အပိုင်း၅၁
Viewers 7k

🤚Chapter 51





ဝမ်ယွီက အန်းနဉ်နှင့်အဖွားကို သူမတို့နေထိုင်ရာ အိမ်ရာဝင်းသို့ ပြန်ပို့ပေးခဲ့သည်။


အန်းနဉ်က သူမအဖွား ကားနောက်ခန်းတွင် ထိုင်နိုင်ရန်ကူညီပေးကာ ဝမ်ယွီမမြင်မီ သူမကြိုပြီးပြင်ဆင်ထားသည့် စာအိတ်ထဲသို့ ပိုက်ဆံထည့်လိုက်သည်။ ထို့နောက်ဝမ်ယွီက ကားကိုရပ်ကာ အဖွားကို ကားအပြင်ထွက်နိုင်ရန် ကူညီပေးနေချိန်၌ စာအိတ်ကို သူမထိုင်သည့် ခုံပေါ်တင်ထားခဲ့လိုက်သည်။


ဝမ်ယွီ သူမအိမ်သို့ရောက်လာသည့် နောက်ဆုံးတခေါက်မှာ အဖွားကို ဆေးရုံပို့ရန် အလျင်လိုနေချိန်ဖြစ်သည်။ အရေးပေါ်အခြေအနေဖြစ်၍ အိမ်ထဲကို သေချာကြည့်ရန် အချိန်မရခဲ့ချေ။ ယခုအကြိမ်တွင် သူက အဖွား၏ အိတ်ကိုသယ်ကာ အပေါ်ထပ်သို့လိုက်လာခဲ့သည်။ အဖွားက သူ့ကိုမြင်လျှင်မြင်ချင်း ဧည့်သည်ဟု အထင်မှားသွားပုံရသည်။


“နဉ်နဉ် ဧည့်သည်အတွက် လက်ဖက်ရည်လေးလုပ်ပါဦးကွယ်...” 


အန်းနဉ်က ကူကယ်ရာမဲ့ဖြစ်သွားကာ ဝမ်ယွီအား မြန်မြန်ပြန်ရန် အချက်ပေးလိုက်သည်။


ဝမ်ယွီ့က ပြန်မည့် ရည်ရွယ်ချက်ရှိပုံ မရပေ။ 


“ ရိုးရိုးရေဆို အဆင်ပြေပါတယ်...” 


သူတို့တွင် လက်ဖက်ရွက်ပြင်ထားလောက်မည်ဟု မထင်ခဲ့ချေ။


ထိုသို့ပြောပြီးနောက် ဆိုဖာပေါ်သို့ အမှတ်တမဲ့ ထိုင်လိုက်သည်။


အန်းနဉ်က သူ့ကို တားလိုက်သော်လည်း အလွန်နောက်ကျသွားပြီဖြစ်သည်။ ဝမ်ယွီက ဆိုဖာထဲ နစ်သွားကာ သူ့ကြည့်ရသည်မှာ အနည်းငယ် ကြောင်သွားပုံပင်။


အန်းနဉ်က သူ့ကို ဆွဲထူလိုက်သည်။


“ဟိုနားမှာထိုင် ဒီဖက်က အိကျနေတာ...”


 ဆိုဖာက တစ်ခါထိုင်လိုက်သည်နှင့် အထဲကို မြုပ်သွားမည်ဖြစ်သည်။


ဝမ်ယွီ:”ကောင်းပါပြီ...”


သူက အန်းနဉ်အိမ်တွင် ရေသောက်ရင်း အဖွားနှင့် စကားအကြာကြီးပြောနေခဲ့သည်။ အဖွားက လက်ရှိနှင့် လုံးလုံးမသက်ဆိုင်သည့် အတိတ်က အကြောင်းအရာများကိုသာ ‌ပြောနေခဲ့သည်။


အန်းနဉ်က သူ့ရည်ရွယ်ချက်ကို မြင်နေသည့်အတွက် ပြောင်ပြောင်တင်းတင်း ငြင်းလိုက်သည်။ 


“နေ့လည်စာစားချိန်ရောက်နေပြီ... ရှင် ကျောင်းပြန်ထမင်းစားတော့လေ... ကျွန်မက အဖွားအတွက် ချက်ထားတာမလို့ ဆားရောဆီရောနည်းတယ် ရှင်စားတတ်မှာ မဟုတ်ဘူး...”။


