🍵Chapter 245
ထုံရွှယ်လူက ထိုသတင်းကိုကြားလိုက်ရသောအခါ ထုံကျန်းကျန်းက မရူးနေလျှင်တောင်မှ သိပ်မကြာခင်မှာဘဲ ရူးသွားနိုင်ကြောင်းတွေးလိုက်မိသည်။
သူမက ရှန့်ဖန်းသည် ဝတ်ရုံလက်ပြတ်ဖြစ်ကြောင်း မသိလျှင်တောင်မှ ရှန့်မိသားစုနှင့်ဖန်မိသားစုကြားမှ အငြင်းပွားမှုများကို ကြားထားနိုင်သည်။ ရှန့်မိသားစု၏မျက်ဖြူဝံပုလွေဆန်ပုံနှင့်ဆို သူမကအသက်မြန်မြန်ထွက်သွားမှာ မကြောက်ဘူးလား။
ထုံကျန်းကျန်းက အရမ်းကိုထူးခြားတဲ့ အကြိုက်ရှိတယ်လို့တော့ပြောရမယ်။ အရင်ဆုံးသူမက ကိုယ့်မိန်းမကိုယ်သတ်တဲ့ လူယုတ်မာယန်ရုံအန်းနဲ့ကြိုက်သွားတယ်၊ အခုလည်း အိမ်ထောင်ရေးမှာဖောက်လွဲဖောက်ပြန်လုပ်တတ်တဲ့ ဂေးရှန့်ဖန်းနဲ့ လက်ထပ်တော့မှာ သူမအကြိုက်ကတကယ်ကို အံ့ဩစရာဘဲ။
ဖန်ကျင်းယွမ်က နှမ်းနက်စွပ်ပြုတ်ကိုအသံမြည်အောင်သောက်လိုက်သည်။
“အရင်တစ်ခေါက်က ငါ့အစ်ကိုကြီးသိလာတာ။သူက ရှန့်ဖန်းကယောက်ျားတွေကိုကြိုက်တာလို့ပြောပြလာတယ် ထုံကျန်းကျန်းရောဒီကိစ္စကိုသိနေမယ်လို့ နင်ထင်လား”
ထုံရွှယ်လူက ခေါင်းခါလိုက်သည်။
“ငါမသိဘူး ဒါပေမယ့်ဒါကသက်သက်တစ်ခုပဲ ဘယ်သူ့ကိုမှမပြောပြနဲ့”
ဖြစ်စဉ်ကိုလူကိုယ်တိုင်သိသည်ကလွဲလျှင် အကယ်၍ကိုယ့်ေကြာင့်သတင်းပြန့်သွားပါက တစ်ဖက်လူကကိုယ့်ကိုလာကိုက်ရန်လွယ်ကူ၏။
ဖန်ကျင်းယွမ် :“စိတ်မပူနဲ့ ငါကနှုတ်လုံပါတယ်ဟ နင်ပြောတာတွေကို အခြားဘယ်သူ့ကိုမှမပြောပြဘူး ဒါနဲ့ ငါ့အကိုကြီးက ဒီတစ်ခေါက်အိမ်ထောင်ဖက်သွားတွေ့တာလည်း မအောင်မြင်ဘူး နင်သိလား ငါ့အကိုက ဒီတစ်သက်အိမ်ထောင်ရောပြုနိုင်ပါ့မလား”
ထုံရွှယ်လူ: "..."
