အပိုင်း ၁၆၇
Viewers 18k

Chapter 167




အခြားတစ်ဖက်တွင် ယီနျန်က သေတ္တာလေးကို ပေါင်ပေါ်တင်ထားရင်း ကားထဲတွင် ထိုင်နေခဲ့သည်။ ဖုန်းမြည်လာသံကို ကြားသောအခါ သူပြန်ဖြေလိုက်သည်။ အချိန် ကွာခြားချက်ကို တွက်ကြည့်လိုက်ရာ တရုတ်တွင် မနက်ရှစ်နာရီသာ ရှိနေလောက်သေးသဖြင့် ပျော်ရွှင်စွာ နှုတ်ဆက်လိုက်သည်။


 "မင်္ဂလာ နံနက်ခင်းပါ" 


ရှစ်ရော့က အလျင်စလို ဖြစ်နေပုံပေါ်သည်။ 


"နျန်နျန် အချိန်ရလား"


ယွီနျန်က သူမ၏ အသံအနေအထားတွင် တစ်ခုခု မှားနေကြောင်း အာရုံခံမိသွားသည်။ 


"ဟုတ်... အချိန်ရှိပါတယ်... ဘာဖြစ်လို့လဲဟင်"


“ဟိုတလောတုန်းက မင်းရဲ့မိဘတွေအကြောင်း ခန့်မှန်းချက်တွေ ဖိုရမ်အကြီးစားတွေထဲ ခဏခဏပါလာပြီး hot searchတောင် ရောက်သွားသေးတယ်လေ... ပြီးတော့ မင်း လင်းရှားရဲ့ ရှိုးကို သွားတော့ လင်းရှားက ကြည့်ရှုနှုန်းတွေ မြင့်အောင် လုပ်ချင်တာနဲ့ ကြိုပြီးသတိမပေးဘဲ အဲ့လိုအကြောင်းတွေ ကောက်မေးလိုက်သေးတယ်မလား"


ယွီနျန် မှတ်မိသွားသည်။ "သြော်... ကိုးနှစ်ထပ်ပွဲတုန်းကမလား"


“ဟုတ်တယ်" ရှစ်ရော့က အလျင်အမြန် ပြောလာခဲ့သည်။


 "ကိုးနှစ်ထပ်ပွဲတော်တုန်းက မေးခဲ့တဲ့ မေးခွန်းအကြောင်းပဲ... ရှိုးမှာ မင်းအဖေရဲ့ ကျန်းမာရေး မကောင်းဘူးလို့ ဖြေပြီးသွားတော့ စုံစမ်းတဲ့ နေရာမှာ စကေးကျွမ်းတဲ့ အင်တာနက်ပေါ်က လူတွေက မင်းအဖေ ဘယ်သူလဲဆိုတာကို တူးထုတ်နေကြတယ်.. သူတို့ကလေ မင်းအဖေက လောလောဆယ် ဟုန်မြို့က ယန်ယိ စောင့်ရှောက်ရေးစင်တာမှာ ရောက်နေတဲ့သူဆိုပြီး ရှာတွေ့သွားကြတယ်"


ယွီနျန်က ရွှင်မြူးနေသလို ပဟေဠိဖြစ်သွားသည့်ပုံလည်း ပေါ်နေသည်။


 "သူတို့က ကျွန်တော့်အဖေကို ဘယ်သူလို့ ပြောကြတာလဲ"


"ယွီကျူးရှန်း"


ယွီနျန်က ထိုအမည်ကို မရင်းနှီးသဖြင့် ရွှယ်ယုံဘက်သို့ လှည့်မေးလိုက်သည်။ 


"ယွီကျုးရှန်းက ဘယ်သူလဲ"


ရွှယ်ယုံက အတိုချူံးရှင်းပြလာသည်။ 


"သူက ဂုဏ်သတင်း အုပ်စုရဲ့ ဥက္ကဌ၊ အသက် 58နှစ် ရှိပြီးတော့ ကလေး လေးယောက် ရှိတယ်... သူက လွန်ခဲ့တဲ့ တစ်လကပဲ ရုတ်တရက် နေမကောင်းဖြစ်ပြီး ဆေးရုံတင်လိုက်ရလို့ အခု ကလေးလေးယောက်လုံးရော တရားမဝင်သမီးတစ်ယောက်ကပါ မိသားစုအမွေတွေအတွက် တိုက်ခိုက်နေကြတယ်"


