အပိုင်း၅၃
Viewers 7k

🤚Chapter 53



တနင်္လာနေ့မနက် ကျိအန်းနဉ်အတန်းသို့ ၀င်လာသည့်အခါ မုန့်ရှင်းယွီထံမှ ဖမ်းဆီးခံလိုက်ရသည်။ 


“နင် ငါတို့ရဲ့သူငယ်ချင်းရပ်၀န်းကပို့စ်ကို ကြည့်ပြီးပြီလား...”


ကျိအန်းနဉ် မေးလိုက်သည်။


“အဲ့ဒါက ဘာလဲ...”


“နင် မကြည့်ရသေးဘူးလို့ ငါထင်တယ်...ကြည့်ကြည့်လိုက်ပါဦး...”


မုန့်ရှင်းယွီက စောဒကတက်လိုက်သည်။


“ချန်းဟောင်က ပိုင်လုကို ဖွင့်ပြောလိုက်ပြီ...”


ကျိအန်းနဉ်၏မျက်လုံးများ ကျယ်သွားပြီး စိတ်လှုပ်ရှားစွာမေးလိုက်သည်။


“ပြီးတော့ရော...”


“သူ သေချာပေါက်လက်ခံလိုက်တာပေါ့...”


 မုန့်ရှင်းယွီက သူမကို မျက်စိမှိတ်ပြလာခဲ့သည်။


ကျိအန်းနဉ် ရယ်နေခဲ့သည်။


ပိတ်ရက်တွင် လေးလေးနက်နက်စဉ်းစားပြီးနောက် ပိုင်လုက တည်ငြိမ်သွားပြီဖြစ်သည်။ သူတို့က သူမကိုစနောက်လျှင်ပင် ရှက်သွေးမဖြာတော့ချေ။ သူမကိုကြည့်မည်ဆိုရင် “ငါ အဲ့ဒါကိုဖြတ်သန်းခဲ့ပြီးပြီ ”ဟူ၍ မျက်နှာမှာပေါ်နေသည်။


တနင်္လာနေ့ညတွင် ကျိအန်းနဉ် အတိုက်အခိုက်လေ့ကျင့်ရန် သွားခဲ့ပြီး ချန်းဟောင်ကိုဂုဏ်ပြုလိုက်သည်။ ချန်းဟောင်က အရူးတစ်ယောက်သဖွယ် ပြုံးရယ်နေခဲ့သည်။


“မင်းတို့နှစ်ယောက် ဘာတွေများပြောနေကြတာလဲ...” 

၀မ်ယွီက လှည့်ပတ်ကြည့်လိုက်သည့်အခါ သူတို့နှစ်ယောက်ပျော်ပျော်ရွှင်ရွှင် စကားပြောနေသည်က်ိုမြင်၍ သူလည်း စကားဝိုင်းထဲ ဝင်လာသည်။


“ချန်းဟောင်က တစ်ကိုယ်တည်းမဟုတ်တော့ဘူးလေ...” 


ကျိအန်းနဉ်ကသူ့ကိုအပြုံးတစ်ခုနှင့်ပြောလာသည်။


“ကောင်းတာပေါ့...”


၀မ်ယွီက သူ့လက်မောင်းကို ချန်းဟောင်၏လည်ဂုတ်ပေါ်တင်လိုက်သည်။


“မင်း ငါတို့ကို တစ်၀ိုင်းကျွေးရမယ်... ဒါကဖြစ်သင့်တယ်...”


ချန်းဟောင် အသက်ရှု၍မရနီးပါး ဖြစ်သွားသည်။


“သေချာတာပေါ့...သေချာတာပေါ့... ငါမင်းတို့အားလုံးကိုဘာဘီကျူးကျွေးမယ်...”


