🍵Chapter 242
ထုံကျန်းကျန်းသည်လည်း ထုံရွှယ်လူကရုတ်တရက်ကြီး သူမကိုကန်လာမည်ဟု မထင်ထားမိပေ။
နွေဦးဝင်နေပြီဖြစ်သော်လည်း သူမက ရေထဲသို့ရုတ်တရက်ကျသွားသောအခါ အအေးဓာတ်ကြောင့် ခိုက်ခိုက်တုန်သွားရဆဲပင်။
ပိုဆိုးသောအရာမှာ သူမကရေမကူးတတ်ပေ။
ဤအချိန်တွင်ထုံကျန်းကျန်းက သူမသည် ရေနစ်သည့် လူသုံးယောက်ကိုကယ်ခဲ့ဖူးသည့် အမျိုးသမီးလိန်ဖုန်းဆိုတာကို သတိမရနိုင်တော့ဘဲ ရေနစ်နေသည့်ကြွက်လိုရုန်းကန်လာ၏။
“ကယ်ကြပါဦး ကျွန်မရေမကူးတတ်ဘူး....ကယ်ကြပါ”
ရုန်းကန်ရင်းဖြင့် သူမပါးစပ်ထဲရေဝင်သွားရာ လည်ချောင်းနှင့်နှာခေါင်းထဲတွင် ရေသီးကာရေမွှန်သွားပြီး အသက်ရှူမရတော့ပေ။
ထုံရွှယ်လူက ထုံကျန်းကျန်း၏ရုန်းကန်နေမှုကို သဘောတကျကြည့်လိုက်ပြီးနောက် မြစ်နားမှအရာရှိများကိုပြောလိုက်သည်။
“ရှင်တို့က ဘာလို့မြန်မြန်သွားပြီး လူမကယ်သေးတာလဲ”
ထုံကျန်းကျန်းသေသွားပါက နှမြောစရာမဟုတ်သော်လည်း သူမကသူမနေရာတွင်ကောင်းကောင်းမကစားပြရသေးပေ။ ဘယ်လိုလုပ်ပြီး ဒီလောက်လွယ်လွယ်သေလို့ရမှာလဲ။
အစိုးရရှေ့နေရုံးမှ အရာရှိများကလည်း သတိပြန်ဝင်လာပြီး လူကယ်ရန်အတွက် တစ်ယောက်ပြီးတစ်ယောက်မြစ်ထဲခုန်ဆင်းသွားကြသည်။
အရာရှိနှစ်ဦးက ထုံကျန်းကျန်းဆီကူးသွားကာ သူမလက်ကိုဆွဲပြီး ကမ်းဘက်သို့ပြန်ကူးလာကြသည်။
ထုံကျန်းကျန်းက ရေအတော်များများကိုသောက်လိုက်ရပြီဖြစ်သည်။ကမ်းပေါ်သို့ရောက်သောအခါ သူမကခိုက်ခိုက်တုန်နေပြီး ရေများပြန်အန်နေကာ အလွန်ရှက်စရာကောင်းသောပုံစံဖြစ်နေ၏။
သို့သော်ပို၍ရှက်စရာကောင်းတာရှိသေး၏။
သူမက ဒီနေ့တွင်ထုံရွှယ်လူရှေ့၌ ရှိုးထုတ်ရန်အတွက် အထူးတလည်ပင် အသစ်ချုပ်ထားသော ချန်လျန်ပိတ်နှင့်ဝတ်စုံကိုဝတ်လာခဲ့၏။
ချန်လျန်ပိတ်များကို နောက်ပိုင်း၌ပိတ်ပင်ခဲ့သည်မှာ ဆိုးရွားလွန်းသည့် ချို့ယွင်းချက်နှစ်ခုရှိသောကြောင့်ဖြစ်သည်။
