အပိုင်း၂၃၄
Viewers 39k

🍵Chapter 234



" ဝင်လာလေ "


ရှောင်ချန်ဖျင်သည် သူမ၏ တံခါးဝတွင် ရှိနေပြီဖြစ်၍ လှည့်ထွက်ကာ မရှောင်သင့်ပေ။ 


ထို့အပြင် ရှောင်မာမားသည် မျက်နှာကို ပါးရိုက်ခံခဲ့ရသူဖြစ်ကာ သူမ  မဟုတ်သဖြင့် ထုံရွယ်လူက စိတ်မဆိုးချေ။


ရှောင်ချန်ဖျင်သည် ထုံရွှယ်လူ၏အိမ်အတွင်းသို့ ၀င်သည်နှင့် ဖန်ကျင်းယွမ်နှင့် ဆုံလေသည်။ 


ဖန်ကျင်းယွမ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ 


" ဒီမှာ ရှင်ဘာလုပ်နေတာလဲ "


ရှောင်ချန်ဖျင်က သူမကို ပြန်ကြည့်ကာ ပြောသည်။


 " ပြီးတော့ မင်းကရော ဒီမှာ ဘာလုပ်နေတာလဲ "


ဖန်ကျင်းယွမ်က ဂုဏ်ယူသည့်အကြည့်ဖြင့် ပြောသည်။ " ကျွန်မက ရွှယ်လူနဲ့ အချစ်ဆုံးသူငယ်ချင်းတွေလေ။ ဒါကြောင့် ကျွန်မက သူမရဲ့ စေ့စပ်ပွဲမှာ ရှိနေရမယ်လေ။ ရှင် ရွှယ်လူကို အနိုင်ကျင့်ပြီး သူမကို တစ်ချိန်လုံး ငိုစေခဲ့ဖူးတာကို ကျွန်မ မှတ်မိတယ်။ ရှင် ဒီမှာ ပေါ်လာဖို့ မျက်နှာ ဘယ်လိုလုပ် ရှိနိုင်ရတာလဲ "


ရှောင်ချန်ဖျင်က " မင်းဘာတွေပြောနေတာလဲ။ မင်းတို့ နှစ်ယောက် အရင်တုန်းက ကြက်ခြံထဲက ကြက်တွေလို ရန်ဖြစ်ခဲ့ကြတာလေ။ မင်းတောင် ဒီမှာပေါ်လာဖို့ ရှက်မနေဘူးဆိုရင် ငါကရော ဘာလို့ရှက်နေရမှာလဲ "


ထုံရွှယ်လူက မျက်လုံးများကို လှန်ကြည့်လိုက်ပြီး " နင်တို့နှစ်ယောက် ရန်ဖြစ်နေကြတာ ရပ်နိုင်ပြီ။ နင်တို့နှစ်ယောက်လုံး ငါ့ကို ငယ်ငယ်တုန်းက အနိုင်ကျင့်ခဲ့တာ ၊ ဟုတ်ပြီလား "


ဖန်ကျင်းယွမ် "……"


ရှောင်ချန်ဖျင် "......"


ဖန်ကျင်းယွမ်က သူမကို လျှို့ဝှက်စွာ ဆွဲ‌ခေါ်လိုက်ချိန်တွင် ထုံရွှယ်လူသည်  မီးဖိုချောင်သို့ ပြန်သွားမည့်ဆဲဆဲဖြစ်သည်။


" ရွှယ်လူ၊ ထုံကျန်းကျန်းက ငါ့ကို နင့်ဆီ စကားပါးပေးစေချင်တယ်။ ငါ နင့်ကို ပြောပြသင့်လားတော့ မသိဘူး "


ထုံရွှယ်လူက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ 

"သူမ ဘာပြောခဲ့တာလဲ "


ဖန်ကျင်းယွမ်က " သူက  နင်တို့နှစ်ယောက် ပျော်ရွှင်စွာနေထိုင်သွားနိုင်ဖို့နဲ့ နင် အမြဲတမ်း ပျော်ရွှင်စွာ နေထိုင်သွားနိုင်ဖို့ ဆုတောင်းတယ်လို့ ပြောခဲ့တာ "


