အပိုင်း ၁၈၁
Viewers 18k

Chapter 181

စတိတ်စင်တစ်ခုတည်းမှာ



25ရက်နေ့တွင် နာနီကားက 'ပဲ့တင်သံရေဒီယို'၏ ရိုက်ကူးရေးစတူဒီယိုအပြင်ဘက်၌ ရပ်သွားသည်။ 


မုန့်ယွမ်က ရွှယ်ယုံ၏ ဘေးပတ်လည်မှ အရှိန်အဝါးကို လစ်လျူရှုရန် ကြိုးစားလိုက်ပြီးနောက် မတ်မတ်ထိုင်လိုက်သည်။


 "အမ်... ဒီရှိုးက တရုတ်မှာ အတော်လေး အခြေခိုင်တဲ့ အပတ်စဥ် ဂီတတိုက်ရိုက်ထုတ်လွှင့်တဲ့ ရုပ်သံဌာနပဲ"


ယွီနျန် တီးတိုးရယ်မောလိုက်သည်။


 "အစ်ကိုမုန့်... ကျွန်တော် အရင်က 'ပဲ့တင်သံရေဒီယို'ကို နှစ်ခါတောင် လာဖူးပါတယ်"


“သူ့ဆီမှာ ပရိတ်သတ်လည်း များတယ်... ကြည့်ရှုနှုန်းကလည်း အတော်လေး မြင့်တယ်... ပြီးတော့ ကျော်ကြားမှုကလည်း မြင့်သေးတယ်" မုန့်ယွမ် လည်ချောင်းရှင်းလိုက်သည်။


 "ငါ့ကို ဝင်မနှောက်စမ်းနဲ့... ငါအလေးပေးပြောချင်တာက ဒါက တိုက်ရိုက်ထုတ်လွှင့်မှုနော်... နားလည်ရဲ့လား... တိုက်ရိုက်ထုတ်လွှင့်မှုကို နောက်မှ တည်းဖြတ်လို့မရဘူး... ဒါကြောင့်မို့ မင်းနဲ့ ဥက္ကဌရွှယ်... နည်းနည်းလောက် ထိန်းထိန်းသိမ်းသိမ်းနေကြ"


မုန့်ယွမ်၏ စကားကို နားလည်နေသည့် ယွီနျန်၏ အပြုံးများ နက်ရှိုင်းလာသည်။ 


"စိတ်ချပါအစ်ကိုမုန့်... ကျွန်တော်တို့ စင်ပေါ်မှာ ဖက်လည်းမဖက်ဘူး... နမ်းလည်းမနမ်းဘူး... ဟုတ်ပြီလား"


ထိုစကား နှစ်လုံးကို ကြားသောအခါ မုန့်ယွမ်မှာ စက္ကန့်ဝက်အတွင်းမှာပင် စိတ်ထဲ၌ ပုံဖော်လိုက်ပြီးသား ဖြစ်သည်။ သူ့နဖူးသူ ပြန်ရိုက်ကာ အသက်ပြင်းပြင်း ရှူလိုက်သည်။ 


"ကောင်းပြီ ကောင်းပြီ... ထပ်မပြောနဲ့တော့... မင်းထပ်ပြောလေလေ ငါပိုလန့်လာလေလေပဲ ဖြစ်မှာ"


ထိုအခိုက် ကားပြတင်းပေါက်ကို တဒေါက်ဒေါက် ခေါက်သံဖွဖွ ကြားလိုက်ရသည်။ သူတို့ခေါင်းလှည့်ကြည့်လိုက်သောအခါ ချူရှောင်းရန်၏ မျက်နှာဝင်းဝင်းကြီးကို တွေ့လိုက်ရသည်။


ချူရှောင်းရန် ကားထဲသို့ ဝင်လာသည်နှင့် ချက်ချင်းဆိုသလို ကရားရေလွှတ် တတွတ်တွတ် ပြောလေတော့သည်။


 "ငါ support လုပ်ဖို့ ဆိုင်းဘုတ်အကြီးကြီး ယူလာတယ်... ဒါက ပရိတ်သတ်ထဲက ဖန်တွေအားလုံးကို သေချာပေါက် ပိုပြီး တောက်ပစေလိမ့်မယ်" သူက မုန့်ယွမ်ကို တမင်သက်သက် ခေါင်းစဥ်တပ်လိုက်သေးသည်။ 