ပထမတစ်ချက်မှာ လေမလုံသောကြောင့်ဖြစ်သည်။ဆောင်းရာသီတွင်အေးကာ နွေတွင်ပူ၏။ဒုတိယတစ်ချက်မှာ ရေသို့မဟုတ် ချွေးနှင့်ထိပါက ကိုယ်တွင်ကပ်သွားပြီး အလွန်အမင်းကိုဖောက်ထွင်းမြင်နေရသောကြောင့်ဖြစ်သည်။
ဤအချိန်တွင် ထုံကျန်းကျန်း၏ချန်လျန်ဝတ်စုံက သူမကိုယ်ပေါ်တွင် တင်းကြပ်စွာကပ်နေပြီး စကပ်ကလည်း သူမတင်ပါးနှစ်ခုကြားတွင်ကပ်နေဆဲဖြစ်ရာ သူမ၏အတွင်းခံကိုရှင်းလင်းစွာမြင်နေရ၏။
၎င်းကအလွန်ရှက်ဖို့ကောင်းသည်။
အနားတွင်ရှိနေသော ယောက်ျားများ၏မျက်နှာက နီရဲလာကာ သူတို့ကထုံကျန်းကျန်းကိုတိုက်ရိုက်မကြည့်ရဲတော့ပေ။
ထုံရွှယ်လူက ကမ်းပေါ်မှဖောက်ထွင်းမြင်နေရသည့် ဝတ်စုံကိုဝတ်ထားသည့် ထုံကျန်းကျန်းကိုကြည့်ကာ သူမနှုတ်ခမ်းထောင့်များက ကွေးညွှတ်သွားသည်။
ချန်လျန်ပိတ်သားက ရေနှင့်ထိသောအခါ ဒီလိုမျိုးဖြစ်သွားမည်ဟု သူမမထင်ထားခဲ့ပေ။ဝမ်ရူကွေ့သူမကိုပေးခဲ့သည့် ချန်လျန်ပိတ်သားစကပ်သည် အနာဂတ်တွင် ချောင်ထိုးထားကောင်းထားရနိုင်သည်။
ကလေးအနည်းငယ်က မြစ်ဆီပြေးလာပြီး ထုံကျန်းကျန်းကိုလက်ညှိုးထိုးကာ ရယ်လာကြသည်။
“ဟားဟားးဟားးးကြည့်ဦး အဲ့ဒီအမျိုးသမီးရဲ့ အတွင်းခံကမြင်နေရတယ်”
“သူမစကပ်က ဘာလို့ဖင်ကြားညှပ်နေတာဘဲ အဲ့ဒါကအဆင်မပြေမဖြစ်ဘူးလား”
“သူမက အီးပါပြီး သုတ်စရာစက္ကူမရှိလို့များလား”
ထုံရွှယ်လူ " ..."
လူတိုင်း: "..."
ကလေးများ၏စကားကိုကြားသောအခါ ထုံကျန်းကျန်းက ကိုယ့်ကိုကိုယ်ငုံ့ကြည့်ပြီး အော်ဟစ်လိုက်လေသည်။
“အားးးးး”
သူမကရင်ဘတ်ကိုလက်ဖြင့်ကာလိုက်သည်။သို့သော် သူမစကပ်ကလည်းဖောက်ထွင်းမြင်နေရသဖြင့် အလျင်အမြန်ပင် ကျန်လက်တစ်ဖက်ဖြင့်အောက်ပိုင်းကိုကာလိုက်သည်။သို့သော် သူမတင်ပါးနှစ်ခုကြားညှပ်နေသည့်စကပ်ကိုဆွဲရန် လက်အပိုမရှိတော့ပေ။
၎င်းကအလွန်ရှက်ဖို့ကောင်းကာ မြေကြီးထဲတောင်တူးဝင်သွားချင်မိသည်။
လက်ထောက်ညွှန်ကြားရေးမှူးက ရှေ့ထွက်လာပြီး ထုံကျန်းကျန်းကိုခေါ်သွားရန် အရာရှိများအားအမိန့်ပေးလိုက်သည်။