ထုံရွှယ်လူက လေးလေးနက်နက် မျက်မှောင်ကြုတ်လိုက်သည်။ 

" အဲဒီစကားတွေက သူ‌မ ပြောခဲ့တာလား "


ဖန်ကျင်းယွမ်က အကြိမ်ကြိမ် ခေါင်းညိတ်သည်။ 


" ဟုတ်​တယ်​ အလုံးတိုင်းပဲ။ သူမ ဘာတွေးနေတယ်လို့ထင်လဲ။  တကယ် စိတ်ရင်းနဲ့ ပြောတာလား "


' ထုံကျန်းကျန်းက သူမကို စိတ်ရင်းမှန်ဖြင့် ဂုဏ်ပြုတယ်လား။ ဝက်တွေ ပျံသန်းနိုင်တဲ့အချိန်မှပဲ ဖြစ်မယ် '


ထုံရွှယ်လူက "  ဒီကိစ္စ တခြားသူကို မပြောပြခဲ့ဘူးမလား "


ဖန်ကျင်းယွမ်က ခေါင်းခါလိုက်ပြီး " အင်း ငါ ဘယ်သူ့ကိုမှ မပြောပြခဲ့ဘူး။ ငါ  နင့်ကို မပြောဖို့တောင် လုပ်နေတာ။ နင့်ရဲ့ စိတ်အခြေအနေကို ထိခိုက်စေမှာ စိုးရိမ်လို့ "


ထုံရွှယ်လူက မျက်တောင်ခတ်ပြီး နောက် ပြောသည်။


 " အဲဒါကို စိတ်မပူပါနဲ့။ ငါ အဆင်ပြေပါတယ်။ ဒါ​ပေမယ့်​ ဒါကို တခြားသူ​တွေကို မ​ပြောနဲ့​တော့ "


ယနေ့၌ ထုံကျန်းကျန်းသည် ဖိတ်ခေါ်ထားခြင်းမပြုဘဲ ပေါ်လာမည်၊မလာမည်ကို ထုံရွှယ်လူ စိတ်ထဲ၌ တွေးနေမိခဲ့သည်။ သို့သော် ထုံကျန်းကျန်းသည် ဉာဏ်ကောင်းသူမဟုတ်သော်လည်း ယန်ရုံအန်းက တုံးအသူမဟုတ်မှန်း သူမ သိရှိလိုက်သည်။


ထုံကျန်းကျန်းက မတတ်သာဘဲ  တစ်စုံတစ်ယောက်အား စကားပါးစေမည်ကို သူမ မမျှော်လင့်ထားပေ။


သို့သော် သူမ ဆိုလိုသည်က မည်သည့်အဓိပ္ပာယ်ဖြစ်သနည်း။


သူမတို့ ထာဝရ ပျော်ရွှင်စွာ နေထိုင်နိုင်ပြီး သူမ ထာဝရ ပျော်ရွှင်စွာ နေထိုင်နိုင်ပါစေဟု ဆုတောင်းပေးခဲ့သည်။


ထုံရွှယ်လူသည် ထူးထူးခြားခြား ခံစားရမှု တစ်ခုရှိနေသော်လည်း သူမ ထိုအရာကို ရှင်းမပြနိုင်ပေ။


ရယ်မောစကားပြောနေကြသော ဧည့်သည်အားလုံးကို ကြည့်ပြီး သူမသည် ၎င်းခံစားချက်ကို ဘေးဖယ်ထားကာ မီးဖိုချောင်သို့ ပြန်သွားလိုက်သည်။


နောက် နာရီဝက်ခန့်အကြာ၌ ညစာပြင်ဆင်မှု ပြီးဆုံးသွား၏။


ဧည်ခံပွဲအား အိမ်နောက်ဖေး၌ ကျင်းပပြီး ဧည့်သည်များဖြင့် ပြည့်နေသော စားပွဲ သုံးခုရှိသည်။


