🍵Chapter 239
ထိုစကားကိုကြားကြားချင်းပင် မီးဖိုချောင်ထဲမှသူများက ပင့်သက်ရှိုက်လိုက်မိကြသည်။
ရှောင်ထျန်းဆိုလျှင် ကြောက်လန့်ပြီး ခြေထောက်များခွေလာကာ ကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားသည်။
ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ နိုင်ငံရေးဗျူရိုသည် ပြည်သူ့လုံခြုံရေးဌာနတစ်ခုလုံး၏ ထောက်လှမ်းစစ်ဆေးရေးဌာနဖြစ်သည်။ထို့ကြောင့် ထိုနာမည်ကိုကြားသောအခါ မီးဖိုချောင်ထဲမှသူများ ကြောက်သွားကြသည်မှာမဆန်းပေ။
ထုံရွှယ်လူက ဒယ်အိုးထဲမှဝက်သားနှင့်မျှစ်ကြော်ကို ပန်းကန်ထဲသို့ထည့်လိုက်သည်။
“ကောင်းပါပြီ ကျွန်မရှင်တို့နဲ့လိုက်ခဲ့မယ်”
ထိုသို့ပြောပြီးနောက် သူမက စားဖိုမှူးမုန့်တို့ကိုဘာမှမပြောဘဲ ထိုလူများနောက်မှလိုက်သွားလိုက်သည်။
သူတို့က သူမကိုဘာကြောင့်လာရှာလဲမသိသော်ငြား အခုချိန်တွင်သူမ၏လှုပ်ရှားမှုတိုင်းက သူတို့၏မျက်လုံးအောက်တွင်ရှိနေသဖြင့် မဆိုင်သည့်သူများမထိခိုက်စေရန်အတွက် စကားကိုတတ်နိုင်သမျှမပြောဘဲနေလိုက်သည်။
အပြင်ဘက်မှသူများက လည်ပင်းကိုဆန့်ကာ မီးဖိုချောင်ထဲသို့ကြည့်နေကြသည်။သူတို့က မီးဖိုချောင်ထဲတွင်ဖြစ်ပျက်နေသည်များကိုသိနိုင်ရန် အကြားအမြင်ရနေဖို့တောင် ဆုတောင်းမိကြသည်။
မကြာခင်မှာဘဲ ထုံရွှယ်လူက ထိုလူများနှင့်အတူ အထဲမှပြန်ထွက်လာရာ ဆိုင်တစ်ခုလုံးကတိတ်ဆိတ်သွား၏။
ထုံရွှယ်လူက တုံ့ဆိုင်းမှုမရှိဘဲ ဆိုင်ထဲမှတည်ငြိမ်စွာထွက်သွားလေသည်။
သူတို့ထွက်သွားပြီးသောအခါ စားသောက်ဆိုင်က ချက်ချင်းပင်ပွက်လောရိုက်သွားသည်။
“ဘုရားရေ မန်နေဂျာထုံကိုခေါ်သွားပြီ၊ သူကတရားမဝင်တာတစ်ခုခုလုပ်ထားလို့များလား”
“ဖြစ်တော့ဖြစ်နိုင်တယ်၊ အဲ့ဒီမိန်းကလေးက ဒီလိုအသက်ငယ်ငယ်လေးမှာ ပထမအဆင့်စားသောက်ဆိုင်ရဲ့ မန်နေဂျာဖြစ်လာတာ သေချာပေါက် တစ်ခုခုတော့ရှိလိမ့်မယ်”
“မင်းကဘာပြောချင်တာလဲ မင်းမှာအတွင်းသတင်းရှိလို့လား”
“အဲ့ဒါကပြောရခက်သား......”