“ဒီလူကို ငါတို့နဲ့အတူအမြန်ခေါ်သွားလိုက်၊ ဝန်ထမ်းက သိပ်မကြာခင်ရုံးဆင်းတော့မှာ ပြသနာဖြစ်သွားရင်မကောင်းဘူး”
အမျိုးသမီးအရာရှိနှစ်ဦးက အလျင်အမြန်ပင်ရှေ့တက်လာပြီး ထုံကျန်းကျန်း၏လက်နှစ်ဖက်ကိုချုပ်ထားလိုက်သည်။
“ကျွန်မတို့က အစိုးရရှေ့နေရုံးကပါ မင်းနဲ့ဝန်ကြီးယန်ကိုလိမ်လည်ပြီး ပြည်သူတွေကိုလှည့်ဖြားမှုအတွက် အခုဘဲ စုံစမ်းစစ်ဆေးဖို့ ခေါ်သွားရပါမယ်”
ထုံကျန်းကျန်းက ထိတ်လန့်သွားသည်။
သူမမျက်နှာကဖြူဖျော့လာ၏။
သူမလက်များကလည်း တုန်ယင်လာသည်။
အစိုးရရှေ့နေရုံးကတဲ့။
သူမ လူတွေကိုကယ်တယ်လို့လိမ်တာကို သိသွားကြတာလား။
သူမက ထုံရွှယ်လူကိုသတိရသွားသည်။ ထုံရွှယ်လူကသူမကို အပြင်ခေါ်ထုတ်တာ မအံ့သြတော့ဘူး။
သူမကိုယ်က အရမ်းသတိမဲ့မိသွားပြီး ယန်ရုံအန်းကိုမပြောဘဲ အပြင်ထွက်လာတာ။
ထုံကျန်းကျန်းက အမုန်းတရားများဖြင့် ပြည့်နှက်လာသည်။
သူမက အင်အားရှိသမျှရုန်းကန်လာ၏။
“ရှင်တို့လိမ်နေတာ ကျွန်မရှင်တို့နဲ့မလိုက်နိုင်ဘူး၊ ကျွန်မကိုလွှတ်ပေး..ကျွန်မကိုလွှတ်ပေး အားး”
ကမ်းစပ်ပေါ်မှ အပြာရောင်ကျောက်တုံးသည် ရေညှိတက်နေရာ သူမကပြင်းပြင်းထန်ထန်တက်နင်းလိုက်မိပြီး ချော်ကာအရှေ့သို့ဟပ်ထိုးလဲကျသွားပြီး ဘန်းခနဲအသံကျယ်ကြီးထွက်လာ၏။
ထုံကျန်းကျန်း၏မျက်နှာက မြေကြီးနှင့်ရိုက်မိသွားပြီး သူမနဖူးက အပြာရောင်ကျောက်တုံးဖြင့် ပြင်းထန်စွာရိုက်မိသွားသည်။
သူမနဖူးက သွေးများထွက်လာပြီး မြေကြီးပေါ်တွင်ရဲရဲနီသွားသည်။
အမျိုးသမီးအရာရှိနှစ်ဦးက အမြန်ကူပေးလိုက်သောအခါ ထုံကျန်းကျန်း၏နဖူးတွင်အပေါက်တစ်ခုဖြစ်နေပြီး သူမနှာခေါင်းနှင့်ပါးစပ်ကလည်း ပွန်းသွားကာ သွေးများကမျက်နှာတစ်ခုလုံးစိုရွှဲနေ၏။သူမပုံစံက အလွန်ကြောက်စရာကောင်းနေသည်။
ထုံကျန်းကျန်းက ကြယ်တွေလတွေကိုမြင်သွားပြီး လက်မြှောက်ကာ မျက်နှာပေါ်မှသွေးများကိုသုတ်လိုက်သည်။
ထို့နောက် သူမကရုတ်တရက်မျက်ဖြူလန်ကာ မေ့လဲသွားလေသည်။
"..."