နင်ကနှုတ်လုံတာသေချာရဲ့လား။
ဖန်ကျင်းယွမ်ပြန်သွားပြီးနောက် ထုံရွှယ်လူက စာကြည့်ခန်းထဲသို့သွားကာ ညီအစ်ကိုနှစ်ယောက်ကို ထုံကျန်းကျန်းအကြောင်းပြောပြလိုက်သည်။
သူမက ယန်ရုံအန်းအကြောင်းကိုလည်း အတိုချုံ့ကာပြောပြလိုက်သည်။
“အခုချိန်မှာ ထုံကျန်းကျန်းကငါ့ကို တော်တော်လေးမုန်းတီးနေလောက်ပြီ ဒါပေမယ့်ငါ့ကိုတော့ပြသနာလာရှာရဲမှာမဟုတ်ဘူး အဲ့ဒီအစားနင်တို့ကိုပြသနာလာရှာမှာစိုးရိမ်ရတယ်”
ထုံကျားရှင်းက လက်သီးဆုပ်ကာပြောလာသည်။
“လာရဲလာကြည့် ကျွန်တော့်လက်သီးစာကျွေးပစ်လိုက်မယ်”
ရှောင်းမျန်မျန်က လက်သီးဆုပ်ကာ အသံချိုချိုလေးဖြင့်ဝင်ပြောသည်။
“မျန်မျန်က သူ့ကိုရိုက်ပစ်မယ်”
ထုံရွှယ်လူ :“ ဂရုမစိုက်ဘဲမနေနဲ့ သူကနင်တို့ကျောင်းသွားကျောင်းပြန်လမ်းမှာ နှောင့်ယှက်ဖို့တစ်ယောက်ယောက်ကိုရှာလာရင်ဘယ်လိုလုပ်မလဲ နင်တို့က သူတို့ရဲ့ပြိုင်ဘက်မဟုတ်ဘူး၊ မနက်ဖြန်ကစပြီး ကျောင်းဆင်းရင် သူငယ်ချင်းတွေနဲ့အတူပြန်လာရမယ် အပြင်မှာလျှောက်သွားမနေရဘူး နားလည်လား”
ရှောင်းကျားမင်က ခေါင်းညိတ်လာသည်။
“နားလည်ပါပြီ၊ ကျောင်းဆင်းတာနဲ့ အိမ်ကိုမြန်မြန်ပြန်ခဲ့ပါ့မယ်”
ထုံရွှယ်လူက ကျေနပ်သွားပြီး ခေါင်းညိတ်လိုက်သည်။ ထို့နောက်သူမက ထုံကျားရှင်းကိုကြည့်လာ၏။
ထုံကျားရှင်းက ယုံကြည်ချက်အပြည့်ဖြင့် ခေါင်းကိုကုတ်လိုက်သည်။
“ဒါပေမယ့် မမကြီး သားတို့ကအနာဂတ်မှာ ဒီလိုပုံစံဘဲနေသွားရမှာလား”
နေ့တိုင်းနေ့တိုင်းကျောင်းနဲ့အိမ်ကိုဘဲသွားနေရတာ အရမ်းပျင်းဖို့ကောင်းမနေဘူးလား။
အရင်တုန်းကဆို ရာသီဥတုအေးသဖြင့် သူကကျောင်းဆင်းသည်နှင့် အိမ်ကိုတန်းပြန်ကာကွေးနေကျဖြစ်သည်။ အခုတွင်မူ ရာသီဥတုက ဖြေးဖြေးချင်းပူလာရာ သူကသူငယ်ချင်းများနှင့် မြစ်ထဲတွင်ငါးသွားမျှားရန် ချိန်းထားပြီးသားဖြစ်သည်။
ထုံရွှယ်လူ :“အနည်းဆုံးတော့ နောက်ခြောက်လအတွင်းမှာ ဒီလိုပုံစံဘဲဆက်နေရမယ်”
သူမက ခြောက်လအတွင်းတွင် ထုံကျန်းကျန်းကိုရှင်းထုတ်နိုင်ရန် ကြိုးစားရလိမ့်မည်။မဟုတ်ပါကမောင်နှမသုံးယောက်အပေါ်ခြိမ်းခြောက်မှုများက အလွန်ကြီးလာနိုင်သည်။
