အပိုင်း ၁၆၆
Viewers 18k

Chapter 166

: အားလုံး ပြန်ရလာပြီ




ဝါးစာလိပ်၏ ပိုင်ရှင်မှာ ဂျိုးဇက်ဟု အမည်ရသည့် နိုင်ငံခြားသား ရှေးဟောင်းပစ္စည်း ကုန်သည်တစ်ယောက် ဖြစ်သည်။ သူက သေသေချာချာ ထိန်းသိမ်းထားသော အညိုရောင် မုတ်ဆိတ်များ ရှိပြီး လူကြီးလူကောင်းတစ်ယောက်ပုံစံ ဝတ်ဆင်ထားကာ မျက်လုံးများထဲတွင်လည်း လိမ္မာပါးနပ်မှုများ ထုတ်ဖော်ပြသနေခဲ့သည်။ ရေပေါ် စားသောက်ဆိုင်လေး ရှိရာသို့ သူ ရောက်လာအခါ ယွီနျန်က စာရွက်နှင့် ဘောပင်ကို ဘေးတွင် ပြန်ချကာ ရွှယ်ယုံကို အသံတိုးတိုးဖြင့် စကားပြောနေခဲ့သည်။ 


ယွီနျန်နှင့် ရွှယ်ယုံကို တွေ့သောအခါ ဂျိုးဇက်က ခြေလှမ်းပိုမြန်ကာ လျှောက်လာခဲ့ပြီး သူကိုင်လာသည့် လျှို့ဝှက်နံပါတ်ခံသေတ္တာလေးကို မြေပါ်သို့ အရင်ဆုံးချကာ ကုတ်အင်္ကျီကို ပြန်ပြင်၍ ယွီနျန်ကို လက်ကမ်းပေးလာပြီး အနည်းငယ် မပီမသ ဖြစ်နေသည့် တရုတ်စကားဖြင့် ပြောလိုက်သည်။ 


"တွေ့ရတာ ဝမ်းသာပါတယ်... ကျေးဇူးပြုပြီး မင်းရဲ့အဖေကို ငါက မေးမြန်းကြောင်း ပြောပေးပါဦး"


ယွီနျန်ကလည်း ရည်မွန်သည့် အပြုံးလေးတစ်ခုဖြင့် ပြန်နှုတ်ဆက်လိုက်သည်။


 "ကျွန်တော်လည်း တွေ့ရတာ ဝမ်းသာပါတယ်"


ယွီနျန်၏ အဖြေကို လက်ခံပြီးချိန်၌ ဂျိုးဇက်၏ အပြုံးများက ပို၍ပင် တောက်ပလာသေးသည်။


 "မဟုတ်ပါဘူး... မဟုတ်ပါဘူး... ငါကသာ ဝမ်းသာရမှာပါ"


ရွှယ်ယုံနှင့် လက်ဆွဲနှုတ်ဆက်ပြီးနောက် သူက မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ကာ မကျေမနပ် စကားများ စပြောလေတော့သည်။ 


“ငါက ဒီဝါးစာလိပ်ကို စျေးမြင့်မြင့်နဲ့ ရောင်းရမယ်လို့ ထင်ထားခဲ့တာ... ဖြစ်ချင်တော့ ပြဿနာအကြီးကြီး တက်ပြီး နှစ်နိုင်ငံ အငြင်းပွားမှုကိစ္စထဲ ဆွဲသွင်းခံလိုက်ရပါလေရောလား... အရင်တစ်ခေါက် ဟုန်မြို့မှာတုန်းက ပစ္စည်းကိုပါ ပျောက်လုနီးပါးပဲ... အဆုံးကျ ငါကပဲ သဘောတူညီမှုကို ဖျက်သိမ်းလိုက်ရတယ်... ငါက ပိုက်ဆံရှာနေတဲ့ ကုန်သည်လေးတစ်ယောက်ပါ... ဘယ်လောက်တောင် ကံဆိုးလိုက်လဲလို့"


