🍵Chapter 235
ဝမ်းကွဲနှစ်ယောက်က ၀မ်ရူကွေ့အရက် သောက်ခြင်း၌ နိမ့်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ သူတို့က သူ့ကို အိမ်ထဲသို့ အမြန်ကူညီပို့ပေးလိုက်ကြသည်။
ထုံကျားမင်နှင့် ထုံကျားရှင်း၏ အိပ်ရာများမှာ ပစ္စည်းများဖြင့် ပြည့်နေသောကြောင့် ထုံရွှယ်လူက ၎င်းတို့အား ၀မ်ရူကွေ့ကို သူမအခန်းထဲသို့ ခေါ်ဆောင်သွားစေသည်။
တခြားသူများက အစားအစာများ ဆက်လက်စားကြပြီး စားသောက်ပြီးကြသည့်အခါ အားလုံးက သန့်ရှင်းရေးကို ကူညီလုပ်ပေးကြသည်။
တစ်ချို့က ထို့နောက် ပြန်သွားကြပြီး အဘိုး၀မ်နှင့် ဗိုလ်မှူးရှောင်းက ဝေ့အိမ်ဆီသို့ သွားကြသည်။ အခြားရှောင်းမိသားစုဝင်များသည် ထျန်းအန်းမင်ရင်ပြင်နှင့် တားမြစ်မြို့တော်ဆီသို့ သွားကြည့်လိုကြ၏။
ခြံဝင်းမှာ ရုတ်တရက် တိတ်ဆိတ်သွားလေသည်။
ထုံရွှယ်လူက ရေနွေးနွေးတစ်ခွက်ကို အခန်းထဲသို့ ယူလာသည်။
" ရှင် ဘယ်လိုနေသေးလဲ ရူကွေ့ ။ ရှင်ရေသောက်ချင်လား "
၀မ်ရူကွေ့က သူ၏ မျက်လုံးများကို မှိတ်ထားဆဲဖြစ်ပြီး သူ့ပါးပြင်က ပန်းနုရောင်သန်းနေသည်။
ထုံရွှယ်လူက မတ်ခွက်ကို ချလိုက်ပြီး သူ့မျက်နှာအတွက် မျက်နှာသုတ်ပုဝါအစိုတစ်ထည် သွားယူလ်ိုက်သည် ။
မျက်နှာသုတ်ပုဝါစိုက သူ့မျက်နှာကို ထိသွားသည့်နှင် တစ်ပြိုက်နက် ၀မ်ရူကွေ့က နိုးလာ၏။
သူ့မျက်လုံးများသည် မှင်များကဲ့သို့ နက်မှောင်နေပြီး အောက်ခြေမရှိသော ရေကန်တစ်ခုကဲ့သို့ နက်ရှိုင်းနေသည်။
ထုံရွှယ်လူနှင့် သူ့မျက်လုံးများကို ဆုံတွေ့သွားပြီး ခေတ္တ ရပ်တန့်သွားသည်။
" နိုးပြီလား "
သူမစကားပြောပြီးသည်နှင့် သူမလက်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်သလို ခံစားလိုက်ရပြီး သူ့ထံမှ ဆွဲထားမှုတစ်ခုဖြင့် ကမ္ဘာကြီး လည်ပတ်နေသယောင် ခံစားလိုက်ရသည်။
မျက်လုံးပြန်ဖွင့်လိုက်သည့်အခါ သူမသည် အိပ်ယာပေါ်မှာ လဲလျောင်းနေလျက်ရှိလေသည် ။
၀မ်ရူကွေ့က သူမအပေါ်တွင်ရှိနေပြီး မျက်တောင်မခတ်ဘဲ သူမကို ကြည့်နေသည်။ သူ့မျက်လုံးများတွင် တစ်ခုခုကိုရည်ညွှန်းသည့်အကြည့်များရှိနေပြီး ပုံမှန်မဟုတ်သော ခံစားချက်အချို့ သူမ ရရှိနေသည်။
" ရူကွေ့ "
ထုံရွှယ်လူက ၀မ်ရူကွေ့သည် ခါတိုင်းနှင့် အနည်းငယ် ကွဲပြားနေသည်ကို သတိထားမိသည်။ သူမ သူ့ကို ညင်သာစွာ ခေါ်လိုက်သည်။
၀မ်ရူကွေ့က အသံမထွက်ချေ။ သူက ထုံရွှယ်လူ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားဆဲဖြစ်သည်။
