အပိုင်း၅၅
Viewers 7k

🤚Chapter 55





ဟယ့်ရှန်းတုံ၏မျက်နှာက ၀က်ခေါင်းကဲ့သို့ယောင်ကိုင်းနေခဲ့၍ အင်္ဂါနေ့တွင် အတန်းထဲ ရောက်မလာခဲ့ပေ။ 


ညနေခင်းပိုင်းမှ အဖြစ်အပျက်ကို ကလပ်နှစ်ခုမှ လူများသာ တွေ့ခဲ့ခြင်းမဟုတ်ဘဲ ဘာဘီကျူးစာသောက်ဆိုင်တွင် ထိုအချိန်တုန်းက အခြားစားပွဲများတွင် ချင်းဟွာတက္ကသိုလ်၏ကျောင်းသားများလည်း ရှိနေသည်။ တစ်ဦးချင်းဖောက်သည်များကြားထဲတွင် တက္ကသိုလ်မှကျောင်းသားများ ရောပါနေခြင်းဖြစ်သည်။ ထိုစားသောက်ဆိုင်က ချင်းဟွာတက္ကသိုလ်၏ဖောက်သည်များကြား အကျွေးအမွေးပြုလုပ်ရာတွင် နာမည်ကြီးသည်။ 


( တက္ကသိုလ်နာမည်က အစပိုင်းတုန်းက ဟွာတ ဆိုပေမယ့် နောက်ပိုင်း E trans မှာ ချင်းဟွာနဲ့ ဟွာတကို တစ်လှည့်စီတွေရေးနေတော့ ရှုပ်ကုန်မှာစိုးလို့ နောက်ပိုင်းမှာ ချင်းဟွာလို့ပဲ ဆက်တိုက်ရေးလိုက်ပါတယ်💓)


ခဏလေးသာဖြစ်သော်လည်း လူများစွာက အဖြစ်အပျက်ကို မျက်မြင်တွေ့လိုက်ကြရသည်။ အင်္ဂါနေ့တွင်မူ ဖြစ်စဉ်က ရပ်၀န်းသေးသေးလေးထဲ၌ ပျံ့နှံ့နေပြီဖြစ်သည်။ သတင်းပျံ့သွားသည့် နေရာ မူလအစမှာ ကျိအန်းနဉ်၏အတန်းကဖြစ်သည်။


မနက်စောစောတွင် ကျိအန်းနဉ်ကို မုန့်ရှင်းယွီနှင့်ပိုင်လုတို့ကတိတ်တဆိတ် ဘေးကိုဆွဲခေါ်သွားကြပြီး သူမကိုတိုးတိုးလေး မေးလာကြသည်။


“နင် ကြားပြီးပြီလား... မနေ့ညနေခင်းတုန်းက ၀မ်ယွီက ဟယ့်ရှန်းတုံကို စွန်းယာရှန့်အတွက်နဲ့ ထိုးလိုက်တယ်တဲ့... ဘာဖြစ်တာလဲ... သူက စွန်းယာရှန့်နဲ့ ပတ်သက်နေတာလား...”


ကျိအန်းနဉ် ထိတ်လန့်သွားသည်။


ယမန်နေ့ညနေခင်းတွင် ၀မ်ယွီက သူမတို့အတန်းထဲက မိန်းကလေးမကောင်းကြောင်းကို ပြောနေသည့်ကောင်လေးတစ်ယောက်ကို ရိုက်နှက်ခဲ့သည်ဟုသာ ပြောခဲ့သည်။ ၀မ်ယွီက ဟယ့်ရှန်းတုံ၏နာမည်ကိုမပြောခဲ့သလို သူ့အကြောင်းကိုလည်း မပြောပြခဲ့ပေ။ စွန်းယာရှန့်အတွက်နှင့်  သူကဟယ့်ရှန်းတုံနှင့် ရန်ဖြစ်လိမ့်မည်ဟု သူမ မထင်ပေ။ ထို့အပြင် သူက စွန်းယာရှန့်ကို အမြင်မကြည်ပေ။


ခဏအကြာ၌ သူ စိတ်ရှုပ်ထွေးပြီး ထွက်သွားခဲ့သည်။ ယမန်နေ့ညတုန်း ကျိအန်းနဉ် အိပ်မပျော်သေးမီ တွေးကြည့်သည့်အခါ သူမတို့အတန်းထဲမှ ဆိုးရွားသည့်ပါးစပ်ရှိပြီး မိန်းကလေးမကောင်းကြောင်းပြောတတ်သည့် ယောက်ျားလေးကျောင်းသားကို သူမ စဉ်းစား၍မရခဲ့ပေ။


၎င်းက ဟယ့်ရှန်းတုံနှင့် စွန်းယာရှန့်ဖြစ်နေသည်ဟု ထင်လိုက်မိသည်။ သူမ ထိုအကြောင်း နားလည်ထားသည့်အလျှောက် သူတို့နှစ်ယောက်သာ သူမထင်ထားသည့်လူနှင့် “အတူတူ”ဖြစ်နိုင်သည်။


“သူ ငါ့ကို မနေ့တုန်းက တစ်ယောက်ယောက်နဲ့ ရန်ဖြစ်ခဲ့တယ်လို့ပြောတယ်...ဒါပေမဲ့ ဘယ်သူလဲလို့တော့မပြောဘူး...”