“မင်းအမေ***ကိုပြောရခက်တာလား”
စားဖိုမှူးမုန့်က မီးဖိုချောင်မှထွက်လာပြီး ကျားရိုင်းလိုမျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
“ငါသတိပေးလိုက်မယ် မင်းကမဟုတ်တမ်းတရားတွေပြောပြီး မန်နေဂျာထုံကိုနာမည်ဖျက်ရဲလို့ရကတော့ ငါကအရင်ဆုံးမင်းကိုအလွှတ်ပေးမှာမဟုတ်ဘူး”
ကောင်းချွန်းယွီကလည်း ခါးထောက်ပြီး ထိုယောက်ျားကိုလက်ညှိုးထိုးကာ ကျိန်ဆဲလိုက်သည်။
“ဘယ်လို**ဟာတွေလဲ ရှင်ကမန်နေဂျာထုံရဲ့ ဘာအတွင်းရေးကိစ္စကိုသိတာလဲ၊ မပြောပြနိုင်ရင် ဒီနေ့ဒီတံခါးကမထွက်သွားရဘူး”
ထိုယောက်ျားက အမှန်တော့ဘာမှမသိပေ။
သူက ထုံရွှယ်လူလိုအမျိုးသမီးတစ်ယောက်က ဆိုင်မန်နေဂျာဖြစ်နေသည့်အပေါ် မနာလိုဖြစ်ကာ လက်မခံနိုင်ခြင်းဖြစ်သည်။ အခုချိန်ထုံရွှယ်လူက ကံမကောင်းတော့သဖြင့် သူက အခွင့်ရလာ၍သူမအပေါ် နင်းချေလိုက်ခြင်းဖြစ်သည်။
သူကတမင်တကာ သိသလိုပြောလိုက်ခြင်းဖြစ်၏။ လူတိုင်း၏အာရုံစိုက်မှုက သူ့အပေါ်သို့ရောက်လာသည်ကိုမြင်သောအခါ ရုတ်တရက်ပင် ‘ငါကအံ့ဩဖို့ကောင်းလိုက်တာ’ဟူသောခံစားချက်မျိုးရလာပြီး ဂုဏ်မောက်သွားသည်။ စားသောက်ဆိုင်မှသူများက ထုံရွှယ်လူဘက်မှကူပြောလာမည်ဟု မထင်ထားခဲ့ပေ။
ဤအချိန်တွင် စားဖိုမှူးမုန့်က ပြင်းထန်စွာစိုက်ကြည့်နေသလို ကောင်းချွန်းယွီကလည်း သူ့ကိုလက်ညှိုးငေါက်ငေါက်ထိုးကာ ကျိန်ဆဲနေ၏။သူကချက်ချင်းပင်ထရပ်လိုက်ပြီး စားစရာတောင်မမှာတော့ဘဲ ထွက်ပြေးသွားလေသည်။
ထိုလူထွက်ပြေးသွားသည်ကိုမြင်သောအခါ စားဖိုမှူးမုန့်က လူအုပ်အားကြည့်ကာပြောလိုက်သည်။
“မန်နေဂျာထုံက ဘာမမှန်ကန်တာမှမလုပ်ထားဘူး သူမကိုစုံစမ်းရေးမှာပူးပေါင်းပါဝင်ပေးဖို့အတွက်ဘဲခေါ်သွားတာ၊ မင်းတို့တွေအပြင်မှာပေါက်ကရလိုက်ပြောလို့ကတော့ ပြည်သူ့လုံခြုံရေးဗျူရိုက လက်ဖက်ရည်ခေါ်တိုက်မယ့်အချိန်ကိုသာ စောင့်နေလိုက်ကြ”
ထိုစကားကိုကြားသောအခါ လူတိုင်း သိချင်စိတ်မရှိတော့ဘဲ စိုးရိမ်မှုများသာကျန်နေခဲ့သည်။
