Chapter 149
ကလေးလိုချင်နေတဲ့ ဘုရင်မကြီး
"နတ်ဘုရားသစ်ပင်ရဲ့ ပန်းပွင့်....."
လုချန် မယုံကြည်နိုင်ဟန်ဖြင့် မျက်လုံးတို့ ပြူးကျယ်သွားသည်။
"ယာဉ်မောင်းက... ဖြစ်နိုင်တာ..."
"အင်း..."
မူရွှမ် ခေါင်းငြိမ့်ပြလိုက်သည်။
ယောင်စစ် သူတို့ပြောသည်ကို အူတူတူလေး နားထောင်နေရသည်။
ဘာတွေလဲ... ငါ့ကိုမရှင်းပြချင်ကြဘူးလား... လေပေါ်မျောနေတဲ့ ပွင့်ချပ်တွေက တကယ်ရော အဆင်ပြေရဲ့လား.....
သူမ မစိုးရိမ်နေသည်နှင့် ယှဉ်လျှင် မူရွှမ်က တည်ငြိမ်နေဆဲဖြစ်ပြီး သူမ၏ခေါင်းလေးကို ပွတ်ပေးလိုက်သည်။
"ဒါ ဖိတ်ခေါ်မှုဖြစ်နိုင်တယ်..."
ဖိတ်ခေါ်မှု....
ယောင်စစ် ကြောင်အသွားသည်။ ခဏအကြာတွင် သူတို့၏ ယာဉ်ပျံက အတွင်းဘက်သို့ လိပ်နေသည့် ငွေရောင်သစ်ရွက်များဖြင့် ပြည့်နေသည့် အလယ်ဗဟိုသို့ ဝင်သွားခဲ့သည်။
လျှပ်တစ်ပြက်အတွင်း မြင်ကွင်းပြောင်းလဲသွားသည်။ သူမတို့အားလုံး ထိန်းချုပ်ခန်းအစား အရောင်အမျိုးမျိုးအဖုံဖုံရှိသော ပန်းပင်လယ်ကြီးထဲတွင် နစ်မြုပ်နေကြသည်။မြေပြင်အထိ ထိလုထိခင်ဖြစ်နေသော ဆံနွယ်ရှည်နှင့် နှင်းစက်များကဲ့သို့ ဖြူစင်ဝင်းမွတ်နေသည့် အသားအရေရှိသော အမျိုးသမီးတစ်ယောက်က သူတို့ရှေ့တွင်ရှိနေသည်။ သူမက အလွန်အမင်းလှပနေပြီး ပန်းချီကားထဲမှ ခုန်ထွက်လာသယောင်ပင် ဖြစ်နေသည်။ သူမ၏ နူးညံ့သိမ်မွေ့လှသော အသွင်သဏ္ဍာန်လေးက အရပ်ရှစ်မီတာသာရှည်မနေခဲ့လျှင် အနုပညာပစ္စည်းစုဆောင်းသူတို့အတွက် အဖိုးအနဂ္ဃထိုက်သော ရတနာလေးနှင့်တူနေပေလိမ့်မည်။
ဟုတ်ပေသည် သူမက အဆောက်အဦးရှည်များနှင့် ယှဉ်ပြိုင်နိုင်လောက်သည်အထိ ဧရာမကြီးဖြစ်နေသည်။
ယောင်စစ် ခေါင်းမော့လိုက်ပြီး သေချာကြည့်လိုက်သည်။
"ဒါကတကယ် အာဗီတွေရဲ့ဘုရင်မ ပန်းပွင့်ကြီးလား..."
လုချန် မယုံကြည်နိုင်ဟန် အော်ဟစ်မိလိုက်သည်။
ဘုရင်မတဲ့လား... ဒီဧရာမလူသားကြီးက အမျိုးသမီးတစ်ယောက်ပေါ့လေ...
အစ်မရေ ရှင်အရမ်းအရပ်ရှည်တယ်နော်...
နေစမ်းပါဦး......