အခြားယောက်ျားလေးများလည်း စနောက်နေသည့်နေရာတွင် ၀င်ပါလာကြသည်။


လေ့ကျင့်ရေးပြီးသွားသည့်နောက် ၀မ်ယွီက ကျိအန်းနဉ်ကို သူတို့နှင့်အတူပျော်ရန် ပြောလာသည်။ သို့ရာတွင် သူမကအပြုံးလေးနှင့် ယဉ်ယဉ်ကျေးကျေး ငြင်းပယ်လိုက်သည်။


ယောက်ျားလေးအုပ်ထဲတွင် မိန်းကလေးတစ်ယောက်တည်းရှိနေသည်က မသင့်တော်သည့်အပြင် သူတို့ကလည်း သူမအရိပ်အကဲကိုကြည့်၍ ထိန်းထိန်းသိမ်းသိမ်းနေရ‌လိမ့်မည်။ သူတို့ နေရခက်နေမည်ကို သူမ မလိုလားပေ။


၀မ်ယွီက အတင်းမတောင်းဆိုတော့ဘဲ ချန်းဟောင်နှင့်အခြားသူများထံ မသွားမီ သူမကိုလမ်းကူးပြီး အိမ်ပြန်ပို့ပေးလာသည်။ သူတို့သွားစားကြသည့်နေရာကကျောင်းသားများကြား နာမည်ကြီးပြီး ကျောင်းနှင့်နီးသည့် အကင်စားသောက်ဆိုင်ဖြစ်သည်။


၀မ်ယွီက နေရာကို၀င်လာလာချင်း စစ်ဆေးပြီး ခဏရပ်သွားသည်။


အထဲတွင် သူ ဘယ်တော့မှမမေ့မည့် မျက်နှာတစ်ခုကိုမြင်လိုက်ရသည်။ 


 “ဟယ့်ရှန်းတုံ” ၊ “ငါလည်းယွမ်သုံးထောင်ပေးချင်တယ်”ဟုပြောခဲ့သည့် သူ၏အိမ်မက်ထဲကလူဖြစ်သည်။ သူက ကျိအန်းနဉ်နှင့် တစ်ခန်းတည်းဖြစ်သည်။


ချန်းဟောင်၏စားပွဲတွင် အကင်မရောက်သေးမီ ကောင်လေးများက သောက်နေကြပြီဖြစ်သည်။


၀မ်ယွီရောက်လာပြီး ထိုင်ချလိုက်သည့်အခါ ချန်းဟောင်ကသူ၏အကြည့်မှတစ်ဆင့် တစ်ခုခုဖြစ်နေသည်ကို သတိပြုမိသွားသည်။ ချန်းဟောင်က ဝမ်ယွီနှင့် တစ်ခန်းထဲ၊ တစ်ဆောင်ထဲ ဖြစ်သည့်အပြင် ကလပ်တစ်ခုတည်းဖြစ်၍၀မ်ယွီအကြောင်း ကောင်းကောင်းသိသည်။ ၀မ်ယွီ၏မျက်လုံးကိုကြည့်ရသည်မှာ တစ်ယောက်ယောက်ကို ထိုးနှက်နေချင်သလိုပင်။


၎င်းက ချန်းဟောင်ကို အံ့သြသွားစေသည်။ 


၀မ်ယွီက ကျိအန်းနဉ်ကို အိမ်ပြန်ပို့ပေးတဲ့အချိန်မှာ ရန်ဖြစ်ခဲ့ကြတာလား...


“အန်းနဉ်ကို ပြန်ပို့ပေးခဲ့ပြီလား...”


ချန်းဟောင် မ၀ံ့မရဲလေးမေးလိုက်သည်။


“ဟုတ်တယ်...” 


အန်းနဉ်အကြောင်းပြောလိုက်သည့်အခါ ၀မ်ယွီ၏အကြည့်က သိသိသာသာနူးညံ့သွားသည်။


ချန်းဟောင် စိတ်သက်သာရာရသွားသည်။ အကင်များကလည်း အချိန်ကိုက်လာချသည်။ ထို့နောက် ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်း ပြုလုပ်ထားကြသည့်လူငယ်တစ်စုကဆာလောင်နေပြီဖြစ်သည့်အတွက် အစားအသောက်တိုက်ပွဲ၀င်ကြတော့သည်။


စားနေစဥ် တစ်ယောက်ယောက်ကမေးလာသည်။


“ဟေး အစ်ကိုကြီး မင်းနဲ့အန်းနဉ်ကြားက အခြေအနေဘယ်လိုလဲ... ငါတို့အားလုံး မင်း အန်းနဉ်ကိုလိုက်နေတာသိတယ်... အောင်မြင်သွားပြီလား... အခု သူ့ကောင်လေး ဖြစ်သွားပြီလား..."


