကြို၍မရကြောင်းနှင့် ဂရုတစိုက်နေရန် ပြောသည်။
“သိပါပြီ... ရှင်လည်း လုပ်စရာရှိတာလုပ်ရမှာပေါ့၊ အန်တီကျန်းလည်း ဒီမှာရှိနေတော့ အဆင်ပြေပါတယ်...”
အန်တီကျန်းဆိုသည်က ဝမ်ယွီငှားခဲ့သည့် လူနာစောင့်အန်တီဖြစ်ပြီး လူနာများကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်နိုင်သည့် သန်သန်မာမာ သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးဖြစ်သည်။
ဝမ်ယွီနှင့်ဖုန်းပြောပြီးနောက် အန်တီကျန်းက ပြုံးကာ ဆိုသည်။
“သမီးရဲ့ကောင်လေးက တကယ်စဉ်းစားပေးတတ်တာပဲ...”
အန်းနဉ်က ပြုံးကာ အခြားဘာမှမတုံ့ပြန်ပေ။
အန်တီကျန်းက ဆက်ပြောလာသည်။
“အန်တီကျန်းပြောပြမယ်... ရည်းစားရှာတဲ့အခါမှာ အမြင်ကျယ်ရမယ်... တချို့ကောင်လေးတွေက ရုပ်ချောပြီး စကားပြောကောင်းပေမဲ့ တကယ်တမ်းကျတော့ ဘာမှအသုံးမကျဘူး... ပြီးခဲ့တဲ့လက သမီးအရွယ်လောက်ရှိတဲ့ ကောင်မလေးတစ်ယောက် ရည်းစားရပြီး လေးလအကြာမှာ ကိုယ်ဝန်ရှိနေမှန်း သိလိုက်ရလို့ ဆေးရုံကို ကိုယ်ဝန်ဖျက်ချဖို့ ရောက်လာတယ်... သူ့ကောင်လေးဆိုတဲ့ အကောင်ကတော့ အမလေး သူ့ကိုယ်သူ ဘုရင်ကြီးလိုလို ဘာလိုလိုနဲ့ အခန့်သားထိုင်နေတယ်... တစ်ချိန်လုံးဘာမှမလုပ်ဘူး... ပြီးတော့ ကောင်မလေးကိုများ ငိုတဲ့အထိဆူပူကြိမ်းမောင်းနေတာ သနားစရာပါပဲ...”
ထိုစကားကိုကြားသွားပြီးနောက် အန်းနဉ်၏အဖွားက ဒေါသထွက်လာသည်။
"ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ... နဉ်နဉ်က ခုမှ ပထမနှစ်ပဲရှိသေးတယ်...”
အန်တီကျန်းက အဖွားရောဂါအခြေအနေကို သိသဖြင့် ပြန်တောင်းပန်သည်။
“ဟုတ်တာပေါ့၊ ဟုတ်တာပေါ့...ကျွန်မအမှားပါ၊ ထပ်မပြောတော့ဘူးနော်...”
အန်တီကျန်းက အဖွားအတွက် သေသေချာချာတွေးတောပေးတတ်သည်။ ဆေးရုံဆောင်တွင် အဖွားတစ်ယောက်တည်းမဟုတ်ဘဲ တခြားလူနာနှင့် သူနာပြုများရှိသေးသည်။ သူတို့နှင့်ယှဉ်ကြည့်လိုက်လျှင် သိသာလွန်းသည်။
အန်းနဉ်က အန်တီကျန်းကို ကျေးဇူးတင်လိုက်သည်။
အန်တီကျန်းက လက်ကိုယမ်းကာ ဆိုသည်။
“သမီးကောင်လေးဆီက ပိုက်ဆံအလကားမယူချင်ပါဘူး... သမီးက လူရွေးတဲ့နေရာမှာ အမြင်ကောင်းရှိတယ်လို့ ပြောရမယ်... အဲ့လူငယ်လေးက တကယ်ရက်ရောတယ်...”
