အပိုင်း ၁၆၅
Viewers 18k

Chapter 165

ခင်ဗျား စန္ဒယား တီးချင်တဲ့အခါတိုင်း ပရိတ်သတ် လုပ်ပေးမယ်




ရွှယ်ယုံ ကျောင်းတက်စဥ်က နေခဲ့သော နေရာလေးမှာ မြစ်ကမ်းဘေးမှ သုံးထပ်အဆောက်အအုံလေးဖြစ်သည်။ အတွင်းပိုင်းနှင့် အပြင်ပိုင်း အပြင်အဆင်များမှာ အလွန်ရှေးကျလေသည်။ 


အိမ်ကလေးကို အိမ်ပိုင်ရှင် ပြန်လာဖြစ်သည့်အချိန်များအတွက် အသင့်ဖြစ်နေစေရန် ပုံမှန် သန့်ရှင်းရေး လုပ်ပေးထားပြီး စားပွဲခင်းနှင့် လက်ကိုင်ပုဝါအသစ်များကိုပင် လေးထောင့်ပုံ မဟော်ဂနီ စားပွဲကြီးပေါ်တွင် ဖြန့်ခင်းထားကာ ပန်းအိုးထဲတွင်လည်း ပန်းများစွာ ရှိနေသည်။ ပြတင်းပေါက်မှန်များစွာက သန့်ရှင်းတောက်ပြောင်နေပြီး အကြည့်တစ်ချက်မှာပင် မိုးကုတ်စက်ဝိုင်းပေါ်မှ နေဝင်ချိန် မြင်ကွင်းအလှကို တွေ့မြင်နေရပေသည်။ 


ဧည့်ခန်းလေးထဲတွင် ထူထဲလှသော ဂီတသီအိုရီ စာအုပ်ထူထူများက ဆိုဖာပေါ်၌ ပြန့်ကျဲနေပြီး ဂီတသင်္ကေတ စာအုပ်အချို့နှင့် မှင်စိမ်းရောင် ဖောင်တိန်တစ်ချောင်းက ကော်ဖီစားပွဲပေါ်တွင် ရှိနေခဲ့သည်။ နှစ်အနည်းငယ် ကြာသွားသည့်တိုင် အချိန်များ ရပ်တန့်နေသည့်အလား အရာအားလုံးမှာ ရွှယ်ယုံထွက်လာခဲ့သည့်အတိုင်း ထပ်တူညီစွာ တည်ရှိနေဆဲ ဖြစ်သည်။ 


ရွှယ်ယုံမှာ ဝင်ပေါက်တွင် ရပ်နေရင်း ခြေလှမ်းဝက်လေးပင် လှမ်းလိုက်လျှင် တင်းကျပ်စွာ ဖုံးကွယ်ထားသော အမှတ်တရဟောင်းများကို ပြန်တူးဆွမိမည့်အလား ခြေလှမ်းမလှမ်းရဲဘဲ ချီတုံချတုံ ဖြစ်နေပုံပေါ်နေသည်။


ဒရိုင်ဘာက ခရီဆောင်အိတ်များကို အထဲသို့ ပို့ပေးလာခဲ့ပြီးနောက် ယွီနျန်က သူ့အား ကျေးဇူးတင်စကား ပြောကာ အထဲသို့ဝင်၍ တံခါး ပိတ်လိုက်သည်။ ရွှယ်ယုံ တွေဝေငေးမောစွာ ရပ်နေဆဲ ဖြစ်သည်ကို မြင်လိုက်ရသောအခါ ရှေ့ခြေနှစ်လှမ်းတိုး၍ ရွှယ်ယုံဘေးတွင် ရပ်လိုက်ပြီးနောက် သူ့လက်ကို ယုံကြည်မှုရှိရှိတွဲကာ ပြုံး၍ ပြောလိုက်သည်။ 


"ကျွန်တော် ဝင်လာတော့ ပြတင်းပေါက်ဘောင်တွေမှာ အရမ်းလှတဲ့ နှင်းဆီပန်းတွေ ရှိတယ်"


ရွှယ်ယုံက သတ္တိခွန်အားများ မွေးနေသည့်အလား ယွီနျန်၏ လက်ကို ပြန်လည် ထွေးဆုပ်လိုက်ပြီးနောက် ယွီနျန်အား ပြတင်းပေါက်ရှိရာသို့ ခေါ်သွားပေးခဲ့သည်။


