🍵Chapter 240
ယခုကာလတွင် သူလျှိုဟူသောစကားလုံးနှင့် ချည်နှောင်ခံရသည်မှာဆိုးရွား၏။ အကယ်၍ သူမအတွက်ကိုဂရုမစိုက်ဘူးဆိုလျှင်တောင်မှ ၎င်းကသူမမိသားစုနှင့် ဝမ်မိသားစုတို့ကိုပါ ဆက်နွယ်သွားစေနိုင်၏။
ကုရိလန်က စုယွဲ့ရှန်း၏နိုင်ငံရေးဆိုင်ရာ စာရွက်စာတမ်းများကိုမြင်ဖူးလိမ့်မည်။ ထို့နောက် ကုရိလန်ကရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ ထိုစာရွက်စာတမ်းများအကြောင်းကို မူရှုဟွေ့အား ပြောပြခဲ့တာဖြစ်နိုင်၏။
သူမအထင်သာမှန်ပါက မူရှူဟွေ့က သူလျှိုဖြစ်နိုင်သည်။
အခုချိန်တွင် မသေချာနေသည်မှာ။။
1.မူရှုဟွေ့က အဲ့ဒီအချက်အလက်တွေကို ပေးလိုက်တာလား။
2.မူရှုဟွေ့ကိုဘယ်လိုဖမ်းမိသွားတာလဲ၊ ထုံကျန်းကျန်းနဲ့က ဘယ်လိုသက်ဆိုင်နေတာလဲ။
သို့သော် အခုချိန်တွင် သူမက ဤကိစ္စနှစ်ခုအကြောင်းကို မစုံစမ်းနိုင်သေးပေ။ သူမကလွတ်လာသော်လည်း သေချာပေါက်ပင်သူတို့၏စောင့်ကြည့်မှုအောက်ရှိနေဆဲဖြစ်သည်။
ထုံရွှယ်လူက စားသောက်ဆိုင်သို့ဖြေးဖြေးချင်းပြန်လာခဲ့သည်။
သူမပြန်လာသောအခါ ဆိုင်မှသူများ၏မျက်လုံးများက အရောင်တောက်လာသည်။
“မန်နေဂျာထုံ ပြန်လာပြီ အဆင်ပြေရဲ့လား”
ထုံရွှယ်လူက သူတို့ကိုတစ်ချက်ကြည့်ကာ ခေါင်းခါပြလိုက်သည်။
“ကျွန်မအဆင်ပြေပါတယ် စုံစမ်းရေးတစ်ချို့မှာ ပူးပေါင်းပေးဖို့ဘဲလိုတာ ဒါနဲ့ ဒီနေ့ဖြစ်ခဲ့သမျှတွေကို အခြားဘယ်သူကိုမှမပြောပါနဲ့ မဟုတ်ရင် ပြသနာတက်ကုန်လိမ့်မယ် အဲ့ဒီအခါကျကျွန်မလည်းကူညီနိုင်မှာမဟုတ်ဘူး”
လူတိုင်းကခေါင်းညိတ်ကာ ဘယ်သူ့ကိုမှပြောပြမည့်မဟုတ်ကြောင်း အာမခံလာကြသည်။
ဤအဖြစ်အပျက်ကြောင့် စားသောက်ဆိုင်ထဲမှလေထုက အနည်းငယ်လေးလံနေပြီး ထုံရွှယ်လူကလည်း နည်းနည်းစိတ်လွင့်နေရာ သူမကအလုပ်ဆင်းဆင်းချင်း အိမ်သို့တန်းပြန်သွားသည်။
🍵
အိမ်သို့ပြန်ရောက်သောအခါ ထုံရွှယ်လူကဖြစ်ပျက်ခဲ့သည်များကို သူ့မောင်နှမများအားမပြောပြသလို ဘေးအိမ်မှဝေ့မိသားစုကိုလည်းမပြောပေ။ထို့အပြင် သူမက အနောက်မြောက်ဘက်သို့လည်း ဖုန်းမဆက်လိုက်ပေ။
သူလျှိုကိစ္စသည် အလွန်အထိမခံပေ။လူနည်းနည်းဘဲသိလေ၊ ပိုကောင်းလေပင်။
သို့သော် နှစ်ရက်ကြာပြီးနောက်တွင် ဖန်ဝမ်ယွမ်က သူမကိုလာတွေ့သည်။
