အပိုင်း ၁၆၄
Viewers 18k

Chapter 164

: လီတို



အေးစက်လှသော ဆောင်းဦးမိုးပြေးများ ကျဆင်းလာသည်နှင့် ပိုများသော မိုးရေစက်များက ဝုန်းဒိုင်းကျဲ ရွာချလာခဲ့သည်။ လေနုအေးလေးများ ဖြတ်တိုက်သွားလေပြီး နျင်းမြို့၏ လမ်းများတွင် စိုထိုင်းထိုင်း သစ်ရွပ်ကြွေများဖြင့် ဖုံးအုပ်သွားကာ ညတွင်းချင်းမှာပင် ဆောင်းဦးရာသီကာလအတွင်းသို့ နက်နက်ရှိုင်းရှိုင်း ပြောင်းလဲဝင်ရောက်သွားလေတော့သည်။ 


ရှစ်ရော့က သူမ၏ အိတ်ထဲမှ အပူပေးဘူးလေးကို ထုတ်ကာ ယွီနျန်ထံ ဆေးနှစ်လုံး ကမ်းပေးလိုက်သည်။ သူထပ်ပြီး ချောင်းဆိုးနေသည်ကို မြင်သောအခါ သူမက စိုးရိမ်တကြီး မေးလာသည်။ 


"ဆေးရုံကို တကယ်မသွားတော့ဘူးလား"


ယွီနျန်က ရေခွက်နှင့် ဆေးဝါးများကို ယူသောက်လိုက်ပြီးနောက် ခွက်ကို ရှစ်ရော့ထံ ပြန်ကမ်းပေးလိုက်သည်။ သူ့အသံများက အက်ကွဲ၍ နေလေသည်။


 "မပြင်းထန်ပါဘူး... ရက်နည်းနည်းလောက်ဆို နေကောင်းသွားမှာပါ"


 သူ ပြုံး၍ ထပ်ပြောလိုက်သည်။ "ကျွန်တော် ဆေးကို သတိတရ သောက်ထားတာပဲမလား"


ရှစ်ရော့က ပူပန်နေဆဲ ဖြစ်ပြီး ပြောလိုက်သည်။ 


"ပရိုဂရမ်က ဝန်ထမ်းတစ်ယောက်က သီချင်းဆိုတဲ့အခါကျရင် lip-syncဆိုချင်လားလို့ မေးနေတယ်... သူတို့က မင်းနေမကောင်းမှန်းသိလို့ စင်ပေါ်မှာ အမှားလုပ်မိမှာ စိုးရိမ်နေတာ" 


ယွီနျန်က တုံ့ဆိုင်းခြင်းအလျင်းမရှိ ငြင်းဆိုလိုက်သည်။ "ကျွန်တော့်ရဲ့ နှာသံက နည်းနည်းပိုပြီး လေးနေလောက်တယ်... ဒါပေမယ့် ဖျော်ဖြေမှုအပေါ် မသက်ရောက်စေလောက်ပါဘူး... lip-sync တစ်ခါ ဆိုလိုက်ရင် နောက်ပိုင်းမှာလည်း liveဆိုတာ ဟုတ်မဟုတ်ဆိုပြီး လူတွေ သံသဝင်ကြလိမ့်မယ်" 


“အစ်မလည်း အတူတူပဲ တွေးနေတာ... ပရိတ်သတ်တွေနဲ့ ဖန်တွေက အရူးမှ မဟုတ်ဘဲ... lip-syncဆိုတာက လွယ်လွယ်နဲ့ မိသွားနိုင်တယ်" ရှစ်ရော့က သူမ၏ ကျောပိုးအိတ်ကြိုးကို ဆွဲလိုက်ပြီးနောက် တုံ့ဆိုင်းသွားသည်။


 "အာ... နျန်နျန်ရေ..."