 "အထဲကနေလည်း ကြည့်လို့ရတယ်လေ" သူ နောက်ထပ် စကားအချို့ ထပ်ပြောလိုက်ပြန်သည်။ 


"မနက်ပိုင်း နေထွက်လာတဲ့အခါ နေရောင်က နှင်းဆီပန်းအရိပ်တွေကို စားပွဲပေါ်မှာ ကျလာအောင် ထိုးပေးတယ်... အရမ်းလှတာ" 


ယွီနျန်က ပြတင်းပေါက်တံခါးကို တွန်းဖွင့်လိုက်ပြီးနောက် အဖြူရောင်နှင်းဆီပွင့်ဖတ်များကို ထိကာ ရွှယ်ယုံကို လှမ်းပြုံးပြလိုက်သည်။ "ဒီနှင်းဆီပန်းက အရမ်းလတ်ဆတ်တာပဲ"


ယွီနျန်၏ အပြုံကြောင့် သက်ရောက်ခံလိုက်ရသည့် ရွှယ်ယုံမှာလည်း အကြည့်များ နူးညံ့လာခဲ့သည်။


 "အင်း... အပေါ်ထပ် စာကြည့်ခန်းကနေလည်း နှင်းဆီတွေကို ကြည့်လို့ရတယ်"


သူတို့က သစ်သားလှေကား ကျဥ်းကျဥ်းလေးပေါ်တွင် တစ်လှမ်းပြီးတစ်လှမ်း လျှောက်လာခဲ့ကြသည်။ ဒုတိယထပ်သို့ ရောက်သောအခါ ရွှယ်ယုံက ယွီနျန်ကို စာကြည့်ခန်းထဲသို့ ခေါ်သွားပေးခဲ့ပြီး ပြတင်းပေါက်အပြင်ဘက်၌ နှင်းဆီပန်းများက အမှန်ပင် ပွင့်လန်းနေကြပေသည်။


စာကြည့်ခန်းထဲမှ ထွက်လာသောအခါ ရွှယ်ယုံ စက္ကန့်အနည်းငယ်မျှ ချီတုံချတုံ ဖြစ်သွားသော်လည်း ယွီနျန်ကို နောက်ထပ်အခန်းတစ်ခုထဲသို့ ခေါ်သွားပေးနေဆဲဖြစ်ပြီး မိတ်ဆက်ပေးလိုက်သည်။ 


"ဒါက... စန္ဒယားတီးတဲ့အခန်းလေ"


စန္ဒယားအခန်းက သိပ်ပြီး မကျယ်ဘဲ မြစ်ဘက်ကို မျက်နှာမူနေသည့် ပြတင်းပေါက်တစ်ခုရှိပြီး ညနေခင်း လေပြေညင်းလေးများက သိမ်မွေ့၍ နေပေသည်။ အခန်း၏ ကြီးကျယ်ထင်ရှားဆုံး အစိတ်အပိုင်းမှာ မဟော်ဂနီဖြင့် ပြုလုပ်ထားသည့် စတိန်းဝေး စန္ဒယားမြင့်ကြီး ဖြစ်သည်။ ယွီနျန်မှာ အလျင်စလို မပြောဘဲ မေးလိုက်သည်။ 


"အရင်က ဒီနေရာမှာ စန္ဒယား လေ့ကျင့်ခဲ့တာလား"


ရွှယ်ယုံ ခေါင်းငြိမ့်ပြလိုက်သည်။ 


"အင်း... မနက်ပိုင်းဆိုရင် ကျောင်းမသွားခင် တစ်နာရီလောက် လေ့ကျင့်တယ်... ညနေပိုင်းကျရင် ပြန်လာတာနဲ့ သုံးနာရီလေ့ကျင့်တယ်... ကျောင်းပိတ်ရက်တွေမှာ အခြား အစီအစဥ်တွေ မရှိရင် မနက်ကနေ ညအထိ လေ့ကျင့်တာပဲ"


 သူက ပိတ်ထားသော စန္ဒယားအဖုံးကို နင့်နင့်နဲနဲ ကြည့်ကာ နူးညံ့စွာ ပြောလိုက်သည်။ 


"ကိုယ်က အဖြူနဲ့ အနက် ခလုတ်တွေပေါ် လက်ချောင်းတွေ ဖိထားရတဲ့ ခံစားချက်ကို သဘောကျတယ်... ဒါက ကိုယ့်ကို အရမ်း ပျော်ရွှင်စေတယ်လေ"