၀မ်ယွီက စီးကရက်မီးညှိနေပြီး ထိုကောင်လေးကို စိုက်ကြည့်လိုက်သည်။


“အခြေအနေဘယ်လိုလဲဆိုတာ ဘာကိုဆိုလိုတာလဲ...သူမကငါ့ကောင်မလေးလေ...” 


ကောင်လေးများအုပ်စုက ဗြုန်းခနဲဆူညံသွားပြီး သူ့ကိုမေးခွန်းများ၊ စနောက်ကျီစယ်မှုများနှင့် တရစပ်ထိုးနှက်လာကြသည်။


၀မ်ယွီက သူနှင့်ကျိအန်းနဉ်ကြားရှိ ဆက်ဆံရေးကို ဤလူတစ်စုပြောပြရန် ရည်ရွယ်ချက်မရှိချေ။


“သောက်ကြစို့...သောက်ကြရအောင်...”


သူ သူတို့မေးခွန်းများကို ရှောင်ထွက်လိုက်သည်။


ချန်းဟောင်က မေးလာသည်။


“မင်းလည်းသောက်နေတာလား... ဒီနေ့ည အိမ်ပြန်မှာမလား...”


၀မ်ယွီက ပုံမှန်အားဖြင့် ကိုယ်တိုင်ကားမောင်းပြန်ရသောကြောင့် သောက်လေ့မရှိချေ။ ဘေးကင်းလုံခြုံရန်နှင့်ကျန်းမာရန်အတွက် ၀မ်ကောအန်းက သူ့ကိုကလေးဘဝတည်းက တင်းကျပ်ခဲ့ခြင်းဖြစ်သည်။


“ငါ မပြန်တော့ဘူး...ဒီနေ့ည ကျောင်းအိပ်ဆောင်မှာနေမှာ... ငါ့အတွက် တစ်ရေးတစ်မောအိပ်ဖို့နဲ့ ညဘက်အချိန်လွန်သွားတဲ့အခါနေဖို့ အခန်းရှိတယ်လေ... အခန်းထဲမှာ ရေချိုးခန်းလည်းရှိတယ်...”


ကောင်လေးများစုပြီး စားသောက်ကြ၊ စကားပြောကြပြီး ကြွား၀ါကြခြင်းများက တက္ကသိုလ်ကျောင်းသားဘ၀၏ အစစ်အမှန်ပျော်စရာပင်ဖြစ်သည်။


အရပ်ရှည်ပြီး သန်မာသည့်လူကိုကြည့်ပြီး ချန်ဟောင်းကသူ၏အကြမ်းခံသည့် ပုံပန်းသွင်ပြင်နှင့်မတူစွာ ခံစားလွယ်သည်ကိုသိသည်။ အခြားတစ်ဖက်တွင် ၀မ်ယွီက သူ့ကိုကလပ်၏ နေ့စဉ်အလုပ်အများကို လုပ်ခွင့်မပြုထားပေ။ ချန်းဟောင်က စွန်းခိုင်ကိုပြောလိုက်သည်။


“ဖြေးဖြေးသောက်... ငါတို့ပြန်ရဦးမှာ အများကြီးမသောက်နဲ့...မဟုတ်ရင် ငါမင်းကိုအိမ်သာထဲ ရေနစ်သတ်လိုက်မှာနော်...”


ချန်းဟောင်နှင့်၀မ်ယွီ၏ တက်ကြွနေသည့်စိတ်အခြေအနေနှင့် ယှဉ်မည်ဆိုလျှင် စွန်းခိုင်၏ စိတ်အခြေအနေက အများကြီးဆိုးရွားနေသည်။


ချန်းဟောင်က သူ့ကိုပြောလိုက်သည့်အခါ စွန်းခိုင်ကခေါင်းညိတ်ပြလိုက်သော်လည်း ဆက်သောက်နေဆဲဖြစ်သည်။ မကြာမီ သူ အရက်မူးလာပြီဖြစ်သည်။


