🤚Chapter 50
တနင်္ဂနွေနေ့ အန်းနဉ်ဘတ်စ်ကားမှတ်တိုင်သို့ မရောက်မီ တုချင်ထံမှ ဖုန်းဝင်လာသည်။
“အရေးပေါ်အလုပ်တစ်ခုရှိတယ် လာနိုင်မလား...”
‘အရေးပေါ်အလုပ်’ဆိုသည်က ချိတ်ဆက်ထားသည့် မော်ဒယ်က အကြောင်းတစ်ခုခုကြောင့် ရိုက်ကူးရေးကို ဖျက်သိမ်းလိုက်၍ နောက်တစ်ယောက်ကို အစားထိုးရန်လိုနေသည့် အခြေအနေကို ဆိုလိုခြင်းဖြစ်သည်။ အန်းနဉ်ကဲ့သို့ ကျော်ကြားမှုမရှိ၊ ဓာတ်ပုံဆရာနှင့် စာချုပ်ချုပ်ဆိုထားခြင်းမရှိသေးသည့် လူသစ်လေးတစ်ယောက်အနေဖြင့် ထိုအရေးပေါ်အလုပ်မှ ဝင်ငွေများစွာရနိုင်သည်။
အန်းနဉ် မူလကငြင်းရန် လုပ်သော်လည်း တုချင်က ခပ်မြန်မြန်ပြောလာသည်။
“အများကြီးတော့မဟုတ်ဘူး... သုံးဆယ်လောက်ပဲ... မင်းရဲ့အရှိန်နဲ့ဆို သုံးလေးနာရီလောက်ပဲ ကြာမှာ... လာမှာလား...”
အန်းနဉ်၏စာသင်သည့်အလုပ်မှ တစ်နာရီကို ယွမ်ကိုးဆယ်သာ ရသည်။ သူမက နာမည်ကြီးတရုတ်တက္ကသိုလ်မှ ဖြစ်သောကြောင့် ဤနှုန်းထားကို ရနိုင်ခဲ့ခြင်းဖြစ်သည်။
တုချင်းပြောသည့် ပမာဏကို စိတ်ထဲလျင်မြန်စွာ တွက်ချက်လိုက်သည်။ သုံးလေးနာရီ ကြာမည်ဆိုလျှင် ယွမ်၁၃၀၀မှ ၁၆၀၀အထိ ရနိုင်မည် ဖြစ်သည်။ ထိုပမာဏနှင့်ဆိုလျှင် လူနာစောင့်ငှားထားသည့်စရိတ်ကို ကာမိနိုင်သည်။
အဖွား၏အခြေအနေက ပြန်ကောင်းနေပြီဖြစ်၍ ယနေ့ဆေးရုံဆင်းရလောက်သည်။ အန်တီကျန်းကလည်း စောင့်ရှောက်ပေးနေမည်ဖြစ်၍ ဆေးရုံကို အနည်းငယ်နောက်ကျမှ ရောက်လျှင်လည်း ပြဿနာမရှိချေ။
“ကျွန်မလာမယ်...”
အန်းနဉ်က ချက်ချင်းပြန်ဖြေသည်။
“ဘယ်နေရာမှာလဲ...”