ယွီနျန်က ရွှယ်ယုံ၏ ဘေးတိုက်မျက်နှာကို ကြည့်ကာ နှလုံးသားက အနည်းငယ် နာကျင်မိလာရသည်။ ကလေးဘဝမှ အရွယ်ရောက်သည်အထိ တက်ကြွသော ပေါင်းသင်း ဆက်ဆံရေးများ သို့မဟုတ် များစွာသော ဖျော်ဖြေရေးများ မရှိလေဘဲ ရေတွက်နိုင်သော နေ့နှင့်ညများကို လေ့ကျင့်ရာ၌သာ ထပ်ကာထပ်ကာ အသုံးချခဲ့သည်။ ရွှယ်ယုံမှာ သူ့အချိန်များကို စန္ဒယားခလုတ်များပေါ်တွင် ဆယ်စုနှစ်တစ်ခုကျော်အထိ နှစ်မြှုပ်ထားခဲ့သည်။ သို့သော်လည်း ကံကြမ္မာက ရက်စက်စွာပင် အလှည့်အပြောင်းတစ်ခု ဖြစ်စေခဲ့ပြီး မျှော်လင့်ချက်များအားလုံးကို ဖြိုခွဲပစ်လိုက်သည်။


ယွီနျန်မှာ စိတ်မကောင်း ဖြစ်လာရသဖြင့် ရွှယ်ယုံ၏ လက်ကို ညှစ်ကာ သူတို့၏ မျက်လုံးများ ဆုံတွေ့သွားသည့်အချိန်ကို စောင့်ပြီးနောက် ပြုံး၍ ပြောလိုက်သည်။


 "အခု အိပ်လို့ မရသေးဘူးဆိုတော့ လမ်းထွက်လျှောက်ကြမလား"


ဝင်လုဆဲ နေလုံးကြီး၏ လင်းထိန်နေမှုများ ကွယ်ပျောက်သွားပြီ ဖြစ်ပြီး ညကျရောက်လာကာ မြစ်ကမ်းဘေးမှ လမ်းမီးတိုင်များသည်ပင် တဖြည်းဖြည်း လင်းလာခဲ့လေပြီ။ လေက အတော်လေး ပြင်းလှသဖြင့် ယွီနျန်က ရွှယ်ယုံ၏ လေကာအင်္ကျီကို ကြယ်သီးတပ်ပေးလိုက်ပြီးနောက် သူ့အင်္ကျီကိုလည်း တပ်လိုက်သည်။


သူတို့လမ်းစလျှောက်ပြီး သိပ်မကြာခင်မှာပင် ယွီနျန်က အယ်လ်ဘမ်ထုတ်လုပ်ရေး လုပ်ငန်းစဥ်အကြောင်း ပြောဆိုနေခဲ့ပြီး သီချင်းတစ်ပုဒ်က အလွန်ရေးရခက်ပြီး ၎င်းကို အကြိမ်များစွာ အသံသွင်းခဲ့သော်လည်း မကျေနပ်နိုင်သေးသဖြင့် သူ့ကိုယ်သူ ကျင်းတစ်ကျင်း တူးလိုက်ချင်ကြောင်း မကျေမနပ် ပြောဆိုနေခဲ့သည်။ ထိုအခိုက် သူတို့၏ နောက်ပါးမှ မရေမရာ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ 


"ရွှယ်ယုံလား..."


"ရွှယ်ယုံ" ဟု အသံထွက်လိုက်ပုံက အလွန် သာမန်ဆန်လှသည်။ 


ယွီနျန်သည် ရွှယ်ယုံက ထိုအသံကို ကြားလိုက်ရချိန်တွင် တဖြည်းဖြည်း လှည့်မကြည့်မိခင် စိတ်ကို ပြင်ဆင်လိုက်သည့်အလား မျက်ဆံများ ကျုံ့သွားခဲ့သည်ကို သေသေချာချာ သတိပြုမိသွားသည်။


ငွေရောင်ဆံပင်များ ရှိနေသည့် အဘိုးအိုတစ်ယောက်က သူတို့အား ချီတုံချတုံ အမူအယာဖြင့် ကြည့်နေခဲ့သည်။ သူက သုံးထပ်အကွက်ဝတ်စုံကို ဝတ်ဆင်ထားပြီး နှာခေါင်းထက် မျက်မှန်တစ်လက်လည်း တပ်ထားသည်။ ထိုသူက သပ်ရပ်ကာ လူကြီးလူကောင်းပုံပေါ်နေသည်။ ရွှယ်ယုံ၏ မျက်နှာကို မြင်လိုက်ရသောအခါ ပျော်ရွှင်မှုများဖြင့် မျက်နှာဝင်းလက်သွားသည်။ 