သူတို့က ဤအရှုပ်အထွေးထဲဆွဲထည့်ခံလိုက်ရမှာကို စိုးရိမ်သဖြင့် ပါးစပ်ပိတ်သွားကာ ဘာမှမပြောရဲတော့ပေ။
နောက်ဆုံးသောစားသုံးသူထွက်သွားသောအခါ စားဖိုမှူးမုန့်က ဆိုင်ထဲမှသူများကိုပြောလိုက်သည်။
“အားလုံးဘဲ မန်နေဂျာထုံက ငါတို့အပေါ်ဘယ်လိုဆက်ဆံတယ်ဆိုတာကိုသိကြမယ်လို့ ငါယုံတယ်၊ မန်နေဂျာထုံအတွက်ဖြစ်စေ၊မင်းတို့အတွက်ဘဲဖြစ်စေ ဒီနေ့မှာဖြစ်ခဲ့တဲ့ကိစ္စတွေကို လျှောက်မပြောဘူးလို့ မျှော်လင့်ပါတယ် မိသားစုဝင်တွေကိုတောင်မှမပြောပါနဲ့”
ကောင်းချွန်းယွီက ရင်ဘတ်ကိုအုပ်ကာ ပြန်ဖြေလာသည်။
“စားဖိုမှူးမုန့် စိတ်မပူပါနဲ့ ကျွန်မအာမခံတယ် ဒီနေ့ဒီတံခါးကထွက်သွားပြီးတာနဲ့ မန်နေဂျာထုံအကြောင်း လုံးဝကိုမပြောပါဘူး”
မုန့်ချင်းချင်းနှင့် ကျန်လူများကလည်း ဘာမှပြောမည်မဟုတ်ကြောင်း အလျင်အမြန်ပြောလာကြသည်။
ဤအချိန်တွင် ထုံရွှယ်လူ၏ သူတို့အပေါ်မျှမျှတတဆက်ဆံမှုများနှင့် ဘောနပ်စ်များဆုချခဲ့ခြင်းသည် အလွန်အရေးကြီးသောနေရာတစ်ခုမှပါဝင်လာခဲ့သည်။
လူတိုင်း၏မျက်လုံးထဲတွင် ထုံရွှယ်လူကအသက်ငယ်သော်လည်း အလွန်အရည်အချင်းရှိကာ ပေါင်းရသင်းရလည်းလွယ်ကူ၏။သူတို့က ဒီစားသောက်ဆိုင်တွင် အလုပ်စလုပ်ကတည်းက တစ်ခါမှဒေါသမထွက်ခဲ့ရသလို လုပ်ဖော်ကိုင်ဖက်အချင်းချင်း ရန်ဖြစ်တာမျိုးလည်းမရှိပေ။
အခုချိန်တွင် သူတို့ကထုံရွှယ်လူဒုက္ခမရောက်စေရန်သာ မျှော်လင့်နေကြသည်။ အကယ်၍မန်နေဂျာအသစ်ရောက်လာပါက သူတို့ယခုဆက်ဆံခံနေရသလိုမျိုး ဆက်ဆံခံရတော့မည်မဟုတ်ပေ။
စားဖိုမှူးမုန့်က ခေါင်းညိတ်လိုက်သည်။
“အားလုံး ကိုယ်ပြောတဲ့အတိုင်းလုပ်ကြမယ်လို့ မျှော်လင့်ပါတယ် တစ်ယောက်ယောက်သာ နှစ်ဖက်ချွန်လုပ်ရဲလို့ကတော့ ငါကလွယ်လွယ်နဲ့အလွှတ်ပေးမှာမဟုတ်ဘူး”
လူတိုင်းက ဘာမှပြောမည်မဟုတ်ကြောင်း ထပ်၍အာမခံလာကြသည်။
ဤအချိန်တွင် ထုံရွှယ်လူကလည်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ နိုင်ငံရေးဗျူရိုဌာနသို့ရောက်လာသည်။