ထုံရွှယ်လူက သူ့ရင်ဘတ်ကို တွန်းကန်ရန် အခြားလက်တစ်ဖက်ကို အသုံးပြုသည်။
" မြန်မြန်ထတော့။ တခြားတစ်ယောက်ယောက် ကျွန်မတို့ကို ဒီလိုမြင်သွားရင် မကောင်းဘူး "
ငုံ့ကြည့်လိုက်သည့်အခါ သူမ၏ အခြားလက်တစ်ဖက်ကိုလည်း သူက ဆုပ်ကိုင်ထားပြန်သည်။ ယခုမူ သူမ၏လက်နှစ်ဖက်လုံးက သူမခေါင်းထက်တွင် ရှိလေသည်။
ယခုအချိန်၏ ၀မ်ရူကွေ့သည် ကြီးစိုးလွှမ်းမိုးပြီး စိတ်ပိုင်းဖြတ်ထားပုံရကာ အရာအားလုံးနှင့် ပက်သက်ပြီး ရှက်သွေးဖြာတတ်သည့် ချစ်စရာကြီးနှင့် အလွန်ကွာခြားလေသည်။
အိုး။
သူက အရက်မူးနေချိန်မှာ ကြီးစိုးသည့် CEO တစ်ယောက် ဖြစ်သွားသည်လား။
သို့မဟုတ် သူက cosplay လုပ်ချင်သည်လား။
အင်အားကြီးပြီး ကြီးစိုးသည့် CEOတစ်ယောက်ဖြစ်လိုသည်လား။ သူမ လုံးဝစိတ်မဆိုးချေ။
ထုံရွှယ်လူက မျက်တောင်ခတ်ပြီး ကြောက်ရွံ့တဲ့အကြည့်နှင့် ပြောလိုက်သည်
" သူဌေး ဝမ်၊ ရှင် ကျွန်မကို ဘာလုပ်မလို့လဲ "
၀မ်ရူကွေ့၏ မျက်လုံးများ ကျဉ်းမြောင်းသွားကာ ရုတ်တရက် ငုံ့၍ သူမ၏ နှုတ်ခမ်းများအား နမ်းလိုက်သည်။
" အမ်းးး"
ထိုအရာကို သူမ မမျှော်လင့်ထားပေ။
သူ့အနမ်းသည် သူမ မမြင်ခဲ့ဖူးသော ခွန်အားနှင့် အထိန်းအကွပ်မဲ့များ ကြီးစိုးနေပြီး လွတ်လပ်နေသည်။
ထုံရွှယ်လူမှာ အသက်ရှုရခက်သည့်အထိ နမ်းခံလိုက်ရသည်။ ၀မ်ရူကွေ့ကမူ ကျေနပ်သည့်ပုံမပေါ်ပေ။ သူက သူမ နှုတ်ခမ်းများကို ဖွင့်လိုက်ရင်း အထဲသို့ ၀င်ရောက်လာသည် ။
သူက နယ်မြေကို ကျူးကျော်နေပြီး တစ်ကြိမ်လျှင် တစ်လက်မဖြင့် သူမကို တစ်ကိုယ်လုံး မျိုချချင်နေသလိုပင်။
ထုံရွှယ်လူသည် ဤကဲ့သို့ ကြမ်းတမ်းသော အနမ်းမျိုးကို ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်ပြီး သူမကို ခေါင်းမူးစေသည်။
သူမသည် တစ်ချိန်လုံး ရှက်သွေးဖြာတတ်သော ပုံမှန်၀မ်ရူကွေ့အား စနောက်ရခြင်းကို သဘောကျသည်။
သို့သော် ယခုအချိန်တွင် ကြီးစိုးနေသော ၀မ်ရူကွေ့သည်လည်း သူမ၏ နှလုံးခုန်နှုန်းကို ပိုမြန်စေသည်။
သူမက ၀မ်ရူကွေ့နှစ်မျိုးလုံးကို ကြိုက်နှစ်သက်သည်။
အခန်းက တဖြည်းဖြည်း ပူပြင်းလာနေ၏။
ဗိုလ်မှူးရှောင်းသည် တစ်စုံတစ်ခုကို ယူရန် ဝေ့အိမ်မှ ပြန်လာခဲ့သည်။ ထုံရွှယ်လူ၏ အခန်းတံခါး ပိတ်ထားသည်ကို မြင်လိုက်ရသောအခါတွင် သူက ဆိုးရွားသည့် ခံစားချက်တစ်ခု ရလိုက်သည်။ထို့ ကြောင့် သူခိုးတစ်ယောက်ကဲ့သို့ ခြေဖျားထောက်ကာ ခိုးဝင်သွားပြီး သူကြားသည်မှာ ထုံရွှယ်လူ၏ အသံသာဖြစ်သည်။
" မြန်မြန် လွှတ်ပေးတော့ ရူကွေ့၊ ကျွန်မအသက်ရှုမဝတော့ဘူး......"