သူက ကော်ဖီထဲတွင် သကြားထပ်ထည့်ကာ ဇွန်းလေးတစ်ခုဖြင့် မွှေနှောက်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။ 


"ကံကောင်းလို့ မင်းရဲ့အဖေ မစ္စတာဟယ်က ငါ့ကို ဒီအရှုပ်တွေထဲကနေ ကယ်ဆယ်ဖို့ ဆန္ဒရှိနေလို့ပေါ့... ဒါကြောင့် ငါလည်း ထပ်ပြီး ဒုက္ခမများရတော့တော" သူက အလွန်အမင်း ချဲ့ကားနေသော အမူအရာလုပ်လိုက်သည်။


 "ငါ မနက်ဖြန်ကျရင် မြေထဲပင်လယ်ဘက်ကို အပန်းဖြေခရီးထွက်ဖို့ လေယာဥ်လက်မှတ်တောင် ကြိုဝယ်ထားပြီးသွားပြီ"


“ဒါဆိုရင်လည်း ပျော်ရွှင်စရာ ခရီးလေး ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်" 


ယွီနျန်မှာ တစ်ဖက်လူ ပြသလာသည့် စိတ်အားထက်သန်မှု သို့မဟုတ် မြှောက်ပင့်မှုများမှာ သူ့ကို မူတည်နေခြင်း မဟုတ်ဘဲ သူ့နောက်ပါးရှိ ဟယ်ရှောင်းထံသာ ဖြစ်ကြောင်း နားလည်နေခဲ့သည်။ 


“ကျေးဇူးပါ"

 ဂျိုးဇက်က မုတ်ဆိတ်မွှေးကို ပွတ်သတ်ကာ အဓိက အချက်ကို ပြောလိုက်သည်။


 "ငါတို့ ပစ္စည်းကို တစ်ချက်လောက် ကြည့်ကြမလား"


“ကျေးဇူးပြုပြီး”


ဂျိုးဇက်က အနက်ရောင် သေတ္တာလေးတစ်ခုကို စားပွဲပေါ်သို့ အသာအယာတင်ကာ စိတ်အားထက်သန်မှုများ ဖော်ပြလာသည်။


 "ဒီကိုလာတဲ့လမ်းမှာ ကားတစ်ချက်ဆောင့်မှာကိုတောင် စိတ်ပူပြီး တစ်ချိန်လုံး စိတ်လှုပ်ရှားနေရတာ... အဆုံးကျတော့ မီလီမီတာလေးတစ်ခုကတောင် ကံကြမ္မာတစ်ခု ဆောင်ယူပေးနိုင်တယ်လေဗျာ"


ယွီနျန်က တိုက်ရိုက် မတုံ့ပြန်လိုက် ထိုအစား မေးလိုက်သည်။ 

"ဒီပစ္စည်းကို ဘယ်ကနေ ဝယ်ခဲ့တာလဲ"


“မင်းလည်း အလွယ်တကူ ရှာတွေ့နိုင်တယ်ဆိုတော့ ငါမင်းကို မလိမ်တော့ဘူး"

ဂျိုးဇက်က သူ့အပြုံးလေးကို ထိန်းထားပြီး မျက်နှာအမူအယာထဲတွင်လည်း ဂုဏ်ယူဝံ့ကြွားမှု အရိပ်အယောင်များ ပါနေသည်။ 


"ဒီပစ္စည်းကို အရူးတစ်ယောက်ဆီကနေ ဝယ်လာခဲ့တာလေ... သူက တစ်ချိန်လုံး လောင်းကစားရုံမှာပဲ ရှိနေတတ်တဲ့ လက်ဖွာသူတစ်ယောက်ပဲ... လောင်းကစားတစ်ခါနိုင်ရင် နေရာမှာ ရှိနေကြတဲ့ လူတိုင်းကို အရက်တိုက်တတ်တယ်... မူးပြီဆိုရင် သူ့မိသားစုမှာ သူ့အဖေက သူ့ဘဝထက်တောင် တန်ဖိုးထားရတဲ့ အမွေပစ္စည်း ရှိတယ်ဆိုပြီး ထုတ်ပြောတော့တာပဲ... ဒါပေမယ့် သူ့မျက်လုံးထဲမှာ အဲ့ဒီပစ္စည်းက တန်ဖိုးမရှိတဲ့ ဝါးချောင်းတွေပဲ...ဘာထူးခြားမှုမှ မရှိဘူး"