ယောင်စစ်တစ်ယောက် မူရွှမ်ပေးထားသော အာဗီမျိုးနွယ်၏ အချက်အလက်များကို သတိရမိလိုက်သည်။ သူတို့က နည်းပညာပိုင်းဆိုင်ရာ ခေတ်ရှေ့ပြေးပြီး ဖွံ့ဖြိုးတိုးတက်လှသော မျိုးနွယ်သောမျိုးနွယ်ဖြစ်သည်။ သူတို့က စကြဝဠာထဲရှိ ခေါင်းဆောင်ပိုင်းမျိုးနွယ်ထဲမှ တစ်ခုဖြစ်ပြီး အလွန်အမင်း ဒီမိုကရေစီနည်းလမ်းကျကျနေကြသည့် မျိုးနွယ်ဖြစ်သည်။
"အာဗီတွေမှာ စစ်သေနာပတိက အမြင့်ဆုံးရာထူးမဟုတ်ဘူးလား...."
ဘယ်တုန်းက သူတို့မှာ ဘုရင်မတစ်ပါးရသွားတာလဲ...
"အာဗီတွေထဲမှာ တစ်ဦးတည်းသော တော်ဝင်မျိုးနွယ်တစ်ယောက်ရှိသေးတယ်... ဒါပေမဲ့ သူက ဘယ်သောအခါမှ လူရှေ့ထွက်လာခဲ့ခြင်းမရှိဘူးရယ်.. အခုတော့ မယုံကြည်နိုင်စရာကောင်းလိုက်တာ.. ငါအရမ်းကံကောင်းတာပဲ... ငါတကယ်ကြီး အာဗီဘုရင်မကိုတွေ့ခွင့်ရခဲ့ပြီ... နတ်ဘုရားမူပြီးရင် စကြဝဠာထဲမှာ နာမည်အကြီးဆုံးက အာဗီဘုရင်မကိုတွေ့ခွင့်ရခဲ့ပြီဆိုတော့... တစ်နေ့နေ့ကြရင်တော့ ငါ နတ်ဘုရားမူကို တွေ့ခွင့်ရတော့မယ်ထင်တယ်..."
"..."
အာ... နင်သူ့ကို တွေ့ပြီးပြီလေဟယ်..
"သတ္တုရိုင်းဂြိုလ်က ယောင်များ...."
ဘုန်းတန်ခိုးအန္တတို့နှင့် ပြည့်စုံကုံလုံလှသော ဘုရင်မကြီးက သူမ၏ မျက်လုံးများကို လှစ်ကနဲဖွင့်လိုက်ပြီးနောက် ကောင်းချီးအဖြာဖြာတို့နှင့်ပြည့်စုံလှသော အသံဖြင့် ပြောလိုက်သည်။ သူမ၏ မိုးပြာရောင်မျက်လုံးများက သူတို့သုံးယောက်လုံးကို သံလိုက်ဓာတ်ကဲ့သို့ ညှို့ငင်သွားသည်။
"မင်းတို့ထဲက ဘယ်သူက သားရဲကို သန္ဓေတည်သွားစေခဲ့တာလဲဆိုတာ ပြောစမ်းပါဦး...."
အမ်...
ဘုရင်မကြီးလည်း ကလေးလိုချင်နေတာလား...
"ကျွန်တော်တို့ရဲ့ ဘော့စ်ပါဗျာ..."
ယောင်စစ် မတုံ့ပြန်နိုင်သေးမီ လုချန်က စေတနာ့ဝန်ထမ်းလုပ်၍ ပြောလိုက်သည်။
"လုချန်...."
ငါတို့ အမှန်တရားကို မပြောပြဖို့ ကတိမပေးထားဘူးလား.... နင့်ရဲဘော်ရဲဘက်ကို ဒီတိုင်း သစ္စာဖောက်လို့ရကြေးလားဟဲ့....
လုချန် ယောင်စစ်၏ မကျေနပ်ချက်များကို ဂရုပင်မစိုက်ပဲ ယောင်စစ်ကို ညွှန်ပြလိုက်သည်။
"သူမပါပဲ လေးစားမြတ်နိုးရတဲ့ ဘုရင်မကြီးခင်ဗျာ...."