ဒါက အရမ်းကြီးကိုကံဆိုးနေတာ မဟုတ်ဘူးလား။
သို့သော် ထုံကျန်းကျန်းကဲ့သို့သောဗီလိန်ကိုကိုင်တွယ်ရသောအခါ သူတို့ဘယ်လိုဘဲကံမကောင်းနေပါစေ ၎င်းကဘာမှသိပ်မဟုတ်ပေ။
ထုံရွှယ်လူက ဝက်သေလိုအသယ်ခံသွားရသည့် ထုံကျန်းကျန်းကိုကြည့်ကာပြုံးလိုက်သည်။
🍵
ယန်ရုံအန်းက သူအတိုင်ခံထားရကြောင်းမသိသေးပေ။ ထုံကျန်းကျန်း၏ကိစ္စဆို ပိုဆိုး၏။
အခုချိန်တွင် သူကနီမြန်းနေသောမျက်နှာဖြင့် ရုံးခန်းထဲတွင်ထိုင်ပြီး လုပ်ဖော်ကိုင်ဖက်များ၏ချီးကျူးခြင်းကို ခံနေရသည်။
“ငါပြောခဲ့သားဘဲ၊ ဝန်ကြီးယန်လို တစ်ကိုယ်ကောင်းမဆန်ဘဲ ရေရှည်မြင်တတ်တဲ့သူက အထက်လူကြီးတွေမြှောက်စားတာကိုခံရဖို့ အချိန်တစ်ခုဘဲလိုတယ်”
“ဝန်ကြီးယန်က ဗျူဟာချတတ်သလို လုပ်ဖော်ကိုင်ဖက်တွေအတွက်လည်း ထည့်စဉ်းစားပေးတယ်၊ ပိုပြီးရှားပါးတာကဘာလဲဆိုရင် ဝန်ကြီးယန်က တိုင်းပြည်နဲ့ပြည်သူတွေရဲ့ ခံယူချက်ကိုနားလည်တာဘဲ၊ ကျွန်တော်တို့ရဲ့တိုးတက်မှုအတွက် ခင်ဗျားလိုခေါင်းဆောင်မျိုးကိုလိုအပ်နေတာ ဝန်ကြီးရန်”
လုပ်ဖော်ကိုင်ဖက်များက တစ်ယောက်ပြီးတစ်ယောက်ဖော်လန်ဖားနေကြသည်။
ယန်ရုံအန်း၏မျက်နှာက လေးနက်နေသော်လည်း သူနှင့်ရင်းနှီးသောသူဆိုလျှင် အောက်ချထားသောသူ့လက်များက ထိုင်ခုံလက်ရန်းကို ညင်သာစွာဖြင့် စည်းချက်ညီညီခေါက်နေကြောင်းသတိပြုမိကြလိမ့်မည်။
၎င်းက သူစိတ်ကောင်းဝင်နေသောအချိန်တွင် လုပ်တတ်သောအပြုအမူဖြစ်သည်။
ဒီအချိန်တွင် ရုံးခန်းတံခါးပွင့်လာပြီး တရုတ်ရိုးရာအင်္ကျီအရှည်များကိုဝတ်ထားသည့်သူများက အထဲသို့ဝင်လာ၏။
ရုံးခန်းထဲမှ သူအနည်းငယ်က လန့်သွားကာ ဝင်လာသည့်သူများကို လှည့်ကြည့်လိုက်သည်။
ယန်ရုံအန်းကမျက်မှောင်ကြုတ်လိုက်သည်။ ရုတ်တရက်ပင် နိမိတ်မကောင်းသည့်ခံစားချက်များက သူ့ရင်ဘတ်ထဲတွင် လှိုင်းထလာသည်။
ဤအရာကိုမြင်သောအခါ ပိန်သွယ်သွယ်ယောက်ျားတစ်ယောက်က သန်းလိုထခုန်လာသည်။
“ခင်ဗျားတို့က ဘယ်ဌာနကလဲ အထဲသို့ဒီလိုဝင်ချင်တိုင်းဝင်ဖို့ ဘယ်သူခွင့်ပြုခဲ့တာလဲ”
ထိုလူများကဘာမှမပြောဘဲ ခြေသံများ တဖြည်းဖြည်းနီးလာသည်။
“ကျွန်တော်တို့က တာဝန်ပျက်ကွက်မှုနဲ့ ဖောက်ဖျက်မှုတရားစွဲဆိုရေးဌာနရဲ့ အစိုးရရှေ့နေရုံးကပါ”
“ဝန်ကြီးယန်ကို ပြည်သူတွေရဲ့သူရဲကောင်းအဖြစ်လိမ်လည်ဖန်တီးတဲ့အတွက် စစ်ဆေးဖို့ခေါ်သွားရပါမယ်”
“!!!"