၀က်ခြေထောက်နှပ်၊ ၀က်အူကြော်၊ဝက်သားနှပ်၊ ကြက်သားနှပ်၊ ပြောင်း၊ မုန်လာဥနီနှင့်ဝက်ရိုးစွပ်ပြုတ် စသည်တို့အပြင် ဟင်းသီးဟင်းရွက် ဟင်းပွဲ သုံးမျိုးမှ လေးမျိုးရှိသည်။


၎င်းတို့အားလုံးကို ထုံရွှယ်လူမှ ဂရုတစိုက်ဖန်တီးထားခြင်းဖြစ်သည်။ လူတိုင်း ထိုင်ခုံ၌ ထိုင်ပြီးသည်နှင့် ဟင်းရနံ့များကို ရနိုင်လေသည်။


ရှောင်းဝေ့ကောင်းက အသက်ပြင်းပြင်းရှူပြီး နောက် ပြောသည်။


 " ဒုတိယအဘိုးက ရွှယ်လူရဲ့ ဟင်းချက်လက်ရာကို အလွန်အမင်းချီးကျူးခဲ့တာ အံ့သြဖို့မ ကောင်းတော့ဘူးဘူး။ ‌မွှေးရနံ့တစ်ခုတည်းနဲ့တင် အံ့သြစရာကောင်းတယ်လို့ ပြောနိုင်တယ် "


ဗိုလ်မှူးရှောင်း ဂုဏ်ယူစွာဖြင့် " ဒါပေါ့။  ငါ လိမ်​​နေတယ်​လို့ မင်းက ထင်​တာလား။ ငါ့မြေးမလေးက တစ်နိုင်ငံလုံးမှာ အကောင်းဆုံး စားဖိုမှူးပဲ "


ထုံရွှယ်လူ၏နှုတ်ခမ်းများ ရှုံ့တွသွားသည်။ ' နည်းနည်း နှိမ့်ချလို့ရပါတယ် အဘိုး။ ဒါက တကယ်ကို မလိုအပ်ဘူး '


အဘိုး၀မ်သည် ဗိုလ်မှူးရှောင်းနှင့် ရန်ဖြစ်ခြင်းကို နှစ်သက်သော်လည်း ယခုတစ်ကြိမ်တွင် ဗိုလ်မှူးရှောင်း၏ စကားကိုကြားပြီးနောက် ခေါင်းညိတ်လိုက်သည်။ 


" လောင်ရှောင်းပြောတာ ဒီအကြိမ် မှန်တယ်။ ငါဖြတ်သန်းခဲ့ရတဲ့ နှစ်တွေတစ်လျှောက်လုံး ရွှယ်လူရဲ့ ချက်ပြုတ်မှုက အကောင်းဆုံးဆိုတာ သေချာတယ် "


အခြားစားပွဲမှာထိုင်နေသည့် ထုံမျန်မျန်သည်လည်း သက်ပြင်းချပြီး ရှောင်ကျိုးကို ပြောလိုက်သည်။ "  အသက်ရှင်နေတာ ၄ နှစ်နီးပါးရှိပါပြီ။ မမကြီးရဲ့ ဟင်းချက်တာ အကောင်းဆုံးပဲလို့ ထင်တယ် "


ရှောင်ကျိုးလည်း အထပ်ထပ်အခါခါ ခေါင်းညိတ်သည်။ " ငါလည်း ၅ နှစ် ကျော်ကျော်လောက်ရှိပြီ။ နင့် မမရဲ့ ဟင်းချက်တာက အကောင်းဆုံးလို့ ငါလည်း ထင်တယ် "


ဖူးးး...

ဟားဟားဟား...