ဗိုလ်မှူးရှောင်း၏ မျက်နှာက အစိမ်းရောင်ပြောင်းသွားလေသည် ။
ဗိုလ်မှူးရှောင်း၏ပုံစံက ရက်စက်နေလေသည်။
ဗိုလ်မှူးရှောင်းက သူ့သွားများ ကြိတ်လိုက်သည်။
ဗိုလ်မှူးရှောင်းသည် ခြံထဲသို့ ပြန်ပြေးသွားပြီး တံမြက်စည်းကို ကိုင်ကာ အဓမ္မသမား ၀မ်ရူကွေ့ကို သေအောင်ရိုက်လုတော့မည့်အချိန်တွင် အခန်းတွင်းမှ နောက်ထပ် ဆူညံသံတစ်ခုကို ကြားလိုက်ရသည်။
" မရဘူး၊ မင်းက ကိုယ့်အပေါ်ရောက်နေခဲ့တာကြာပြီ။ အခု ကိုယ့်အလှည့်ပဲ "
နောက် ဆူညံသံအချို့ ထွက်ပေါ်လာသည်။
"………"
ဗိုလ်မှူးရှောင်း၏ မျက်နှာသည် ဖြူတစ်လှည့်နီတစ်လှည့်ဖြစ်နေကာ အရောင်အသွေးစုံလင်လှသည်။
ဗိုလ်မှူးရှောင်က သူ ပြန်မလာခဲ့လျှင် ကောင်းမည်ဟု ဆန္ဒပြုလိုက်သည်။
ထိုသည်က အလွန်ရှက်ဖွယ်ကောင်းပေသည်။
သူက တံမြက်စည်းကို ၎င်း၏နေရာသို့ ပြန်ထားကာ သူ့ပစ္စည်းကိုပင် မယူတော့ဘဲ ဝေ့အိမ်ဆီသို့ တည့်တည့်ပြန်သွားခဲ့သည်။ သို့သော် သူ အိမ်ရှေ့တံခါးဝသို့ရောက်သောအခါ အဘိုး၀မ်နှင့် ဆုံလေသည်။
အဘိုး၀မ်က သူ့မျက်နှာကို အပြန်ပြန်အလှန်လှန် ကြည့်ကာ " ဘာလို့ မင်းမျက်နှာက မျောက်ဖင်လို နီရဲနေတာလဲ။ မင်း ဖျားနေတာတော့ မဟုတ်ဘူးလား "
ဗိုလ်မှူးရှောင်းက သူ့ကို စိုက်ကြည့်လိုက်သည်။ " မင်းကသာ နေမကောင်းတဲ့သူ။ငါက ခြံထဲမှာ လေ့ကျင့်ခန်းလုပ်ခဲ့လို့။ ငါက မင်းထက် အများကြီး သန်မာတယ်။ "
အဘိုး၀မ်သည် အော်ဟစ်လိုက်ပြီး ဗိုလ်မှူးရှောင်းအား ကွေ့ဝိုက်ကာ အထဲ၀င်မည့်အချိန်တွင် ဗိုလ်မှူးရှောင်းက သူ့ကို ပိတ်ဆို့လိုက်သည်။
" မင်းဘာဖြစ်နေတာလဲ အဘိုးကြီး၊ ဖယ်စမ်း ။ ငါ ရူကွေ့ကိုသွားကြည့်မလို့ "
ဗိုလ်မှူးရှောင်းက ဖယ်မပေးချေ။
" ငါ ကြည့်ခဲ့ပြီးပြီ။ သူ အိပ်ပျော်နေတုန်းပဲ။ မင်း အိမ်အရင်ပြန်သွားနှင့်။ အဲ့ကောင်ဆိုးလေးနိုးလာရင် သူ့ဘာသာသူ အိမ်ပြန်လာလိမ့်မယ် "
အဘိုး၀မ်သည် အကာအကွယ်ပေးလေသည်။
" ရူကွေ့က မင်းရဲ့ အနာဂတ်မြေးသမက်။ ဘာလို့ သူ့ကို 'အဲ့ကောင်' လို့ ခေါ်နေတာလဲ "
ဗိုလ်မှူးရှောင်းက စိတ်တိုသွားသည်။ " ငါက သူရဲ့လူကြီး ။ ငါ ကြိုက်သလိုခေါ်လို့ရတယ် "