ဖုန်းတစ်ဖက်မှ ရှစ်ရော့မှာလည်း ယွီနျန်နှင့် ရွှယ်ယုံတို့ကြားက စကားကို ကြားလိုက်ရသဖြင့် အလျင်အမြန် နားလည်သွားသည်။ 


"ဒါဆို နျန်နျန်... ယွီကျူးရှန်းက မင်းရဲ့အဖေ မဟုတ်ဘူးပေါ့"


ယွီနျန် တီးတိုးရယ်မောလိုက်သည်။ 


"မဟုတ်ပါဘူး .. တကယ်ပါ... ကျွန်တော် သူ့ကို သိတောင်မသိဘူး"


"အိုး... အစ်မဖြင့် အရမ်းလန့်သွားတာ" 


ရှစ်ရော့က စိတ်လည်းအေးသွားသလို ရှက်လည်းရှက်သွားပြီး အသံကလည်း အနည်းငယ် ကြည့်ရဆိုးသွားပုံပေါ်သွားသည်။ 


"ပထမတော့ အစ်မလည်း လုံးဝ မယုံပါဘူး... ဒါပေမယ့် မင်းရဲ့ နောက်ခံအကြောင်း အွန်လိုင်းပိုစ့်တွေ ဖတ်ပြီးသွားတော့ သူတို့က ပိုပြီး အစစ်လို့ ထင်လာအောင် သိမ်းသွင်းခံလိုက်ရတော့တာပဲ... အစ်မလေ သေအာင်လန့်သွားတာသိလား... ဘာပဲဖြစ်ဖြစ် မေ့လိုက်တော့နော်... အစ်မဖုန်းချလိုက်တော့မယ် နျန်နျန်... ဖုန်းမခေါ်ခဲ့ဘူးလို့သာ သဘောထားလိုက်"


“ခဏလေး" ယွီနျန်က ရှစ်ရော့ကို သိချင်စိတ်များဖြင့် တားမြစ်လိုက်သည်။


."အွန်လိုင်းပေါ်မှာ သူတို့က ဘာတွေ ပြောနေကြတာလဲ... အစ်မရော့ရော့တောင် ယုံမိသွားတယ်ဆိုတော့"


“သူတို့က အရင်ဆုံး သက်သေတွေကို စုထားတာ... ယွီကျူးရှန်းငယ်ငယ်တုန်းက နျင်းမြို့မှာ နှစ်နှစ်လောက် အလုပ်လာလုပ်ဖူးတယ်တဲ့ အဲ့ဒီအချိန်က မင်းရဲ့အသက်နဲ့ တိုက်နေတာလေ... အဲ့ဒီယွီကျူးရှန်းက နိုင်ငံငါးနိုင်ငံလောက် ရောနေတဲ့ သွေးနှောလေ... ပြီးတော့ ကြည့်လည်းကြည့်ကောင်းတယ်... ကြည့်ကောင်းတဲ့သူတွေမှာ တူနေတဲ့ မျက်နှာအသွင်အပြင် နှစ်ခုသုံးခုလောက် ရှိတတ်ကြတာပဲလေ... တခြား ခန့်မှန်းထားတာတွေကတော့ သေသေချာချာ မမှတ်မိတော့ဘူး... ဒါပေမယ့် သူတို့က ရှုပ်ထွေးသွားအောင် သိမ်းသွင်းထားတဲ့အချက်တွေလောက်ပါပဲ ..."


ရှစ်ရော့မှာ ရှက်ရွံ့မှုများကို မထိန်းထားနိုင်တော့ပေ။ 


"ဒီမနက်အစောကြီး အိပ်ရာနိုးလာတော့ခေါင်းတွေလေးနေတာ ဒီသတင်းတွေ တွေ့ပြီးတာနဲ့ စိုးရိမ်သွားလို့ ဘာမှ မတွေးမိတော့ဘူး... မင်းဆီ ချက်ချင်း ဖုန်းခေါ်လိုက်တာပဲ... အာ... တကယ် ရှက်စရာ ကောင်းလိုက်တာ... အစ်ကိုမုန့်သာ သိသွားရင် အစ်မကို လှောင်ရယ်တော့မှာပဲ"