ကျိအန်းနဉ်ပြောလိုက်သည်။


၀မ်ယွီက သူမကိုပြောပြထားသည့်အကြောင်း ကြားသည့်အခါ မုန့်ရှင်းယွီနှင့်ပိုင်လုတို့ အနည်းငယ် စိတ်သက်သာသွားသည်။ သူတို့ ၎င်းကိစ္စနှင့်ပတ်သက်ပြီး အတွေးလွန်မိသည်က အံ့သြစရာမဟုတ်ပေ။ ယမန်နေ့တွင်တစ်ယောက်ယောက်က သူတို့အဆောင်ကိုလာပြီး  အတင်းအဖျင်းပြောသည်။ ၎င်းက အဖြစ်အပျက်က်ို လိုရာဆွဲသွင်းပြီး ပြောထားခြင်းဖြစ်သည်။ “၀မ်ယွီက စွန်းယာရှန့်ကို ကြိုက်နေတဲ့သူကို သ၀န်တိုပြီး ထိုးလိုက်တာတဲ့”ဟုဖြစ်သည်။


စွန်းခိုင်ကမူ လူတိုင်းထံမှ လုံး၀လျစ်လျူရှုခံလိုက်ရသည်။ ထိုသို့ဖြစ်ရသည်မှာ ၀မ်ယွီ၏ နာမည်ဂုဏ်သတင်းကထင်ရှားသောကြောင့် ကောလာဟလဆိုသည်မှာ သူ့လိုချောမောပြီး ဒုတိယမျိုးဆက်သူဌေးသားဖြစ်သည့် အကြောင်းက သာမန်ကျောင်းသားတစ်ယောက်၏အကြောင်းထက် ပိုပြီးပေါက်ကွဲလွယ်ပေသည်။ 


ကျိအန်းနဉ် ရှင်းပြလိုက်သည်။


“မိန်းကလေးတစ်ယောက်ရဲ့ မကောင်းကြောင်းကိုနောက်ကွယ်မှာ ကောင်လေးတစ်ယောက်က ပြောနေတာကို  သူကြားလိုက်တယ်တဲ့... အဲ့ဒီလူက မိန်းကလေးကို ချူစားနေတာလို့ပြောနေတာမို့ မသင့်တော်သလို ခံစားမိပြီး အဲ့ဒီကောင်ကို သင်ခန်းစာပေးလိုက်တာတဲ့..." 


၎င်းက ကျိအန်းနဉ်သိထားသမျှအားလုံး ဖြစ်သည်။


“ တကယ်လို့ အဲ့ဒီတစ်ယောက်က ဟယ့်ရှန်းတုံသာဆိုရင် တော့ သူပဲ အဲ့ဒီလိုမျိုး ပြောတာဖြစ်နိုင်တယ်... မနေ့တုန်းက ဟယ့်ရှန်းတုံက စွန်းယာရှန့်ကို လှောင်ပြောင်နေခဲ့တာလေ...သူဟုတ်တယ်မလား... အဲ့ဒီတစ်ယောက်ရဲ့ပါးစပ်ကတကယ်ကို မသတီစရာကောင်းတယ်...”

ပိုင်လုက တီးတိုးပြောလာသည်။


မုန့်ရှင်းယွီက တိတ်ဆိတ်နေဆဲဖြစ်သည်။


ဟယ့်ရှန်းတုံက အပေါက်ဆိုးသော်လည်း ယမန်နေ့က သူ  စွန်းယာရှန့်ကို ပြောခဲ့သည့်စကားများထဲတွင် တချို့က အမှန်တရားများပါသည်ကို မုန့်ရှင်းယွီ မစဉ်းစားမိဘဲမနေချေ။


စွန်းယာရှန့်က Elite Cambridge ဘွဲ့ရတစ်ယောက်က သူမကိုပိုးပန်းနေသည့် အကြောင်းသာပြောခဲ့ပြီး သူပိုးပန်းသည်ကိုလက်ခံလိုက်ကြောင်း မပြောခဲ့ဘဲ သောင်းချီတန်သည့် စျေးကြီးသောအိတ်များကိုသာ လက်ခံခဲ့ကြောင်းပြောသည်။ မုန့်ရှင်းယွီ၏ ရိုးဖြောင့်သည့်စိတ်ထားနှင့်ဆိုလျှင် သူမနှင့်ဆက်ပြီး ကောင်းကောင်းဆက်ဆံမည် မဟုတ်တော့ပေ။


မိန်းကလေးကို ချစ်ရေးဆိုလာသူတစ်ယောက်၏ ပိုးပန်းပစ္စည်းများကို မလက်ခံရဟူသည့် ခေတ်နောက်ကျသောအတွေး သူမထံတွင် မရှိချေ။ သို့သော် ယွမ်သောင်းကျော်နေသည့်အိတ်များက သူမကိုထိတ်လန့်သွားစေသည်။