“ငါဒီအကြောင်းကို ကြားမိတော့ အာရုံစိုက်မိသွားတယ်... နောက်ပိုင်းမှာ သူလောင်းကစားကြွေး ပမာဏအကြီးကြီး တင်နေတဲ့အကြောင်း ကြားတာနဲ့ သူ့ဆီချဥ်းကပ်ပြီး အရောင်းအဝယ်လုပ်ဖို့ ပြောခဲ့တာပေါ့... သူက ငါ့ကို ဝါးစာလိပ်ပေးတယ်... ငါကသူ့ကို အကြွေးတွေ ရှင်းဖို့ ငွေပေးလိုက်တယ်... သူက အရမ်းကြီး တုံးတဲ့သူတော့ မဟုတ်ဘူး... ဘယ်လို ညှိနှိုင်းရမလဲဆိုတာတော့ သိသေးတယ်... ဒါကြောင့် အရောင်းအဝယ်ကို အပြီးသတ်ဖို့ ငွေထပ်ပေးလိုက်ရတာပေါ့" 


ယွီနျန်မှာ စွန်းရော့ကျိုးထံမှ ဝါးစာလိပ်ကို မီးထဲတွင် ပြာဖြစ်သွားပြီဟု တစ်ချိန်လုံး တွေးနေခဲ့သည့် စွန်းမိသားစု၏ သခင်ကြီးအကြောင်း ပြောပြခဲ့ဖူးသည်ကို အမှတ်ရမိသည်။ သူက ဘိုးဘေးခန်းမထဲတွင် အကြာကြီး ဒူးထောက်နေခဲ့ပြီး အပြစ်ကြွေးကို ဆပ်ရန်အတွက် ဘယ်တော့မှ အသားမစားတော့ဟု ကျိန်ဆိုခဲ့သည်။ ထိုအခိုက် သူ့နှလုံးသားထဲတွင် နောင်တတရားများ ပြည့်နှက်နေပေလိမ့်မည်။


ကလစ်ဟူသော အသံဖြင့် ပေါင်းစပ်သော့များ ပွင့်သွားပြီး ဂျိုးဇက်က သေတ္တာကို ဖွင့်ကာ အထဲတွင် ပါဝင်နေသည့် ပစ္စည်းကို ယွီနျန်၏ မျက်လုံးရှေ့တွင် ပြသလာခဲ့ပြီး မျက်ခုံးပင့်၍ ပြောလိုက်သည်။


 "မင်း စိတ်ကျေနပ်သွားမယ်ဆိုတာ သေချာပါတယ်" 


ဂျိုးဇက် ပြောသည့်စကားက မှန်ကန်ပေသည်။ သေတ္တာထဲတွင် ထည့်ထားသည့် ဝါးချောင်းတိုင်းက မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းလာပြီး မရေတွက်နိုင်သောနှစ်များကို ဖြတ်ကျော်ခဲ့ရလင့်ကစား မထင်မှတ်ထားဖွယ်ရာကောင်းလှစွာ ကောင်းမွန်စွာထိန်းသိမ်းထားသည်။ ယွီနျန်က အမူအယာမပျက် ရှိနေရင်း တစ်ချောင်းချင်းစီကို အသေအချာ ကြည့်ရှူနေပြီးနောက် တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။


 "အစစ်တွေဆိုတာ သေချာရဲ့လား"