ဝမ်ယွီက အန်တီကျန်းကို ယွမ်ငါးရာ တိတ်တိတ်လေး ပေးခဲ့ကြောင်း ထိုအချိန်မှ သူမသိလိုက်ရသည်။
သူနာပြုတစ်ယောက်၏ နေ့စဉ်လုပ်အားခမှာ ယွမ်၁၆၀ဖြစ်သည်။ ၎င်းကို ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီအား ပေးချေရပြီး သူနာပြုများက ကော်မရှင်ခကိုသာ ရရှိသည်။
သို့သော် ဝမ်ယွီက အန်တီကျန်းကို တိုက်ရိုက်ပေးခြင်းဖြစ်သဖြင့် ကိုယ်ပိုင်ငွေအဖြစ် သတ်မှတ်နိုင်ပြီး အားလုံးကို သူမသာပိုင်ဆိုင်သည်။
အန်တီကျန်းက အဖွားကို ဂရုတစိုက်ပြုစုပေးနေသည်မှာ အံ့ဩစရာမရှိတော့ပေ။
၎င်းက ဝမ်ယွီလုပ်နေကျ နည်းလမ်းပင် ဖြစ်သည်။
ဝမ်ယွီအပေါ် ပိုပိုပြီး အကြွေးတင်နေမိ၍ အန်းနဉ် သက်ပြင်းချလိုက်သည်။
ဝမ်ယွီဘက်တွင်မူ သူက တစ်ညနေလုံး ဝမ်ကောအန်းထံ၌ ရှိနေခဲ့ရသည်။ ထို့အပြင် စနေနေ့တစ်နေ့လုံးလည်း မအားပေ။
စနေနေ့ညတွင် သူက တိတ်ဆိတ်သည့်ချောင်တစ်နေရာသို့ ခဏလစ်ထွက်လာပြီး အန်းနဉ်ကိုဖုန်းခေါ်လိုက်သည်။
“အဖွားက တော်တော်ကျန်းမာနေပါပြီ... ဆရာဝန်ကပြောတယ် မနက်ဖြန်ဆို သူ လှုပ်လှုပ်ရှားရှား နေနိုင်ပြီတဲ့... ဒါပေမဲ့ ရက်ပိုင်းလောက်တော့ သေချာစောင့်ကြည့်ဖို့လိုသေးတယ်ဆိုတော့ ဗုဒ္ဓဟူးနေ့လောက်မှ ဆေးရုံကဆင်းလို့ရမှာ...”
ပုံမှန်ဆိုလျှင် အသေးစားစစ်ဆေးမှုလုပ်သည့်အခါ လူနာက လေးငါးရက်လောက်နေပြီး ဆေးရုံက ဆင်းနိုင်သည်။ အန်းနဉ်၏အဖွားက အသက်ကြီးနေသည့်အပြင် နာတာရှည်ရောဂါလည်း ရှိနေသောကြောင့် ရက်အနည်းငယ် စောင့်ကြည့်ရန် ဆရာဝန်က အကြံပေးလိုက်သည်။
“မင်းအခုဘယ်မှာလဲ...ဆေးရုံမှာလား... ကိုယ်ညစာစားပြီးတာနဲ့ မင်းကိုလာကြိုမယ်လေ...”
“မဟုတ်ဘူး ကျွန်မအိမ်မှာလေ... ဘယ်အချိန်ရှိနေပြီလဲ ကြည့်ပါဦး...”
အန်းနဉ်က အပြုံးနှင့်ဆိုသည်။ သူမ စိတ်အေးလက်အေးဖြစ်နေမှန်း သိသာသည်။
ဝမ်ယွီလည်း ၎င်းကိုသိ၍ စိတ်သက်သာရာရသွားသည်။
“ဒါဆို ဒီည ကိုယ်မင်းကိုလာတွေ့မယ်လေ...”
အန်းနဉ်က သူ့ကိုတားလိုက်သည်။
“စိတ်ရှုပ်မခံပါနဲ့... ရှင်သောက်လာတယ်မလား.... ကောင်းကောင်းနားပါ....”