ထို့အပြင် ဤကိစ္စက ဖြစ်ရပ်ထဲတွင် ပါ၀င်ပတ်သက်နေသည့် စွန်းယာရှန့်၏နားထဲလည်း ရောက်သွားသည်။


သူမက ပထမတွင် အံ့အားသင့်သွားပြီး နောက်ဒေါသထွက်သွားသည်။ ထို့နောက် ကျေနပ်သွားသည်။


သူမက ထိုဖြစ်ရပ်ဖြစ်ပျက်ခဲ့သည်ကို အံ့သြနေသည်။ ဟယ့်ရှန်းတုံက သူမနောက်ကွယ်တွင် အသရေဖျက်နေသည်ကို ဒေါသထွက်နေသော်လည်း ၀မ်ယွီက သူမအတွက် တိုက်ခိုက်ပေးသည်ဟု ကြားသောအခါ သူမ၏စိတ်က တစ်မနက်လုံး တခြားဆီရောက်နေပြီး စာပေါ်တွင်လည်းအာရုံမရှိချေ။


အသက်၁၈နှစ်အရွယ် ဤကောင်လေးများနှင့် ကောင်မလေးများကြားမှ စွန်းယာရှန့်က သူမ၏အနာဂတ်လမ်းကို ပို၍ အစီအစဉ်ချထားပြီးပြီဖြစ်သည်။


ကျိအန်းနဉ်က သူမမေဂျာကို ကြုံရာကျပန်းရွေးချယ်ခဲ့သည်။ သို့သော် စွန်းယာရှန့်က သူမ၏စိတ်၀င်စားမှုနှင့် အရည်အချင်းပေါ်မူတည်ပြီး သေသေချာချာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။


သူမ၏အရည်အချင်းက သိပ္ပံတွဲတွင် မထူးချွန်သကဲ့သို့ သင်္ချာနှင့် တွေးခေါ်နိုင်စွမ်းတွင်ပါ မတော်ပေ။ သူမ၏ တစ်ခုတည်းသောအားသာချက်က လှပသည့်မျက်နှာနှင့် လူမှုဆက်ဆံရေးကောင်းပြီး ဆွဲဆောင်နိုင်သည့်အရည်အချင်းပင်ဖြစ်သည်။ သူမ၏မိသားစုကလည်း သက်တောင့်သက်သာဖြစ်သည့်ဘ၀ကို ထောက်ပံ့ပေးနိုင်သည်။ သို့သော် သူတို့က အလွန် မချမ်းသာကြပေ။ သို့ရာတွင် သာမန်လူများထက် ချမ်းသာသည်ဟုဆိုနိုင်သည်။


သူမ၏အဆင့်များက အလွန်ကောင်းမွန်ပြီး ကြိုးစားမှုဖြင့် အောင်မြင်ခဲ့သည်။ သူမက လူအချို့သာတတ်နိုင်သည့်  နာမည်ကြီးတက္ကသိုလ်များကိုလည်း တက်ခွင့်ရခဲ့သည်။ သို့သော် သူမကထိပ်တန်းကျောင်းသူမဟုတ်ဘဲ တက်ကြွသည့် ကိုယ်ရည်ကိုယ်သွေးနှင့် ထူးချွန်သည့်ပြောဆိုဆက်ဆံရေးရှိရုံသာဖြစ်သည်။ သူမ၏ ပညာအရည်အချင်းက သူမကို အဆင့်အတန်းမြင့်မားအောင် မတွန်းပို့နိုင်မှန်းသိသည်။ စိတ်ထဲတွင်မူ အကျိုးကျေးဇူးရရန်အတွက် သူမ၏အလှအပကို အသုံးချရသည့်အကြံဉာဏ်ကို ၀ိုးတ၀ါး လက်ခံနေမိသည်။ 


သို့သော်လည်း ယခင်ကမူ သူမ၏ပတ်၀န်းကျင်က ရိုးစင်း၍ ထိုအကြံကလည်း မရေမရာသာ ကျန်နေခဲ့သည်။


ကောလိပ်ရောက်ပြီး ၀မ်ယွီကိုတွေ့ပြီးသည့်နောက် ထိုအကြံက သူမကို ရှင်းရှင်းလင်း ဖြစ်သွားစေသည်။


ချန်းဟောင်ရန်က သူမကို ပိုးပန်းသည်။ ထို့အပြင် သူ၏ပြုမူပုံက သူမကို အနည်းငယ် စိတ်လှုပ်ရှားစေသည်။သူမကို သူလက်ဆောင်ပေးခဲ့သည့်အိတ်က သူမဘ၀တစ်လျှောက် လက်ခံရရှိခဲ့သည့် အိတ်များအားလုံးအနက် စျေးအကြီးဆုံးဖြစ်သည်။ သူမကို ယခင်ကပိုးကြေးပန်းကြေးပေးခဲ့သည့် ကောင်လေးများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုရင် သူတို့ပေးခဲ့သည်များက ကလေးကစားသလိုဖြစ်နေသည်။