“ကောင်းပါပြီ... မစိုးရိမ်ပါနဲ့... ကျွန်တော် အစ်ကိုမုန့်ကို မပြောပြပါဘူး"


 ယွီနျန်က တွေးတွေးဆဆဖြင့် ပြောလိုက်သည်။"


"'ဒါပေမယ့် အစ်ကိုမုန့်ကို ဒီအကြောင်း ဆွေးနွေးနေတာတွေ ငြိမ်ကျသွားအောင် လုပ်ပေးလို့ရမလားလို့ ပြောပေးလို့ရမလား"


ရှစ်ရော့ ဆက်မမေးတော့ဘဲ လက်ခံလိုက်သည်။

 "ရတာပေါ့"


သူတို့နေထိုင်ရာနေရာသို့ ပြန်ရောက်သောအခါ ယွီနျန်က ဝါးစာလိပ်များပါသည့် အနက်ရောင် သေတ္တာလေးကို ဂရုတစိုက် နေရာချထားလိုက်ပြီးနောက် ရှုပ်ထွေးနေသည့် ဂီတသင်္ကေတများပါသော စာရွက်ကို ထုတ်ယူလိုက်သည်။ သူက ပစ္စည်းနှစ်ခုကို တစ်ခဏမျှ ကြည့်လိုက်ပြီးနောက် လှည့်ကာ ရွှယ်ယုံ၏ လည်ပင်းတွင် လက်များ ခိုတွဲလိုက်ပြီး မျက်လုံးလေးများ ကွေးတက်သွားသည်အထိ ပြုံးလိုက်သည်။ 


"ကျွန်တော် တကယ်ပျော်နေတာ"


ရွှယ်ယုံက ယွီနျန်၏ ကျောလေးကို ခပ်ဖွဖွ ပုတ်ပေးနေခဲ့ပြီး မျက်လုံးများထက် အပြုံးလေးတစ်ခု ပေါ်လာကာ ထိုအနေအထားအတိုင်းပင် ယွီနျန်ကို ချီမလိုက်သည်။ 


ရွှယ်ယုံ၏ ရုတ်တရက် အပြုအမူကြောင့် လန့်သွားသည့် ယွီနျန်က ခြေထောက်များကို ရွှယ်ယုံ၏ ခါးထက် အမှတ်တမဲ့ တွယ်ချိတ်လိုက်မိသည်။ ရယ်မောနေရင်းဖြင့် "ကျွန်တော် ပြုတ်ကျတော့မယ်" ဟုပြောလိုက်သော်လည်း ရွှယ်ယုံအား ဆိုဖာပေါ်တွင် ထိုင်ခိုင်းလိုက်သည်။


ရွှယ်ယုံ၏ ရင်ခွင်အတွင်း အနားယူနေရင်းဖြင့် ယွီနျန် ခေါင်းငုံ့ကာ ရွှယ်ယုံ၏ လက်ချောင်းများကို ကစားနေရင်း အစဥ်လိုက် ရေတွက်နေသည်။ 


"ကျန်းရှန်းမှာ အဆက်မပြတ်ရွာနေတဲ့မိုး ပန်းချီကား၊ ရှုခင်းပုံငါးမြီးပန်းအိုး၊ ယွမ်ဖူ ထင်းရှုးကြိုးကြာပန်းအိုး၊ ယိုနျောင်းမင် ကျောက်စိမ်းအရက်ကရား၊ 'နွေဦးမှာ ရစ်မူးနေတဲ့မြင်းက ဦးတည်ရာမဲ့ ပြေးလွှားနေတယ်' ပန်းချီကား၊ 'အိပ်မပျော်နိုင်သူ'စာလိပ်၊ 'ကောင်းကင်ကြီးမက မြင့်မြတ်လှတဲ့ သူတော်ကောင်းတရားအတွက် ဆုတောင်းခြင်း'၊ ချန်ဖန့်ဇွင်း၊ 'ကော်ရှု' ဝါးစာလိပ်... အပိုင်းအစကိုးခုလုံး တစ်ခုလေးတောင် မပျောက်တော့ဘူး"


ရွှယ်ယုံ၏ လက်ချောင်းများကို ကိုင်ထားရင်းဖြင့် ယွီနျန်စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားသည်။ သူ့မျက်တောင်များကို ပင့်ကာ မဖော်ထုတ်နိုင်သော ခံစားချက်များက နှလုံးသားထဲတွင် ပြည့်နှက်လာခဲ့သည်။ တစ်ခဏအကြာ သူပြောလာသည်။