"မန်နေဂျာမုန့်... ခင်ဗျား စိတ်လှုပ်ရှားနေလား... ဘယ်လို ခံစားရလဲ... ရေတပ်တွေ မားကတ်တင်းအကောင့်တွေရော ပြင်ဆင်ထားပြီးပြီလား"


မုန့်ယွမ်မှာ လုံးဝ ရှုံးနိမ့်သွားရပုံပေါ်သည်။ 


"ဥက္ကဌချူ ခင်ဗျားက ရှင်းယောင်အင်တာတိန်းမန့်ရဲ့ ဘောစ့်ဖြစ်နေသေးရဲ့လား"


ချူရှောင်းရန်က သူ့ပေါင်ကို ရိုက်ကာ အားရပါးရ ရယ်မောလေတော့သည်။ ရယ်သံ တိတ်သွားသည်နှင့် ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။


 "ဒီနေ့ ကျွန်တော်က ယုံယွီကောင်လေးပဲ"


မုန့်ယွမ် ထိန်းမထားနိုင်တော့ဘဲ ရေရွတ်လိုက်သည်။ "ရှင်းယောင်အင်တာတိန်းမန့် ဒေဝါလီမခံရသေးတာ အံ့သြစရာပဲ"


ချူရှောင်းရန်မှာ လုံးဝ မကျေမနပ် ဖြစ်မသွားပေ။ သူက အားရပါးရရယ်မောလိုက်ပြီး ညစ်ကျယ်ကျယ် ပုံစံဖြင့် ပြုံးပြလိုက်သည်။ "ခင်ဗျား ဒီစကားကို ကျွန်တော့်အစ်ကိုရှေ့ ပြောရဲလား"


ပြီးနောက် "ဝှစ်ဝှစ်" ဟူသော အမူအယာ လုပ်လိုက်သည်။ "ကျွန်တော့်အစ်ကို ခင်ဗျားကို ချေမှုန်းပစ်တော့မှာ"


ပြီးသွားသည်နှင့် ရွှယ်ယုံဘက် လှည့်ပြောလိုက်သည်။ "အန်တီလည်း လာခဲ့မှာတဲ့... ငါ သူ့အတွက် support ဆိုင်းဘုတ် လုပ်ပေးသေးတယ်... ဒါပေမယ့် ဒါကြီးယူလာရမှာ သက်တောင့်သက်သာ မရှိလို့ မယူချင်ဘူးတဲ့"


ရွှယ်ယုံ ခေါင်းငြိမ့်ပြလိုက်သည။ "အင်း... သူ ငါ့ကို ပြောတယ်... အလုပ်ပြီးသွားရင် လာခဲ့မယ်တဲ့"


ချူရှောင်းရန် လက်လှမ်းကာ ရွှယ်ယုံ၏ ပုခုံးပေါ်သို့ ပုတ်လိုက်သည်။ မရေတွက်နိုင်သော စကားလုံးများနှင့် စိတ်ခံစားချက်များက နှလုံးသားထဲတွင် လှည့်ပတ်ရင်း လှည့်ပတ်နေခဲ့ပါသော်လည်း အဆုံးတွင် ထိုသို့သာ ပြောနိုင်ခဲ့သည်။


 "ရှောင်ရွှယ်ယုံ... ငါမင်းစန္ဒယားပြန်တီးမှာကို နှစ်တွေအများကြီး စောင့်နေခဲ့ရတာ" 


“ပဲ့တင်သံ ရေဒီယို'က စနေနေ့ ညနေ ငါးနာရီတိတိတွင် စတင် ထုတ်လွှင့်သည်။ အဖွင့်အနေဖြင့် "မှိန်ဖျဖျအလင်းရောင်"၏ သီချင်းဗီဒီယိုက screenထက်တွင် ပေါ်လာပြီးနောက် နောက်ခံသံဖြင့် မိတ်ဆက်ပေးလာသည်။ 