သို့သော် ဆယ်ကျော်သက်မိန်းကလေးက ငယ်ရွယ်နုပျိုမှုများနှင့်ပြည့်နေသည်။ ထို့အပြင် ချန်းဟောင်ရန်၏ ပညာအရည်အချင်းနောက်ခံက မည်သို့ဖြစ်နေပါစေ ၀မ်ယွီ၏ ချောမောပြီး ဆွဲဆောင်မှုရှိသည့်ပုံပန်းသွင်ပြင်နှင့် ယှဥ်နိုင်မည်မဟုတ်ပေ။


စွန်းယာရှန့်က ချန်းဟောင်ရန်ကို လက်မခံသော်လည်း တိတိကျကျ ငြင်းပယ်ထားခြင်းမရှိချေ။ သူမက သူ့ကို ကြိုးရှည်ရှည်နှင့် ဆွဲထားသည်။


စွန်းယာရှန့်က ၀မ်ယွီကို ဖုန်းခေါ်ရန် အတန်းချိန်ခဏနားသည့်အချိန်အတွင်း ကြိုးစားခဲ့သော်လည်း ဖုန်းကျသွားခဲ့သည်။ သူမ ထပ်မံ ကြိုးစားကြည့်သော်လည်း လိုင်းကအမြဲမအားနေသည်ကို သူမ သိသွားသည်။ 


စွန်းယာရှန့်ကို ဤမတိုင်မီ မည်သူကမှ ဘလော့မလုပ်ဖူးပေ။ ခဏကြာသည့်အခါ ၀မ်ယွီက သူမကိုစိတ်အနှောင့်အယှက်ဖြစ်ပြီး ဘလော့ထားကြောင်း သူမသိသွားသည်။


၀မ်ယွီကို Wechat မှတစ်ဆင့် စာတစ်စောင်ပို့ပြီးနောက် ပြန်စာမလာသည့်အခါ သူက သူမကို fri listထဲမှ ဖျက်ပစ်ထားကြောင်း သိရှိသွား၍ဖြစ်သည်။ သူမ စာထပ်ပို့ရန် ကြိုးစားသည့်အခါ “၀မ်ယွီက သူငယ်ချင်းရပ်၀န်းတွင်မရှိပါ။ မင်းက သူနှင့်သူငယ်ချင်းမဖြစ်သေးပါ။ ကျေးဇူးပြု၍ သူငယ်ချင်းတောင်းဆိုမှု အရင်ပို့ပေးပြီး သေချာအောင်အရင်ပြုလုပ်ပါ။ တစ်ဖက်လူလက်ခံပြီးမှ မင်းစကားပြောနိုင်ပါမည်”ဟု သတိပေးချက်ပေါ်လာသည်။ စွန်းယာရှန့်က စိတ်ရှုပ်သွားသည်။ ထို့နောက်၀မ်ယွီက သူမကို ဘလော့ထားကြောင်းသိသွားသည်။ 


ဒါပေမဲ့ နေပါဦး... ငါ့ကို ကာကွယ်ပြောပေးဖို့ သူက တခြားတစ်ယောက်နဲ့ ရန်ဖြစ်ခဲ့တာမဟုတ်ဘူးလား...


စွန်းယာရှန့် ရွေးချယ်စရာမရှိတော့ဘဲ စွန်းခိုင်ကို Wechatမှ စာပို့လိုက်သည်။ စွန်းခိုင်က သူမကိုနေ့လည်စာစားချိန်တွင် ကန်တင်း၏အနောက်ဘက်ဂိတ်၌ စောင့်နေရန် ပြောလာသည်။


စွန်းခိုင်က သူမကို ၀မ်ယွီအကြောင်း အမြဲတမ်းပြောပြပေးသည်။ ထို့ကြောင့် ၀မ်ယွီလည်း ထိုနေရာမှာရှိမည်ဟု စွန်းယာရှန့်လည်း တွေးလိုက်သည်။ နေ့လည်စာစားချိန်ရောက်လာသည့်အခါ သူမ ထိုနေရာကို ပျော်ပျော်ရွှင်ရွှင်နှင့်သွားလိုက်သည်။


ရောက်သွားသည့်အခါ သူမ စွန်းခိုင်ကိုသာမြင်ပြီး ၀မ်ယွီ၏ အရိပ်အယောင်ပင် မရှိနေချေ။


ကျိအန်းနဉ်နှင့်မုန့်ရှင်းယွီက ကန်တင်းကို အနည်းငယ်နောက်ကျပြီးမှရောက်လာသည်။ ထို့နောက် တိုက်ဆိုင်စွာပင် စွန်းခိုင်ကစွန်းယာရှန့်ကို သူ၏ခံစားချက်များကိုဖွင့်ပြောနေပြီး ငြင်းပယ်ခံလိုက်ရသည်ကို မျက်မြင်တွေ့လိုက်ရသည်။ 


စွန်းယာရှန့်က သူမ၏မကျေနပ်ချက်ကိုသာ ဖော်ပြပြီးမေးနေသည်။


“ဘာလို့ သူကထိုးလိုက်တာလဲ... သူ ဟိုတစ်ယောက်နဲ့ရန်ငြိုးရှိလို့လား... တကယ်လို့ တစ်ယောက်ယောက်က ငါ့အကြောင်းမကောင်းပြောရင် ပါးစပ်နဲ့ပဲတုံ့ပြန်သင့်တာမလား... သူက ဘာလို့ အပြင်းအထန်ကြီးတုံ့ပြန်ခဲ့တာလဲ...”


