🍵Chapter 244
နောက်ပိုင်းတွင် သူနှင့်အတူတောထဲ၌လိုက်ရှာရန် လယ်သမားတစ်ချို့ကိုခေါ်သွားရာ အရိုးတစ်ချို့နှင့် တုမိန်၏ဖိနပ်ကိုသာရှာတွေ့ခဲ့သည်။ ထိုလယ်သမားများက တုမိန်၏ကိုယ်ကို သားရဲများစားသွားခြင်းဖြစ်နိုင်သည်ဟု ကောက်ချက်ချခဲ့ကြသည်။
“ဟုတ်တာပေါ့ ရှင်ကကျွန်မကိုအသက်မရှင်စေချင်ပေမယ့် ကံဆိုးစွာနဲ့ဘဲ မိုးကောင်းကင်ကမျက်လုံးရှိတယ် ကျွန်မပြုတ်ကျတော့ သစ်ပင်တစ်ပင်ပေါ်ကိုကျသွားတာ နောက်ပြီးတော့ တောင်ခြေကရွာသားတွေကယ်တာကို ခံခဲ့ရတယ် ဒါပေမယ့် ကျွန်မကဒဏ်ရာပြင်းပြင်းထန်ထန်ရနေခဲ့တာ ဒီနေ့မှ ပြန်လာနိုင်ခဲ့တယ်”
ယန်ရုံအန်း "..."
တုမိန်ကို အဆိပ်အပြည့်မျက်ဝန်းများဖြင့် ကြည့်လာသည်။
“ယန်ရုံအန်း ရှင်ကျွန်မကိုအဆိပ်ခတ်ခဲ့တယ်၊ ပြီးတော့ကျွန်မကရှင့်လမ်းမှာဝင်ရှုပ်မှာကိုစိုးရိမ်လို့ ချောက်ကမ်းပါးပေါ်ကနေ တွန်းချဖို့မစောင့်နိုင်ခဲ့ဘူး၊ ရန်ရုံအန်း ကျွန်မမျက်နှာပေါ်က အမာရွတ်တွေနဲ့ ကျွန်မခြေထောက်ကိုကြည့်လိုက်စမ်း ဒါတွေအားလုံးက ရှင့်ကျေးဇူးတွေဘဲ”
ယန်ရုံအန်းက လေငန်းဖြတ်သလိုတုန်ရီနေ၏။
“အားမိန် ....ကိုယ်..ကိုယ်တမင်လုပ်ခဲ့တာမဟုတ်....”
“ဟုတ်တာပေါ့ ရှင်ကတမင်လုပ်ခဲ့တာမဟုတ်ဘူး ရည်ရွယ်ချက်ရှိရှိကိုလုပ်ခဲ့တာ”
တုမိန်က အံကြိတ်လိုက်သည်။
ထိုသို့ပြောပြီးနောက် သူမက ယန်ရုံအန်းကိုလျစ်လျူရှုကာ လက်ထောက်ညွှန်ကြားရေးမှူးကျန်းကိုပြောလာ၏။
“လက်ထောက်ညွှန်ကြားရေးမှူး ကျွန်မက ယန်ရုံအန်းကို ကျွန်မကိုသတ်မှုနဲ့ အမှုဖွင့်ချင်ပါတယ်”
ယန်ရုံအန်းက တုမိန်ကိုတားချင်သဖြင့် ထရပ်ကာ သူမဆီပြေးဖို့လုပ်လာ၏။သို့သော်သူထထချင်းပင် အရာရှိများက သူ့ကိုဖမ်းချုပ်လာသည်။
“အမှန်တရားကိုဝန်ခံစမ်း”
ဤအချိန်တွင် ယန်ရုံအန်းက ဝန်ကြီးတစ်ယောက်၏ပုံစံမရှိတော့ဘဲ သူ့ခေါင်းက စားပွဲပေါ်တွင် ပြင်းထန်စွာအဖိခံထားရသည်။
