အပိုင်း၅၂
Viewers 7k

🤚Chapter 52




ကျိအန်းနဉ် နွေးထွေးမှုနှင့် စွတ်စိုမှုကိုခံစားမိလိုက်သည်။


သူမက ကားထဲတွင် တစ်မှေးအိပ်နေခြင်းဖြစ်သည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေခြင်းမဟုတ်၍ ထူးဆန်းသည့်အာရုံခံစားမှုက သူမကိုနိုးလာစေသည်။


နွေးထွေးမှုက နှုတ်ခမ်းများဆီကဖြစ်ပြီး စွတ်စိုမှုက လျှာမှဖြစ်သည်။ ညင်ညင်သာသာစုပ်ယူခြင်းနှင့် တတိတိကိုက်နေခြင်းက စပ်ဖျဉ်းဖျဉ်းဖြစ်စေသည်။ သူမခန္ဓာကိုယ်က  ယောက်ျားတစ်ယောက်၏ ဖျစ်ညှစ်ခြင်းကို ခံနေရပြီး သူမကိုထိုင်ခုံပေါ်တွင် တင်းကျပ်စွာ ဖိကပ်ထားသည်။


ကျိအန်းနဉ် နိုးလာသည့်အခါ တောင့်တင်းသွားသည်။ မကြာမီအချိန်တွင်  သူမရင်းနှီးနေသည့် အသက်ရှုသံကို ခံစားမိသွားသည်။


'၀မ်ယွီ...'


၀မ်ယွီက သူမနိုးလာသည်ကို သတိပြုမိသွားသည်။ ထို့ကြောင့် သူမနှုတ်ခမ်းကို လွှတ်ပေးလိုက်ပြီး အဝေးကိုဖြည်းဖြည်းချင်း ရွေ့သွားသည်။ ထို့နောက် သူကသူမကိုတစ်ချက်ပြန်ကြည့်လိုက်သည့်အခါ သူတို့နှာခေါင်းချင်းပွတ်တိုက်သွားသည်။


ကျိအန်းနဉ်၏ ကိုယ်သင်းရနံ့က သူနှင့်ရင်းနှီးပြီး ရိုးရှင်းလှသည်။ သူမအလုပ်ကြောင့် ဖျော့တော့သည့်ကော်ဖီရနံ့ကိုလည်း ရနေသည်။ အလွန်နှီးကပ်နေသည့်အတွက်ကြောင့် သူ့ကိုယ်ကို ရစ်ပတ်နေသလို ဖြစ်နေသည်။


သူ၏အကြည့်က ကျိအန်းနဉ်ကို ရင်ခုန်လာစေသည်။


ကျိအန်းနဉ် မည်သို့တုံ့ပြန်ရမည် မသိတော့ပေ။ ထို့နောက် ၀မ်ယွီ၏နှုတ်ခမ်းက သူမနှုတ်ခမ်းပေါ်ကို ထပ်ကာထပ်ကာဖိကပ်လာပြီး သူ၏အသက်ရှုသံက သူမကိုလွှမ်းခြုံထားသည်။


ကျိအန်းနဉ်၏ခန္ဓာကိုယ်က တောင့်တင်းလာသည်။


၀မ်ယွီကလည်း သတိပြုမိပြီး ဖိထားသည်ကို ဖယ်ပေးလိုက်ကာ သူမပုခုံးပေါ် သူ့လက်ကိုတင်ပြီး ညင်သာစွာဆုပ်ကိုင်ထားလိုက်သည်။


ကားကစက်ရပ်ထားပြီး မီးလည်းပိတ်ထားသည်။ ကားအတွင်းမှ မှောင်မဲနေမှုက သူတို့နှစ်ယောက်ကို လွှမ်းခြုံထားသည်။ 