"ဟင်” ဆေးသောက်ပြီးသွားသော ယွီနျန်က ပရိုဂရမ် အချိန်စာရင်းများကို လှန်လှောကြည့်နေခဲ့သည်။ ရှစ်ရော့၏ ချီတုံချတုံ ဖြစ်နေသော အမူအယာကို တွေ့သောအခါ သူမေးလိုက်သည်။


 "ဘာဖြစ်လို့လဲ"


ရှစ်ရော့က နှုတ်ခမ်းကိုက်လိုက်ရင်း ဆက်ပြောလာသည်။


 "အွန်လိုင်းပေါ်က လူတွေက မင်းရဲ့ မိသားစုအခြေအနေကို ထပ်ပြီး ဆွေးနွေးနေကြ ပြန်ပြီ" သူမက ချီတုံချတုံ ဖြစ်နေပြီးနောက် ပွင့်ပွင့်လင်းလင်း ဆက်ပြောလိုက်သည်။


 "သူတို့ ပြောနေတာ မင်း 'သဘာဝရဲ့သံစဥ်'မှာ ပါတုံးက ရှားမင်ရှီတို့ ရွှယ်ယားလင်တို့လို ပြိုင်ပွဲဝင်တွေက မိဘတွေ ပေါ်လာပြီး စင်ပေါ်မှာ လာအားပေးပေမယ့် မင်းကတော့ မပါခဲ့ဘူးလေ" 


ရှစ်ရော့က ခပ်လောလော ပြောလာသည်။ "မင်းကို အဆက်အပြတ် ဝေဖန်ချင်နေကြတဲ့သူတွေက သူတို့မှာ တိုက်ခိုက်စရာ ဘာမှ မရှိကြတော့ မင်းရဲ့ အားနည်းချက်ကို ရှာဖို့ ကြိုးစားနေကြတာလေ"


“ကျွန်တော် သိပါတယ်... အစ်မရော့ရော့က ကျွန်တော့်ကို ဒီအကြောင်း သတိပြုမိစေချင်နေတာပဲ" 


ယွီနျန်မှာမူ များစွာ သက်ရောက်မသွားဘဲ မေးကြည့်လိုက်သည်။ "အွန်လိုင်းပေါ်မှာ ဘာတွေ ပြောနေကြလို့လဲ" 


ယွီနျန် စိတ်အနှောက်အယှက် ဖြစ်သွားခြင်း မရှိသည်ကို တွေ့လိုက်ရသည့်အခါမှသာ ရှစ်ရော့က သူကိုင်တွယ်နိုင်သော အရာကိုသာ ပြောပြလိုက်သည်။


 "အချို့က ပြောကြတာ မင်းငယ်ငယ်တုန်းက မင်းအမေက မိသားစု အစေခံတစ်ယောက်နဲ့ ချစ်မိသွားပြီး သူနဲ့ လက်ထပ်ပေးဖို့ တောင်းဆိုခဲ့တယ်တဲ့... ဒါပေမယ့် မင်းရဲ့ အဘိုးအဘွားတွေက သဘောမတူလို့ အငြင်းအခုံတွေ ဖြစ်ကြတယ်... ဒါကြောင့် သူတို့က မင်းကို ချန်ရစ်ထားခိုင်းခဲ့ကြပြီးတော့ မင်းအမေနဲ့ အနှောင်အဖွဲ့တွေ ဖြတ်တောက်ပြီး သူ့ကို မိသားစုထဲက ထုတ်လိုက်ကြတာတဲ့" 


ယွီနျန်မှာ ရှစ်ရော့က သူ့အား သည်းခံနိုင်ဖွယ်ရာ အတိုင်းအတာထိသာ ပြောပြနေခြင်း ဖြစ်ပြီး ဆိုးဝါးလွန်းသည့် ခန့်မှန်းချက်များစွာလည်း ရှိနေသေးကြောင်း နားလည်သွားသည်။ 


ထိုအခိုက် ဝန်ထမ်းတစ်ယောက်က စင်ပေါ်သို့ တက်ရန် အချိန်ရောက်ပြီ ဖြစ်ကြောင်း သတိပေးလာသည်။ ယွီနျန် ဇာတ်ညွှန်းကို ပိတ်ကာ အနားယူရာနေရာမှ ထရပ်လိုက်သည်။ 