အဘိုး၀မ်သည် ဒေါသအလွန်ထွက်ကာ သူ၏မုတ်ဆိတ်မွှေးများ လှုပ်သွားလေသည်။ သူက "ငါ့မြေးကို ငါကြိုက်သလို ခေါ်လို့ရတယ်၊ ဒါပေမယ့် တခြားသူတွေကို ခွင့်မပြုဘူး " ဆိုသည့် လူစားမျိုးဖြစ်သည်။ သူက ထပ်ပြီး အော်ဟစ်ပြီး ဗိုလ်မှူးရှောင်းအား နောက်တစ်ကြိမ် ကွေ့ဝိုက်ကာ ၀င်သွားလိုသည်။
ဗိုလ်မှူးရှောင်းက တံခါးကို မလှုပ်မယှက် ပိတ်ဆို့လိုက်သည်။ " ရူကွေ့ သူ့ဘာသာသူ အိမ်ပြန်လာလိမ့်မယ်လို့ မင်းကို ငါပြောခဲ့တယ် မဟုတ်လား။ ဘာလို့ အထဲကို ဝင်ချင်သေးတာလဲ "
အဘိုး၀မ်သည် ဗိုလ်မှူးရှောင်းကို အပေါ်အောက် ကြည့်လိုက်သည်။ " မင်းတစ်ခုခုတော့ ဖြစ်နေတယ် အဘိုးကြီး။ ငါ အထဲကိုဝင်မလား မဝင်ဘူးလား မင်းက ဘာလို့ အရမ်းဂရုစိုက်နေတာလဲ။ ရူကွေ့ကို စစ်ဆေးဖို့ မလိုအပ်ဘူး ဒါပေမယ့် ရွှယ်လူနဲ့ စကားပြောလို့ မရဘူးလား "
ဗိုလ်မှူးရှောင်း၏ မျက်နှာက ပို၍ နီရဲလာသည်။
" မရဘူး "
အဘိုးဝမ်ကတစ်ခုခု ပြန်လည်ပြောဆိုခါနီးတွင် ရုတ်တရက် တစ်ခုခုအား သတိရမိလိုက်သည်။ ရွှယ်လူ သူတို့အိမ်သို့ ပထမဆုံးအလည်လာစဉ်က နားလည်မှုလွဲမှားခြင်းကို ပြန်အမှတ်ရသွားလေသည်။ ဤအဘိုးကြီးသည်လည်း တူညီသည့်ကိစ္စဖြစ်ပွားခဲ့သည်လား။
နားလည်မှုလွဲသည် ဟုတ်ဟုတ်မဟုတ်ဟုတ် လူငယ်နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် အတူတူ အချိန်အများကြီး မဖြုန်းခဲ့ကြဖူးချေ။ သူတို့နှစ်ယောက်ကို မနှောင့်ယှက်မိရန်မှာ အကောင်းဆုံးဖြစ်နိုင်လေသည်။
အဘိုး၀မ်၏ နားရွက်များသည် အနည်းငယ် ပန်းရောင်သန်းသွားကာ သူက ညည်းတွားသည်။
" ကောင်းပြီ။ ငါ အထဲကိုမဝင်တော့ဘူး။ ငါတို့ပြန်သွားပြီဆိုတာ ရွှယ်လူသိပါစေ "
ဗိုလ်မှူးရှောင်းက အံ့ဩသွားသည်။ အဘိုးကြီး၀မ်က ဤကဲ့သို့ လွယ်လွယ်ကူကူ လက်လျော့မည်ဟု မထင်ထားပေ။
သို့သော် ဘာကြောင့် သူ့နားများက နီရဲသွားသနည်း။
ဗိုလ်မှူးရှောင်းက ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားသည်။
' ဖြစ်နိုင်တာက… သူလည်း အရင်တုန်းက မသင့်တော်တဲ့အရာတစ်ခုကို ကြားခဲ့ဖူးတာလား '
ထိုအတွေးသည် ဗိုလ်မှူးရှောင်း၏မျက်နှာကို ပို၍နီရဲသွားစေသည်။