ကလေးများ၏ စကားသံကို ကြားသည့်အခါ လူတိုင်း ရယ်မောလိုက်ကြသည်။


ခြံဝန်းအတွင်းရှိ လေထုသည် အလွန်သာယာနေပေသည်။


ဗိုလ်မှူးရှောင်းက ၀မ်ရူကွေ့ကို ရုတ်တရက် တင်းမာစွာ ကြည့်လိုက်ပြီး " ရူကွေ့   မင်း ရွှယ်လူကို နှိပ်စက်တာမျိုး  ငါခွင့်မပြုဘူးဆိုတာ မင်းစိတ်ထဲ ထည့်ထားတာ ကောင်းမယ် "


၀မ်ရူကွေ့ မည်သည်ကိုမျှ မပြောရသေးခင် အဘိုး၀မ်က ကြားဖြတ်ပြောသည်။ 


 " ဒါကို စိတ်မပူပါနဲ့ လောင်ရှောင်။ အဲဒီလိုဖြစ်လာရင် သူ့ခြေထောက်တွေကို ငါက ပထမဆုံး ချိုးပစ်ရလိမ့်မယ် "


၀မ်ရူကွေ့ ".….." 


ထိုသည်က  ကြောက်စရာကောင်းသည့် အတွေးပင်။


၀မ်ရူကွေ့၏ အသွင်အပြင်ကို မြင်လိုက်ရသောအခါ အားလုံး ရယ်မောကြပြန်သည်။


ပို့ချမှုအပြီးတွင် အခမ်းအနားအား တရားဝင် စတင်သည်။


ထုံကျားရှင်းသည် ဤပွဲအတွက် အစာအိမ်နေရာရှိရန် ရည်ရွယ်ချက်ရှိရှိ နံနက်စာ မစားဘဲနေခဲ့‌သည်။ သို့ဖြစ်ရာ ယခုချိန်တွင် သူသည် ဗိုက်ဆာလွန်းသောကြောင့် မျက်လုံးများပင် ပြူးထွက်‌နေပြီဖြစ်သည်။


နေ့လယ်စာစားလို့ရပြီဟု သူ ကြားလိုက်သည်နှင့် တစ်ပြိုင်နက် သူက ဝက် ခြေထောက်ကြီးတစ်ချောင်းကို ချက်ချင်းယူကာ ကိုက်လိုက်သည် ။


' အရမ်းအရသာရှိတယ် '


သူက ဤသည်ထက် ပို၍ အရသာရှိသည့် ဝက်သားခြေထောက်ကို တစ်ခါမှ မစားဖူးချေ။


ဝက်ခြေထောက်များသည် လှပသောအရောင်အသွေးရှိပြီး အရေခွံက ပျော်၀င်ကာ တစ်ကိုက် ကိုက်ရုံဖြင့် ပါးစပ်အပြည့် အသားအရသာများ ပြည့်နက်သွားသည်။


မွှေကြော်ထားသည့် ဝက်အူများက ထုံ စပ်‌ကာ မွှေးကြိုင်သည်။ ဝက်အူများတွင် မကောင်းသည့် အရသာ လုံးဝမရှိသည့်အပြင် ဝါးလေလေ အရသာပိုကောင်းလေဖြစ်သည်။ ဝက်သားနှပ်သည် ၀င်းလက်ကာ တောက်ပြောင်နေပြီး ပါးစပ်ထဲမှာ အရည်ပျော်နိုင်လောက်သည်အထိ ပြီးပြည့်စုံစွာ ချက်ပြုတ်ထားလေသည်။


ကြက်သားနှပ်၏ အသား အနေအထားမှာ ကောင်းမွန်ပြီး ပြောင်းဖူး၊ မုန်လာဥနီနှင့် အရိုးစွပ်ပြုတ်သည် အရသာရှိလှသည်။ အသီးအရွက်ဟင်းများက ကြွပ်ရွပြီး လူတိုင်း အရသာရှိရှိ စားသုံးနေကြသည်။


ရှောင်းဝေ့ကောင်းနှင့် သူ့အစ်ကိုတို့သည်   သူတို့၏ဒုတိယအဘိုး  အနောက်မြောက်ဘက်မှ မြို့တော်စီးတီးဆီသို့ ပြန်ပြောင်းလိုသည်ကို နောက်ဆုံး ၌ နားလည်သဘောပေါက်သွားသည်။  သူတို့သည်တောင် ဝမ်းကွဲ၏ ဟင်းချက်လက်ရာတစ်ခုတည်းဖြင့် မြို့တော်ဆီသို့ လာလိုကြသည်။