ဂျိုးဇက်က အလောတကြီး ဝင်ပြောလာသည်။


 "ငါက ဘယ်လိုလုပ်ပြီး မင်းကို ပစ္စည်းအတုနဲ့ လှည့်စားရဲပါ့မလဲ... ကိုယ့်လည်ပင်းကြိုးကွင်းစွပ်သလို ဖြစ်သွားမှာပေါ့"


ယွီနျန်၏ နှုတ်ခမ်းပါးလေးများ ကွေးတက်သွားပြီး တဝက်တပျက် အပြုံးလေး ဖြစ်လာကာ ပြောလိုက်သည်။


 "ကျွန်တော့်အဖေက အကဲဖြတ်သူတစ်ယောက် ဖိတ်ထားပြီး ဒီစားသောက်ဆိုင်ထဲမှာပဲ စောင့်နေတယ်... ခင်ဗျားရဲ့ ပစ္စည်းကို အတည်ပြုဖို့လိုမယ်"


 ဂျိုးဇက်၏ စိတ်တထင့်ထင့် အမူအယာကို တွေ့သောအခါ ယွီနျန် ထပ်ပြောလိုက်သည်။


 "ခင်ဗျားတောင်မှ ဒီပစ္စည်းကို စျေးချိုချိုနဲ့ ရောင်းဖို့ အရူးတစ်ယောက်ကို လှည့်စားပြီး ရထားသေးတာပဲ... ဘယ်သူသိမှာလဲ... ခင်ဗျားက ကျွန်တော့်ကိုလည်း အရူးတစ်ယောက်လို့ သတ်မှတ်ပြီး ပစ္စည်းအတုကို စျေးမြင့်မြင့်နဲ့ ရောင်းချင်ရောင်းနိုင်တာပဲလေ" 


ဂျိုးဇက်က မုတ်ဆိတ်မွှေးကို ပွတ်သပ်နေပြီး ရှက်ရွံ့နေပုံလည်း ပေါ်နေသည်။ 


မကြာမီ အကဲဖြတ်သူက ပစ္စည်းအစုံအလင်ဖြင့် ရောက်ရှိလာပြီး လူတိုင်း၏ ရှေ့မှာပင် ပစ္စည်းကို အတုအစစ် ခွဲပေးသည်။ ထိုပစ္စည်းမှာ အမှန်ပင် အတုအပ ပစ္စည်းမဟုတ်ကြောင်း အတည်ပြုရလဒ် ထွက်လာခဲ့သည်။ ထိုမှသာ ယွီနျန်တစ်ယောက် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ပြီး တည်တည်ငြိမ်ငြိမ် မေးလိုက်သည်။


 "ခင်ဗျားတောင်းထားတဲ့ စျေးနှုန်းက ဘယ်လောက်လဲ" 


ဂျိုးဇက်က လက်ငါးချောင်းထောင်ပြလိုက်သည်။ 


ယွီနျန်မှာ ထိုဂျိုးဇက်က စီးပွားရေးသမားစစ်စစ်တစ်ယောက်ဖြစ်ပြီး သူ့မျက်လုံးထဲတွင် အားလုံးသော ဝါးစာလိပ်ချောင်းများ၏ ထပ်ပေါင်းတန်ဖိုးများကို ညီမျှသောဒေါ်လာများအဖြစ် ပြောင်းလဲမည်ဖြစ်ကြောင်း သိနေခဲ့သည်။ တူညီစွာပင် ဤပစ္စည်းများ သယ်လာပေးခဲ့သည့် ဒုက္ခများကိုလည်း တူညီသော ပမာဏဖြင့် စျေးနှိမ်လိုက်မည် ဖြစ်သည်။ 


ယွီနျန်က တရုတ်ကြွေထည်ခွက်လေးကို မကာ လက်ဖက်ရည်တစ်ခွက် သောက်လိုက်ပြီး အလျင်မလိုကြောင်း ပြသလာသည်။ ဂျိုးဇက် အနည်းငယ် စိတ်ပူလာပုံပေါ်လာသည့်အခါမှသာ မေးလာသည်။


