Chapter 174
ကိုယ်အခုပဲ လိုချင်တယ်
နေ့လည်ပိုင်းတွင် ယွီနျန်၏ အခြေအနေက အပြည့်အဝ မသက်သာသေးသဖြင့် သီချင်းတစ်ဝက်သာ ရအောင် သွင်းနိုင်ခဲ့သည်။ အလုပ်ဆင်းချိန် နီးနေသည်ကို တွေ့နေရပြီး ယွီနျန်၏ စိတ်ပိုင်းဆိုင်ရာအပြင် ရုပ်ပိုင်းဆိုင်ရာကပါ အခြေအနေမကောင်းကြောင်း သတိထားမိကြသည့် ဝန်ထမ်းအဖွဲ့သားများက အမျိုးမျိုးသော ဆင်ခြေများ ပေးကာ စောစော ထွက်သွားကြသည်။
မုန့်ယွမ် မျက်ခုံးပင့်လိုက်သည်။ "ကြည့်လေ... လူတိုင်း ထွက်သွားကြပြီ... မင်းလည်း ပြန်သင့်နေပြီ... မင်းတစ်ယောက်တည်း သီချင်း မသွင်းနိုင်ဘူးလေ"
ယွီနျန် သက်ပြင်းချလိုက်သည်။ "ကောင်းပါပြီ"
"မင်း ဘယ်လိုပြန်မှာလဲ"
ယွီနျန် အချိန်ကြည့်ကာ ပြန်ဖြေလိုက်သည်။
"ရွှယ်ယုံ လာကြိုပေးမှာ"
ရွှယ်ယုံ လာနေပြီ ဖြစ်ကြောင်း ကြားလိုက်ရမှသာ မုန့်ယွမ် စိတ်အေးသွားသည်။ သို့သော်ငြား သူက ယွီနျန်ကို ကားပါကင်သို့ ပြန်လိုက်ပို့ပေးနေဆဲ ဖြစ်ပြီး ကားထဲသို့ ဝင်သွားသည်ကို မြင်ရမှသာ ထွက်သွားခဲ့လေသည်။
ကားက အဆုံးမရှိသော ယာဥ်တန်းရှည်ကြီးထံ ထိုးဖောက်ဝင်ရောက်သွားသည်။ ယွီနျန်က လမ်းပေါ်တွင် ကြွေကျနေသော သစ်ရွက် စိုထိုင်းထိုင်းများကို ကြည့်နေရင်း အားမရှိတော့သည့်အလား ရွှယ်ယုံအပေါ် မှီထားသည်။
"ဒီနေ့လည်ခင်းမှာ အလုပ်များနေလား"
ရွှယ်ယုံက မည်သည့်အရာကိုမှ ဖုံးကွယ်မထားးပေ။ "အင်း... ကိုယ် အစည်းအဝေးနှစ်ခုရယ် အစီရင်ခံစာတစ်ပုံကြီး ဖြေရှင်းခဲ့ရတယ်... ဒါပေမယ့် ကိုယ်အားလုံး ကိုင်တွယ်နိုင်ပါတယ်... မပူနဲ့နော်"
သူက ယွီနျန်၏ မျက်တောင်လေးများကို လက်မဖြင့် ပွတ်ပေးလိုက်သည်။ "မင်းကရော"
ရွှယ်ယုံ မေးသည့်အရာကို နားလည်နေသည့် ယွီနျန်က ပြန်ဖြေလိုက်သည်။
"မနေ့ကထက်တော့ ပိုပြီး ခံစားချက်ကောင်းလာပါပြီ" သူနှစ်စက္ကန့်မျှ တိတ်ဆိတ်သွားခဲ့သည်။
"ကျွန်တော် ဘိုးဘိုးပြီးတော့ ဘွားဘွားကိုလည်း ပို့ပေးခဲ့ရတယ်... ကျွန်တော်ထင်တာ သေခြင်းရှင်ခြင်းကို ကျွန်တော် ကျင့်သားရနေပြီလို့လေ.. လူသားတွေရဲ့ တည်ရှိမှုက မတည်မြဲဘူးဆိုတာကို နားလည်နေပြီပေါ့... ဒါပေမယ့် ရှေ့တည့်တည့်မှာ ကြုံတွေ့ရတိုင်း တကယ်တော့ ခွဲခွာခြင်းဆိုတာ တကယ် နာကျင်ရတာပါပဲ"
သူက ရွှယ်ယုံ၏ လက်ကို ကိုင်၍ တီးတိုးပြောလိုက်သည်။
"အသက်ရှင်နေရတာက ဖြစ်နိုင်ချေတွေ အများကြီး ရှိလာနိုင်တယ်... သေဆုံးသွားပြီဆိုတာနဲ့ အရာအားလုံး ဗလာနတ္တိ ဖြစ်သွားပြီ.... အသက်ရှင်နေသေးရင် မတွေ့ကြရရင်တောင် တစ်ဖက်လူက တစ်နေရာရာမှာ အသက်ရှင်နေသေးကြောင်း သိနိုင်သေးတယ်... ဒါပေမယ့် သေသွားခဲ့ရင်..."
