အပိုင်း၂၃၇
Viewers 39k

🍵Chapter 237




ထုံကျန်းကျန်းက ပြုံးပြီးပြောလာသည်။


" ကျွန်မတို့က သွေးသားတော်စပ်တာမဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်မတို့နှစ်ယောက်က အရမ်းထူးခြားတဲ့ နှောင်ကြိုးရှိတယ်။ ဒါက ကျွန်မတို့ ငယ်ငယ်တုန်းကအချိန်ဆီ ပြန်သွားရရင် …"


ထို့နောက် သူမသည် ၎င်းတို့နှစ်ဦး  ကလေးအရွယ်တွင် ပြန်ပေးဆွဲခံရပြီး နောက်ပိုင်းတွင် ရဲများက တွေ့ရှိခဲ့သော်လည်း နောက်ပိုင်းတွင် မှားယွင်းသောမိသားစုထံ ပြန်ပို့ခံခဲ့ရကြောင်း  ကုရိလန်ကို ပြောပြသည်။ ထုံရွှယ်လူက သူမကို မွေးမြူရေးခြံသို့ ပို့လိုက်ပုံနှင့် ပတ်သက်သည်ကိုမူ  သူမက မပြောပြပေ။


ကုရိလန်သည် ထိုဇာတ်လမ်းကြောင့် ထိတ်လန့်သွားသည်။ " ဝေါင်း ရှင်တို့နှစ်ယောက်မှာ ဒီလိုမျိုး နှောင်ကြိုးရှိကြတယ်ဆိုတာ ကျွန်မ  စိတ်ကူးတောင်မကူးကြည့်ဖူးဘူး။ ရဲဘော်ထုံက ကျွန်မသားရဲ့ ကယ်တင်ရှင်ဖြစ်တယ်။ ဘယ်လောက် သေးငယ်လိုက်တဲ့ ကမ္ဘာကြီးလဲနော် "


ထုံကျန်းကျန်းက ပြုံးပြီး ခေါင်းညိတ်သည်။


 " ကမ္ဘာကြီးက တကယ့်ကို အရမ်းကျဉ်းတယ်။ ကျွန်မ ပြောတာမှန်တယ်မလား အစ်မ ရွှယ်လူ "


အချိန်အနည်းငယ်အတွင်းမှာပင် အရာအားလုံးက လျင်မြန်စွာ ပြောင်းလဲသွားနိုင်သည်။


ထုံကျန်းကျန်းသည် အမှန်တကယ် ပြောင်းလဲသွားသည်ဟု ထုံရွှယ်လူ ခံစားမိသည်။ ထုံကျန်းကျန်းက ကြာပန်းဖြူနှင့် ချစ်စရာကောင်းသော လမ်းကြောင်းအတိုင်း အမြဲသွားနေခဲ့သော်လည်း မချောမွေ့ခဲ့ပေ။


ယခုမူ သူမ၏ အရည်အချင်းများကို အမှန်တကယ် သွေးခဲ့ပုံ ရလေသည်။ ကသိကအောက်ဖြစ်မှုများကိုပင် မမြင်နိုင်တော့ချေ။ မသိသည့်သူဆိုလျှင် သူမတို့နှစ်ယောက် ရင်းနှီးသည်ဟူ၍ ထင်ကောင်းထင်လိမ့်မည်။


ထုံရွှယ်လူက ပြုံးပြီးပြောသည်။


 " ကျွန်မတို့နှစ်ယောက်လုံးက မြို့တော်မှာနေကြတာ။ ရံဖန်ရံခါ အချင်းချင်း ဆုံမိကြတာ သဘာဝပါပဲ "


ကုရိလန် ရုတ်​တရက်​ မျက်​​မှောင်​ကြုတ်​လိုက်​သည်​။ 


" ခဏ။ ဒါပေမယ့် ရှင်တို့ကြားက သံယောဇဉ်နဲ့ဆို မင်းနဲ့မင်းတို့မိသားစုကို ရဲဘော်ထုံ စေ့စပ်တဲ့နေ့မှာ ကျွန်မ ဘာလို့မတွေ့ခဲ့ရတာလဲ "