အရက်သောက်ပြီးလျှင် လူများက သူတို့ပြောချင်သည်ကိုပြောရန် မထိန်းနိုင်ကြတော့ပေ။


“သူက ဘာဖြစ်ချင်နေတာလဲ... ငါ We chatကပို့ထားတဲ့စာတောင် ဝင်မဖတ်ကြည့်ဘူး...ပြီးတော့ ငါတို့အားလုံးကတစ်ကျောင်းတည်းက အတန်းဖော်တွေမလား... ဟေး သူက ငါ့ကို“အကိုစွန်း ”လို့ခေါ်ခဲ့တာလေ... အခုတော့ငါ့ကိုလျစ်လျူရှုထားတယ်... ငါ့ကို သူလိုချင်တဲ့အချိန်လိုပြီး နောက်တစ်ခဏကျရင် မလိုချင်ပြန်တော့ဘူး... အဲဒါက အသုံးချလို့ ဝသွားတာနဲ့ လွှင့်ပစ်လိုက်တာနဲ့ မတူဘူးလား..."


သူ ရှင်းပြနေသည်။


၀မ်ယွီကို စနေသည့်ကောင်လေးများနှင့် ချန်းဟောင်လည်း ရုတ်တရက် ဆွံ့အနားမကြားသလို ပြုမူလိုက်ကြသည်။


အဘယ့်ကြောင့်ဆိုသော် စွန်းခိုင် ရည်ညွှန်းနေသည့် 'သူ'က စွန်းယာရှန့်ကိုဖြစ်သည်။ သူက ယခုမှ၀င်လာသည့် လူသစ်ဖြစ်ပြီး ကျိအန်းနဥ်နှင့် အခန်းအတူတူဖြစ်သည်။


လူတိုင်းက စွန်းယာရှန့် စွန်းခိုင်ကို စကားပြောရသည့်အကြောင်းမှာ ၀မ်ယွီနှင့်နီးစပ်ရန်အတွက်ဖြစ်သည်ကို သိကြသည်။ သို့ရာတွင် စွန်းခိုင်က သူ့စိတ်သူမပိုင်တော့ဘဲ စွန်းယာရှန့်နှင့်စကားပြောရင်း သူမအပေါ်ကျရှုံးသွားခြင်းဖြစ်နိုင်သည်။သူကပဲ ရူးမိုက်တာလား... စွန်းယာရှန့်ကပဲ ကိုင်တွယ်တဲ့နေရာမှာ ကျွမ်းကျင်နေတာလား...


၀မ်ယွီကလည်း ဤစားပွဲတွင် ထိုင်နေခြင်းဖြစ်၍ ဤခေါင်းစဉ်က အဆင်မပြေဟု လူတိုင်းတွေးလိုက်သည်။ထို့ကြောင့် သူတို့ခွက်များကို တချွင်ချွင်မြည်အောင်တိုက်လိုက်ကြပြီး စွန်းခိုင်၏စကားများကို မကြားလိုက်သလိုဟန်ဆောင်လိုက်ကြသည်။


ထိုအချိန်တွင် သူတို့နှင့်နီးနေသည့် စားပွဲမှလူများက သူတို့ပျောက်ကွယ်စေချင်နေသည့်“စွန်းယာရှန့်”နာမည်ကို ထည့်ပြောလာသည်။


ဟယ့်ရှန်းတုံက ထွေနေပြီးဖြစ်ပြီ စတင်ဆဲရေးလာသည်။


“ငါ စွန်းယာရှန့်ကိုမြင်လိုက်တယ်... သူက ငွေမက်တဲ့မိန်းကလေးပဲ...”


စွန်းခိုင်က ချက်ချင်းမတုံ့ပြန်နိုင်သေးသော်လည်း ၀မ်ယွီက ချက်ချင်းတုံ့ပြန်ခဲ့သည်။


ဟယ့်ရှန်းတုံ၏ ပခုံးများက ဆွဲလှည့်ခံလိုက်ရပြီး သူ့ခေါင်းကလည်သွားကာ မျက်နှာထံသို့ ပြင်းထန်သည့်ထိုးနှက်ချက်များ ကျရောက်လာသည်။ သူထိုင်ခုံပေါ်မှ ပြုတ်ကျသွားပြီး မြေကြီးပေါ်လဲကျသွားသည်။