ထုံရွှယ်လူက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ဒီအချိန်မှာ ဘာလို့ရောက်လာတာလဲ”
ဖန်ဝမ်ယွမ်က အုပ်ချုပ်ရေးရုံးတွင်အလုပ်လုပ်သဖြင့် တော်လှန်ရေးကော်မတီ၏လက်ထောက်ညွှန်ကြားရေးမှူး စုယွဲ့ရှန်းကအဖမ်းခံလိုက်ရသည့်အကြောင်းသိနေလောက်သည်။ထို့ကြောင့်သူကိုယ်တိုင်ဤပြသနာထဲမပါချင်ပါက အခုအချိန်တွင်ရောက်မလာသင့်ပေ။
ဖန်ဝမ်ယွမ်က အသံတိုးတိုးဖြင့်ပြန်ဖြေလိုက်သည်။
“အထဲဝင်ပြီး စကားပြောရအောင်”
ထုံရွှယ်လူလည်း မတတ်နိုင်သဖြင့် သူ့ကိုအထဲပေးဝင်လိုက်သည်။
ဤအချိန်တွင် ထုံကျားမင်တို့ကအိမ်စာလုပ်နေကာ ထုံရွှယ်လူက ဖန်ဝမ်ယွမ်ကို ဧည့်ခန်းထဲသို့ခေါ်လာခဲ့သည်။
ဖန်ဝမ်ယွမ်က စကားလမ်းကြောင်းခင်းမနေဘဲ တိုက်ရိုက်ပြောလာသည်။
“စုယွဲ့ရှန်းနဲ့ ကုရိလန်ကအဖမ်းခံလိုက်ရပြီး စုမိသားစုနဲ့ကုမိသားစုကလည်း စောင့်ကြည့်မှုအောက်မှာနေနေရတယ် မင်းအဖိုးကကျွန်တော့်ကိုစာပို့လာပြီး မင်းကို စုမိသားစုရဲ့ကိစ္စမှာ ဝင်မပါဖို့ပြောခိုင်းလိုက်တယ်”
ဗိုလ်မှူးရှောင်းက တစ်ရက်၊နှစ်ရက်နောက်ကျပြီးမှ ဤသတင်းကိုရခဲ့ကာ သူက အလွန်စိုးရိမ်သွားသည်။ ဤကိစ္စကဆတ်ဆတ်ထိမခံကာ သူက သူ့မြေးကိုကိုယ်တိုင်မဆက်သွယ်ရဲသဖြင့် အခြားလူများမှတစ်ဆင့်ပြောခိုင်းလိုက်ခြင်းဖြစ်သည်။
ထုံရွှယ်လူကခေါင်းညိတ်လိုက်သည်။
“စိတ်မပူပါနဲ့ ကျွန်မကဘာရူးမိုက်တာကိုမှလုပ်မှာမဟုတ်ဘူး”
ဒါကနိုင်ငံရေးကိစ္စဖြစ်ကာ သူမလက်ဖက်စိမ်းဝင်လုပ်နိုင်သော အရာမျိုးမဟုတ်ပေ။ သူမကကိုယ့်အခြေအနေကိုယ်ကောင်းကောင်းသိသည်။
စုယွဲ့ရှန်းက ဝက်လိုအသင်းဖော်ကုရိလန်ကြောင့် ထိခိုက်ခဲ့ရသော်လည်း အရာရာတိုင်းတွင်အကြောင်းရင်းရှိ၏။ သူက ကုရိလန်လိုဦးနှောက်မရှိသောအမျိုးသမီးကိုရွေးချယ်လိုက်ကတည်းက ဒီလိုနေ့မျိုးရောက်လာနိုင်သည်ကို တွေးထားခဲ့သင့်သည်။
နောက်ပိုင်းတွင် သူ့အတွက်ဘာဖြစ်လာနိုင်သည်ကို သူမ မခန့်မှန်းနိုင်ပေ။
ဖန်ဝမ်ယွမ်က သူမစကားကိုကြားသောအခါ စိတ်အေးသွားသည်။
“ပြီးတော့ ကုရိလန်ကိုသတင်းပို့လိုက်တဲ့သူက ထုံကျန်းကျန်းဘဲ၊ အနာဂတ်မှာ သူမကိုသတိထားရလိမ့်မယ်”
ထုံကျန်းကျန်းဘဲဖြစ်နေပြန်ပြီ။
ထုံရွှယ်လူက ခနတန့်သွားပြီးမှ မေးလိုက်သည်။
“သတင်းပို့တဲ့ဖြစ်စဉ်ကို ရှင်သိလား”