 "ရွှယ်ယုံ... ကျွန်တော် အရာအားလုံး ပြန်ရှာတွေ့ပြီ"


ပြောနေရင်း စူးရှလာသည့် ချဥ်တူးတူး ခံစားချက်များကို ဖိနှိပ်ရန် အကြိမ်အနည်းငယ်မျှ မျက်တောင်ခတ်လိုက်ရသည်။


ရွှယ်ယုံက သူ့ကို ခပ်တင်းတင်းဖက်ထားရင်း ယွီနျန်၏ မျက်တောင်များကို ဖိနမ်းကာ နူးညံ့စွာ ပြောလိုက်သည်။ 


"အင်း... ကိုယ့်ရဲ့ နျန်နျန်က အရမ်း အံ့သြဖို့ကောင်းတယ်... မင်းအတွက် လွယ်ကူခဲ့မှာ မဟုတ်ဘူး" သူကို့ယို့ကားယား ချော့မြှူလိုက်သည်။ 


"လိမ္မာတဲ့ကောင်လေး"


ယွီနျန်က ခံစားချက်များကို ထိန်းသိမ်းထားသေးပါသော်လည်း ရွှယ်ယုံ၏ နောက်ဆုံး စကားကို ကြားသောအခါ ရွှယ်ယုံ၏ လည်တိုင်တွင် မျက်နှာအပ်ကာ ပွတ်သပ်လိုက်ပြီး ပလုံးပထွေး အသံဖြင့် ပြောလိုက်သည်။ 


"အပိုင်းတစ်ခုလေးကအစ မကျန်အောင် အားလုံးကို ပြန်ရှာနိုင်ခဲ့ပေမယ့်... ဘိုးဘိုးနဲ့ ဘွားဘွားကတော့ နောက်ထပ် မတွေ့ကြရတော့ဘူး”


သူက ရွှယ်ယုံ၏ ကုတ်အင်္ကျီရှည်ကို တင်းတင်းဆုပ်ကာ ရုတ်တရက် ဆုံးရှုံးသွားရသည့် ခံစားချက်နှင့် ရှင်းမပြနိုင်သော ဝမ်းနည်းမှုများက နှလုံးသားထဲတွင် ရစ်ပတ်လာခဲ့သည်။ သက်မဲ့ပစ္စည်းများနှင့် နှိုင်းစာလိုက်ပါက လူသားဘဝမှာ နှစ်ပေါင်းထောင်ချီများထဲမှ လျှပ်တပြက်အခိုက်အတန့်လေးသာ ဖြစ်ပေသည်။


သူ့အဘိုး စာကြည့်ခန်းထဲတွင် ထိုင်နေရင်း စာလိပ်တစ်ခုကို ဖြည်ကာ အပေါ်တွင် မှင်ဖြင့် မှတ်သား၍ အသံနူးနူးညံ့ညံ့ဖြင့် ပြောခဲ့ဖူးသည်ကိုလည်း အမှတ်ရမိသည်။


 "နျန်နျန်... ကြည့်... နှစ်ပေါင်းရာချီသွားတာတောင်မှ ဒီစာလိပ်က မဲနက်ပြီး ကြံ့ခိုင်တဲ့ စုတ်ချက်တွေနဲ့ အရင်ကလို အားကောင်းနေဆဲပဲ... ဒါပေမယ့် မင်းနဲ့ မရေတွက်နိုင်တဲ့လူတွေဆိုတာ အခုတော့ အရိုးစုတစ်ပုံလောက်သာပဲ... ဒီလိုတွေးမိတော့ ဝမ်းနည်းလား" 


ထိုအချိန်တွင် သူက စာကြည့်စားပွဲထက် အရပ်ရှည်ရုံမျှသာ ဖြစ်၍ အပြည့်အဝ နားမလည်နိုင်ခဲ့သော်လည်း အနည်းငယ် ဝမ်းနည်းသွားခဲ့ရသဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ 