 "ဒီအချိန်မျိုးမှာ ဒီပစ္စည်းကို ရောင်းဖို့က လွယ်တာမဟုတ်ဘူး... ဒါကို ရောင်းမထုတ်နိုင်ဘဲ ဆယ်နှစ် ဒါမှမဟုတ် အနှစ်နှစ်ဆယ်လောက်ထိ လက်ထဲကိုင်ထားရတာမျိုး မဖြစ်ချင်ဘူးမလား"


ဂျိုးဇက်က သူ့ကိုယ်သူ စိတ်ပြန်တင်းလိုက်ပြီး ယုံကြည်မှုရှိရှိ ပြောလိုက်သည်။


 "မင်းရော ငါရောက ဒီပစ္စည်းမှာ မင်းနဲ့ မင်းတို့နိုင်ငံအတွက် တိုင်းတာမရနိုင်တဲ့ တန်ဖိုးတွေ ရှိနေမှန်း ကောင်းကောင်းသိနေတာပဲ... ဒေါ်လာသန်းငါးဆယ်လောက်က မသင့်တော်တဲ့ ပမာဏမဟုတ်ပါဘူး" 


ယွီနျန်က ခပ်ဖွဖွရယ်လိုက်ပြီး နှုတ်ခမ်းအကွေးလေးကလည်း နှစ်ဒီဂရီမျှ ခပ်ရေးရေး စောင်းသွားကာ အမူအယာများက အမိန့်ပေးသည့်ပုံစံသို့ ပြောင်းလဲသွားသည်။ သူက စားပွဲကို ခပ်ဖွဖွခေါက်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။


 "ဒါဆိုရင် ခင်ဗျား စည်းမျဥ်းတစ်ခုကိုလည်း သိသင့်တာပေါ့... ပစ္စည်းတစ်ခုမှာ သူရဲ့ တန်ဖိုးနဲ့ အရေးပါအရာရောက်မှုက ပိုပြီး မတိုင်းတာနိုင်လေလေ ပိုပြီး ကြီးတဲ့ ပြဿနာတွေ ယူဆောင်လာနိုင်လေလေပဲ... ပြီးတော့ ဖြေရှင်းဖို့လည်း ပိုခက်လာလေလေ ဖြစ်လာတယ်... ဒါပေါ့... ဒီကိစ္စကို ခင်ဗျားက ကျွန်တော့်ထက်ပိုပြီး နားလည်မှာပါ" 


ဂျိုးဇက် တိတ်ဆိတ်နေဆဲပင်။


ယွီနျန်က လက်ဖက်ရည်ခွက်ကို ထပ်မြှောက်လိုက်ပြီးနောက် တစ်ငုံမျှ သောက်ကာ ဆက်ပြောလိုက်သည်။ "ကျွန်တော် မှန်တယ်မလား"


ယွီနျန်က ကြေခွက်လေးကို ပြန်ချထားလိုက်ပြီး ဆက်ပြောသည်။ 


"ဒီပစ္စည်းကို မရောင်းနိုင်ရင် လည်ပင်းပေါ် ဓါးတင်ထားသလို ဖြစ်နေမှာပဲ... ပြီးတော့ ခင်ဗျားရဲ့ အားလပ်ရက်ခရီးလေးကလည်း ပျော်စရာတွေ ပျက်သွားရတော့မယ် ထင်တယ်နော်"


ဂျိုးဇက်က ခွက်၏လက်ကိုင်ကို ပွတ်သပ်နေရင်း တစ်ခဏမျှ တိတ်ဆိတ်နေခဲ့သည်။


သူ့သဘောထားကို မြင်သောအခါ ယွီနျန်၏ မျက်နှာအမူအယာများမှာ သိသိသာသာပင် အေးစက်သွားသည်။


 "ခင်ဗျားက အရောင်းအဝယ် လုပ်ချင်တဲ့ ရည်ရွယ်ချက်မရှိဘူးဆိုမှတော့ ဒီကို ရှုခင်းလာကြည့်ဖို့ အခွင့်အရေးရတယ်လို့ပဲ သတ်မှတ်လိုက်ပါ့မယ်" 