ကျိုးရန် နှင့် ဟွမ်ချီမင်တို့သည်လည်း စားသုံးနေစဉ်တွင် ၀မ်ရူကွေ့ မည်မျှကံကောင်းကြောင်း ညည်းတွားနေကြ၏။


သူတို့၏ ဇနီး (သို့) သတို့သမီးလောင်းများ၏ ချက်ပြုတ်မှုသည် ထုံရွှယ်လူနှင့် မတိုင်းတာနိုင်ပေ။


သူတို့လည်း ဤရှေ့တန်း၌ ‌ရှုံးလေသည်။


ဖူကျန့်ယိသည်လည်း အလွန်ပင်အားကျ‌ နေမိသည်။ သူက ကျောင်းယွင်ရှီအား အကွက်ရွှေ့လိုခဲ့သော်လည်း ယခုအချိန်ထိ မည်သည်ကိုမျှ မလုပ်ရသေးချေ။


သူက ၀မ်ရူကွေ့သည် တစ်သက်လုံး တစ်ကိုယ်တည်းဖြစ်မည်ဟု ထင်ခဲ့ပြီး ၀မ်ရူကွေ့က သူ့ထက်အရင် စေ့စပ်သွားလေသည်။


နောင်နှစ်နှစ်အကြာ ၀မ်ရူကွေ့ လက်ထပ်မည့်အချိန်တွင် သူက ရဲဘော် ကျောင်းယွင်ရှီးနှင့် မည်သည့် အနေအထားတစ်ခု၌ ရှိနေနိုင်လိမ့်မည်နည်း။ 


ဖူကျန့်ယိ ခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်။


အစာစားချိန် တစ်ဝက်လောက်မှာ လူများက စားသောက်ခြင်းကို နှေးကွေးလိုက်ကြပြီး စားသောက်ရင်း စကားစမြည်ပြောကြသည်။


ကျိုးရန်နှင့် ဟွမ်ချီမင်တို့ မတ်တပ်ထရပ်လိုက်သည် ။


ဟွမ်ချီမင်က လူအုပ်ကို ပြုံးပြပြီးနောက် ပြောလာသည်။ 


" ဦးဦး၊ ဒေါ်ဒေါ်တို့နဲ့ ကလေးတို့။ ကျွန်တော်တို့က အခြေစိုက်စခန်းက ရူကွေ့ရဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ ညီအစ်ကိုတွေပါ။ သူရဲ့ စေ့စပ်တဲ့နေ့မှာ ရှိုးတစ်ခု ဖျော်ဖြေချင်ပါတယ် "


ထုံရွှယ်လူ မကောင်းသည့် ခံစားမှုတစ်ခု ရရှိနေသည်။


ဟွမ်ချီမင် စကားပြောပြီးသည့်အခါ ကျိုးရန်ထွက်လာသည်ကို သူမတွေ့လိုက်ရသည်။


သူ၏ လက်တစ်ဖက်တွင် ဆော်နာ့ရှိပြီး အခြားတစ်ဖက်တွင် ဖဲကြိုးတစ်ချောင်း ရှိသည်။ သူ့ပါးစပ်က ပွင့်ဟသွားပြီး ပြောသည်။


 " ဒီနေ့ ကျွန်တော်တို့က အားလုံးအတွက် ဆော်နာ့ နဲ့ ယန်းကော ဖျော်ဖြေပေးပါမယ် "

[ တရုတ်ရိုးရာဂီတတူရိယာနဲ့ ရိုးရာအကပါ ]


ထိုအသံကိုကြားသောအခါ လူအုပ်ကြီးက ဩဘာသံပေးကြလေသည်။


ထုံရွှယ်လူ "……"