ထုံကျားရှင်းက ခနလောက်တွေးကာခေါင်းညိတ်လိုက်သည်။
“ကောင်းပါပြီ ဒါပေမယ့် မမကြီးကျွန်တော်ချဉ်စပ်ခေါက်ဆွဲစားချင်တယ်ရမလား”
ထုံရွှယ်လူက မျက်စောင်းထိုးလိုက်သည်။
“နင်ကတော့လေ အခြေအနေကိုအခွင့်ကောင်းယူတာသိပ်တော်တာဘဲ၊ ဟုတ်ပြီ ငါအခုဘဲလုပ်ပေးမယ် နင်လည်းငါပြောတာကိုလိုက်နာနော်”
ထုံကျားရှင်းက ပျော်ရွှင်စွာထခုန်လိုက်ကာ ပြုံးဖြီးဖြီးဖြင့်ပြောလာ၏။
“မမကြီးစိတ်မပူနဲ့ ကျွန်တော် ကျောင်းလွှတ်တာနဲ့ အိမ်ကိုတန်းပြန်လာခဲ့မယ်”
မီးဖိုချောင်ထဲသို့ရောက်သောအခါ ထုံရွှယ်လူက ကြောင်အိမ်ထဲမှ ကန်စွန်းဥကြာဇံများကိုထုတ်လိုက်သည်။
ဤကြာဇံများကို သူမအရင်ကတည်းကလုပ်ထားခဲ့ခြင်းဖြစ်သည်။ အခုချိန်တွင်ချဉ်စပ်ခေါက်ဆွဲစားချင်လာပါက ပြုတ်လိုက်ရုံပင်။
ထို့နောက် သူမက ငရုတ်ဆီ၊ငရုတ်ကောင်း၊ချင်း၊ ကြက်သွန်နီ၊ ရှာလကာရည်၊ ပဲငံပြာရည်၊ဆားတို့ဖြင့် အရသာမှုန့်လုပ်လိုက်သည်။ ပြီးလျှင် ဝက်သားကိုနုတ်နုတ်စင်းကာ အနံ့သင်းလာသည်အထိ ပဲပိစပ်ဖြင့်ရောကြော်လိုက်သည်။
ထို့နောက် ရသာမှုန့်နှင့်ဝက်သားကြော်များကို ခေါက်ဆွဲပန်းကန်ထဲလောင်းထည့်ကာ အပေါ်မှကြက်သွန်မြိတ်၊ ဆားရည်စိမ်ပဲတောင့်နှင့် နံနံပင်တို့ကိုဖြူးလိုက်ကာ ချဉ်စပ်ခေါက်ဆွဲရပြီဖြစ်သည်။
ထုံကျားရှင်းက လောဘတက်နေသည့်ကြောင်လိုဘေးတွင်ရပ်နေပြီး မီးဖိုကို တောင့်တစွာကြည့်နေကာ သရေယိုနေ၏။
ခေါက်ဆွဲရလာသောအခါ သူကပူ၏မပူ၏ကို ဂရုမစိုက်နိုင်တော့ဘဲ ခေါက်ဆွဲပန်းကန်ကိုမကာ ပြေးထွက်သွားသည်။
ချဉ်စပ်ခေါက်ဆွဲက စပ်ကာမွှေးကြိုင်၏။ချဉ်သော်လည်း ဆီမအစ်ပေ။ နွေဦး၊နွေ၊ဆောင်း ဘယ်ရာသီမဆိုစားရန်သင့်တော်၏။
ထုံကျားရှင်းက ခေါက်ဆွဲပန်းကန်ကြီးကို တစ်ခါတည်းဖြင့် အပြတ်ရှင်းလိုက်သည်။
ဝါးးးးးးအရမ်းကိုအရသာရှိတယ်။
ချဉ်စပ်ခေါက်ဆွဲသာ နေ့တိုင်းစားနေရရင် ဘာလိုဦးမှာလဲ။
🍵
ဤအချိန်တွင် ထုံကျန်းကျန်း၏စိတ်အခြေအနေက အလွန်ဆိုးရွားနေသည်။
သူမက သူမရှေ့မှ ရှန့်ဖန်းကိုစိုက်ကြည့်လိုက်သည်။
