Chapter 180
စတိတ်စင်တစ်ခုတည်းမှာ
အပြန်လမ်းတွင် ယွီနျန်က သူ့အတွေးနှင့် အယူအဆများကို ဆက်ပြီး မျှဝေနေရင်း ရွှယ်ယုံကလည်း စိတ်ရှည်လက်ရှည် နားထောင်နေပြီး ရံဖန်ရံခါ အကြံပြုချက်များ ပြန်ပေးလေ့ရှိသည်။ ရုံးခန်းထဲသို့ ရောက်သောအခါ ရွှယ်ယုံ၏ ဖုန်းမြည်လာပြီး သူ ပြန်ဖြေလိုက်သည်။
"ရှောင်းရန်လား"
ထို့နောက် ယွီနျန်တစ်ယောက် ရွှယ်ယုံ စပီကာဖွင့်လိုက်သည်ကို တွေ့လိုက်ရပြီး စပီကာမှတဆင့် ချူရှောင်းရန်၏ စိတ်လှုပ်ရှားနေသော အသံထွက်ပေါ်လာသည်။
"ရွှယ်ရှောင်ယုံ... မင်းရဲ့နျန်နျန်ကို ပြောပြလိုက်ဦး... အယ်လ်ဘမ် ထွက်မှာ ဖေဖော်ဝါရီလ 21ရက်နေ့နော်"
ယွီနျန်က ပြုံး၍ ပြန်ဖြေလိုက်သည်။
"ဟုတ်... ကျွန်တော်လည်း နားထောင်နေပါတယ်"
ယွီနျန်၏ အသံကို ကြားလိုက်ရသောအခါ ချူရှောင်းရန် အံ့သြမသွားပေ။ သူက ကိုယ်ရည်သွေးလိုက်သေးသည်။
"ငါက ဒီသတင်းကို ပြောပြတဲ့ ပထမဆုံးလူ ဖြစ်မှာ သေချာပေါက်ပဲ... မုန့်ယွမ်ကို ဒီတစ်ခါ ရိုက်ချနိုင်ပြီကွ... နောက်တစ်ခါ မင်းတို့အားရင် အပြင်သွားကြစို့"
ယွီနျန်လည်း ဝမ်းသာအားရ ထောက်ခံလိုက်သည်။ "ရတာပေါ့... ကျွန်တော့်ရဲ့ ပြတိုက်အတွက် ကနဦး ပြင်ဆင်မှုတွေလည်း ပြီးလုနီးနေပြီ... ကျန်တာကို အဖွဲ့ကပဲ ကိုင်တွယ်သွားမှာ... ရွှယ်ယုံအလုပ်မများရင် ကျွန်တော်တို့ အားလုံး သွားလို့ရတယ်"
“ကောင်းတာပေါ့... ဘဝကြီးက တယ်လှနေပါလားကွ" ချူရှောင်းရန်က အသံတိုးတိုးဖြင့် ဆက်ပြောသည်။
"ယွီနျန်... ယွီနျန် စပီကာပိတ်လိုက်"
ယွီနျန်က အကြံအတိုင်းလိုက်ကာ ဖုန်းကို ကောက်ယူလိုက်သည်။
"အင်း... ရွှယ်ယုံက ကွန်ပြူတာဆီ သွားနေပြီ... ဘာတွေ ဒီလောက် လျှို့ဝှက်နေရတာလဲ"
ချူရှောင်းရန်က နှစ်ကြိမ်ခန့် တီးတိုးရယ်မောလိုက်ပြီးနောက် ပျော်ရွှင်မြူးတူးစွာဖြင့် ပြောလိုက်သည်။
"ရွှယ်ရှောင်ယုံကို ငါ သူ့ကို ချီးကျူးနေတဲ့အကြောင်း မကြားစေချင်လို့လေ" သူဆက်ပြောလိုက်သည်။
"ငါ အယ်လ်ဘမ်ကို အရင်ရပြီးသွားပြီ... သေစမ်း... ရှောင်ရွှယ်ယုံ စန္ဒယားတီးထားတဲ့အပိုင်းကို ကြားလိုက်ရတယ်... ငါငိုချမိတော့မလိုပဲ"