၀မ်ရူကွေ့သည် ထုံရွှယ်လူကို မှီလိုက်ပြီး သူမအား တိုးတိုးလေးပြောသည်။ 


" ကိုယ်လည်း ဆော်နာ့ကို သင်ထားပြီးပြီ။ နောက်မှ မင်းကို သီးသန့်တင်ဆက်‌ဖျော်ဖြေမှုလုပ်ပေးမယ် "


သူ ကိုယ်တိုင် သူ၏စေ့စပ်ပွဲလေးမှာ ဖျော်ဖြေချင်ပေမယ့် ဟွမ်ချီမင်နှင့် ကျိုးရန်တို့က သူသည် အရည်အချင်းမပြည့်မီသေးဟု ဆိုခဲ့ကြသည်။


စိတ်ပျက်စရာပင်ဖြစ်သည် ။


ထုံရွှယ်လူ "……" 

' ဒါက မလိုအပ်ပါဘူး '


၀မ်ရူကွေ့ကဲ့သို့ ရုပ်ချောသူတစ်ယောက်ကို ဆော်နာ့အား တီးခတ်သည်ကို  စိတ်ကူးယဉ်ကြည့်ရန် သူမ ခက်ခဲနေသည်။


မဖြစ်ပေ။  နောက်ပိုင်းတွင် ဤထူးထူးဆန်းဆန်း ဝါသနာအကြောင်း သူမ သူနှင့် ပြောဆိုရန် လိုအပ်ပေလိမ့်မည်။


ဟွမ်ချီမင်သည် ဆော်နာ့ကို စတင်တီးခတ်ခဲ့ပြီး ကျိုးရန်က သူ့လက်ထဲရှိ ဖဲကြိုးကို စတင်လိမ်လိုက်သည်။ စကားလုံးများသည် မြင်ကွင်း၏ ဆိုးရွားမှုကို ဖော်ပြနိုင်ခြင်း မရှိပေ။ ထိုနေရာ၌ ဂီတတူရိယာ နှင့် အတူ လေထုသည် ကျိန်းသေ တက်ကြွနေပေသည်။


ကလေးများအားလုံးသည် ကျိုးရန်၏ ကခုန်မှုတွင် ပါဝင်ရန် ပြေးလွှားလာကြပြီး မြင်ကွင်းသည် အလွန်အသက်ဝင်သည်။


ဖျော်ဖြေပွဲပြီးသွားသောအခါတွင် ထုံရွှယ်လူ၏ အသက်အကြီးဆုံးဝမ်းကွဲ ရှောင်းဝေ့ကောင်း နှင့် သူမ၏တတိယဝမ်းဝမ်းကွဲတို့သည် မောက်ထိုင်အရက်ပုလင်းကို တစ်နေရာရာ ဆွဲထုတ်လာပြီး ၀မ်ရူကွေ့ထံသို့ အပြုံးဖြင့် လမ်းလျှောက်သွားသည်။


တတိယဝမ်းကွဲက သူ့လက်ထဲရှိ ခွက်နှစ်ခွက်ကို စားပွဲပေါ်သို့ တင်လိုက်ပြီး ပြုံးရင်း ပြောလာသည်။ 


" ငါတို့ရဲ့ အနာဂတ် ၀မ်းကွဲယောက်ဖလေး၊  အရက်မသောက်ဘဲနဲ့ ဒီလိုပွဲကျင်းပတဲ့နေ့ကို ငါတို့ အပြီးမသတ်နိုင်ဘူးလေ "


ရှောင်းဝေ့ကောင်းက မောက်ထိုင်ကိုဖွင့်ပြီး ခွက်နှစ်လုံးကိုဖြည့်လိုက်သည်။ 


" ဒီမှာ၊ အားလုံးပဲ အရက်ခွက်မြှောက်ပြီး ဆုတောင်းမင်္ဂလာပြုကြရအောင် "


တတိယဝမ်းကွဲက အော်ဟစ်ပြီး " ငါတို့တကယ်မြင်ချင်တာက သတို့သမီးနဲ့ သတို့သားကြား ဝိုင်လဲလှယ်တာကို မြင်ချင်တာ  "