“ပြော ရှင်ကျွန်မဆီကဘာလိုချင်တာလဲ”
သူမ အစိုးရရှေ့နေရုံးမှလွတ်လာပြီးကတည်းက ကံဆိုးလာခဲ့သည်။
အရင်ဆုံး သူမကိုအမျိုးသမီးအဖွဲ့ချုပ်ရုံးက အလုပ်ထုတ်လိုက်ကြသည်။ထို့နောက်အိမ်ပြန်ရောက်သောအခါ သူမမိသားစု၏ဒေါသကို သည်းခံရသည်။ အခုတွင်လည်း ရှန့်ဖန်းကသူနှင့်လက်ထပ်ရန် ခြိမ်းခြောက်လာသည်။
အကြောင်းမှာ သူမ ယန်ရုံအန်းဆီရေးခဲ့သည့်စာများက ရှန့်ဖန်းဆီတွင်ရှိနေသောကြောင့်ဖြစ်သည်။ သူမသာသူ့ကိုလက်မထပ်ပါက ထိုစာများကိုအစိုးရရှေ့နေရုံးဆီလက်လွှဲပေးလိုက်မည်ဟု ခြိမ်းခြောက်လာ၏။
ထိုသို့ဖြစ်သွားပါက သူမက ယန်ရုံအန်းနှင့်ပေါင်းကာ သူရဲကောင်းအတုကိစ္စကိုလုပ်သည့်အမှုသာမက ထွက်ဆိုချက်အမှားလုပ်သည့်ကိစ္စပါ ပါလာလိမ့်မည်။ သူမကပြစ်မှုနှစ်ခုလုံးအတွက် အပြစ်ပေးခံရနိုင်သည်။
အဲ့ဒီလိုဆို ဆယ်နှစ်ထက်မနည်း ထောင်ချခံရမှာကြောက်မိတယ်။
ရှန့်ဖန်းက သူမကိုကြည့်လိုက်သည်။
“မင်းအစိုးရရှေ့နေရုံးကနေ အသက်ရှင်လျက် ပြန်ထွက်လာနိုင်တာက ဝန်ကြီးယန်ရဲ့ကြင်နာမှုကြောင့်ဘဲ မင်းတစ်သက်လုံးယန်မိသားစုအပေါ်မှာ သစ္စာရှိသွားရမယ်”
ထုံကျန်းကျန်းကမျက်မှောင်ကြုတ်လိုက်သည်။
“ရှင်ဘာကိုပြောချင်တာလဲ”
ရှန့်ဖန်း :“မင်းကအနာဂတ်ကိုခန့်မှန်းနိုင်တာကို ဝန်ကြီးယန်က ငါ့ကိုပြောပြပြီးသား၊ မင်းက နောက်နှစ်ထဲမှာ စီးပွားရေးလမ်းကြောင်းတွေက ပြန်လည်ဖွံ့ဖြိုးလာမယ်လို့ ပြောခဲ့တယ်ဆို၊အဲ့ဒီအချိန်ကျရင် လူတိုင်းကစီးပွားရေးလုပ်နိုင်ပြီး အစိုးရပိုင်လုပ်ငန်းတွေကလည်း ဆုတ်ခွာသွားလိမ့်မယ် ငါပြောတာဟုတ်လား”
ထုံကျန်းကျန်း၏မျက်နှာက တင်းမာနေ၏။
“ရှင်သိတယ်ဆိုရင် ဘာလို့ကျွန်မကိုလာမေးနေသေးတာလဲ”
ရှန့်ဖန်းက ရှေ့တိုးလာပြီး သူမ၏မေးစေ့ကိုညှစ်လိုက်သည်။
“ထုံကျန်းကျန်း မင်းငါ့ကိုစကားပြောတဲ့ပုံစံကို သတိထား မဟုတ်လို့ကတော့ မင်းကိုမနက်ဖြန်အသက်မရှင်နိုင်တော့အောင် ငါလုပ်ပြမယ်”
ထုံကျန်းကျန်း၏နှလုံးသားက ဒေါသဖြင့်လောင်ကျွမ်းလာသည်။
“ကျွန်မကို လွှတ်”
