🍵Chapter 241
စုယွဲ့ရှန်း၏မျက်လုံးများက ဒေါသဖြင့်လောင်ကျွမ်းလာသည်။
“ကျွန်တော်တို့စုမိသားစုက ဒီအခြေအနေထိရောက်ခဲ့ရတာ သေချာပေါက်ကို ကျွန်တော်တို့ရဲ့ပေါ့ဆမှုအတွက် အကြောင်းအရင်းတွေရှိတယ်။ ဒါပေမယ့် တစ်ယောက်ယောက်က နောက်ကွယ်ကကြိုးကိုင်နေလို့ကတော့ သူတို့မိန်းမနဲ့ ကလေးတွေကိုပါ အလွှတ်ပေးမှာမဟုတ်ဘူး”
“ရှောင်ကျိုးအမေကို သတင်းပို့တာက ထုံကျန်းကျန်းတဲ့၊ တကယ်လို့ကျွန်တော်ထင်တာသာမှန်မယ်ဆိုရင် ဒီကိစ္စတွေရဲ့နောက်ကွယ်ကသူက ယန်ရုံအန်းဘဲ”
ယန်ရုံအန်းက သူ့နေရာကိုရယူနိုင်ချေရှိသည့် သတင်းများကိုကြားပြီးသားပင်။
ထုံရွှယ်လူက ခနလောက်တိတ်သွားပြီးမှ ပြောလိုက်သည်။
“ယန်ရုံအန်းကိုစုံစမ်းချင်ရင် သေသွားတဲ့သူ့ဇနီးကစပြီးစုံစမ်းတာက အကောင်းဆုံးဘဲ”
စုယွဲ့ရှန်းကမျက်ခုံးပင့်လိုက်သည်။
“ရဲဘော်ထုံက ဘာကိုပြောချင်တာလဲ”
ထုံရွှယ်လူ :“ ယန်ရုံအန်းက သူ့ဇနီးကိုသတ်လိုက်တာလို့ ကျွန်မသံသယရှိတယ်”
! ! !
စုယွဲ့ရှန်းက ဤစကားများကြောင့် ထိတ်လန့်သွားပြီး အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားသည်။
“ကျွန်မမှာ လက်ဆုပ်လက်ကိုင်ပြစရာသက်သေတော့မရှိဘူး ဒါပေမယ့် စောင့်ကြည့်လိုက်ပါ သူကသိပ်မကြာခင်မှာ ထုံကျန်းကျန်းကိုလက်ထပ်လိမ့်မယ်”
စုယွဲ့ရှန်းက အသိပြန်ဝင်လာသည်။
“ရဲဘော်ထုံမင်းပြောချင်တာက ယန်ရုံအန်းက ထုံကျန်းကျန်းကိုလက်ထပ်ချင်လို့ သူ့ဇနီးကိုသတ်ခဲ့တာလား”
ထုံရွှယ်လူက ခေါင်းညိတ်လိုက်သည်။
စုယွဲ့ရှန်းကမျက်မှောင်ကြုတ်လိုက်သည်။
“ဒါပေမယ့် ကျွန်တော်တစ်ခုနားမလည်တာက ယန်ရုံအန်းက ဘာလို့အဲ့ဒီလိုလုပ်ရတာလဲ၊ သူကထုံကျန်းကျန်းကိုကြိုက်လို့ဘဲလား”
သူ့စိတ်ကူးထဲတွင် ယန်ရုံအန်းက သူ့ကလေးများအတွက်ဖြစ်ဖြစ်ကြည့်ကာ ထိုသို့လုပ်မည့်သူမျိုးမဟုတ်ပေ။
ပုဂ္ဂိုလ်ရေးအရှုပ်အထွေးများရှိသောသူသည် အလုပ်ကိုထိခိုက်စေ၏။
ထုံရွှယ်လူကခေါင်းခါလိုက်သည်။
