🍵Chapter 236
ရှောင်းမိသားစုဝင်များသည် ထိုနေ့မွန်းလွဲပိုင်းတွင် မြို့တော်မှ ထွက်ခွာကြသည်။
ဗိုလ်မှူးရှောင်းသည် ရှောင်မိသားစုဝင်များ ထွက်ခွာသွားပြီးနောက် နေအိမ်များကို ကြည့်ရှုရန် မောင်နှမလေးယောက်အား သူနှင့်အတူ ခေါ်ဆောင်သွားလေသည်။
မတူညီသည့် ခြံဝင်းအိမ်နှစ်ခုကို သွားကြည့်ကြသော်လည်း နှစ်ခုလုံးက သူတို့၏ လိုအပ်ချက်နှင့် မကိုက်ညီပေ။
တစ်အိမ်က အလွန်ဟောင်းနွမ်းကာ ပျက်စီးနေပြီး ပြန်လည်ပြင်ဆင်ရန် ငွေများစွာ ကုန်ကျမည်ဖြစ်သည်။ ဒုတိယအိမ်က အရွယ်အစား ကြီးမားပြီး အတွင်းပိုင်းမှာ ကောင်းမွန်စွာ ထိန်းသိမ်းထားသည်။ သို့သော်လည်း ထိုနေရာတွင် နေထိုင်ခဲ့သည့် မိသားစုလေးယောက်သည် ယခင်က မိမိကိုယ်ကို သတ်သေခဲ့ကြောင်း သိရှိလိုက်ရသည်။
ဤနေရာသည် ကျိန်စာသင့်နေခြင်းပင်ဖြစ်သည်။
ဗိုလ်မှူးရှောင်းသည် အယူသည်းသူ မဟုတ်သော်လည်း ထုံရွှယ်လူက ကူးပြောင်းလာသူဖြစ်သည်။ သူမသည် ၎င်းက ဆိုးရွားသော နိမိတ်လက္ခဏာတစ်ခုဟု ခံစားကာ ငြင်းပယ်ခဲ့သည်။
သူ့မြေးမလေးက ထိုအိမ်ကို စိတ်မ၀င်စားသည်ကို မြင်သည့်အခါ ဗိုလ်မှူးရှောင်းက သူ့လက်ကို ဝှေ့ယမ်းပြီး ငြင်းဆန်ရန်ဆုံးဖြတ်လိုက်သည်။ သူတို့သည် အိမ်များ ဆက်လက်ကြည့်ရုံသာ ရှိတော့သည်။
ပြီးခဲ့သည့်နှစ်များကတည်းက မိသားစုများ ပြန်လည်နေရာချထားခြင်းခံရသည့်အချိန်မှစ၍ ပြန်လည်ဝင်ရောက်လာသည့် မိသားစုများ ပိုမိုများပြားလာကာ အိမ်များသည်လည်း ပို၍များလာမည်ဖြစ်သည်။
အများစုသည် သိမ်းယူခံထားရသော ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ပြန်လည်ရရှိပြီးနောက် ၎င်းတို့၏ မူလအိမ်များတွင် နေထိုင်ရန် ဝန်လေးကြသည်။ အဓိကအားဖြင့် သူတို့သည် မွေးမြူရေးခြံတွင် ၎င်းတို့၏ဘဝများ စိတ်သောကရောက်ထိခိုက်ခဲ့ကြ၍ဖြစ်ပြီး တစ်နေ့တွင် အရင်းရှင် သို့မဟုတ် ချမ်းသာသော လယ်သမားများအဖြစ် ထပ်မံတံဆိပ်ကပ်ခံရမည်ကို စိုးရိမ်ကြသည်။
ထို့ကြောင့် ထိုသူတို့သည် အိမ်များကို ပြန်လည်လက်ခံရရှိသည်နှင့် ပြန်လည်ရောင်းချလိုကြသည်။ ထိုအရာက ထုံရွှယ်လူအတွက် အလွန်ကောင်းသည့် အခွင့်အရေးတစ်ခုဖြစ်သည်။