သူကဒေါသထွက်လွန်းသဖြင့် သွေးအန်ချင်လာသည်။
“အားမိန် ကိုယ်တို့ရဲ့လင်မယားဆက်ဆံရေးကိုထောက်ပါ၊ ကိုယ်တို့ရဲ့ကလေးတွေအတွက်ကြည့်ပြီး ဒီတစ်ကြိမ်ဘဲ ကိုယ့်ကိုခွင့်လွှတ်ပေးပါ”
ဤအချိန်တွင် သူက တုမိန်ခွင့်လွှတ်ရန်သာတောင်းဆိုနိုင်တော့သည်။ သူက သူမကိုအမှုမဖွင့်ရန်တောင်းဆိုလိုက်သည်။ထိုသို့မှသာ သူကအသက်ရှင်နိုင်လိမ့်မည်။ မဟုတ်ပါက သူသေသွားလိမ့်မည်။
တုမိန်:“ ရှင်ကကျွန်မကိုတွန်းချခဲ့တယ်ဆိုတာကို ဝန်ခံပြီလား”
ယန်ရုံအန်းက ခေါင်းကိုအဖိခံထားရသဖြင့် အလွန်အဆင်မပြေဖြစ်နေပြီး တံတွေးများက ပါးစပ်ထောင့်မှစီးကျလာကာ အလွန်ရှက်စရာကောင်းနေသည်။
“အားမိန် မင်းကိုငါတွန်းချခဲ့တာပါ ငါမှားသွားပါတယ် ငါကလောဘတက်သွားလို့ပါ ငါမှားတာငါသိပါပြီ ကလေးတွေရဲ့မျက်နှာကိုထောက်ပြီး ငါ့ကိုကြိုက်သလိုပြက်ရယ်ပြုလို့ရတယ် အမှုတော့မဖွင့်လိုက်ပါနဲ့”
“တကျွင်းနဲ့ရှောင်ကျွင်းအတွက်စဉ်းစားပါဦး ငါမရှိတော့ရင် သူတို့ကဘယ်လိုဆက်လုပ်ကြမှာလဲ”
တုမိန်က သူ့မျက်နှာကိုတံတွေးထွေးကာ လက်ထောက်ညွှန်ကြားရေးမှူးကျန်းကိုလှည့်ကြည့်လိုက်သည်။
“လက်ထောက်ညွှန်ကြားရေးမှူးကျန်း ရှင်အကုန်ကြားလိုက်မှာပါ သူက ကျွန်မဒေါ်လေးကိုတွန်းချခဲ့တာကို ကိုယ်တိုင်ဝန်ခံလိုက်ပြီ”
ထိုသို့ပြောပြီးနောက် သူမခြေထောက်ကပျော့ခွေသွားပြီး ကြမ်းပြင်ပေါ်သို့ပုံကျသွားကာ မျက်နှာကိုအုပ်လျက်ငိုကြွေးလာသည်။
ဒေါ်လေးလား။
ယန်ရုံအန်း၏ရင်ထဲတွင် ဒိတ်ခနဲဖြစ်သွားကာ သူ့စိတ်ထဲတွင် အကြံတစ်ခုပေါ်လာသည်။
“မင်းကတုမိန်မဟုတ်ဘူး မင်းကတုမိန်မဟုတ်ဘူး ”
တုကျန်းကျူက သူ့ဦးလေးတုချွမ်၏လက်ကိုကိုင်ကာ ထရပ်လာပြီး ယန်ရုံအန်းကိုစိုက်ကြည့်လိုက်သည်။
“ကျွန်မရဲ့ဒေါ်လေးကသေသွားပြီ ရှင်ကိုယ်တိုင်သတ်လိုက်တာလေ သေချာပေါက်ကို ကျွန်မကတုမိန်မဟုတ်ဘူး”