လိပ်စာရသည်နှင့် တုံ့ဆိုင်းမနေဘဲ တက္ကစီခေါ်လိုက်သည်။
တစ်ဖက်တွင် ဝမ်ယွီက မနက်စောစောထရန် စီစဉ်ထားသော်လည်း ညက သောက်ထားသည်ကြောင့် ဆက်အိပ်ပျော်နေခဲ့သည်။
အန်းနဉ်၏အဖွားက နေပြန်ကောင်းလာပြီး ဂရုစိုက်ပေးမည့် သူနာပြုလည်း ရှိနေသည့်အတွက် အန်းနဉ်လည်း ပင်ပန်းနေမည် မဟုတ်ကြောင်းသိသဖြင့် သူ့တွင် စိတ်ပူပန်ခြင်း မရှိတော့ပေ။
နည်းနည်းနောက်ကျမှ ထကာ အချိန်ကို ကြည့်ပြီး အန်းနဉ်ဆေးရုံရောက်နေလောက်ပြီဟု ခန့်မှန်းလိုက်သည်။ ထို့ကြောင့် ဆေးရုံကို တိုက်ရိုက်သွားလိုက်သည်။
စနေနေ့ညက ဝမ်ကောအန်းနှင့် အတူပြန်လာခဲ့သည်ကြောင့် သူ့ကားက သူနေသည့်အိမ်တွင် ကျန်ခဲ့သည်။ ဝမ်ကောအန်းအိမ်ရှိ ကားများက မော်ဒယ်နိမ့်ကာ လူကြီးအကြိုက်ကားမျိုး ဖြစ်နေသည်။ ချန်းလျန်၏ကားကမူ မိန်းမဆန်လွန်းသည်။ နောက်ဆုံးတွင် Ferrariကားသော့တွေ့၍ မောင်းထွက်လာခဲ့သည်။
လမ်း၌ ကိတ်ဆိုင်တစ်ခုတွင်ရပ်ကာ အန်းနဉ်အဖွားအတွက် နူးညံ့ကာအချိုမပါဘဲ အစာကြေလွယ်သည့် မုန့်တချို့ ဝယ်လိုက်သည်။
ဆေးရုံတွင် အန်းနဉ်ကို မတွေ့ရမည်ကို မထင်မှတ်ထားချေ။
“သူက လုပ်စရာရှိလို့ နေ့လည်လောက်မှ ရောက်မယ်ပြောတယ်...”
အန်တီကျန်းက ပြောကာ ဝမ်ယွီဝယ်လာသည့် မုန့်များကို ယူလိုက်သည်။
ဝိုး သကြားမပါဘူး....လူငယ်လေးက တွေးပေးတတ်သားပဲ...
အန်တီကျန်းက အန်းနဉ်က အမှန်တကယ်ပင် အမြင်ရှိသည်ဟု ပိုပြီးခံစားလာရသည်။
အဖွားက အခြေအနေကောင်းမွန်နေပြီး အရေးတကြီးကိစ္စမရှိသည့်အတွက် ဝမ်ယွီက မေးခွန်းအနည်းငယ် မေးပြီးပြန်သွားသည်။
ပြန်လာသည့်လမ်းတစ်လျှောက် အန်းနဉ်ကို ဖုန်းခေါ်လိုက်သည်။
ပိတ်ရက်စာသင်ရန်ကိုပါ ဖျက်ထား၍ သူမထံတွင် မည်သည့်အလုပ်ရှိနေကြောင်း သူသိချင်မိသည်။
အကြိမ်ကြိမ်ခေါ်ဆိုနေသော်လည်း သူကားထဲရောက်သည်အထိ ဖုန်းက ဖြေကြားမည့်သူမရှိပေ။ နောက်ဆုံးတွင် အန်းနဉ်ဘက်က ဖုန်းပြန်ဖြေလာသည်။
“ကျွန်မ အရေးပေါ်အလုပ်ပေါ်လာလို့... မော်ဒယ်လုပ်ဖို့ပါ...”
စကားဆုံးသည့်နောက် ဝမ်ယွီဘက်ကလေသံက တခုခုမှားယွင်းနေသည်ကို သူမခံစားမိသည်။ သို့သော် သူမတွင် ရှင်းပြရန် အချိန်မရှိသေးပေ။
"တကယ်အလုပ်ရှုပ်နေတာ... အခုသေချာပြောလို့ မရသေးဘူး... နေရာလား... အိုကေ ပို့လိုက်ပြီနော်...”
