အပိုင်း ၁၈၃ (Extra 1)
Viewers 18k

Chapter 183 [EXTRAS]

အပိုင်းတစ်:



မုန့်ယွမ် ဖုန်းခေါ်လာသောအခါ ယွီနျန်က စီနျင်းအိမ်တော်၏ ခြံဝင်းထဲတွင် ရပ်ကာ သီချင်းညည်းနေရင်း ကြေးနီပန်းညှပ်ကတ်ကြေးကို သုံး၍ အပင်များ၏ အကိုင်းအခက် အရွက်များကို ဖြတ်နေချိန်ဖြစ်သည်။ သူက ကတ်ကြေးကို ပြန်ချကာ ဖုန်းပြန်ဖြေလိုက်သည်။


 "အစ်ကိုမုန့်" 


“ပညာရှိတွေက ပဟေဠိတွေ မဖွက်တတ်ဘူးကွ... မင်းဘာသာ တွက်ကြည့်လိုက်တော့... မင်းဝေ့ပေါ်မှာ နောက်ဆုံးပိုစ့်တင်တာ ဘယ်လောက်တောင်ကြာနေပြီလဲ"


ထိုစကားကို ကြားသောအခါ ယွီနျန်က အကိုင်းများထက်မှ အရွက်စိမ်းလေးများကို စိုက်ကြည့်ရင်း တွေးတောကြည့်နေပြီးမှ ပြန်ဖြေလိုက်သည်။


 "ကျွန်တော် ဝေ့ပေါ်မှာ နောက်ဆုံး ပိုစ့်တင်ထားတာ လွန်ခဲ့တဲ့ သုံးရက်ကမှလေ"


“ကျွတ်... မင်းကိုယ်မင်း သမာသမတ်ကျသလို လုပ်နေတုန်းပဲလား.... မင်းက ပန်းပုံတွေ တင်ထားတာလေ... ပုံထဲမှာ မင်းပေါ်လာလို့လား... ပြီးတော့ မင်းပြောရဲသေးလား.. မင်းဖန်တွေအားလုံး သူတို့အိုင်ဒေါလ်ရဲ့ရုပ် ဘယ်လိုပုံရှိလဲဆိုတာကို မှတ်တောင်မမှတ်မိတော့ဘူးလို့ အော်နေကြပြီ... "


မုန့်ယွမ်က ဆွေးနွေးညှိနှိုင်းရန် အခွင့်အရေးမပေးပေ။ "မြန်မြန်လုပ်ပြီး ရှင်းဟိုင်မှာ လိုက်ဖ်လွှင့်တော့... မဟုတ်ရင် မင်းဖန်တွေရဲ့ စိတ်ကူးယဥ်မှုတွေ အရိုင်းဆန်ကုန်တော့မယ်... နွီဝါးမယ်တော်တောင် ဒီကွာဟမှုတွေကို မဖြည့်နိုင်တော့ဘူး...သူတို့က မင်း ဒီလောကထဲက ထွက်သွားပြီလို့တောင် ခန့်မှန်းနေကြတာကွ" 


ယွီနျန်က ပြုံး၍ လက်ခံလိုက်သည်။ 


"ဟုတ်ပါပြီ... အစ်ကိုမုန့်... ကျွန်တော့်ကို ကူပြီး သူတို့ကို အသိပေးလို့ရမလား... ကျွန်တော် နာရီဝက်အတွင်း လိုက်ဖ်လွှင့်လိုက်မယ်"


ဆယ်နာရီခွဲအတိအကျအချိန်တွင် ယွီနျန်က တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲသို့ ဝင်လိုက်သောအခါ စနစ်မှ အွန်လိုင်းပေါ်၌ ကြည့်ရှုသူ တစ်သောင်းနီးပါး ရှိနေပြီ ဖြစ်ကြောင်း ပြသလာခဲ့သည်။ 


မွန်းတည့်ပိုင်း နီးလာပြီဖြစ်၍ နွေးထွေးသော နွေရောင်ခြည်များ ကျဆင်းလာလေပြီ။ သူပြုံး၍ နှုတ်ဆက်လိုက်သည်။


 "အားလုံးပဲ... မင်္ဂလာပါ... ဒီရက်တွေထဲ နျင်းမြို့က နေသာနေတော့ ရာသီဥတု အတော်လေး ကောင်းနေတယ်နော်... ကျွန်တော် အခုတလော ခြံဝင်းထဲက အပင်လေးတွေကို ဂရုစိုက်ပေးနေရတယ်" 