ပြောပြီးနောက် သူနှင့် ရွှယ်ယုံတို့က ချက်ချင်း ထရပ်လိုက်ကြသည်။


ဂျိုးဇက် မော့ကြည့်လာပြီး မြန်မြန် ပြောလာသည်။ "ဒါဆို မင်းရဲ့ ကမ်းလှမ်းမှုကရော"


ယွီနျန်က ဂဏန်းတစ်ခုကို ရွတ်ပြလိုက်သည်။ "ဆယ့်ငါးသန်း"


“နည်းလွန်းတယ်" ဂျိုးဇက်က ဇွန်းလေးကို ကျစ်ကျစ်ဆုပ်ထားသည်။


 "မဖြစ်နိုင်ဘူး"


ယွီနျန်က ဂျိုးဇက်ကို အစုန်အဆန်ကြည့်နေပြီး သူတို့၏ အကြည့်များ ဆုံတွေ့သွားသောအခါ လှောင်ရယ်လိုက်သည်။ 


"ကျွန်တော်တို့ အရမ်းကြီး လောဘကြီးလို့ မဖြစ်ဘူးလေ... ခင်ဗျားက ပြဿနာကိုလည်း ရှောင်ချင်တယ်... အိပ်ကပ်ထဲကိုလည်း ငွေတွေ အထပ်လိုက် ထည့်သွားချင်နေတယ်... ဒါက မဖြစ်နိုင်တာပဲလေ"


တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဂျိုးဇက် နှာခေါင်းထိပ်များ အနည်းငယ် ပွတက်လာခဲ့သည်။


 "ငွေသားနဲ့ ရှင်းမှာလား"


"ဒါပေါ့... ပစ္စည်းကို ကျွန်တော့်ဆီ ပေးလိုက်ရင် ငွေက ခင်ဗျားအတွက်ပဲ"


နောက်ထပ်တစ်ခဏမျှ တိတ်ဆိတ်စွာ ထိုင်နေပြီးနောက် ဂျိုးဇက်၏ လက်များက ပေါင်ပေါ်တွင် ရပ်နားသွားပြီး သပ်သပ်ရပ်ရပ် မီးပူထိုးထားသော ဘောင်းဘီရှည်များကို ဆွဲဆုပ်လိုက်ပြီးနောက် အဆုံးတွင် စကားဟလာခဲ့သည်။ သွားကြားထဲက ထွက်လာသည့်အသံဖြင့် သူပြောလိုက်သည်။ 


"သဘောတူတယ်... ငါ အခုချက်ချင်း ငွေရချင်တယ်"


ယွီနျန်က လေသံမပြောင်းဘဲ လှည့်ကြည့်လိုက်သည်။ "သဘောတူတယ်... ပျော်ရွှင်စရာ ပူးပေါင်းမှုလေး ဖြစ်ပါစေ"


သေတ္တာကို စားသောက်ဆိုင်ထဲမှ ယူထုတ်လာပြီးနောက် ရွှယ်ယုံက ထီးအကြီးကြီးကို ဖွင့်လိုက်ပြီး ယွီနျန်က နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခုဖြင့် သေတ္တာလေးကို ရင်ခွင်ထဲတွင် ထွေးပိုက်လာခဲ့သည်။ 


ရေအိုင်ငယ်လေးများကို ရှောင်ကာ လျှောက်လာနေရင်းဖြင့် ရွှယ်ယုံက ထီးအကွယ်အောက်တွင် ယွီနျန်၏ မျက်လုံးထောင့်လေးကို နမ်း၍ ပြောလိုက်သည်။


 "နျန်နျန်... ပျော်ပဲပျော်မနေနဲ့ဦး.... လမ်းကိုလည်း သတိထားလျှောက်နော်"