"အိုး... အမလေး... တကယ် မင်းပဲကွ" 


ထိုလူ သူတို့ဆီသို့ လျှောက်လာနေသောအခါ ရွှယ်ယုံက ညာဘက်လက်ကို စိတ်လှုပ်ရှားစွာဖြင့် နောက်ပို့လိုက်ပြီး တင်းကျပ်စွာ ဆုပ်ထားသည်။ သူ့အသံကလည်း အက်ကွဲ၍နေလေသည်။ 


"ပရော်ဖက်ဆာ ဘရန်ဒယ်... မတွေ့ရတာကြာပြီ"


ပျော်ရွှင်မှုများ ပြီးနောက် ဘရန်ဒယ်က မျက်လုံးထဲတွင် စိတ်ကျေနပ်မှုများဖြင့် ရွှယ်ယုံကို အစုန်အဆန် ကြည့်လိုက်သည်။ 


"ငါမင်းကို လီတိုရဲ့ အနီးအနားမှာ ထပ်မမြင်ရလောက်တော့ဘူးလို့ ထင်နေတာကွ"

 သူ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ 


"မင်းကို ဒီနေရာမှာ တွေ့ရတာ အရင်အချိန်တွေ ပြန်ရောက်သွားသလိုပဲ... ဒါပေမယ့် အတိတ်နဲ့ ယှဥ်လိုက်ရင် မင်းတော်တော်လေး ပြောင်းလဲသွားတယ်... မင်းကို ငါ့ရဲ့ ထူးချွန်တဲ့ ကျောင်းသားလေး ဟုတ်ပါ့မလားလို့တောင် မသေချာတော့ဘူး ဖြစ်နေတာ"


ထို့နောက် သူက အချိန်စစ်ကြည့်လိုက်သည်။ 


"ဟုတ်သား... အချိန် သိပ်မရှိတော့ဘူး... ည8နာရီကျရင် ငါကြိုက်တဲ့ လူငယ်သံစဥ်သံစုံတီးဝိုင်းက တေးဂီတခန်းမမှာ ဖျော်ဖြေပွဲလာလုပ်မှာ"


ရွှယ်ယုံက သဘာဝကျကျ တုံ့ပြန်လာသည်။


 "လူငယ်သံစဥ် သံစုံတီးဝိုင်းလား"


“မင်း မှတ်မိနေတုန်းလား" 

ဘရန်ဒယ်က ထပ်ကာထပ်ကာ ခေါင်းငြိမ့်ပြလိုက်သည်။ "ဟုတ်တယ်လေ... သူတို့ပဲ... မင်းလည်း သူတို့ကို ကြိုက်ခဲ့တာ ငါမှတ်မိပါသေးတယ်"


 ထို့နောက် သူ ဖိတ်ခေါ်လိုက်သည်။ 


"ငါ့မှာ လက်မှတ်အပိုတွေ ရှိသေးတယ်... မင်းနဲ့ မင်းသူငယ်ချင်းရော အတူတူသွားကြမလား"


ရွှယ်ယုံ၏ နှုတ်ခမ်းများ လှုပ်ရှားသွားသော်လည်း ခပ်မြန်မြန်ပင် ငြင်းလိုက်သည်။


 "ကျွန်တော်တို့မှာ လုပ်စရာ ရှိသေးလို့ပါ... တောင်းပန်ပါတယ်"


ဘရန်ဒယ်က စိတ်ဓါတ်ကျသွားသော်လည်း ထပ်ပြီး မတိုက်တွန်းတော့ပေ။ သူက နောက်ထပ် စကားတစ်ခွန်းနှစ်ခွန်း ထပ်ပြောပြီးနောက် အလျင်စလို ထွက်သွားခဲ့သည်။ 


ရွှယ်ယုံက ယွီနျန်၏ လက်ကို ကိုင်ကာ လေကာအင်္ကျီအိတ်ကပ်ထဲသို့ ထည့်လိုက်ပြီးနောက် ရှင်းပြလိုက်သည်။ 