ဤနေရာသည် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏အခြေစိုက်ရာနေရာဖြစ်သည်။ အခုကိစ္စကအလွန်ရုတ်တရက်ဆန်လွန်းသဖြင့် နန်မြို့တော်ပြည်သူ့လုံခြုံရေးဗျူရိုမှ ဖူကျန့်ယိက သူမအခေါ်ခံသွားရသည်ကိုမသိပေ။ အကယ်၍သူသိလျှင်တောင်မှ လုပ်နိုင်တာဘာမှမရှိပေ။
ထုံရွှယ်လူကို စစ်ဆေးရေးအခန်းထဲသို့ ခေါ်သွားကြသည်။ တံခါးတစ်ခုမှလွဲလျှင် ထိုအခန်းက ပြတင်းပေါက်တစ်ခုတောင်မရှိပေ။
အခန်းထဲတွင် ထိုင်ခုံများနှင့်စားပွဲခုံတစ်ခုရှိသည်။
ထုံရွှယ်လူအထဲသို့ရောက်သောအခါ သူတို့က သူမကိုထိုင်ခုံတွင်ထိုင်ခိုင်းလာသည်။
ထို့နောက် သူမကိုခေါ်လာသောသူက ချက်ချင်းထွက်သွားပြီး အခန်းထဲတွင် သူမကိုစောင့်ကြည့်ရန်အတွက် လူနှစ်ယောက်ကျန်ခဲ့၏။
ဤအချိန်မှသာ ထုံရွှယ်လူကဖြစ်ပျက်ခဲ့သည်များကို ပြန်စဉ်းစားလိုက်သည်။
သူမရင်ထဲတွင် ခန့်မှန်းချက်တစ်ချို့တော့ရှိပြီးသားဖြစ်သည်။ ဤကိစ္စက ထုံကျန်းကျန်းနှင့်ယန်ရုံအန်းတို့၏လက်ချက်ဖြစ်နိုင်သည်။သို့သော် သူတို့ဘာလုပ်ထားသည်ကို သူမမသိနိုင်ပေ။
သူမက သူတို့သည် သူမအဖိုးနှင့်ဝမ်ရူကွေ့တို့ကြောင့်ဖြစ်နေမှာကို စိုးရိမ်မိသည်။သို့သော် သေချာတွေးကြည့်လိုက်ပြီးနောက်တွင် သူမအဖိုးကို ဖယ်လိုက်သည်။
အကယ်၍ဗိုလ်မှူးရှောင်းဘက်တွင်သာ တစ်ခုခုဖြစ်သွားပါက သူမအပေါ်ဤလူများ၏ဆက်ဆံမှုသည် ခုနကလိုမျိုးကောင်းနေမည်မဟုတ်ပေ။ သူမကို ဤကဲ့သို့တစ်ယောက်တည်းလွှတ်ထားပေးမည်မဟုတ်ပေ။
သို့သော် ဝမ်ရူကွေ့ကမူဖြစ်နိုင်၏။ထုံကျန်းကျန်းက ဝမ်ရူကွေ့အကြောင်းကိုပြောခဲ့ဖူးသည်။
သူမနှလုံးသားက မြင့်လိုက်နိမ့်လိုက်ဖြစ်နေချိန်မှာပင် သံတံခါးကပြန်ဖွင့်လာပြီး တရုတ်ကုတ်အရှည်အနက်ကိုဝတ်ထားသည့် လူနှစ်ယောက်က အထဲဝင်လာသည်။
အရှေ့ဘက်မှယောက်ျားသည် အသက်လေးဆယ်၊ငါးဆယ်လောက်ရှိမည်ထင်ရသည်။သူ့မျက်နှာက တရုတ်လူမျိုးပီသကာ စူးရှသောမျက်လုံးများရှိ၏။
အနောက်ဘက်မှယောက်ျားကလည်း အသက်အတူတူလောက်ပင်၊ ထိုသူပ အရပ်ရှည်ကာ ခန္ဓာကိုယ်ပိန်ပါးပြီး မျက်နှာသေနှင့် ဖြူဖျော့နေ၏။သူ့မျက်ခုံးများက မျက်လုံးအစွန်ထိရောက်ကာ အလွန်ကြင်နာမည့်ပုံဖြစ်သည်။