ယွီနျန်က နံရံကို မှီကာ ဘလူးတု နားကြပ်တပ်ထားရင်း ဗီဒီယိုအစည်းအဝေး လုပ်နေသည့် ရွှယ်ယုံကို ကြည့်မိသွားပြီးနောက် အပြုံးလေးတစ်ခုဖြင့် ပြောလိုက်သည်။
"ခင်ဗျား ငို'လုနီးပါး'ဆိုတာထက်တော့ ပိုသွားသေးတယ်မလား"
“မင်း... မင်းဘယ်လို သိသွားတာလဲ" ချူရှောင်းရန်က ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်ပြီးနောက် ဝန်ခံလိုက်သည်။ "ကောင်းပြီလေ... ငါမျက်ရည်တစ်စက် နှစ်စက်လောက် ကျသွားရုံပါ... နှစ်စက်ထဲတင်"
တစ်ခဏအကြာ ချူရှောင်းရန်က အသံတိုးတိုးဖြင့် အရှိန်နှေးကာ ဆက်ပြောလာသည်။
"တကယ်ပါ ယွီနျန်... ငါ့လက်တွေနဲ့ ရေတွက်ကြည့်နေတာ... ရှောင်ရွှယ်ယုံ စန္ဒယားတီးတာကို နောက်ဆုံးကြားခဲ့ရတာ နှစ်တွေ အများကြီး ကြာသွားပြီ... ငါ... ငါ တကယ် ပျော်နေတာ"
ချူရှောင်းရန်၏ အသံထဲမှ စိတ်ခံစားချက်များကို သတိမပြုမိဟန်ဆောင်၍ ယွီနျန် သိမ်မွေ့စွာ ပြန်ဖြေလိုက်သည်။
"အင်း... အခုကစပြီး ပိုကောင်းလာဖို့ပဲ ရှိတယ်"
“ဟုတ်တယ်... မင်းပြောတာ တကယ်မှန်တယ်"
ချူရှောင်းရန်၏ အသံက ပုံမှန်အနေအထားသို့ ရောက်ရှိလာခဲ့သည်။
"ဒီလိုပြောလို့ သိပ်ပြီး သင့်တော်ပါ့မလား မသိပေမယ့် တကယ်ပါ ယွီနျန်... သူ့ရဲ့ ညီအစ်ကိုတစ်ယောက်အနေနဲ့ ငါမင်းကို ကျေးဇူးတင်ပါတယ်"
ချူရှောင်းရန် ပြောလိုသည့်စကားကို နားလည်နေသည့် ယွီနျန်က ပြန်ဖြေလိုက်သည်။
"ကျွန်တော့်ကို ကျေးဇူးတင်စရာ မလိုပါဘူး... ရွှယ်ယုံကိုယ်တိုင်ကိုက အမည်တပ်ခံရဖို့ ထိုက်တန်လို့ပါ"
ယွီနျန်က ဖုန်းချရင်းဖြင့် လျှောက်လာသောအခါ ရွှယ်ယုံက မေးလာသည်။ "မင်းတို့ ဘာတွေ ပြောနေကြတာလဲ"
ယွီနျန်မှာ ချူရှောင်းရန်အား ဘတ်စ်ကားအောက်ထဲသို့ ပစ်သွင်း(ချောက်ချ)ရန် တုံ့ဆိုင်းမနေပေ။
"ရှောင်းရန်ပြောတယ်... ခင်ဗျားက စန္ဒယားကို လှလှပပတီးပြသွားလို့ သူတောင် ငိုမိလုနီးပါး ဖြစ်သွားတယ်တဲ့"
ရွှယ်ယုံက နှစ်စက္ကန့်မျှ အံ့အားသင့်သွားပြီးမှ ပြုံးလိုက်သည်။
"သူက ဒီလိုမျိုးဆို တကယ် ထိလွယ်ရှလွယ်ဖြစ်တတ်တယ်... သူငယ်ငယ်တုန်းက ကာတွန်းကြည့်ရင်းနဲ့ အရံဇာတ်ကောင်လေးသေသွားရင်လည်း ကိုယ့်အပေါ် မှီပြီး ငိုတော့တာပဲ... ကိုယ့်မှာ နှာရည်တွေ မျက်ရည်တွေနဲ့ ပွကုန်တာ"
