🍵Chapter 238
စုယွဲ့ရှန်း " မင်း ကျွန်တော့်ကို ဘာပြောချင်တာလဲ ရဲဘော်ထုံ "
ထုံရွှယ်လူ " လွန်ခဲ့တဲ့ရက်အနည်းငယ်က ကုန်တိုက်မှာ ကုရိလန်နဲ့ ထုံကျန်းကျန်းကို ကျွန်မ ဆုံခဲ့တယ်။ ထုံကျန်းကျန်းက ကျွန်မမွေးစားအမေရဲ့သမီးဖြစ်ပြီး မကြာသေးခင်က သူမကို မွေးမြူရေးခြံကို ပို့လိုက်တာနဲ့ ပတ်သက်မှုတစ်ခုရှိခဲ့တယ် "
စုယွဲ့ရှန်းသည် ထက်မြက်သူဖြစ်ပြီး ထိုစကားကိုကြားပြီးနောက် မျက်မှောင်ကြုတ်သွားခဲ့သည်။
" ထုံကျန်းကျန်းက ကျွန်တော့်မိန်းမကို ရည်ရွယ်ချက်ရှိရှိ ချဉ်းကပ်တယ်လို့ မင်းပြောနေတာလား "
" ဒါက ကျွန်မရဲ့ ခန့်မှန်းချက်တစ်ခုပါပဲ။ ပြီးတော့ သူမကို ဒီလိုလုပ်ဖို့ တစ်ယောက်ယောက်က ပြောခဲ့တာ ဖြစ်နိုင်တယ်လို့ ကျွန်မ ထင်တယ် "
" ဒီလိုမျိုး ဘယ်သူကလုပ်မှာလဲ "
" ဘဏ္ဍာရေးဌာနက ဝန်ကြီးယန် "
စုယွဲ့ရှန်းသည် ထိုနာမည်ကိုကြားသောအခါ အနည်းငယ် အံ့အားသင့်သွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
ထုံကျန်းကျန်းက ဆက်၍ပြောသည်။
" ထုံကျန်းကျန်းကို မွေးမြူရေးခြံကနေ နောက်ထပ်လအနည်းငယ်ကြာတဲ့ထိ လွှတ်ပေးရအုံးမှာမဟုတ်ဘူး။ သူမက မိခင်နှင့်သားကို ရေနစ်ခြင်းမှ ကယ်တင်လိုက်ချိန်မှာ အသက်ရှင်နေသော လိန်ဖုန်းအဖြစ် ပြောင်းလဲသွားခဲ့တယ်။ သူမရဲ့ အဲဒီအပြုအမူကို မျက်မြင်တွေ့ခဲ့သူက ဝန်ကြီးယန်ကလွဲလို့ တခြားသူမဟုတ်ဘူး "
ထုံရွှယ်လူက ထိုနေရာ၌ ရပ်တန့်လိုက်သည်။ ဤထက်ပို၍ သွားစရာလိုသည်ဟု သူမ မမြင်ချေ။
ယန်ရုံအန်းက သူ့မိန်းမကို သတ်ပစ်သည်ဆိုသည့် သံသယနှင့် ပတ်သက်ပြီး သူမ မည်သည်ကိုမျှ မပြောပြမည်မှာ သေချာသည်။ နောက်ဆုံး၌ သူမမှာ သက်သေအထောက်အထား မရှိပေ။
စုယွဲ့ရှန်းသည် ယန်ရုံအန်းအား သူမ ပြောသည့်စကားများကြောင့် စုံစမ်းမည် မဟုတ်ချေ။ သူမသည် စုယွဲ့ရှန်းကို ယန်ရုံအန်းအား စောင့်ကြည့်ရန် အကြောင်းပြချက်တစ်ခု ပေးရုံသာ လိုပြီး ထိုသည်က လုံလောက်မည်ဖြစ်သည်။