သူမက သူမဒေါ်လေးနှင့်အနည်းငယ်ရုပ်ဆင်သောကြောင့် ယန်ရုံအန်းကိုလှည့်စားရန်အတွက် သူမဒေါ်လေးနေရာမှဟန်ဆောင်ရန် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။
သူမကို အသက်ဆယ်နှစ်ကြီးသွားသည့်ပုံစံပေါက်ကာ သူမဒေါ်လေးနှင့်တူသွားသည့်အထိ မိတ်ကပ်ပြင်ပေးနိုင်ခဲ့သော ရဲဘော်ထုံရွှယ်လူကိုသာ ကျေးဇူးတင်ရမည်။
ဤအချိန်မှသာ ယန်ရုံအန်းက သူတို့ထောင်ချောက်ထဲကျသွားကြောင်း သဘောပေါက်သွားသည်။
သူကသာ တုမိန်ကိုတွန်းချခဲ့ကြောင်း ကိုယ်တိုင်မဝန်ခံပါက ထိုရွာသားနှင့်တုချွမ်တို့၏သက်သေနှင့်ဆိုလျှင်တောင် အပြစ်ရှိကြောင်းပြနိုင်မည်မဟုတ်ပေ။
အခုတော့ အကုန်ပြီးသွားပြီ။
ရုတ်တရက်ပင် ယန်ရုံအန်းကပြင်းထန်စွာတုန်ရီလာပြီး ချီးနှင့်သေးအနံ့များက သူ့ဆီမှပျံ့နှံ့လာသည်။
သူ့ကိုချုပ်ထားသော အရာရှိတစ်ယောက်က ပြောလာ၏။
“ချီးး..ယန်ရုံအန်းကချီးထွက်ကျတဲ့အထိကို ကြောက်သွားတာဘဲ”
လက်ထောက်ညွှန်ကြားရေးမှူးကျန်းက သူပြင်းထန်စွာတွန့်လိမ်နေသည်ကိုမြင်သောအခါ မျက်မှောင်ကြုတ်လိုက်သည်။
“သူ့ကိုလွှတ်ပေးလိုက်တော့ အဲ့ဒါကလေဖြတ်တာလားမသိဘူး”
ဒီနေရာတွင်ရှိနေသောသူတိုင်းက ကြောင်သွားသည်။
လူငယ်တစ်ယောက်က လေဖြတ်နိုင်လို့လား။
သို့သော် ယန်ရုံအန်းကတကယ်ကို လေဖြတ်နေသည့်ပုံပင်။ သူကဆီးဝမ်းမထိန်းနိုင်ရုံသာမက သူ့ပါးစပ်ကရွဲ့နေပြီး မျက်စိစွေနေကာ ဘာမှမပြောနိုင်တော့ပေ။
လူတိုင်း "..."
ထို့နောက် ယန်ရုံအန်းကိုဆေးရုံသို့ပို့လိုက်သောအခါ ဆရာဝန်က ယန်ရုံအန်းသည် နှလုံးသွေးကြောကျဉ်းရာမှတစ်ဆင့်ပြင်းထန်ပြီး လေဖြတ်သွားကြောင်းပြောပြလာသည်။
သို့သော် သူ လေဖြတ်သွားလျှင်တောင်မှ အပြစ်ဒဏ်မှလွတ်မည်မဟုတ်ပေ။
ပြစ်မှုများစွာအတွက် ယန်ရုံအန်းကို လဝက်အကြာတွင် သေဒဏ်ပေးခံရမည်ဟုပြစ်ဒဏ်ချမှတ်လိုက်သည်။
🍵
ယန်ရုံအန်း သူ့ဇနီးကိုအဆိပ်ခတ်သည့်သတင်းသည် မြို့တော်၌ပျံ့သွားကာ လူတိုင်းကိုထိတ်လန့်သွားစေသည်။