ပြောရင်းဖြင့် သူ့လက်ထဲမှ ကတ်ကြေးလေးနှင့် ခြံဝင်းထဲမှ သစ်ပင်ပန်းမန်များအား ပြသရန် ကင်မရာအား ပြောင်းလိုက်သည်။ 


[နျန်နျန့်လက်ကလေးတွေက လှလိုက်တာ... ကတ်ကြေးပုံကို screenshotထားလိုက်ပြီ... ငါသွားဝယ်ပါတော့မယ်]


[နျန်နျန့်ကို မတွေ့ရတာ ကြာနေပြီ... အယ်လ်ဘမ်အသစ်နဲ့ မြန်မြန်ပြန်လာပေးပါနော်... 'မှိန်ဖျဖျအလင်းရောင်' ထွက်ထားတာ တစ်နှစ်တောင်ရှိနေပြီ... ပြောပါဦး... အယ်လ်ဘမ်အသစ်က ဘယ်နေရာမှာလဲ]


[နျန်နျန်က စီနျင်းအိမ်တော်မှာလား... စင်ပေါ်က နှင်းဆီတွေ ကယ်မဲလီယာပန်းတွေက အရမ်းလှတာပဲ... ပျိုနီပန်းတွေကလည်း လှပနေတာပဲနော်... ငါ ငှက်ကလေးတွေ အော်နေတာကိုတောင် ကြားနေရတယ်] 


ယွီနျန်က ကွန်မန့်များကို ဖတ်နေစဥ်မှာပင် ပြုံး၍ ပြန်ဖြေလိုက်သည်။ 


"ဟုတ်တယ်... ဒီနှစ် နှင်းဆီနဲ့ ကယ်မဲလီယာပန်းတွေ အတော်လေး ပွင့်ကြတယ်... ပျိုနီပန်းတွေရောပဲ... မိုးတွေအများကြီး ရွာထားလို့များလားနော်" 


သူ ထပ်ပေါင်း ပြောလိုက်သည်။ 

"အယ်လ်ဘမ်အသစ်က အခုထိ မထွက်သေးပါဘူး... နည်းနည်းလောက် ထပ်စောင့်ပေးလို့ ရမလား"


နူးညံ့သောအသံလေးဖြင့် "နည်းနည်းလောက် ထပ်စောင့်ပေးလို့ ရမလား" ဟု မေးပြီးနောက် screenထက် "ရပါတယ်" ဟူသော စကားလုံးများဖြင့် ချက်ချင်း ပြည့်နှက်သွားခဲ့လေသည်။ 


နေရောင်ခြည်က မျက်တောင်လေးများပေါ် ကျဆင်းနေပြီး အသားအရည်ကလည်း သဘာဝအတိုင်း ဖြူဝင်းနေလေရာ နေရောင်၏ ရောင်ပြန်ဟပ်မှုကြောင့် သူက ပိုကြည့်ကောင်းနေခဲ့သည်။ ဖုန်းကို သစ်ကိုင်းပေါ်တွင် အသေအချာ နေရာချပြီးနောက် ယွီနျန် ရှင်းပြပေးလိုက်သည်။ 


"မကြာသေးခင်က ကျွန်တော် ပြတိုက်ပရောဂျက်နဲ့ အလုပ်များနေခဲ့လို့ အယ်လ်ဘမ် ထုတ်လုပ်ရေးက နည်းနည်း နှောင့်နှေးသွားတယ်... ဒါပေမယ့် ပြတိုက်က ပြီးလုနီးပြီဆိုတော့ မကြာခင် အသုံးပြုဖို့ အသင့်ဖြစ်တော့မှာပါ... ကျွန်တော် အိမ်မှာရှိတဲ့ ပစ္စည်းတွေကို စာရင်းသွင်း အမျိုးအစားခွဲပြီးရင် ဒီအပိုင်းပြီးသွားပါပြီ... အချိန်ပိုရလာတော့မှာပါ" 


ထိုအခိုက် ခြံဝင်းအပြင်ဘက်မှ ထွက်လာသည့် ကားအင်ဂျင်သံသဲ့သဲ့ ကြားလိုက်ရသည်။ ယွီနျန်က စကားပြောရပ်လိုက်ပြီး အိမ်အဝင်ဝရှိရာဘက်သို့ ကြည့်လိုက်သည်။ 