ကျန်ရှိသည်များအတွက်ကမူ သူတို့လုပ်ခဲ့သည်များမှာ နောက်ဆုံး၌ သူတို့ဆီသို့ ရောက်သွားလိမ့်မည်ဖြစ်သည်။ ရာဇ၀တ်မှုများအတွက် သူတို့ ပေးဆပ်ရမည့်အချိန် ရောက်လာမည်မှာ သေချာသည်။
အဆုံး၌ စုယွဲ့ရှန်းသည် အရည်အချင်းရှိသူတစ်ဦးဖြစ်သဖြင့် သူက ထုံရွှယ်လူ ၏သတင်းစကားကို ချက်ချင်းနားလည်သည်။
" ကျေးဇူးတင်ပါတယ် ရဲဘော်ထုံ။ ကျွန်တော် ရိလန်ကို ထုံကျန်းကျန်းနဲ့ နောက်ထပ်အဆက်အသွယ် မရအောင် တားလိုက်ပါမယ် "
ထုံရွှယ်လူက ယန်ရုံအန်းကို စောင့်ကြည့်ခြင်းနှင့် ပတ်သက်ပြီး ဘာကိုမှ မပြောသော်လည်း နှစ်ယောက်လုံး နားလည်ကြလေသည်။
ထုံရွှယ်လူက မတ်တပ်ရပ်ပြီး နှုတ်ဆက်ခါနီးမှာ တံခါးဘက်မှ အသံတစ်ခုထွက်လာသည်။
" ရဲဘော်ထုံ၊ ရှင်က ကျွန်မသားကို ကယ်တင်ခဲ့တဲ့လူဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမယ့် အဲဒါက ရှင့်ကို ကျွန်မ ဘဝထဲ ဝင်စွက်ဖက်ခွင့် ပေးတယ်လို့ မဆိုလိုပါဘူး။ ကျွန်မ ဘယ်သူနဲ့ သူငယ်ချင်းဖြစ်ဖို့ ရှင့် ခွင့်ပြုချက် မလိုအပ်ဘူး "
ကုရိလန်က အထဲသို့ ဝင်လာပြီး သူမ၏ မျက်နှာဖြူဖြူလေးက နီရဲနေသည်။ သူမ၏ အသံသည် ပျော့ပျောင်းပြီး နူးညံ့နေသေးသော်လည်း အလွန်စွပ်စွဲအပြစ်တင်သံရှိနေသေးသည်။
စုယွဲ့ရှန်းက " ရိလန် အဲဒါက မင်းထင်သလိုမဟုတ်ဘူး။ ရဲဘော်ထုံက ထုံကျန်းကျန်းက ကိုယ်တို့ သတိထားသင့်တဲ့ ပုဂ္ဂိုလ်ဖြစ်ကြောင်း ရိုးရိုးရှင်းရှင်း အသိပေးလိုခဲ့တာ "
ကုရိလန်က မျက်မှောင်ကြုတ်ပြီး ပြောသည်။
" ကျန်းကျန်းက အဲဒီလို လူမျိုးမဟုတ်ဘူး။ ဒါ့အပြင် သူမက ကျွန်မအရှေ့မှာ ရဲဘော်ထုံ နဲ့ ပတ်သတ်ပြီး မကောင်းတာ တစ်ခါမှ မပြောဖူးဘူး "
ထုံရွှယ်လူက သက်ပြင်းချလိုက်ပြီး ပြောသည်။
" ရဲဘော်စု၊ ရဲဘော်ကု၊ အဲဒီအချိန် ရောက်လာမယ်လို့ ကျွန်မ ယုံကြည်တယ်။ ကျွန်မမှာ ပြောစရာမရှိတော့ပါဘူး။ ဒါဆို ကျွန်မ ပြန်တော့ပါမယ် "