လူအုပ်က ရယ်မောသွားကြသည်။


တစ်ပုလင်းသည် ယနေ့ခေတ်တွင် ၈ ယွမ်ရှိပြီး အရက်အားလုံး၌ ဈေးအကြီးဆုံးဟု သတ်မှတ်ခံရသည်။


ထုံရွှယ်လူသည် ဤခေတ်မှ မောက်ထိုင်ကို မသောက်ကြည့်ရသေးပေ။ သူမ စမ်းကြည့်လို‌‌သော်လည်း သူမ ခွက်ကို မထိခင်မှာ ၀မ်ရူကွေ့က သိမ်းသွား၏။။


၀မ်ရူကွေ့က ခွက်နှစ်ခွက်ကို ကောက်ယူလိုက်ပြီး ဝမ်းကွဲနှစ်ယောက်ကို ပြောလိုက်သည်။ "


 ရွှယ်လူက မိန်းကလေးတစ်ယောက်။ သူမ အရက်သောက်တာ မကောင်းဘူး။ ကျွန်တော် သူမအတွက် သောက်ပေးမယ် "


ရှောင်းဝေ့ကောင်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။


 " အဲဒီလိုလည်း ရတယ် ။ မင်း ခွက်နှစ်ခွက်လုံး သောက်လို့ရတယ် "


တတိယဝမ်းကွဲလည်း ကျေနပ်သွားသည်။ 


"မင်း ရွှယ်လူကို အရမ်းကာကွယ်တာတွေ့ရလို့ ဝမ်းသာပါတယ်။ အခု  မင်းကို ယုံကြည်နိုင်တယ်ဆိုတာ ငါတို့သိသွားပြီ "


၀မ်ရူကွေ့  ဝိုင်ခွက်နှစ်ခွက်ကို ချလိုက်သည်။


ဝမ်းကွဲနှစ်ယောက် ယူလာပေးသော ခွက်များသည် ကြီးမားပြီး ကြွေထည် အမျိုးအစားဖြစ်သည်။ ၎င်းတို့မှာ ပန်းကန်လုံးထက် အနည်းငယ်သာ သေးငယ်သည်။ နှစ်ခွက်အကြာတွင် ဝမ်ရူကွေ့၏ မျက်နှာမှာ ချက်ချင်းနီရဲသွားလေသည်။


သူ့မျက်နှာနီရဲနေသည်ကိုကြည့်ရင်း ထုံရွှယ်လူက စိုးရိမ်တကြီး မေးလိုက်သည်။

 " ရှင် အဆင်ပြေရဲ့လား "


၀မ်ရူကွေ့က သူ့ရှေ့တည့်တည့်ကို စိုက်ကြည့်နေသည်။ သူ၏ နားရွက်များ အလွန်နီရဲသွားပြီး လျှို့ဝှက်စွာ ပြုံးပြသည်။


ထို့နောက် ။


ကျယ်လောင်သည့် ဘန်းဟူသောအသံ ဖြင့် ၀မ်ရူကွေ့  စားပွဲပေါ် ၌ မှောက်ကျသွားခဲ့သည်။


ထုံရွှယ်လူ "……"

လူအုပ်ကြီး "……"


ကျိုးရန် " သူမူးနေပြီလား "


ဟွမ်ချီမင် မေးစေ့ကို ပွတ်လိုက်သည်။


 " ကြည့်ရတာ။ သူက နှစ်ခွက်လောက်နဲ့ မှောက်သွားတာလား။ သူ လုံးဝ အရက်မသောက်နိုင်ဘူး "


နှစ်ယောက်သား ချက်ချင်းပင် စိတ်ခံစားချက် ကောင်းသွားလေသည်။ သူတို့က ၀မ်ရူကွေ့ထက် အရက် ပို၍ ကောင်းကောင်းသောက်နိုင်သည်။


နောက်ဆုံးတော့ သူတို့ နိုင်ပွဲရခဲ့လေပြီပင်။