ထိုစကားများထွက်လာသောအခါ တစ်ရုံးလုံးက အသံတိတ်သွားသည်။
ယန်ရုံအန်းက အစိုးရရှေ့နေရုံးဟူသောစကားလုံးကို ကြားလိုက်ရသောအခါ သူ့လက်သည်းများကထိုင်ခုံကိုပြင်းထန်စွာကုတ်လိုက်မိပြီး လက်ညှိုးမှလက်သည်းခွံပင်လန်သွားသည်။
သူ့လက်များက နှလုံးနှင့်ဆက်နွယ်နေသောကြောင့် သူ့မျက်နှာက နာကျင်မှုဖြင့် မထိန်းချုပ်နိုင်လောက်အောင် မဲ့ရှူံ့သွားသည်။
ယန်ရုံအန်းကထရပ်လိုက်သည်။
“လက်စသတ်တော့ လက်ထောက်ညွှန်ကြားရေးမှူးကျန်းဖြစ်နေတာဘဲ၊ ဒါပေမယ့် ခင်ဗျားရဲ့စွပ်စွဲချက်တွေအားလုံးကမှားယွင်းနေတယ် ကျေးဇူးပြုပြီး စကားကိုဂရုစိုက်ပြီးပြောပါ”
“ဝန်ကြီးယန် အစိုးရရှေ့နေရုံးကိုရောက်မှ ကိုယ့်ကိုကိုယ်ခုခံငြင်းရင်လည်း နောက်မကျသေးပါဘူး”
လက်ထောက်ညွှန်ကြားရေးမှူးကျန်းက ယန်ရုံအန်းလက်မှဒဏ်ရာကိုကြည့်လိုက်သည်။
“ဝန်ကြီးရန်ရဲ့လက်ကိုဆေးထည့်ဖို့ ဆေးရုံကိုသွားချင်သေးလား၊ အဲ့ဒီမှာ ဝန်ကြီးယန်ရဲ့ဇနီးလောင်း ရဲဘော်ထုံကျန်းကျန်းကိုပါ တွေ့ရလိမ့်မယ်”
ယန်ရုံအန်း၏ရင်ထဲတွင် ဒိတ်ခနဲဖြစ်သွားသည်။
“ရဲဘော်ထုံက ဘာဖြစ်လို့လဲ”
လက်ထောက်ညွှန်ကြားရေးမှူးကျန်းက ဟက်ခနဲရယ်လိုက်သည်။
“ရဲဘော်ထုံက ရေထဲပြုတ်ကျတာ ရေမကူးတတ်လို့ ရေနှစ်လုနီးပါးဖြစ်သွားတယ်လေ ပြီးတော့ သူမကိုကယ်ပြီးတဲ့နောက်မှာ မတော်တဆခြေချော်ပြီးလဲကျသွားတယ် အခုတော့ ဆေးရုံကိုခေါ်သွားပြီး ပတ်တီးစီးခိုင်းထားတယ်”
"!!!"
ရုံးထဲမှ လူအနည်းငယ်က ‘ရေမကူးနိုင်’ဟူသောစကားလုံးကိုကြားသောအခါ အလန့်တကြားဖြင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။
ဝန်ကြီးယန်ရဲ့ဇနီးလောင်းက ရေနစ်နေတဲ့သူကိုကယ်ခဲ့လို သက်ရှိလိန်ဖုန်းလို့တောင် ချီးကျူးခံရတာမဟုတ်ဘူးလား။
သူမကယ်ခဲ့တဲ့တစ်ယောက်ဆို ဝန်ကြီးယန်ရဲ့အငယ်ဆုံးသားလေ၊ အခုကျဘယ်လိုဖြစ်ပြီး ရေမကူးတတ်လို့ရေနစ်လုနီးပါးဖြစ်သွားတာလဲ။
အဲ့ဒီလိုဆိုရင်.....