"ဒီသီချင်းက ကျော်ကြားလှတဲ့ ဂီတပညာရှင် ယွီနျန်ရဲ့ နောက်ဆုံးထွက် အယ်လ်ဘမ်ထဲမှ သီချင်းဖြစ်ပြီးတော့ ထွက်ရှိကတည်းက အားပေးမှု အခိုင်အမာ ရရှိထားတာပါ…”


မိတ်ဆက်မှုပြီးနောက် ကင်မရာက ဆိုဖာပေါ်တွင် ထိုင်နေရင်း တင်ဆက်သူ၏ မေးခွန်းများကို ဂရုတစိုက် နားထောင်ပေးနေခဲ့သည့် ယွီနျန် ရှိရာ ရုပ်သံလွှင့် စတူဒီယိုထဲသို့ ပြန်ပြောင်းသွားခဲ့သည်။ 


“ဘာလို့ ဒီသီချင်းကို 'မှိန်ဖျဖျအလင်းရောင်'လို့ ခေါ်လဲ မေးလို့ ရမလား... သူ့မှာ ထူးခြားတဲ့ အဓိပ္ပါယ်တစ်ခု ရှိနေတာများလား"


ယွီနျန်က တစ်ကိုယ်လုံး အဖြူရောင်များ ဆင်ယင်ထားပြီး အတွင်းပိုင်းတွင် အဖြူရောင်ပိုးသားရှပ်အင်္ကျီကို ခေတ်ဟောင်းတရားရုံးစတိုင်ကို အမှတ်ရစေမည့် ကုတ်အင်္ကျီတိုကို ထပ်၍ ဝတ်ဆင်ထားသည်။ ရင်ဘတ်တွင် တံဆိပ်တစ်ခု ပါနေပြီး မညီညာသော ပန်းဖွားများက ပုခုံးကို တန်ဆာဆင်ထားသည်။ ရှည်သွယ်သွယ် ဘောင်းဘီက ခါးကျဥ်းကျဥ်းလေးနှင့် ရှည်လျားဖြောင့်တန်းသည့် ခြေတံများကို ထင်ပေါ်စေပြီး ဒူးအတိ ဘွတ်ဖိနပ်က ကျော့ရှင်းလှပမှုကို ထပ်ဆင့်ဖြည့်တင်းပေးနေသည်။ 


အနည်းငယ် တွေးတောပြီးနောက် ယွီနျန် ပြန်ဖြေလိုက်သည်။ "'မှိန်ဖျဖျအလင်းရောင်'ဆိုတဲ့ စကားလုံးက သီချင်းထဲက 'မှိန်ဖျဖျအလင်းရောင်နဲ့ စက္ကူရနံ့လေး'ဆိုတဲ့ စာသားကနေ ဆင်းသက်လာတာပါ... အဓိပ္ပါယ်က စာရွက်အပိုင်းအစလေး ပေါ်မှာပါ... တကယ်တော့ ချစ်ရတဲ့ လူတစ်ယောက်ရဲ့ လက်ရေး ရှိနေတဲ့ စာရွက်ပိုင်းလေး ရှိမယ်ဆိုရင် စိတ်ပျက်အားငယ်မှုတွေ ကြုံတွေ့နေရရင်တောင် အဲ့ဒီစာရွက်ပိုင်းစလေးက ရောင်ခြည်တွေ လက်ဖြာလာပြီး စိတ်ခွန်အားနဲ့ ဇွဲလုံ့လတွေ ပေးစွမ်းနိုင်ပါတယ် ဆိုတဲ့အကြောင်းပါ"


“နားလည်သွားပြီ... တကယ့်ကို လှပတဲ့အကြောင်းအရာလေးပါပဲ" တင်ဆက်သူက အယ်လ်ဘမ်နှင့် ပတ်သက်သည့် နောက်ထပ် မေးခွန်း အနည်းငယ် မေးမြန်းပြီးနောက် ကင်မရာဘက်သို့ လှည့်ကြည့်လိုက်သည်။ "အခုဆိုရင် ယွီနျန်ကို 'မှိန်ဖျဖျအလင်းရောင်'နဲ့ 'လူပျိုလှည့်တေး' သီချင်းတွေ ဖျော်ဖြေပေးဖို့အတွက် ဖိတ်ခေါ်ကြရအောင်"