သူ့ကိုယ်သူ ရပ်တန့်လိုက်ပြီးနောက် ငယ်စဥ်က ဖတ်ခဲ့ဖူးသည့် ရှေးဟောင်းကဗျာတစ်ပုဒ်ကို အမှတ်ရမိသွားသည်။
"ဘဝဆိုတာ ယင်နဲ့ယန် ပြောင်းလဲမှုလိုပါပဲ... ငါတို့ရဲ့ နှစ်တွေက မနက်ခင်းမြူမှုန်တွေလို လွင့်ပါးသွားတယ်... ဘဝဆိုတာက ရုတ်တရက် ဖြစ်လာပေမယ့် ယာယီတည်းခိုသလိုပါပဲ... ပြီးတော့ ရှည်ကြာမှုဆိုတာ ရွှေနဲ့ ကျောက်တုံးတွေလို မခိုင်မြဲဘဲလေ" နောက်ထပ် ဆိုရိုးစကားလို "ဘဝက တည်ရှိမှုတစ်ခုလေးပဲ စွန့်စားပေးတယ်... ပြီးရင် ဖုန်မှုန့်တွေလို ရုတ်တရက် ပျောက်ကွယ်သွားတယ်"
ဆိုရိုးများအတိုင်း လူ့ဘဝဆိုသည်မှာ အမှန်တကယ်ပင် ဖုန်မှုန့်များကဲ့သို့ပင် ဖြစ်ပြီး လေတစ်ချက်ကပင် အလွယ်တကူ လွင့်ပါးသွားစေနိုင်ပေသည်။
ယွီနျန်က စကားပြောနေရင်း မိန်းမောလာသလို ဖြစ်နေသည်။ ရွှယ်ယုံက ကိုယ်ကို ကိုင်း၍ ယွီနျန်၏ မျက်နှာလေးထက် အနမ်းပေးလိုက်သည်။
"တစ်ရေးလောက် အိပ်မလား"
ရွှယ်ယုံ၏ နူးနူးညံ့ညံ့အသံလေးက ယွီနျန်၏ နားထဲသို့ ရောက်ရှိလာခဲ့ပြီး ဖိနှိပ်ထားသော မောပန်းနွမ်းနယ်မှုများနှင့် အိပ်ချင်စိတ်များကို ဒီရေအလား ထွက်ပေါ်လာခဲ့သည်။ ယွီနျန်က ရွှယ်ယုံ၏ လက်ချောင်းများကို ခပ်ဖွဖွ ဆွဲကာ "အင်း" ဟူသော အသံလေးဖြင့် ပြန်ဖြေလိုက်သည်။ အသက်ရှုသံ အနည်းငယ်ထွက်ပေါ်လာပြီးနောက် ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်သွားခဲ့သည်။
ယွီနျန်က ကားရပ်သွားသည့်တိုင် နိုးလာမည့်လက္ခဏာ မပြပေ။ မကြာသေးခင်က ယွီနျန် ပင်ပန်းနွမ်းနယ်ခဲ့ရသည်ကို သိနေသည့် ရွှယ်ယုံက သူ့ကို မနှိုးလိုက်ပေ။ သူက ယွီနျန်အား လက်မောင်းများဖြင့် ဂရုတစိုက် ချီမလိုက်ပြီးနောက် ကားထဲမှ ထွက်လာခဲ့ကြသည်။