လူများက ယန်ရုံအန်း၏မျက်နှာကိုလှမ်းကြည့်လာကြသည်။
ယန်ရုံအန်းက ရင်တုန်သွားသည်။
“ကျွန်တော်မလုပ်ခဲ့တာတွေကို ဝန်ခံမှာမဟုတ်ဘူး ဒါပေမယ့် အစိုးရရှေ့နေရုံးရဲ့ စုံစမ်းရေးမှာ ပူးပေါင်းပေးမှာပါ”
လက်ထောက်ညွှန်ကြားရေးမှူးကျန်းက ပြုံးသည်။
“အဲ့ဒီလိုဆိုအကောင်းဆုံးပါဘဲ ဝန်ကြီးယန် ကျေးဇူးပြုပြီး ဒီဘက်.......”
ယန်ရုံအန်းထွက်သွားပြီးနောက်တွင် ဘဏ္ဍာရေးဌာနတစ်ခုလုံးက ပွက်လောရိုက်သွားသည်။
[ဝန်ကြီးယန်ကို တာဝန်ပျက်ကွက်မှုနှင့် ဖောက်ဖျက်မှုတရားစွဲဆိုရေးဌာနကခေါ်သွားတယ်]
[ဝန်ကြီးယန်ရဲ့ဇနီးလောင်းက ရေမကူးတတ်လို့ရေနစ်လုနီးပါးဖြစ်သွားတယ်တဲ့]
ဤသတင်းနှစ်ခုသည် တောင်ပံများပေါက်နေသလိုပင် အစိုးရဌာနများအားလုံးဆီသို့ ပျံ့နှံ့သွားသည်။
လူတိုင်းက ကြားကြားချင်းပင် လန့်သွားကြသည်။
အကယ်၍ဝန်ကြီးယန်သာ တကယ်လိမ်လည်ပြီး သူရဲကောင်းအတုတစ်ယောက်ကိုဖန်တီးခဲ့သည်ဆိုပါက သူအနေဖြင့်ပြန်လာနိုင်လောက်မည်မဟုတ်ပေ။
🍵
ယန်ရုံအန်းကို အစိုးရရှေ့နေရုံးသို့ခေါ်သွားကြသည်။
သူထိုနေရာသို့ဝင်ဝင်ချင်းပင် စုယွဲ့ရှန်း၏မျက်နှာကိုတွေ့လိုက်ရသည်။
စုယွဲ့ရှန်းက ယန်ရုံအန်းကိုအေးစက်စွာကြည့်လိုက်သည်။ သူ့အကြည့်များက ဓားသွားလိုထက်ရှနေ၏။
“ဝန်ကြီးယန် ကျွန်တော်တို့ထပ်တွေ့ပြန်ပြီနော်”
ယန်ရုံအန်းက စုယွဲ့ရှန်းကိုကြည့်လိုက်သည်။
“ရဲဘော်စု မင်းကရာထူးပြုတ်သွားပြီမဟုတ်ဘူးလား၊ ဘယ်လိုဖြစ်ပြီး အစိုးရဌာနမှာပေါ်လာသေးတာလဲ”
စုယွဲ့ရှန်းက နက်ရှိုင်းစွာပြုံးပြလိုက်သည်။
“ဝန်ကြီးယန်တော့မသိလောက်သေးဘူး၊ ခင်ဗျားကို တိုင်လိုက်တဲ့သူက ကျွန်တော်ပါဘဲ”
ယန်ရုံအန်း"..."