ကင်မရာက အလင်းရောင်မှိန်မှိန် စတိတ်စင်တစ်ခုဆီ ရောက်ရှိသွားပြီး သီချင်းသံ ထွက်လာသည်နှင့် စတိတ်စင်၏ အလင်းရောင်များ ပြိုးပျက်ပျက် လက်လာခဲ့သည်။ အဖြူရောင်စွတ်စွတ် အဝတ်အစားများ ဝတ်ထားသည့် ယွီနျန်က အလင်းရောင်များအောက်တွင် ရပ်နေခဲ့သည်။ သူ့အသားအရည်က အဖြူရောင် ကြွေထည်လေးအလား ဖြစ်နေပြီး မွှေးညင်းတစ်ခုချင်းစီကပင် ဝင်းလက်နေပုံပေါ်ပြီး မျက်စိကျိန်းလောက်ဖွယ် ဖြစ်နေကာ လူအများ၏ အာရုံကို ဆွဲခေါ်နိုင်ခဲ့သည်။


တိုက်ရိုက်ကြည့်ရှုသူဦးရေကလည်း ချက်ချင်းပင် ဆတိုးသွားလေပြီး "အား" ဟူသော စကားလုံးများဖြင့် ဖုံးလွှမ်းသွားပြီး screenထက် ချက်ချင်းလွှမ်းမိုးလာခဲ့သည်။ 


"မှိန်ဖျဖျအလင်းရောင်" သီချင်းက ငါးမိနစ်နီးပါး ကြာမြင့်ခဲ့သည်။ ပြီးဆုံးသွားသည်နှင့် screenထက် "လူပျိုလှည့်တေး" သီချင်း၏ အမည်နှင့် အချက်အလက်များ ပေါ်လာခဲ့သည်။ 


[တွဲဖက်စန္ဒယားသံ... ရွှယ်ယုံရေ... ငါမြင်လိုက်တာ ဟုတ်ရဲ့လားလို့... တကယ်ကြီးလား]


[ယုံယွီမလေးရဲ့ နှလုံးသား Game over ဖြစ်သွားပါပြီ... အား...]


မီးရောင်မှိန်မှိန် စတိတ်စင်ပေါ်တွင် တိတ်ဆိတ်မှုများ ကြီးစိုးနေပြီး စန္ဒယားသံ ချိုးဖြတ်လာသည့်အခိုက် ဖျော်ဖြေမှုစတင်လာသည်။ 


စန္ဒယား ခလုတ်ပေါ် ဖိနှိပ်လိုက်သည်နှင့် စတိတ်စင်၏ အလင်းရောင်များထဲမှ တစ်ခုက ပြိုးပြိုးပျက်လာခဲ့သည်။ နူးညံ့လှသော အဖွင့်တီးလုံးသံနှင့်အတူ စတိတ်စင်ပေါ်မှ မီးအလင်းရောင်များအားလုံး တဖြည်းဖြည်း လင်းထိန်လာခဲ့လေသည်။ 


ရွေ့လျားစင်မြင့် တဖြည်းဖြည်း မြင့်တက်လာသောအခါ အနက်ရောင် စတိန်းဝေး စန္ဒယားကြီးက လူတိုင်း၏ အမြင်ရှေ့သို့ ပေါ်ထွက်လာသည်။ စန္ဒယားခုံပေါ် ထိုင်နေသူမှာ ရွှယ်ယုံ ဖြစ်ပြီး လက်ချုပ် အနက်ရောင် အမြီးရှည် ကုတ်အင်္ကျီကို ပြောင်လက်နေသော သားရေရှူးဖိနပ်များနှင့် တွဲ၍ ဝတ်ဆင်ထားပြီး ပြီးပြည့်စုံသည့် ခပ်မတ်မတ် ကိုယ်ဟန်အမူအယာ ရှိနေသည်။ 


စန္ဒယား ခလုတ်များနှင့် မျက်နှာချင်းဆိုင်နေရသည်ကြောင့် ကင်မရာက ဘေးတိုက်မျက်နှာကိုသာ ရိုက်ကူးနိုင်ခဲ့သည်။ သို့သော်လည်း အကြည့်တစ်ချက်မှာပင် ပြောင်မြောက်စွာ ထုဆစ်ထားသော မျက်နှာကောက်ကြောင်း၊ အေးစက်နေသည့် အရှိန်အဝါတို့ကြောင့် လူတိုင်း မိန်းမောသွားရပေလိမ့်မည်။ 