နောက်ဆုံးဝမ်ယွီက အရှုံးပေးလိုက်ရသည်။
ယနေ့ည သောက်ထားသော်လည်း သူကိုယ်တိုင်ကားမောင်းမပြန်ဘဲ ဝမ်ကောအန်းနှင့်အတူ တစ်ကားတည်း လိုက်လာသည်။
ကားအနောက်ခန်းက မျက်နှာချင်းဆိုင်ထိုင်ခုံနှစ်တန်းပါ၍ ဝမ်ယွီ ကားပေါ်ရောက်ရောက်ချင်း လှဲချလိုက်သည်။ ညစာစားပွဲတွင် သူက ရင့်ကျက်တည်ငြိမ်ပြီး လွန်စွာချီးကျူးခံရသော်လည်း ဝမ်ကောအန်းအရှေ့တွင်မူ ဆိုးသွမ်းသည့် ကလေးကဲ့သို့ ပြုမူနေခဲ့သည်။
ဝမ်ကောအန်းက ကားထဲတွင် စာရွက်စာတမ်းများကို ဖတ်နေရာမှ ဖုန်းနှင့်ကစားနေသည့် သားဖြစ်သူအား ကြည့်လိုက်၍ မျက်မှန်ကို ပင့်တင်လိုက်ပြီး ဆူတော့သည်။
“မတ်မတ်ထိုင်စမ်း... အိပ်ရင်းနဲ့ ဆော့မနေနဲ့.. မျက်လုံးပျက်စီးလိမ့်မယ်...”
“အဖေလည်း ကားထဲ စာရွက်စာတမ်းတွေဖတ်နေတာပဲလေ... အဖေ့မျက်လုံးတွေလည်း ဘာထူးလို့လဲ...”
ဝမ်ယွီပျင်းလာသဖြင့် social mediaပေါ်တွင် သူ့သူငယ်များတင်ထားသည်ကို ကြည့်နေလိုက်သည်။ ထို့နောက် မိနစ်အနည်းငယ်က စွန်းယာရှန့် တင်ထားသည့်ပုံကို တွေ့လိုက်ရသည်။
ပုံက သေချာရိုက်ကူးထားပြီး မျက်နှာများကို မပါစေဘဲ ဇိမ်ခံအသုံးအဆောင် အပြင်အဆင်များ၊ လက်ရာမြောက်သော သစ်သီးပန်းကန်များနှင့် တောက်ပြောင်သည့်ခွက်များကိုသာ အသားပေးဖော်ပြထားသည်။ ရိုက်ထားသည့်ရှုထောင့်က ပြည့်စုံသည့်အပြင် အထက်တန်းကျသည့် ပုံစံပေါက်စေသည်။
[ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တွေကနေ ဘွဲ့ရတဲ့ အထက်တန်းလွှာတချို့နဲ့ တွေ့ခဲ့ရတယ်... သူတို့ရဲ့စကားပြောပုံဆိုပုံတွေ အတွေးအခေါ်တွေက သာမန်လူတွေနဲ့ တအားကွာတာပဲ.... ငါလည်း အလုပ်ကြိုးစားပြီးတော့ တစ်နေ့မှာ ဒီလိုထူးချွန်တဲ့လူမျိုးဖြစ်ဖို့ မျှော်လင့်ရတာပဲ]
စကားလုံးများက အတော်အတန်ပင် အပြုသဘောဆောင်ပြီး စိတ်အားထက်သန်စေကာ သူမအား အဆင့်မြင့်ပညာရေးဟောပြောပွဲတစ်ချို့ တက်ဖူးသူဟု ထင်မြင်သွားစေသည်။
သို့သော် ဝမ်ယွီကမူ ထိုပုံမှာ ချန်းဟောင်ရန်နှင့် သူ့အဖွဲ့ ပိတ်ရက်တိုင်း မိန်းကလေးများနှင့် အရက်သောက်နေသည့် ပုံသာဖြစ်ကြောင်းကို သိနေသည်။