မီးမှိန်မှိန်အောက်တွင် ကျိအန်းနဉ် သူမ၏မျက်လုံးများကို ဖွင့်ထားရုံသာ တတ်နိုင်သည်။ ၀မ်ယွီ၏ မျက်တောင်မွေး အားမြင်ရပြီး သူ့အသက်ရှုသံကိုသာ ကြားနိုင်သည်။ သူ သူမနှုတ်ခမ်းကို ညင်သာစွာစုပ်ယူနေခြင်းနှင့် ပွတ်တိုက်နေသည့် ဖျော့တော့သည့်အသံကိုတစ်လျှောက်လုံး ကြားနေရသည်။


ပုံမန်အားဖြင့် ကျိအန်းနဉ်၏တောင့်တင်းနေသည့် ပခုံးများက ၀မ်ယွီ၏ နူးညံ့သည့်ထိတွေ့မှုအောက်တွင် ပျော့ပြောင်းနေတတ်၍ သူမ၏မျက်လုံးများကို မှိတ်ထားမိသည်။


၀မ်ယွီက သူမနှုတ်ခမ်းများ ပွင့်ဟလာအောင်လုပ်ပြီး အနမ်းကို ပိုမိုနက်ရှိုင်းစေလိုက်သည်။


၀မ်ယွီက ပိုမိုနမ်းရှိုက်လာပြီး တခြားအတွေးတစ်ခု ပေါ်လာသည့်နောက် အနမ်းကိုအဆုံးသတ်လိုက်သည်။ ကျိအန်းနဉ် သူ၏ရည်ရွယ်ချက်ကို ခံစားမိပြီး သူမမျက်လုံးများကလည်း ထိတ်လန့်ကြောက်ရွံ့မှုနှင့် စိတ်မသက်မသာဖြစ်နေမှုကို ထုတ်ဖော်ပြနေသည်။


၀မ်ယွီက အပြည့်အ၀ မကျေနပ်သေးပေ။ သို့ရာတွင် ကျိအန်းနဉ်၏ ယုန်တစ်ကောင်သဖွယ် ကြောက်လန့်နေသည့်ပုံစံက သူ့ကိုရပ်တန့်လိုက်သည်။


သူမမှာ ဤသို့နမ်းခြင်းအား အတွေ့အကြုံမရှိ၍ ရံဖန်ရံခါသူမ၏ခေါင်းမာမှုကိုလည်း မြင်နိုင်သည်။ သူမကို ခြောက်လှန့်သကဲ့သို့ မဖြစ်သွား၍ တော်သေးသည်ဟု ၀မ်ယွီ တွေးလိုက်သည်။ ထိုသို့မဟုတ်လျှင် သူမကလန့်သွားပြီး သူ့ကို ထပ်ထိခိုင်းတော့မည် မဟုတ်ပေ။ 


“ နောက်ဆို ပိုပြီးဂရုစိုက်သင့်တယ်... ”


၀မ်ယွီက သူ့လက်မကို ကျိအန်းနဥ်၏ အနည်းငယ်ဖူးယောင်နေသည့် နှုတ်ခမ်းပေါ်ပွတ်သပ်ရင်း သတိပေးလိုက်သည်။


“မင်း တစ်ယောက်ယောက်နဲ့ ရှိနေတဲ့အခါ သတိလက်လွတ်မနေနဲ့... ပြီးတော့ စိတ်ချလက်ချ အိပ်မပျော်သွားနဲ့... မင်းကို တစ်ယောက်ယောက်ကခေါ်သွားပြီးရောင်းစားလိုက်ရင်တောင် မင်းသိလိုက်မှာမဟုတ်ဘူး...”