သူနှင့် ယွီနျန်တို့ တူညီသည့် စတိတ်စင်တစ်ခုပေါ်တွင် ပေါ်လာကြသောအခါ ကြည့်ရှုသူများက တိတ်ဆိတ်ငြိမ်သက်သွားကြပြီး တိုက်ရိုက်ထုတ်လွှင့်မှုက လူအုပ်ကြီးကလည်း မိန်းမောသွားကြပုံပေါ်သည်။ 


ယွီနျန် မိုက်ခရိုဖုန်းကို ကိုင်၍ စန္ဒယားဂီတသံနှင့်အတူ ပထမဆုံး စာသားကို သီဆိုလိုက်သည့်အခါမှသာ လူတိုင်း၏ အသိစိတ်များ နိုးကြားသွားကြလေသည်။ 


[ငါဒါကို screenshot ရိုက်မှ ရမယ်... အား... ဒီမြင်ကွင်းက ဘယ်လောက်အဖိုးတန်လိုက်လဲ... ယွီနျန်နဲ့ ဥက္ကဌရွှယ်... ငါဘာလို့ အဲ့ဒီနေရာမှာ လူကိုယ်တိုင်မရှိရတာလဲ... ငါငိုနေပါပြီ]


[ဥက္ကဌရွှယ်ရဲ့ ရုပ်ရည်က မသေမျိုးဆန်လိုက်တာ... အမြီးရှည်ကုတ်နဲ့လည်း ချောမောနေရော... စန္ဒယား တီးနေတဲ့ လက်ချောင်းလေးက ပြိုင်ဘက်ကင်း အနုပညာလေးလား... နှစ်ယောက်အတူတွဲမြင်ရတာ ငါရူးတော့မယ်...အား]


[ဥက္ကဌရွှယ်က စန္ဒယားတီးနေတယ်... သူက အရင်တချိန်က လီတိုရဲ့ ထူးချွန်ကျောင်းသားဖြစ်ခဲ့တာလေ... မျက်ရည်တွေ ကျဆင်းနေပါပြီ]


"လူပျိုလှည့်တေး" ခတ္တ ရပ်နားချိန်သို့ ရောက်သောအခါ စန္ဒယားသံများက သိမ်မွေ့သော နှင်းဆီပန်းရနံ့လေးလိုပင် ပို၍ နူးညံ့သိမ်မွေ့လာပြီး ညနက်လေနှင့် လရောင်တို့အောက်တွင် လွင့်မျောလာကာ ကြည့်ရှူနေသူများကို ဆွဲဆောင်လာခဲ့သည်။ 


ယွီနျန်က မိုက်ခရိုဖုန်းကို ချ၍ လှည့်ထွက်လိုက်ပြီး စတိတ်စင်ပေါ်သို့ တစ်ဆင့်ချင်းတက်လာခဲ့သည်။ မျက်လုံးများနှင့် နှုတ်ခမ်းများက အပြုံးတစ်ခု သယ်ဆောင်ထားပြီး စန္ဒယားကြီးရှိရာသို့ တစ်လှမ်းချင်းလျှောက်ကာ ၎င်းရှေ့တွင် ရပ်လိုက်သည်။ ပုခုံးပေါ်မှ ပန်းဖွားလေးများက လှုပ်ယမ်းနေပြီး တလက်လက်တောက်ပလာသည်။ 


တစ်ချိန်တည်းမှာပင် ရွှယ်ယုံ၏ စန္ဒယားသံက ရပ်မသွားသော်လည်း အကြည့်များကို တိတ်တဆိတ်ပင့်တင်လာပြီး ယွီနျန်ထံ ကြည့်လာသည်။ 


သူတို့၏ အကြည့်များ ဆုံတွေ့သွားခဲ့ပြီး ယွီနျန်၏ မျက်လုံးလေးများက ကြယ်လေးများကဲ့သို့ တလက်လက်တောက်ပနေသလိုဖြစ်နေသည်။ သူ ရွှယ်ယုံကို ပြုံးပြလိုက်သည်။ ရွှယ်ယုံ၏ အကြည့်များကလည်း လှိုင်းကြက်ခွပ်လေးများလို ဖြစ်နေသော်လည်း ယွီနျန်နှင့် သုံးစက္ကန့်မျှ အကြည့်ချင်းဆုံပြီးနောက် မျက်တောင်များကို ပြန်ချလိုက်သည်။


[သေပါပြီ... ငါကောင်းကင်ပေါ် တက်သွားပြီ...]