“ကျွန်မလည်း မသိဘူး၊ အရာအားလုံးက အရမ်းကိုတိုက်ဆိုင်လွန်းနေတယ်လို့ ကျွန်မခံစားရတယ်၊ ယန်ရုံအန်းက ထုံကျန်းကျန်းရဲ့မျက်မြင်သက်သေဖြစ်နေပြီး ထုံကျန်းကျန်းကလည်း ကုရိလန်လို အမျိုးသမီးအဖွဲ့ချုပ်ရုံးမှာအလုပ်ဝင်လာတယ်”
“လောကကြီးမှာ တိုက်ဆိုင်တာတွေက အများကြီးမရှိဘူး ၊ တိုက်ဆိုင်မှုတွေအရမ်းများနေရင် လူကအဲ့လိုဖြစ်အောင်လုပ်ထားလို့ဘဲ”
သူမက တကယ့်အကြောင်းအရင်းကိုသိသော်လည်း ထုတ်မပြောနိုင်ပေ။
စုယွဲ့ရှန်းက သူမ၏စကားများကို သေသေချာချာပြန်တွေးကြည့်လိုက်သည်။
“ရဲဘော်ထုံ ကျေးဇူးပါ၊ ကျွန်တော်ဒါကိုအမှတ်ရနေမှာပါ ဒါပေမယ့် ဒီကိစ္စတွေကို အခြားဘယ်သူ့ကိုမှ မပြောပြတာအကောင်းဆုံးဘဲ”
ထုံရွှယ်လူကခေါင်းညိတ်လိုက်သည်။
“ကျွန်မနားလည်ပါတယ်”
သူမက ယန်ရုံအန်းကိုအထင်သေးခဲ့မိသည်။သို့သော် အခုအချိန်တွင် ယန်ရုံအန်းက စုယွဲ့ရှန်းကိုအောင်အောင်မြင်မြင်ဆွဲချနိုင်သွားပြီဖြစ်သည်။ အနာဂတ်တွင် သူ့(ယန်ရုံအန်း)လက်ထဲမှဓားက သေချာပေါက်ပင် ထုံမိသားစုကို ရွယ်လာလိမ့်မည်။
သူ့ဘက်မှမလှုပ်ရှားခင်တွင် သူမကအရင် သူ့ကိုရှင်းထုတ်ရလိမ့်မည်။
ထို့ကြောင့်သူမက စုယွဲ့ရှန်းနှင့်ပူးပေါင်းမည်ဟု ဆိုလိုခြင်းဖြစ်သည်။
စုယွဲ့ရှန်းက ခနနေပြီးနောက် ပြန်သွားသည်။ထို့နောက်တွင် ဘာသတင်းမှမကြားရတော့ပေ။ ထုံရွှယ်လူက စုမိသားစုအကြောင်းနှင့် သူမကို ပြည်သူ့လုံခြုံရေးဗျူရိုက ခေါ်စစ်ဆေးသည့်အကြောင်းကို ဝမ်ရူကွေ့အားမပြောပြပေ။
သို့သော် အဖိုးဝမ်ကသိသွားဆဲဖြစ်သည်။အဖိုးဝမ်၏ မုတ်ဆိတ်များက ဒေါသဖြင့်တုန်နေ၏။
“ကလေးမလေး ဒီလိုကိစ္စအကြီးကြီးဖြစ်သွားတာကို ဘာလို့ အဖိုးကိုမပြောပြတာလဲ”
ထုံရွှယ်လူက အလျင်အမြန်နှစ်သိမ့်လာသည်။
“အဖိုးဝမ် သမီးကမပြောချင်တာမဟုတ်ပါဘူး ပြည်သူ့လုံခြုံရေးဗျူရိုက မပြောပြခိုင်းလို့ပါ သမီးကမေးခွန်းနည်းနည်းဘဲအမေးခံရတာ ဘာမှမဖြစ်ခဲ့ဘူး”
အဖိုးဝမ်က ဒေါသထွက်နေဆဲဖြစ်သည်။
“ရွှယ်လူ သမီးနဲ့ရူကွေ့ စေ့စပ်ပြီးသွားပြီလေ အဖိုးတို့ကတစ်မိသားစုတည်းဖြစ်နေပြီ တကယ်လို့သမီးသာတစ်ခုခုဖြစ်သွားခဲ့ရင် အဖိုးတို့ကဘယ်လိုတွေးပြီးနေရမှာလဲ”