အယ်လ်ဘမ် ထုတ်လုပ်ရေးက အတော်လေး အားကုန်ပြီး ယွီနျန်ကလည်း ၎င်းအပေါ်တွင် အာရုံအလုံးစုံ ပုံအပ်ထားသည်။ ဒီဇင်ဘာလအဆုံးတွင် စတိုးဆိုင်များရှေ့၌ ခရစ်စမတ်သစ်ပင်များ ပြသထားလာကြပြီး ရှောပင်းမောများကလည်း နှစ်ကုန်လျှော့စျေးများ ပေးလာကြသည်။
အိုးမူနာရီအတွက် နှစ်သစ်ကူးကြော်ငြာ ရိုက်ကူးပြီးနောက် ရှစ်ရော့က ယွီနျန်အား ကုတ်အင်္ကျီရှည်တစ်ထည်ကို အလျင်အမြန် ထပ်ပေးလာသည်။ သူမက တတွတ်တွတ် ပြောနေသည်။
"အနည်းဆုံးတော့ ရိယောင်မိုဘိုင်းက မင်းကို ရိုက်ကူးရေးမှာဆွယ်တာ ဝတ်ခွင့်ပြုသေးတယ်... ဒါပေမယ့် အိုးမူက ဒီလောက်အေးတဲ့ ရာသီဥတုမှာ အပြင်ဘက်မှာ ရှပ်အင်္ကျီလေးတစ်ထည်နဲ့ ရိုက်တယ်... အနုပညာရှင်တွေက လူမဟုတ်ကြလို့လား"
ရှစ်ရော့ ကမ်းပေးလာသည့် ရေနွေးဘူးကို လှမ်းယူရင်းဖြင့် ယွီနျန် ပြုံး၍ ပြောလိုက်သည်။
"အဆင်ပြေပါတယ်... ရိုက်ကူးရေးက အဆင်ပြေပြေ ပြီးသွားတာပဲလေ... အရမ်းကြီး ဒုက္ခများတာမှ မဟုတ်တာ... အစ်မရော့ရော့ စိတ်မဆိုးနဲ့တော့နော်"
ယွီနျန်၏ အပြုံးလေးများ တဖြည်းဖြည်း ပြန်ရောက်လာသည်ကို မြင်သောအခါ ရှစ်ရော့ကလည်း တောက်တောက်ပပပြုံးလာသည်။
"ကောင်းပြီနော်... အစ်မ စိတ်မဆိုးတော့ဘူး"
သူမက အချိန်စာရင်းကို ကြည့်၍ ပြောလိုက်သည်။
"နေ့လည်ပိုင်းအစီအစဥ်က တွဲဖက်စန္ဒယားသံကို အသံသွင်းဖို့ပဲ"
သူမက နှဖူးကို ရိုက်လိုက်ပြီး ဆက်ပြောလိုက်သည်။ "အင်း... အင်း... အစ်မရဲ့ မှတ်ဥာဏ်ကို ကြည့်ပါဦး" သူမက စောင့်ဆိုင်းနေသော ဒရိုင်ဘာကို မြန်မြန် ခေါ်လိုက်သည်။
သူတို့က အိမ်ပြန်ရမည့်အစား ရွှယ်ယုံနေခဲ့သော နေရာသို့ ရောက်လာကြသည်။ ယွီနျန်က ရွှယ်ယုံ နေမကောင်း ဖြစ်စဥ်က ရောက်လာဖူးသဖြင့် ထိုနေရာတွင် အမှတ်တရအချို့ ရှိနေခဲ့သည်။