တစ်ဆက်တည်းမှာပင် စားပွဲလည်းလဲကျသွားကာ အရက်များလည်း နေရာအနှံ့ ပြန့်ကျဲသွားသည်။ အမျိုးသားစားသုံးသူများက စိတ်ရှုပ်သွားပြီး အမျိုးသမီးစားသုံးသူများက ပွက်လောရိုက်ကာ ဖရိုဖရဲဖြစ်ကုန်ကြသည်။


ဟယ့်ရှန်းတုံက ရုတ်တရက်တိုက်ခိုက်မှုကြောင့် အံ့အားသင့်သွားသည်။ ထရန်ကြိုးစားသည့်အခါ၌ သူ့မြင်ကွင်းက၀ါးနေပြီး ခဏအကြာတွင်မှ ကြည်ကြည်လင်လင်မြင်ရအောင်ပြုလုပ်လိုက်နိုင်သည်။ သူ စိတ်ရှုပ်ထွေးသွားသည်။


“ဝမ်...ဝမ်ယွီလား...”


ကျိအန်းနဉ်နှင့် စွန်းယာရှန့်၏ အဖြစ်အပျက်ကြောင့် အတန်းထဲမှလူများအားလုံး ၀မ်ယွီကို မသိသူမရှိပေ။ ၀မ်ယွီ နောက်တစ်ချက်ထပ်မထိုးမီ စွန်းခိုင်က တစ်ဟုန်ထိုးထွက်လာပြီး သူ့ကိုထိုးကြိတ်ရင်းပြောလာသည်။


“အခြေအမြစ်မရှိတာတွေဖြန့်နေတာ မင်းကိုယ်မင်းမှန်တယ်ထင်နေလား... ”


လူငယ်တစ်ယောက်အနေနှင့် ဤသို့အခြေအနေအမျိုးနှင့် ရင်ဆိုင်ရသည့်အခါ ဟယ့်ရှန်းတုံ၏အလိုအလျောက်တုံ့ပြန်မှုက တန်ပြန်တိုက်ခိုက်ရန် ဖြစ်သည်။ သို့သော်လည်း သူကကိုယ်ခံပညာကလပ်၏ အဖွဲ့၀င်များကိုဆန့်ကျင်ရမည်ဖြစ်ပြီး စွန်းခိုင်ကလည်း အားပျော့သော တိုက်ခိုက်ရေးသမားမဟုတ်ချေ။ သူက လုံလောက်အောင်မသန်မာနေလျှင်ပင် ကလပ်မှာလေ့ကျင့်ရေးဆင်းနေသည့်အတွက် ရှိန်လောက်သည့်ပြိုင်ဘက်ဖြစ်နေဆဲ ဖြစ်သည်။


ဟယ့်ရှန်းတုံက လက်တုံ့မပြန်နိုင်ဘဲ လက်သီးအချက်ပေါင်းများစွာထိုးခံလိုက်ရပြီး ပြန်မထနိုင်တော့ပေ။


ကိုယ်ခံပညာကလပ်၏ အဖွဲ့၀င်များလည်း စွန်းခိုင်ကိုတားရန် မြန်မြန်ဆန်ဆန် ကြား၀င်လာကြသည်။ အဓိကစိုးရိမ်ပူပန်မှုမှာ စွန်းခိုင်ကမူးနေပြီး ဟယ့်ရှန်းတုံကို ထပ်မံနာကျင်အောင်ပြုလုပ်မိမည်စိုး၍ ဖြစ်သည်။


၀မ်ယွီက တိတိကျကျဘာဖြစ်သွားကြောင်း မသိသော်လည်း အမူးပြေသွားသည့်အခါ ဆက်စပ်တွေးနိုင်လာသည်။ စွန်းခိုင်က အရက်များစွာသောက်ထားပုံပေါ်သည်။ကိုယ်ခံပညာကလပ်အသင်းသားများက စွန်းခိုင်ကိုထိန်းပြီး အဝေးကိုခေါ်သွားသည်။


ဟယ့်ရှန်းတုံ ထပ်မံထိခိုက်သွားမည်ကို စိုးရိမ်နေကြသည့်အပြင် စွန်းခိုင်ကထပ်မံဆိုးရွားသည့်ကိစ္စများ မပြုလုပ်ရန် ကာကွယ်လိုက်ကြသည်။


“သူ့ကို ထပ်မထိုးနဲ့တော့... မင်း ဆက်လုပ်နေမယ်ဆိုရင်ငါရဲခေါ်တော့မှာ...”