"သူက ကိုယ့်ရဲ့ ဂီတသီအိုရီဆရာ ဖြစ်ခဲ့တာလေ"


ယွီနျန်က မျက်လုံးများ မှေးကျဥ်းသွားသည်အထိ ပြုံးပြလိုက်သည်။ 


"နှစ်တွေ ကြာသွားတာတောင် သူ ခင်ဗျားကို မှတ်မိနေတုန်းပဲ"


“အင်း" ရွှယ်ယုံက အတိတ်ကို လွမ်းဆွတ်သွားဟန်ဖြင့် ပြုံးလိုက်သည်။


 "အတန်းထဲမှာဆို ကိုယ်က အမြဲတမ်း ရှေ့ဆုံးမှာပဲ ထိုင်တာ... သူက ကိုယ့်ကို ခက်ခဲတဲ့ မေးခွန်းတွေ မေးရတာ ကြိုက်တယ် .. ဒါပေမယ့် ကိုယ်က အချိန်တိုင်း မှန်မှန်ကန်ကန် ဖြေနိုင်ခဲ့တယ်လေ... သူ့ကို ကိုယ်က ဒေါသထွက်အောင် လုပ်နေတာလို့ ပြောခဲ့သေးတယ်"


ယွီနျန်က တီးတိုးရယ်မောလိုက်သည်။


 "ကျွန်တော်လည်း ကျောင်းတက်တုန်းက ဆရာတွေထဲက တစ်ယောက်နဲ့ အဲ့ဒီလိုအခြေအနေ ကြုံခဲ့ရဖူးတယ်... သူက အရမ်း စိန်ခေါ်မှုများတဲ့ မေးခွန်းတွေ ပေးပြီး အတန်းထဲက ဘယ်သူကမှ ဖြေနိုင်မှာ မဟုတ်ဘူးလို့ မောက်မောက်မာမာ ပြောခဲ့ပေမယ့် ကျွန်တော်က မှန်သွားတယ်လေ" 


သူတို့က ညစာကို မြစ်ကမ်းဘေးမှ စားသောက်ဆိုင်လေးတွင် စားသောက်ခဲ့ကြပြီးနောက် ညရှုခင်းကို တစ်လမ်းလုံး ရှုစားလာခဲ့ကြသည်။ အိမ်ပြန်ရောက်သောအခါ ရွှယ်ယုံက ရှေ့မှ လမ်းလျှောက်လာခဲ့ပြီး ယွီနျန်က နောက်မှ ခြေလှမ်းအနည်းငယ် ဝင်လာခဲ့ပြီးနောက် လှေကားထောင့်တွင် ရပ်လိုက်သည်။ နှစ်စက္ကန့်မျှ တုံ့ဆိုင်းနေပြီးနောက် ရွှယ်ယုံ၏ အမည်ကို ခေါ်လိုက်သည်။


 "ရွှယ်ယုံ"


ရွှယ်ယုံ လှည့်လာပြီးနောက် လှေကားထစ်များကို တက်နေရာမှ ငုံ့ကြည့်လာသည်။ "အင်း..."


ယွီနျန်က လက်ငါးချောင်းကို တင်းတင်းဆုပ်ထားရင်းဖြင့် ပြုံးပြလိုက်ပြီး အသံထဲတွင်လည်း မလေးလံသော်ငြား ခိုင်မာမှုများ ပြည့်နေခဲ့လေသည်။ 


"ကျွန်တော် ခင်ဗျားကို ပြောချင်တာ... တကယ်လို့... ကျွန်တော် ဆိုလိုတာက တကယ်လို့ ခင်ဗျား စန္ဒယား တီးချင်တဲ့အခါကျရင် ကျွန်တော် ခင်ဗျားရဲ့ သစ္စာရှိ ပရိတ်သတ်လုပ်ပေးမယ်"


ထိုစကားလုံးများ ကျဆင်းလာသောအခါ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ တစ်ခဏအကြာမှ ရွှယ်ယုံက တုံ့ဆိုင်းနေသည့် လေသံဖြင့် ပြန်ဖြေလာခဲ့သည်။


 "အိုကေ"


ဂီတအခန်းထဲသို့ ပြန်ရောက်လာသောအခါ ရွှယ်ယုံက စန္ဒယားရှိရာသို့ ခြေနှစ်လှမ်းမျှ လှမ်းလိုက်ပြီးနောက် ယွီနျန်ကို ရပ်ကြည့်လိုက်သည်။ ယွီနျန်က ပြုံး၍ နှစ်သိမ့်ပေးလိုက်သည်။ 