ထို့ကြောင့် သူမသည် နေရာရှာရန် အလျင်မလိုပေ။
အိမ်တစ်အိမ်တွင် အခြေချနေထိုင်(ဝယ်ယူ)နိုင်ခြင်းမရှိသေးသော်လည်း သုံးရက်မြောက်နေ့တွင် ဗိုလ်မှူးရှောင်းက ပြန်လည် ထွက်ခွာသွားခဲ့သည်။
ထုံရွှယ်လူသည်လည်း စေ့စပ်ပွဲပြီးနောက် အလုပ်သို့ ပြန်ဝင်ခဲ့သည်။
သို့သော် ထုံကျန်းကျန်း၏ စကားများသည် ကျောက်တုံးတစ်ခုကဲ့သို့ သူမအပေါ် လေးလံနေလေသည်။ မကြာသေးမီ ရက်များအတွင်း သူမသည် ၎င်းအား များစွာ တွေးနေခဲ့မိသည်။
" နင် ထာဝရ ပျော်ရွှင်စွာ နေနိုင်ရမယ် "
ထိုအရာက တစ်ခုခု မှားယွင်နေသည်။ ထုံကျန်းကျန်းသည် သူမကို စိတ်ရင်းဖြင့် ဂုဏ်ပြုမည့်သူမဟုတ်ချေ။ ထိုအချက်ကို သူမ သေချာသိလေသည်။
သူမက ဖန်ကျင်းယွမ်အား ထိုစကားကို ရည်ရွယ်ချက်ရှိရှိ ပြောခဲ့သည်မှာ နှစ်ထောင်းအားရမှုတစ်ခုမျှသာ ဖြစ်သည်။သို့သော် သူမ မည်သည်ကို နှစ်ထောင်းအားရ ဖြစ်နေသနည်း။
ရုတ်တရက် ထုံရွှယ်လူက ဖြူဖျော့သွားပြီး သူမ၏လက်များ တုန်ယင်သွားသည်။
ဝတ္ထုတွင် အတိုချုံးဖော်ပြထားသည့် အပိုင်းတစ်ခုကို သူမ သတိရမိသွားသည်။ ပြန်လည်မွေးဖွားလာသော ထုံကျန်းကျန်းသည် ကောင်းကင်ဘုံ၏ ချစ်မြတ်နိုးမှုကို ခံရပြီး ဘဝက တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်သွားသည်။
စီးပွားရေးဆိုင်ရာတော်လှန်ရေး အပြီးတွင် သူမသည် ဖန်၀မ်ယွမ်အား စီးပွားရေးလောကသို့ ၀င်စေခဲ့ပြီး ၎င်းတို့ နှစ်ဦး ငွေအမြောက်အမြား ရှာဖွေနိုင်ခဲ့သည်။ ဖန်၀မ်ယွမ်သည် သူမ၏ ၂ဝ နှစ်မြောက်မွေးနေ့အတွက် မွေးနေ့ပါတီကြီးတစ်ခုကို ကျင်းပခဲ့သည်။
ထိုနေ့တွင်ပင် "ဒုံးကျည်များ၏ဖခင်" ၏ အချစ်ဆုံးတပည့်သည် မိမိကိုယ်ကို သတ်သေသွားကြောင်း အခမ်းအနားသို့ တက်ရောက်လာသူ ဧည့်သည်တစ်ဦးက ပြောပြသည်။ ထုံကျန်းကျန်းသည် ထိုသတင်းကိုကြားသောအခါ ကျိတ်ရယ်ကာ " နောက်ဆုံးတော့ " ဟု တွေးလိုက်သည်။