သူမသည် နောက်ဆုံးအကြိမ်တွင် ကုရိလန်၏ ရှေ့တွင် ထုံကျန်းကျန်း၏ ပုံစံအစစ်အမှန်ကိုပြသခဲ့ပြီး ကုရိလန်က အကွာအဝေးတစ်ခုကို ထားလိုခဲ့သည်။ သို့သော် သိပ်မကြာခင်မှာ သူမတို့နှစ်ယောက် ပြန်တွဲသွားကြသည်ကို သူမ တွေ့လိုက်ရသည်။
ထုံကျန်းကျန်းက ကုရိလန်အား မည်သည်များ ပြောခဲ့သည်ကို သူမ မသိ သော်လည်း ယခုအချိန်မှာတော့ ထုံရွှယ်လူသည် ကုရိလန်ကို ဦးနှောက်မရှိသူဟူ တံဆိပ်ကပ်ထားနှင့်ပြီးသားဖြစ်သည်။
သိူ့သော် သူမ ဒေါသထွက်နေသည့်အချိန်၌ ရှင်းပြရန်လည်း အကြောင်းမရှိပေ။
ထို့ကြောင့် သူမ စိတ်အနှောင့်အယှက်ဖြစ်မည်မဟုတ်ပေ။
ထုံရွှယ်လူက လှည့်ကာ ထွက်သွားသည်။
စုယွဲ့ရှန်းက မျက်နှာပျက်သွားသည်။ " မင်း ပြောတဲ့စကား မင်းကိုယ်တိုင် ကြားရဲ့လား။ ရဲဘော်ထုံက ရှောင်ကျိုးအသက်ကို ကယ်တင်ပေးခဲ့တဲ့သူ။ မင်း သူမကို အဲဒီကိစ္စအတွက် ဒီလိုပုံစံနဲ့ ပြောလို့မရဘူး "
ကုရိလန်ကို စုယွဲ့ရှန်းက တစ်ခါမှ မအော်ခဲ့ဖူးချေ။ သူမသည် မျက်ရည်များ ကျလာသည်။
" ရှင်က တခြားမိန်းမအတွက်နဲ့ ကျွန်မကို ဆူတယ်။ ဝူး…"
စုယွဲ့ရှန်၏ မျက်မှောင်ကြုတ်က ပို၍ ပြင်းထန်လာသည်။ " မင်း ပါးစပ်မဖွင့်ခင် အရင်တွေးကြည့်လို့ ရမလား။ မင်းပြောပုံဆိုပုံနဲ့ တစ်ယောက်ယောက်သာကိုယ်တို့ ပြောနေတာကို ကြားသွားမယ်ဆိုရင် ရဲဘော်ထုံနဲ့ ကိုယ် အကြား တစ်ခုခုရှိနေတယ်လို့ ထင်သွားကြလိမ့်မယ် "
ကုရိလန်သည် သူမ၏မျက်နှာကို ဖုံးကွယ်ကာ ငိုကြွေးသည်။
" မဟုတ်ဘူး၊ ရှင် မလုပ်ဘူး။ ဒါပေမယ့် သူမ အကြောင်း ဘယ်သူသိမလဲ "
စုယွဲ့ရှန်းသည် ဤတစ်ကြိမ်တွင် အမှန်တကယ်ပင် ဒေါသထွက်သွားသည်။
" ပါးစပ်ပိတ်လိုက်စမ်း ကုရိလန် "
ကုရိလန်က ထိတ်လန့်သွားပြီး သူ့မျက်နှာက ဖြူဖျော့သွားသည်။
" ကျွန်မ ပါးစပ်မပိတ်နိုင်ဘူး။ အကယ်၍ သူမသာ ရှင့်အပေါ် ရည်ရွယ်ချက်တစ်စုံတစ်ရာမရှိခဲ့ရင် သူမက ကျွန်မတို့အိမ်ကို မကြာခဏ လာပြီး ရှင့်အကြောင်း ဘာလို့ အမြဲမေးနေမှာလဲ။ ပြီးတော့ ရှင်ပြန်ရောက်လာတာနဲ့ သူမက ရောက်လာ......"