"အဆင်ပြေပါတယ်" ပြောနေရင်း လက်ဆန့်ထုတ်ကာ ရွှယ်ယုံ၏ လက်ကောက်ဝတ်ကို ကိုင်၍ စန္ဒယားခုံဆီသို့ ခေါ်သွားပေးလိုက်သည်။ 


ရွှယ်ယုံ ထိုင်ချလိုက်သည်နှင့် ယွီနျန်လည်း ပြတင်းပေါက်ဘေးမှ ဆိုဖာလေးပေါ်တွင် ထိုင်ချကာ မေးကို လက်ထောက်ထားရင်း ရွှယ်ယုံ၏ မျက်နှာကို စိုက်ကြည့်နေပြီး အတွေးနစ်နေခဲ့သည်။ 


သူက ရွှယ်ယုံ၏ စိတ်မသက်မသာဖြစ်ပြီး သတိထားနေရခြင်းကို နားလည်နေသည်။ စန္ဒယားနှင့် ဂီတမှာ သူ့နှလုံးသားထဲတွင် အလေးအမြတ်ထားရသော အရာများ ဖြစ်လေရာ ထိတွေ့ရန်အတွက် အမြင့်မားဆုံး ရိုသေမှုများနှင့် စွဲလမ်းမှုများ လိုပေသည်။ သူ့ကိုယ်သူ အပြည့်အဝ မနစ်မြုပ်ထားနိုင်ပါက တီးလုံးများကို ချောချောမွေ့မွေ့ တီးနိုင်ခဲ့လျှင်ပင် မလေးမစား ဖြစ်သွားနိုင်သည်။ 


သူ့အကြည့်များအောက်မှာပင် ရွှယ်ယုံက သစ်သားစန္ဒယားအဖုံးကို သတိကြီးကြီးဖြင့်မကာ သူ့ရှေ့မှ အဖြူနှင့် မနက် ခလုတ်များကို ဖော်ထုတ်လိုက်သည်။ နောက်ကျောကို မတ်မတ်ထားရင်း ခပ်ဖွဖွ အသက်ရှုလိုက်ပြီးမှ အနည်းငယ် တုန်ယင်နေသော လက်များကို ခလုတ်များပေါ် တင်လိုက်ပါသော်လည်း အချိန်အကြာကြီး တုံ့ဆိုင်းနေပြီးမှ ဖိနှိပ်လိုက်သည်။ 


၎င်းမှာ ယွီနျန်တစ်ယောက် ရွှယ်ယုံ၏ နောက်တွင် ရပ်လာပြီး အေးစက်နေသော လက်များအပေါ် သူ့လက်ဖြင့် အုပ်ကိုင်ကာ ခပ်ဖွဖွ ဖိနှိပ်စေလိုက်သည့်အချိန်မတိုင်ခင် ဖြစ်သည်။ ထိုမှသာ ကြည်လင်ပြီး ပဲ့တင်သံ ပြန်လာသည့် တီးလုံးတစ်ခုက လေထဲတွင် ပြည့်နှက်သွားခဲ့လေသည်။ 


ယွီနျန်က ဆိုဖာလေးပေါ်တွင် ပြန်ထိုင်ကာ မေးပြန်ထောက်ထားလိုက်ရင်း ရွှယ်ယုံကို မျက်တောင်မခတ်မစတမ်း ကြည့်နေခဲ့သည်။ 


သိပ်မကြာခင် စန္ဒယားသံက ခပ်ဖွဖွ လှိုင်းပွက်သွားသည့် ရေသံကဲ့သို့ စီးဆင်းလာခဲ့ပြီး ရွှယ်ယုံမှာ စန္ဒယားခုံပေါ် ထိုင်နေရင်း မျက်လုံးများ မှိတ်ထားသည်။ လက်ချောင်းထိပ်များက မှတ်ဥာဏ်ရှိနေသည့်အလား ခလုတ်များကို ဖိနှိပ်သွားရင်း တီးလုံးများကို တေးသွားတစ်ခုအဖြစ် တိတိကျကျ ပုံဖော်ပေးနေခဲ့သည်။ 