သူ၏အသံက အက်ရှနေပြီး သန်မာသည့်ဆန္ဒနှင့် မကျေနပ်ချက်များဖြင့် ပြည့်နေသည်။


ကျိအန်းနဉ်လည်း သူ၏ခန္ဓာကိုယ်ထဲတွင် မီးတောက်လောင်နေပြီး သူမကိုပြာအဖြစ်လောင်ကျွမ်းရန် မစောင့်နိုင်တော့သည်ကို သည်းခံထားရသည်အား ခံစားမိသည်။


သူမ၏ ယခင်ဘဝတွင်မူ သူမ သူ့ကိုယ်တွင်းမှမီးတောက်ကို ကြောက်ပြီး ပစ်ပစ်ခါခါငြင်းဆန်ခဲ့သည်။ သို့ရာတွင် ယခုချိန်၌မူ သူ၏အက်ရှနေသည့်အသံက သူမနားထဲ ဆန္ဒတစ်ချို့သယ်ဆောင်လာသည်။ သူ၏နှုတ်ခမ်းကလည်းနီးကပ်နေကာ သူ၏လျှာကိုထုတ်ပြီး သူမကိုလျှက်လိုက်စဉ် သူမ တွန်းထုတ်ချင်သည့်စိတ်ကို မခံစားမိပေ။ ထိုအစား သူမခန္ဓာကိုယ်ထဲမှာ ထူးဆန်းသည့် အာရုံခံစားမှုတစ်ခု ဖြစ်လာသည်ကို သတိပြုမိလိုက်သည်။


၎င်းက ပူလောင်ပြီး စိုစွတ်နေသည်။ 


“ရှင်....”


ကျိအန်းနဉ်၏အသံကပုံမှန်နှင့်ကွာခြားနေသည်။


“ရှင်က တခြားလူမှ မဟုတ်တာ...”


ထိုစကားကို ကြားသည့်အခါ ၀မ်ယွီက ခပ်တိုးတိုးလေးရယ်သည်။


သူ၏လက်က သူမ၏နှုတ်ခမ်းမှတစ်ဆင့် လည်ပင်းကိုမသိမသာ ရွေ့သွားသည်။ မီးမှိန်မှိန်အောက်တွင် သူ ခဏကြာသည်အထိ သူမဆံပင်ကို ညင်ညင်သာသာ ပွတ်သပ်နေသည်။


သူမ၏ တုံ့ပြန်မှုပင်ဖြစ်စေ၊ သူ၏ထိတွေ့မှုကြောင့် သူမလည်ပင်းတွင် ကြက်သီးမွေးညင်းထသွားသည်ဖြစ်စေ သူ့ကို စိတ်ကျေနပ်စေသည်။


“ကားထဲက ထွက်ရအောင်...” 


သူနောက်ဆုံးတွင် ပြောလိုက်သည်။


သူ၏အသံက အရေးကြီးသည့်ပုံပေါ်ပြီး သူမကိုထွက်သွားစေချင်ပုံပေါ်နေသည်။ ကျိအန်းနဉ်လည်း တုံ့ဆိုင်းမနေဘဲ ကားတံခါးကိုဖွင့်ပြီး အပြင်ကိုထွက်လိုက်သည်။ ၀မ်ယွီလည်း အပြင်ကိုထွက်လာပြီး အင်္ကျီကော်လာကို လျှော့ချလိုက်သည်။


ညလေပြေလေညင်းအေးလေးက ကားထဲတွင် စွဲကျန်နေသည့် အပူဓာတ်ကို ပျောက်ကွယ်သွားစေသည်။ ထို့နောက် သူတို့နှစ်ယောက်လုံး စိတ်သက်သာရာရသွားသလိုသက်ပြင်းချလိုက်ကြသည်။


နေရာကျဉ်းကျဉ်းတစ်ခုထဲတွင် အမျိုးသားနှင့်အမျိုးသမီး နှစ်ယောက်တည်းရှိပြီး အလွန်လည်းနီးကပ်နေသည့်အပြင် မီးမှိန်မှိန်လေးသာ ထွန်းထားမည်ဆိုလျှင် ဒွိဟဖြစ်စေမည့်စိတ်များ အလွယ်တကူပေါ်ပေါက်လာနိုင်သည်ကို သက်သေပြနေသည်။ ထို့နောက် ဒွိဟဖြစ်နေသည့်လေထုထဲတွင် သူတို့၏၀ေဖန်နိုင်စွမ်းက အလွယ်တကူလွင့်ပျောက်သွားနိုင်သည်။


“သွားရအောင်...”