သူတို့နောက်တွင် အလွန်ငယ်သောယောက်ျားတစ်ယောက်က မှတ်စုစာအုပ်နှင့်ဖောင်တိန်ကိုကိုင်ထား၏။ သူကစာရွက်စာတမ်းများကိုကိုင်တွယ်ရသည့်အတွင်းရေးမှူးနှင့်တူ၏။
သူတို့နှစ်ယောက်က သူမနှင့်မျက်နှာချင်းဆိုင်တွင်ထိုင်ပြီး လေးနက်သောယောက်ျားက သူ့ကိုယ်သူမိတ်ဆက်လာသည်။
“ကျွန်တော်ကဝူကျိုးပါ နိုင်ငံရေးဗျူရိုဌာနရဲ့ခေါင်းဆောင်ပေါ့၊ ဒါကတော့နိုင်ငံရေးဗျူရိုဌာနကအရာရှိ ဝမ်ရိဟယ်ပါ”
ထုံရွှယ်လူက တည်ငြိမ်စွာပြန်နှုတ်ဆက်လိုက်သည်။
“မင်္ဂလာပါ”
သူမ၏တည်ငြိမ်မှုကိုမြင်သောအခါ ဝူကျိုးကသူမကို အထင်ကြီးစွာကြည့်လာသည်။
“ရဲဘော်ထုံ ကျွန်တော်တို့မင်းကိုခေါ်လိုက်ရတာက ကျွန်တော်တို့နဲအတူ စုံစမ်းစစ်ဆေးရေးမှာ ပူးပေါင်းစေချင်လို့ပါ”
ထုံရွှယ်လူကလေးနက်စွာပြန်ဖြေလိုက်သည်။
“ကျွန်မအနေနဲ့ အပြည့်အဝပူးပေါင်းပေးမှာပါ”
ဝူကျိုးက သူမ၏စရိုက်ကြောင့် စိတ်ကျေနပ်သွားသည်။
“ရဲဘော်ထုံက ရဲဘော်စုယွဲ့ရှန်းနဲ့ ကုရိလန်တို့ကိုသိပါသလား”
ထုံရွှယ်လူရင်ထဲတွင် ဒိတ်ခနဲဖြစ်သွားသည်။ဒီကိစ္စက စုမိသားစုနဲ့ဆိုင်နေမယ်လို့ မထင်ထားဘူး။
သူမက ခေါင်းညိတ်ပြလိုက်သည်။
“သိပါတယ် ကျွန်မက ပြီးခဲ့တဲ့နှစ်စက်တင်ဘာလောက်မှာ ပြန်ပေးသမားတွေဆီက ကောင်လေးတစ်ယောက်ကို ကယ်ခဲ့ဖူးတယ် နောက်ပိုင်းမှာမှ သူကရဲဘော်စုယွဲ့ရှန်းနဲ့ ကုရိလန်တို့ရဲ့ကလေးဆိုတာသိလိုက်ရတာပါ”
ဝူကျိုးကဆက်မေးသည်။
“ရဲဘော်ထုံက သူတို့နှစ်ယောက်နဲ့ နောက်ဆုံးအကြိမ်တွေ့ခဲ့တာ ဘယ်တုန်းကလဲ”
ထုံရွှယ်လူက သေချာပြန်တွေးကြည့်လိုက်သည်။
“လွန်ခဲ့တဲ့ လဝက်လောက်က...မေလ၂၅ရက်နေ့မှာပါ၊ အဲ့ဒီနေ့က တနင်္ဂနွေနေ့ ကျွန်မရဲ့ညီမလေးနဲ့အတူ စုအိမ်ကိုအလည်သွားတာပါ ရဲဘော်စုရဲ့သားရှောင်ကျိုးကို ကျွန်မကယ်လိုက်ကတည်းက ကျွန်မတို့မိသားစုနှစ်ခုက နီးစပ်လာကြတယ်”
ဘေးမှအတွင်းရေးမှူးက သူမပြောသမျှကို ချရေးလိုက်သည်။
ဝူကျိုးကခေါင်းညိတ်လိုက်သည်။
“အဲ့ဒီအချိန်တုန်းက ဘာထူးခြားတာများ ဖြစ်ခဲ့သေးလဲ”