[အားအားအား.... အယ်လ်ဘမ်အသစ် သေချာပေါက်လာမှာလို့ ငါလောင်းရဲတယ်... ဥက္ကဌရွှယ် ပြန်လာတာ ဖြစ်မယ်... နျန်နျန့်မျက်လုံးလေးတွေ ဝင်းလက်သွားတာ... ကြယ်လေးတွေတောင် မြင်နေရတယ်]


[နျန်နျန့်ရဲ့ ရုပ်ရည်က ထင်ထားတာထက် ကျော်လွန်နေတုန်းပဲ... ဘေးတိုက်မျက်နှာလေးရဲ့ ဆန်းကြယ်တဲ့ ပုံစံလေးက ပန်းချီကားထဲကလို လှပနေတာပဲ... သရဖူအသစ်ဆောင်းထားတဲ့ နျန်ကော်လေးက ဒီလိုအလှအပလေးမျိုးကို ဘယ်တောင့်ခံနိုင်ပါ့မလဲ]


[အိုးမိုင်ဂေါ့... ငါတို့ ဥက္ကဌရွှယ်ကို တွေ့လို့ရမလား... အသစ်ဝင်လာတဲ့ ယုံယွီမလေးကတော့ စိတ်လှုပ်ရှားနေပါပြီ... ငါ screenshotရမလား... ဗီဒီယိုမှတ်တမ်းတင်ထားရမလား... အား] 


အိမ်ဂိတ်ပေါက်ဝ ပွင့်သွားပြီး ရွှယ်ယုံက ခြံဝင်းထဲသို့ လျှောက်လာခဲ့သည်။ သူက ယွီနျန် ရောက်နေသော နေရာကို ချက်ချင်း ဖမ်းမိသွားပြီး မသိစိတ်အရ ခြေလှမ်းများ ပိုမြန်လာခဲ့သည်။ သူက လက်ချုပ် အနက်ရောင် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့မျက်နှာထက် မလိုအပ်သော အမူအယာများ ရှင်းလင်းနေကာ အေးစက်စက် အရောင်အဝါများ ထုတ်လွှင့်နေသည်။ နေရောင်ထက်တွင် နီလာလည်စီးညှပ်ကလစ်လေးက တလက်လက်တောက်ပနေသည်။ 


လည်သာရှုးဖိနပ်များက ကျောက်တုံးခင်းလမ်းလေးပေါ် ဖြတ်လျှောက်လာခဲ့သည်။ ရွှယ်ယုံက လက်တစ်ဖက်တည်းဖြင့် လည်စီးကို ဖြေလျှော့လိုက်ပြီး ကိုယ်ကိုကိုင်း၍ ယွီနျန်၏ နှုတ်ခမ်းထောင့်လေးကို သဘာဝကျကျ အနမ်းပေးလိုက်သည်။ သူ့မျက်နှာအမူအယာများက နွေဦးလေပြေလေးကို ဖမ်းမိသွားသည့်အလား အလုံးစုံ နူးညံ့သွားလေသည်။ 


"ကိုယ်ပြန်လာပြီ" 


“အင်း" ယွီနျန် ပြုံးလိုက်ပြီးနောက် သစ်ပင်ကိုင်းကြား၌ ညှပ်ထားသော ဖုန်းကို လက်ဟန်ပြလိုက်သည်။ 


"ကျွန်တော် တိုက်ရိုက်ထုတ်လွှင့်နေတာ"


ရွှယ်ယုံ၏ အသက်ရှူသံ ရပ်သွားလေပြီး နှစ်စက္ကန့်အတွင်းမှာပင် နားရွက်များ နီရဲသွားခဲ့သည်။ သူ့နှုတ်ခမ်းများကို စေ့ကပ်လိုက်လေသည်။ 


"နျန်နျန်..." 

သူ့အသံထဲတွင်လည်း မကျေနပ်ချက်အရိပ်အယောင်လေးများ ရှိနေခဲ့သည်။ 


“ကျွန်တော်တို့ တော်တော်လေး လှမ်းနေတော့ အများကြီး မရိုက်မိလောက်ဘူးထင်လို့ သတိမပေးလိုက်တာ"