သူမ၏စကားလုံးများက  ရန်ပွဲအကြောင်းကို မေးနေသည်နှင့်မတူပဲ သူမ မကျေနပ်သည့်အကြောင်းအရာကိုသာမေးနေပုံပေါ်သည်။


သူမ ထိုကောလာဟလမမှန်ကြောင်း သိပြီးပြီဖြစ်သည်။ ထိုမျှသာမက အမှန်တကယ် ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့သည့်လူက စွန်းခိုင်ဖြစ်သည်။ သူမ စိတ်ပျက်နေသည်မှာ သိသာ ပေသည်။


စွန်းခိုင်၏ စိတ်ပျက်နေမှုကလည်း ထင်ရှားသည်။ သူက နေ့လည်စာပင် မစားတော့ဘဲ ပြေးထွက်သွားသည်။ ကျိအန်းနဉ်နှင့် အခြားသူများလည်း သူပြေးထွက်သွားသည်ကို ကြည့်နေရုံသာတတ်နိုင်သည်။


ထို့နောက် စွန်းယာရှန့်က ကန်တင်းအတွင်း ၀မ်ယွီကိုရှာနေသည်ကို သူတို့မြင်လိုက်ရသည်။


ကန်တင်းတွင် လူအုပ်များဖြင့် ရှုပ်ယှက်ခက်နေသည်။ စွန်းယာရှန့်က လူပင်လယ်ကြီးအတွင်း ၀မ်ယွီကိုရှာတွေ့ရန် ကြိုးစားနေသည်။ မုန့်ရှင်းယွီနှင့် ပိုင်လုနှစ်ယောက်လုံး သူမက“၀မ်ယွီ၏ ထောင်ချောက်”မိနေလားဟု သံသယဖြစ်သွားသည်။


“ငါတို့ သူတို့နားသွားသင့်တယ်လို့ ထင်လား...”


ပိုင်လု၏မျက်လုံးများက စပ်စုချင်စိတ်နှင့် တောက်ပနေပြီး ခိုးနားထောင်ရန် တရွရွဖြစ်နေသည်မှာ ရှင်းနေသည်။ စွန်းယာရှန့်က ၀မ်ယွီကို ဘာပြောချင်သည်လဲကိုလည်း သူမ ကြားချင်သေးသည်။


ဖြစ်နိုင်မည်ဆိုလျှင် သူမ၏ခံစားချက်အတိုင်း သူမပြောလိုက်ချင်သည်။


ဘုရားရေ... 

သူတို့ ပိုတွေးလေလေ၊ သိချင်စိတ်ပြင်းပြလာလေလေဖြစ်သည်။


အမှန်တွင် သူတို့သာ ထွက်လာမည်ဆိုလျှင် စပ်စုနေသကဲ့သို့ မဖြစ်နေချေ။ ပိုင်လုက ချန်းဟောင်၏ကောင်မလေးဖြစ်ပြီး ကျိအန်းနဉ်ကလည်း ၀မ်ယွီ၏ကောင်မလေး(ဖြစ်ကောင်းဖြစ်နိုင်)သည်။ မုန့်ရှင်းယွီက ပိုင်လုနှင့်တစ်ခန်းထဲနေပြီး သူတို့က ချန်းဟောင်၏အခန်းဖော်များနှင့်လည်း သိသည်။ ၀မ်ယွီနှင့်စွန်းခိုင်အပြင် သူ၏အဆောင်မှ အခြားသူများနှင့်လည်း သိသေးသည်။


အားလုံးခြုံကြည့်လိုက်မည်ဆိုလျှင် သူတို့အားလုံးကစွန်းယာရှန့်ထက် ရင်းနှီးကြသည်။


သို့သော်လည်း ပိုင်လုက သူမမေးခွန်းကို ကျိအန်းနဉ်၏အမြင်ကို ခွင့်ပြုချက်တောင်းသည့်အနေနှင့် ပြောလိုက်သည်။ ထို့အပြင် ယခုဖြစ်ပျက်နေသည့် အရာအားလုံးတွင် စွန်းယာရှန့်က ၀မ်ယွီဆီသို့ တည့်တည့်ဦးတည်နေချိန်ဖြစ်၍ ကျိအန်းနဉ်လည်း တချို့သောနည်းလမ်းများနှင့် ပါ၀င်ရဦးမည်ဖြစ်သည်။


မုန့်ရှင်းယွီလည်း ကျိအန်းနဉ်ကို လှည့်ကြည့်လာသည်။


ကျိအန်းနဉ်၏ ခြေလှမ်းများ ခဏတာရပ်တန့်သွားသည်။


လူအုပ်ကြီးကလည်း ထိုအခြေအနေကို ကြည့်နေကြပြီး သူမလည်း သူတို့ဦးတည်ချက်အတိုင်း ကြည့်လိုက်သည်။စွန်းယာရှန့်က ၀မ်ယွီနှင့် စကားပြောနေပြီဖြစ်ပြီး သူမ၏ပုံစံက အဆင်ပြေသည့်ပုံမပေါ်ပေ။