ထို့နောက် သူမဘက်မှ ဖုန်းချသွားသည်။
ကျသွားသည့်ဖုန်းကို ကြည့်ကာ ဝမ်ယွီ၏အမူအရာက ချဉ်တူးလာသည်။
အန်းနဉ်ထံမှ ‘မော်ဒယ်လုပ်နေတယ်’ဟု ကြားလိုက်ရချိန်တွင် သူ့နှလုံးသားက ရုတ်တရက်အောင့်လာသည်။ အန်းနဉ်က သူ့လေသံတခုခုမှားနေသည်ကို ရိပ်မိသော်လည်း အကြောင်းရင်းကို မသိပေ။
‘စီးပွားရေးမော်ဒယ်’ဆိုသည်မျိုး ရှိနေမှန်း သူမ မသိခဲ့ချေ။ ထိုမော်ဒယ်များက Runwayမော်ဒယ်မဟုတ်ပေ။ ဓာတ်ပုံရိုက်ခြင်းလည်း မရှိဘဲ ချမ်းသာသည့် သူများ စုဝေးသည့်အခါ သူဌေးများနှင့် ပွဲလိုက်တက်ပေးရသူမျိုးဖြစ်သည်။
ဝမ်ယွီက ထိုမော်ဒယ်များကို ဦးစွာတွေးလိုက်မိသည်။
အကြောင်းအရင်းမှာ အန်းနဉ် ယခင်က များပြားလှသည့်ဝင်ငွေကြောင့် အန္တရာယ်ကိုမမှုဘဲ အရက်ရောင်းဖူး၍ ထိုသို့တွေးမိခြင်းက ဝမ်ယွီ့အပြစ် မဟုတ်ချေ။
အန်းနဉ်က ဝမ်ယွီကို တည်နေရာပို့လိုက်ပြီး ဖုန်းကိုချကာ အဝတ်လဲရန် အမြန်သွားသည်။
တစ်လမ်းလုံး ဝမ်ယွီက အန်းနဉ် မော်ဒယ်အေဂျင်စီ၏ လှည့်စားခြင်းခံရမည်ကို စိတ်ပူနေခဲ့သည်။ တည်နေရာကို စစ်ဆေးပြီး အမြန်မောင်းလာခဲ့သည်။
နေရာက ယခင် သူမရိုက်ကူးဖူးသည့် နယ်မြေမှာပင်။ ယခုတစ်ကြိမ်က အဆောက်အအုံလေးထဲရိုက်ရမည် မဟုတ်ဘဲ အပြင်ဘက်တွင်သာဖြစ်သည်။
ထိုနေရာတွင် အဝတ်လဲခန်းတစ်ခုရှိနေပြီး လူအများအပြား စုဝေးနေသည်။ အလင်းပြန်ကိရိယာများနှင့် အခြားသော စက်ပစ္စည်းများတပ်ဆင်ထားသည်ကို တွေ့ရသည်။ ဝမ်ယွီက နေရာကို မြန်မြန်ရှာတွေ့လိုက်သည်။
အန်းနဉ်က လူငယ်ဆန်ဆန် ဆောင်းရာသီဝတ် ချည်ထည်ကို ဝတ်ထားပြီး ဓာတ်ပုံဆရာရှေ့တွင် ချိုသာစွာ ပြုံးနေခဲ့သည်။
သူမ၏ကိုယ်က ကခုန်နေသည့်အတိုင်း ကိုယ်ဟန်အနေအထားမျိုးစုံ ထောင့်မျိုးစုံပြောင်းသည်။ ပုံထွက်လှသော်လည်း ရိုက်ကူးသည့် ဖြစ်စဉ်က အနည်းငယ်ပင် ရယ်စရာကောင်းလှသည်။
ဝမ်ယွီက ခြေလှမ်းများကို ရပ်လိုက်ပြီး တစ်ခဏမျှ စောင့်ကြည့်နေခဲ့သည်။ နောက်ဆုံးတွင် သူစိတ်သက်သာရာ ရသွားခဲ့သည်။
မော်ဒယ်တစ်ယောက်က ကင်မရာနှင့် ပတ်သတ်ပြီး ကောင်းမွန်သည့် အာရုံခံစားမှုရှိကာ ကောင်းကောင်းမွန်မွန် ပူးပေါင်း လုပ်ဆောင်နိုင်လျှင် ပုံတစ်ပုံကို မိနစ်အနည်းငယ်နှင့် ပြီးမြောက်နိုင်မည်ဖြစ်သည်။
“အိုကေ နောက်တစ်ခုပြောင်းမယ်...”