 ယွီနျန်က ရှေ့တစ်လှမ်း တိုးလိုက်ပြီးနောက် ရွှယ်ယုံကို ဖက်ကာ ပြုံးပြလိုက်သည်။ 


"ခင်ဗျား ရက်တွေအကြာကြီး စားချင်နေခဲ့တဲ့ ဝက်နံရိုးချိုချဥ် ချက်ထားတယ်... ပြီးတော့ ငါးနှပ်လည်း လုပ်ထားသေးတယ်... ကြက်စွပ်ပြုတ်တစ်အိုးလည်း ပါတယ်... ဦးလေးရှန်းက မနေ့က လတ်လတ်ဆတ်ဆတ် အသီးအရွက်ရိုင်းတွေ ပို့ပေးထားတာ... ဒါကြောင့် မွှေကြော် တစ်ပန်းကန်လုပ်ပြီး နွေဦးရဲ့ အရသာလေးကို ခံစားကြတာပေါ့"


“ကောင်းပြီလေ"

 ရွှယ်ယုံက ယွီနျန် ချက်သမျှ ဟင်းတိုင်းကို အထွန့်မတက်ဘဲ စားတတ်သည်။ သူ သတိရသွားပြီး အိတ်ထဲမှ ဘူးလေးတစ်ခု ထုတ်ကာ ယွီနျန်ထံ ကမ်းပေးလိုက်သည်။


 "လက်ဆောင်သေးသေးလေး"


ယွီနျန် ယူ၍ ဖွင့်ကြည့်လိုက်ရာ အထဲတွင် နီလာလည်စီးညှပ်ကလစ်ကလေး ရှိနေသည်။ ဒီဇိုင်းက ရိုးရှင်းသော်လည်း ထူးခြားသိမ်မွေ့သည်။ အသေးစိတ်ပြုလုပ်ချက်များအကြား "နျန်" ဟူသော စကားလုံးကို ပုံစံဖော်ထားသည့်နှယ် လှပစွာ ထွင်းထုထားလြေသည်။ 


သူ့အကြည့်များက ရွှယ်ယုံ၏ လည်စီးထက်သို့ ရွေ့လျားသွားပြီး နှုတ်ခမ်းလေးများကို တွန့်ကွေးလိုက်သည်။ "ဆင်တူအတွဲလိုက်ပစ္စည်းလား"


“အင်း" 

ရွှယ်ယုံ ခေါင်းငြိမ့်ပြလိုက်သော်လည်း အနည်းငယ် ရှက်ရွံ့နေသဖြင့် စကားလမ်းကြောင်း ပြောင်းလိုက်သည်။


 "ပြီးတော့ နောက်ထပ် ဆင်တူလည်စီးညှပ်ကလစ်တစ်စုံ လုပ်ထားသေးတယ်... ရက်အနည်းငယ်အတွင်း ပို့ပေးလာလိမ့်မယ်"


ယွီနျန်က ရွှယ်ယုံ သူ့အတွက် အဝတ်အစားများ၊ အဆင်တန်ဆာများ ဝယ်ပေးလေ့ရှိသည်ကို ကျင့်သားရနေခဲ့လေပြီ။ ထိုအကြောင်းကြောင့် မုန့်ယွမ်နှင့် စတိုင်လစ်များက သူ့အား မရေတွက်နိုင်အောင် အကြိမ်ပေါင်းများစွာ ကျေးဇူးတင်ကြလေ့ရှိပြီး သူ့တည်ရှိနေမှုကြောင့် ယွီနျန်မှာ ဟူဒီနှင့် ဆွယ်တာများအကြား အဆက်မပြတ် ကူးလူးသွားလာမှုများမရှိတော့ခြင်းဖြစ်ကြောင်း စိတ်ရင်းဖြင့် သိနားလည်နေကြသည်။ 


ထိုအခိုက် ကြည့်ရှူနေသူများမှာ လျင်မြန်သည့် အရှိန်ဖြင့် ကွန်မန့်များ ပေးနေကြသည်။ 


[အား... ဘယ်လောက်ကံကောင်းတဲ့နေ့လဲလို့... နျန်နျန်နဲ့ ဥက္ကဌရွှယ် အတူတူရှိနေတာကို မျက်မြင်တွေ့ရတယ်... ယုံယွီမလေး အော်ငိုနေပါပြီ... ဒီမြင်ကွင်းက လှချက်ပဲနော်]


[ဥက္ကဌရွှယ်က သောက်ရမ်းချောမောနေတာ... မဂ္ဂဇင်းထဲကထက် အပြင်မှာ ပိုကြည့်ကောင်းနေသေးတယ်... ငါဘာလုပ်ရပါ့... တစ်ခုတည်းသော ပြဿနာက ကင်မရာက အရမ်းဝေးနေတာပဲ... ရွှတ်ရွှတ်ရွှတ်... နျန်နျန် တမင်လုပ်တာပဲ ဖြစ်ရမယ်]