ယွီနျန်၏ မျက်လုံးလေးများ တဖျတ်ဖျတ်တောက်သွားပြီး ပြန်ဖြေလာသည်။ 


"ကောင်းပြီလေ" သူ ထပ်ပြောလိုက်သည်။


 "ကျွန်တော်လဲကျသွားရင် သေတ္တာထဲက ပစ္စည်းလည်း ပျက်စီးသွားလိမ့်မယ်"


ရွှယ်ယုံမှာ သူ့အား ကူကွယ်ရာမဲ့စွာ တင်းတင်းပွေ့ပိုက်ထားပြီး ကာကွယ်ပေးရုံသာ တတ်နိုင်လေတော့သည်။


တစ်ချိန်တည်းမှာပင် ပြည်တွင်းဖိုရမ်ထက်၌ နောက်ထပ်ပိုစ့်တစ်ခုပေါ်လာပြီး ဟုမ်းပေချ့်များထက် စီးဆင်းသွားလေသည်။


"ဝေ့ပေါ်က လူတစ်ယောက်က ယွီနျန်ရဲ့ အဖေက ယွီကျူးရှန်းလို့ ပြောနေကြတယ်... ဘယ်လိုထင်ကြလဲ"


[ဒီအကြောင်းအရာကို နှစ်တစ်ရာလောက်ထိ အသေအကျေ ဆွေးနွေးနေကြတော့မှာလား... ငါတော့ စိတ်ကုန်လာပြီ]


[သောက်ကျိုးနဲ... ယွီကျူးရှန်းလား... သူက ဟုန်မြို့ရဲ့ ထိပ်တန်းလူချမ်းသာသုံးယောက်ထဲက တစ်ယောက်လေ... အမှန်ပဲလား ... ပြီးတော့ ငါမှတ်မိတာ ယွီကျူးရှန်းမှာ ဇနီးတစ်ယောက်နဲ့ ကလေးလေးယောက်အပြင် အပြင်မှာ တရားမဝင်သမီးတစ်ယောက် ရှိနေသေးတယ်... ယွီနျန်ရဲ့ အခြေအနေက ဘယ်လိုလဲ... သူက ယွီမိသားစုရဲ့ အသိအမှတ်အပြုမခံရတဲ့ တရားမဝင်ကလေးလား... သူ့မှာ အမွေဆက်ခံခွင့် ရှယ်ယာတွေရော ရှိနေတာလား]


[အပေါ်ကလူက ဦးနှောက်ရော ရှိသေးလား... ချင်းရှန်းယွီမိသားစုလို အထက်တန်းလွှာမိသားစုက မိန်းကလေးတစ်ယောက်က ယွီကျူးရှန်းလိုလူကို လက်ထပ်ဖို့ စိတ်ဝင်စားပါ့မလား]


[တကယ်သာ မှန်ရင် ယွီနျန်က ရွံစရာကောင်းတဲ့ တရားမဝင်ကလေး ဖြစ်လာမှာ... သူ့ဖန်တွေရော ရူးသွားကြလောက်တယ်... ကြည့်ရတာ ပျော်စရာပဲဟေ့... အရည်အချင်းနဲ့ ရုပ်ရည်ရှိလည်း ဘာဖြစ်လဲ... ရွံစရာကောင်းနေတုန်းပဲ]


[hater တွေက တကယ်ဦးနှောက်မရှိတာပဲ... အခွင့်အရေးရတိုင်း သွေးရူးသွေးတန်းကိုက်နေကြရှာတာ... မားကတ်တင်းအကောင့်တွေကလည်း လိုက်ခ်တွေနောက်ပဲ

လိုက်နေတာနော်... သူ့မိဘတွေအကြောင်းပဲ ရွှံ့ထဲကနေ ဆွဲဆွဲထုတ်မနေကြနဲ့... အသစ်အဆန်းလေးတွေ မရှာနိုင်ကြတော့ဘူးလား... နျန်နျန့်ကို ဒီထဲကနေ မြန်မြန် ဆွဲထုတ်လိုက်ကြစမ်းပါ]