တုချင်က အော်လိုက်သည်။အန်းနဉ်က အဝတ်လဲခန်းသို့ အပြေးအလွှား သွားနေစဉ် ဝမ်ယွီက အော်ခေါ်လိုက်သည်။ အလုပ်များနေသော်လည်း သူမကို ကြည့်ရသည်မှာ ပျော်နေပုံရသည်။
“ရှင်ရောက်လာပြီလား... ကျွန်မကိုခဏစောင့်ပါဦး... အဝတ်လဲလိုက်ဦးမယ်...”
အဝတ်လဲခန်းထဲသို့ ဝင်သွားကာ ကန့်လန့်ကာမှတစ်ဆင့် ဝမ်ယွီကို ပြောလာသည်။
“ကျွန်မတို့ရိုက်နေတာ တော်တော်ပြီးနေပြီ... နောက်တစ်နာရီလောက်ပဲ ကျန်တော့တယ်... ရှင်စောင့်ပေးလို့ရမလား... တကယ်လို့ မရရင်လည်း အရင်ပြန်နှင့်လိုက်လေ...”
“ကိုယ်မင်းကို စောင့်နေမယ်...”
ဝမ်ယွီက နေရာတစ်နေရာကိုရှာကာ မတ်တပ်ရပ် လက်ပိုက်ရင်း အလုပ်ရှုပ်နေသည့် လူအုပ်ကြီးကို ကြည့်နေလိုက်သည်။
အန်းနဉ်ကို ဤပုံစံမျိုးနှင့် တစ်ခါမှ မမြင်ဖူးပေ။ သူမက တစ်စုံပြီး တစ်စုံလဲနေခဲ့ကာ အစုံတိုင်းကလည်း သူမနှင့်ကြည့်ကောင်းနေခဲ့သည်။ ကင်မရာအရှေ့တွင် သူမက ပိုပြီးကျွမ်းကျင်လာကာ သဘာဝကျကျရိုက်ကူးနိုင်ခဲ့သည်။
သူမက ကင်မရာရှေ့တွင် တက်တက်ကြွကြွနှင့် အသက်ဝင်နေပြီး သူမ၏နဂို ရိုးရှင်းပြီး တိတ်ဆိတ်သည့် ပုံစံနှင့် ကွဲထွက်နေခဲ့သည်။
ဝမ်ယွီက တစ်လမ်းလုံးစိတ်ပူနေခဲ့ရသော်လည်း ယခု သူပိုကြည့်မိလေလေ သူမက ပိုပြီးစွဲမက်ဖွယ်ကောင်းလာလေလေဟု ထင်နေမိသည်။ ကင်မရာအရှေ့မှ အန်းနဉ်၏ လူငယ်ဆန်ဆန် ချိုမြိန်ပြီး ချစ်စရာကောင်းနေမှုကြီးကို ကြည့်ရင်းနှုတ်ခမ်းက အလိုအလျောက် ပြုံးနေမိသည်။
သူမကို အဝတ်အစားများ ထပ်ဝယ်ပေးသင့်သည်ဟု တွေးလိုက်မိသည်။ ကောင်းမွန်စွာ ဝတ်စားထားလျှင် သူမက ပိုပြီးပင်လှနေမည်မှာ သေချာသည်။
ဒီ မိန်းကလေးကတော့ကွာ တအားကို တောက်ပနေတော့တာပဲ...
တစ်နာရီက မြန်ဆန်စွာ ကုန်ဆုံးသွားသည်။ အန်းနဉ်က အလုပ်များနေသော်လည်း ဝမ်ယွီက ငြီးငွေ့နေခြင်း မရှိပေ။ ပြောရလျှင် သူက ပို၍ပင် စိတ်ကျေနပ်နေခဲ့သည်။ဓာတ်ပုံဆရာက အော်လိုက်သည်။
“လုပ်ဖို့ဘာကျန်သေးလဲ... မရှိတော့ဘူးလား... အိုကေ ဒါဆို သိမ်းကြတော့...”