ရုံးခန်းထဲတွင် ချူရှောင်းရန်က လက်ထဲမှ ဂိမ်းလက်ကိုင်ကို ပြန်ချလိုက်ပြီး နှာခေါင်းပွတ်လိုက်သည်။
"ဘယ်သူတွေ ငါ့အကြောင်း ပြောနေပါလိမ့်... နှာခေါင်းတွေ ယားလာပြီ... ဟပ်ချိူး"
ဖေဖော်ဝါရီလ 21ရက်နေ့ မနက်တွင် ယွီနျန်၏ အယ်လ်ဘမ်အသစ် "မှိန်ဖျဖျအလင်းရောင်"ကို တရားဝင် ထုတ်လွှင့်သည်။
ပရိုမိုးရှင်းကန်ပိန်းက မရှည်ကြာသော်လည်း ဖန်နှင့် ဖော်လိုဝါ ပမာဏများစွာနှင့် ယွီနျန်၏ ရေပန်းစားနိုင်သော မွေးရာပါ အရည်အချင်းတို့ ပေါင်းစပ်လိုက်သောအခါ အယ်လ်ဘမ် ထုတ်လွှင့်မှူက များစွာသော စီဝေသံများ ယူဆောင်လာပေးခဲ့သည်။ နောက်ခံဇာတ်ကြောင်း အဖော်ထုတ်ခံလိုက်ရပြီး နိုင်ငံရတနာဆယ့်ခြောက်ခုကို လှူဒါန်းထားခြင်းက သတင်းများကို မြင့်မားသော ပုံရိပ်များ ဖြစ်ပေါ်စေခဲ့သည်။ ရလဒ်အနေဖြင့် အယ်လ်ဘမ်၏ တရားဝင်ထုတ်လွှင့်မှုမတိုင်ခင်မှာပင် များစွာသော မှတ်တမ်းများအား ချိုးဖျက်ထားပြီး ဖြစ်နေခဲ့သည်။
အယ်လ်ဘမ်၏ digitalနှင့် physical ဗားရှင်းများကို တပြိုင်နက်တည်းဆိုသလို ထုတ်ဝေခဲ့ပြီး တစ်နာရီအတွင်းမှာပင် ဒီဂျစ်တယ်အယ်လ်ဘမ်ရောင်းအားက အဓိကသီချင်းပလပ်ဖောင်းများ၌ ကော်ပီပေါင်းတစ်သန်းကို ကျော်လွန်သွားခဲ့သည်။ စျေးဝယ်ပလပ်ဖောင်းများ၌ ရုပ်မြင်သံကြား ထုတ်ကုန်များ၏ 24နာရီ ရောင်းအားဇယားများတွင် "မှိန်ဖျဖျအလင်းရောင်"၏ physical အယ်လ်ဘမ် ရောင်းအားက မိုးထိမြင့်တက်လာခဲ့သည်။ မီဒီယာများကလည်း "အံ့သြဆန်းကြယ်ဖွယ်ရာ ရောင်းအား" ဟူသော သတင်းခေါင်းစဥ်များကိုပင် တန်း၍ အသုံးပြုလာကြလေသည်။
******
ရှင်းယောင်အဆောက်အအုံတွင် မုန့်ယွမ်က ကုတ်အင်္ကျီကို တွဲလောင်းချကာ physicalနှင့် ဒီဂျစ်တယ် အယ်လ်ဘမ်နှစ်ခုလုံး၏ အချိန်နှင့် တပြေးညီ ရောင်းအားများကို အနီးကပ် ကြည့်ရှုနေခဲ့သာ်။ မျက်ခုံးများမှာ တင်းတင်းကျပ်ကျပ် စုကျုံ့နေလေသည်။ ထပ်တူညီစွာ စိတ်လှုပ်ရှားနေသော ရှစ်ရော့ကလည်း အာခေါင်များ ခြောက်နေပြီး ပြောလာငည်။