ဘိုးဘိုးက သူ့ခေါင်းလေးကို ပွတ်ကာ ကြင်နာစွာ ပြောပြလာခဲ့သည်။ "ဒါပေမယ့် သားတွေးကြည့်လိုက်လေ... ဒီပစ္စည်းတွေအားလုံး၊ ကြွေထည်၊ ကြေးနီထည်ပဲ ဖြစ်ဖြစ် လက်ရေးစာမူနဲ့ ပန်းချီတွေပဲဖြစ်ဖြစ် အားလုံးကို အဘိုးတို့လို လူသားတွေကပဲ ပြုလုပ်ခဲ့ကြတာ... ဒါ ဂုဏ်ယူစရာ မကောင်းဘူးလား"


သူက စားပွဲအစွန်းလေးတွင် ခေါင်းတင်ကာ အားတက်သရော ခေါင်းငြိမ့်ပြလိုက်သည်။ "ဟုတ်"


"ဒါကြောင့်မို့ ဘိုးဘိုးတို့က အဘိုးတို့ရဲ့ ယဥ်ကျေးမှုတွေ၊ အမွေအနှစ်တွေ သမိုင်းကြောင်းတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အင်အားတွေ စိုက်ထုတ်ကြရတာပေါ့... ဘိုးဘိုးတို့ရဲ့ ဘဝက မရှည်ကြာပေမယ့် ဘိုးဘိုးတို့ရဲ့ မျိုးနွယ်ကတော့ နှစ်ထောင်ချီ ကြံ့ကြံ့ခံနေလိမ့်မယ်... ထာဝရ နေနဲ့လပဲ ရှိတဲ့ ရှေးခေတ်ကမ္ဘာကြီးနဲ့ ယှဥ်ရင် လူသားတွေက တကယ် သေးနုပ်ပြီးတော့ ဘိုးဘိုးတို့ရဲ့ ဘဝတွေက ထိခိုက်လွယ်ပြီး တိုတောင်းတယ်... ဒါပေမယ့် ယဥ်ကျေးမှု ဂုဏ်ရှိန်တွေက ဘယ်တော့မှ ကွယ်ပျောက်မသွားဘူးးး... ပြီးတော့ ဘဝတွေကလည်း ဆက်လက်တည်ရှိနေမှာ... 'ငါ'ဆိုတာက ဆက်သွားမှာပဲလေ"


"ဘိုးဘိုး သားနားမလည်ဘူး"


"ဘိုးဘိုးတို့ရဲ့ နျန်နျန်လေးက ငယ်သေးတော့ အခု နားမလည်သေးလည်း ရတယ်... နောက်ကျရင် တဖြည်းဖြည်း နားလည်သွားမှာပါ" 


ယွီနျန်က ရွှယ်ယုံ၏ ရင်ခွင်ထဲတွင် ခိုဝင်ကာ စားပွဲပေါ်တွင် လုံခြုံစွာ နေရာချထားသည့် သေတ္တာလေးကို ကြည့်နေခဲ့သည်။ ရုတ်တရက် သူ နည်းနည်းလောက် ပိုနားလည်လာသလို ခံစားလိုက်ရသည်။


သူက ဆက်ပြီး မခုခံနိုင်တော့ဘဲ သေတ္တာလေးကို ထပ်ဖွင့်ကာ အထဲရှိ ပစ္စည်းကို ပြန်ကြည့်လိုက်သေးသည်။ ယွီနျန်ကိုယ်တိုင် စိတ်တိုင်းကျ ကျေနပ်သွားမှသာ သော့ခတ်ထားသော သေတ္တာလေးကို ဂရုတစိုက် နေရာ ပြန်ထားလိုက်သည်။ သူက သီချင်းတစ်ပုဒ် ညည်းနေရင်း မီးဖိုချောင် ရှိရာသို့ လျှောက်လာနေပြီး ဝယ်ထားသော စတိတ်ခ်ကို ထုတ်ကာ မုန့်ယွမ်ထံ ဗီဒီယိုကော ခေါ်လိုက်သည်။ 


ယွီနျန်၏ အမူအယာကို တွေ့သောအခါ မုန့်ယွမ် တီးတိုးရယ်မောလိုက်သည်။


 "အဆင်ပြေပြေ ပြီးသွားလား"


ယွီနျန်က မျက်လုံးလေးများကို လခြမ်းပုံဖြစ်သည်အထိ ကွေးညွှတ်လိုက်ပြီးနောက် ခေါင်းငြိမ့်ပြလိုက်သည်။