[တစ်ယောက်ယောက်ကို ချစ်ရတာ ဘာနဲ့တူလဲသိလား... မင်း သူ့ကိုချစ်ရင် မင်းမျက်လုံးထဲမှာ ကြယ်လေးတွေနဲ့ ပြည့်နေမှာပဲ... ရွှတ်ရွှတ်... အား]


[ငါ ငါ ငါ ဘာပြောရမလဲ မသိတော့ဘူး... ကျေးဇူးပြုပြီး အခုပဲ လက်ထပ်လိုက်ကြပါတော့]


[ငါလေ နျန်နျန် တစ်ယောက်ယောက်နဲ့ ချစ်သွားမှာကို ကြောက်လည်း ကြောက်တယ်... မြင်လည်းမမြင်ချင်ဘူး... ဒါပေမယ့် ဒါက... အား... ကျေးဇူးပြုပြီး တွဲလိုက်ကြပါတော့... ဒူးထောက်ပြီး တောင်းပန်ပါတယ်]


ထိုဝေ့ပေါ်ပိုစ့်နှစ်ခုတင်ပြီး သိပ်မကြာခင်မှာပင် ဝေ့ပေါ်ဆာဗာကြီး ရပ်သွားသည်။ ယွီနျန် စိတ်အေးလက်အေး အမူအယာဖြင့် ရှင်းယောင်အင်တာတိန်းမန့်သို့ ရောက်လာသောအခါ မုန့်ယွမ်ထံမှ အလေးပြုခံလိုက်ရသည်။


 "ကောင်းကောင်း လုပ်ခဲ့တယ်... ဝေ့ပေါ်ဆာဗာကျသွားအောင် လုပ်နိုင်ခဲ့တဲ့ ဒီနှစ်ရဲ့ ပထမဆုံးအနုပညာရှင်ဖြစ်လာလို့ ဂုဏ်ပြုပါတယ်"


ယွီနျန် အနည်းငယ် ရှက်ရွံ့သွားသည်။


 "ဆာဗာကျသွားမယ်လို့ မထင်ထားခဲ့ဘူး"


“ပွင့်လင်းစမ်းပါ... ဝေ့ပေါ်တင်မကဘူး ဖိုရမ်တွေထဲက တစ်ခုရောပဲ... ဖန်တွေနဲ့ ဖြတ်သွားဖြတ်လာတွေ ဝေ့ပေါ် ကျသွားတာ တွေ့တော့ သူတို့ရဲ့ ဆွေးနွေးမှုတွေကို နေရာပြောင်းလိုက်ကြတယ်လေ... ဝေ့ပေါ်ပရိုဂရမ်မာတွေတင် ဗျာများနေရုံမကဘူး အဓိကဖိုရမ်တွေရဲ့ ပရိုဂရမ်မာတွေပါ ဗျာများနေကြတာ"


မုန့်ယွမ် ဆက်ပြောလိုက်သည်။ "မင်းက မင်းကိုယ်တိုင်ရဲ့ ကျော်ကြားမှုကိုရော ဥက္ကဌရွှယ်ရဲ့ ကျော်ကြားမှုကိုပါ လျှော့တွက်မိတာပဲ... မဟုတ်ရင် ဒီကိစ္စရဲ့ ပေါက်ကွဲအားကိုရော" သူက ခုံပေါ်တွင် ဘေးချင်းကပ် ချထားသည့် ဖုန်းနှစ်လုံးကို လက်ညှိုးထိုးပြလိုက်သည်။