ထုံကျန်းကျန်းက ပြီးပြည့်စုံသော ရှက်ကိုးရှက်ကန်းဖြစ်မှုကို ဝတ်ဆင်ထားသည်။ 


" အစ်မရွှယ်လူက ကျွန်မမိသားစုကို မဖိတ်ခဲ့ဘူး။ ဒါပေမယ့်  အိမ်ရာ၀င်းထဲက သူငယ်ချင်းတစ်ယောက်က ကျွန်မရဲ့ ဆုတောင်းပေးမူတွေကို သူမနဲ့အတူ ယူသွားပေးခဲ့ပါတယ်။  ရှင်  အဲဒါကို ရခဲ့တယ်မဟုတ်လား အစ်မ ရွှယ်လူ "


ကုရိလန်သည် ပို၍ပင် မျက်မှောင်ကြုတ်သွားသည်။ သူမသည် ထုံရွှယ်လူကို သဘောမတူစွာ ကြည့်လိုက်သည်။


 " ရဲဘော်ထုံ၊ ဒီနေရာက ကျွန်မပြောသင့်တဲ့နေရာမဟုတ်ပေမယ့် ထုံကျန်းကျန်းရဲ့မိဘတွေက ရှင့်ကို ဆယ်စုနှစ် ၂ ခုနီးပါး ပြုစုပျိုးထောင်ပေးခဲ့တယ်။ ရှင် စေ့စပ်ကြောင်းလမ်းတာကို အနည်းဆုံးတော့ သူတို့ကို အသိပေးသင့်ပါတယ်။ ရှင်က မပြောပြရင်  ကျေးဇူးကန်းရာ ဖြစ်တယ်လေ "


ထုံရွှယ်လူက သူမဘာသာ ကျိတ်ရယ်လိုက်သည်။


ဤသည်က အဘယ့်ကြောင့် သူမ ကုရိလန်နှင့် သူငယ်ချင်းမဖြစ်နိုင်ရခြင်းဖြစ်သည်။


သူမက သေချာပေါက် လှည့်စားကာ နှစ်သိမ့်ပေးနိုင်သည်။ သို့သော် သူမသည် အလွန်တုံးအသောကြောင့် ထုံရွှယ်လူမှာ ၎င်းကို ဂရုမစိုက်နိုင်ပေ။


ထို့အပြင် သူမ၏လက်ရှိအခြေအနေအရ  NPC များကို သိမ်းသွင်းရန် မလိုအပ်ချေ။


ထုံကျန်းကျန်း၏ မျက်လုံးများတွင် ကျေနပ်နေသော အကြည့်များ လင်းလက်သွားသည်။ သို့သော် သူမက " အစ်မရွှယ်လူအကြောင်း အဲဒီလို မပြောသင့်ပါဘူး အစ်မရိလန်။ သူမမှာလည်း သူမရဲ့အကြောင်းကိစ္စရှိလို့ဖြစ်မှာပါ "


ထုံရွှယ်လူက ခေါင်းညိတ်လိုက်ပြီး သူမ၏မျက်လုံးများက ချက်ချင်းနီရဲသွားသည်။ 


" မှန်ပါတယ်။ ကျွန်မမှာ အကြောင်းပြချက်တွေရှိတယ်။ မကြာသေးမီက ကျွန်မရဲ့မွေးစားမိခင် ဆေးရုံတင်ထားရတာကို ကျွန်မ သိလိုက်ရလို့ အလုပ်ကနေ ခွင့်ယူပြီး သူမဆီသွားခဲ့တယ် ။ဒါပေမဲ့ ကျွန်မ ကြားခဲ့တာကို ရှင်သိလား။ ပန်းသီးတွေက အပင်နဲ့ ဝေး‌ ဝေး ကြွေမကျဘူး ¹ ။ ကျွန်မက အဆင့်အတန်းနိမ့်တယ်လို့ တခြားသူတွေကို သူမ ပြောပြနေတာ ကြားခဲ့လိုက်ရတယ်။ နောက်ပြီး ရှင် မွေးမြူရေးခြံကို ပို့ခံလိုက်ရတာလည်း ကျွန်မအပြစ်တဲ့…"