ဖန်ဝမ်ယွမ်:“ သူလျှိုက မူရှုဟွေ့လို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်ဘဲ သူမက အမျိုးသမီးအဖွဲ့ချုပ်ရုံးမှာ အလုပ်လုပ်ခဲ့တာ ဆယ်နှစ်ကျော်နေပြီ၊ သူမက အမြဲလိုလိုရိုးသားပြီးအနေအေးတော့ သူလျှိုလို့ဘယ်သူမှမထင်ခဲ့ဘူး”
“သူမက အမျိုးသမီးအဖွဲ့ချုပ်ရုံးက လုပ်ဖော်ကိုင်ဖက်တွေအားလုံးနဲ့ ဆက်ဆံရေးကောင်းတယ်တဲ့၊ ထုံကျန်းကျန်းတော့မပါဘူး သူမက အဲ့ဒီမှာအလုပ်ဝင်ပြီးသိပ်မကြာဘူး မူရှုဟွေ့နဲ့အငြင်းပွားခဲ့တယ် သူတို့နှစ်ယောက်က အတူရှိနေလို့မရလုနီးပါးဘဲ၊ နောက်ပိုင်းမှာ ကုရိလန်က ထုံကျန်းကျန်းနဲ့မပေါင်းရတော့ မူရှုဟွေ့နဲ့အတူဖြစ်သွားတယ်၊ နောက်ပိုင်းမှာ ထုံကျန်းကျန်းက မူရှုဟွေ့တစ်ယောက်ထူးဆန်းနေတာကိုတွေ့တော့ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကို သတင်းသွားပို့လိုက်တာ”
“မူရှုဟွေ့ကိုဖမ်းလိုက်တဲ့အချိန်မှာ သူမဆီကအချက်အလက်တွေက ကုရိလန်ဆီကရထားတာဖြစ်နေတယ် အဲ့ဒါကြောင့်စုယွဲ့ရှန်းနဲ့ ကုရိလန်တို့ကအဖမ်းခံလိုက်ရတာ”
ထုံရွှယ်လူကမျက်မှောင်ကြုတ်လိုက်သည်။
ထုံကျန်းကျန်းက ပြန်လည်မွေးဖွားလာတာကို ထပ်အသုံးချလိုက်တာဘဲ၊ သူမက မူရှုဟွေ့က သူလျှိုဆိုတာကို အစကတည်းက သိထားလိမ့်မယ်။ အဲ့ဒီလိုဆိုရင် သူမက အမျိုးသမီးအဖွဲ့ချုပ်ရုံးမှာ အလုပ်သွားလုပ်တာကလည်း ဒီအကြောင်းအရင်းကြောင့်ဖြစ်နေမှာဘဲ။
အခုချိန်တွင် ထုံရွှယ်လူ ကုရိလန်ကို ထုံကျန်းကျန်းနှင့်မပေါင်းအောင် သူမပြောခဲ့မိသည်များက ထုံကျန်းကျန်း၏အကြံအစည်တစ်စိတ်တစ်ပိုင်းဖြစ်နေမှာကို သံသယရှိလာသည်။
တစ်နည်းဆိုရလျှင် ဒါတွေအားလုံးက ယန်ရုံအန်း၏အကြံဖြစ်သည်။
ထိုသို့ဆိုပါက ယန်ရုံအန်းသည် တကယ်ကိုကြောက်ဖို့ကောင်းပေသည်။
ဖန်ဝမ်ယွမ်က သူမမျက်နှာပေါ်တွင် အမူအရာမျိုးစုံးပြောင်းလဲနေသည်ကိုမြင်သွားပြီး နူးညံ့စွာပြောလာသည်။
“စိတ်မပူပါနဲ့ ဒီကိစ္စက မင်းနဲ့မဆိုင်ပါဘူး”
ထုံရွှယ်လူက သတိပြန်ဝင်လာကာ ချောင်းဟန့်လိုက်သည်။
“ကျေးဇူးပါ ရဲဘော်ဖန် ဘာဘဲဖြစ်ဖြစ် အခြားသူတွေအာရုံစိုက်လာတာမျိုးမဖြစ်အောင်လို့ နောက်တစ်ခါကျ ရှင်ကိုယ်တိုင်ဒီကိုမလာရင်ကောင်းမယ်”
ဖန်ဝမ်ယွမ်၏မျက်လုံးများက မှိန်ကျသွားသည်။