ဤတစ်ကြိမ်၌ ယွီနျန်က မိနစ် သုံးဆယ်သာ ကြာမြင့်မည့် talk show တစ်ခုတွင် ပါဝင်ရမည် ဖြစ်သည်။


 "ကျော့ရှင်းသော"ကို အဖွင့်သီချင်းအနေဖြင့် သီဆိုပြီးသွားသောအခါ ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်ပြီး အမျိုးသမီး တင်ဆက်သူ လင်းရှားနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။


လင်းရှားက လှိုင်းတွန့်ဆံပင်ရှည်များ ရှိနေပြီး ရန်မူလိုခြင်းများ မရှိဘဲ သိမ်မွေ့ပုံလည်း ပေါ်နေသည်။ သို့သော်ငြား ဤရှိုးသို့ မလာခင်ကတည်းက မုန့်ယွမ်တစ်ယောက် ယွီနျန်ကို ထပ်ကာထပ်ကာ တိုက်တွန်းအကြံပေးထားခဲ့သည်။ လင်းရှား၏ တင်ဆက်ပုံမှာ လုံးဝ ကွဲပြားနေပြီး အမြဲတမ်း မထင်မှတ်ထားသော မေးခွန်းများ မေးလေ့ရှိတတ်သဖြင့် ဂရုမထားမိပါက သူမ၏ ထောင်ခြောက်အတွင်း ကျဆင်းသွားတတ်သည်ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ယွီနျန်ကလည်း အလွန်အမင်း သတိထားနေရသည်။


လင်းရှားက အဖွင့်နှုတ်ဆက်မှု ပြီးသွားသောအခါ သဘာဝကျကျ မေးလိုက်သည်။ "ဒီနေ့က ဂရီဂိုးရီးယန်း ပြက္ခဒိန်မှာ အောက်တိုဘာ 19ရက်နေ့နော်... လပြက္ခဒိန်မှာဆိုရင် ဘယ်နေ့ ဖြစ်မလဲ သိလား"


ယွီနျန် ပြန်ဖြေလိုက်သည်။ "ဟုတ်ပါတယ်... ဒီနေ့က ကိုးလပိုင်း ကိုးရက်နေ့ ကိုးနှစ်ထပ်ပွဲတော်နေ့ပါ"


လင်ရှားက သိမ်မွေ့စွာ ပြုံးလိုက်သည်။ 


"ဟုတ်ပါတယ်... ကိုးနှစ်ထပ်ပွဲတော်က ကျွန်မတို့ရဲ့ ရိုးရာ အားလပ်ရက် ဖြစ်ပြီးတော့ အကြီးအကဲတွေကို ကန်တော့ရတဲ့ ပွဲလို့လည်း ထင်ရှားပါသေးတယ်... ဒီနေ့မှာ လူတွေအများကြီးက သူတို့ရဲ့ မိဘတွေကို သက်ရှည်ကျန်းမာနေစေဖို့ ဆုတောင်းကြတယ်... မင်းကရော ယွီနျန်... မင်းရော အတူတူပဲ လုပ်ဆောင်မှာလား"


ထိုမေးခွန်းကို ကြားသောအခါ ယွီနျန်၏ အပြုံးများ လွင့်ပြယ်သွားပြီး စက္ကန့်အနည်းငယ် ကြာမှသာ ပြန်ဖြေလိုက်သည်။


 "အခုတလော ကျွန်တော့် အဖေရဲ့ ကျန်းမာရေး အခြေအနေ သိပ်မကောင်းလို့ သူ မြန်မြန် သက်သာလာဖို့ တကယ် မျှော်လင့်နေမိပါတယ်"


လင်းရှားက ကြိုတင်၍ စုံစမ်းရှာဖွေထားပြီးသား ဖြစ်၍ ယွီနျန်က သူ့မိဘများအကြောင်း အထိမခံ ဖြစ်တတ်ကြောင်း သိထားပြီးသား ဖြစ်လေရာ ထိုမေးခွန်းကို ပွင့်ပွင့်လင်းလင်း ပြန်ဖြေလာမည်ဟု မထင်ထားခဲ့ပေ။ သူမက တစ်ခဏမျှ ရပ်သွားပြီးနောက် ဆက်ပြောလိုက်သည်။ 