စားသောက်ဆိုင်ပိုင်ရှင်က ထွက်လာပြီး အော်ပြောလိုက်သည်။


ချန်းဟောင်က လူတိုင်းကို စွန်းခိုင်အား ထိန်းထားရန်ညွှန်ကြားလိုက်ပြီး အခြေအနေများကိုထိန်းချုပ်ရန် ကြိုးစားလိုက်သည်။ သူက လက်တစ်ဖက်နှင့် စွန်းခိုင်ကိုထိန်းထားပြီး တစ်ဖက်တွင် ၀မ်ယွီ၏အင်္ကျီစကို ဆုပ်ကိုင်ထားသည်။ ဖရိုဖရဲအခြေအနေဖြစ်နေသော်လည်း ချန်းဟောင်က ၀မ်ယွီက ပထမဆုံး လက်သီးဖြင့်ထိုးလိုက်သည်ကို ကောင်းကောင်းသိသည်။


ဆိုင်ပိုင်ရှင်ထွက်လာသည့်အခါ ၀မ်ယွီက သူ့ပိုက်ဆံအိတ်ကိုထုတ်ပြီး ချန်းဟောင်ထံပေးလိုက်သည်။ ချန်းဟောင်ကသူ့ကို စိုက်ကြည့်လိုက်သည့်အခါ ၀မ်ယွီ၏မျက်လုံးအကြည့်များက ခက်ထန်နေသော်လည်း သူအတော်လေးထိန်းချုပ်ထားပုံပေါ်နေသည်ဟု ခံစားမိနေသည်။ သူ ၀မ်ယွီကိုလွှတ်ပေးလိုက်ပြီး ဆိုင်ပိုင်ရှင်ထံ လျှောက်သွားလိုက်သည်။ 


ဟယ့်ရှန်းတုံဘက်တွင်မူ သူ၏Comedy ကလပ်အဖွဲ့၀င်များက သူထနိုင်ရန် ကူညီပေးနေကြသည်။ သူ၏နှာခေါင်းနှင့်ပါးစပ်များတွင် သွေးထွက်နေပြီး သူ၏အ၀တ်အစားမှာလည်း ညစ်ပတ်ပေရေနေသည်။


၀မ်ယွီ ဆိုင်ထဲမှ လမ်းလျှောက်ထွက်လာလိုက်တော့သည်။


၀မ်ယွီက ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားဖြစ်ပြီး ကြွက်သားများကလည်း တောင့်တင်းနေသောကြောင့် သူက ပုံမှန်အားဖြင့် ခြိမ်းခြောက်သည့်အော်ရာထုတ်လွှတ်နေသည်။ ထို့အပြင် သူ၏မျက်လုံးများကနက်မှောင်နေပြီး ယခုအချိန်မှာ အန္တရာယ်အလွန်များနေသည်။


ဟယ့်ရှန်းတုံနှင့် သူ့ကိုကူညီပေးကြသည့် အတန်းဖော်များက ထိတ်လန့်သွားကြပြီး အလိုအလျောက်ခြေလှမ်းများဆုတ်မိလိုက်ကြသည်။ ကံအားလျော်စွာ သူတို့စားပွဲများ နှင့် ထိုင်ခုံများကို တိုက်မိကြပြီး ဆူဆူညံညံတချောက်ချောက်မြည်သွားစေသည်။


###


( ဝမ်ယွီက ဆိုင်ထဲ စဝင်လာတည်းက အဲ့ကောင်ကိုမြင်ပြီး ထိုးချင်နေတာပါ၊ သူ မူးမူးရူးရူးနဲ့ စွန်းယာရှန့်အကြောင်းကို ပြောလိုက်တဲ့အချိန် ဝမ်ယွီကလည်း စိတ်တိုနေတာဆိုတော့ အန်းနဉ်အကြောင်းကိုပြောတယ်ထင်ပြီး ထိုးပစ်လိုက်တာပါ )