၀မ်ယွီ သူ့လက်ကို ကျိအန်းနဉ်ထံဆန့်ထုတ်ပြီးပြောလိုက်သည်။


“ကိုယ် မင်းကိုအိမ်ပြန်ပို့ပေးမယ်...”


ကျိအန်းနဉ်၏ မျက်နှာကပူနွေးနေဆဲ ရှိသေးသည်။ ထို့အပြင် သူမလည်ပင်းပေါ်တွင် စိတ်လှုပ်ရှားခဲ့သည့်ခြေရာလက်ရာများကလည်း ကျန်ရှိနေဆဲဖြစ်သည်။ သူမလက်ဆန့်လိုက်ပြီး သူမလက်ကို ၀မ်ယွီလက်ထဲနေရာတကျရှိနေစေလိုက်သည်။


၀မ်ယွီ၏ ကြီးမားသည့်လက်က သူမ၏သေးသွယ်သည့်လက်ကို လွှမ်းခြုံသွားပြီး သူမလက်ကို ညင်ညင်သာသာဆုပ်ကိုင်ထားပေးသည်။  သူက သူမကို ကိုယ်ရံတော်တစ်ယောက်သဖွယ် အိမ်ပြန်ပို့ပေးသည်။ 


ထိုညတွင် ကျိအန်းနဉ်မှာ အိပ်ပျော်နိုင်လောက်သည်အထိ စိတ်တည်ငြိမ်မှု မရှိခဲ့ပေ။


သူမ ပင်ပန်းနေသော်လည်း အိပ်မပျော်နိုင်သေးပေ။ နောက်ဆုံး သူမ ငိုက်မျဉ်းလာပြီး ပရမ်းပတာနှင့် ယုတ္တိမဆန်သော အိမ်မက်များ မက်နေခဲ့သည်။


အိမ်မက်အားလုံးက ၀မ်ယွီအကြောင်းဖြစ်သည်။ သူက တစ်ခါတစ်ခါ ကြီးစိုးခြယ်လှယ်နေပြီး၊ တစ်ခါတစ်ရံ နူးညံ့ညင်သာနေသည်။ သူ၏အရင်ဘ၀က သို့မဟုတ် ယခုဘ၀ကလားဆိုသည်ကို ခွဲခြားမသိနိုင်ပေ။


၀မ်ယွီ၏စိတ်က ဤပိတ်ရက်တွင် ထူးခြားကောင်းမွန်နေသည်။ တနင်္ဂနွေနေ့မနက်ပိုင်း အဆင့်မြင့်ကိုယ်ခံပညာကလပ်ကို လေ့ကျင့်ခန်းလုပ်ရန် သွားလိုက်သည်။ ထို့နောက်ရေချိုးပြီး စိတ်ရွှင်လန်းစွာဖြင့် မိဘများဆီသွားလည်ရန် အိမ်ပြန်လာခဲ့သည်။


သို့သော်လည်း အိမ်၏လေထုက ကောင်းမွန်မနေချေ။


သူအိမ်ရောက်ရောက်ချင်း အိမ်ဖော်က သူ့ကို တိုးတိုးလေးပြောလာသည်။


“မစ္စတာ၀မ်တို့လင်မယား ရန်ဖြစ်ကြပြီးတော့ ဇနီးဖြစ်သူက အိမ်ကထွက်သွားပါတယ်..."


၀မ်ယွီ၏ ကောင်းမွန်နေသည့် စိတ်အခြေအနေက ချက်ချင်းပျောက်ကွယ်သွားပြီဖြစ်သည်။ ထို့နောက် သူမေးလိုက်သည်။


“ဘာလို့လဲ... ဘာဖြစ်သွားတာလဲ... ”


“ကျွန်မလည်း သေချာမသိပါဘူး...အတွင်းရေးမှုးချန် မနက်ခင်းတုန်းက ရောက်လာပါတယ်... သူထွက်သွားပြီးတော့ သူတို့ငြင်းခုံကြတော့တာပါပဲ...”