"အစ်ကိုမုန့်... physicalအယ်လ်ဘမ် ရောင်းအားတွေ တက်တာ မြန်လိုက်တာ... ကြည့်ရတာ နျန်နျန်ရဲ့ ကိုယ်ပိုင် physical အယ်လ်ဘမ်ရောင်းအားမှတ်တမ်းကိုပါ မကြာခင် ချိုးဖျက်တော့မယ်ထင်တယ်"
မုန့်ယွမ်မှာလည်း စိတ်လွတ်နေသည်။
"ဟုတ်တယ်... ထင်ထားတဲ့အတိုင်းပဲ... မချိုးရင်မှ ထူးဆန်းဦးမယ်"
မုန့်ယွမ်က အကြောင်းအရင်း မရှိဘဲ ပြောနေခြင်း မဟုတ်ပေ။ "ကျော့ရှင်းသော" ထုတ်လွှင့်ခဲ့သည့် အခြေအနေနှင့် ယှဥ်လိုက်ပါက ယွီနျန်၏ လတ်တလောကျော်ကြားနေမှုမှာ နောက်ထပ်အဆင့်တစ်ခုအထိ ရောက်ရှိနေပြီး သူ့ပါရမီကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုလာကြလေပြီ။ ယခင်က single၏ ဒေတာများအပေါ် အခြေပြု၍ ဤတရားဝင်အယ်လ်ဘမ်၏ ရောင်းအားများက နောက်ကျကျန်ခဲ့ရန်မှာ လုံးဝ အခွင့်အရေး နည်းပေလိမ့်မည်။
"မှိန်ဖျဖျအလင်းရောင်"၏ အယ်လ်ဘမ် ထုတ်ဝေမှုက ထင်ထားသည်ထက် ပိုနောက်ကျခဲ့ပြီး အယ်လ်ဘမ်အသေး "ကျော့ရှင်းသော" ထွက်ခဲ့သည့်အချိန်နှင့် တစ်နှစ်နီးပါး ရှိသွားခဲ့သည်။ ဖန်များနှင့် ဖော်လိုဝါများက ကြိုတင်မျှော်လင့်ထားကြသဖြင့် ထွက်လာသည်နှင့် ဒေတာများက မိုးထိတိုင် လျှင်မြန်စွာ မြင့်တက်သွားခဲ့လေသည်။
ရှစ်ရော့က မုန့်ယွမ်၏ အမူအယာများကို အကဲဖြတ်နေပြီးနောက် သတိထား၍ မေးလိုက်သည်။
"အစ်ကိုမုန့်... ဘာတွေ စိုးရိမ်နေတာလဲ"
"ငါမနေ့က တစ်ချက်လေးမှ အိပ်မပျော်နိုင်ခဲ့ဘူး"
မုန့်ယွမ်၏ မျက်လုံးများမှာ အိပ်ရေးပျက်မှုကြောင့် သတိပြုမိဖွယ်ကောင်းလောက်အောင်ပင် မှုန်မှိုင်းနေပြီး သူ့ကို ပုံမှန်ထက် ပို၍ စိတ်ဆတ်နေစေကာ ဆဲရေးစကားများပင် ထွက်လာသည်။ သူက အသက်ပြင်းပြင်း ရှုလိုက်ပြီး သူ့ကိုယ်သူ စိတ်ငြိမ်သွားစေရန် ကြိုးစားလိုက်သည်။
"အဲ့ဒီ 'လူပျိုလှည့်တေး'က ဗုံးတစ်ခုလိုပဲ... ဘာလို့ အခုထိ မပေါက်ကွဲသေးတာလဲ... ဒါပေါက်ကွဲသွားပြီးမှ ငါအနားယူနိုင်မှာ"
မုန့်ယွမ် စိတ်ပူနေသောအရာကို နားလည်နေသည့် ရှစ်ရော့က ချက်ချင်း တိတ်ဆိတ်သွားပြီး ဒေတာတုံ့ပြန်ချက်များကိုသာ ငြိမ်ငြိမ်သက်သက် စောင့်ဆိုင်းနေလေတော့သည်။ သူမက မုန့်ယွမ်၏ ကစဥ့်ကလျား စိတ်ခံစားချက်များပါ သူမအပေါ် သက်ရောက်လာမည် စိုးသဖြင့် သူ့ကို စကားတစ်ခွန်းမှ မစရဲတော့ပေ။