စွန်းယာရှန့်ကလည်း သူတို့ထဲကတစ်ယောက် ဖြစ်ပုံရသည်။
မိန်းကလေးများက ဤလူများနှင့် ရင်းနှီးနိုင်ရန်အသိုင်းအဝိုင်းထဲကို ဝင်ချင်ကြသည်။ သို့သော် သူတို့တွင် နည်းလမ်းမရှိပေ။ ဝမ်ယွီလုပ်လိုက်သည်က စွန်းယာရှန့်ကို အခွင့်အရေးတစ်ခုပေးလိုက်ရုံပင်။
ယခင်အိပ်မက်ထဲတွင် စွန်းယာရှန့်က အန်းနဉ်ကို မကောင်းပြောခဲ့သည်။
ဝမ်ယွီက သူမမျက်နှာကိုမြင်လိုက်တိုင်း အန်းနဉ်ကို သွေးမထွက်ဘဲ သေသွားစေနိုင်သည့် သူမ၏ ရက်စက်ကြမ်းကြုတ်သည့် စကားများကို ပြန်သတိရကာ ဒေါသကြီးစွာထွက်လာသည်။
သို့သော် စွန်းယာရှန့်က မိန်းကလေးဖြစ်နေသည့်အတွက် သူ့အနေနှင့် အော်ငေါက်ခြင်း သောင်းကြမ်းခြင်းမလုပ်နိုင်ပေ။ ထို့ကြောင့် သူမကို အခွင့်အရေးတစ်ခုပေးခဲ့သည်။ သူမက သူ့လိုလူမျိုးကို လိုက်ဖမ်းနိုင်ရန် ကြိုးစားနေ၍ အန်းနဉ်ကို နှိမ်ခဲ့သည့် စကားများအတိုင်း “ဒုတိယမျိုးဆက် သူဌေးသား” “ချမ်းသာတဲ့လူတွေ”နှင့် ကြုံရသည့်အခါ ဘယ်လိုတုံ့ပြန်မည်ကို သိချင်မိသည်။
ဝမ်ကောအန်းဆီမှ အချက်ရေအနည်းငယ် အကန်ခံရပြီးနောက် သူ သေချာထိုင်လိုက်သည်။
“ဘာလို့ စိတ်ဆိုးတဲ့ပုံပေါက်နေတာလဲ...ဘယ်သူက မင်းကို စိတ်ဆိုးအောင်လုပ်လိုက်တာလဲ....”
ဝမ်ကောအန်းက စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
“ဒီလိုပိတ်ရက်ကြီးမှာ အဘိုးကြီးတစ်စုနဲ့ လာသောက်ခိုင်းတာ ဘယ်လိုလုပ်ပျော်နေမှာလဲ...”
ဝမ်ယွီက ညည်းညူလိုက်သည်။
ဝမ်ကောအန်းက စိတ်အနှောင့်အယှက်ဖြစ်သည့်ပုံစံဖြင့် ပြန်ပြောသည်။
“မင်းကို ဘာကများ အနှောင့်အယှက်ဖြစ်စေတာလဲ....”
ကလေးများကို သူတို့မိဘများထက် ပိုသိနိုင်မည့်သူ မရှိချေ။ ဝမ်ယွီက အပြင်လူများအရှေ့တွင် တည်ငြိမ်ကာ မိသားစု၏ အမွေဆက်ခံသူအဖြစ် တာဝန်ကျေပွန်စွာ ထမ်းဆောင်တတ်သူဖြစ်၍ ဤကဲ့သို့ မညည်းညူဖူးပေ။ တစ်ခုခုက သူ့ကို အနှောင့်အယှက်ဖြစ်စေသည်မှာ သေချာသည်။
ဝမ်ယွီက အရှက်မရှိစွာ ပြောဆိုသည်။
“ဘာဖြစ်ရမှာလဲ... ကောင်မလေးနဲ့ ရှိနေရမယ့်အချိန်တွေ နည်းကုန်တာပေါ့....”