[ ¹ - မိဘနဲ့သားသမီးမှာ ဆင်တူတဲ့ စရိုက်လက္ခဏာရှိခြင်း ]


ကုရိလန်က သူမပါးစပ်ကို အုပ်လိုက်သည်။

 "  မွေးမြူရေးခြံကို ရောက်ဖူးတာလား ကျန်းကျန်း။ ဘယ်တုန်းကလဲ "


ထုံကျန်းကျန်းမှာ ချက်ချင်း ဖြူဖျော့သွားသည်။

" ကျွန်မ......"


ထုံရွှယ်လူလည်း ပါးစပ်ကို အုပ်ပြီး ထိတ်လန့်တကြား ကြည့်လိုက်သည် ။


 " အိုး.. သူမ ရှင့်ကို မပြောပြထားဘူးလား။ သူမက လမ်းလယ်မှာ မျန်မျန်ကို ရိုက်နှက်ပြီး နားရွက်ကို သွေးထွက်တဲ့အထိ ပြင်းပြင်းထန်ထန် ဆွဲလိမ်ခဲ့တာပါ။ သူမက ကျွန်မကို သတ်ပစ်မယ်လို့လည်း ခြိမ်းခြောက်ခဲ့တာ။  နောက်ဆုံးတော့ မွေးမြူရေးခြံကို ပြုပြင်ပြောင်းလဲဖို့ ပို့ခံလိုက်ရတယ်။ သူမ မကြာခင်ကမှ ပြန်ရောက်လာခဲ့တာ "


ကုရိလန် "……"


ထုံကျန်းကျန်း "……"


ထုံရွှယ်လူ က " ဒီအဖြစ်အပျက်တွေကြောင့် ကျွန်မတို့ မိသားစုနှစ်စုက တကယ်ကို မရင်းနှီးပါဘူး။ ဒါကြောင့် အချင်းချင်း အပြန်အလှန် ဆက်ဆံမှုတွေ အများကြီး ရှိမှာ မဟုတ်ဘူးဆိုတဲ့ ဖော်မပြနိုင်တဲ့ နားလည်မှုတွေ ရှိကြတယ် "


ကုရိလန်သည် ထုံကျန်းကျန်းထံမှ သူမ၏လက်ကို ဆွဲထုတ်လိုက်ပြီး ရှက်ရွံ့စွာ ပြုံးလိုက်သည်။ 


" အလုပ်မှာ ကျွန်မ ဂရုစိုက်ဖို့ လိုအပ်တာတစ်ခု ရှိနေတာ သတိရတယ်။ စျေးဝယ်ထွက်ဖို့ ဒီတစ်ခါတော့ ငြင်းဆိုရမယ်နဲ့ တူတယ် "


ထိုသို့ပြောပြီးနောက် သူမသည် ထုံရွှယ်လူကို နှုတ်ဆက်လိုက်ပြီး သရဲတစ္ဆေများ သူမ နောက်သို့ လိုက်လာသည့်အလား အမြန်ပြေးသွားသည်။


ကုရိလန် ထွက်သွားသည်နှင့် တပြိုင်နက်  ထုံကျန်းကျန်းက သူမ၏မျက်နှာဖုံးကို  တပ်မထားနိုင်တော့ပေ။


" ထုံရွှယ်လူ နင် စောင့်ကြည့်လိုက် "