"အင်း... ကျွန်မအမေလည်း မကြာသေးခင်က နေမကောင်းဖြစ်ပြီး ဆေးရုံတင်ခဲ့ရသေးတယ်... ဒါကြောင့်မို့ ကျွန်မတကယ် ကိုယ်ချင်းစာပါတယ်"


ရှိုးရိုက်ကူးရေး ပြီးသွားပြီးနောက် ယွီနျန် စင်နောက်သို့ ပြန်လာသောအခါ ရှစ်ရော့က သူ့နောက်မှ လိုက်လာပြီး တိုးတိုးလာပြောသည်။


 "ပရိုဂရမ်အသင်းက ဒီလိုမေးခွန်းမျိုး လာမယ်ဆိုပြီး မပြောထားဘူး... သူတို့က လူတွေ ကျွတ်စီကျွတ်စီ ဖြစ်အောင် လုပ်ဖို့နဲ့ မင်းကို ထောင်ဖမ်းဖို့ လုပ်နေတာ ဖြစ်မယ်"


ယွီနျန် ခေါင်းငြိမ့်ပြလိုက်သည်။ "အဆင်ပြေပါတယ်... လင်းရှား ဒီလို မေးခွန်းမျိုး မေးလာလိမ့်မယ်လို့ အစ်ကိုမုန့်က ကြိုပြီး သတိပေးထားပြီးသားပဲ... ဒါပေမယ့် ဒါကလည်း အခွင့််အရေးကောင်း တစ်ခု ဖြစ်သွားတာပါပဲ... ဒီလို ထုတ်ပြောလိုက်ရင် အွန်လိုင်းပေါ်မှာ ထင်ကြေးပေးနေကြတာတွေလည်း လျော့သွားလောက်တယ်" 


ရှစ်ရော့က ယွီနျန်ကို စိုးရိမ်ပူပန်စွာဖြင့် ကြည့်ကာ မေးလိုက်သည်။ "နျန်နျန်... နည်းနည်း ပင်ပန်းတယ်လို့ ခံစားရလား"


ရှစ်ရော့ ဆိုလိုချင်သည့် အကြောင်းအရာကို သိနေသော ယွီနျန်က ပြုံး၍ ပြန်ဖြေလိုက်သည်။ 


"ဒီအလုပ်ကို ရွေးဖို့ ဆုံးဖြတ်လိုက်ကတည်းက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသားပါ... ဂုဏ်သတင်းလို အကျိုးအမြတ်လို တစ်ခုခုကို လိုချင်နေရင် အပြန်အလှန်အနေနဲ့ တစ်ခုခုကို စွန့်လွှတ်ရမှာက မလွဲမသွေပဲလေ... အချို့သူတွေဆီက ချစ်ခြင်းမေတ္တာတွေ အားပေးမှုတွေ ရလာတဲ့အခါ အခြားသူတွေဆီက ဝေဖန်မှုတွေ အမုန်းတွေကိုလည်း ရင်ဆိုင်ရမှာက သဘာဝပါပဲ" 


ရှစ်ရော့ ခေါင်းငြိမ့်ကာ တစ်ခုခု ပြောတော့မည့်ဆဲဆဲ ယွီနျန်၏ ဖုန်းမြည်လာခဲ့သည်။


၎င်းက ဟယ်ရှောင်း၏ နံပါတ် ဖြစ်သည်ကို တွေ့သောအခါ ယွီနျန် ဖုန်းပြန်ဖြေလိုက်သည်။ 


"အလုပ်များနေတာလား"


ယွီနျန် ပြုံး၍ ပြန်ဖြေလိုက်သည်။ "မဟုတ်ပါဘူး... အခုလေးတင် ရှိုးတစ်ခု ရိုက်လို့ ပြီးသွားတာ... လုပ်စရာ မရှိပါဘူး"