သို့သော်ငြား ရှစ်ရော့ထံမှ တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မုန့်ယွမ်ကိုယ်တိုင် စကားဝိုင်းကို အစပြုလာခဲ့သည်။
"မဟုတ်သေးဘူး... ဒါဖြစ်မှာမဟုတ်ဘူး... တစ်ခုခု အကြောင်းပြောကြရအောင်... ဒီမှာ ငြိမ်ငြိမ်လေး ထိုင်ပြီး စောင့်နေရတာက နှိပ်စက်ခံနေရသလိုပဲ"
ရှစ်ရော့က ခေါင်းစဥ်တစ်ခုကို တွေးလိုက်မိသည်။
"အစ်မယွီချင်းက မနေ့က ဆိုရှယ်မီဒီယာတွေမှာ နျန်နျန်ရဲ့ အယ်လ်ဘမ်အသစ်ကို ကြော်ငြာပေးတဲ့အနေနဲ့ ပိုစ့်တင်ပေးခဲ့သေးတယ်မလား... သူက သူ့ရဲ့ နာမည်ကို 'ကမ်းခြေပေါ်က သင်းပျံ့မွှေးတဲ့ ဍရင်ကောက်ပင်တွေ လှပဆန်းကြယ်စွာ စိမ်းစိုနေ' ဆိုတဲ့ စကားက ဆင်းသက်လာတာလို့ ပြောလိုက်သေးတယ်... 'မှိန်ဖျဖျအလင်းရောင်'ကလည်း 'ဒါမှမဟုတ်ရင် မြူခိုးငွေ့တွေ ချက်ချင်းရှင်းသွားတာကြောင့်လား... လမင်းကြီးက မိုင်တစ်ထောင်အကွာမှာ ထွန်းလင်းတောက်ပ... မှိန်ဖျဖျအလင်းရောင်က ရွှေအိုရောင်ခြယ်လို့ နံရံထက်မှာ အရိပ်ထင်လာ' ဆိုတဲ့ စာသားမှာ ပါသေးတယ်လေ... ကွန်မန့်တွေမှာ အစ်မယွီချင်းက သူရဲ့ ကိုယ်ပိုင်နာမည်ကို သုံးပြီး အယ်လ်ဘမ်ကို ပရိုမိုးရှင်း ဆင်းပေးနေတယ်ဆိုပြီး ပြောနေကြတယ်... ဟားဟား"
သူမက ကသိကအောက် ဖြစ်စွာဖြင့် အဆုံးသတ်လိုက်ပြီး မျက်နှာအမူအယာကလည်း ခါးသက်သွားလေသည်။
"အစ်ကိုမုန့်... အစ်ကိုမုန့်ရော ဘာအကြောင်းပြောချင်လဲ"
သေချာပေါက်ပင် ဒေတာများ ဝင်လာသောအခါမှ ရှစ်ရော့ စိတ်အေးလက်အေး ဖြစ်သွားသည်။ သူမက တစ်ချိန်လုံး စောင့်ကြည့်နေခဲ့သည့် မော်နီတာကို လှည့်ကြည့်ကာ ပြောလိုက်သည်။
"ဖိုရမ်တွေရော ဝေ့ပေါ်တွေမှာပါ အတူတူ ပေါက်ကွဲနေကြတာပဲ... #ယွီနျန်ရဲ့အယ်လ်ဘမ်အသစ်# ဆိုတဲ့ hashtagက ဒုတိယနေရာမှာ ရေပန်းစားနေတယ်... ပြီးတော့ #ယွီနျန်ရွှယ်ယုံ#က ပထမနေရာမှာပဲ... အဓိကဖိုရမ်တွေရဲ့ ဟုမ်းပေချ့်အားလုံးမှာ တူညီတဲ့ ခေါင်းစဥ်နဲ့ပဲ ပွထနေကြတာ"