“နားလည်ပါပြီ နောက်ပိုင်းမှ တစ်ခုခုဖြစ်လာခဲ့ရင် ကျင်းယွမ်ကို မင်းဆီလာပြောခိုင်းလိုက်မယ်”
ထုံရွှယ်လူက ခေါင်းညိတ်လိုက်သည်။
ထိုနေ့ညတွင် ထုံရွှယ်လူကအိပ်မပျော်ခဲ့ပေ။
ထုံကျန်းကျန်းလည်း အိပ်မပျော်ပေ။သို့သော်သူမက စိတ်လှုပ်ရှားနေသောကြောင့်ဖြစ်သည်။
သူမက အိပ်ရာထဲမှထကာ အနွေးထည်ဝတ်ပြီး အခန်းတစ်ပတ်လမ်းလျှောက်လိုက်သည်။
ကောင်းတယ်၊ စုယွဲ့ရှန်းက ရာထူးပြုတ်သွားပြီ၊ သူအပြစ်အနာအဆာမရှိလွတ်လာနိုင်ရင်တောင်မှ လက်ထောက်ညွှန်ကြားရေးမှူးရာထူးကို ပြန်မရနိုင်လောက်ဘူးလို့ ယန်ရုံအန်းကပြောတာဘဲ။
တော်လှန်ရေးကော်မတီ၏ လက်ထောက်ညွှန်ကြားရေးမှူးနေရာသည်အလွန်အရေးကြီးသဖြင့် တာဝန်လှစ်ဟင်းဖူးသည့်တစ်စုံတစ်ယောက်က ထိုရာထူးကိုရနိုင်မည်မဟုတ်ပေ။
တစ်နည်းဆိုရလျှင် ၎င်းကယန်ရုံအန်းအတွက် အခွင့်အရေးပင်။
ယန်ရုံအန်က သူရာထူးတိုးခံရမည်မှာ ၈၀၊၉၀ရာခိုင်နှုန်းလောက် သေချာနေပြီဟုဆိုပြီး အချိန်ကျလာရင် သူကသူမကိုလက်ထပ်ယူလိမ့်မည်။
ဤကိစ္စများက ချောချောမွေ့မွေ့ဖြစ်သွားသည်မှာ သူမက ယန်ရုံအန်းကိုကူညီပေးနေသောကြောင့်ဖြစ်သည်။
အရင်ဘဝမှသူမ၏ယောက်ျားသည် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတွင် ရုံးစာရေးဖြစ်သည်။ သူမက မူရှုဟွေ့ကသူလျှိုဆိုသည်ကို သူပြော၍သိခဲ့ခြင်းပင်။
အရင်ဘဝမှသူမခင်ပွန်းက အရည်အချင်းသိပ်မရှိသောကြောင့် သူမအပေါ်ကိုသာညှင်းဆဲလေ့ရှိသည်။ သို့သော် သူကအလုပ်ကိစ္စများကိုလည်း သူမကိုပြောပြတတ်သဖြင့် အစိုးရကိစ္စတော်တော်များများကို သူမသိနေခြင်းဖြစ်၏။
သူမက မူရှုဟွေ့အကြောင်းကို ယန်ရုံအန်းအားပြောပြလိုက်သည်။ ထို့နောက်ယန်ရုံအန်းက အစီအစဉ်များပြုလုပ်လာ၏။ သူကအရင်ဆုံး အမျိုးသမီးအဖွဲ့ချုပ်ရုံးမှ သူ့ဇနီး၏ရာထူးကို ကုမိသားစုအားရောင်းလိုက်သည်။
ထို့နောက် သူမကိုလည်း အမျိုးသမီးအဖွဲ့ချုပ်ရုံးတွင် အလုပ်ဝင်ခိုင်းလာ၏။ သူမနှင့်ကုရိလန်တို့ အချင်းချင်းမပေါင်းသင်းကြတော့သည်မှာလည်း ယန်ရုံအန်း၏အကြံအစည်တစိတ်တပိုင်းဖြစ်သည်။
၎င်းက ထင်ထားသည်ထက် အနည်းငယ်စောသွားခဲ့သည်။ အရင်တစ်ကြိမ်တွင် ထုံရွှယ်လူနှင့်တွေ့ခဲ့ရခြင်းမှာလည်း မတော်တဆသာ၊ သို့သော် ထိုတွေ့ဆုံမှုက သူတို့၏အကြံအစည်များကို ပိုချောမွေ့သွားစေသည်။