ထုံရွှယ်လူက မျက်ခုံးပင့်လိုက်ပြီး " အိုး။ နင် အခု နင့်ရဲ့ မျက်နှာဖုံးကို စွန့်လွှတ်လိုက်ပြီလား။ ခုဏကတော့ နင် တော်တော်လေးကောင်းကောင်းမွန်မွန်လုပ်နိုင်တယ်လို့ တွေးနေတဲ့ဟာကို "


ထုံကျန်းကျန်းက အံကြိတ်ရင်း သူမကို ကြည့်သည်။


 " ငါ ဖန်ကျင်းယွမ်နဲ့ နင့်ဆီ ပါးလိုက်တဲ့စကားက ဘာကိုဆိုလိုတယ်ဆိုတာ နင် မသိချင်ဘူးလား "


ထုံရွှယ်လူသည် သူမ၏ ဗာဒံစေ့ပုံမျက်လုံးများကို မှိတ်လိုက်ပြီး စိတ်ရှုပ်စွာ ကြည့်လိုက်သည်။


 " နင် ငါ့ကိုချီးကျူးဂုဏ်ပြုပြီး ငါနဲ့ ငါ့ရဲ့စေ့စပ်ထားသူတို့ ထာဝရ ပျော်ရွှင်စွာ နေထိုင်နိုင်ပါစေလို့ ဆုတောင်းပေးခဲ့တာလေ။ အဲဒီ့ထက် ပိုလို့လား "


ထုံကျန်းကျန်းက သူမကို ပြင်းထန်စွာ စိုက်ကြည့်သော်လည်း ထုံရွှယ်လူ၏ မျက်နှာမှ မည်သည်ကိုမျှ  မဖတ်နိုင်ချေ။ 


" အိုး၊ ဟန်ဆောင်တာရပ်လိုက်တော့။ ငါ ဘာကို ဆိုလိုတယ်ဆိုတာ နင် သေချာသိပါတယ် "


ထုံရွှယ်လူ က ခေါင်းခါလိုက်ပြန်သည်။  


" မဟုတ်ဘူး၊ ငါတကယ်မသိဘူး "


ထုံကျန်းကျန်းသည် ဒေါသ အလွန်ထွက်သွားသဖြင့် ပြောသည်။  "နင်က ပြန်....."


စကားတစ်ဝက်၌ သူမက  ရုတ်တရက် နှုတ်ခမ်းကို ကိုက်လိုက်ပြီး ထို့နောက် လှည့်ထွက်သွားသည်။


ထုံကျန်းကျန်း၏နောက်ကျောကိုကြည့်ရင်း ထုံရွှယ်လူ မျက်မှောင်ကြုတ်ပြန်သည်။


ထုံကျန်းကျန်းအတွက် သူမ မစိုးရိမ်ပေ။ သို့သော် ထုံကျန်းကျန်း နှင့် ယန်ရုံအန်းနှစ်ယောက်ပေါင်းလျင်... ပို၍ ရှုပ်ထွေးလေသည်။


သူမ စုယွဲ့ရှန်းနှင့် အမြန်ဆုံးတွေ့ဆုံရန် လိုအပ်သည်။


🍵


ထိုညတွင် ဖန်ကျင်းယွမ်သည် ထုံရွှယ်လူ၏ စားသောက်ဆိုင်သို့ နှုတ်ခမ်းစူကာ လာပြန်သည်။


သူမပုံစံကိုမြင်တော့ ထုံရွှယ်လူက " ဒီတစ်ခါ နင့်ကို ဘယ်သူ စိတ်ဆိုးစေတာလဲ "


ဖန်ကျင်းယွမ်က အမဲသားကို ဝါးရင်း ပြောလာသည်။


 " ငါပြောပြမယ်။ မေမေက ငါ့ကို ဒီနေ့ ဒါမှမဟုတ် မနက်ဖြန်မှာ ငယ်ရွယ် ပြည့်စုံတဲ့ လူငယ်တစ်ယောက်နဲ့ ချိတ်ပေးမယ်လို့ ပြောခဲ့တယ်။ သူမက အဲဒီလူက ဖန်းယွဲ့လို ကြည့်ကောင်းပြီး အရမ်းထက်မြက်တယ်ဆိုပြီး‌တောင် ပြောသေးတယ်။ ငါက သူ့ကို လွဲချော်ခဲ့မယ်ဆိုရင် ပိုကောင်းတဲ့လူကို ဘယ်တော့မှ ရှာတွေ့မှာမဟုတ်ဘူးလို့လည်း ပြောသေးတယ်။ သူမ ပြောနေတာ ဘယ်သူလဲ နင် သိလား "