သူ့မိန်းမကိုအရမ်းချစ်တဲ့သူက တကယ်တော့ ချန်ရှီမိန့်ရဲ့လူဝင်စားဖြစ်နေတာလား။
မဟုတ်သေးဘူး၊ သူကချန်ရှီမိန့်ထက်တောင် ပိုကြောက်ဖို့ကောင်းတယ်။ အဲ့ဒါက လူအရေခွံခြုံထားတဲ့ အဆိပ်ပြင်းမြွေတစ်ကောင်ဘဲ။
တုမိန်၏ကလေးနှစ်ယောက်ကို တုချွမ်က တုမိသားစုဆီသို့ပြန်ခေါ်သွားသည်။ ကလေးနှစ်ယောက်လုံးကို တုမိန်တစ်ယောက်တည်းကသာ သူတို့တစ်သက်ပြုစုပျိုးထောင်ခဲ့သဖြင့် သူတို့၏ကိုယ်ကျင့်စရိုက်များသည် တုမိသားစုနှင့်ဆင်၏။
ယန်မိသားစုက သေရေးရှင်ရေးတမျှ အခက်အခဲထဲရောက်နေ၏။ ယန်ရုံအန်းကိုဆူဆဲကြသည့်အပြင် လူတိုင်းက ယန်မိသားစုအိမ်သို့သွားကာ အမှိုက်များပစ်ပြီး သေးပန်းကြသည်။
အဖေယန်၊ ယန်ရုံအန်း၏ညီအစ်ကိုမောင်နှမများ၊ တူတူမတို့အားလုံးသည် သူတို့အလုပ်လုပ်နေသည့် အလုပ်၊စက်ရုံများမှ အလုပ်ထုတ်ခံရသည်။ မိသားစုထဲတွင် လူသတ်သည့်မကောင်းဆိုးဝါးရှိနေရာ သူတို့မိသားစုက ဒီတစ်သက်ခေါင်းပြန်ထောင်နိုင်တော့မည်မဟုတ်ပေ။
ဆွေမျိုးများကလည်း သူတို့နှင့်သေခန်းပြတ်ရန် မစောင့်နိုင်ကြတော့ဘဲ ယန်မိသားစုနှင့်ဘယ်တော့မှဆက်သွယ်တော့မည်မဟုတ်ကြောင်းပြောလာကြသည်။
ဖန်ကျင်းယွမ်က ထိုအကြောင်းများကိုကြားပြီးသောအခါ ထုံရွှယ်လူဆီသို့အပြေးရောက်လာ၏။
“ရွှယ်လူ ငါကြားတာတော့ နင်က ယန်ရုံအန်းကိုအမှုဖွင့်တဲ့ထဲမှာပါခဲ့တယ်ဆို ငါ့ကိုအကြောင်းစုံပြောပြ”
ထုံရွှယ်လူက စွပ်ပြုတ်ဖက်ထုပ်(soup dumplings)*လုပ်ရန်ဂျုံနယ်နေ၏။ သူမကရှင်းလင်းစွာပြောပြလိုက်သည်။
(Tn: ဖက်ထုပ်စွပ်ပြုတ်မဟုတ်ပါဘူး ဖက်ထုပ်ထဲမှာမှ စွပ်ပြုတ်ရည်ပါနေတာပါ)
ဖန်ကျင်းယွမ်ကမျက်လုံးပြူးသွားသည်။
“တုကျန်းကျူနဲ့ တုမိန်က ဆယ့်ခုနစ်နှစ်လား ဆယ့်ရှစ်နှစ်လား အဲ့လောက်ထိကွာတာလေ၊နင်မိတ်ကပ်လိမ်းပေးလိုက်တော့ တုကျန်းကျူက တကယ်ဘဲ အသက်ဆယ်နှစ်ကျော်ကြီးတဲ့ပုံပေါ်ပြီး သူ့အဒေါ်တုမိန်နဲ့တူသွားတာလား”