ထုံရွှယ်လူက သူမယူလာသောကိတ်မုန့်များကို ထုတ်ကာပြောလာ၏
“အဖိုးဝမ် သမီးမှားတာသမီးသိပါပြီ အနာဂတ်မှာဘာဘဲဖြစ်ဖြစ် သေချာပေါက် အဖိုးကိုပြောပြပါ့မယ် ဒါပေမယ့် အဖိုးကဒီလိုလုပ်လို့တော့မရဘူးနော် သမီးက ရူကွေ့ကိုပြောပြလိုက်မှာ”
အဖိုးဝမ်က သူမယူလာသောမုန့်များကိုကြည့်ကာ ဟမ့်ခနဲလုပ်လိုက်သည်။
“အဖိုးက နောက်တစ်ခါဒီလိုမလုပ်တော့ဘူး၊ ဒါပေမယ့် သမီးကိုခွင့်လွှတ်စေချင်ရင် ဒါလေးတွေနဲ့တော့ မရဘူးနော်”
ဘယ်လိုတောင်ကလေးဆန်တဲ့အဖိုးလဲ။ထုံရွှယ်လူက ကြောင်အနေ၏။ထိုနေ့တွင် သူမက အဖိုးဝမ်အတွက် အရသာရှိသည်များကို စားပွဲတစ်ခုအပြည့်ချက်ပေးခဲ့ရသည်။ အဖိုးဝမ်ကပျော်လွန်းသဖြင့် ပါးစပ်တောင်မစေ့နိုင်တော့ပေ။
ဒီတစ်လောတွင် ထုံရွှယ်လူက အခွင့်ကောင်းကိုစောင့်နေခဲ့သည်။ သိပ်မကြာခင်မှာဘဲ အခွင့်ကောင်းတစ်ခုပေါ်လာ၏။ ထိုနေ့တွင် ဖန်ကျင်းယွမ်က စက်ဘီးဖြင့် စားသောက်ဆိုင်သို့ရောက်လာပြီး လှေကားပေါ်သို့ စိတ်လှုပ်ရှားတကြီးပြေးတက်လာသည်။
“ရွှယ်လူ ငါဘာကြားခဲ့တယ်လို့နင်ထင်လဲ”
ထုံရွှယ်လူက ခေါင်းခါလိုက်သည်။
“ငါမခန့်မှန်းတတ်ဘူး”
ဖန်ကျင်းယွမ်က ဂုဏ်ယူသွားသည်။
“တစ်နေ့မှာ ငါပြောမှာကို နင်မခန့်မှန်းနိုင်တဲ့နေ့မျိုးရှိလာမယ်လို့ မထင်ထားဘူး၊ ငါပြောပြမယ် ထုံကျန်းကျန်းကလက်ထပ်တော့မယ်တဲ့ ပြီးတော့ သူလက်ထပ်မယ့်သူက ငါနင့်ကိုအရင်တစ်ခေါက်ကပြောပြခဲ့ဖူးတဲ့ ဝန်ကြီးယန်ဘဲ”
ထုံရွှယ်လူက မျက်ခုံးပင့်လိုက်သည်။
“ဘာဖြစ်သွားတာလဲ ငါ့ကိုမြန်မြန်ပြောပြစမ်းပါ”
ဖန်ကျင်းယွမ် :“ ငါကြားတာတော့ ဝန်ကြီးယန်ရဲ့သားရေနစ်တာကို ထုံကျန်းကျန်းကကြာကန်နားဖြတ်ရင်းမြင်သွားပြီး ကယ်လိုက်တာတဲ့။ ဝန်ကြီးယန်က သူမကိုကျေးဇူးဆပ်ချင်သလို ကလေးနှစ်ယောက်ကလည်း စောင့်ရှောက်ပေးမယ့်သူလိုနေတော့ ထုံကျန်းကျန်းကိုလက်ထပ်ဖို့ဆုံးဖြတ်လိုက်တယ်”