အိမ်ဖော်က သူမခေါင်းကို ညိတ်လိုက်သည်။


“သူတို့က တံခါးပိတ်ပြီး ငြင်းခုံနေကြတာပါ... ကျွန်မလည်း ကြား၀င်ဖြန်ဖြေဖို့ သတ္တိမရှိဘူး...”


“ ကျွန်တော့်အဖေရော ဘယ်လိုနေလဲ... ”


“သခင်ကြီးက စာကြည့်ခန်းထဲမှာပဲ နေနေပြီး အပြင်ကိုထွက်မလာပါဘူး... သူက နေ့လည်စာစားချင်စိတ်မရှိဘူးလို့လည်း ပြောပါတယ်...”


၀မ်ယွီက လှေကားပေါ်တိုက်ရိုက်တက်သွားပြီး တံခါးခေါက်လိုက်သည်။ ထို့နောကိ ၀မ်ကောအန်း၏ ခွင့်ပြုစကားကိုပင် မစောင့်တော့ဘဲ တံခါးတွန်းဖွင့်လိုက်၏။ သူ ဘာမှမသိမကြားခဲ့ဟန်ဆောင်ရင်း အပြုံးနှင့်မေးလိုက်သည်။ 


“ အဖေ၊ ဘာလုပ်နေတာလဲ...”


၀မ်ကောအန်းက သားရေထိုင်ခုံကြီးကိုမှီပြီး စားပွဲအနောက်တွင် ထိုင်နေခြင်းဖြစ်သည်။ အမှန်တွင် သူ့ပုံစံက အခြေအနေကောင်းမနေပေ။


သို့ရာတွင် သူမျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ ထိုလူက ၀မ်ယွီဖြစ်နေသည်ကို မြင်၍ သူ့အမူအရာက အနည်းငယ်နူးညံ့သွားသည်။ သူရှေ့ကဖောင်ကိုပိတ်၍ အံဆွဲထဲထည့်လိုက်ပြီးနောက် မေးလိုက်သည်။


“မင်း ဒီမနက် ဘာများလုပ်နေခဲ့တာလဲ... ”


"ကျွန်တော် လက်ဝှေ့ထိုးနေခဲ့တာ...”


၀မ်ယွီက ရန်ဖြစ်သည့်အကြောင်းမပြောဘဲ အခန်းထဲဝင်ပြီး  ခုံပေါ်လက်ထောက်ကာ ပြောလာသည်။


“ကျွန်တော် ဗိုက်ဆာနေပြီ... အဖေရော ထမင်းစားပြီးပြီလား...”


သူ ပြောသည်ကို ကြားသောအခါ ၀မ်ကောအန်းလည်း ဗိုက်ဆာလာသလို ခံစားမိလာသည်။ သူ မီးဖိုချောင်ကိုဖုန်းခေါ်ပြီး မိသားစု၏သီးသန့်စာဖိုမှူးကို နေ့လည်စာပြင်ထားရန် ညွှန်ကြားလိုက်သည်။


၀မ်ယွီက လေ့ကျင့်ခန်းလုပ်ခဲ့ခြင်းဖြစ်သည့်အတွက် အစားအသောက်ပြင်ဆင်ပြီးနောက် မြိန်မြိန်ယှက်ယှက်စားခဲ့သည်။


သူက အရွယ်ကောင်းချိန်ဖြစ်နေပြီး ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်အားလုံးကလည်း တက်ကြွမှုနှင့် ပြည့်နှက်နေသည်။ သူစားသည်ကိုကြည့်ပြီး ၀မ်ကောအန်းလည်း ပန်းကန်လုံးတစ်၀က်စာခန့် ထမင်းပိုစားခဲ့သည်။