[ဖန်းယွဲ့ - ရှေး ကျင့်မင်းဆက်တုန်းက ငယ်ကတည်းက ရုပ်ချောလို့ နာမည်ကြီးလူသိများတဲ့ ကဗျာဆရာ ]


ထုံရွှယ်လူ " ငါထင်ခဲ့တာ နင်က အနာဂတ်မှာ ရုပ်ဆိုးတဲ့လူတွေကိုသာ ချိန်းတွေ့မယ်လို့လေ "


ဖန်ကျင်းယွမ် တစ်စက္ကန့်မျှ ပြောစရာစကားမဲ့သွားလေသည်။ ထို့နောက် ရှက်ကိုးရှက်ကန်းဖြင့် သူမက ပြောသည်။


 "  ငါက အဲ့အချိန်က စိတ်တိုနေတာကြောင့် အဲဒီလို ရှေ့နောက်မညီပြောခဲ့မိတာ ။ အဲဒါကို နောက်မှ ငါ နည်းနည်းထပ်စဉ်းစားမိတယ်။ ငါသာ ရုပ်ဆိုးသူ တစ်ယောက်ကိုရှာခဲ့ရင် ငါ့ရဲ့ အနာဂတ်ကလေးတွေက သူ့လို ရုပ်ဆိုးရင် ဘယ်လိုလုပ်မလဲ။ အများကြီးစဉ်းစားပြီးသည့်အခါ ဆွဲဆောင်မှုရှိတဲ့လူကို ရှာဖွေဖို့ လိုအပ်တယ်လို့ပဲ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် အဲဒီက အဓိကအချက်တော့ မဟုတ်ပါဘူး။ အဓိက က ဘယ်သူပေါ်လာလဲ နင်သိလား "


ထုံရွှယ်လူက မျက်လုံးများ လှန်ကြည့်လိုက်သည်။


 " ရှောင်ချန်ဖျင်လို့ မပြောနဲ့ " 


ဘုတ်။


ဖန်ကျင်းယွမ်ကိုင်ထားသည့် အမဲသားလုံးက စားပွဲပေါ်သို့ ပြုတ်ကျသွား‌လေသည်။ သူမက ထုံရွှယ်လူကို ထိတ်လန့်စွာ ကြည့်လိုက်သည်။ 


" ရွှယ်လူ နင်က အရမ်းအံ့သြစရာကောင်းတယ်။ နင် ဘယ်လိုလုပ် ခန့်မှန်းမိတာလဲ "


ထုံရွှယ်လူက "အိုး၊ ကျပန်းပါပဲ "


ဖန်ကျင်းယွမ်က သူမကို သဘောကျစွာ ကြည့်သည် ။


 " ကျပန်းပဲလား။ နင်က အရမ်းမယုံနိုင်စရာကောင်းတာပဲ။ နင်ပြောတာ ကွက်တိ မှန်တယ်။ ငါ့ရဲ့ ဒိတ်မှာ ပေါ်လာတဲ့လူက ရှောင်ချန်ဖျင်က လွဲပြီး တခြားမဟုတ်ဘူး။ အရည်အချင်းရှိတာကိုတော့ ထားလိုက်ပါတော့။ ဒါပေမယ့် ဖန်းယွဲ့လောက် ချောမောခန့်ညားတယ်။ ငါ့ကိုလာနောက်နေတာလား။ သူ့ရဲ့ မျက်​လုံး​ပိစိလေး​တွေကို သူမ မြင်​ဖူးရဲ့လား။ မတ်ပဲပင်အစေ့ကမှ သူ့မျက်လုံးထက် ပိုကြီးအုံးမယ် "