ဝမ်ကောအန်းက လှောင်ပြောင်သည့်အသံဖြင့် ပြန်ပြောသည်။
“ကောင်မလေးဟုတ်လား... ဒီနေ့ တစ်ယောက်လား... မနေ့က တစ်ယောက်လား.... အဖေကတော့ မင်းတကယ်ပဲ ကောင်မလေးအတည်တကျထား၊ ဘွဲ့ရပြီးတာနဲ့ အဖေ့ကို ဝဝတုတ်တုတ်မြေးလေး ပေးနိုင်အောင်လို့ မြန်မြန်လက်ထပ်လိုက်ဖို့ မျှော်လင့်တယ်...”
ဝမ်ကောအန်းက အသက်ကြီးမှ ဖခင်တစ်ဦးဖြစ်လာသူဖြစ်သည်။ သူ့က ကျန်းမာရေးကို ဂရုစိုက်သော်ငြားလည်း အိုမင်းလာသည်ကို မတားဆီးနိုင်ပေ။ သူ့မြေးလေးကို တွေ့ရသည်အထိ အသက်မရှည်မည်ကို စိုးရိမ်နေမိသည်။
“အဖေက အရမ်းတောင်းဆိုနေတာပဲ... ကျွန်တော့်အဖိုးအတွက် မြေးအစားထိန်းပေးချင်တာများလား...”
ဝမ်ယွီမွေးလာချိန်က နောက်ကျသဖြင့် သူ့အဖိုးအဖွားများက ဆုံးပါးသွားပြီးဖြစ်ကာ သူတို့နှင့်အတူနေရန် အခွင့်အရေးမရခဲ့ချေ။
“ဒါ့ကြောင့် အဖေ့အတိုင်းလိုက်မလုပ်နဲ့... နောက်ကျမှ အိမ်ထောင်ပြုတာမကောင်းဘူး...”
ဝမ်ကောအန်းက မျက်မှန်ကို ပင့်တင်လိုက်သည်။
“မဟုတ်ရင် အဖေ့လိုဖြစ်လိမ့်မယ်...”
ဝမ်ကောအန်းသည်လည်း ငယ်စဉ်က အပျော်မက်ခဲ့သည်။ သက်လတ်ပိုင်းအရွယ်တွင် ထူးချွန်သည့် တက္ကသိုလ်မှ ဘွဲ့ရခဲ့သော ထက်မြက်လှပသည့် အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ခဲ့သည်။ သူ့သားအလှည့်တွင်မူ ဘွဲ့ရပြီးသည်နှင့် မြန်မြန်လက်ထပ်ကာ မိသားစုအမည်ဆက်ခံနိုင်ရန် မျှော်လင့်နေမိသည်။
အဖေက စိတ်ကူးတွေယဉ်နေတာဘဲ....
ဝမ်ယွီ မျက်လုံးကို လှိမ့်လိုက်သည်။
ပျင်းနေသည်နှင့် သူက ဝမ်ကောအန်းထံမှ စာရွက်စာတမ်းများကို ယူကာ လှန်ကြည့်လိုက်သည်။
“ဟေး... ကျွန်တော်တို့မှာ ဘိုးဘွားရိပ်သာပရောဂျက်တစ်ခု ရှိတာလား...”
သူက စာရွက်များကို စိတ်ဝင်တစားကြည့်နေခဲ့သည်။
“ဒီဟာက အနာဂတ်မှာ အလားအလာကောင်းရှိတယ်... ဒီအပိုင်းမှာ အဖေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ထပ်တိုးဖို့ စီစဉ်ထားတယ်...”
ဝမ်ကောအန်းက ဈေးကွက်အလားအလာကြောင်းကို ပြောပြနေချိန်တွင် ဝမ်ယွီက အန်းနဉ်၏အဖွားအကြောင်းကို တွေးနေခဲ့သည်။
အန်းနဉ်က လေးလံသည့် တာဝန်ကို ထမ်းနေရပြီး ထို’တာဝန်’ဆိုသည်မှာ သူမ၏အဖွားဖြစ်သည်။
###