ရှန့်ဖန်းက သူမမေးစေ့ကိုလွှတ်ကာ ဘောင်းဘီအိတ်ကပ်ထဲမှလက်ကိုင်ပုဝါထုတ်ပြီး သူ့လက်ကိုသုတ်လိုက်သည်။
“မင်းရောငါရောက အစိုးရဌာနတွေမှာ အလုပ်ဝင်လုပ်ခွင့်မရတော့ဘူး၊ ငါတို့တွေဒီနှစ်ထဲမှာလက်ထပ်ကြမယ် ပြီးရင် ကောလိပ်အတူတက်မယ်၊ နောက်နှစ်ကျရင် ကောလိပ်တက်ရင်းနဲ့ တစ်ချိန်တည်းမှာ စီးပွားရေးလုပ်မယ်၊ ဆယ်နှစ်အတွင်းမှာ ငါတို့ကတရုတ်ပြည်ရဲ့ အချမ်းသာဆုံးသူတွေဖြစ်လာလိမ့်မယ်”
ထုံကျန်းကျန်းက သူလက်သုတ်လိုက်သည့်အပြုအမူအပေါ်အလွန်စိတ်အနှောင့်အယှက်ဖြစ်နေခဲ့သော်လည်း ထိုစကားကိုကြားသောအခါ သူမမျက်လုံးများကအရောင်တောက်လာသည်။
“ရှင်က စီးပွားရေးလုပ်နိုင်လား”
ရှန့်ဖန်းကနှာခေါင်းရှူံ့လိုက်သည်။
“အနည်းဆုံးတော့ ငါကမင်းထက်ပိုနားလည်တယ် ဒါပေမယ့်မင်းကအနာဂတ်ကိုခန့်မှန်းနိုင်တာကြောင့် ငါနဲ့ပူးပေါင်းပေးရမယ်”
ထုံကျန်းကျန်းက ရှန့်ဖန်းကိုသေချာကြည့်လိုက်သည်။
သူမရှေ့မှဤယောက်ျားက ခန့်ညားသောအသွင်အပြင်ရှိကာ အရပ်ရှည်၏။သူက ယန်ရုံအန်းထက်တောင် ပိုချောသည်။အရေးကြီးဆုံးမှာ သူကရန်ရုံအန်းထက် အသက်ငယ်၏။
ထိုသို့တွေးမိလိုက်သောအခါ သူမက ရှန့်ဖန်းဆီလျှောက်သွားလိုက်သည်။
“ကျွန်မကိုရှင်နဲ့ပူးပေါင်းစေချင်ရင် စကားကောင်းကောင်းမပြောသင့်ဘူးလား”
သူမပြောရင်းဖြင့် ရှန့်ဖန်း၏ပေါင်ပေါ်တွင်ထိုင်ရန်လုပ်လိုက်သည်။ မမျှော်လင့်ထားစွာပင် ရှန့်ဖန်းကသူမကို ပလိပ်ရောဂါဆိုးကဲ့သို့မြင်၏။သူက ထိတောင်မထိချင်ဘဲ သူမကိုတွန်းထုတ်လိုက်သည်။
ထုံကျန်းကျန်းကနောက်သို့နှစ်လှမ်းယိုင်သွားကာ ကြမ်းပြင်ပေါ်သို့လဲကျသွားပြီး သူမတင်ပါးကအီစိမ့်သွားသည်။
“ရှန့်ဖန်း ရှင်ရူးနေလား”
ရှန့်ဖန်းက သူမကိုစက်ဆုပ်စွာကြည့်လာ၏။
“ငါပြောပြမယ် ငါတို့လက်ထပ်ပြီးရင် ငါတို့ကအမည်ခံလင်မယားဘဲဖြစ်မှာ၊ အနာဂတ်မှာငါ့ကိုလာမထိနဲ့”
ထုံကျန်းကျန်းက ဒေါသထပ်ထွက်လာသည်။
“ရှင်ကျွန်မကို အဲ့ဒီလောက်တောင်မကြိုက်ရင်လည်း ဘာလို့လက်ထပ်ချင်နေသေးတာလဲ”
ရှန့်ဖန်းကပြုံးလိုက်သည်။
“ငါသာမင်းကိုလက်မထပ်လိုက်ရင် မင်းထွက်ပြေးသွားတဲ့အခါ ဘယ်မှာသွားရှာရမှာလဲ”