နင်ဘာဖြစ်နေတာလဲလို့...
"ကောင်းပြီ..."
ဘုရင်မကြီး ခေါင်းငြိမ့်လိုက်ပြီး ယောင်စစ်ကို လှည့်ကြည့်လိုက်သည်။
သူမအပေါ် အင်အားတစ်ခုသက်ဆင်းလာသည်ကို ခံစားရပြီး သူမကိုယ်တွင်းမှ အစွမ်းတစ်ခု လှိုင်းထလာသည်ကိုလည်း ခံစားလိုက်ရသည်။
ဒါ... အစွမ်းလား...
"သူက သူမရဲ့ညှို့ငင်ခြင်းအစွမ်းနဲ့ ပြုစားခံလိုက်ရတာ...."
မူရွှမ် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ စိတ်ခွန်အားကို ထုတ်လွှတ်လိုက်သည်။ သူ၏ သန်မာလှသော စိတ်ခွန်အားက ယောင်စစ်တစ်ကိုယ်လုံးကို လှိုင်းထသွားစေပြီး အတွင်းဘက်မှနေ၍ ရောင်ခြည်ဖြာထွက်လာသည်။
"ဒါ...."
ဘုရင်မကြီး မျက်မှောင်ကြုတ်လိုက်သည်။
"မင်းကို မလိုအပ်ဘူး...."
သူမ လက်ရမ်းလိုက်ပြီး မူရွှမ်နှင့် လုချန်တို့နှစ်ယောက်လုံးကို တွန့်လိမ်ပုံပျက်သွားစေပြီး ပျောက်ကွယ်သွားစေသည်။
"မူရွှမ်...."
ယောင်စစ် အော်ခေါ်လိုက်သည်။
ဒီမိန်းမ ဘာတွေလုပ်လိုက်တာလဲ...
"စိတ်မပူပါနဲ့... ငါသူတို့ကို ပြန်ပို့လိုက်ရုံပါပဲ..."
ဘုရင်မကြီးက ယောင်စစ်ကို အသေအချာကြည့်၍ ရှင်းပြလိုက်သည်။ သူမအပေါ် ဖိအားကပြန်လည်သက်ရောက်လာပြန်သည်။
"ယောင်မျိုးနွယ်က ကောင်မလေး... ငါမင်းကို အကူအညီတောင်းဖို့ကိစ္စလေးတစ်ခု ရှိနေတယ်..."
အကူအညီ... ရှင်ဘာကိုဆိုလိုတာလဲ...
ဘုရင်မကြီးက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး သူမ၏ ဧရာမခန္ဓာကိုယ်ကြီးနောက်တွင် အတောင်ပံတစ်စုံက ထွက်ပေါ်လာသည်။ ထိုအတောင်ပံများက အရောင်စုံလှပြီး ပုံစံကွက်များစွာရှိနေကာ သူမထက် လေးငါးဆမျှ ပိုကြီးလေသည်။ သူတို့က ကြီးမားလှသည့် နေရာလွတ်ကြီးနှင့် ချိတ်ဆက်ထားပြီး သူမကို အထဲသို့စုပ်ယူသော အင်အားအချို့ရှိနေသည်။
ယောင်စစ် သူမ၏ဦးနှောက်တစ်ခုလုံး တဝီဝီမြည်လာသလို ခံစားလိုက်ရပြီး ရုတ်တရက်ကြီး ဘုရင်မကြီးအလိုတော်အတိုင်း သူမ၏ ဝိဉာဉ်တစ်ခုလုံးကို စွန့်လွှတ်ပေးပစ်ချင်သည့် လှုံ့ဆော်မှုတစ်ခုထဲ နစ်မြုပ်သွားသည်။ ၎င်းက ရုတ်တရကြီးဖြစ်ပေါ်လာသည့် ထူးဆန်းသည့် အတွေးတစ်ခုဖြစ်ပြီး သူမ၏အသိစိတ်တစ်ခုလုံး လေးလံနေသလို ခံစားနေရသည်။
ဘုရင်မ၏ ပဲ့တင်ထပ်နေသော်လည်း ကြည်လင်လှစွာသော အသံက သူမခေါင်းထဲဝင်လာသည်။
"သတ္တုရိုင်းဂြိုလ်က ယောင်မျိုးနွယ်မိန်းကလေး... ကျေးဇူးပြုပြီး မင်းရဲ့ အထူးအစွမ်းကိုငါ့အပေါ်သုံးပြီး ငါ့ကိုသန္ဓေတည်နိုင်စွမ်းပေးလိုက်ပါ..."