ထုံရွှယ်လူ "……"


ဖန်ကျင်းယွမ် ထိုအကြောင်းကို ပိုတွေးလေလေ စိတ်တိုလေလေဖြစ်သည်။ သူမသည် နောက်ထပ် အသားလုံးတစ်ခုကို ကောက်ကိုင်လိုက်ပြီး ပြင်းပြင်းထန်ထန် ကိုက်စားလိုက်သည်။ 


" ရှောင်ချန်ဖျင် ကိုယ်တိုင်ကလည်း ကြည့်ကောင်းသူတစ်ယောက် မဟုတ်ပါဘူး။အဲဒါကို သူက ငါ့နဖူးက မြင့်လွန်းတယ်လို့ ပြောတယ်။ အိုမိုင်‌ဂေါ့။ ငါ အရမ်းဒေါသထွက်နေတယ် "


ထူံရွှယ်လူက " အခု အဲဒါက စံနှစ်မျိုးပဲ။ သူ ရုပ်ဆိုးတယ်လို့ နင် ပြောနိုင်ရင် သူကရော နင့်ကို ဘာလို့ မပြောနိုင်တာလဲ "


ဖန်ကျင်းယွမ်က "စံနှစ်မျိုး" ၏အဓိပ္ပါယ်ကို မသိ‌ချေ။ သို့သော် ထုံရွှယ်လူ ပြောခဲ့သည့် စကား၏ နောက်ဆုံးအပိုင်းကို သူမ နားလည်လေသည်။ 


" ရွှယ်လူ နင်က ငါ့သူငယ်ချင်းလား။ ဘယ်လိုတောင် ရှောင်ချန်ဖျင်ဘက်က ကာကွယ်ရတာလဲ "


ထုံရွှယ်လူက " အာ ဒါနဲ့ နင့်အစ်ကိုက မကြာသေးခင်က မြို့ပြင်ထွက်ခဲ့လား "


ဖန်ကျင်းယွမ်မှာ အံ့သြသွားပြန်သည်။


 " နင် ဘယ်လိုသိတာလဲ။ ဟုတ်တယ် ငါ့အစ်ကို အလုပ်ကိစ္စနဲ့ ခရီးထွက်ခဲ့တာ။ နောက်အပတ်အထိ သူပြန်လာအုံးမှာမဟုတ်ဘူး "


ထုံရွှယ်လူက ခေါင်းညိတ်လိုက်သည်။

 " မထူးဆန်းပါဘူး "


ဖန်၀မ်ယွမ်သည် ထုံကျန်းကျန်းအမျိုးသမီးအဖွဲ့ချုပ်တွင်ပါဝင်ခြင်းအကြောင်းကို သူမအား မပြောပြခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။


ဖန်ကျင်းယွမ်က စိတ်ဝင်တစား မေးသည်။


 " ဘာက မထူးဆန်းပါဘူးလဲ "


ထုံရွှယ်လူက ခေါင်းယမ်းလိုက်သည်။ 


" ဘာမှမဟုတ်ပါဘူး။ ဒါနဲ့ ထုံကျန်းကျန်းက အမျိုးသမီးအဖွဲ့ချုပ်ထဲကို ဝင်ခဲ့တာလား "


ဖန်ကျင်းယွမ် အနည်းငယ် အံ့ဩသွားသွားပြီး ခေါင်းယမ်းလိုက်သည်။ 


" ငါတော့ မကြားမိပါဘူး။ သူမ အမျိုးသမီးအဖွဲ့ချုပ်ကို ဝင်ခဲ့တာလား။ နင် အဲဒါ ကို ဘယ်က ကြားတာလဲ "