ယခုချိန်၌ တစ်ယောက်ယောက် အနားရောက်လာလျင် ဗိုလ်မှူးဟောင်း နှစ်ယောက်စလုံး၏မျက်နှာများ မျောက်ဖင်များကဲ့သို့ နီရဲနေကြသည်ကို တွေ့မြင်နိုင်ကြပေမည်။
🍵
အခန်းအတွင်းတွင် ထုံရွှယ်လူနှင့် ၀မ်ရူ ကွေ့သည် ၀မ်ရူကွေ့ ပြန်လည်အိပ်ပျော်မသွားမီ နောက်ထပ်သုံးကြိမ်ခန့် လူးလိမ့်နေကြသည်။
ထုံရွှယ်လူက နီရဲနေသော နှုတ်ခမ်းများဖြင့် အခန်းထဲမှထွက်လာပြီး ခြံထဲမှာ မည်သူမျှ မရှိသည်ကိုတွေ့သည့်အခါ စိတ်သက်သာရာရသွားသည်။
သူမက လှည့်၍ ဝေ့အိမ်ဆီသို့ လျှောက်သွားပြီး အဘိုး၀မ်နှင့် ဦးလေးဇုန်းတို့ ပြန်သွားခဲ့သည်ကို မသိချေ။ သူမ၏ စိတ်ထင်ဖြစ်နေသည်ဟုတ်မဟုတ် မသေချာသော်လည်း သူမ၏အဘိုးက သူမအား ကြည့်နေသည့်ပုံမှာ ထူးဆန်းသည်ဟု ခံစားရသည်။ သူက သူမ၏မျက်လုံးကို တိုက်ရိုက် မကြည့်နိုင်ပုံရနေသည်။
သူမ အနည်းငယ် စဉ်းစားကြည့်သော်လည်း မည်သည်များဖြစ်နေသည်ကို နားမလည်နိုင်သည့်အခါ လက်လျော့လိုက်သည်။
နောက်ဆုံးတွင် ဝမ်ရူကွေ့သည် တစ်နာရီအကြာတွင် နိုးထလာသည်။ နိုးလာပြီးနောက် ပထမဆုံး သတိထားမိတာက သူ့နှုတ်ခမ်းများ ရောင်ရမ်းကာ ကွဲပြဲနေခြင်းဖြစ်သည်။ သူ့အဝတ်အစားများက တွန့်ကြေနေပြီး ကြည့်မှန်ကို ကြည့်လိုက်သည့်အခါ လည်ပင်း၌ အနီကွက်များကို တွေ့လိုက်ရသည်။
ထိုအရာများသည် ယခင်က ဟွမ်ချီမင်၏လည်ပင်း၌ ရှိခဲ့သည့်အရာနှင့် အလွန်ဆင်တူသည်။ ထိုစဉ်က သူလည်း ထိုအကြောင်းကို သိချင်နေမိခဲ့သည်။
သူက အရက်နှင့် ဓာတ်မတည့်သည်လား ။ ထို့အရာက ၎င်းကြောင့်ဖြစ်သည်လား။ သို့သော် နှုတ်ခမ်းများ ဖူးယောင်ခြင်းသည်လည်း အရက်နှင့် ဓာတ်မတည့်မှုကြောင့် ဖြစ်သည်လား။
သူ စိတ်ရှုပ်ထွေးနေချိန်၌ ထုံရွှယ်လူက အခန်းထဲသို့ ၀င်လာလေသည်။
ယခု ၀မ်ရူကွေ့၏ ပုံစံက ထုံရွှယ်လူအား ရယ်မောစေသည်။ သူ့ပုံစံမှာ အရက်မူးချိန်တွင် အခွင့်ကောင်းယူခံရသော အားနည်းသည့် ကောင်လေးတစ်ယောက်နှင့် အလွန်တူလေသည်။
၀မ်ရူကွေ့က နားထင်များကို ပွတ်သပ်ပြီး ပြောသည်။
" အရက်မူးပြီး မင်းကို ဒုက္ခရောက်အောင်လုပ်မိလို့ ကိုယ်တောင်းပန်ပါတယ် "