ရွှယ်ယုံက ယွီနျန်ကို တတိယထပ်သို့ ခေါ်သွားပေးခဲ့ပြီး တံခါးဝရှေ့တွင် ရပ်နေခဲ့သည်။ ရွှယ်ယုံက သူ့လက်ကို တံခါးလက်ကိုင်ဘုထက် နေရာချကာ တစ်ခဏမျှ တုံ့ဆိုင်းနေခဲ့ပြီးနောက် ခိုင်ခိုင်မာမာ ဖိနှိပ်ကာ လှည့်ဖွင့်လိုက်သည်။
ကလစ်ဟူသော အသံနှင့်အတူ တံခါး၏ နှစ်ချီကြာနေသော သမိုင်းကြောင်းကို ဖောက်ဝင်မိသည့်အလား ရွှယ်ယုံရှင်းပြလိုက်သည်။
"ဒီအခန်းထဲကို ဘယ်သူမှ မဝင်တာကြာပြီ"
ယွီနျန်က ရွှယ်ယုံကို ဖြတ်သွားပြီး အရင်ဝင်ကာ အခန်းထဲမှ အောက်သိုးသိုးအနံ့များကို ထွက်သွားစေသည်။ ယွီနျန်က အပြုံးလေးတစ်ခုဖြင့် လှည့်မေးလိုက်သည်။
"ဂီတသံကို အသံ မသွင်းခင် လေ့ကျင့်ဖို့ လိုသေးလား"
ရွှယ်ယုံ၏ မျက်လုံးများထက် အပြုံးဖျော့ဖျော့ ထင်ဟပ်လာပြီး သေချာပြတ်သားစွာ ပြောလိုက်သည်။
"မလိုပါဘူး"
တစ်ယောက်ချင်းစီ၏ မျက်လုံးထဲ၌ အလင်းရောင်များ ဖမ်းမိသွားသည့်အလား ယွီနျန် အနားကပ်လာပြီး ရွှယ်ယုံ၏ နှုတ်ခမ်းဖျားများကို မနမ်းဘဲ မနေနိုင် ဖြစ်သွားသည်။ မထင်မှတ်ထားစွာပင် ရွှယ်ယုံက သူ့ခါးကို ပွေ့ဖက်လာခဲ့ပြီး တိကျသော ရွေ့လျားမှုတို့ဖြင့် ယွီနျန်အား အေးစက်စက် စန္ဒယားဖုံးပေါ် ဖိကပ်လာခဲ့သည်။ နောက်ပိုင်းဆက်ဖြစ်လာသည်မှာ သူတို့၏ အသက်ရှုသံများ ပွတ်တိုက်သွားသည့်အသံနှင့် ပြင်းပြသော အနမ်းကြမ်းကြမ်း ဖြစ်သည်။
ထိုရုတ်တရက် အပြုအမူကြောင့် တုန်ယင်သွားသည့် ယွီနျန်က အံ့သြသွားသည့် အသံတစ်ခု ထုတ်လွှင့်လာသော်လည်း အသံအများစုကို ရွှယ်ယုံ၏ နှုတ်ခမ်းများက သိမ်းပိုက်သွားခဲ့သည်။ သူ့လက်မောင်းများက ရွှယ်ယုံ၏ လည်တိုင်ထက် ခိုတွဲနေကာ ခန္ဓါကိုယ်ကို ပြေလျော့စေပြီးနောက် အနမ်းများထဲသို့ နစ်ဝင်သွားလေသည်။