ထုံကျန်းကျန်းကမျက်မှောင်ကြုတ်လိုက်သည်။
“ကျွန်မတို့က အမည်ခံလင်မယားတွေဆိုရင် ကလေးမယူတော့ဘူးလား ဆိုလိုတာက ကလေးမရှိဘဲအချမ်းသာဆုံးသူလုပ်ရမှာလား”
ရှန့်ဖန်း :“ငါတို့တွေကအချမ်းသာဆုံးဖြစ်လာရင် ပိုင်ဆိုင်မှုတွေအားလုံးကို ယန်မိသားစုကိုလွှဲပေးရမယ် ငါပြောချင်တာက ဝန်ကြီးယန်ရဲ့သားနှစ်ယောက်ဆီကို၊ ငါတို့တစ်သက်လုံး ဝန်ကြီးယန်အပေါ်သစ္စာရှိသွားရမယ်”
ထုံကျန်းကျန်းက စိတ်ရှုပ်သွားသည်။
“ဝန်ကြီးယန်က သိပ်မကြာခင်မှာဘဲသေဒဏ်ပေးခံရတော့မှာလေ ရှင်ကဘာလို့သူ့ကိုသစ္စာရှိချင်နေသေးတာလဲ”
ရုတ်တရက်ပင် ရှန့်ဖန်း၏မျက်နှာက ရှက်သွေးဖြာလာသည်။
“ဝန်ကြီးယန်က ငါ့ရဲ့ကယ်တင်ရှင်ဘဲ၊ ဘာဘဲဖြစ်ဖြစ် မင်းကငါပြောတဲ့အတိုင်းလုပ်ရမယ်”
ထုံကျန်းကျန်း သူ့မျက်နှာပေါ်မှရှက်သွေးဖြာနေမှုကိုကြည့်ကာ သူမစိတ်တွင် အရိပ်အယောင်တစ်ခုပေါ်လာ၏။ သူမကသူ့ကိုမယုံနိုင်စွာကြည့်လိုက်သည်။
“ရှင် ......ရှင်က ယောက်ျားတွေကို ကြိုက်တာတော့မဟုတ်လောက်ပါဘူးနော် ယောက်ျားတွေကိုကြိုက်တာလား ”
ပြီးတော့သူကြိုက်တဲ့သူက ယန်ရုံအန်း။
ရှန့်ဖန်း၏မျက်နှာက ပြန်အေးစက်သွားသည်။
“ပါးစပ်ပိတ် ငါ့ဆီမှာမင်းရဲ့ပျော့ကွက်ရှိနေတာကို သဘောပေါက်စမ်းပါ”
သူအသက်၁၈နှစ်ပြည့်ကတည်းက သူ့ကိုယ်သူမိန်းကလေးများကို မကြိုက်ကြောင်းသိလာခဲ့သည်။ သူက မိန်းကလေးများသူ့ကိုထိလာသည်ကိုမုန်း၏။သို့သော် ထိုအချိန်တွင် သူ့ကိုယ်သူဘာမှားနေမှန်းမသိခဲ့ပေ။
၎င်းက ပညာရေးဗျူရိုကိုဝင်ကာ အသက်၂၅နှစ်သာရှိသေးသည့် ယန်ရုံအန်းကိုတွေ့လိုက်ရသောအချိန်အထိဖြစ်သည်။ထိုအချိန်တွင် သူ့ရင်ခုန်သံများက ဒုန်းစိုင်းလာပြီး ရန်ရုံအန်းကိုနေ့တိုင်းတွေ့ရရန်မျှော်လင့်နေခဲ့သည်။
နောက်ပိုင်းတွင် သူ့ကိုခွေးလိုက်ကိုက်ရာ ယန်ရုံအန်းကထိုခွေးကိုမောင်းထုတ်ပေးလာခဲ့သည်။ ထိုအချိန်မှစကာ သူက ယန်ရုံအန်းအား သူ့ဘဝကိုပုံအပ်ရန်ဆုံးဖြတ်ခဲ့သည်။