စာရေးဆရာသည် ထုံကျန်ကျန်း၏ဘဝ ကောင်းမွန်စေရန်အတွက်သာ ဝတ္ထုတွင် အသေးစိတ်အချက်အလက်များကို ထည့်သွင်းထားပုံရသည်။ သူမက ပြန်လည်မွေးဖွားခဲ့ပြီး သူမ၏ ကံကြမ္မာကို ပြောင်းလဲနိုင်သူတစ်ဦးဖြစ်သော်လည်း တခြားသူများမှာ ကံမကောင်းကြချေ။
ဤအပြိုင်စကြဝဠာတွင် "ဒုံးကျည်၏ဖခင်" မှာ ကျောင်းပေါရှန်း ဖြစ်ပြီး ၀မ်ရူကွေ့သည် ၎င်း၏တစ်ဦးတည်းသောတပည့်ဖြစ်သည်။
ထိုသို့ဆိုလျှင် ၀မ်ရူကွေ့သည် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားသည့်သူ ဖြစ်သည်လား။
ထုံရွှယ်လူသည် ထိုတွေ့ရှိမှုကြောင့် ထိတ်လန့်သွားပြီး အချိန်ကြာမြင့်ပြီးသည့်နောက်မှသာ အသံထွက်နိုင်လေသည်။
မုန့်ချင်းချင်းသည် ဧည့်သည်အချို့ကို အပေါ်ထပ်သို့ ခေါ်ဆောင်လာပြီး သူမ၏ရုံးခန်းကို ဖြတ်လျှောက်သွားသောအခါ ထုံရွှယ်လူ၏ပုံစံကို ကြည့်ကာ အံ့အားသင့်သွားသည်။ သူမက အထဲသို့ ပြေးဝင်လာပြီး မေးမြန်းသည်။
" အဆင်ပြေရဲ့လား မန်နေဂျာထုံ "
ထုံရွှယ်လူ သူမကိုယ်သူမ အာရုံပြန်လည်စုဆောင်းရန် အချိန်အနည်းငယ် ယူလိုက်ရသည်။
" အင်း ကျွန်မ အဆင်ပြေပါတယ်။ ဒီနေ့ အပြင်ထွက်လာတော့ တံခါးကို သော့ခတ်ဖို့ မေ့သွားတာကို သတိရမိသွားလို့ပါ "
မုန့်ချင်းချင်းက စိုးရိမ်တကြီးနှင့် ပြောသည်။
" ဒါဆို ရှင် မြန်မြန် အိမ်ပြန်သင့်တယ်။ ရှင့် အိမ် ဖောက်ထွင်းခံရမှာကို မလိုချင်ဘူးမဟုတ်လား "
ထုံရွှယ်လူက ခေါင်းညိတ်လိုက်သည်။
" မင်းမှန်တယ်။ ကျွန်မ သွားသင့်တယ်။ ကျွန်မ သွားတုန်း စားသောက်ဆိုင်ကို ကျေးဇူးပြုပြီး ဂရုစိုက်ထားပေးပါ "
မုန့်ချင်းချင်း " နေ့လည်စာ အလုပ်ရှုပ်ချိန်က ပြီးခါနီးပါပြီ။ ရှင့် စိုးရိမ်ဖို့ မလိုပါဘူး မန်နေဂျာ ထုံ "
ထုံရွှယ်လူသည် သူမ၏ ဂျာကင်အင်္ကျီကိုဆွဲကိုင်လိုက်ပြီး စားသောက်ဆိုင်မှ ထွက်ခွာလာသည်နှင့် ထောက်ပံ့ပို့ဆောင်ရေးဌာနဆီသို့ ပြေးသွားလိုက်သည်။
သို့သော် လမ်းတစ်ဝက်ရောက်သောအခါ သူမ စိတ်ငြိမ်သွားလေသည်။
ထုံကျန်းကျန်းအကြောင်း သူမသိထားသည့်အတိုင်းဆိုလျှင် သူမကို အမှန်အတိုင်းပြောပြမည်က မဖြစ်နိုင်ပေ။ ဆန့်ကျင်ဘက်အနေနှင့် ၀မ်ရူကွေ့ မိမိကိုယ်မိမိ သတ်သေမည်ဟု အဘယ်ကြောင့် သိကြောင်း သူမ ရှင်းပြနိုင်မည်မဟုတ်ပေ။ သူမသည် ဝိညာဉ်ကူးပြောင်းလာသည်ဟူသောအချက်ကို သာ ဖော်ထုတ်သွားမိနိုင်သည်။