 "ဟုတ်... အားလုံး အဆင်ပြေပြေ ပြီးသွားတယ်... ကျွန်တော် ဝါးစာလိပ်ကို ပြန်ဝယ်လာနိုင်ခဲ့ပြီ"


“ဂုဏ်ပြုပါတယ်ကွာ... နောက်ဆုံးတော့ ဒီကိစ္စက အတည်တကျ ဖြစ်သွားပြီပေါ့" 

မုန့်ယွမ်လည်း ပျော်ရွှင်သွားပြီး မေးလိုက်သည်။


 "ဒါဆိုရင် ဘာကိစ္စများလဲ... မင်းရဲ့ အစ်ကိုမုန့်ကို ဘာလို့ ခေါ်တာလဲ" 


ယွီနျန်က လတ်လတ်ဆတ်ဆတ် ပန်းမုန်လာစိမ်းနှင့် အာလူးများကို ဆေးကြောနေရင်း ပြန်ဖြေလိုက်သည်။


."ကျွန်တော် အယ်လ်ဘမ်အတွက် နောက်ထပ်သီချင်းတစ်ပုဒ် ထပ်ရေးဖို့ စီစဥ်ထားတယ်"


“ကောင်းတာပေါ့... အယ်လ်ဘမ်က မင်းစိတ်ကြိုက်အတိုင်းပဲ... ကုမ္ပဏီက ဘယ်လို လိုအပ်ချက်မျိုးကိုမှ ထုတ်ဖာ်လာမှာ မဟုတ်ဘူး" 


မုန့်ယွမ်က စကားပြောပြီးနောက် တစ်ခုခု မှားယွင်းနေကြောင်း အာရုံရသွားသည်။ 


"ခဏလေး... ဒါကို ပြောဖို့လောက်နဲ့ ငါ့ဆီ ဗီဒီယိုကော ခေါ်လာတယ်... ကြည့်ရတာ ဒါကို အရေးကြီးတယ်လို့ သတ်မှတ်လို့လား... ဒါဆိုရင် သီချင်းနဲ့ ပတ်သက်ပြီး ပုံမှန်မဟုတ်တာမျိုး ရှိလို့လား"


ယွီနျန်က အဓိကအချက်ကို တန်းပြောလိုက်သည်။ "အင်း... ကျွန်တော့်အစီအစဥ်က ရွှယ်ယုံကို စန္ဒယားတီးခိုင်းပြီး ကျွန်တော်က ဆိုမယ်... အခြားတွဲဖက်တွေ စီစဥ်မှုတွေ မရှိတော့ဘူး"


“ငါ—” 

မုန့်ယွမ်၏ အသံ ချော်ထွက်သွားသည်။ သူ စိတ်ပူပန်နေသော အမူအယာဖြင့် ကော်လာကို ဆွဲချမိသွားလေသည်။


 "ခဏလေး... ငါအတွေးတွေ စုစည်းကြည့်ပါရစေဦး... ဥက္ကဌရွှယ်က စန္ဒယား တီးမှာလား... အင်း အင်း ဥက္ကဌရွှယ်က စန္ဒယားတီးတာ ကျွမ်းကျင်ပါတယ်... သူက ငယ်ကတည်းက လေ့လာခဲ့တာ...လီတိုတေးဂီတအကယ်ဒမီရဲ့ ကျောင်းသားတစ်ယောက် ဖြစ်နေသေးတယ်... မဟုတ်သေးဘူး... အဓိကအချက်က မင်းတို့နှစ်ယောက်က အလုပ်တွဲလုပ်ကြမှာလား"


ယွီနျန်က အားပါးတရ ပြုံးလိုက်သည်။ 


"အင်း... အတိအကျပဲ... ကျွန်တော်တို့ အလုပ်တွဲလုပ်ကြမှာ... ပြီးတော့ မှတ်တမ်းနေရာမှာ ယွီနျန်၏ စာသား၊ဂီတ၊ အဆို ပြီးရင် ရွှယ်ယုံ၏ စန္ဒယားလို့ ရေးရမှာပေါ့" 


“ဒီတစ်ခေါက်... ဘယ်လိုမုန်တိုင်းတွေ ကြိုမှန်းထားရမလဲ" 


မုန့်ယွမ်က သူ့ကိုယ်သူ တစ်ခဏမျှ တီးတိုးပြောလိုက်ပြီးနောက် မနေနိုင်ဘဲ ပြောမိသွားသည်။.