ဘာ...
ယောင်စစ် ကြောင်အသွားကာ စိတ်ပြန်ကြည်သွားသည်။
ဖက်ခ်... ထင်တဲ့အတိုင်းပဲ ဘုရင်မကြီးက တကယ်ကလေးလိုချင်နေတာပဲ... ဒါဆို ငါက သားဆုပန်နတ်ဘုရားမလို ထပ်ပြီး အဆက်ဆံခံနေရပြန်တာလား...
ယောင်စစ် စိတ်ထဲတွင် ကြော်ငြာတစ်ခုကို မြင်ယောင်လာမိသည်။
[စွဲမက်ဖွယ်ခန္ဓာနဲ့ မင်းထင်ထားထက်ချမ်းသာပြီး တုနှိုင်းမဲ့အောင်လှတဲ့ အာဗီဘုရင်မကြီးက တော်ဝင်မျိုးဆက်ကို လွယ်နိုင်ဖို့ သန္ဓေတည်အောင်လုပ်ပေးနိုင်တဲ့ အစွမ်းကိုပိုင်ဆိုင်တဲ့လူကို ထိုက်ထိုက်တန်တန်ဆုချီးမြင့်ပေးဖို့ အလိုရှိနေတယ်...]
(=_=)
"မင်းရဲ့ အစွမ်းကို ထုတ်လွှတ်လိုက်ပါ...."
ကြော်ငြာကို ပြီးဆုံးအောင် မထုတ်လွှတ်ရသေးမီ ဘုရင်မကြီးက ရုတ်တရက် သူမ၏အတောင်ပံကို ဖြန့်ကားလိုက်သည်။ ယောင်စစ် သူမ၏ စိတ်လေးလံလာသလိုခံစားလိုက်ရပြီး သူမ၏ ခန္ဓာကိုယ်က အထိန်းချုပ်မဲ့လာသည်။
"ခဏနေပါဦး... ကျွန်မရဲ့အစွမ်းက..."
ပြောင်းပြန်အစွမ်းလို့... ဖက်ခ်.. ငါတွေ့တဲ့လူကို ကိုယ်ဝန်ရှိအောင် လုပ်ပေးလို့ မရဘူးလို့ဟ...
သို့သော် အလွန်နောက်ကျသွားပြီဖြစ်ပြီး ဘုရင်မကြီးကလည်း ထပ်မစောင့်နိုင်တော့ပေ။ သူမ၏ကိုယ်ပိုင် ဆန္ဒကိုဆန့်ကျင်၍ ယောင်စစ် လက်မြှောက်လိုက်ပြီး သူမ၏အစွမ်းအကုန်လုံးကို ဆင့်ခေါ်၍ ဘုရင်မကြီးထံ ပစ်လွှတ်လိုက်သည်။
ခဏနေပါဦးလို့... အဲ့တာ ဘာအစွမ်းလဲ ကျွန်မကိုယ်တိုင်တောင် မသိပါဘူးဆိုနေမှ..
"စစ်စစ်..."
ကျယ်လောင်သောအသံတစ်ခုနှင့်အတူ တစ်စုံတစ်ခု ကျိုးပျက်သွားသည်။ မူရွှမ်က ပန်းပင်လယ်ထဲတွင် ပြန်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ယောင်စစ် သူမကိုယ်သူမ စိတ်လျှော့လိုက်ပြီး မထိန်းချုပ်နိုင်သောအင်အားက ပျောက်ကွယ်သွားရသည်။
သူနောက်ဆုံးတော့ ရောက်လာပြီပဲ...
"မင်းအဆင်ပြေရဲ့လား...."