ထိုအခိုက် အွန်လိုင်းဆွေးနွေးမှုများမှာ ပို၍ သိပ်သည်းလာခဲ့သည်။
[#ယွီနျန်ရွှယ်ယုံ# ငါ physical အယ်လ်ဘမ် မရခင်ကတည်းက ဒစ်ဂျစ်တယ်အယ်လ်ဘမ်ကို မှာထားခဲ့တာ... နျန်နျန်ကို ချီးကျုးချင်ပါတယ်... စောင့်နေခဲ့ရတာ တစ်နှစ်နီးပါး ရှိသွားပြီ... သီချင်းအားလုံးက အမေးဇင်းပဲနော်... အထူးသဖြင့် 'မှိန်ဖျဖျအလင်းရောင်'နဲ့ 'လူပျိုလှည့်တေး'ပဲ... 'မှိန်ဖျဖျအလင်းရောင်'မှာ သီဆိုသံက နှေးကွေးပြီး ကျော့ရှင်းတယ်... ငါ့နားတွေတောင် ကိုယ်ဝန်ရတော့မလိုပဲ... 'လူပျိုလှည့်တေး'ရဲ့ သီဆိုသံက အရမ်း ညင်သာပြီး နားထဲစွဲလွယ်တယ်... ဒါပေမယ့် အယ်လ်ဘမ်တစ်ခုလုံးမှာ ပါတဲ့ သီချင်းတိုင်းက စာသားရော၊ ရေးဖွဲ့မှု၊ ဟာမိုနီတွေပါ အကုန်နျန်နျန်ပဲ လုပ်ထားတာ... 'လူပျိုလှည့်တေး'က လွဲလို့ပေါ့... 'လူပျိုလှည့်တေး'ရဲ့ သီချင်းစာသားကို ယွီနျန်က ရေးခဲ့ပေမယ့် ဟာမိုနီနဲ့ သီချင်းဖန်တီးမှုမှာကျတော့ ယွီနျန်နဲ့ ရွှယ်ယုံတဲ့... ပြီးတော့ တွဲဖက်စန္ဒယားသံကို ရွှယ်ယုံ တီးပေးခဲ့တာ... ဒါကြီးက ငါ့ကို ရူးခါသွားစေမတတ်ပဲ]
[#ယွီနျန်ရွှယ်ယုံ# အား.... ဒါလေးက ဘယ်လို နတ်သမီးပုံပြင်အချစ်ဇာတ်လမ်းလေးလဲလို့... မင်းကဆို... ကိုယ်က တွဲဖက်တီးပေးမယ်... ပြီးရင် မယ်လိုဒီတွေ အတူရေးမယ်... အတူတူ ပြန်လည်စီစဥ်မယ်... ကိုယ့်ရဲ့အယ်လ်ဘမ် ကိုယ့်ရဲ့ သီချင်းတွေထဲ မင်းနဲ့ ကိုယ်ပဲ ပါနေမှာ... ယုံယွီမလေး မနာလို ဖြစ်နေပါပြီ... ချဥ်စူးနေတာပဲနော်]
[#ယွီနျန်ရွှယ်ယုံ# ဗဟုသုတလေးပါ... 'လူပျိုလှည့်တေး'ဆိုတာ ချစ်ရတဲ့သူကို ခံစားချက်တွေ ဖွင့်ဟပြတဲ့ သီချင်းအမျိုးအစားတစ်ခုပဲ... မူလအစက 'လူပျိုလှည့်တေး' တစ်ပုဒ်ဆိုတာ လူငယ်လေးတွေက ညအချိန်မှာ သူတို့ရဲ့ ချစ်ရသူလေးတွေရဲ့ အိမ်ပြတင်းပေါက်ဆီ သူတို့ရဲ့ အချစ်တွေကို လှပစွဲငြိဖွယ် ဖော်ပြဖို့ သီဆိုခဲ့ကြတဲ့ သီချင်းအမျိုးအစားလေးပါတဲ့ကွယ်]