အစိုးရဌာနတွင်အလုပ်လုပ်ပါက တစ်နေ့နေ့တွင်အလုပ်ထုတ်ခံနိုင်သောကြောင့် ယန်ရုံအန်းက ဘာကိစ္စမှဖြစ်မလာခင်တွင် သူ့ကို ထုံကျန်းကျန်း၏လျှို့ဝှက်ချက်များအကြောင်း ပြောပြလာကာ အရာအားလုံးကိုစီစဉ်ထားခဲ့သည်။
ယန်ရုံအန်းကထုံကျန်းကျန်းအတွက်ပါ အပြစ်ခံယူပေးသွားသည့်အကြောင်းရင်းမှာ သူကထုံကျန်းကျန်းကို သူ့လက်ထဲတွင်သာ ကိုင်ထားလိုသောကြောင့်ဖြစ်သည်။
ထုံကျန်းကျန်းသာ လယ်တောသို့အပို့ခံလိုက်ရပါက သူမ၏အနာဂတ်ကိုမြင်နိုင်သောစွမ်းရည်ကိုသုံးပြီး သူ့အစားအခြားအင်အားရှိသောလူတစ်ယောက်ကိုရှာဖွေသွားမှာ စိုးရိမ်ရသည်။
ထို့ကြောင့် ယန်ရုံအန်းက ထုံကျန်းကျန်းကိုကယ်လိုက်ပြီး သူတွေးထားသည်မှာ သူကထုံကျန်းကျန်းကိုလက်ထပ်ပြီးလျှင် သူမကိုအပြင်တွင်အလုပ်ကြိုးစားခိုင်းပြီး သူလွတ်လာမှာကိုစောင့်ခိုင်းမည်ဟုတွေးထား၏။
စုယွဲ့ရှန်းက ယန်ရုံအန်းအား သူ့မိန်းမကိုလူသတ်မှုနဲ့အမှုဖွင့်လာမည်ဟု မမျှော်လင့်ထားခဲ့ပေ။
ယန်ရုံအန်းကသေဒဏ်ပေးခံရတော့မည်ဖြစ်ရာ လူတိုင်းထက် သူ ပိုခံစားနေရသည်။သူ ယန်ရုံအန်းအတွက် လက်စားချေရန် စုယွဲ့ရှန်းကိုသတ်ပစ်ချင်သည်။
သို့သော်အခုချိန်တွင် သူကအင်အားမရှိသဖြင့် အင်အားစုရန်အတွက် ငြိမ်ကုတ်နေရလိမ့်မည်။သူက ယန်ရုံအန်း၏မူလအကြံအတိုင်း ထုံကျန်းကျန်းကိုလက်ထပ်ကာ အချမ်းသာဆုံးသူဖြစ်လာဖို့ ဦးတည်သွားမှာဖြစ်သည်။
ထိုအချိန်မှသာ သူ ယန်ရုံအန်းအတွက် လက်စားချေပေးရမည့်အချိန်ဖြစ်သည်။
ထုံကျန်းကျန်းက ဤတွေ့ရှိမှုကြောင့်စက်ဆုပ်သွားကာ သူမဗိုက်ထဲကတောင် အော်ဂလီဆန်လာ၏။
သို့သော်သူမကတည်ငြိမ်စွာတွေးကြည့်လိုက်သည်။ အကယ်၍သူတို့သာ အချမ်းသားဆုံးသူဖြစ်လာပါက ထုံရွှယ်လူ၏ဘဝကိုဝယ်ဖို့ ပိုက်ဆံသုံးလို့ရသည်။
ထိုအကြောင်းကိုတွေးလိုက်မိသောအခါ သူမမျက်လုံးများကအရောင်ပြန်တောက်လာသည်။
“ကျွန်မရှင့်နဲ့ပူးပေါင်းနိုင်တယ် ဒါပေမယ့် အချမ်းသာဆုံးသူတွေဖြစ်လာရင် ရှင်ကကျွန်မကို ထုံရွှယ်လူကိုဖြေရှင်းဖို့ကူညီပေးရမယ် မဟုတ်ဘူးဆိုရင် ကျွန်မကိုအခုပဲ သတ်သွားလိုက်တော့”
ရှန့်ဖန်းက နှာခေါင်းရှူံ့လိုက်သည်။
“ပြသနာမရှိဘူး”