ထိုမေးခွန်းကိုကြားကြားချင်းပင် သူတို့ကအရာအားလုံးကိုရှင်းလင်းစွာစုံစမ်းပြီးပြီဖြစ်ကြောင်း သူမသိလိုက်သည်။ အကယ်၍သူမသာ ဒီအချိန်တွင် နည်းနည်းလေးဖြစ်ဖြစ်ဖုံးကွယ်ထားလိုက်ပါက ဒုက္ခရောက်သွားနိုင်သည်။
ထို့ကြောင့်သူမက ထိုနေ့တွင်ဖြစ်ပျက်ခဲ့သည်များကို လိမ္မာပါးနပ်စွာပြောပြလိုက်သည်။ ယန်ရုံအန်းနှင့် ပတ်သက်သည့်အကြောင်းများကိုတော့ လျှို့ဝှက်ထားလိုက်သည်။
စုယွဲ့ရှန်းကလည်း ယန်ရုံအန်းအကြောင်း ပြောပြလိုက်လား သူမမသိရပေ။ ထိုသို့မဖြစ်စေရန် သူမရင်ထဲ၌ဆုတောင်းလိုက်သည်။မဟုတ်ပါက သူမကတကယ်ပြသနာတက်သွားလိမ့်မည်။
ကံကောင်းထောက်မစွာဖြင့် သူမက ကံမဆိုးနေသလို စုယွဲ့ရှန်းကလည်းအရူးမဟုတ်ပေ။
ဝူကျိုးက သူမပြောပြသည်များကိုနားထောင်ပြီးသောအခါ သူ့အမူအရာက သိပ်မပြောင်းသွားပေ။
“ဒါဆို အဲ့ဒီနေ့က ကုရိလန်က မင်းနဲ့ရဲဘော်စုကို အရှုပ်အထွေးတစ်ခုရှိနေတယ်လို့ သံသယဝင်လို့ သူတို့လင်မယားက ရန်ဖြစ်ကြတာလား”
ထုံရွှယ်လူက အမှန်ပြင်ပေးလာသည်။
“အဲ့ဒါကအထင်လွဲတာပါ၊ ကျွန်မနဲ့ရဲဘော်စုက အချင်းချင်းသိတာ နှစ်ဝက်ကျော်ပြီဆိုပေမယ့် သူနဲ့တွေ့တဲ့အကြိမ်က လက်ချိုးရေလို့တောင်ရပါတယ်”
“ပြီးတော့ ကျွန်မက ကျွန်မရဲ့ခင်ပွန်းလောင်းနဲ့ မေလမှာမှ စေ့စပ်ထားတာပါ၊ ကျွန်မတို့အချင်းချင်းအရမ်းချစ်ကြပါတယ်၊ ကျွန်မတို့က တိုင်းပြည်ကိုသစ္စာရှိသလိုမျိုး အချင်းချင်းသစ္စာရှိကြပါတယ် ရဲဘော်စုနဲ့ကျွန်မကြားမှာ ဘာအရှုပ်အထွေးမှမရှိဘူးလို့ ကျိန်ရဲပါတယ်ရှင် ...”
ဝမ်ရိဟယ်က ရုတ်တရက်ဝင်ပြောလာသည်။
“ကုရိလန်ရဲ့ ထွက်ဆိုချက်အရဆိုရင် သူမစုယွဲ့ရှန်းနဲ့စကားများတာက မင်းကြောင့်တဲ့။ ပြီးတော့ မင်းကြောင့်ဘဲသူမက ထုံကျန်းကျန်းလို့အမည်ရတဲ့ရဲဘော်နဲ့ မိတ်ဆွေမလုပ်ဖို့ ဖိအားပေးခံရတာတဲ့။ ကျွန်တော်သိချင်တာက မင်းကဘာလို့ စုအိမ်ကိုတကူးတကသွားပြီး ကုရိလန်ကို ထုံကျန်းကျန်းနဲ့မပေါင်းဖို့သွားပြောတာလဲ”
ထုံရွှယ်လူကမျက်နှာပေါ်တွင် ဘာမှမပြသော်လည်း သူမရင်ထဲတွင် ကြိတ်ကျိန်ဆဲလိုက်သည်။
“ဒီကိစ္စကပြောရရင် အရှည်ကြီးဘဲ....”