ဝမ်ယွီက မလိုလားသော်လည်း အရှုံးပေးကာ ပြန်လိုက်ရသည်။


သူထွက်သွားသည်နှင့် အန်းနဉ်က ခါးစည်းကိုဝတ်ကာ နေ့လည်စာပြင်တော့သည်။ ခဏအကြာတွင် ဝမ်ယွီ့ဆီမှ ဖုန်းဝင်လာသည်။ ကားထဲကစာအိတ်ကို သူမြင်သွားမှန်းသိလိုက်သည်။


သူမက ဖုန်းကိုင်လိုက်သည်။ 


“ဟယ်လို...”


“ကျိအန်းနဉ်...” 

ဝမ်ယွီက ဒေါသတကြီးနှင့် ပြောသည်။


“အဲ့ဒါဘာသဘောလဲ...”


မျှော်လင့်ထားသည့်အတိုင်း စာအိတ်ကိစ္စကြောင့် ဖြစ်ပုံရသည်။


သူ ကားသို့ပြန်လာပြီး ထိုင်ခုံခါးပတ်ပတ်ကာ အောက်သို့ငုံ့လိုက်စဉ် စာအိတ်တစ်အိတ်ကို တွေ့လိုက်ရသည်။ ဖွင့်ကြည့်လိုက်ရာ ဆေးရုံစရိတ်တင်မကဘဲ သူပေးထားသည့် ယွမ်ငါးရာနှင့် လူနာစောင့်ငှားရမ်းခပါ တွေ့လိုက်ရသည်။ 


ထိုခေါင်းမာသည့် ကောင်မလေးက မပြောင်းလဲသေးကြောင်း နားလည်လိုက်သည်။


ဝမ်ယွီက ဒေါသထွက်လာကာ အံကြိတ်လိုက်သည်။


“အဲ့ဒါ ဆေးရုံစရိတ်ပါ... ဒီပိုက်ဆံက ရှင့်ကိုပြန်ဆပ်ရမှာလေ...”


“ကျိအန်းနဉ်...” 


ဝမ်ယွီက အသံကိုမြှင့်လိုက်သည်။


အန်းနဉ်က ညှင်သာစွာ ပြောသည်။


“နားထောင် ဝမ်ယွီ….ရှင် ကျွန်မအပေါ် ကောင်းပေးတာကို လက်ခံတယ်...”


ဝမ်ယွီ့စကားသံ ရုတ်တရက်ရပ်သွားသည်။


ဖုန်းထဲက အန်းနဉ်၏ စကားသံမှာ နူးညံ့သော်လည်း ပြတ်သားသည်။ 


"လက်ခံတယ်ဆိုပေမဲ့ အကန့်အသတ်တော့ ရှိတယ်လေ... ရှင် ကျွန်မအပေါ် ဘယ်လောက်ကောင်းကောင်း ကျွန်မအဖွားကိုတော့ ပြုစုပေးစရာမလိုပါဘူး... အဲ့ဒါ ကျွန်မလုပ်ရမယ့် ဝတ္တရားပါ...”


ထိုအခိုက်အတန့်တွင် ဝမ်ယွီ ဆက်မပြောနိုင်တော့ပေ။ ထို့နောက် သူရယ်လိုက်သည်။


“ကောင်းပြီလေ...”


သူက ထိုကိစ္စကို ဘေးချိတ်လိုက်သည်။


 “ဒါဆို ကိုယ်မင်းအပေါ် ကောင်းကောင်းဆက်ဆံတာကိုတော့ မင်းရှောင်လွှဲလို့မရဘူးနော်...”


သူမလည်း ပြုံးမိသည်။


ဝမ်ယွီက တကယ့်ကိုပင် စံတင်လောက်သည်။ သူလိုချင်သည့် လမ်းကို မရောက်ရောက်အောင် ဖောက်သွားသေးသည်။


သူမလည်း အလွယ်တကူ သဘောတူလိုက်သည်။ 

“အင်းပါ...”