ထုံရွှယ်လူ၏မျက်လုံးများက အရောင်တောက်လာသည်။ သူတို့တစ်ခုမေ့သွားခဲ့၏။ထုံကျန်းကျန်းက လူတွေကို ရေနစ်တာကနေကယ်ပေးခဲ့တာ ဒါပေမယ့် သူမကတကယ်ရောရေကူးတတ်လို့လား၊ စာအုပ်ထဲတွင် ထုံကျန်းကျန်းက ပင်လယ်နှင့်အကျွမ်းမဝင်ကာ သူမဘဝတွင်ရေကူးသင်မည့်အခွင့်အရေးမရခဲ့ဟုရေးထားခဲ့သည်ကို သူမမှတ်မိသည်။ သူမက ထုံကျန်းကျန်းနှင့်ယန်ရုံအန်းတို့ လိမ်ဆင်ကို ဖျက်စီးနိုင်လောက်သည်။ စုယွဲ့ရှန်း စုံစမ်းနေတာကရော အခြေအနေဘယ်လိုရှိလဲမသိဘူး။
ဖန်ကျင်းယွမ်က စကားပြောနေဆဲပင်။
“ဝန်ကြီးယန်က ထုံကျန်းကျန်းကိုဘာဖြစ်လို့ကြိုက်သွားတယ်လို့ နင်ထင်လဲ၊ ဒါပေမယ့် ဝန်ကြီးယန်က ငါ့ကိုတကယ်စိတ်ပျက်စေတယ် သူကသူ့မိန်းမကိုအရမ်းချစ်တယ်လို့ငါထင်ထားတာ”
“အခုတော့ သူ့မိန်းမဆုံးတာ အရိုးတောင်မအေးသေးဘူး နောက်အိမ်ထောင်ပြုတော့မယ် ယောက်ျားတွေက တကယ်ကိုမယုံရဘူး”
ထုံရွှယ်လူက ဘာမှပြန်မပြောပေ။ ဖန်ကျင်းယွမ်ကို အပြင်လိုက်ပို့ပြီးနောက် သူမကစုမိသားစုအိမ်သို့ တန်းသွားလိုက်သည်။ ဒါက အရှုပ်အထွေးများဖြစ်ပြီးနောက် စုမိသားစုအိမ်သို့ ပထမဆုံးအကြိမ်ရောက်လာခြင်းဖြစ်သည်။
အမေစုက ထုံရွှယ်လူကိုမြင်သောအခါ အံ့ဩသွားသည်။
“ရွှယ်လူပါလား ဘာကိစ္စရှိလို့ရောက်လာတာလဲ”
အမေစုက အရင်ကထက်ပိုပိန်သွားကာ သူမ၏စိတ်ဓာတ်စွမ်းအင်ကလည်း အနည်းငယ်ဆိုးရွားလာခဲ့သည်။
ထုံရွှယ်လူ :“အဖွားစု ကျွန်မက ရှောင်ကျိုးအဖေနဲ့ အလုပ်ကိစ္စပြောစရာလေးရှိလို့ပါ”
အမေစုက မျက်မှောင်ကြုတ်ကာ သူမကိုအထဲသို့ပေးဝင်လာ၏။
“ရှောင်ကျိုးအဖေက ခုနလေးတင်မှ ပြန်ရောက်လာတာ အခုချိန်ဆို စာကြည့်ခန်းထဲမှာဘဲ ရှိနေလိမ့်မယ်”
ထုံရွှယ်လူက အမေစုပြောချင်သည်ကိုနားလည်၏။တစ်ချိန်တည်းတွင် သူမအပေါ်ကိုဒေါသမပုံချလာသည့်အတွက် ကျေးဇူးတင်မိသွားသည်။
အထဲသို့ဝင်လာပြီးနောက် ရှောင်ကျိုးကဒန်းပေါ်တွင် အတွေးဗလာဖြင့်ထိုင်နေသည်ကိုမြင်လိုက်ရသည်။
အမေစုက သူမအကြည့်နောက်လိုက်ကြည့်ကာ သူမမျက်လုံးများနီရဲလာသည်။
“ဒီကလေးက သူ့အမေကိစ္စဖြစ်ပြီးကတည်း ပြုံးတာရှားသွားတယ်”
ထုံရွှယ်လူ၏ရင်ထဲတွင် ခါးသီးသွားသည်။သို့သော် အခုချိန်ကအခြားသူများကို နှစ်သိမ့်ပေးနေရမည့် အချိန်မဟုတ်ပေ။ သူမက စာကြည့်ခန်းထဲသို့သွားလိုက်သည်။