"အင်း... ငါမင်းကို ဝါးစာလိပ်နဲ့ ပတ်သက်တဲ့အကြောင်း ပြောပြချင်လို့... ငါ့လူတွေက ရောင်းတဲ့သူကို ဆက်သွယ်ပြီးသွားပြီ... သူတို့ဘက်ကလည်း ရောင်းချင်နေကြတော့ ဆွေးနွေးတာက ချောချောမွေ့မွေ့ ပြီးသွားတယ်... ပစ္စည်းကို ငါ့နာမည်နဲ့ ဝယ်ပြီး မင်းကတော့ ငါ့အစား လုပ်ထုံးလုပ်နည်းတွေ ကိုင်တွယ်လိုက်ပေါ့... ပစ္စည်းကို မင်းဆီ တိုက်ရိုက် လွှဲပေးမှာဆိုတော့ ပြဿနာတော့ မရှိလောက်ပါဘူး"


ယွီနျန်က လုပ်ငန်းစဥ်များမှာ ဟယ်ရှောင်း ပြောနေသကဲ့သို့ ချောမွေ့နေခြင်း မဖြစ်နိုင်ကြောင်း နားလည်နေသည်။ သို့သော်လည်း သူဆက်မမေးတော့ဘဲ ရိုးရိုးရှင်းရှင်း ပြောလိုက်သည်။ 


"ကောင်းပါပြီ... အစီအစဥ်အတိုင်း လိုက်လုပ်ပါ့မယ်"


လက်ခံစကားပြောသူဘက်မှ ရယ်သံသဲ့သဲ့ ထွက်လာပြီး ဟယ်ရှောင်းက ခပ်နောက်နောက် ဆိုလိုက်သည်။ "အင်း... တော်တော်လေး စကားနားထောင်သားပဲ"


ယွီနျန်က မျက်တောင်ချကာ မြေပေါ်မှ ခပ်ဝါးဝါး အရိပ်များကို ကြည့်နေခဲ့သည်။


 "ကျွန်တော်က မလိမ္မာပါဘူး... ကျွန်တော့်ကို အဝတ်ထူထူ ဝတ်ဖို့ သတိပေးထားပေမယ့် အအေးမိသွားတယ်လေ... ရှိုးမှာ သီချင်းဆိုတော့ နှာခေါင်းပိတ်နေတာ... ဆေးတွေကလည်း အလုပ်မလုပ်ဘူးထင်တယ်... နေရခက်လိုက်တာမှ"


ယွီနျန်၏ မကျေမနပ်သံလေးကို ကြားသောအခါ ဟယ်ရှောင်း၏ အသံက ပို၍ပင် ညင်သာလာခဲ့လေလေသည်။ 


“အင်း... မင်းက မနာခံတာ မဟုတ်ပါဘူးကွာ... ဒါ လေအေးတွေရဲ့ အပြစ်ပဲ... ပြီးတော့ အလုပ်မဖြစ်တဲ့ ဆေးတွေရောပဲ" 


သူက နှစ်ကြိမ်မျှမျှ ခပ်ဖွဖွ ချောင်းဆိုးလိုက်သည်။ 


"ဒေါက်တာ ရောက်နေပြီ... အခု ဖုန်းချလိုက်တော့မယ်နော်"


ယွီနျန်မှာ ကျွန်တော် လာပြီး တွေ့လို့ ရမလားဟု ပြောလိုက်ချင်ပါသော်လည်း ထိုစကားများက လည်ချောင်းထဲတွင် တစ်ဆို့နေပြီး နူးနူးညံ့ညံ့သာ ပြန်ဖြေလိုက်သည်။ "ကောင်းပါပြီ... ကောင်းကောင်း အနားယူပါ"


ယွီနျန် အိမ်ပြန်လာသောအခါ လူဝီဆန်က "ကော်ရှု" ဝါးစာလိပ်ကို ဝယ်ယူရမည့် အချိန်နှင့် နေရာအသေးစိတ်ကို ပေးပို့လာခဲ့သည်။ ရွှယ်ယုံက ယွီနျန်ဘေးတွင် ထိုင်လာရင်း သူပြောလာသည့် နေရာကို ကြားသောအခါ တစ်ခဏမျှ အတွေးနစ်သွားခဲ့သည်။