ထုံရွှယ်လူက ဖက်ထုပ်များကိုပေါင်းသည့်ဝါးခြင်းထဲထည့်လိုက်သည်။ထို့နောက် ပေါင်းအိုးထဲထည့်ကာပေါင်းထားလိုက်ပြီး ခေါင်းခါပြလာသည်။
“အတိအကျကြီးတော့ ဘယ်တူပါ့မလဲဟယ် ၇၀-၈၀ရာခိုင်နှုန်းလောက်ဘဲတူတာ”
ထိုအချိန်တွင် ယန်ရုံအန်းက စိတ်ရှုပ်ထွေးနေခဲ့သည်။ သူ၏ပြစ်မှုများက တစ်ခုပြီးတစ်ခုပေါ်လာ၏။၎င်းက သူ့နှလုံးသားကို သက်ရောက်သွားစေသည်။ထို့နောက် ရုတ်တရက် သေသွားသောတုမိန်က ပြန်ရှင်လာသည်ကိုမြင်သောအခါ အသေးစိတ်ကိုလိုက်မကြည့်နိုင်တော့ပေ။
ထို့အပြင် သူမက တမင်တကာ တုကျန်းကျူ၏မျက်နှာပေါ်တွင် အမာရွတ်များကိုလုပ်ပေးလိုက်သည်။ ထို့ကြောင့် ရန်ရုံအန်းသူမကိုမြင်သောအခါ သူ့မျက်လုံးများက သူမမျက်နှာပေါ်မှ အမာရွတ်များကိုသာ အာရုံစိုက်နေမိလိမ့်မည်။
ဖန်ကျင်းယွမ်က ရုတ်တရက် ရှက်သွေးဖြာလာပြီး ပြောလာ၏။
“အနုပညာဌာနရဲ့ခေါင်းဆောင်က ငါ့ကိုလူတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်လို့တဲ့ နောက်တစ်ခါကျရင် နင်ငါ့ကိုမိတ်ကပ်လိမ်းပေးပါလား”
ထုံရွှယ်လူက သူမကိုတစ်ချက်ကြည့်လိုက်သည်။
“ရတယ်လေ ဒါပေမယ့် နင့်အလှပြင်ပစ္စည်းတွေကိုယူလာခဲ့ ဟုတ်ပြီလား”
“ထုံကျန်းကျန်းဘက်ကရော တစ်ခုခုသိရသေးလား”
ယန်ရုံအန်းပြစ်ဒဏ်ကျသွားပြီးနောက် ထုံကျန်းကျန်းက တရားသေလွတ်သွားသည်။
သူမကို မကျော်လွှားနိုင်သော ရှောက်ချန်းဟုတောင် ပြောလို့ရသည်။
ဖန်ကျင်းယွမ်က ပြုံးကာ အားရပါးရပြောပြလာသည်။
“သူ့ကို အမျိုးသမီးအဖွဲ့ချုပ်ရုံက အလုပ်ထုတ်လိုက်ပြီး အခုတော့ ဘာမှလုပ်စရာမရှိဘဲ အိမ်မှာနေနေတယ် အရင်တုန်းက သူမက သက်ရှိလိန်ဖုန်းဖြစ်လာတော့ ထုံမိသားစုဝင်အားလုံးက သူမကိုထောက်ပံ့ပေးကြတယ် အခုတော့ သူ့ကိုမောင်းထုတ်ချင်နေပြီလို့တောင် ကြားတယ်”
ထုံရွှယ်လူက မျက်ခုံးပင့်လိုက်သည်။
“မောင်းထုတ်မှာလား အဲ့လိုတော့မဟုတ်လောက်ပါဘူး ဟုတ်လို့လား”
ဖန်ကျင်းယွမ်ကခေါင်းညိတ်ပြလာသည်။