သူက အန်းနဉ်ကိုလှမ်းခေါ်ကာ တစ်နေရာကို ညွှန်ပြလိုက်သည်။
“အဲ့ဒီလူက ငွေရှင်းပေးလိမ့်မယ်...”
ဝမ်ယွီက အန်းနဉ် အဝတ်လဲပြီးပြီးချင်း အမျိုးသမီးတစ်ဦးနှင့် စကားပြောနေသည်ကို တွေ့လိုက်သည်။ ထိုအမျိုးသမီးက သူမကို ငွေသားတချို့ပေးခဲ့ပြီး အန်းနဉ်က ပျော်ပျော်ရွှင်ရွှင်နှင့် သူမ၏ ပလတ်စတစ်ပိုက်ဆံအိတ်ထဲသို့ ထည့်လိုက်သည်။
သူမမျက်လုံးများက ပြုံးယောင်သန်းနေကာ ပါးပြင်က တောက်ပနေသည်။
ဝမ်ယွီ မပြုံးဘဲ မနေနိုင်မိပေ။
အကြောင်းအရာတချို့ကြောင့် သူမ၏ပျော်ရွှင်မှုများက သူ့ကိုပါ ကူးစက်သွားပုံရသည်။
ငွေရှင်းပြီးနောက် အန်းနဉ်က ဝမ်ယွီဆီသို့ ချက်ချင်းမသွားသေးပဲ တုချင်ကို ကျေးဇူးတင်ရန် ရှာခဲ့သည်။ သူက သူမအား အလုပ်ပေးခဲ့သူပင်။
“မဆိုးဘူး... အရင်ကထက်ပိုကောင်းလာတယ်... အိမ်မှာ လေ့ကျင့်ခဲ့တာလား...”
တုချင်က မေးလိုက်သည်။
“ဟုတ် Groupထဲက တစ်ယောက်က ဗီဒီယိုတင်ထားတာနဲ့ အဲ့ကနေ သင်နေတာပါ...”
တုချင်က အကြံပေးလိုက်သည်။
“မင်းမှာ အချိန်ရှိရင် လေ့ကျင့်ရေးသင်တန်း တက်သင့်တယ်... Groupထဲကလူတွေက အပြန်အလှန်ကူညီကြပေမဲ့ သေချာတော့ဂရုစိုက်ရမယ်... မဟုတ်ရင် မကောင်းတဲ့လူတွေနဲ့ တိုးမှ ပိုဆိုးနိုင်တယ်...”
တုချင်က မက်မွန်ပွင့်မျက်ဆံများနှင့် ချောမောသူဟု ဆိုနိုင်သည်။ ထို့အပြင် ထင်ရှားသောပုံစံနှင့် အနုပညာအမြင်ရှိစွာ ဝတ်စားထားသဖြင့် သူ့ကြည့်ရသည်မှာ မိဘများက သူတို့သမီးများကို မပတ်သတ်စေချင်သည့် လူမျိုးနှင့်တူသည်။ အန်းနဉ်က ထိုလူမှာလူကောင်းမှန်း ခံစားမိသည်။
သူမ တွေးတောနေခိုက်တွင် တုချင်က သူ့ခေါင်းစည်းကို ရုတ်တရက်ကြီး ဖြည်ချလိုက်ရာ သူမဆံပင်များက ရှုပ်ပွနေပြီး လေအတိုက်တွင် လွင့်နေခဲ့သည်။
ဝမ်ယွီက အန်းနဉ် ဓာတ်ပုံဆရာနှင့် စကားပြောနေသည်ကို စောင့်ကြည့်နေခဲ့သည်။ တုချင်က ဆံပင်ကို ဖြည်လိုက်ချိန်တွင် သူ့မျက်လုံးများကို မှေးကာကြည့်လိုက်သည်။
နယ်မြေကာကွယ်ခြင်းနှင့် ပတ်သတ်လျှင် အမျိုးသားများက အမျိုးသမီးများထက် နိမ့်ကျမည်မဟုတ်ချေ။ ဝမ်ယွီက အန်းနဉ်နှင့် ဓာတ်ပုံဆရာအနားသို့ အေးအေးဆေးဆေးလျှောက်သွားခဲ့သည်။ အလုပ်ကို ပရော်ဖက်ရှင်နယ်ဆန်ဆန် လုပ်ကိုင်တတ်သူ တုချင်က ယခုအချိန်၌ ပုံမှန်လူငယ်လေးအသွင် ပြောင်းသွားပုံရသည်။ သူက အန်းနဉ်ကို မက်မွန်ပွင့်မျက်လုံးများနှင့် စိုက်ကြည့်ပြီး ပြောလာသည်။
“ဗိုက်ဆာနေပြီလား... တူတူသွားစားရအောင်... ကိုယ်လိုက်ကျွေးမယ်လေ...”