ခေါ်ဆိုမှု ပြီးသွားသည့်နောက် ဝမ်ယွီက ဖုန်းကို ကြည့်ကာ သူ့နှုတ်ခမ်းထောင့်က ကွေးတက်သွားပြီး ပျော်ရွှင်မှုကို ကျေကျေနပ်နပ်ကြီး ခံစားနေလိုက်သည်။


ဒီအန်းနဉ်ဆိုတဲ့ ကောင်မလေးကတော့ကွာ ခေါင်းမာပေမဲ့ နှလုံးသားလေးကိုတော့ ထုတ်ပြတတ်သားပဲ...


သူမက သူ့၏ခံစားချက်များကို လက်ခံလိုစိတ်ရှိသော်လည်း တားဆီးထားဆဲဖြစ်သည်။


ဝမ်ယွီ စတီယာရင်ကိုကိုင်ကာ လွန်ခဲ့သည့်တနင်္ဂနွေနေ့ ရိုက်ကွင်း၌ သူမ မည်မျှအထိတောက်ပနေသည်ကို ပြန်တွေးပြီး မပြုံးဘဲ မနေနိုင်ပေ။


အဖွားဆေးရုံမှ ဆင်းလာပြီးနောက် အန်းနဉ်က ကျောင်းချက်ချင်း ပြန်မတက်ခဲ့ချေ။ အဖွားအခြေအနေသေချာစေရန် စောင့်ကြည့်ခဲ့သည်။ သူမအဖွား နေကောင်းသည်က သေချာမှ ကြာသပတေး‌နေ့၌ ကျောင်းပြန်တက်သည်။


သူမ ပြန်လာသည်ကိုမြင်၍ မုန့်ရှင်းယွီနှင့် အခြားလူများက စိတ်သက်သာရာရသွားကာ မေးကြသည်။


 “အဖွားသက်သာရဲ့လား...”


“အင်း အားလုံးချောချောမွေ့မွေ့ပါပဲ...” 


အန်းနဉ်က ပြုံးကာပြန်ဖြေသည်။ 


“မနေ့ကမှတ်စုတွေ ကူးလို့ရမလား....”


မုန့်ရှင်းယွီက သူမစာအုပ်ကိုထုတ်၍ အန်းနဉ်ကို လှမ်းပေးလိုက်ပြီး မျက်စိမှိတ်ပြကာ ပြောလာသည်။


”ဟေး နင်ဒီမှာမရှိတုန်း တစ်ခုခုဖြစ်သွားတယ်...”


အန်းနဉ်က မျက်ခုံးပင့်ကာ တုံ့ပြန်လိုက်သည်။


 “ဟမ်...”


“ဒါက ဒီလိုလေ...” 


မုန့်ရှင်းယွီက သူမလေသံကို တိုးလိုက်သည်။


“ပိုင်လုနဲ့ ချန်းဟောင်တို့လေ…အမလေး...”

( ဒီချန်းဟောင်က ဝမ်ယွီသူငယ်ချင်းပါ စွန်းယာရှန့်နဲ့ မရှင်းမရှင်းဖြစ်နေတဲ့ ချန်းဟောင်ရန် မဟုတ်ဘူးနော်🥹 )



ပိုင်လုက ရှက်ရှက်နှင့် မုန့်ရှင်းယွီကို ရိုက်လိုက်သည်။


“ငါ့ကို မကြားဖူးများထင်နေလား...ငါထိုင်နေတာ နင့်ဘေးမှာနော်...” 


သူမ ဆူလိုက်သော်လည်း မျက်နှာက သိသိသာသာရဲတက်နေသည်။


တစ်ခုခု ဖြစ်နေသည်မှာ သေချာသည်။


“ဘာဖြစ်လို့လဲ...” 


အန်းနဉ်က သူတို့အနားကို တိုးလာသည်။


 “ငါ့ကိုပြောပြပါဦး...”


မုန့်ရှင်းယွီက တိုတိုတုတ်တုတ်ရှင်းပြသည်။ 


“ချန်းဟောင်က ပိုင်လုကို လိုက်နေတာလေ...”


“အဲ့ဒီလိုမဟုတ်ဘူး... သူပြောတာနားမထောင်နဲ့...” 


ပိုင်လုက ရှက်နေသည့် မျက်နှာနှင့် ငြင်းသည်။ 


“နင်ခွင့်ယူတုန်းက ဝမ်ယွီကချန်းဟောင်ကို မှတ်စုယူခိုင်းလိုက်တာလေ...အဲ့ဒါကြောင့် ပိုရင်းနှီးလာရုံပါ...”