အစတွင် သူတွေးမိသည်မှာ ထုံကျန်းကျန်းက ပြန်လည်ပြုပြင်ရေးလယ်ယာမှထွက်လာသောကြောင့် သူမက အမည်ကောင်းတစ်ခုရှိရမည်ဖြစ်ပြီး သက်ရှိလိန်ဖုန်းဖြစ်လာခြင်းသည် အရိုးရှင်းဆုံးဟုတွေးခဲ့သည်။
သူက သက်ရှိလိန်ဖုန်းတစ်ယောက်ဖြစ်လာအောင်ဘယ်လိုလုပ်ရမလဲဆိုသည်ကိုလည်း သေသေချာချာစဉ်းစားခဲ့သည်။
ထုံကျန်းကျန်းက အမှန်ပင် လူများကိုကယ်ကာ ကုသပေးနိုင်သောစွမ်းအားမရှိပေ။ မီးရှို့လိုက်လျှင်လည်း စွန့်စားမှုကအလွန်ကြီးမားသည်။ မီးလောင်ခြင်းက သူမ၏လုပ်ဆောင်ချက်များကို ထောက်ပြရန်အလွန်သေးငယ်၏။ အကယ်၍မီးကအလွန်ကြီးမည်ဆိုလျှင် သူမအထဲတွင်တောင်သေသွားနိုင်သည်။
သေချာစဉ်းစားကြည့်ပြီးသောအခါ အကောင်းဆုံးက ရေနစ်နေသည့်သူကိုကယ်ရန်ဖြစ်သည်။
ထိုကြောင့် သူ၏ဆွေမျိုးတစ်ယောက်ကို ရေနစ်နေသည့်သူလို ဟန်ဆောင်ခိုင်းခဲ့ပြီး ဤကိစ္စကိုသိသည့်သူနည်းစေရန်အတွက် မျက်မြင်သက်သေအဖြစ် သူကိုယ်တိုင်လုပ်ခဲ့သည်။ သူကိုယ်တိုင်မျက်မြင်သက်သေဖြစ်နေသောအခါ ကိစ္စများက ပို၍အဆင်ချောလာပြီး လူသိများရန်လည်းလွယ်ကူသွားသည်။
တစ်ချိန်တည်းတွင် သူက ထုံကျန်းကျန်းအကြောင်းဖော်ထုတ်ခံရမည်ကိုပါ ထည့်စဉ်းစားခဲ့သည်။ သူ့သက်တမ်းတစ်လျှောက်တွင် တစ်စုံတစ်ယောက်က လူကယ်ခဲ့ပြီးနောက် သူကထိုလူများကိုကယ်နိုင်သည့်အရည်အချင်းရှိကြောင်း ပြန်သက်သေပြရတာမျိုးမကြုံခဲ့ပေ။
လူတစ်ယောက်ကိုမီးလောင်နေသည့်နေရာထဲထည့်ကာ သက်သေပြဖို့ ဒီလူကိုကယ်ပြပါဟူပြီး ဘယ်သူမှပြောလာမှာမဟုတ်ပေ။
၎င်းနှင့်တူညီစွာပင် ဘယ်သူကမှ ထုံကျန်းကျန်းကိုရေထဲခုန်ချပြီး ရေကူးတတ်ကြောင်းသက်သေပြပါဟု ပြောလာမည့်သူမရှိပေ။
သို့သော် တစ်နေ့နေ့တွင်မတော်တဆဖြစ်လာမှာကို ရှောင်ရှားရန်အတွက် သူကတုံ့ပြန်ရေးအစီအစဉ်ကိုလည်း တွေးပြီးသားဖြစ်သည်။
သူက ထုံကျန်းကျန်းကိုလက်ထပ်ပြီးသည်နှင့် သူမကအပြင်းအထန်နေမကောင်းဖြစ်နေသည်ဟုအမည်တပ်ပြီး အိမ်မှာဘဲအကျယ်ချုပ်ချထားရန်စီစဉ်ထား၏။ထိုသို့ဆိုလျှင် ဘယ်သူမှရှာတွေ့နိုင်တော့မည်မဟုတ်ပေ။
သို့သော် စုယွဲ့ရှန်းက အလွန်စဉ်းလဲမည်ဟု သူ မထင်ထားခဲ့ပေ။