ဘန်း။
စုယွဲ့ရှန်းသည် စားပွဲပေါ်မှ ကြွေခွက်ကို ကိုင်လိုက်ပြီး ကြမ်းပြင်ပေါ်သို့ ရိုက်ခွဲလိုက်သည်။
အခန်းက တိတ်ဆိတ်သွားလေသည်။
ထုံရွှယ်လူ၏ အခန်းတွင်းမှ စကားပြောသံကို ကြားလိုက်ရပြီး သူမ၏ နှုတ်ခမ်းများသည် အေးစက်စွာ တောင့်တင်းသွားသည်။
သူမ စိတ်ပူနေခဲ့သည့်အရာက မည်သို့ပင်ဖြစ်စေ ဖြစ်ပွားမည်ပင်။
သူမသည် စုယွဲ့ရှန်နှင့် ခပ်ဝေးဝေးတွင် ရည်ရွယ်ချက်ရှိရှိ အကွာအဝေးတစ်ခု ထားခဲ့သော်လည်း တစ်ခုခုကို မြင်လိုသောသူများ၏ မျက်လုံးများတွင် သူတို့ မြင်လိုသည့်အရာကိုသာ မြင်နိုင်ကြသည်။
[ အသက်ရှင်နေသော လိန်ဖုန်း - ကိုယ်ကျိုးမကြည့်ဘဲ တခြားသူများကို ကူညီသူဆိုပြီး ပြောတဲ့အခါသုံးကြပါတယ်။ လိန်ဖုန်းက မော်စီတုန်းရဲ့ ဝါဒဖြန့်မှုတွေမှာ စံပြနိုင်ငံသားအဖြစ်သတ်မှတ်ခံရတဲ့စစ်သားရဲ့နာမည်ပါ]
အဖေစုတို့လင်မယားက ရန်ဖြစ်သံများကြောင့် ပြေးဆင်းလာကြသည်။
“ရဲဘော်ထုံ ရှောင်ကျိုးမိဘတွေက ဘာလို့ရန်ဖြစ်နေကြတာလဲ ဘာဖြစ်သွားလို့လဲ”
ထုံရွှယ်လူ:“ အာ....အဲ့ဒါကို ရဲဘော်စုကိုပြောပြခိုင်းလိုက်တာက အကောင်းဆုံးလို့ထင်ပါတယ် အခုကနောက်ကျနေပြီ ကျွန်မကလည်းအလုပ်ကိုပြန်သွားရဦးမှာဆိုတော့ မျန်မျန်နဲ့အတူပြန်နှင့်လိုက်ပါမယ်”
သူ့မိဘများ၏ရန်ဖြစ်သံများကိုကြားသောအခါ ရှောင်ကျိုးက ကြောက်သွားပြီးမျက်လုံးများနီရဲလာသည်။
မျန်မျန်ပြန်တော့မည်ကိုမြင်သောအခါ သူက မျန်မျန်ဆီပြေးပြီးပြောလာ၏။
“မမမျန်မျန် သားနဲ့ နောက်တစ်ခါလာကစားဦးနော် အခုတော့ ရှောင်ကျိုးက အဖေနဲ့အမေကို သွားနှစ်သိမ့်လိုက်ဦးမယ်”
မျန်မျန်ကခေါင်းညိတ်ပြလိုက်သည်။
“အင်းပါ နင်မြန်မြန်သွားလိုက်”
ထုံရွှယ်လူကတော့ သူမစိတ်ထဲတွင်သူတို့က စုမိသားစုအိမ်ကို နောက်တစ်ခါဘယ်တော့မှ အလည်လာတော့မည်မဟုတ်ကြောင်း တွေးလိုက်သည်။
သူမပြန်သွားပြီးနောက်တွင် စုယွဲ့ရှန်းတို့လင်မယားက အဆင်ပြေသွားလား၊ သို့မဟုတ် ကုရိလန်က ထုံကျန်းကျန်းက အကွာအဝေးတစ်ခုထားပြီးနေမှာလားဆိုတာကိုတော့ မသိနိုင်ချေ။
သူမနေရာသို့ပြန်ရောက်သောအခါ ထုံရွှယ်လူက အနောက်မြောက်ဘက်စစ်တပ်မှ သူမအဖိုးကိုဖုန်းဆက်ပြီး ထုံကျန်းကျန်းအကြောင်းပြောပြလိုက်သည်။