အနောက်တိုင်း ဝတ်စုံနှင့် လည်စီးတို့ တွန့်ကြေနေသည့် ရွှယ်ယုံက အနည်းငယ် အသက်ရှုမြန်နေရင်းဖြင့် ယွီနျန်ကို ချီပွေ့ထားရင်း စန္ဒယားခုံပေါ် ထိုင်နေခဲ့သည်။ သူက ယွီနျန်အား နှေးကွေး စိတ်ရှည်စွာဖြင့် ဆန်ပြုတ်ဇွန်းအပြည့် တိုက်ခဲ့သည်။ အဆုံးတွင် ယွီနျန်က ဆက်ပြီး ထိန်းမထားနိုင်တော့ပေ။ မျက်လုံးထောင့်နှင့် မျက်ခွံအောက်ရှိ မျက်ရည်ခံမှဲ့လေးက အနည်းငယ် နီရဲနေကာ ဆာလောင်မှုကြောင့် တုန်ယင်နေပြီး တောင်းဆိုလိုက်သည်။
"....နည်းနည်းလောက် ပိုမြန်ပေးလို့ရမလား"
ထိုစကားကို ကြားသောအခါ ရွှယ်ယုံက ကျွေးသည့်အရှိန်ကို မြန်ပေးလိုက်သည်။
သူတို့ပြီးသွားသောအခါ ရွှယ်ယုံက ယွီနျန်အား ဇွန်းကို ခပ်ကြာကြာလေး ကိုင်ခိုင်းထားလိုက်သည်။ သို့သော်ငြား ဆန်ပြုတ်အချို့ ချော်ထွက်သွားပြီး ယွီနျန်၏ လက်ချောင်းလေးများကို စေးကပ်ချောကျိသွားစေခဲ့သည်။ သူ့အသံက အားနည်း နူးညံ့နေရင်း ပြောလာသည်။
"ရွှယ်ယုံ ကျွန်တော် နောက်ပိုင်းကျရင် စန္ဒယားသံကို အသံသွင်းဖို့ လိုနေတုန်းပဲနော်"
ရွှယ်ယုံက ယွီနျန်၏ မျက်ရည်များ စွန်းထင်းနေသော မျက်လုံးထောင့်လေးကို နမ်းကာ အက်ကွဲနေသော အသံဖြင့် ပြောလိုက်သည်။
"ခဏလေးစောင့်ပေးနော်... ဟုတ်ပြီလား"
ယွီနျန်က အားနည်းကာ အနည်းငယ် ချဥ်စူးစူး ဖြစ်နေသည်ဟု ခံစားရပြီး "အင်း"ဟု နူးညံ့စွာ ပြန်ဖြေလိုက်ပြီး ရွှယ်ယုံ၏ ရင်ခွင်ထဲသို့ ခိုဝင်လိုက်လေသည်။
******
ရေချိုးခန်းထဲမှ ထွက်လာသောအခါ ယွီနျန်၏ ခြေထောက်များ ပျော့ခွေနေလေသည်။ ရွှယ်ယုံမှာ သူ့ကို လမ်းမလျှောက်ခိုင်းရက်သဖြင့် စန္ဒယားခန်းထဲသို့ သယ်သွားပေးခဲ့ပြီး စန္ဒယားခုံထက် တင်ပေးလိုက်ပြီးနောက် ခုံလေးထက်တွင် ကူရှင်တစ်ခုကိုပါ ဂရုတစိုက် နေရာချပေးလိုက်သည်။
ယွီနျန်က ရွှယ်ယုံ၏ အဝတ်များကို ကိုင်ဆွဲထားပြီး လွှတ်မပေးဘဲ ခပ်ရှက်ရှက်ဖြစ်နေပုံဖြင့် အကြည့်ချင်း မဆုံမိရန် ရှောင်ရှားနေခဲ့သည်။ "ခုနက ဘာလို့..."