မူရွှမ် သူမကို ထွေးပွေ့ထားသည်။
ယောင်စစ် ခေါင်းငြိမ့်လိုက်သည်။ သူမကအဆင်ပြေသော်လည်း သူမ၏ အစွမ်းက....
"မင်း ငါ့ရဲ့ပုံရိပ်ယောင်ကို တကယ်ချိုးဖျက်နိုင်တာပဲ..."
ဘုရင်မကြီး မျက်မှောင်ကြုတ်လိုက်ကာ စတင်ဒေါပွလာသည်။
မူရွှမ်၏ မျက်နှာ မဲမှောင်သွားသည်။ သူယောင်စစ်ကို လက်တစ်ဖက်ဖြင့် ဖက်ထားပြီး နောက်တစ်ဖက်ဖြင့် လှုပ်ရှားလိုက်သည်။ မီးတောက်ကြီးတစ်ခုထွက်ပေါ်လာပြီး ပန်းပင်လယ်ကြီးက တုန်ခါပြီး ပျောက်ကွယ်သွားသည်။ ထို့နောက် မြင်ကွင်းက ဗလာဖြစ်နေသော ယာဉ်မောင်းအခန်းထဲပြန်ရောက်သွားသည်။
"ယောင်တစ်ယောက်က ဒီလောက် ကြီးမားတဲ့အစွမ်းကိုပိုင်ဆိုင်တာလား..."
ဘုရင်မကြီး ထိတ်လန့်သွားပြီး တဖြေးဖြေးဒေါသထွက်လာသည်။
"ဒါပေမဲ့... မင်း ပြိုင်ဘက်ရွေးတာမှားသွားပြီ..."
သူမ၏ ကြီးမားလှသည့် အတောင်ပံကြီးကို တဖျပ်ဖျပ်ခတ်လိုက်ပြီး ချမ်းစိမ့်နေသော လေပွေကြီးတစ်ခုကို ဖန်တီးလိုက်သည်။ လေထဲတွင် ရေခဲတို့ စတင်ဖြစ်တည်လာသည်။
"အဲ့ကောင်မလေးကို ငါ...."
သူမ ချက်ချင်းကြီး တောင့်တင်းသွားပြီး သူမ မျက်လုံးထဲတွင် အသက်မဲ့သော အကြည့်တစ်ခုဖြစ်ပေါ်လာသည်။ ထင်ယောင်ထင်မှား ဖြစ်နေသလား မသိသော်လည်း ဘုရင်မကြီး၏ မျက်လုံးများက တုန်ယင်နေပြီး သူမ၏ အေးစက်ကာ အာဏာအပြည့်ဖြစ်နေသော အသံက နူးညံ့ချိုသာသွားလေသည်။
"ငါ... ငါ သူမကို လက်ထပ်ချင်တယ်...."
“…”
အမ်
ယောင်စစ် မတုံ့ပြန်နိုင်သေးမီ သူမ၏ အမြင်အာရုံ မှုန်ဝါးသွားသလို ခံစားလိုက်ရပြီး ဧရမအရွယ် ဘုရင်မကြီးက ပုံမှန်အရပ်အဖြစ် ကြုံဝင်သွားသည်။ သူမက ယောင်စစ်ရှေ့ ရောက်လာပြီး သူမ၏ခေါင်းကို သူမ(ယောင်စစ်)၏ လက်ဖဝါးထဲ ထည့်လိုက်သည်။ ရုတ်တရက် ဘုရင်မကြီးက ဖြေးဖြေးချင်း ရှေ့တိုးလာပြီး ယောင်စစ်ပါးကို စိတ်မပါလက်မပါနမ်းလိုက်သည်။
( ̄口 ̄)!!
ဒါဘယ်လိုအခြေအနေကြီးတုံး... ရှင်က ကလေးလိုချင်နေတာမဟုတ်ဘူးလား... ရှင့်ရဲ့ ရည်မှန်းချက်ကြီးက ဘာလို့ ဒီလောက် ရုတ်တရက်ဆန်ဆန် ပြောင်းသွားရတာလဲ...