ထိုအပြုအမူနှင့် သူမ တော်တော်လေးရင်းနှီးနေသည်။အေးဆေးတည်ငြိမ်ပြီးဂရုမစိုက်သည့်အပြုအမူဖြစ်သည်။


ကျိအန်းနဉ် ၀မ်ယွီ၏ ပေါ်ပေါ်ထင်ထင် ထေ့ငေါ့စကားပြောနေပုံကို သတိရမိသွားသည်။


သူတို့၏ယခင်ဘဝတွင် အကယ်၍ သူတို့သုံးယောက် တစ်ချိန်တည်း တွေ့ဆုံခဲ့ပါက စွန်းယာရှန့်က ၀မ်ယွီဆီဦးတည်မည်ဆိုလျှင် ကျိအန်းနဉ်က အဝေးကိုထွက်သွားရန်သာရွေးချယ်ပြီး ထိုအခြေအနေကိုရှောင်ရှားပေလိမ့်မည်။ 


၀မ်ယွီလည်း ထိုအရာနှင့်ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်ခဲ့သည်။ ထိုအချိန်များတွင် ၀မ်ယွီလည်း စွန်းယာရှန့်ကို ချန်ထားခဲ့ပြီး ကျိအန်းနဉ်ဆီသာဦးတည်ခဲ့သည်။


ချမ်းသာသည့်မိသားစုမှ ငယ်ရွယ်သည့်သခင်လေး ဖြစ်သည့်အလျောက် သူက သာမန်လူများထက် သဘောထားကြီးသည်။ သူ့ကို လိမ္မာပါးနပ်ပြီးလိုက်လျောညီထွေရှိသူအဖြစ် ဖော်ပြနိုင်သည်။


ကျိအန်းနဉ် ရှေ့ကိုခြေလှမ်း တစ်လှမ်းလှမ်းလိုက်ပြီး သူတို့ဆီသို့ ဦးတည်လိုက်သည်။


ပိုင်လုလည်း ကျေနပ်အံ့အားသင့်ပြီး မုန့်ရှင်းယွီကိုနောက်မှလိုက်လာရန် ဆွဲခေါ်သွားသည်။


စွန်းယာရှန့်က ဘ၀င်မကျဘဲ စိတ်မအေးဖြစ်နေသည်။


စွန်းခိုင်က လွန်ခဲ့သည့်ညတွင် တိုက်ခိုက်ခဲ့သည့်လူဖြစ်ကြောင်းသိသော်လည်း ၀မ်ယွီက ပထမဆုံး လက်သီးတစ်ချက်ထိုးခဲ့သည်မှာလည်း အမှန်တရားဖြစ်နေပြန်သည်။ ထို့အပြင်  ၀မ်ယွီက ဟယ့်ရှန်းတုံကို နောက်မှသတိပေးခဲ့သေးသည်။ ထို့ကြောင့် ထိုအကြောင်းနှင့်ပတ်သက်ပြီး သံသယဝင်ဖွယ်မရှိချေ။ ၎င်းကလည်း စွန်းယာရှန့် ၀မ်ယွီဆီကို လာရသည့် အကြောင်းအရင်းဖြစ်သည်။


သူမက သူ့ကို ရိုးရိုးသားသားကျေးဇူးတင်ရန် ကြိုးစားမည်၊ ထို့နောက် သူမနောက်ကွယ်တွင် မဟုတ်မမှန် အပြောခံရသည်ကို မကျေနပ်ကြောင်းပြမည်။ နောက်ဆုံးတွင် ထိုသို့အသရေဖျက်ခံရလျှင်ပင် သန်မာသေးကြောင်းပြမည်ဟုအစီအစဉ်ဆွဲထားခြင်းဖြစ်သည်။


သူမ တွေးထားသည်က အဆင်ချောနေသော်လည်း ဝမ်ယွီဘက်က ပြောလာသည်။


“အိုး ဒါဆို သူပြောနေတဲ့လူက မင်းလား...”


“အဲ့ဒါနဲ့ပတ်သက်ပြီး မင်းဘာမှ ပြောစရာမလိုပါဘူး... ငါက သူဘယ်သူ့အကြောင်း ပြောနေလဲဆိုတာ သေချာမကြားလိုက်ဘူး... ငါက သူရဲ့စကားတွေကို မကြိုက်ရုံပါပဲ”

သူက ဂရုမစိုက်သည့် အမူအရာနှင့် ပြောလာသည်။


“မင်း ငါ့ကိုကျေးဇူးတင်ဖို့လည်း မလိုပါဘူး...  စွန်းခိုင်ကိုသာ ကျေးဇူးတင်ရမှာ... စကားမစပ် မင်းသူ့နဲ့ တွေ့ပြီးပြီလား...”


စွန်းယာရှန့်က သူတို့ထံ ခြေလှမ်းသုံးလှမ်းသာ လှမ်းရသေးသည်။ သို့သော် သူမကိုယ်သူမ နောက်ဆုံးခြေလှမ်းလှမ်းရန် မသင့်တော်သည်ကို တွေ့သွား၍ ပြောလိုက်သည်။


" ကျွန်မ သူ့ကို တွေ့ပြီးပါပြီ..."