ဗိုလ်မှူးရှောင်ူက သူမကိုစိုးရိမ်စရာမလိုကြောင်း၊ သူက ယန်ရုံအန်းကိုစောင့်ကြည့်ရန်အတွက် လူတစ်ယောက်လွှတ်ထားလိုက်မည့်အကြောင်း အာမခံလာသည်။
သို့သော် ဗိုလ်မှူးရှောင်းကအနောက်မြောက်စစ်တပ်ထဲတွင်ရှိနေပြီး စစ်တပ်နှင့် အစိုးရစီမံခန့်ခွဲမှုတို့သည် အချင်းချင်းစည်းခြားထား၏။ သူ့အတွက် လူတစ်ယောက်ကိုစောင့်ကြည့်ခိုင်းထားရန်မှာမလွယ်ပေ။ တစ်ခုခုဖြစ်ပါက ဝင်စွက်ဖက်ချင်လျှင်တောင် သူ့အတွက်အတော်လေးခဲယဉ်းပေသည်။
မည်သို့ပင်ဖြစ်စေ သူမက သူမတတ်နိုင်သလောက်အကုန်လုပ်ပြီးသွားပြီဖြစ်သည်။ ဒီထက်ပိုပြီးလည်း သူမဘာမှမလုပ်နိုင်တော့ပေ။
စုမိသားစု၏ကိစ္စက နှစ်ပတ်ကြာသည်အထိ ဆက်ဖြစ်နေဆဲပင်။
စုယွဲ့ရှန်းနှင့် ကုရိလန်တို့ကအဖမ်းခံလိုက်ရပြီး စုမိသားစုရော ကုမိသားစုပါစစ်ဆေးခံနေရသည်။
ထုံရွှယ်လူက စုမိသားစု၏ကိစ္စကို သူမအဖိုးဆီမှမသိရသလို ဖန်ဝမ်ယွမ်ဆီမှသိသွားခြင်းလည်းမဟုတ်ပေ။ သူမသိသွားရသည်မှာ သူမကိုစုံစမ်းရေးတွင်ကူညီပေးရန်အတွက် မေးမြန်းလာသောကြောင့်ဖြစ်သည်။
ထိုနေ့နေ့လယ်တွင် စားသောက်ဆိုင်က ပုံမှန်အတိုင်းဖွင့်လှစ်ထားခဲ့သည်။
စားဖိုမှူးလွီက ဝမ်းပျက်ဝမ်းလျှောဖြစ်ကာ ခွင့်ယူထားသောကြောင့် ထုံရွှယ်လူက စားဖိုမှူးမုန့်နှင့်အတူ မီးဖိုချောင်ထဲ၌ ဝင်ချက်ပြုတ်ခဲ့သည်။
ဒီနေ့တွင် ထုံရွှယ်လူကိုယ်တိုင်ချက်ပေးနေသည်ကို လူအများပြားကမြင်သွားပြီး ဟင်းလျာများကို အနည်းငယ်ထပ်မှာလာကြသည်။ဒီလိုအခွင့်အရေးမျိုးက နောက်တစ်ကြိမ်ထပ်ရောက်လာမှာလားဆိုတာ ဘယ်သူကပြောနိုင်မှာလဲ။
ရုတ်တရက်ပင် အပြင်မှလူအုပ်တစ်အုပ်ဝင်လာ၏။
စားသောက်ဆိုင်ကို နေရာချဲ့ထားသောကြောင့် စားသုံးသူများက အပြင်ဘက်တွင် စောင့်စရာမလိုတော့ပေ။
သူတို့က အထဲတွင်ဝင်စောင့်နိုင်၏။သို့သော် ဤလူအုပ်ကမူ ဆိုင်ထဲသို့ရောက်ရောက်ချင်းပင် ထုံရွှယ်လူဘယ်မှာရှိလဲမေးလာလေသည်။
သူတို့၏အရှိန်အဝါများက မုန့်ချင်းချင်းကိုတုန်လှုပ်သွားစေသည်။ သူမက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ဖြေလိုက်သည်။