“အိုး တကယ်ကြီးလား... ဝမ်ယွီပြောတော့ ငါ့မှတ်စုကို ငှားခိုင်းတာဆို...”


 မုန့်ရှင်းယွီက စုတ်သပ်လိုက်သည်။


“အဲ့ဒါ ချန်းဟောင်က ငါ့ဆီကိုပဲ တိုက်ရိုက်လာငှားလိုက်လို့ မရဘူးလား... ငါတို့ချင်း မသိကြတာလဲ မဟုတ်ဘူး... နင့်ကိုရှာဖို့ တကွေ့တဝိုက်ကြီး လုပ်နေတာကို... မရှုပ်ရှုပ်အောင်လို့နော်...”


ပိုင်လု မငြင်းနိုင်တော့ချေ။ သူမမျက်နှာက အနီရောင် အဝတ်တစ်ထည်ကဲ့သို့ ရဲတောက်နေသည်။


သူများ၏ အချစ်ရေးအကြောင်းဆိုလျှင် လူတိုင်းက ကျွမ်းကျင်သူများပင်။ ကိုယ့်အချစ်ရေးလည်းဖြစ်လာသည်နှင့် လျှာလိပ်နေကာ မည်သို့ခွန်းတုံ့ပြန်မည်ကိုပင် မသိကြတော့ပေ။ 


၎င်းက ပထမဆုံးအကြိမ် ချစ်ဖူးသူများ ဖြစ်နေကျပုံစံပင် ဖြစ်သည်။


သူတို့စကားများကို နားထောင်ရင်း အန်းနဉ်ကမျက်လုံးကို လခြမ်းကွေးလေးကဲ့သို့ ဖြစ်သည်အထိ ပြုံးမိသည်။


လက်ဖြင့် မေးထောက်ကာ စာသင်ခန်းတခြားတဖက်တွင် လူများဝိုင်းအုံနေပြီး ပျော်ပျော်ရွှင်ရွှင်နှင့် ပြောဆိုနေကြသည်ကို ကြည့်လိုက်မိသည်။ လူအုပ်၏ အာရုံစူးစိုက်မှုကို ခံနေရသူက စွန်းယာရှန့် ဖြစ်နေသည်။


အန်းနဉ်က သူမကို စူးစူးစိုက်စိုက် ကြည့်နေမိသည်။


အန်းနဉ်၏အကြည့်များကြောင့် မုန့်ရှင်းယွီလည်း စွန်းယာရှန့်ကို သတိထားမိသွားသည်။


“သူမက ထိပ်တန်းတက္ကသိုလ်က ကျောင်းသားတွေနဲ့ သိတဲ့အကြောင်း နေ့တိုင်းကြွားနေတာလေ...” 


မုန့်ရှင်းယွီက ပခုံးတွန့်ကာ ဆက်ပြောသည်။


 “Cambridgeတို့ Princetonတို့က ဘယ်လောက်အံဩဖို့ကောင်းကြောင်း တွေပေါ့ဟာ...”


ထိုကဲ့သို့ထိပ်တန်းတက္ကသိုလ်က ကျောင်းသားများကို လေးစားသည်က ပုံမှန်ပင်။ စစချင်း မုန့်ရှင်းယွီလည်း မနာလိုဖြစ်မိသည်။ သို့သော် ခဏခဏ ကြွားနေသည်ကို ကြားနေရ၍ လူက စိတ်အနှောင့်အယှက် ဖြစ်လာသည်။


ယခင်ဘဝက ထိုအဖြစ်အပျက်မျိုး မရှိခဲ့သဖြင့် ကျိအန်းနဉ် စိတ်ရှုပ်သွားသည်။


ယခင်ဘဝတွင် သူမက အခြားသူများနှင့် အဆက်အသွယ် မရှိဘဲ တစ်ယောက်တည်းနေလေ့ရှိသဖြင့် ထိုကိစ္စမျိုးကို မသိလိုက်သည်က ဖြစ်နိုင်သည်။


သူမ ဆက်တွေးမနေတော့ပေ။


ဗုဒ္ဓဟူးနေ့တွင် သူမက ရှုချန်းကို ဆက်သွယ်လိုက်သည်။


“ကောင်းတာပါ့... အစ်ကိုက ပိတ်ရက်အတွက် အလုပ်လုပ်ဖို့ လူမရှိမှာကို စိတ်ပူနေတာ... ယန်နာ့နဲ့ တခြားသူတွေမှာ အစီအစဉ်ကိုယ်စီ ရှိနေလောက်မှာ... ပိတ်ရက်လာဖြစ်လောက်မှာ မဟုတ်ဘူး... မြန်မြန်ပြန်လာခဲ့ပေါ့...”