၀မ်ယွီက ရိုးရိုးသားသားမေးလိုက်သည်။


“မင်းကို သူဖွင့်ပြောပြီးပြီလား...”


စွန်းယာရှန့် ရုတ်တရက် ပြောစရာစကားမဲ့သွားသည်။


စွန်းခိုင် ဖွင့်မပြောသေးမီ သူက အဆောင်အဖွဲ့စကားပြောခန်းတွင် သူမကို ဖွင့်ပြောမည့် အရိပ်အမြွက်ပြောထားပြီးပြီ ဖြစ်သည်။


၀မ်ယွီက ထိုချဉ်းကပ်မှုကို သဘောမကျချေ။ စွန်းခိုင်က ဝမ်ယွီကို သူငယ်ချင်းဟူသည့် ဖိအားသုံးပြီး စွန်းယာရှန့်အပေါ် လက်လျှော့စေချင်နေသည်။ သို့သော် အမှန်တွင် ဝမ်ယွီက  စွန်းယာရှန့်ကို မည်သည့်အခါကမှ မှစိတ်မ၀င်စားခဲ့ပေ။


အားလုံးက ရယ်စရာကောင်းနေသည်။


သူတို့အစားအသောက်များနှင့် ပြန်လာသည့်အခါ ချန်းဟောင်နှင့်အခြားသူများက ဂရုထဲမှစာကိုတွေ့သွားပြီး တစ်ယောက်နှင့်တစ်ယောက် ကိုးရိုးကားရားနိုင်စွာ ကြည့်လိုက်ကြသည်။


၀မ်ယွီက ရံဖန်ရံခါ ညဘက်အချိန်မှသာ ကျောင်းတွင်းအိပ်ဆောင်၌ နေသော်လည်း သူတို့နှင့်ဆက်ဆံရေးကောင်း ရှိသေးသည်။ သို့သော် စွန်းခိုင်က ဤသို့နိမ့်ကျသည့်နည်းဗျူဟာကို သုံးလိုက်ခြင်းကြောင့် အနာဂတ်တွင် သူတို့အဆောင်၏ ခင်မင်ရင်းနှီးသည့်လေထုက ပျောက်ကွယ်သွားတော့မည်ကို ချန်းဟောင်သိနေသည်။


“သူ မင်းကို ဖွင့်ပြောပြီးပုံပဲ...”


၀မ်ယွီက အပြုံးတစ်ခုနှင့်ပြောလာသည်။


“ဂုဏ်ပြုပါတယ်... ငါအခု မင်းကို ခယ်မလို့ ခေါ်ရတော့မှာပေါ့...”


စွန်းယာရှန့် ဒေါသကြောင့်သတိလစ်တော့မလို ဖြစ်နေသည်။


“မဟုတ်ဘူး ကျွန်မ...”


သူမ စကားပြန်ပြောရန် စိတ်စောနေသော်လည်း ၀မ်ယွီက သူမကိုကြားဖြတ်ပြောလာသည်။


“ဒီအိတ်ကကောင်းသားပဲ... ဟောင်ရန် မင်းကို၀ယ်ပေးခဲ့တာလား...”


၀မ်ယွီက မေးလာသည်။


စွန်းယာရှန့် ရုတ်တရက် အကြပ်ရိုက်သွားသလို ခံစားလိုက်ရသည်။


သူမနှလုံးသားထဲတွင် စွန်းခိုင်က ၀မ်ယွီအတွက် ဘာမှမဟုတ်‌ကြောင်းသိသည်။ သို့သော် ချန်းဟောင်ရန်က မတူညီပေ။ 


၀မ်ယွီက စွန်းယာရှန့်ကို စွန်းခိုင်၏ဖွင့်ဟချက်နှင့် ပတ်သက်ပြီး စနေခြင်းဖြစ်သည်။ သူက စွန်းယာရှန့်၏အိတ်အသစ်ကို ကြည့်ပြီး အေးစက်သွားသည်။


“အဲဒါ....ကျွန်မတို့ လွန်ခဲ့တဲ့ပိတ်ရက် ထမင်းသွားစားကြတုန်းက သူ ဒီတိုင်း ၀ယ်ပေးခဲ့တာလေ...”


စွန်းယာရှန့်က တည်ငြိမ်သည့် ပုံပေါက်ရန် ကြိုးစားနေသော်လည်း ယခုချိန်တွင် သူမ၏ယုံကြည်ချက်က မသန်မာတော့ပေ။


၀မ်ယွီက ဖျော့တော့စွာပြုံးပြီး ပြောလာသည်။


“တကယ်လို့ ဟောင်ရန်သာဆိုရင်လည်း ငါမင်းကို ခယ်မလို့ခေါ်ရဦးမှာပဲ...”


စွန်းယာရှန့်က သူမကိုယ်သူမ ကာကွယ်ရန် လုပ်လိုက်သည်။


“မဟုတ်ပါဘူး ကျွန်မတို့က အဲ့ဒီလိုမျိုး...”