ထို့အပြင် သူမ ရောက်ရှိပြီးကတည်းက ဇာတ်ကွက်အားလုံး ရှုပ်ထွေးသွားခဲ့သည်။ ထုံကျန်းကျန်း၏ဘဝက ချောမွေ့ခြင်းနှင့် ဝေးကွာနေခဲ့သည်။ သူမက ဖန်၀မ်ယွမ်နှင့် အတူမရှိသလို သူမတို့ ဗိုလ်မှူးရှောင်းနှင့် ပြန်လည်ဆုံဆည်းခဲ့သည်ကို ပြောဆိုရန်ပင် မလိုချေ။
ထို့ကြောင့် ၀မ်ရူကွေ့၏ အလှည့်သို့ရောက်သောအခါ ဇာတ်လမ်းဇာတ်ကွက်သည် မပြောင်းလဲဘဲ ရှိနေမည်ဟု သူမ အဘယ်ကြောင့် ထင်ရသနည်း။
၀မ်ရူကွေ့သည် အနည်းငယ် တသီးတသန့်ဆန်သော်လည်း သူကခံနိုင်ရည်ရှိသူဖြစ်သည်။ သူ့ကိုယ်သူ သတ်သေရသည့် အကြောင်းရင်းကို သူမ မတွေးကြည့်နိုင်ပေ။
တစ်နေ့ သူက လမ်းချော်သွားခဲ့လျှင်တောင်မှ သူမက သူ၏ဘေးမှာ ရှိနေသရွေ့တော့ ထိုလမ်းသို့ ဆင်းခွင့်ပြုမည် မဟုတ်ပေ။
အားလုံး အစီအစဉ်တကျ ပြေလည်သွားသဖြင့် ထုံရွှယ်လူ သက်ပြင်းတစ်ချက်ချလိုက်သည်။
၀မ်ရူကွေ့အတွက် သူမ၏ခံစားချက်များက သူမကို လွှမ်းမိုးသွားခဲ့ပြီး ထုံကျန်းကျန်း၏ ထောင်ချောက်ထဲသို့ ပြုတ်ကျလုနီးပါး ဖြစ်ခဲ့လေသည်။
ထုံကျန်းကျန်းအား သူမ သွားရှာမိလျှင် တကယ်ပင် မှားယွင်းသွားလိမ့်မည်။
ထိုသို့တွေးကြည့်မိသောအခါ ထုံကျန်းကျန်းက ဖန်ကျင်းယွမ်အား စကားပါးစေခြင်း၏ အကြောင်းအရင်းတစ်စိတ်တစ်ပိုင်းမှာ အခြေအနေကို စုံစမ်းခြင်းသာ ဖြစ်နိုင်သည်။
နောက်ဆုံးတွင် သူမ၏ ပင်ကိုယ်စရိုက်က မူလပိုင်ရှင်နှင့် အလွန်ကွာခြားနေပြီး ထုံကျန်းကျန်း၏ သံသယများ ကြီးထွားလာမည်က အဓိပ္ပါယ်ရှိလေသည်။
သို့သော် ယခုချိန်တွင် သူမသည် အားလပ်ချိန်ယူခဲ့ပြီးဖြစ်ရာ အလုပ်သို့ အလျင်စလိုပြန်ရန် မလိုပေ။
သူမက နောက်ပြန်လှည့်ပြီး ကုန်တိုက်စတိုးဆိုင်ဆီသို့ ဦးတည်လိုက်သည်။
၀မ်ရူကွေ့သည် သူမတို့ စေ့စပ်ချိန်တွင် နာရီတစ်လုံးနှင့် လက်စွပ်တစ်ကွင်းပေးခဲ့သဖြင့် သူမသည်လည်း သူ့ကို တစ်ခုခု လက်ဆောင်အဖြစ် ပေးလိုသည်။