[#ယွီနျန်ရွှယ်ယုံ# အားလုံးဘေးဖယ်ကြ... ယွီနျန်နဲ့ ရွှယ်ယုံတို့ ပူးပေါင်းဆောင်ရွက်မှုက တကယ့်ကို ပြီးပြည့်စုံတဲ့ အတွဲအစပ်ပဲနော်... ပြီးပြည့်စုံလုနီးပါး သီချင်းစာသားနဲ့ စီစဥ်မှု... ယွီနျန်ရဲ့ ရှင်းလင်းသိမ်မွေ့တဲ့ အသံလေး... ရွှယ်ယုံရဲ့ ထိပ်တန်းစန္ဒယားအရည်အချင်း... ရင်ဖိုစရာကောင်းချက်ပါပဲ... အခြား ဘယ်တူရိယာကိုမှ မထည့်တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါပဲ... သူတို့ရဲ့ တွဲဖက်ညီမှုက ဘယ်လိုကျူးကျော်မှုမျိုးကိုမှ အခွင်ွအရေး မပေးခဲ့ဘူး]
ထိုအကြောင်းအရာများ ပေါက်ကွဲထွက်လာမှသာ မုန့်ယွမ်တစ်ယောက် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိသည်။ ဖိအားများ ပြေလျော့သွားသဖြင့် ထိုင်ခုံပေါ် ခြေပစ်လက်ပစ် ကျသွားသည်။
"နောက်ဆုံးတော့ ဒီည ကောင်းကောင်းအိပ်လို့ရပြီ"
သူက လက်မြှောက်ကာ နဖူးကို ပွတ်လိုက်ပြီးနောက် ခါးသီးမှုများဖြင့် သက်ပြင်းချလိုက်ပြန်သည်။
"နျန်နျန်ရဲ့ သတိထားနေတဲ့ ချဥ်းကပ်မှုကို ကြည့်ရသလောက် တရားဝင်ကြေညာဖို့လည်း မဝေးတော့ဘူးထင်ပါရဲ့... ကြီးကြီးကျယ်ကျယ် ပြောရရင် ဒီဖေဖေမုန့်က ခြေကုန်လက်ပမ်း ကျရတော့မှာ"
ရှစ်ရော့က အလျင်အမြန် နှစ်သိမ့်ပေးလိုက်သည်။ "လုပ်ရည်ကိုင်ရည်ရှိတဲ့သူတွေက တာဝန်ပိုယူရတာပါပဲ... အားတင်းထား အစ်ကိုမုန့်"
“ငါ အားတင်းမထားနိုင်ရင်တောင် အတင်းအကျပ် အားတင်းထားရတော့မှာပဲ"
မုန့်ယွမ် လက်ချောင်း ထောင်ပြလိုက်သည်။
"ဒီအကြောင်းပြောမှပဲ ရော့ရော့... ဒီအယ်လ်ဘမ်အသစ်အကြောင်း အွန်လိုင်း ကွန်မန့်တွေက ဘယ်လိုလဲ"
မုန့်ယွမ် ထိုအကြောင်း မေးလာသည်ကို ကြားသောအခါ ရှစ်ရော့၏ မျက်လုံးလေးများ ဝင်းလက်သွားသည်။ "အရမ်းကောင်းတယ်..."
၎င်းက လုံလုံလောက်လောက် မတိကျသေးဟု ခံစားရသဖြင့် ရှစ်ရော့ ထပ်ပြောလိုက်သည်။ "အရမ်း စပယ်ရှယ်ပဲ... အလွန်အကျူးကို ကောင်းနေတာ"
မုန့်ယွမ်က သူမ၏ စကားကို ကြားသောအခါ တီးတိုးရယ်လိုက်သည်။
"မိုးထိမြင့်အောင် ချီးကျူးနေတာပဲ"
ရှစ်ရော့က မျက်လုံးများ ပြူးကျယ်သွားသည်။
"အင်း... အဲ့လိုပါပဲ... တမင်သက်သက် မျက်စိဖမ်းစားအောင် ရေးထားတာတွေကလွဲရင် ဂီတသုံးသပ်ချက်တွေက အားလုံးနီးပါး စိတ်အားထက်သန်တဲ့ သုံးသပ်ချက်တွေချည်းပါပဲ... ကျောက်ခယ်ယွမ်လို့ ခေါ်တဲ့ နာမည်ကြီး သီချင်းဝေဖန်ရေးဆရာတစ်ယောက်က ပြောခဲ့သေးတယ်"