ယန်ရုံအန်းမသိသည်မှာ ထိုစဉ်းလဲသောပုဂ္ဂိုလ်က စုယွဲ့ရှန်းမဟုတ်ဘဲ ထုံရွှယ်လူသာဖြစ်သည်။
“ဝန်ကြီးယန် ဒါကအခုမှအစဘဲရှိသေးတာပါ”
ယန်ရုံအန်း၏မျက်နှာက ဖြေးဖြေးချင်းဖြူလျော်လာသည်ကိုမြင်သောအခါ စုယွဲ့ရှန်းကပြောမပြတတ်လောက်အောင် ဝမ်းသာသွားသည်။
စောင့်နေလိုက်၊ ခင်ဗျားကို တစ်လှမ်းချင်းစီ ငရဲကြီးဆယ့်ရှစ်ထပ်ကိုရောက်အောင်ပို့ပေးမယ်။
ယန်ရုံအန်းရင်ထဲမှ နိမိတ်မကောင်းသည့်ခံစားချက်များက ပိုပြင်းထန်လာသည်။
စုယွဲ့ရှန်း ဒါကဘာကိုပြောချင်နေတာလဲ။ သူ့မှာအခြားသက်သေရှိလို့လား။
ချောက်ကမ်းပါးပေါ်မှ သူတွန်းချလိုက်သော သူ့ဇနီးအကြောင်းကိုတွေးမိလိုက်ရာ သူ့လက်များကထိန်းချုပ်မရနိုင်အောင်တုန်ယင်သွားသည်။
ယန်ရုံအန်းက စစ်ဆေးရေးအခန်းထဲသို့ ခေါ်သွားခံရသည်။
လက်ထောက်ညွှန်ကြားရေးမှူးကျန်းက သက်သေအားလုံးကိုထုတ်လာ၏။
“ဝန်ကြီးယန် ခင်ဗျားရဲ့ဆွေမျိုးက ခင်ဗျားသူ့ကိုရေနစ်ချင်ယောင်ဆောင်ခိုင်းတဲ့အကြောင်း ဝန်ခံပြီးသွားပြီ ခင်ဗျားအတွက် သတင်းရေးပေးတဲ့ အဲ့ဒီသတင်းထောက်ကလည်း ဝန်ခံလိုက်ပြီ ခင်ဗျားဘာပြောချင်သေးလဲ”
ယန်ရုံအန်း၏မျက်နှာကဖြူဖျော့လာသည်။
“ဘာမှပြောစရာမရှိဘူး”
သူက တော်လှန်ရေးကော်မတီရဲ့ လက်ထောက်ညွှန်ကြားရေးမှူးနေရာမှာထိုင်နိုင်ဖို့ ခြေတစ်လှမ်းဘဲလိုတော့တာ။
လက်ထောက်ညွှန်ကြားရေးမှူးကျန်းက ခက်ထန်စွာပြောလိုက်သည်။
“ဘာမှပြောစရာမရှိဘူးဆိုတာက ဘာကိုဆိုလိုတာလဲ၊ ဟုတ်တယ်ဆိုရင် ဟုတ်တယ်၊ မဟုတ်ဘူးဆိုရင်မဟုတ်ဘူးပေါ့”
ယန်ရုံအန်း၏ရင်ထဲတွင်ခါးသီးလာသည်။
“ကျွန်တော်လုပ်ခဲ့ပါတယ်”
ဘေးမှာအရာရှိက ၎င်းကိုချရေးလိုက်သည်။
လက်ထောက်ညွှန်ကြားရေးမှူးကျန်းက ထုံကျန်းကျန်းကိုသွားခေါ်ခိုင်းလိုက်သည်။
ခနအကြာတွင် တံခါးပွင့်လာပြီး ခေါင်းတွင်ပတ်တီးစီးထားသည့် ထုံကျန်းကျန်းကအထဲသို့ဝင်လာသည်။
လက်ထောက်ညွှန်ကြားရေးမှူးကျန်း :“ထုံကျန်းကျန်း မင်းကိုယန်ရုံအန်းကဖိအားပေးတာလို့မင်းပြောခဲ့တယ် ဒါပေမယ့် မင်းမှာသက်သေမရှိဘူး အခု ငါမင်းကိုသူ့ရှေ့မှာထိပ်တိုက်ဖြေရှင်းစေချင်တယ်”