“မင်းမပြောခင် သေသေချာ စဉ်းစားသင့်တယ်နော်”


၀မ်ယွီက အေးစက်စွာပြောလိုက်သည်။


“ငါတို့အသိုင်းအ၀ိုင်းမှာ ငါတို့ပဲ တခြားသူကိုကစားကြတာ တခြားသူက ငါတို့ကို မကစားဘူး...”


“ဟောင်ရန်ရဲ့ နောက်ခံကိုမင်းသိလား...”


“သူက သဘောကောင်းတဲ့ပုံပေါ်ပြီး အမြဲပြုံးနေတာ... ငါမင်းကို အကြံပေးလိုက်မယ် သူ့ကို စိတ်အနှောင့်အယှက်မဖြစ်စေနဲ့... သူ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်တဲ့ လူအားလုံးက အဆုံးသတ်မကောင်းကြဘူးနော်...”


“ငါတို့အားလုံးက အရွယ်ရောက်ပြီးသားပဲလေ... ကလေးတွေမှ မဟုတ်တော့တာ... မင်းမပြောခင် ဂရုတစိုက်စဉ်းစားပြီးမှ ပြုမူသင့်တယ်...”


၀မ်ယွီက စွန်းယာရှန့်ကို အေးစက်စွာကြည့်လိုက်သည်။


စွန်းယာရှန့် မကြောက်ရွံ့ဘဲ မနေနိုင်တော့ပေ။

၀မ်ယွီက တကယ်ကိုဟောင်ရန်အကြောင်းပြောနေတာလား... အမြဲပြုံးနေပြီး သဘောကောင်းတဲ့ဟောင်ရန်လေ...


၀မ်ယွီပြောသည်က အမှန်ဟု သူမ ရေးတေးတေးခံစားမိနေသည်။


ထိုအချိန်တွင် ၀မ်ယွီ၏အကြည့်က သူမအနောက်ဘက်ကိုရွေ့သွားသည်။ ထို့နောက် ရင်းနှီးနေသည့် စကားပြောသံကိုကြားလိုက်သည်။


“တစ်ဆိတ်လောက်ပါ ကျေးဇူးပြုပြီး...”


စွန်းယာရှန့် သူမခေါင်းကို ဆတ်ခနဲလှည့်လိုက်သည်။ သူမနောက်က စကားပြောလိုက်သည့်လူမှာ ကျိအန်းနဉ်ကလွဲ၍ အခြားမဟုတ်ပေ။


ကျိအန်းနဉ်၏ သဘောထားက မထူးခြားဘဲ အေးတိအေးစက်ဖြစ်နေ၍ မည်သူကမှ စိတ်အနှောင့်အယှက်ဖြစ်သည်ဟု မထင်ပေ။ မုန့်ရှင်းယွီက ဒရမ်မာကြည့်ရသည်ကိုမကြိုက်၍ တိတ်တိတ်လေးသာနေနေသည်။


သို့သော်လည်း ပိုင်လုက အတင်းအဖျင်းကို သဘောကျပြီး အထူးသဖြင့် စွန်းယာရှန့်ကိုသဘောမကျပေ။ ထို့ကြောင့်သူမက ပြုံးဖြီးဖြီးလုပ်ပြီး ပြောလိုက်သည်။


”ဘာအကြောင်းတွေ ပြောနေကြတာလဲ...”


သူမ ပွဲကြည့်ရန် စိတ်အားထက်သန်နေသည်က အလွန့်လွန်ထင်ရှားနေသည်။ ၀မ်ယွီထံမှ ဖိနှိပ်ခံထားရသည့် စွန်းယာရှန့်၏ စိတ်အခြေအနေက ရုတ်တရက် လွတ်ထွက်သွားပြီး သူမဒေါသထွက်လာသည်။


“နင်ဘာလို့ တခြားလူစကားပြောတာကို ခိုးနားထောင်ရတာလဲ..."


အတန်းတူသည့် ကျောင်းသူသုံးယောက်ကို သူမစွပ်စွဲလိုက်သည်။


“ခိုးနားထောင်တယ်ဆိုတာ မဘာကိုဆိုလိုချင်တာလဲ...”


ပိုင်လုက မကျေမနပ်ဖြင့် ခွန်းတုံ့ပြန်လိုက်သည်။


စွန်းယာရှန့် အံကြိတ်ပြီးပြောလိုက်သည်။


“နင်တို့ ငါ့နောက်မှာရပ်ပြီး နားထောင်နေတာလေ... မဟုတ်လို့လား...”


ကျိအန်းနဉ်က သူမကို တည်တည်ငြိမ်ငြိမ်ပင် ကြည့်ပြီးအေးစက်စက် ပြောလိုက်သည်။


“နင်က ငါ့ထိုင်ခုံကို ပိတ်ထားတယ်လေ...”


စွန်းယာရှန့် လှည့်ပတ်ကြည့်လိုက်သည်။


၀မ်ယွီက ပြောလာသည်။


“မင်း ဘာလို့ကြာနေတာလဲ...”


သူက ဘေးနားမှ မည်သူမျှမရှိသည့်ခုံကို ပုတ်လိုက်သည်။



###