ဝမ်ရိဟယ်က ပြုံးသည်။
“ကိစ္စမရှိပါဘူး ဖြေးဖြေးချင်းပြောပြပါ ကျွန်တော်တို့ကအချိန်ရှိပါတယ်”
ထုံရွှယ်လူက ထုံမိသားစု၊ ထုံကျန်းကျန်းနှင့် သူမ၏ဆက်ဆံရေးများအကြောင်းရှင်းပြလိုက်ပြီး အရင်တစ်ခေါက်အစိုးရစတိုးရှေ့တွင် ဆုံခဲ့စဉ်က ဖြစ်ပျက်ခဲ့သည်များကို ပြောပြလိုက်သည်။
ထို့နောက် သူမကရှက်သွားသည့်ပုံစံလုပ်လိုက်သည်။
“အဓိကအကြောင်းအရင်းကတော့ ထုံကျန်းကျန်းက အပြင်ဘက်မှာ ကျွန်မရဲ့ဂုဏ်သတင်းကိုဖျက်စီးနေတော့ အရမ်းဝမ်းနည်းမိတယ် ကျွန်မကစုမိသားစုကိုကျွန်မဘက်မှာရှိပြီး ထုံကျန်းကျန်းနဲ့အဆက်အသွယ်မလုပ်ဖို့မျှော်လင့်ခဲ့မိတာပါ”
ဒီလိုအချိန်မျိုးတွင် သူမက ထက်မြက်ကြောင်းဖော်ပြနေ၍မရပေ။မဟုတ်ပါက သူမကဒီတံခါးအပြင်ဘက်ကို ထွက်နိုင်တော့မှာမဟုတ်ပေ။ ထို့ကြောင့် သူမကိုယ်သူမ အလွန်သဘောထားသေးသော မိန်းကလေးအဖြစ်ပုံဖော်လိုက်သည်။
သူမက ထုံကျန်းကျန်းကိုဒေါသထွက်သောကြောင့် ကုရိလန်ကိုထုံကျန်းကျန်းနှင့် မပေါင်းရန်ပြောခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေးနှင့်ပတ်သက်သည့်ကိစ္စကြောင့်မဟုတ်ပေ။
ဝမ်ရိဟယ်ကထပ်မေးလာသည်။
“မင်းစုမိသားစုအိမ်မှာရှိနေတုန်းက တစ်ခုခုမှားနေတာများတွေ့မိသေးလား”
ထုံရွှယ်လူကခနလောက်တွေးကြည့်ပြီးနောက် ခေါင်းခါပြလိုက်သည်။
“ကျွန်မမသိဘူး ဘာလို့ဆို ကျွန်မကအစိုးရစားသောက်ဆိုင်မှာအလုပ်လုပ်နေတော့ ခွင့်ယူချင်တာလွဲရင် အခြားအားလပ်ရက်မရဘူး၊ အဲ့ဒီတော့ စုမိသားစုနဲ့ အဆက်အသွယ်သိပ်မလုပ်ဖြစ်ခဲ့ဘူး ကျွန်မစုမိသားစုအိမ်ကိုအလည်သွားတိုင်း ဟိုဟိုဒီဒီကိစ္စလေးတွေကိုဘဲ စကားပြောကြတာ၊ အရင်တစ်ခေါက်သွားတုန်းက ကျွန်မက တစ်ကိုယ်ကောင်းဆန်ပြီး မပြောသင့်တာကိုပြောခဲ့မိလို့ သူတို့စကားများကြတာ”
ဝမ်ရိဟယ် :“ဒါဆို စုယွဲ့ရှန်းကဘယ်လိုလူမျိုးလို့ မင်းထင်လဲ”
ထုံရွှယ်လူ :“ရဲရင့်တဲ့ခေါင်းဆောင်တစ်ယောက်၊ တာဝန်ဝတ္တရားကျေပွန်တဲ့ အဖေ၊ သားတစ်ယောက်”