လွန်ခဲ့သည့်အခိုက်အတန့်က ပရော်ဖက်ရှင်နယ်ဆန်ဆန် အမူအကျင့်များ ပျောက်သွားကာ သူက မိန်းမလှလေးကို ရွှတ်နောက်နောက်နှင့် ပရောပရီလုပ်နေသည့် သာမန်လူငယ်လေးအတိုင်းပင်။
“အာ...”
အန်းနဉ်က အံဩသွားပြီး အကူအညီရှာရန်ကြည့်လိုက်ရာ ဝမ်ယွီကို တွေ့လိုက်ရသည်။ ထို့နောက် မြန်မြန်စဉ်းစားကာ ပါးနပ်စွာနှင့် ငြင်းလိုက်သည်။
“ငြင်းပါရစေ... ကျွန်မကောင်လေးလာကြိုနေပြီ...”
သူ့အရှေ့မှာတင် တခြားယောကျ်ားတစ်ယောက်က သူ့မိန်းကလေးကို ပရောပရီလုပ်နေသည်က အမှန်တကယ်ကို ဒေါသထွက်စေလာသည်။ သူတို့ထံ ချဉ်းကပ်လာစဉ် အန်းနဉ်၏ငြင်းဆိုမှုကို ကြားလိုက်ရသည်။
သူ့ခြေလှမ်းများ ရုတ်ချည်းရပ်သွားသည်။
တုချင်က ဝမ်ယွီကို လှမ်းကြည့်လိုက်သည်။
ချောမောသည့် ကောင်လေးနှစ်ယောက်ကြား ဟော်မုန်းများက ပြိုင်ဆိုင်နေပုံရပြီး တချက်တချက် မီးပွားများလွင့်စင်လာသလိုပင်။
သို့သော်လည်း ဝမ်ယွီက အန်းနဉ်၏ကောင်လေးအဖြစ် သတ်မှတ်ထားခံရသဖြင့် ပိုပြီးသန်မာကာ ယုံကြည်မှုပြင်းထန်နေခဲ့သည်။
တုချင်က ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီလေ... ဒါဆိုလည်းနောက်တစ်ကြိမ်မှပေါ့... ကိုယ့်မှာ အလုပ်ရှိရင် ခေါ်လိုက်မယ်နော်... ပိတ်ရက်တွေပဲ အားတာမလား...”
ဝမ်ယွီ: “….” What the hell
အန်းနဉ်က တုချင်ကို ကျေးဇူးတင်စကားပြောပြီး နှုတ်ဆက်ကာ ဝမ်ယွီဆီသို့ သွားလိုက်သည်။
“သွားရအောင်... ဆေးရုံသွားမယ်လေ...”
“ဆေးရုံကို ဘာသွားလုပ်မှာလဲ... အချိန်လည်းကြည့်ဦး... ဗိုက်မဆာဘူးလား... အရင်စားပြီးမှ ဆေးရုံသွားလေကွာ...”