ရှုချန်းက အခြေအနေကို ချဲ့ကားပြီး ပြောနေခြင်းဖြစ်သည်။ အန်းနဉ်ကို သူမက သူတို့အား ဒုက္ခပေးနေခြင်း မဟုတ်ဘဲ ကူညီခြင်းသာဖြစ်ကြောင်း ခံစားရစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။


သူမကို တိတ်တိတ်လေး ဆက်ချစ်နေခြင်းရှိမရှိကို မသိသော်လည်း သူက နူးညံ့ကြင်နာတတ်သည်မှာ အမှန်ပင်။ သူ့ခံစားချက်များကို ပြန်တုံ့ပြန်ပေးရန် မဖြစ်နိုင်သော်လည်း စိတ်အားထက်သန်စွာဖြင့် အလုပ်လုပ်ပေးနိုင်သည်။


သူမ၏ခံစားချက်များက အတိတ်နှင့်လက်ရှိတွင် လူတစ်ဦးတည်းအတွက်သာ ဖြစ်သည်။ 


ဒါပေမဲ့ အဲ့ဒီလူက ဘယ်သူများလဲ....


သူ့အကြောင်းကို တွေးမိသည်နှင့် အန်းနဉ်၏ မျက်နှာပေါ်တွင် နူးညံ့သည့် အပြုံးတပွင့် ထွက်ပေါ်လာသည်။


သောကြာနေ့တွင် တုချင်ဆီမှ ဖုန်းဝင်လာသည်။ 


“စနေနေ့ မင်းအတွက် အလုပ်ရှိတယ်...”


အလုပ်ရှိ၍ ပျော်သွားသော်လည်း သူမအနေနှင့် အချိန်ညှိရန် အဆင်မပြေပေ။


ပိတ်ရက် စာသင်ရမည်ဖြစ်သည်။ လွန်ခဲ့သည့်အပတ်က အဖွားဆေးရုံတင်ရ၍ အလုပ်ကို ရွှေ့ထားရသည့်အပြင် ရှေ့အပတ်ကလည်း မုန့်ရှင်းယွီက အစားထိုးဝင်သင်ပေးရသည်။ နောက်ထပ် အချိန်ပြောင်းရန် မဖြစ်နိုင်ပေ။ ညနေ‌၌ ကော်ဖီဆိုင်သို့သွားရမည်ဖြစ်ပြီး ကြားထဲတွင် နာရီအနည်းငယ်သာ လွတ်ကာ ၎င်းက မလုံလောက်ပေ။


သူမက တုချင်ကို အချိန်ဇယားအကြောင်းပြောလိုက်သည့်အခါ သူက အလုပ်ချိန်ကို တွက်ချက်ကြည့်လိုက်သည်။


 “အချိန်မလောက်ဘူး...” 


“မင်းခွင့်ယူတာပဲဖြစ်ဖြစ် အချိန်ပြောင်းတာပဲဖြစ်ဖြစ် လုပ်လို့မရဘူးလား...”


ပုံမှန်အတိုင်းဆိုလျှင် အချိန်ပြောင်းခြင်းက ပြဿနာမရှိပေ။


ကံမကောင်းသည်က လက်ရှိအချိန်တွင် အချိန်ပြောင်းရန် အဆင်မပြေပေ။


တုချင်က ပဟေဠိဖြစ်သွားကာ မေးလိုက်သည်။


 “တက္ကသိုလ်ကျောင်းသားတစ်ယောက်က စာသင်တာကနေ ဘယ်လောက်ရတာမလို့လဲ... များလို့လား...”


အန်းနဉ်က ရိုးရိုးသားသားနှင့် ပြန်ဖြေသည်။


“တစ်နာရီကို ယွမ်၉၀ရပါတယ်...”