စုယွဲ့ရှန်းက သူမကိုမြင်သောအခါ အံ့ဩသွားသည်။
“ရဲဘော်ထုံက တစ်ခုခုကိုများရှာတွေ့ခဲ့လို့လား”
ထုံရွှယ်လူ :“ကျွန်မ ထုံကျန်းကျန်းနဲ့ယန်ရုံအန်းတို့အကြောင်းလာပြောတာ”
စုယွဲ့ရှန်းမျက်လုံးများက အရောင်တောက်လာသည်။
“ဖြစ်ချင်တော့ ကျွန်တော်လည်း တစ်ခုကိုရှာတွေ့ထားတယ်၊ မနက်ဖြန်ကျ မင်းဆီလာတော့မလို့ မင်းအခုလာလိုက်တာ ကွက်တိဘဲ”
ထုံရွှယ်လူက သူမမြင်ထားသည့်လှည့်ကွက်အကြောင်း ပြောပြလိုက်သည်။
စုယွဲ့ရှန်းက လက်ခုပ်တီးလိုက်မိသည်။
“ရဲဘော်ထုံရဲ့အကြံကောင်းတယ် ဒါနဲ့ကျွန်တော်လည်း ယန်ရုံအန်းကသူ့မိန်းမကိုသတ်တဲ့အကြောင်း သက်သေတစ်ချို့ရထားတယ် အခုမင်းပြောတာပါပါလာပြီဆိုတော့ မနက်ဖြန်ဘဲသတင်းသွားပို့လိုက်တော့မယ်”
ထို့နောက် သူရလာသောအချက်အလက်များကို ထုံရွှယ်လူနှင့်မျှဝေပြီးနောက် သူတို့နှစ်ယောက်က နောက်ထပ်အစီအစဉ်ကိုဆွေးနွေးလိုက်သည်။
ထုံရွှယ်လူက မိုးချုပ်သည်အထိ စုအိမ်မှာမပြန်သွားပေ။
နောက်တစ်နေ့တွင် စုယွဲ့ရှန်းက ယန်ရုံအန်းကိုလိမ်လည်လှည့်ဖြားမှုနှင့် ထုံကျန်းကျန်းကို ကယ်တင်ရှင်အတုအဖြစ်ဖန်တီးရန် သူ့အာဏာကိုအသုံးပြုခဲ့ကြောင့် ပြည်သူ့တရားလွှတ်တော်ချုပ်သို့ တင်ပြလိုက်သည်။
စုယွဲ့ရှန်းက ရာထူးကျနေသော်လည်း သူ့အဆက်အသွယ်များက ရှိနေဆဲပင်။
သူ၏တင်ပြချက်က တာဝန်ပျက်ကွက်မှုနှင့် ဖောက်ဖျက်မှုတရားစွဲဆိုရေးဌာန၏ညွှန်ကြားရေးမှူးဆီသို့ လျင်မြန်စွာရောက်ရှိသွားသည်။ အစည်းအဝေးလုပ်ကာ တိုင်ပင်ပြီးနောက် မကြာခင်မှာဘဲ ယန်ရုံအန်းနှင့် ထုံကျန်းကျန်းတို့ကိုစုံစမ်းလိုက်သည်။
စုံစမ်းမှု၏ရလဒ်များတွင် ထုံကျန်းကျန်းက တစ်ခါမှရေကူးမသင်ခဲ့ဖူးကြောင်း အဖြေထွက်လာ၏။သို့သော် သူတို့ကသက်သေအခိုင်အမာရရန်အတွက် ထုံကျန်းကျန်းရေကူးတတ်၊မတတ်ကို နေရာမှာဘဲစစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။
ထုံရွှယ်လူက ထိုအကြောင်းကိုသိသောအခါ ဟန်ဆောင်ရာ၌ပါဝင်လိုကြောင်းဖော်ပြလိုက်သည်။