[ဥက္ကဌရွှယ် နျန်နျန်အတွက် အိတ်ထဲက ထုတ်ပေးလိုက်တဲ့ ပစ္စည်းက ဘာလဲဆိုတာကို သိချင်နေတာ ငါတစ်ယောက်တည်း မဟုတ်တာ သေချာတယ်... ကြည့်ရတာ သေတ္တာလေးတစ်ခုလား.... အား... အချိုတွေက အရသာရှိချက်... နျန်နျန် ပထမဆုံး ပွဲဦးထွက်တော့ ငါသူ့ကို အန်ဖောလိုးတောင် လုပ်ခဲ့သေးတာ... နောက်တော့ သစ်ရွက်အသစ်ကို ပြန်လှန်ပြီး ယုံယွီမလေး ဖြစ်လာတယ်လေ(ရယ်လျက်)]


ထိုအခိုက် ယွီနျန် ကင်မရာအနား တိုးကပ်လာပြီး အသံကလည်း စိတ်အေးလက်အေး ဖြစ်နေသည်။


 "သူပြန်လာပြီ... လိုက်ဖ်လွှင့်တာကို ရပ်လိုက်ပါတော့မယ်... အယ်လ်ဘမ်အသစ်ကို တတ်နိုင်သမျှ မြန်မြန် ဖြစ်အောင် လုပ်ပေးမယ်လို့ ကတိပေးပါတယ်... နောက်တစ်ခေါက်မှ တွေ့ကြမယ်နော်"


********


အပိုင်းနှစ်:



ဇီဝနာရီကြောင့် နိုးလာသည့် ယွီနျန်က မျက်လုံးများကို ပျင်းတိပျင်းရွဲ မှိတ်ကာ မသိစိတ်အရ အနားသို့ တိုးကပ်လိုက်ရင်း သူ့ခေါင်းကို ရွှယ်ယုံ၏ ရင်ဘတ်ပေါ်သို့ တင်လိုက်ပြီး နှစ်ကြိမ်မျှ ပွတ်သပ်လိုက်သည်။


"နိုးပြီလား နျန်နျန်" ရွှယ်ယုံ၏ မနက်ခင်းအသံက အနည်းငယ် အက်ရှနေပြီး စကားလုံးများနောက်သို့ နူးညံ့ပြီး ဆွဲဆောင်မှုရှိနေသည့် ယောကျ်ားဟော်မုန်းနံ့ပြင်းပြင်းကို သယ်ဆောင်သွားခဲ့သည်။ 


ယွီနျန်က "အင်း" ဟု အသံပြန်ပေးလိုက်ပြီး သူ့အသံကမူ အနည်းငယ် လေးတွဲနေဆဲ ဖြစ်သည်။


 "အခုလေးတင် အိမ်မက်မက်နေတာ... ကျွန်တော်တို့က သဲကန္တာရထဲက ရှေးဟောင်းမြို့တော်တစ်ခုမှာ ရောက်နေတာတဲ့... တကယ်ပူနေတာ" 


သူက မနေ့ညက အိမ်မက်အကြောင်းကို လေးလေးတွဲတွဲ ပြောနေရင်း တဖြည်းဖြည်း စိတ်ကြည်လာပြီးနောက် မေးလိုက်သည်။


 "အခု ဘယ်အချိန်လဲ"


ရွှယ်ယုံက အချိန်စစ်ကြည့်လိုက်သည်။ 


"ခုနစ်နာရီခွဲ" 


စောင်များအောက်တွင် ယွီနျန်၏ ခြေထောက်များက ရွှယ်ယုံ၏ ကိုယ်ပေါ် တင်ထားသည်။ သူ့ကို နှစ်ကြိမ်မျှ ပွတ်သပ်လိုက်ပြီးနောက် ထရပ်ကာ စောင်များကို ခေါက်လိုက်သည်။ သူက မျက်လုံးများကို ပွတ်သပ်လိုက်ပြီးနောက် ပြောလိုက်သည်။ 


"ကျွန်တော့်မမက ဒီနေ့ အယ်လ်ဘမ်အသစ် ထုတ်မှာလေ... ကျွန်တော် သွားရဦးမှာ... သူပြောတာ သတင်းစာရှင်းလင်းပွဲအတွင်း ကြေညာစရာတစ်ခု ရှိတယ်တဲ့... ကျွန်တော် ထပြီး ပြင်ဆင်ရတော့မယ်" 