“……” 


တုချင် ဆွံ့အသွားသည်။ 


“ကိုယ်က များလိမ့်မယ်လို့ ထင်လိုက်တာ... ဒီနှုန်းက ကားခဘာညာနှုတ်လိုက်ရင် သိပ်မကျန်ဘူး …ကိုယ်ကတော့ အလုပ်ထွက်လိုက်ဖို့ အကြံပေးချင်တယ်... တစ်လကို အလုပ်တစ်ခုလုပ်မယ်ဆိုရင်တောင် တစ်လလုံးကျူတာပြတာထက်တော့ ပိုရတယ်လေ...”


ပမာဏကိုတွက်ကြည့်လိုင်လျှင် သူ့စကားများက အမှန်ပင်ဖြစ်သည်။ သို့သော် အန်းနဉ်က မော်ဒယ်အလုပ်ကို ပထမဆုံး စလုပ်ဖူးခြင်းဖြစ်ပြီး ၎င်းနှင့်ပတ်သတ်၍ သေသေချာချာ နားလည်ထားခြင်း မရှိသေးချေ။


ယခင်က သူမကို လှည့်စားသွားသည့် အမျိုးသမီးမှ မော်ဒယ်များက တစ်လလုံးအလုပ်မရနိုင်သည်မျိုးလည်း ဖြစ်နိုင်သည်ဟု ပြောဖူးသည်။ ၎င်းက မှန်ကန်ခြင်း ရှိမရှိကို သူမ မသိသေးပေ။


သူမအနေနှင့် မစွန့်စားရဲပေ။ လူနှစ်ယောက်စာ ရုန်းကန်နေရသည့်အပြင် ယခုသူမအဖွား၏ခွဲစိတ်မှုအတွက် ပိုက်ဆံစုရပေမည်။ မမျှော်လင့်ထားသည့်ကိစ္စမှာ အဖွား၏ခွဲစိတ်မှုက အတိတ်ဘဝကထက် စောနေခဲ့သည်။ 


အချိန်ကအောက်တိုဘာလကုန်ပဲ ရှိသေးကာ သူမကျောင်းတက်ရသည်မှာ နှစ်လသာရှိသေးသည်။ ထို့ကြောင့် သူမ၏ငွေရေးကြေးရေး အခြေအနေက ပြေလည်ရုံမျှသာဖြစ်သည်။


သို့ဖြစ်၍ ဝင်ငွေမတည်ငြိမ်သေးသည့် မော်ဒယ်အလုပ်အတွက်နှင့် ဝင်ငွေမြဲနေသည့် အလုပ်ကို မစွန့်လွှတ်နိုင်သေးပေ။ 


တုချင်၏ကမ်းလှမ်းချက်ကို ငြင်းပြီးနောက် ဖုန်းချလိုက်သည်။ လက်ရှိအလုပ်က ငွေအများကြီး ရနိုင်သည်ကို တွေးကာ နောင်တအနည်းငယ် ရနေမိသည်။


သို့သော် ၎င်းက သူမရွေးချယ်နိုင်သည့် တစ်ခုတည်းသော အရာပင်။


ညနေဘက်တွင် တုချင်က သူမကိုဖုန်းထပ်ခေါ်ဦးမည်ဟု မထင်ထားခဲ့ပေ။


“ဒီလိုပါ...အစကတော့ အတွဲနှစ်တွဲရိုက်မှာဆိုပေမဲ့ အခုသူတို့က ခွဲလိုက်ပြီ...အဲ့ဒါကိုယ်က လူနှစ်ယောက်ရှာနေတာ... ဒီနည်းနဲ့ဆို တစ်ယောက်ချင်းစီရဲ့ အလုပ်ချိန်လည်း မပိတော့ဘူး၊ လေးငါးနာရီလောက်ပဲ ကြာမှာ...မင်းလုပ်ချင်လား...” 


အန်းနဉ်၏မျက်လုံးများ အရောင်တောက်လာသည်။


“သေချာတာပေါ့... ကျွန်မလုပ်နိုင်ပါတယ်...”