ထုံကျန်းကျန်းက ကြမ်းပြင်ပေါ်မှထလိုက်သည်။
“ဒါဆိုလည်း ပျော်ရွှင်စရာပူးပေါင်းမှုပါ”
ရှန့်ဖန်းက သူမကိုအသုံးချချင်နေမှတော့ သူမကလည်းရှန့်ဖန်းကို ဘာလို့အသုံးမချရမှာလဲ။
အနာဂတ်မှာအချမ်းသာဆုံးသူဖြစ်လာရင် သူမကရှန့်ဖန်းကိုအဆိပ်ခတ်သတ်လိုက်မယ်။အဲ့ဒီလိုဆိုရင် သူမကတရုတ်နိုင်ငံမှာအချမ်းသာဆုံးအမျိုးသမီးဖြစ်လာမှာဘဲ။
ယန်ရုံအန်းရဲ့ကလေးတွေလား။
ဟားဟားး ရှန့်ဖန်းနဲ့အတူ သေသွားလိုက်ကြ။
🍵
ထုံရွှယ်လူက ထုံကျန်းကျန်းနှင့်ရှန့်ဖန်းတို့ပူးပေါင်းလိုက်ကြောင်းမသိပေ။
ရှောင်းကျားမင်နှင့် ထုံကျားရှင်းတို့ကိုသတိပေးပြီးသောအခါ နောက်တစ်နေ့မနက်၌ ဝေ့မိသားစုဆီသို့ ရှောင်းမျန်မျန်ကိုသွားပို့ရင်း အဖွားရှန်ကိုလည်းပြောပြလိုက်သည်။
ရှန်ဝမ်ရုန်က ရှောင်ထွမ့်ဇီ(ရှောင်းမျန်မျန်)ကို သေချာကြည့်ထားပေးမည်ဖြစ်ကြောင်း အာမခံလာသည်။
ရှောင်းမျန်မျန်က ပုံမှန်ဆိုလျှင် ဝေ့အိမ်ထဲမှာဘဲနေသောကြောင့် သူမ မစိုးရိမ်ရပေ။
အရင်တစ်ခေါက်တွင် သူမကိုပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏နိုင်ငံရေးဗျူရိုက ခေါ်မေးမြန်းခဲ့ကာ ထိုကိစ္စက အကြီးအကျယ်မပြန့်သွားသော်လည်း စားသောက်ဆိုင်၏စီးပွားရေးကို အတိုင်းအတာတစ်ခုထိသက်ရောက်စေခဲ့သည်။
တစ်ချို့လူများက သူတို့ကိုပါရောယောင်ထိခိုက်လာမည်ကိုစိုးရိမ်လာကြသောကြောင့် အချိန်တိုအတွင်းတွင် စားသောက်ဆိုင်၌ပြန်မစားရဲကြသေးပေ။
ကံကောင်းထောက်မစွာဖြင့် ဆိုင်၏ပုံမှန်စီးပွားရေးက အလွန်ကောင်းခဲ့ရာ အတိုင်းအတာတစ်ခုထိ စားသုံးသူလျော့ကျသွားလျှင်တောင်မှ သက်ရောက်မှုမရှိပေ။
အခုမေလကုန်ဖြစ်ကုန်ကာ ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဒီဇင်ဘာလတွင်ကျင်းပလိမ့်မည်။ အလုပ်သိပ်လုပ်စရာမရှိသဖြင့် သူတို့စာမေးပွဲအတွက် ကြိုးကြိုးစားစားပြင်ဆင်သင့်သည်။
ထုံရွှယ်လူက အမေရှောင်ဆီမှရထားခဲ့သည့် သင်္ချာ၊ရူပနှင့်ဓာတုစာအုပ်များကို စားသောက်ဆိုင်သို့ယူလာပြီး ဝန်ထမ်းများကိုကော်ပီတစ်ခုစီဆုချလိုက်၏။