သူမက ဖုန်းထဲရှိ အယ်လ်ဘမ်ထဲမှ screenshotတစ်ခုကို မြန်မြန် နှိပ်ကြည့်လိုက်ပြီးနောက် ကျယ်ကျယ်ဖတ်ပြလိုက်သည်။
"'မှိန်ဖျဖျအလင်းရောင်'က ညှို့ယူဖမ်းစားနိုင်တဲ့ အကြောင်းပြချက်ကတော့ ထူးခြားပြောင်မြောက်လွန်းတဲ့ ရေးဖွဲ့မှုကြောင့်တင် မဟုတ်ဘဲ စာသားနဲ့ မယ်လိုဒီအကြား လိုက်ဖက်ညီညွတ်မှုကြောင့်လည်း ဖြစ်ပါတယ်တဲ့... မန်ဒရင်းရဲ့ အသံလေးသံ ကန့်သတ်ချက်အရ စာသားအများစုရဲ့ စည်းဝါးက တွဲဖက်ပါတဲ့ မယ်လိုဒီနဲ့ တိုက်ခတ်မိတတ်တယ် ... ဒါကြောင့်ပဲ ငါတို့တွေ သီချင်းဆိုတဲ့အခါ သီချင်းစာသားတွေက မပြတ်မသား ဖြစ်စေတာမျိုး ဒါမှမဟုတ် နားထောင်တဲ့အခါ ဘာဆိုသွားသလဲဆိုပြီး တွေးမိရင်းနဲ့ ကျန်နေခဲ့ရတာမျိုးကို တွေ့ကြုံရလေ့ရှိပါတယ်... ဒီကိစ္စက အတော်လေး အဖြစ်များတာပါ....
ဒါပေမယ့် ယွီနျန် ဆိုသွားတဲ့ သီချင်းမှာ စကားလုံးတွေနဲ့ မယ်လိုဒီက ပြီးပြည့်စုံစွာ ပေါင်းစပ်သွားပါတယ်... သီဆိုတဲ့အခါ သဘာဝကျလုနီးပါး ပြီးပြည့်စုံသွားတယ်လို့ ခံစားရ ကြားရပါတယ်... ယွီနျန်က စကားလုံးတွေနဲ့ သံစဥ်ပိုင်း နှစ်ခုလုံးမှာ တစ်ဖက်ကမ်းကျွမ်းကျင်တယ်ဆိုတာ တွေ့မြင်ခဲ့ကြရပါတယ်... သူက အထွဋ်အထိပ် မရောက်သေးရင်တောင် ထိပ်ဆုံးနဲ့ မဝေးပါဘူးတဲ့"
ရှစ်ရော့က ကျွမ်းကျင်သူ၏ သုံးသပ်ချက်ကို ဖတ်ပြလိုက်ပြီးနောက် ဂုဏ်ယူမှုများ ပြည့်နှက်သွားသည်။
"နျန်နျန်က တကယ် အံ့သြဖို့ကောင်းတယ်"
“တကယ်ပဲ... ဒီဝေဖန်ချက်က ကျိုးကြောင်းဆီလျော်သလို အသေးစိတ်လည်းကျတယ်... သူ့အနေနဲ့ တစ်ယောက်ယောက်ကို ချီးကျူးတာရှားတယ်"
မုန့်ယွမ် စိတ်အေးသွားနှင့် ငိုက်မြည်းလာလေသည်။ သူ့လက်ကို မြှောက်လိုက်ပြီး စကားလုံးများကလည်း တဖြည်းဖြည်း လုံးထွေးလာခဲ့သည်။
"ရော့ရော့... မျက်စိဒေါက်ထောက်ကြည့်ထားနော်... တစ်ခုခု ဖြစ်ရင် ငါ့ကို
လာနှိုးပေး... နှစ်ရက်အတွင်းမှာ ယွီနျန်က တိုက်ရိုက်ဖျော်ဖြေမှုအတွက် 'ပဲ့တင်သံ ရေဒီယို'မှာ ပါလိမ့်မယ်... ပြီးရင် ပေါက်ကွဲထွက်သွားကြဦးမှာပဲ... အရင်ဆုံး ငါအိပ်ဖို့လိုတယ်..."