ရွှယ်ယုံက ယွီနျန်၏ နားအနီးသို့ ကိုင်း၍ တီးတိုးပြောလိုက်သည်။ "နျန်နျန်နဲ့ နည်းနည်းလောက် ပိုပြီး ကြာကြာလေး နေချင်လို့လေ"
သူ မှုတ်ထုတ်လိုက်သော လေနွေးနွေးလေးက ယွီနျန်၏ နားလေးကို ထိခတ်သွားခဲ့ပြီး ယားကျိကျိ ခံစားချက်က အာရုံကြောများ တလျှောက် ပျံ့နှံ့သွားခဲ့သည်။ ပစ်ပယ်ထား၍ မရသော စိတ်လှုပ်ရှားမှုများနှင့် နွေးထွေးမှုတို့က ရွှယ်ယုံ၏ စနောက်စကားများကို ကြားအပြီး၌ လျှပ်စီးများ တဖန်ပြန်လည် ဖြစ်လာသည့် လက္ခဏာများကဲ့သို့ ပြသလာသည်။ ယွီနျန်၏ ရွှယ်ယုံ၏ လက်ကို ဆွဲကာ အလောတကြီး ပြောလိုက်သည်။
"အခု အသံသွင်းရအောင်... တွဲဖက်သီချင်းကို သွင်းကြရအောင်"
ယွီနျန်က "လူပျိုလှည့်တေး"၏ ရေးဖွဲ့မှုအပိုင်းကို လွန်စွာ တန်ဖိုးထားသည်။ သူက အလျင်မလိုသေးဘဲ ထပ်ကာထပ်ကာ စိစစ်တည်းဖြတ်နေပြီး အရေးကြီးချိန်ညှိမှုများကို နှစ်ကြိမ်တိုင် ပြုလုပ်ခဲ့သည်။ ပြီးနောက် အယ်လ်ဘမ်ထဲတွင် ပါမည့် အခြားသီချင်းများအတွက် ပေါင်းစပ်ခြင်းနှင့် ပြန်လည်စီစစ်မှုများ ပြီးစီးသွားခဲ့ပြီး ယခုတွင် သူတို့က ထိုအပိုင်းအတွက် တွဲဖက် စန္ဒယားသံစဥ်ကို စတင် အသံသွင်းကြတော့မည် ဖြစ်သည်။
ယွီနျန်က ဂီတစာရွက်များ ထုတ်လာပြီး အပိုင်းငယ်လေးတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။
"ကျွန်တော် ရုတ်တရက် တွေးမိသွားလို့... ဒီနေရာမှာ အသစ်မွမ်းမံမှုတွေ လုပ်သင့်လား"
သူက ရွှယ်ယုံ၏ အမြင်ကို မေးမြန်းနေခြင်း ဖြစ်သည်။
ရွှယ်ယုံက တစ်ချက် လှမ်းကြည့်လာပြီးနောက် လက်ချောင်းသွယ်သွယ်လေးများက အဖြူနှင့် အနက် ခလုတ်များအပေါ် ရပ်နားသွားလေပြီး တီးလုံးများကို ချောချောမွေ့မွေ့ တီးလာခဲ့သည်။ တီးလုံးသံ ရပ်သွားသောအခါ ရွှယ်ယုံ တွေးတောလိုက်သည်။
"ပြောင်းဖို့ လိုနေတယ်... စတုတ္ထနဲ့ပဥ္စမမြောက် တီးလုံးတွေက နည်းနည်း လွတ်နေတယ်... ချောချောမွေ့မွေ့ မဖြစ်သေးဘူး"
“အဟုတ်ပဲ... ကျွန်တော် အကြိမ်များစွာ လိုက်ညည်းတာတောင် ဘယ်နေရာက မှားနေလဲ မဖော်ထုတ်နိုင်ခဲ့ဘူး" ယွီနျန်က သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး အနီးအနားမှ ခဲတံကို ကောင်ကိုင်၍ စာရွက်ပေါ်၌ မှတ်သားလိုက်သည်။ တစ်ခဏအကြာ သူမော့ကြည့်လာသည်။
"အခုရော"