 "ကိုယ် အဲ့ဒီနေရာကို သိတယ်" 


ယွီနျန်က "ကျေးဇူးတင်ပါတယ်" ဟု ရေးကာ ပြန်ဖြေလိုက်ပြီးနောက် သိလိုစိတ်ပြင်းစွာဖြင့် မေးလိုက်သည်။ "ခင်ဗျား အရင်က ရောက်ဖူးလို့လား"


"အင်း လီတို တေးဂီတအကယ်ဒမီကလည်း အဲ့ဒီနေရာနဲ့ မဝေးဘူးလေ... ကိုယ် စာသင်နေတုန်းက ပိတ်ရက်တွေမှာဆို မြစ်ဘေးကို သွားပြီး ခိုတွေ ဘဲငန်းလေးတွေကို အစာသွားကျွေးလေ့ရှိတယ်" 


ထိုအကြောင်းကို ကြားလိုက်ရသောအခါ အံ့အားသင့်သွားသည့် ယွီနျန်က ရွှယ်ယုံ၏ လက်ကို ကိုင်ကာ အားတက်သရောဖြစ်နေသော အပြုံးရိပ်များ ထင်နေသည့် မျက်လုံးလေးများဖြင့် ကြည့်လိုက်သည်။ 


"ခင်ဗျားလည်း ကျွန်တော်နဲ့အတူလိုက်ခဲ့ပါလား... ကျွန်တော်တို့ မြစ်ဘေးကို သွားပြီး ခိုစာသွားကျွေးရအောင်နော်... ပြီးရင် လီတိုကို အတူတူ သွားလည်ကြမယ်လေ"


ယွီနျန်က ထိုမေးခွန်းကို မေးနေရင်း ရွှယ်ယုံ၏ အသက်ရှူသံ တစ်ခဏမျှ ရပ်သွားသေးသည်ကိုလည်း ခံစားမိလိုက်သည်။ အချိန်အတော်ကြာသွားသည်ဟု ခံစားရပြီးသွားမှသာ ရွှယ်ယုံ အဆုံးတွင် ပြန်ဖြေလိုက်သည်။ 


"ဒါပေါ့"


နောက်တစ်နေ့တွင် ယွီနျန်က အသံသွင်းစတူဒီယိုကို မနက်စောစော ရောက်လာခဲ့သည်။ အယ်လ်ဘမ် ထုတ်လုပ်ရေးက ထပ်ကာထပ်ကာ အသံ ပြန်သွင်းသည့် အခြေအနေသို့ ရောက်ရှိနေပေပြီ။ မုန့်ယွမ် ရောက်နှင့်နေပြီ ဖြစ်သည်ကို တွေ့လိုက်ရသောအခါ ယွီနျန် နှုတ်ဆက်လိုက်သည်။


 "ဂွတ်မောနင်း အစ်ကိုမုန့်"


“ဒီနေ့ ခံစားချက် ကောင်းနေလား" 


ယွီနျန်က စိတ်သက်တောင့်သက်တာဖြစ်နေပြီး ထိုအချင်းအရာက မုန့်ယွမ်ကိုလည်း စိတ်အေးလက်အေး ဖြစ်သွားစေသည်။ သူက အလုပ်များနေရလေ့ ရှိပြီး ယခုတွင်လည်း ယွီနျန်၏ သီချင်း အသံသွင်းသည်ကို ကြီးကြပ်ရန်အတွက် နေ့တိုင်းရောက်လာပေးရသည်။ မုန့်ယွမ်က ကော်ဖီပူပူတစ်ခွက်ကို ကိုင်ထားရင်း ပြန်စဥ်းစားကြည့်နေသည်။ 


"စကားမစပ်... ရော့ရော့ မနေ့က ရှိုးအကြောင်း ပြောပြတယ်... ရိုက်ကူးထားတဲ့ မှတ်တမ်းတွေကိုပါ ကြည့်ခဲ့ပြီးပြီ... မင်းအဖြေတွေ အားလုံး အဆင်ပြေတယ်... စိတ်ပူစရာ မလိုဘူး"