တစ်ခုတည်းသော ပြဿနာမှာ ယနေ့ခေတ်ကာလတွင် အရင်းအမြစ်များ ခက်ခဲနေခြင်းဖြစ်သည်။ လူတစ်ယောက်က ငွေကြေးကြွယ်၀သည်ဆိုတိုင်း သူတို့အလိုရှိသည်ကို ရနိုင်သည်ဟု မဆိုလိုချေ။
သူမသည် ကုန်တိုက်ဆိုင်တစ်ဆိုင်တွင် လှည့်ပတ်ကြည့်ခဲ့သော်လည်း သူမ မျက်လုံးကို ဖမ်းစားလိုက်သည့် အရာတစ်ခုကိုမျှ မတွေ့ရပေ။ နောက်ဆုံး၌ နိုင်ငံခြားကုန်ပစ္စည်းများ ကောင်တာဆီသို့ ရောက်ရှိသွားသည်။
စီးပွားရေးက လွန်စွာ မဖွံ့ဖြိုးသေးသော်လည်း သွင်းကုန်၊ပို့ကုန်များက ရှိနေဆဲပင်ဖြစ်သည်။သို့သော် ၎င်းတို့သည် နောက်ပိုင်းကာလများနှင့် တိုင်းတာခြင်းမပြုနိုင်ဘဲ အလွန်အကန့်အသတ်သာလျှင် ရှိကြသည်။
သွင်းကုန်ကောင်တာတွင် ကြီးကြီးမားမား ရွေးချယ်စရာ မရှိပေ။ နာရီများ၊ နှိုးစက်များနှင့် အခြားကိရိယာငယ်များ ရှိကြသည်။ ပြည်ပမှ တင်သွင်းသော ကုန်ပစ္စည်းများ ဝယ်ယူရန် နိုင်ငံခြားငွေ လဲလက်မှတ်များရှိရန် လိုအပ်ပြီး လူများစွာ လက်လှမ်းမမီနိုင်သောကြောင့် ကောင်တာအနီးတွင် လူအနည်းငယ်သာ ရှိလေသည်။
ထုံရွှယ်လူသည် ကောင်တာပေါ်ကို ဝေ့ဝဲကြည့်လိုက်ကာ ပြောသည်။
" နှိုးစက်နဲ့ ဆွစ်ဇာလန်စစ်တပ်သုံးဓားကို ကျေးဇူးပြုပြီး ပြပေးလို့ရမလား"
အရောင်းဝန်ထမ်းသည် ထုံရွှယ်လူ တောင်းဆိုသည့်အရာကို ယူလာသည်။
နည်းပညာများ တိုးတက်လာသည်နှင့်အမျှ အီလက်ထရွန်းနစ်နှင့် စမတ်ပစ္စည်းများ စျေးကွက်တွင် လွှမ်းမိုးလာကာ ဆွဇ်ဇာလန်စစ်တပ်သုံးဓားများကဲ့သို့ ပစ္စည်းများမှာ အချိန်နှင့်အမျှ ပျောက်ကွယ်သွားခဲ့သည်။
ပြောရလျှင် ဆွစ်ဇာလန်စစ်တပ်သုံးဓားသည် လာမည့်ဆယ်စုနှစ် သို့မဟုတ် ထို့ထက်မကသည့်နှစ်များ၌ အသုံး၀င်သေးပေသည်။
ဆွဇ်ဇာလန်စစ်တပ်သုံးဓားတွင် ကတ်ကြေးတစ်ချောင်း၊ ဓားသေးတစ်ချောင်း၊ ဝက်အူလှည့်တစ်ချောင်း၊ ပလာယာနှင့် သံဘူးဖွင့်တံတစ်ခုရှိပြီး အလွန်အဆင်ပြေပေသည်။
ထုံရွှယ်လူက ၎င်းအတွက် စျေးနှုန်းကို မေးမြန်းလိုက်သည်။ သူမသည် ဆွစ်ဇာလန်စစ်တပ်သုံးဓားနှစ်ချောင်းနှင့် အချက်ပေးနှိုးစက်နှစ်လုံးကို ဝယ်ယူလိုက်ပြီး သူမတွင် ပါရှိသည့် နိုင်ငံခြားငွေလဲလက်မှတ်အားလုံးကို သုံးစွဲလိုက်ရသည်။