ဝမ်ရိဟယ်က သူမကိုကြည့်လာသည်။
“ကျွန်တော်ထင်တာတော့ မင်းပြောတာက တစ်ခုကျန်သေးတယ်၊ စုယွဲ့ရှန်းက သူ့ဇနီးဖြစ်သူနဲ့အရမ်းရင်းနှီးတယ်လို့ ကျွန်တော်ကြားဖူးတယ်၊ စုယွဲ့ရှန်းရဲ့ သူ့ဇနီးအပေါ်ခံစားချက်တွေက နက်ရှိုင်းတယ်လို့မင်းထင်လား နိုင်ငံရေးဆိုင်ရာအချက်အလက်တွေကို သူ့ဇနီးကိုပြရလောက်တဲ့အထိပေါ့”
ထုံရွှယ်လူရင်တုန်သွားသည်။ နောက်ဆုံးတွင် ဘာဖြစ်ခဲ့သည်ကို သူမနားလည်သွားသည်။
သူမက စိတ်ကိုငြိမ်အောင်ထားလိုက်သည်။
“ကျွန်မမသိဘူးရှင့်၊ ကျွန်မက သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို ကောင်းကောင်းမသိဘူး”
ဝမ်ရိဟယ်ကခေါင်းညိတ်လိုက်ကာ ဘာမှထပ်မပြောလာတော့ပေ။
ထို့နောက် ဝူကျိုးက တစ်ခါထပ်မေးသည်။
“မင်း မူရှုဟွေ့ဆိုတဲ့သူကိုသိလား”
ထုံရွှယ်လူက ခေါင်းခါပြလိုက်သည်။
“မသိဘူး အဲ့ဒီနာမည်ကို ကြားတောင်မကြားဖူးဘူး”
ဝူကျိုးနှင့် ဝမ်ရိဟယ်တို့က အချင်းချင်းကြည့်လိုက်ကြသည်။
ဝူကျိုး:“ ပူးပေါင်းပေးလို့ ကျေးဇူးတင်ပါတယ် ရဲဘော်ထုံ ကျေးဇူးပြုပြီး ဒီနေ့ကိစ္စကို လျှို့ဝှက်ထားပေးပါ ပြီးတော့ ဒီကိစ္စတွေဖြေရှင်းပြီးတဲ့အချိန်အထိ မြို့တော်ကထွက်သွားတာမျိုးမလုပ်ပါနဲ့၊ ကျွန်တော်တို့က မင်းဘယ်နေရာမှာရှိနေတာလဲဆိုတာကို သိဖို့လိုတယ်”
ထုံရွှယ်လူက လေးနက်စွာပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့ ကျွန်မက ဒီစုံစမ်းရေးမှာ တက်တက်ကြွကြွပါဝင်ပေးမယ်လို့ ကတိပေးပါတယ်၊ ဘယ်လိုဘဲဖြစ်နေပါစေ ဒီနေ့ကိစ္စကို လုံးဝပြန်မပြောပါဘူး”
ဝူကျိုးက စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်သည်။
“ရဲဘော်ထုံ မင်းပြန်နိုင်ပါပြီ”
ထိုစကားများကိုကြားလိုက်ရမှ ထုံရွှယ်လူကစိတ်အေးသွားသည်။
ဗျူရိုထဲမှထွက်လာပြီးနောက်တွင် သူမ၏ကျောကချွေးများဖြင့်စိုရွှဲနေသည်ကို သိလိုက်ရသည်။
[ဝက်လိုအသင်းဖော်ကိုရတာ ရန်သူရှိတာထက်ပိုဆိုးတယ်ဆိုတာ အမှန်ပဲ]