“ငါကြားမိတာတော့ အဲ့ဒါက သူ ယန်ရုံအန်းနဲ့စေ့စပ်ထားလို့တဲ့ ထုံမိသားစုက သူတို့မိသားစုကိုပါသက်ရောက်လာမှာကိုစိုးရိမ်ပြီး သူ့ကိုကျေးလက်ဘက်မှာ ပညာတတ်လူငယ်သွားလုပ်စေချင်နေကြတာ၊ ထုံကျန်းကျန်းကမသွားချင်ဘူး အဲ့ဒီတော့ ဒီရက်ပိုင်းတွေထဲမှာ ထုံမိသားစုက အမြဲလိုလိုစကားများနေကြတယ်’
“အရင်တုန်းက နင်ထုံမိသားစုနဲ့ အဆက်ဖြတ်လိုက်တာက်ု ငါနားမလည်ခဲ့ဘူး၊ အခုတော့ နင်လုပ်ခဲ့တာက မှန်တယ်ဆိုတာကို ငါနားလည်သွားပြီ သူတို့ကအရမ်းစိတ်ပျက်ဖို့ကောင်းတယ်”
ထုံရွှယ်လူက သူမကိုမတုံ့ပြန်လာဘဲ ထုံကျန်းကျန်းကို တစ်ခါတည်းနှင့် ဘယ်လိုဖယ်ရှားရမည်ကို စဉ်းစားနေ၏။
ဖြစ်နိုင်ပါက သူမကို ပြန်လည်ပြုပြင်ရေးအတွက် ကျေးလက်စွန်ဖျားမှလယ်ယာသို့ပို့လိုက်နိုင်သည်က အကောင်းဆုံးပင်။
သူတို့စကားပြောနေချိန်တွင် စွပ်ပြုတ်ဖက်ထုပ်များကပေါင်းပြီးပြီဖြစ်သည်။
စွပ်ပြုတ်ဖက်ထုပ်များသည် ကျောက်စိမ်းလိုဖြူစွတ်ကာ စွပ်ပြုတ်ရည်က အီစိမ့်နေလောက်အောင်အရသာရှိ၏။ဖက်ထုပ်အသားကလည်း ပါးလွှာကာ နူးညံ့လှသည်။ တစ်ကိုက်ကိုက်လိုက်လျှင် စွပ်ပြုတ်အရည်က ပါးစပ်တစ်ခုလုံးပျံ့နှံ့သွားသည်။ အရသာရှိပြီး အဆင့်ဆင့်အရသာက ရိုးရှင်းစွာပင် အံ့ဩစရာကောင်းလှသည်။
ဖန်ကျင်းယွမ်က မပြန်ခင်တွင် ဖက်ထုပ်နှစ်ခြင်း*ကိုတစ်ယောက်တည်းစားသွားသည်။
ဌာနတွင် ရို့မန်တစ်မဆန်တတ်သူသုံးယောက် ဒီနေ့စိတ်ကောင်းဝင်နေကြသည်။
ဒီနေ့မနက်တွင် ဝမ်ရူကွေ့က ထုံရွှယ်လူဆီမှ ဆွစ်ဇာလန်စစ်တပ်သုံးဓားနှင့် နှိုးစက်နာရီများရလာသည်။ထို့အပြင် မုန့်ချိုခဲနှင့် အခြားစားစရာများလည်းပါသေးသည်။
ဝမ်ရူကွေ့က မုန့်ချိုခဲကိုကိုက်ကာ လက်ထဲတွင်ဆွစ်ဇ်ဓားကိုကိုင်ထားပြီး သူ့မျက်လုံးများက နူးညံ့မှုများပြည့်နေသည်။
အချင်းချင်းမတွေ့ရသည်မှာ တစ်လကျော်ပြီဖြစ်သောကြောင့် သူကချက်ချင်းပြေးပြန်လိုက်ချင်၏။