 "ငါ့က ကြိုတင်နိမိတ်ဖတ်နိုင်တယ်... မင်းဝေ့ပေါ်ကို ပိုစ့်တင်လာတဲ့အချိန် ငါ့ရဲ့ ပထမဆုံး တုံ့ပြန်မှုက ဖုန်းပိတ်ထားဖို့ပဲ... နောက်တော့ ရော့ရော့လည်း သူ့ဖုန်းကို ပိတ်လိုက်တယ်... သူ့ဖုန်းက လွင့်ထွက်တော့မယ့်အတိုင်းပဲကွ"


ယွီနျန်က ထိုင်ခုံတွင် ထိုင်ကာ စိတ်လွတ်နေဟန်ဖြင့် ဘောပင်တစ်ချောင်းကိုင်၍ လက်ထဲတွင် လှည့်နေသည်။ "ရိုးရိုးသားသား ပြောရရင် အစ်ကိုမုန့်.... ကျွန်တော် လာတဲ့လမ်းမှာ အများကြီး တွေးထားခဲ့တာ... အွန်လိုင်းပေါ်က တုံ့ပြန်ချက်တွေကို မကြည့်ရဲဘူး"


မုန့်ယွမ် မျက်ခုံးပင့်လိုက်ပြီးနောက် ကားသော့ဖြင့် ကစားနေခဲ့သည်။ 


"သြော်... ဒါဆိုရင် နျန်နျန်လည်း မတည်ငြိမ်နိုင်တဲ့ အချိန် ရှိသေးတာပဲ.... လွန်ခဲ့တဲ့ နှစ်နှစ် ဇွန်လနှစ်ရက်နေ့ကိုတောင် မှတ်မိနေသေးတယ်... ဒီရုံးခန်းထဲမှာပဲ မင်းငါ့ကို လာတွေ့တာလေ... ငါက မင်းကို သီချင်းဆိုဖို့ပြောတော့ မင်းက နင်းချန်တက္ကသိုလ် ကျောင်းသီချင်းကို ဆိုပြခဲ့တာ... အဓိကအချက်က မင်းက စာသားတွေ မမှတ်မိခဲ့ဘူးလေ... တည်တည်ငြိမ်ငြိမ်နဲ့ အိတ်ထဲက ဖုန်းကိုထုတ် စာသားတွေ ကြည့်ပြီးတော့မှ စဆိုခဲ့တာ... အဲ့ဒီအမူအယာ၊ အဲ့ဒီစိတ်နေစိတ်ထားက ငါ့ထက်တောင် တည်ငြိမ်နေခဲ့သေးတယ်... မျက်စိတစ်မှိတ်အတွင်း ဒီလောက်တောင် ကြာသွားပြီလား" 


မုန့်ယွမ်က ကားသော့ကို ခုံပေါ် ပြန်တင်လိုက်ပြီးနောက် ယွီနျန်ကို နှစ်သိမ့်ပေးလိုက်သည်။


 "မင်း ဝေ့ပေါ်မှာ ပိုစ့်တင်လိုက်တဲ့အချိန်ကစပြီး အခုအထိ ငါ လူတွေရဲ့ ယေဘုယျ လမ်းကြောင်းကို စောင့်ကြည့်နေခဲ့တာ... အရာအားလုံး အဆင်ပြေတယ်... ကွန်ကရစ်နံရံကြီးကို ရိုက်ချိုးပစ်ပြီး ဘယ်တော့မှ ပြန်လှည့်မကြည့်ဘူးလို့ ဆုံးဖြတ်ထားကြတဲ့ မင်းရဲ့ သစ္စာရှိ antifanတွေတောင် ဥက္ကဌရွှယ်ရဲ့ ဝေ့ပေါ်ကြောင့် ရှောခ့်ရသွားပြီး စိတ်ဝေဒနာတွေပါ ခံစားသွားရလောက်တယ်" 


ပြောပြီးနောက် သူ့ကွန်ပြူတာပေါ်

မှ ဝက်ဘ်ပေချ့်တစ်ခုကို ဆွဲထုတ်လိုက်ပြီး ယွီနျန်ထံ လပ်တော့မျက်နှာပြင်ကို ထိုးပေးလိုက်သည်။


 "မင်းရဲ့ ရှားလော့ဟုမ်းဖန်တွေကို လာကြည့်လှည့်"