ထုံရွှယ်လူက သူမကိုင်ထားသည့် ခွက်ကို သူ့အား လွှဲပေးလိုက်သည်။ " ရှင် အရက်ကို ကောင်းကောင်း မသောက်နိုင်ဘူးဆိုတာ သိလား "
၀မ်ရူကွေ့က ၎င်းကိုယူကာ တစ်ကျိုက် သောက်လိုက်သည်။ ရေသည် ပြီးပြည့်စုံသော အပူချိန်ဖြစ်သည်။
သူ့မျက်လုံးများက နူးညံနေသည်။
" ကိုယ်သိတယ်။ ကိုယ်အရင်ကသောက်ခဲ့ဖူးတယ် ။ တစ်ခွက်တည်းနဲ့ မှောက်သွားခဲ့တာ "
ထုံရွှယ်လူက သူမမျက်ခုံးများကိုပင့်လိုက်သည်။
" ရှင် တစ်ခွက်သောက်ပြီး မှောက်ခဲ့တာကို ကျွန်မဖို့ သောက်ပေးရဲသေးတာလား။ ရှင်အရက်မူးသွားပြီး ကျွန်မကို ဘာလုပ်ခဲ့လဲဆိုတာ သိလား "
၀မ်ရူကွေ့၏ နှလုံးသား ပြုတ်ကျသွားပြီး ထုံရွှယ်လူ၏ နှုတ်ခမ်းများကို ကြည့်လိုက်သည်။ သူတို့လည်း ရောင်ရမ်းနေတာကို သူက သတိထားမိလိုက်သည်။
" ကိုယ်… ကိုယ်အရက်မူးတုန်းက လူရမ်းကားတစ်ယောက်လို မဖြစ်ခဲ့ဘူးမလား၊ ဟုတ်တယ်မလား "
ထုံရွှယ်လူက လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ " ပြီးတော့ အဲဒါက အဆုံးသတ်မဟုတ်ဘူး။ ရှင်က အရက်မူးတဲ့အခါ အရမ်းအထိန်းအကွပ်မဲ့သွားပြီး ကျွန်မကို ရှင့်အောက်မှာ ဖိထားခဲ့တယ်...."
ဘုန်း။
သူ့ခေါင်းနောက်ဘက်မှာ မိုးခြိမ်းပစ်သံကဲ့သို့ အသံကို ၀မ်ရူကွေ့ ကြားလိုက်ရသည်။
၀မ်ရူကွေ့ ချက်ချင်း ဖြူဖျော့သွား လေသည် ။
" ကိုယ်...ကိုယ် တောင်းပန်ပါတယ်။ အရက်မူးရင် ကိုယ်က လူယုတ်မာတစ်ယောက် ဖြစ်သွားမယ်ဆိုတာ ကိုယ်မသိခဲ့ဘူး။ ကိုယ်……"
ထုံရွှယ်လူက စိတ်ပျက်သည့်မျက်နှာထားဖြင့် ပြောလိုက်သည်။
" ဒီတစ်ခါတော့ ရှိပါစေတော့။ ကံကောင်းစွာနဲ့ ကျွန်မတို့က စေ့စပ်ပြီးသားဖြစ်သွားပြီမို့။ ဒါပေမယ့် အိမ်အပြင်မှာ မသောက်တာ ပိုကောင်းတယ်။ ရှင် အရက်မူးပြီး တခြားအမျိုးသမီးရဲဘော်များရှိတဲ့အချိန် လူယုတ်မာအဖြစ်ပြောင်းလဲသွားရင် အဲဒါက ရှင့်ဘ၀ကို ပျက်စီးစေနိုင်တယ် "
၀မ်ရူကွေ့က စိတ်အားထက်သန်စွာ ခေါင်းညိတ်သည်။
" စိတ်မပူပါနဲ့။ အိမ်အပြင်မှာ ဘယ်တော့မှ မသောက်ဘူး "
ဒုံးကျည်ကို အောင်မြင်စွာ ပစ်လွှတ်သောအခါ သို့မဟုတ် ၎င်းတို့၏ အခြားစမ်းသပ်မှု အောင်မြင်မှုကို ဂုဏ်ပြုသည့် အခါတွင် အရက်က ပါဝင်မှု အမြဲရှိခဲ့သည်။ သို့သော် သူက တစ်စက်မျှ မသောက်ဖူးခဲ့ချေ။