ထုံရွှယ်လူသည် ကုန်တိုက်မှ ခြေလှမ်းကာ ထွက်လာခါစဖြစ်ကာ ဝမ်ရူကွေ့ထံ လက်ဆောင်များ သွားပို့ရန် တွေးတောနေဆဲအချိန် သူမ မော့ကြည့်လိုက်သည့်အခါ လူနှစ်ယောက် သူမဆီသို့ လာနေသည်ကို တွေ့လိုက်ရသည်။
သူမ ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။
သူမဆီသို့ စကားပြောကာ လာနေသော နှစ်ယောက်မှာ ရှောင်ကျိုး၏ မိခင်ဖြစ်သူ ကုရိလန်နှင့် စောစောက သူမ သွားတွေ့မည့်သူဖြစ်သည့် ထုံကျန်းကျန်းဖြစ်၏။
ဤနှစ်ယောက်က မည်ကဲ့သို့ အတူရှိနေလေသနည်း။
သူမသည် စုယွဲ့ရှန်းကို လွန်ခဲ့သည့် တစ်လလုံး ရှာဖွေနေခဲ့ပြီး လုံးလုံး လွဲချော်နေခဲ့သည်။ တကယ်တော့ စုယွဲ့ရှန်းသည် ပြီးခဲ့တဲ့လ၌ မြို့တော်၌ပင် ရှိမနေပေ။
လွန်ခဲ့သည့် ရက်အနည်းငယ်က သူမ၏ စေ့စပ်ပွဲကိုလည်း သူက မလာရောက်ခဲ့ပေ။ ထုံကျန်းကျန်းက အလွန်မြန်ဆန်စွာ လှုပ်ရှားပြီး ကုရိလန်နှင့် မိတ်ဖွဲ့ထားခဲ့ပြီကို သူမ မထင်ထားမိချေ။
ထိုနှစ်ယောက်က သူမကို တွေ့သွားပြီးချိန်၌ ထုံရွှယ်လူမှာ ထုံကျန်းကျန်းနှင့် မျက်နှာချင်းဆိုင်တွေ့ရ၊မတွေ့ရမည်ကို တွေးနေဆဲဖြစ်သည်။
ထုံကျန်းကျန်းက ကုရိလန်နှင့် အတူ လမ်းလျှောက်လာပြီး "အစ်မရွှယ်လူ၊ အစ်မရော ဈေးဝယ်ဖို့ ဒီကိုရောက် နေတာလား "
ထုံကျန်းကျန်းက ထုံရွှယ်လူကို ရည်ညွှန်းသည့်ပုံစံကိုကြားသည့်အခါ ကုရိလန်က အံ့အားသင့်သွားသည်။
" ရဲဘော်ထုံကို သိတာလား ကျန်းကျန်း။ ရှင် အဲဒါကို တစ်ခါမှ မပြောပြဖူးဘူး။ ပြောရမယ်ဆိုရင် ရှင်တို့နှစ်ယောက်မှာ တူညီတဲ့ မျိုးရိုးတွေရှိတယ်။ ရှင်တို့နှစ်ယောက် အမျိုးတော်နေတာလား "
ထုံရွှယ်လူက ထိုသည်ကို မတုံ့ပြန်ချေ။
သူမသည် ရှောင်ကျိုးကို ကယ်တင်ခဲ့သော်လည်း ကုရိလန်နှင့် အခင်အမင်မပျက်သည့်ဆက်ဆံရေးကိုသာ အမြဲထိန်းသိမ်းထားခဲ့သည်။ သူမတို့သည် တစ်ယောက်နှင့် တစ်ယောက် မရင်းနှီးလွန်း၊မစိမ်းကားလွန်းသော ဆက်ဆံရေးသာ ရှိကြသည်။
ကုရိလန်၏ ထုံကျန်းကျန်းကို စကားပြောဆိုပုံမှ သူမတို့ နှစ်ယောက် ရင်းနှီးကြောင်း သူမ ပြောနိုင်သည် ။