ယွီနျန်က ဆိုဖာပေါ်တွင် ပျင်းတိပျင်းရွဲ ခွေနေရင်း တလက်လက်တောက်ပနေသော ကြယ်ပွင့်လေးများက မျက်စိထက်တွင် ရှိနေသည့်အလား တေးသံကို နားထောင်နေခဲ့သည်။ 


တေးသွားတစ်ပိုင်း ပြီးဆုံးသွားသည်နှင့် ဆက်သွယ်နေသော တီးလုံးများ ပျောက်ကွယ်သွားပြီး ရွှယ်ယုံ မျက်လုံး ပွင့်လာကာ ယွီနျန်ကို နင့်နင့်သီးသီး ကြည့်လိုက်ပြီးနောက် စိုးရိမ် စိတ်လှုပ်ရှားနေမှုများကို မဖုံးကွယ်နိုင်ဖြစ်နေသည်။ သူ "ကိုယ်တီးသွားတာ ဘယ်လိုနေလဲ" ဟု မေးပင်မမေးရဲပါပေ။ 


ယွီနျန်က ခပ်မတ်မတ် ထိုင်လိုက်ပြီး လက်ခုပ်ဖွဖွတီးကာ မျက်လုံးလေးများက ကြယ်ပွင့်လေးများလို တလက်လက် တောက်ပလာခဲ့သည်။ 


"ခင်ဗျားတီးသွားတာ အရမ်း ထူးခြားပြောင်မြောက်လွန်းတယ်... အချစ်သီချင်းတစ်ပုဒ်လုံး ကီးလည်းမမှားသလို လွဲလည်းလွဲမသွားဘူး... တကယ် အံ့လောက်ဖွယ်ရာပါပဲ"


ထိုမှာသာ ရွှယ်ယုံ၏ တောင့်တင်းနေသော ကိုယ်အမူအယာများ ပြေလျော့သွားပြီးနောက် အနည်းငယ် ရှက်ရွံ့သွားလေသည်။ 


"ကိုယ်တစ်ချိန်လုံး ပြန်ကျင့်နေခဲ့တာ"


ထိုစကားကို ကြားသောအခါ ယွီနျန်၏ နှာခေါင်းထက် စိတ်ခံစားမှုများ တွယ်ယှက်သွားသည်။ ဤနှစ်များအတွင်း ရွှယ်ယုံမှာ စန္ဒယားကို မထိခဲ့သဖြင့် ဤ "ပြန်လည်လေ့ကျင့်ခြင်း" ဟူသည်မှာ မျက်လုံးများ မှိတ်ထားရင်း လေကိုသာ ဖိကာ တစ်နေ့ကျလျှင် မှန်ကန်သော တေးသွားကို မေ့လျော့သွားမည်ကို စိုးရိမ်စိတ်ဖြင့် ထပ်ကာထပ်ကာ လေ့ကျင့်နေခြင်းသာ ဖြစ်နိုင်ကြောင်း တွေးမိနေသည်။ 


ယွီနျန်က ကော်ဇောခင်းပေါ်တွင် ခြေဗလာဖြင့် လျှောက်လာရင်း ရွှယ်ယုံကို အနောက်မှ သိုင်းဖက်လိုက်ပြီး ပုခုံးပေါ်မေးတင်ကာ နူးနူးညံ့ညံ့ ပြောလိုက်သည်။ 


"ရွှယ်ယုံ သီချင်းတစ်ပုဒ်လောက် အတူတူထုတ်ကြမယ်လေ"


"ခင်ဗျားက စန္ဒယားတီး... ကျွန်တော်က သီချင်းဆိုမယ်... သီချင်းတစ်ပုဒ်လုံးမှာ ကျွန်တော်တို့ နှစ်ယောက်ပဲပါမှာ... ဟုတ်ပြီလား"


ရွှယ်ယုံက စန္ဒယားခလုတ်များကို ကြည့်ကာ ပြန်ဖြေလိုက်သည်။ 


"ကောင်းပြီလေ"


အဆောက်အအုံလေးတွင် နေခဲ့သည့် နှစ်ရက်တာအတွင်း ယွီနျန်က ဟင်းချက်ပြီး ရွှယ်ယုံက ပန်းကန်ဆေးပေးသည်။ ရွှယ်ယုံတစ်ယောက် စာကြည့်ခန်းထဲတွင် အလုပ်များ မဆက်မပြတ် ကိုင်တွယ်နေရချိန်တွင် ယွီနျန်က ဘောပင်တစ်ချောင်းကိုင်ထားရင်း စာရွက်ပေါ်၌ သီချင်းရေးနေမည် ဖြစ်သည်။ သို့သော်ငြား စာရွက်မူကြမ်း ခုနစ်ရွက် ရှစ်ရွက်မျှ ပစ်ရပြီးသည့်တိုင် စိတ်ကျေနပ်ဖွယ် တေးသွားတစ်ခု ထွက်မလာနိုင်သေးပေ။ 