ယွီနျန်က ပြောနေရင်းဖြင့် အိပ်ရာမှ ထလိုက်သည်။ သူက အညိုရောင်ဖျော့ဖျော့ လက်ယက်သိုးမွှေးအခင်းပေါ်တွင် ခြေဗလာဖြင့် ရပ်လိုက်ပြီး ရေချိူးခန်းဆီသို့ ဦးတည်လိုက်သည်။ နာရီဝက်အကြာ ရေချိုးသန့်စင်ပြီးနောက် ယွီနျန်က ရေချိုးအပြီး စိုစွတ်နေဆဲ ခန္ဓါကိုယ်ဖြင့် ထွက်လာသည်။ သူက အနက်ရောင် ပိုးသားဝတ်စုံကို ရစ်ပတ်ဝတ်ဆင်လိုက်ပြီး ပုခုံးသားနှင့် ရင်ဘတ်နေရာကို ကျယ်ကျယ်လှစ်ဟပြထားကာ ဖြူစွတ်နေသော အသားအရည်က အနက်ရောင် ပိုးသားစနှင့် လိုက်ဖက်ညီစွာ နူးညံ့နေခဲ့လေသည်။ 


ရွှယ်ယုံက ပိုမြန်သည်။ သူက ရေမြန်မြန် ချိုးပြီးသွားပြီး ရေချိုးဝတ်စုံကို လဲလှယ်ကာ အဖြူရောင်ရှပ်နှင့် ဘောင်းဘီကို ပြောင်းလဲဝတ်ဆင်လိုက်သည်။ သူက ယွီနျန် ကမ်းပေးလာသည့် တဘက်ဖြူကို လှမ်းယူ၍ လက်ကို မြှောက်လိုက်ပြီးနောက် တဘက်ကို သုံးကာ ယွီနျန်၏ ဆံပင်များကို ခြောက်သွေ့သွားစေရန် ကူညီ၍ သုတ်ပေးလိုက်သည်။


ဦးရေပြားပေါ်က ခံစားချက်က အတော်လေး ကျေနပ်စရာကောင်းသဖြင့် ယွီနျန်က မျက်လုံးလေးများကို တစ်ဝက်မှေးကျဥ်းလိုက်ပြီး ဆိုဖာပေါ်တွင် ပျင်းတိပျင်းရွဲ ထိုင်နေခဲ့သည်။ သူက သတိလက်လွတ်ဖြင့် နှာသံလေးပါ ထုတ်မိသွားသေးသည်။ သို့သော်ငြား သိပ်မကြာခင် ပူနွေးနေသော အသက်ရှူသံတစ်ခုက ကုပ်ပိုးနှင့် ပုခုံးသားထက် ကျရောက်လာသည်ကို သတိပြုမိလိုက်သည်။ နှုတ်ခမ်းသားထက်မှ နူးညံ့သော ခံစားချက်လေးက ဆူးစူးသလို အထိအတွေ့လေးများ ဖြစ်ပေါ်လာစေပြီး အာရုံကြောလေးများ၏ အဆုံးသတ်တလျှောက်အထိ ရေတံခွန်ကဲ့သို့ စီးဆင်းလာသော အနွေးဓါတ်လေးများကို သယ်ဆောင်လာပေးကာ ချက်ချင်းဆိုသလိုပင် အပူလှိုင်းလေးများအဖြစ် ပြောင်းလဲသွားစေခဲ့သည်။ 


ယွီနျန် တီးတိုးပြောလိုက်သည်။


 "ရွှယ်ယုံ..."


ရွှယ်ယုံက လှုပ်ရှားမှုများကို ရပ်တန့်လိုက်ပြီး ထိုအစား သွားနှင့် လျှာများကို သုံး၍ ခပ်ဖွဖွ စုပ်ယူလိုက်သည်။


တစ်ညလုံး သူ့အရေပြားအောက်တွင် နိူးတစ်ဝက်ဖြစ်ခဲ့ရသော အာရုံကြောများက တစ်ခုပြီးတစ်ခု နိုးထလာကြပုံပါပင်။ ယွီနျန်က အောက်နှုတ်ခမ်းကို ခပ်ဖွဖွ

ကိုက်ကာ ခွန်အားများက အဆက်မပြတ် စီးဆင်းလာနေပြီး အသက်ရှုသံများကလည်း တသိမ့်သိမ့် တုန်လာသော ထိလွယ်ရှလွယ် အာရုံကြောများတလျှောက် ခါယမ်းလာခဲ့လေသည်။