သူက ယွီနျန် လတ်တလောတွင် အဖေရင်းနှင့် ပြန်တွေ့ခဲ့ရပြီး ယခင်က ဆေးရုံသို့ အခေါက်ပေါင်းများစွာ သွားလည်ခဲ့ရကြောင်းကိုသာ သိနေခဲ့သည်။ သို့သော်လည်း အသေးစိတ်အချက်ကိုမူ နှိုက်နှိုက်ချွတ်ချွတ် မသိရဘဲ ယွီနျန်ကလည်း အသေးစိတ် မပြောပြလာခဲ့ပေ။ 


“ကောင်းပါပြီ" ယွီနျန် ခေါင်းငြိမ့်ကာ ပြောပြလိုက်သည်။


 "ကျွန်တော် ရက်နည်းနည်းလောက် ခွင့်ထပ်ယူရဦးမယ်.. သြစတေးလျကို သွားစရာ ရှိလို့"


ကော်ဖီသောက်နေသည့် မုန့်ယွမ်၏ အပြုအမူများ ရပ်တန့်သွားပြီးနောက် သူ နားလည်သွားသည်။ "ဝါးစာလိပ်အကြောင်း သတင်းရလို့လား"


"အင်း... သတင်းရထားတယ်... အားလုံးအဆင်ပြေသွားရင် ဒီတစ်ခေါက်တော့ ပြန်ဝယ်လာနိုင်မယ် ထင်တယ်... ဒါပေမယ့် ကျွန်တော့်အလုပ်တွေကို ရက်နည်းနည်းလောက်ထိ နှောင့်နှေးသွားစေမှာပေါ့"


မုန့်ယွမ်က လက်ဝှေ့ယမ်းပြလိုက်သည်။


 "ငါ ဒီရက်တွေထဲ အလုပ်များလွန်းလို့ ခေါင်းပေါ် ပန်းတွေတောင် ပွင့်တော့မယ်... သြစတေးလျကို သွားတာက ကိစ္စကြီး မဟုတ်ဘူး... တောင်ဝင်ရိုးကနေ မြောက်ဝင်ရိုးစွန်းအထိ တစ်လှည့်ပြီး တစ်လှည့် သွားချင်ရင်တောင် အချိန်ရနေတာပဲ... မင်းက ကိုယ့်အချိန်စာရင်းကိုယ် ပြင်ဆင်တယ်... ငါကတော့ အခုကစပြီး လက်အားသွားပြီ... ”


လူဝီဆန်၏ သတင်းအရ ဝါးစာလိပ်ကို အရောင်းအဝယ်ပြုမည့်ကိစ္စက 23ရက်နေ့ ဒေသစံချိန် နေ့လည်ပိုင်းတွင် ပြုလုပ်မည် ဖြစ်သည်။ မနက်ပိုင်း အသံသွင်းပြီးသွားသောအခါ နေ့လည်ပိုင်းတွင် ယွီနျန်နှင့် ရွှယ်ယုံတို့က သြစတီးရီးယားသို့ ခရီးနှင်လာခဲ့ကြသည်။ 


ဒေသစံတော်ချိန် ငါးနာရီတွင် လေယာဥ်ဆိုက်ရောက်လာပြီး ယွီနျန်၏ အတွင်းပိုင်းနာရီကလည်း အချိန်တိကျသည်။ သူက လေယာဥ်ပေါ်မှ ဆင်းလာကတည်းက ရွှယ်ယုံ၏ ပုခုံးပေါ် မှီလာခဲ့ပြီး နိုးနိုးကြားကြား နေစေရန် ကိုယ့်ကိုယ်ကိုယ် အားတင်းထားလိုက်ပြီးနောက် ငိုက်မျဥ်းနေသော အမူအယာဖြင့် ပြောလိုက်သည်။


 "ခင်ဗျား လီတိုမှာ တက်ခဲ့ရတုန်းကလည်း ကျောင်းပြင်ပမှာ နေခဲ့တာလား"