ယခုအကြိမ် ရိုက်ကူးရမည့်နေရာက တုချင်၏ စတူဒီယိုတွင်ဖြစ်သည်။ ၎င်းက မြေအောက်ရထားဘူတာရုံ အနီးတွင်ရှိသည်။ စနေနေ့တွင် အန်းနဉ်က ရှောင်ယွင်၏အိမ်မှထွက်လာကာ ဘတ်စ်ကားမစီးဘဲ ကားငှား၍ ဘူတာရုံသို့ သွားလိုက်သည်။


ထို့နောက် ညနေပိုင်းအလုပ်အတွက် ကော်ဖီဆိုင်သို့ အပြေးအလွှားပြန်သွားသည်။ သူမက အပျင်းထူတတ်သည့် လူစားမျိုးမဟုတ်ပေ။ အလုပ်အားလုံးပြီးသည်နှင့် သူမ အမှန်ပင် ပင်ပန်းနွမ်းနယ်နေခဲ့သည်။


ဝမ်ယွီက ပုံမှန်အတိုင်း လာကြိုသည်။


“ဒီနေ့ ဘာလို့ ခြေကုန်လက်ပမ်းကျနေတဲ့ပုံ ပေါက်နေတာလဲ...” 


“ပင်ပန်းနေလို့လေ...”


စကားပြောရာတွင် အားမရှိဘဲ ပုံမှန်ဆိုလျှင် တက်ကြွနေတတ်သည့် သူမ၏မျက်နှာလေးက ညအအေးဒဏ်ကြောင့် ကော်လံထဲသို့ နစ်မြုပ်နေသည်။ သူမပုံလေးက ပုံမှန်ထက် ပိုနူးညံ့နေခဲ့သည်။ 


“ဒီနေ့ ဘာတွေလုပ်လဲ...” 


ဝမ်ယွီက မေးလိုက်သည်။


သူမက ထိုင်ခုံခါးပတ်ကို ပတ်ကာ ပြန်ဖြေသည်။


 “ဒီနေ့ ငါးနာရီလောက် ဓာတ်ပုံရိုက်ရတယ်... တစ်နေ့လုံးပြေးလွှားနေရတာပါပဲ...” 


စကားဆုံးသည်နှင့် သူမကသမ်းလိုက်ကာ ထိုင်ခုံကို ခေါင်းမှီလိုက်သည်။


ဝမ်ယွီက သူမကို စိုက်ကြည့်ပြီး သူမပင်ပန်းနေသည်ကို မြင်သော်လည်း အလုပ်ထွက်ရန်ကိစ္စနှင့် ပတ်သတ်၍ ဘာမှ မပြောခဲ့ချေ။ သူပြောလည်း အသုံးမဝင်သည်ကို သိနေခဲ့သည်။


ကားက လမ်းပေါ်တွင် ချောမွေ့စွာ သွားနေခဲ့သည်။ ဝမ်ယွီက သူမအေးနေသည်ကိုတွေ့၍ အပူပေးစက်ဖွင့်လိုက်သည်။ 


ခဏအကြာတွင် အန်းနဉ်က အနွေးဓာတ်ကို ခံစားရပြီး သက်သောင့်သက်သာဖြစ်လာသည်။


“ကောင်းလိုက်တာ…”


သူမအသံက ပိုတိုးလာပြီး မျက်ခွံများက လေးလံလာသည်။


အိမ်ရာဝင်းအရှေ့တွင် ဝမ်ယွီကားရပ်လိုက်ပြီး အန်းနဉ်ဘက်ခေါင်းလှည့်လိုက်ရာ သူမအိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။


သူမမျက်နှာက တည်ငြိမ်နေပြီး ပန်းရောင်နှုတ်ခမ်း‌လေးက အနည်းငယ်ဟနေသည်မှာ နွေဦးတွင်ပွင့်သော ချယ်ရီပန်းမှ ပွင့်ချပ်ကလေးအလား လှပနေသည်။


အကာအကွယ်ကင်းမဲ့ပြီး အပြစ်ကင်းစင်စွာအိပ်ပျော်နေသည်မှာ ဆွဲဆောင်မှုအပြည့်နှင့်ပင်။


ဝမ်ယွီက သူမကို တခနမျှ စိုက်ကြည့်ပြီးနောက် ပြုံးကာ သူမမေးလေးကို ညှင်ညှင်သာသာ ပင့်၍ အနားသို့ တိုးလာသည်။


ဝမ်ယွီဆိုတာ ဘယ်သူလဲ....


လူကောင်းလား....


ဘယ်ဟုတ်မလဲ...


သူက ဝံပုလွေတစ်ကောင်ပဲ...


 


###