ရွှယ်ယုံက လက်ပ်တော့ကို ပိတ်ကာ ထရပ်လိုက်ပြီး စိတ်လွတ်နေသော ယွီနျန်ကို ကြမ်းပြင်ပေါ်မှ ကောက်ပွေ့လိုက်သည်။ အဝတ်ဗီရိုရှေ့သို့ ရောက်လာသည့်အခါ ယွီနျန်ကို ပြန်ချကာ နဖူးလေးကို အနမ်းပေးလိုက်သည်။


 "နျန်နျန်... အခုက အဝတ်အစားလဲပြီး အပြင်ထွက်ဖို့ ပြင်ဆင်ရတော့မယ့်အချိန်ရောက်ပြီ"


ယွီနျန်မှာ အတန်ငယ် မိန်းမောနေဆဲ ဖြစ်ပြီး စက္ကန့်အချို့ ကြာပြီးမှသာ ခပ်မြန်မြန် ပြန်ဖြေလာခဲ့သည်။ 


"ကောင်းပြီလေ"


ရွှယ်ယုံက အနက်ရောင် ကုတ်အင်္ကျီရှည်ကို အနက်ရောင် လက်ချုပ် ရှပ်အင်္ကျီဖြင့် တွဲဖက်ဝတ်ဆင်လိုက်ပြီး မျက်စံနက်နက်နှင့် တင်းမာခက်ထန်သော မျက်နှာအစိတ်အပိုင်းများကို ပေါ်လွင်သွားစေသည်။ ယွီနျန်က ဟိုဟိုသည်သည် ရှာဖွေလိုက်ပြီးမှ အဖြူရောင်ဟူဒီတစ်ထည် ကောက်ဝတ်ကာ အပေါ်တွင် ဂျင်းဂျာကင်တစ်ထည် ထပ်ဝတ်လိုက်သည်။ အပြင်ဘက်တွင် မိုးရွာနေသဖြင့် ရွှယ်ယုံက တံခါးဖွင့်ကာ အနက်စောင် ထီးတစ်ချောင်းကိုင်ထားပြီးမှ ယွီနျန်ကို ဖက်၍ အတူတကွ လျှောက်လာခဲ့ကြသည်။ 


သူတို့က ရေပေါ်စားသောက်ဆိုင်တစ်ခု ရှိရာဆီ မောင်းနှင်လာခဲ့ကြသည် ဟယ်ရှောင်းက သီးသန့်နေရာလေးတစ်ခု ပြင်ဆင်ပေးထားပြီးသား ဖြစ်၏။ စားသောက်ဆိုင်က လေးဖက်လေးတန်လုံး မှန်များ ကာထားပြီး မြို့၏ 360 ဒီကရီ မြင်ကွင်းကို တွေ့နေရသည်။ ယွီနျန်က ရွှယ်ယုံနှင့်အတူ ပြတင်းပေါက်ဘေးတွင် ဝင်ထိုင်လိုက်ပြီးနောက် ကြီးကျယ်သော တီးလုံးတစ်ခုကို စိတ်လွတ်ကိုယ်လွတ် ညည်းနေခဲ့သည်။ ရုတ်တရက် သူ့လက်ကို မြှောက်ကာ စားပွဲထိုးလေးအား စာရွက်နှင့် ဘောပင် ယူလာပေးရန် တောင်းဆိုလိုက်လေသည်။ 


လက်ရေး ခပ်သော့သော့ဖြင့် ယွီနျန်က စာရွက်ထက်တွင် ဂီတသင်္ကေတအတွဲလိုက်ကို ရေးသားလိုက်ပြီး ဘောပင်ကိုင်ထားရင်းဖြင့် သူ့အား တိတ်တဆိတ် ကြည့်နေသည့် ရွှယ်ယုံကို ပြုံးပြလိုက်သည်။ 


"ကျွန်တော်တို့ အတူတွဲလုပ်မဲ့ သီချင်းကို 'လူပျိုလှည့်တေး'လို့ ခေါ်ကြရအောင်"