ဒီနေ့တွင် ထုံရွှယ်လူက ထုံကျန်းကျန်းကိုအပြင်သို့ထွက်လာခိုင်းလိုက်သည်။
ထုံကျန်းကျန်းက ထုံရွှယ်လူကိုမြင်သောအခါ မောက်မာစွာပြုံးလိုက်သည်။
“ငါ့ကိုဘာလို့ အပြင်ထွက်လာခိုင်းတာလဲ”
ထုံရွှယ်လူ:“ နင်က ဝန်ကြီးယန်နဲ့ လက်ထပ်တော့မယ်လို့ကြားတယ်”
ထုံကျန်းကျန်းက ဂုဏ်မောက်နေသောဒေါင်းလို မေးကိုချီလိုက်သည်။
“ဘာလဲ နင်ကမနာလိုဖြစ်နေတာလား၊ ဒီအခွင့်အရေးကိုယူပြီး ငါ့ကိုမျက်နှာလိုမျက်နှာရ လုပ်ချင်လို့လား”
ထုံရွှယ်လူက ထူးဆန်းစွာပြုံးပြီး သူမဆီလျှောက်လာ၏။
“ငါက****နင့်အမကိုဘဲ မျက်နှာလိုမျက်နှာရလုပ်လိုက်”
ထိုသို့ပြောပြီးနောက် ထုံကျန်းကျန်းအသိပြန်ဝင်လာသည်အထိမစောင့်ဘဲ ခြေထောက်ကိုမြှောက်ကာ ဗိုက်တည့်တည့်ကန်ချလိုက်သည်။
ထုံကျန်းကျန်းက တံတားဘေးတွင်ရပ်နေ၏။ တံတားလက်ရမ်းများက အလွန်နိမ့်ကာ လူတစ်ယောက်၏ အရပ်တဝက်စာလောက်တောင်မရှိပေ။
ထုံကျန်းကျန်းက ပြင်းပြင်းထန်ထန်အကန်ခံလိုက်ရကာ နောက်သို့ခြေလှမ်းအနည်းငယ်ယိုင်သွားသည်။ သူမပေါင်ကတံတားလက်ရန်းနှင့်ရိုက်မိသွားကာ နာကျင်မှုကြောင့် ပင့်သက်ရှိုက်လိုက်မိသည်။
ပိုဆိုးသည်မှာ သူမကိုယ်ကိုမထိန်းနိုင်တော့ဘဲ တံတားပေါ်မှပြုတ်ကျသွားခြင်းပင်။
“အားးးးးအားးး”
ထုံကျန်းကျန်းက ကြောက်လန့်တကြားအော်ပြီး ရေထဲသို့ဗွမ်းခနဲပြုတ်ကျသွားသည်။
“ကယ်ကြပါဦး ကျွန်မရေမကူးတတ်ဘူး.....ဒီမှာကယ်ကြပါဦး”
ထုံကျန်းကျန်းက ရေထဲတွင် ပြင်းပြင်းထန်ထန်ရုန်းကန်နေရသည်။
"..."
အစိုးရရှေ့နေရုံးမှသူများသည် ဤမြင်ကွင်းကြောင့် ထိတ်လန့်သွားကြသည်။
သေစမ်း။။။။။
ဒီထုံရွှယ်လူဆိုတဲ့အမျိုးသမီးက အရမ်းကြမ်းတမ်းမနေဘူးလား။
သူတို့က သူမသည်ရေထဲသို့ပြုတ်ကျချင်ယောင်ဆောင်ပြီး ထုံကျန်းကျန်းကိုကယ်ခိုင်းကာ ထုံကျန်းကျန်းကရေမကူးတတ်ကြောင်း သက်သေပြမည်ဟု ထင်ထားခဲ့ခြင်းဖြစ်သည်။
မမျှော််လင့်စွာဖြင့် သူမက ထုံကျန်းကျန်းရောက်လာလာချင်းပင် ရေထဲသို့ကန်ချလိုက်သည်။
အံ့ဩစရာဘဲ...
အရမ်းကိုအံ့ဩဖို့ကောင်းတယ်။