ဝင်လုဆဲ နေလုံးကြီး၏ နွေးထွေးသော ရွှေအိုရောင် အလင်းတန်းများက ကားပြတင်းမှ ဖြာကျလာခဲ့ပြီး ယွီနျန်၏ မျက်လုံးများထက် ရောင်ပြန်ဟပ်လာခဲ့သည်။ ရွှယ်ယုံက ယွီနျန်၏ အလင်းရောင်ဟပ်နေသော မျက်တောင်လေးများကို ခပ်ဖွဖွထိကာ ပြန်ဖြေသည်။ "အင်း.... အဲ့ဒီအချိန်တုန်းက လူတွေနဲ့ သိပ်မရင်းနှီးသလို ပေါင်းသင်းဆက်ဆံရေးလည်း မတွင်ကျယ်ဘူး... လီတိုရဲ့ အဆောင်တွေက လူနှစ်ယောက် မျှသုံးရတော့ ကျောင်းပြင်ကို ထွက်လာခဲ့တာ...ကိုယ့်အဖေက ကိုယ်နေပြီး စန္ဒယား လေ့ကျင့်ဖို့ မြစ်ဘေးက အဆောက်အအုံလေးတစ်ခုကို ဝယ်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်လေ" 


ယွီနျန်က နေရောင်ခံနေသော ကြောင်လေးတစ်ကောင်လို မျက်လုံးများ မှေးကျဥ်းလိုက်ပြီး အသံအနေအထားကလည်း ပျင်းတိပျင်းရွဲ ဖြစ်နေသည်။ 


"ကျွန်တော်တို့ အဲ့ဒီမှာ နေကြမှာလား"


"အင်း... အောက်ထပ်မှာ စားကောင်းတဲ့ ဝက်သားကတ်တလိတ်ကြော် ရောင်းတဲ့ နေရာလေး ရှိတယ်... ဆောစ့်ကို ဆိုင်ရှင်ကိုယ်တိုင် လုပ်ပေးတာလေ... ဆိုင်ထဲက ပန်းသီးလိပ်လေးတွေကလည်း အရမ်း အရသာရှိပြီးတော့ နည်းနည်းလည်း ချဥ်တယ်... ကိုယ် မနက်ပိုင်း စန္ဒယား လေ့ကျင့်ရတဲ့ အချိန်တွေမှာဆို ကျောင်းကို အချိန်မီရောက်ဖို့အတွက် ပန်းသီးလိပ်လေးတွေကို မနက်စာအဖြစ် တစ်ခဏလောက် ဝယ်စားခဲ့ရသေးတယ်"


“စန္ဒယားလေ့ကျင့်ဖို့က ဘယ်အချိန်မှာ ထတာမို့လဲ"


"ခြောက်နာရီလေ... တစ်နာရီ လေ့ကျင့်တယ်... ပြီးရင် ခုနစ်နာရီခွဲမှာ မနက်စာစားပြီး ရှစ်နာရီအတန်းသွားတက်တယ်"


ရွှယ်ယုံ၏ နူးညံ့ အက်ရှနေသော အသံလေးက ယွီနျန်ကို ပို၍ပင် အိပ်ချင်စိတ်များ တိုးလာစေခဲ့သည်။ သူက မျက်လုံးများကို အနိုင်နိုင်ဖွင့်လိုက်ရင်း ကားပြတင်း အပြင်ဘက်မှ ရှေးဆန်လှသော အဖြူရောင် အဆောက်အအုံများကို ကြည့်ကာ လီတို၏ အနက်ရောင်နှင့် အဖြူရောင် အမြီးရှည်ကုတ်အင်္ကျီစတိုင် ကျောင်းယူနီဖောင်း ဝတ်ထားရင်း ဂီတသင်္ကတစာရွက်များကိုင်ကာ အိမ်မက်များ အပြည့်ဖြင့် မိုးလင်းစအချိန်များတွင် လမ်းကြိုလမ်းကြားများအကြား ကူးဖြတ်သွားလာနေမည့် ငယ်ရွယ်သော ရွယ်ယုံကို တွေးမိသွားခဲ့လေသည်။