သူ၏ အားအင်ပြည့်၀ပြီး သန်မာသည့်သားအကြီးဆုံးကိုကြည့်ပြီး ၀မ်ကောအန်း၏စိတ်အခြေအနေလည်း အများကြီးကောင်းလာခဲ့သည်။ သို့သော် သူ ချန်းလျန်နှင့် အငြင်းပွားထားသည်ကို မမေ့သေးပေ။ 


သူက မပြောသဖြင့် ၀မ်ယွီလည်း မမေးတော့ပေ။ ကလေးများက သူတို့မိဘများ ရန်ဖြစ်သည့်အခါ စိတ်ဒုက္ခရောက်ကြသည်။


ဘယ်သူက ဒီလိုကိစ္စမျိုးကို စပ်စုပြီးသိချင်မှာလဲ...


သူလုပ်နိုင်သည့်အကောင်းဆုံးအရာက သူ့အဖေကောင်းကောင်းထမင်းစားပြီး ဒေါသမထွက်ရန်ဖြစ်သည်။


၀မ်ယွီကငယ်သေးသော်လည်း နားပင်းပြီးဆွံ့အသလို ဟန်ဆောင်သည့်နေရာ၌ ထူးချွန်နေပြီဖြစ်သည်။ မိသားစုကိစ္စနှင့်ဆက်နွယ်နေသည့်အခါ လျစ်လျူရှုရန်သာ လုပ်လိုက်တော့သည်။


သူ ၀မ်ကောအန်းနှင့်အတူ မွန်းလွဲပိုင်းတစ်ချိန်လုံးရှိနေပေးလိုက်သည်။ ၀မ်ကောအန်းက သူ လေ့လာနေသည့်အကြောင်းကိုဂရုစိုက်နေပြီး ထိုအကြောင်းမေးမြန်းနေသေးသည်။


၀မ်ယွီက စီမံခန့်ခွဲမှုအပိုင်းတစ်ခုလုံးကို လေ့လာနေခြင်းဖြစ်သည်။


၀မ်ယွီက သူ၏မေဂျာကို ရွေးချယ်ချိန်တွင် စီးပွားရေးကျောင်း၌ စီးပွားရေး၊ဘဏ္ဍာရေး၊ စီမံခန့်ခွဲမှုတို့က ရေပန်းအစားဆုံးဖြစ်ပြီး ထိုအထဲတွင် ဘဏ္ဍာရေးက နာမည်အကြီးဆုံးဖြစ်သည်။ 


သို့သော်လည်း ၀မ်ယွီ၏မေဂျာကို ၀မ်ကောအန်း ရွေးချယ်ပေးထားခြင်းဖြစ်သည်။ သူက နာမည်အကြီးဆုံးဖြစ်သည့် ဘဏ္ဍာရေးအပိုင်းကို မရွေးချယ်ပေးခဲ့ပေ။


ဘဏ္ဍာရေးပိုင်းက လူကြိုက်များပြီး လစာကောင်းကာအထက်တန်းလွှာများကို ဆွဲဆောင်နိုင်သည်။ သို့ရာတွင် ၀မ်ကောအန်း၏မျက်လုံးထဲတွင်မူ ဘဏ္ဍာရေးက ကိရိယာတစ်ခုသာဖြစ်သည်။


၀မ်ယွီကသူ့သားဖြစ်နေပြီး ကုမ္ပဏီ၏ပဲ့ထိန်းသူဖြစ်လာလိမ့်မည်ဖြစ်၍ သူကဘဏ္ဍာရေးပိုင်းကို တိတိကျကျလေ့လာနားလည်စရာ မလိုပေ။ သူလေ့လာသင့်သည်က မိမိအတွေးအခေါ်မှ လူအများနှင့် မည်သို့ဆက်ဆံပြောဆိုရမည်နှင့် စီမံခန့်ခွဲမှုအပိုင်းသာဖြစ်သည်။