ဌာနမှသူများက ဝမ်ရူကွေ့ပြုံးနေသည်ကိုမြင်လျှင် သူ့ဇနီးလောင်းဆီမှ ပါဆယ်ရောက်လာသောကြောင့်ဖြစ်မှန်းခန့်မှန်းနိုင်နေကြပြီဖြစ်သည်။
တိုက်ဆိုင်စွာဖြင့် ကျိုးရန်ကလည်း စိတ်ကောင်းဝင်နေ၏။
“ငါ့မင်္ဂလာပွဲက နောက်အပတ်မှာ မင်းတို့တွေဘယ်လိုဖြစ်ဖြစ်လာရမယ်နော်”
သူကဒီလိုနေ့ကို အချိန်အကြာကြီးစောင့်ခဲ့ရသည်။
ဟွမ်ချီမင်ကလည်း လက်ထပ်ပြီးသောအခါ သူပျော်ရွှင်နိုင်သည့်ကို တိတ်တဆိတ်ပြောပြခဲ့သည်။
အခုချိန်တွင် သူကလူများကို ရှက်သွေးဖြာကာ ရင်ခုန်စေသည့် ဤပျော်ရွှင်မှုဟူသောစကားလုံးကို နားလည်သွားပြီဖြစ်သည်။
မမျှော်လင့်ထားစွာပင် ဟွမ်ချီမင်ကလည်း စိတ်ကောင်းဝင်နေသည်။သူက ပြုံးလွန်းသဖြင့် နှုတ်ခမ်းကနားရွက်တက်ချိတ်မိတော့မည်ဖြစ်သည်။
ကျိုးရန်က မထိန်းနိုင်တော့ဘဲ စပ်စုလိုက်သည်။
“မင်းက ဘာကောင်းတာတွေဖြစ်ထားလို့လဲ”
ဟွမ်ချီမင်က မျက်လုံးပျောက်သည့်အထိပြုံးလိုက်သည်။
“ငါကအဖေဖြစ်တော့မှာ ငါ့မိန်းမကကိုယ်ဝန်ရှိနေပြီလို့ ဒီနေ့ဘဲအိမ်ကဖုန်းဆက်လာတယ်”
ဝမ်ရူကွေ့ရော ကျိုးရန်ပါ ကြက်သေသေသွားကြသည်။
“ဂုဏ်ပြုပါတယ်ကွာ ဒါပေမယ့် အရမ်းလည်းဂုဏ်ယူမနေနဲ့ဦး ငါလည်းသိပ်မကြာခင်အဖေဖြစ်တော့မှာကွ”
ကျိုးရန်က ချဉ်တူးနေသောလေသံဖြင့်ပြောကာ ဝမ်ရူကွေ့ကိုဖဲ့ဖို့လည်း မမေ့ပေ။
“ငါတို့ထဲမှာ ရူကွေ့ကသာ သနားစရာကောင်းနေတာကွ သူကလက်ထပ်ဖို့နှစ်နှစ်တောင်စောင့်ရဦးမယ်”
ဝမ်ရူကွေ့: "..."
ဝမ်ရူကွေ့၏ အားလျော့သွားသောပုံစံကိုကြည့်ကာ ကျိုးရန်နှင့်ဟွမ်ချီမင်တို့က နွေလည်ခေါင်တွင် ရေခဲစိမ်ဖရဲသီးစားလိုက်ရသလို ခံစားမိသွားသည်။
တစ်ချီနိုင်သွားတာ အရမ်းမိုက်တယ်။
🍵
နှစ်ရက်ကြာပြီးနောက် ထုံရွှယ်လူက ဖန်ကျင်းယွမ်ဆီမှာ ထိတ်လန့်စရာသတင်းကိုသိလိုက်ရသည်။
ထုံကျန်းကျန်း လက်ထပ်တော့မယ်။
သူလက်ထပ်မယ့်သူကလဲ အခြားမဟုတ်ဘူး၊ ဖန်ကျင်းယွမ်နဲ့ လမ်းခွဲခဲ့တဲ့ ဝတ်ရုံလက်ပြတ် ရှန့်ဖန်းတဲ့။