မွမ်းမံထားသော တီးလုံးအတိုင်း ရွှယ်ယုံ ထပ်တီးလိုက်သည်။ "ပြောင်းဖို့ လိုနေတုန်းပဲ"
ယွီနျန်က စိတ်ပျက်သွားခြင်းမျိုးမရှိဘဲ ရွှယ်ယုံနှင့် ဂီတစာရွက်များ လေ့လာကာ အတူတကွ အပြန်ပြန် အလှန်လှန် တီးနေရသည်ကို ကျင့်သားရလာပုံပင်။ သူက လက်ထဲတွင် ခဲတံကို ကျွမ်းကျွမ်းကျင်ကျင် လှည့်ကာ စာရွက်ကို တစ်ခဏမျှ စိုက်ကြည့်လိုက်သည်။ ရုတ်တရက် သူ့မျက်လုံးများ တောက်ပလာခဲ့သည်။
"ဒီလိုဆိုရင်ရော"
သူက ယခင်က တီးခဲ့သော နုတ်များကို ခဲတံထိပ်ဖြင့် အားလုံး ခြစ်ဆွဲလိုက်ပြီး အပိုင်းအသေးလေးတစ်ခုလုံး ပြန်ရေးလိုက်သည်။ ပြီးနောက် သူ ရွှယ်ယုံကို ကမ်းပေးလိုက်လေသည်။
"ဒါတီးကြည့်ပါလား"
ရွှယ်ယုံက ယွီနျန်၏ အကြံအတိုင်းလိုက်ကာ စန္ဒယား ခလုတ်များကို ဖိလိုက်ပြီး ထပ်တီးလိုက်သည်။ သူ ထပ်တီးလိုက်ပြီးနောက် အဆုံးတွင် ပြောလိုက်သည်။
"အရမ်းချောသွားပြီ"
ယွီနျန်က တုံ့ဆိုင်းခြင်းအလျင်းမရှိဘဲ ရွှယ်ယုံ၏ ပုခုံးထက်သို့ မှီတွယ်လိုက်လေသည်။ သူက သီချင်းနှင့် ပတ်သက်လာလျှင် ရွှယ်ယုံ၏ စံနှုန်း မည်မျှ မြင့်မားလှပြီး နှစ်နှစ်ဆယ်နီးပါးမျှ စန္ဒယားတီးလာပြီး မွေးကတည်းက ပြီးပြည့်စုံသည့် ကီးသံများ ပိုင်ဆိုင်ထားသူတစ်ယောက်က တေးသွားများနှင့် ပတ်သက်လာလျှင် မည်မျှ ဆတ်ဆတ်ထိမခံဖြစ်ကာ တင်းကျပ်လှကြောင်းကိုလည်း နားလည်သွားခဲ့သည်။ ရွှယ်ယုံက အလွန်ချောမွေ့နေသည်ဟု ပြောလာလေရာ နောက်ထပ် အပြောင်းအလဲများ လုပ်ရန် မလိုအပ်တော့သဖြင့် ဤဗားရှင်းကို တန်းသုံးနိုင်မည် ဖြစ်သည်။
ယွီနျန်က စိတ်ကောင်းဝင်နေသဖြင့် ခေါင်းလေးကို မော့ကာ ရွှယ်ယုံ၏ ပါးပြင်အနား တိုးကပ်လိုက်ရင်း အသံကျယ်ကျယ်ဖြင့် အနမ်းပေးလိုက်သည်။
ရွှယ်ယုံက အနမ်းကြောင့် ရှက်ရွံ့သွားသဖြင့် နူးနူးညံ့ညံ့ ပြောလိုက်သည်။
"နျန်နျန်... ကိုယ်တို့တွေ ထိန်းထိန်းသိမ်းသိမ်းနေဖို့လို..." သူစကားပြော၍ မဆုံးခင်မှာပင် အပြုံးများဖြင့် တလက်လက်တောက်နေသည့် ယွီနျန်၏ မျက်လုံးလေးများနှင့် ဆုံတွေ့သွားခဲ့သည်။ ရွှယ်ယုံ ချက်ချင်း စကားပြောင်းလိုက်သည်။
"ကောင်းပါပြီလေ... မင်း နောက်ထပ် နှစ်ကြိမ်လောက် ထပ်နမ်းလို့ရတယ်"
ယွီနျန်က အားပါးတရ ရယ်မောလိုက်ပြီး ရွှယ်ယုံဘက်သို့ ထပ်တိုးကာ ရွှယ်ယုံ၏ ပါးပြင်ထက် နောက်ထပ် နှစ်ကြိမ် ထပ်နမ်းလိုက်၏။