ထို့ကြောင့် ၀မ်ကောအန်းက၀ မ်ယွီကို အကျော်ကြားဆုံးဖြစ်သည့် ဘဏ္ဍာရေးမေဂျာကို မရွေးချယ်ခိုင်းခြင်းဖြစ်သည်။ ထိုအစား သူက လုပ်ငန်းစီမံခန့်ခွဲမှုကိုတိုက်ရိုက်ဦးတည်သွားပြီး သာမန်ကျောင်းသားများ Jack-of-all-trades အနေနှင့် အလုပ်ရှာဖွေမှုခက်ခဲသည့်မေဂျာဟု သတ်မှတ်ထားသည်ကို ရွေးချယ်ခိုင်းခဲ့ခြင်းဖြစ်သည်။ သို့သော် ၎င်းက ၀မ်ယွီအတွက်မူ မှန်ကန်သည့်လမ်းစဖြစ်သည်။ 


ပုံမှန်အားဖြင့် အသက်၁၈နှစ်အရွယ် ကျောင်းသားများက လိုအပ်သည့်ထင်မြင်ချက်များ ဆုံးရှုံးသွားပြီး သူတို့မိဘများကလည်း အချိန်ပြည့် မညွှန်ကြားပေးနိုင်ချေ။


ကျိအန်းနဉ်က ဥပမာကောင်းတစ်ခုဖြစ်သည်။ သူမထံတွင်  သင်ကြားပြသပေးမည့်မိဘလည်း မရှိချေ။ သူမက၀င်ခွင့်လက်ကမ်းစောင်ကိုယူ၍ ငွေရေးကြေးရေးအခြေအနေကိုစဉ်းစားပြီးမှ စီးပွားရေးကျောင်းတတ်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် သူမမျက်စိထဲတွေ့သည့် မေဂျာတစ်ခုကိုရွေးယူလိုက်ခြင်းဖြစ်သည်။


၀မ်ယွီက တစ်ချိန်တည်းမှာပင် လေ့လာပြီးလက်တွေ့ဆင်းနေပြီ ဖြစ်သည်။ လက်တွေ့မှတစ်ဆင့် ဗဟုသုတဆီသို့ ဦးတည်သွားသည်။ ထို့နောက် ၀မ်ကောအန်း၏ညွှန်ကြားမှုနှင့်ကာကွယ်မှုအောက်တွင် လျင်လျင်မြန်မြန်နှင့်ပင် သူ့အသက်အရွယ်နှင့်မမျှသည့် အဖွဲ့အစည်းတစ်ခုကို ထူထောင်နိုင်ခဲ့ပြီး လူအိုကြီးများထံမှ အမွေဆက်ခံသူအဖြစ် ထောက်ခံချက်ရရှိခဲ့သည်။


သူက အခြားသူများထက် ကျောင်းကသင်သည့်စာများကို  ပိုပြီးလွယ်လွယ်ကူကူ နားလည်သည်။ ထိုမျှသာမက သူ၏ ပညာရပ်ဆိုင်ရာစွမ်းဆောင်ရည်က အတန်းထဲတွင် အတော်ဆုံးဖြစ်သည်။ သူ၏ယခင်ဘဝတွင်မူ ကျိအန်းနဉ်က ၀မ်ယွီကို ချမ်းသာမှုကိုကြွား၀ါသည့် ပေါ်ကြော့လူချမ်းသာတစ်ယောက်ဟုသာ တွေးခဲ့သည်။ သို့သော် အမှန်တွင် သူက နှစ်တိုင်းပညာသင်ဆုရသည့် ထိပ်တန်းကျောင်းသားဖြစ်သည်။


ဤပိတ်ရက်က လူတိုင်းအတွက် မတူထူးခြားနေပြီး လူတိုင်းတွင်လည်း မတူညီသည့်အရာများ ဖြစ်ပျက်ခဲ့ကြသည်။



xxxxxx