“မန်နေဂျာထုံက မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေပါတယ်”
ထိုလူများက မီးဖိုချောင်ဆီသို့ ဦးတည်လိုက်ကြသည်။
စားသုံးသူတစ်ချို့က မကျေမနပ်ဖြစ်လာကြသည်။
“ဒီလူတွေကဘယ်သူလဲ သူတို့ကဘာလို့မီးဖိုချောင်ထဲကို တန်းဝင်သွားနိုင်တာလဲ”
သူ့သူငယ်ချင်းက အလျင်အမြန်ပင် တံတောင်နှင့်တွတ်လာ၏။
“မင်းအမေက မင်းကိုစကားကောင်းကောင်းမပြောတတ်ရင် ဘာမှမပြောနဲ့လို့မဆုံးမဖူးဘူးလား အဲ့ဒီသူတွေကသာမာန်လူမျိုးမဟုတ်တာကို မင်းမမြင်ဘူးလား”
ထိုလူများက တရုတ်စစ်အင်္ကျီအရှည်များဝတ်ထားကာ အလွန်ခက်ထန်နေ၏။အသိအသာပင် သူတို့ကအရေးကြီးသောသူများဖြစ်သည်။
တစ်ချို့စားသုံးသူများက လန့်သွားပြီး စားစရာများကိုအမြန်အပြီးသတ်ကာ ဆိုင်ထဲမှထွက်ပြေးသွားကြသည်။ သူတို့ကနေရင်းထိုင်ရင်း ဒုက္ခမရောက်ချင်ပေ။
လူအများစုက စိတ်လှုပ်ရှားစရာကြည့်ရန်အတွက် ဆက်နေခဲ့ကြသည်။
ထိုလူများ မီးဖိုချောင်ထဲသို့ရောက်လာသောအခါ ထုံရွှယ်လူက မျှစ်နှင့်ဝက်သားကြော်လုပ်နေ၏။
မျှစ်နှင့်ဝက်သားကြော်သည် လူသိများသောဟင်းပွဲတစ်ခုဖြစ်ပြီး ဘာခက်ခက်ခဲခဲမှမလုပ်ရပေ။သို့သော် မျှစ်များကဈေးမကြီးဘဲ ကြွပ်ရွသောကြောင့် လူအတော်များများက ဒီဟင်းပွဲကိုသာမှာကြသည်။
ဒယ်အိုးထဲတွင် ဟင်းခတ်အမွှေးအကြိုင်များကို ထည့်လိုက်သောအခါ အနံ့က မီးဖိုချောင်ထဲ၌ ပျံ့နှံ့နေ၏။ ထိုလူများဝင်လာသောအခါ ဤအနံ့ကိုရလိုက်ကြသည်။သူတို့အားလုံးက အလိုအလျောက်တံတွေးမြိုချလိုက်ကြသည်။
“ရဲဘော်ထုံရွှယ်လူကဘယ်သူပါလဲ”
အဖွဲ့ခေါင်းဆောင်က မေးလိုက်သည်။
ထုံရွှယ်လူကခေါင်းမော့ကာ ထိုလူကိုတစ်ချက်ကြည့်ပြီး တည်ငြိမ်စွာပြန်ဖြေလိုက်သည်။
“အဲ့ဒါက ကျွန်မပါ ရှင်ကရော”
ခေါင်းဆောင်ကပြန်ဖြေသည်။
“ကျွန်တော်တို့က ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနရဲ့ နိုင်ငံရေးဗျူရိုဌာနကပါ ရဲဘော်ထုံရွှယ်လူကို ကျွန်တော်တို့နဲ့အတူ စုံစမ်းရေးမှာပူးပေါင်းပါဝင်စေချင်ပါတယ်”
ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနရဲ့ နိုင်ငံရေးဗျူရိုဌာနကသူတွေက ...ဒီကိုရောက်လာတယ်!