အင်း။ ထိုသည်ပင်။ 


သူမ ဖန်ကျင်းယွမ်ထံမှ အသုံးဝင်သော သတင်းအချက်အလက်များကို ရနိုင်လိမ့်မည်မထင်ပေ။


🍵


ထိုရက်သတ္တပတ်ကုန်တွင် ထုံရွှယ်လူသည် ထပ်မံခွင့်ရက်ယူကာ ရှောင်မျန်မျန်နှင့်အတူ စုအိမ်ဆီသို့သွားသည်။


စုယွဲ့ရှန်းသည် နောက်ဆုံးတွင် ဤအကြိမ်၌  အိမ်ပြန်ရောက်ပြီဖြစ်သည်။


ရှောင်ကျိုး နှင့် ရှောင်းမျန်မျန် တို့သည် တစ်ယောက်နှင့်တစ်ယောက် တွေ့လိုက်သည်နှင့် တပြိုင်နက် နှစ်ပေါင်းများစွာကြာအောင် အဆက်အသွယ်ပြတ်သွားသော သူငယ်ချင်းများကဲ့သို့ အချင်းချင်း ချက်ချင်း ဆုံတွေ့ကြသည်။


ရှောင်းမျန်မျန်က သူမ၏ ကလေးအသံဖြင့်ပြောလိုက်သည်။


 " ရှောင်ကျိုး၊ နင့်ကို ပြောပြမယ်။ ငါ့နာမည်ကို ပြောင်းလိုက်တယ်။ ငါ့နာမည်က ထုံမျန်မျန် မဟုတ်တော့ဘူး။ ငါက ရှောင်းမျန်မျန်ဖြစ်သွားပြီ  "


ရှောင်ကျိုး၏ ပါးစပ်သည် "O " ပုံသဏ္ဍာန်ဖြစ်သွားသည်။ ထို့နောက် သူသည် လူကြီးလေးတစ်ယောက်လို ရှောင်းမျန်မျန်၏ ခေါင်းကို ပုတ်လိုက်သည်။ 


" နင့်ရဲ့ မျိုးရိုးနာမည်က ဘာမှအရေးမကြီးဘူး။ နင်က အမြဲတမ်း ငါ့ရဲ့ မမ မျန်မျန်ဖြစ်နေမှာ "


ရှောင်းမျန်မျန်က အလွန်ပြုံးနေကာ သူမ၏မျက်လုံးများသည် လဆန်းများနှင့်တူညီ‌နေသည်။


 " ရှောင်ကျိုးက လိမ္မာတယ် "


ကလေးများ၏ စကားကို လူတိုင်းက ရယ်မောကြသည်။


ကြည်နူးစရာကောင်းသည့် ဖလှယ်မှုအပြီးမှာ ထုံရွှယ်လူက " အလုပ်နဲ့ ပတ်သက်ပြီး ရှင့်ကို ကျွန်မ ပြောချင်တာတစ်ခုရှိတယ်။ အခု ရှင် အဲ့ဒီအတွက် အချိန်ရှိလား "


စုယွဲ့ရှန်းက အနည်းငယ် အံ့အားသင့်သွားသော်လည်း လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။


" ရတယ်။ စာကြည့်ခန်းဆီ သွားရအောင် "


ထိုစကားပြောပြီးနောက် သူက ထရပ်ကာ ထုံရွှယ်လူကို သူ၏ စာကြည့်ခန်းသို့  လမ်းပြသည်။


ဆန့်ကျင်ဘက်လိင်များဖြစ်သောကြောင့် စာကြည့်ခန်း တံခါးကို အနည်းငယ် ဖွင့်ထားကြသည်။ ထူံရွှယ်လူသည်လည်း ထိုင်ခုံနေရာယူသည့်အခါ သူနှင့်ဝေးကွာသောနေရာတစ်ခုကို ရှာလိုက်သည်။


စုယွဲ့ရှန်းက " မင်း ကျွန်တော့်ကို ဘာပြောချင်တာလဲ ရဲဘော်ထုံ "