"ကောင်စုတ်လေး... တစ်ချိန်လုံး တိတ်နေပြီးမှ ပြောလာတော့လည်း သတင်းကြီးကြီးတစ်ခု ကြေညာမလို့ပေါ့လေ" 


ယွီနျန် ခေါင်းယမ်းပြလိုက်သည်။ 


"ကျွန်တော်က ကိုယ့်အတိုင်းအတာကိုယ် သိပါတယ်"


ယွီနျန်၏ စကားများကို နားထောင်ပြီးနောက် မုန့်ယွမ် တစ်ခဏမျှ တွေးနေခဲ့ပြီး ထိုအကြောင်းကို ဆက်ပြီး မပြောတော့ရန် ဆုံးဖြတ်လိုက်သည်။ 


"ဒါက မင်းနဲ့ပဲ ဆိုင်တယ်... ငါလည်း ထိန်းချုပ်ထားလို့မရဘူး" 


သူ စကားလမ်းကြောင်း ပြောင်းလိုက်သည်။ 


"ရော့ရော့ ပြောတယ်မလား... အင်တာနက်က ပွက်လောရိုက်နေပြန်ပြီ... ဒီလှိုင်းအသစ်က မင်းရဲ့ ပုံရိပ်ကို သက်ရောက်နေတယ်"


ယွီနျန်က ဓါးတစ်ချောင်းကိုင်ကာ ချယ်ရီအာလူးသီးများကို လှီးနေရင်း ပြန်ဖြေလိုက်သည်။ 


"အစ်မရော့ရော့ ပြောတယ်... လူတိုင်းရဲ့ အခြေအနေပေါ်လိုက်ပြီး တွေးတတ်တောတတ်ကြတာ တကယ် အထင်ကြီးစရာပဲ"


ယွီနျန်၏ တည်ငြိမ်နေသော အသံကို ကြားသောအခါ ဤအခြေအနေတွင် ရှိနေမည့် မည်သူမဆို အထင်မှားခံရခြင်း ကြိုးကိုင်ခြယ်လှယ်ခံနေရခြင်းတို့ကြောင့် မသက်မသာ ဖြစ်နေမည် ဖြစ်ကြောင်း သိနေခဲ့သည်။ သူ အကြံပေးလိုက်သည်။ 


"မင်းပြောတဲ့အတိုင်း ငါက ပွက်လောရိုက်နေတာကို ဖိနှိပ်ဖို့ စီစဥ်ထားပြီးပြီ... ဒါပေမယ့် မင်းက ဒီတလော လူတွေရဲ့ မျက်လုံးထဲ သိပ်ရောက်မလာဖြစ်တော့ ဒီဆွေးနွေးမှုတွေက လျော့မသွားဘူး... အဲ့ဒီထက် မင်းရဲ့ ချင်းရှန်းယွီမိသားစုဝင် တစ်ယောက်ဆိုတဲ့ မျက်စိကျိန်းလောက်စရာ နောက်ခံကြောင့် မင်းကို ဦးတည်ပြီး သတင်းတွေ ရေးကြတာနဲ့ ငွေတွေ အများကြီး သုံးတာက ရေပန်းစားအကြောင်းအရာ ဖြစ်သွားစေတယ်လေ... မင်းရဲ့ ပုံရိပ်ကို တမင်သက်သက် ကြိုးကိုင်ခြယ်လှယ်တာ မဟုတ်ရင်တောင်မှလေ"


“အဓိကအချက်က အခုလောလောဆယ်မှာ အမြင်တွေကို 360 ဒီဂရီ လှန်ပစ်နိုင်မဲ့ ထောက်ပြစရာ သိသာတဲ့ အပြစ်အနာအဆာတွေ မရှိတာကြောင့်ပဲ... ဒါကြောင့် မင်းရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးချင်ကြတဲ့သူတွေအတွက် ဖော်ထုတ်စရာဆိုလို့ မင်းရဲ့ မိဘတွေပဲ ရှိတော့မယ်... ငါဆိုလိုချင်တာကလေ... အရမ်းကြီး အလေးအနက် ထားစရာတော့ မလိုပါဘူး ..."