ထုံရွှယ်လူက သူမကိုယ်သူမ သူတို့(ထုံကျန်းကျန်း)ကိုကူညီပြီး စုမိသားစုကို အသူတရာချောက်နက်ထံ တွန်းချလိုက်သလိုဖြစ်သွားမည်ဟု ထင်ထားမှာမဟုတ်ပေ။
စုမိသားစုသာ ဒီအကြောင်းကိုသိသွားရင် ထုံရွှယ်လူကိုအငြိုးထားမှာလား သိချင်လိုက်တာ။
သူမက ထိုသို့ဖြစ်လာရန် မျှော်လင့်နေမိသည်။
ထိုအကြောင်းကိုတွေးလိုက်ရုံနှင့်တင် ထုံကျန်းကျန်းက ဝမ်းသာအားရဖြစ်လာသည်။
တစ်ပတ်ကြာပြီးနောက် ထုံရွှယ်လူက အခုမှလွတ်လာသော စုယွဲ့ရှန်းကိုတွေ့လိုက်ရသည်။
စုယွဲ့ရှန်းကိုမြင်သောအခါ သူ့ပုံစံကြောင့် ထုံရွှယ်လူကအံ့အားသင့်သွားသည်။
သူမက ကျေးလက်ဘက်မှ စုယွဲ့ရှန်းပြန်ရောက်လာသည့် ပထမဆုံးအကြိမ်ကို မှတ်မိနေသေးသည်။ ထိုအချိန်တွင် သူကပိန်ပါးနေသော်လည်း စိတ်အားတက်ကြွနေခဲ့၏။
သို့သော် အခုအချိန်တွင်မူ စုယွဲ့ရှန်း၏မုတ်ဆိတ်မွှေးများက မရိတ်ထားပေ။ သူ့ပါးများက ချိုင့်ဝင်နေပြီး သူ့ပုံစံအလွန်ယိုယွင်းပျက်စီးနေ၏။
အဓိကအကျဆုံးမှာ သူ့မျက်လုံးထဲမှ အလင်းရောင်က ပျောက်ကွယ်သွားပြီဖြစ်သည်။
ထုံရွှယ်လူက အတော်ကြာအောင် ကြောင်အနေပြီးမှ သတိပြန်ဝင်လာသည်။
“ရဲဘော်စု ရှင်လွတ်လာပြီ”
စုယွဲ့ရှန်းကခေါင်းညိတ်သည်။
“ကျွန်တော် ဒီတစ်ခေါက်လာတာက တောင်းပန်ချင်လို့ပါ”
ထုံရွှယ်လူက ဘေးသို့ဖယ်ပေးကာ ပြောလာ၏။
“အထဲဝင်လေ အထဲရောက်မှပြောကြတာပေါ့”
စုယွဲ့ရှန်းက သေချာတွေးကြည့်ပြီးမှ အထဲသို့ဝင်သွားလိုက်သည်။
ဧည့်ခန်းထဲသို့ရောက်သောအခါ ထုံရွှယ်လူက ရေငှဲ့ပြီး အိမ်တွင်ရှိသည့် မုန့်များကိုချပေးလိုက်သည်။
“ကျွန်မကိုတောင်းပန်စရာမလိုပါဘူး ကျွန်မကသာတောင်းပန်ရမယ့်သူပါ အဲ့ဒီအချိန်တုန်းက ကျွန်မစုအိမ်ကိုမလာခဲ့သင့်ဘူး”
ဒီတလောတွင် သူမက စုမိသားစုကိစ္စများအား မမေးမြန်းသလို စုအိမ်သို့လည်း မသွားခဲ့ပေ။ ၎င်းက အေးစက်ကောင်းအေးစက်နေနိုင်သော်လည်း အဆက်အသွယ်လျှော့ချလိုက်ခြင်းကသာ အချင်းချင်းအကောင်းဆုံးကာကွယ်နိုင်မှာဖြစ်သည်။
စုယွဲ့ရှန်းက လက်ခါပြသည်။
“မင်းက ကျွန်တော့်ကိုအိမ်ထဲဝင်ခွင့်ပြုတာကတင် မင်းက မျက်နှာကြီးရာဟင်းဖတ်ပါတဲ့သူမျိုးမဟုတ်ဘူးလို့ဆိုလိုတာဘဲ၊ ကျွန်တော်တို့ကိစ္စမှာ မင်းကိုပါဆွဲထည့်မိသွားလို့ တောင်းပန်ပါတယ်”
ထုံရွှယ်လူကခေါင်းခါလိုက်သည်။