ထုံရွှယ်လူက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ " ကောင်းပြီ။ ရှင် အထိန်းအကွပ်မဲ့ခဲ့တာကို ဒီတစ်ခါ ခွင့်လွှတ်ပေးလိုက်မယ်။ အဘိုးဝမ်အတွက် အဆာပြေမုန့်တွေ လုပ်ထားတယ်။ ရှင် ပြန်တဲ့အခါ ယူသွားဖို့ မမေ့နဲ့ "
၀မ်ရူကကွေ့၏ နားရွက်များသည် နီရဲနေသည်။
" တောင်းပန်ပါတယ်။ ကိုယ်ဘယ်တော့မှ မသောက်တော့ဘူး "
' ထပ်မသောက်တော့ဘူးလား '
' ဒါဆို လွှမ်းမိုးချုပ်ကိုင်ထားသော CEO ဝမ်နှင့် သူမ မည်သို့ ထပ်မံတွေ့ဆုံနိုင်မှာလဲ '
' သူမ ထိုကဲ့သို့ ဖြစ်ခွင့်မပြုနိုင်ပေ '
ထုံရွှယ်လူက သူမ၏လည်ချောင်းကို ရှင်းလိုက်ပြီး ပြောသည်။
" အဲဒါနဲ့ပက်သက်ပြီး စိတ်ညစ်မနေပါနဲ့ ။ ယောင်္ကျားလေးတစ်ယောက် တခါတရံ အထိန်းအကွပ်မဲ့သွားတာလည်း ကောင်းပါတယ် "
၀မ်ရူကွေ့ " ....."
သူမ မည်သည်ကို ဆိုလိုသနည်း။
သူမက သူ့ကို အထိန်းအကွပ်မဲ့စေလိုသည်လား။
၀မ်ရူကွေ့ အခန်းထဲမှ စိတ်ရှုပ်ထွေးသည့်ပုံစံဖြင့် ထွက်လာပြီးနောက် ဗိုလ်မှူးရှောင်းနှင့် တွေ့လေသည်။ ဗိုလ်မှူးရှောင်ူက အလွန်ချွန်ထက်သည့် ဓားနှစ်လက်အလားဖြစ်နေသည့် မျက်လုံးများနှင့် သူ့အား စိုက်ကြည့်နေသည်။
အကယ်၍ လူတစ်ဦးသည် မျက်စိအကြည့်ဖြင့် လူသတ်နိုင်လျှင် ဝမ်ရူကွေ့မှာ ယခုအချိန်တွင် အကြိမ်ပေါင်း သန်းနှင့်ချီ၍ သေဆုံးရပေလိမ့်မည်။
နောက်တစ်နေ့တွင် အခြားရှောင်း မိသားစုဝင်များက မျက်မြင်သက်သေခံပြီး ထုံကျားမင်နှင့် ထုံမျန်မျန်တို့ ၎င်းတို့၏ မျိုးရိုးအမည်ကို ပြောင်းလဲလိုက်သည်။ သူတို့သည် ရှေ့လျှောက် ရှောင်းကျားမင်နှင့် ရှောင်းမျန်မျန်ဟူ၍ အသုံးပြုကြမည်ဖြစ်သည်။
မွေးချင်းလေးယောက်၏ အိမ်ထောင်စုစာရင်းအားလုံးကို ဗိုလ်မှူးရှောင်း၏ အောက်သို့ ပြောင်းရွှေ့သည်။ ဤအချိန်မှစ၍ သူတို့သည် မည်သူမဆို အနိုင်ကျင့်၍ရနိုင်သည့် မိဘမဲ့များ မဟုတ်တော့ချေ။
ထုံရွှယ်လူက သူမ၏နာမည်ကို ပြောင်းစရာမလိုသည့်အတွက် ဝမ်းသာလေသည်။ ၎င်းနာမည်သည် သူမ ဝိညာဉ်ကူးပြောင်းခြင်းမပြုမီကတည်းက သူမ၏ အမည်ဖြစ်ရာ ၎င်းကို သူမက မပြောင်းလဲလိုပေ။