အချိန်က နေ့လည်စာစားချိန်ကို ကျော်နေပြီဖြစ်သည်။
သူမက နဖူးကို ပွတ်ကာ ပြောလိုက်သည်။
“အလုပ်ရှုပ်နေတာနဲ့ မေ့သွားတာ...”
သူမမျက်နှာက တောက်ပနေပြီး လွန်ခဲ့သည့်ရက်အနည်းငယ်ကကဲ့သို့ အုံ့မှိုင်းမှုများ မရှိတော့ချေ။
ဝမ်ယွီက ဂုဏ်ယူဝင့်ကြွားစွာ ပြောလာသည်။
“ကိုယ် မနက်က အဖွားဆီရောက်ခဲ့ပြီးပြီ... အဖွားကြည့်ရတာ စိတ်ချမ်းသာနေပုံပဲ... အနီးတဝိုက်တောင် သူကိုယ်တိုင် လမ်းလျှောက်နေတာ... ကိုယ်လည်း သူကြိုက်လောက်မယ့် မုန့်ဝယ်ခဲ့တယ်... မပူပါနဲ့ အချိုမပါဘူး...”
နှစ်ယောက်သား လမ်းလျှောက်ရင်း ဘာစားကြမည်ဆိုသည်ကို ဆွေနွေးနေကြသည်။
“ဘာလို့ တချိန်လုံးပြုံးနေတာလဲ...”
“ဟမ် ကိုယ်ပြုံးနေလို့လား..."
"ရှင် တစ်ချိန်လုံးပြုံးနေတာလေ...”
အန်းနဉ်က စိတ်ရှုပ်ထွေးစွာ ဆိုသည်။
ဝမ်ယွီက သူ့ကိုယ်သူ ခက်ခက်ခဲခဲပြန်ထိန်းလိုက်သည်။
“မဟုတ်ပါဘူး မင်းအမြင်မှားတာနေမှာ...”
တခဏအကြာတွင် အန်းနဉ်က တခုခုကို သဘောပေါက်သွားသည်။
“ဝမ်ယွီ ဝမ်ယွီ ရှင်ခုနက ကျွန်မစကားတွေကို ကြားလိုက်တာလား...”
ဝမ်ယွီက ခြေလှမ်းကျယ်ကျယ်လှမ်းကာ ငြင်းလိုက်သည်။
“ကိုယ်ဘာမှ မကြားလိုက်ဘူး... ကိုယ်ဘာမှ မကြားလိုက်ဘူးနော်... ဘာပဲဖြစ်ဖြစ် မင်းကိုယ်တိုင် အတည်ပြုပေးတာနော်...”
အန်းနဉ်ကူကယ်ရာမဲ့သလို ခံစားရကာ သက်ပြင်းချလိုက်သည်။
“ဟေး ကလေးမဆန်စမ်းနဲ့...”
“မြန်မြန် ကိုယ်ဗိုက်ဆာနေပြီ...”
အန်းနဉ်၏အဖွားက သက်သာလာပြီး ဗုဒ္ဓဟူးနေ့တွင် ဆေးရုံဆင်းခဲ့သည်။
ဝမ်ယွီက အဖွားကို ဆေးရုံတင်စဉ် စပေါ်ငွေအဖြစ် ယွမ်တစ်သောင်း သွင်းခဲ့သည်။ အပိုငွေ ပေးဆောင်စရာမလို၍ ကျန်ငွေများကို သူ့ကတ်ထဲသို့ ပြန်အမ်းပေးမည်ဖြစ်သည်။
ငွေရှင်းစာရွက်ရသည်နှင့် အန်းနဉ်က ကောင်တာမှ လှမ်းယူလိုက်သည်။
ယခင်ဘဝက အဖြစ်အပျက်များကို ပြန်တွေးမိပြီး ကုန်ကျစရိတ်ပမာဏကို ကြည့်လိုက်သည်။
ပမာဏက သူမ မှတ်မိထားသည့်အတိုင်း အတိအကျပင် ဖြစ်သည်။
###