“ကျွန်မကို နည်းနည်းလောက်မေးမြန်းဖို့အတွက်ဘဲခေါ်သွားတာပါ၊ ဒါနဲ့ ရှောင်ကျိုးအမေကရော ဘယ်မှာဘဲ သူမ ထွက်လာပြီလား”
ထိုစကားကိုကြားလိုက်ရသောအခါ စုယွဲ့ရှန်း၏မျက်လုံးများက ဝမ်းနည်းရိပ်များသန်းလာသည်။
“ဟင့်အင်း ရှောင်ကျိုးအမေက ထွက်မလာနိုင်တော့မှာကို စိုးရိမ်မိတယ်”
ထုံရွှယ်လူ၏လက်များက တုန်ယင်သွားကာ ဘာမှမပြောနိုင်တော့ပေ။
စုယွဲ့ရှန်းက ခေါင်းငုံ့ကာ အသံတိုးတိုးဖြင့်ပြောလာ၏။
“သူမက အသက်ရှင်နေသေးလားဆိုတာတောင် မသိရဘူး၊ အကုန်ကျွန်တော့်ကြောင့်ပါ သူမကို အမျိုးသမီးအဖွဲ့ချုပ်ရုံးမှာ အလုပ်သွားလုပ်ခွင့် မပြုလိုက်သင့်ဘူး”
ကုရိလန်က အလုပ်လုပ်ချင်သည်ဟုတောင်းဆိုလာသောအခါ ကုရိလန်၏အကျင့်စရိုက်က အရမ်းနုံအသဖြင့် အစပိုင်းတွင် သူကတွေဝေနေခဲ့သည်။ သို့သော် သူမကိုအိမ်မှာဘဲနေ့တိုင်းနေခိုင်းသည်ကလည်း မှားယွင်းသည်ဟု တွေးမိသွားသည်။
ထို့အပြင် အမျိုးသမီးအဖွဲ့ချုပ်ရုံး၏ညွှန်ကြားရေးမှူးကလည့် သူ့အမေသူငယ်ချင်းဖြစ်ကာ ကုရိလန်ကိုဂရုစိုက်ပေးမည်ဟုလည်း ကတိပေးသဖြင့် သူသဘောတူခဲ့သည်။
သူဘက်ပေါင်းစုံကို ထည့်သွင်းစဉ်းစားခဲ့သော်လည်း အမျိုးသမီးအဖွဲ့ချုပ်ရုံးတွင် သူလျှိုတစ်ယောက်ရှိနေမည်ဟု မထင်ထားခဲ့ပေ။ ကုရိလန်ကသူ၏အချက်အလက်များကို တစ်ဖက်ပါတီသို့ ကျိုးပေါက်သွားစေရန်ကိုမူ ပို၍တောင်မထင်ထားခဲ့ပေ။
ထိုအချက်အလက်များက အရေးကြီးသောလျှို့ဝှက်ချက်များမဟုတ်ပေ။သို့သော်၎င်းက ဘာမှမပြောင်းလဲသွားစေပေ။ သူက တာဝန်လှစ်ဟင်းမှုဖြင့် တော်လှန်ရေးကော်မတီ၏ လက်ထောက်ညွှန်ကြားရေးမှူးနေရာမှ ဖယ်ရှားခံလိုက်ရပြီး ကုရိလန်ကလည်း နိုင်ငံရေးသူလျှိုကိုကူညီမှုဖြင့် အဖမ်းခံလိုက်ရသည်။
သူမအသက်ရှင်နိုင်ခဲ့လျှင်တောင်မှ သူမအတွက်စောင့်မျှော်နေသောအရာသည် ထောင်ဒဏ်တသက်တကျွန်းဖြစ်သည်။
ထိုအကြောင်းကိုတွေးမိလိုက်ရာ စုယွဲ့ရှန်း၏မျက်လုံးများက နီရဲလာသည်။
ထုံရွှယ်လူက ဤကိစ္စ၏အကျိုးဆက်များသည် ပြင်းထန်မည်ဟုထင်ထားခဲ့သော်လည်း တကယ်တမ်းကြားလိုက်ရသောအခါ သူမကအသံတိတ်သွားသည်။
သူတို့နှစ်ယောက်က ဘာမှမပြောနိုင်တော့ဘဲ လေထုက အလွန်ထိုင်းမှိုင်းနေ၏။
တစ်ခနကြာပြီးနောက် ထုံရွှယ်လူက တိတ်ဆိတ်မှုကိုချိုးဖောက်လိုက်သည်။
“ရဲဘော်စုရဲ့အစီအစဉ်ကဘာလဲ”