အပိုင်း၅၆
Viewers 6k

🤚Chapter 56



ကျိအန်းနဉ် ၀မ်ယွီ၏ဘေးတွင် ဝင်ထိုင်လိုက်သည်။


ချန်းဟောင်ကလည်း ပိုင်လုကိုနှုတ်ဆက်ပြီး သူမအတွက် ထိုင်ခုံနေရာ ချန်ထားပေးလိုက်သည်။


ဤနေရာတွင် လူများစွာရှိနေသည့်အတွက် သူတို့ အစကတည်းက ထိုင်ခုံများနှင့် စားပွဲရှည်များကို ရှာထားပြီးပြီဖြစ်သည်။ မုန့်ရှင်းယွီလည်းလိုက်ပါလာပြီး ယောက်ျားလေးအတန်းဖော်တစ်ယောက်က သူမအတွက် နေရာဖယ်ပေးသည့်အတွက် မုန့်ရှင်းယွီနှင့်ပိုင်လုက အတူတူထိုင်၍ရသွားသည်။


ပိုင်လုက တစ်ခုခုပြောချင်နေသော်လည်း ချန်းဟောင်ရှိနေ၍ သူမကိုယ်သူမ ထိန်းချုပ်လိုက်သည်။ ချန်းဟောင်ကသူမကို စကားများသည်ဟု မထင်သွားစေချင်ပေ။


လူတိုင်းက စွန်းခိုင်မပါဘဲ ဘေးတွင်မတ်တပ်ရပ်ပြီးကြက်သေသေနေသည့် စွန်းယာရှန့်ကို လျစ်လျူရှုထားကြသည်။ သူမ၏မျက်နှာကလည်း နီရာမှ ဖြူရော်သွားသည်။


မုန့်ရှင်းယွီက နူးညံ့သည့်နှလုံးသားရှိသည့်အတွက် သူမအတွက်အသက်ကယ်ပေါက်တစ်ခု ပေးလိုက်သည်။


“ နင် နေ့လည်စာစားပြီးပြီလား...”


စွန်းယာရှန့်က အခွင့်အရေးကို ချက်ချင်းဆုပ်ကိုင်ပြီး ပြန်ဖြေလိုက်သည်။


“မစားရသေးဘူး... ဒါဆို ငါ ထမင်းအရင်စားလိုက်ဦးမယ်...”


သူမ ခပ်မြန်မြန်ထွက်သွားတော့သည်။


မုန့်ရှင်းယွီနှင့်ပိုင်လုတို့က ကျိအန်းနဉ်ကို လေးစားသွားကြသည်။ ထိုင်ခုံတွင်ထိုင်ပြီးနောက် သူမက စွန်းယာရှန့်အကြောင်းမမေးသလို အခြားဘာတစ်ခွန်းမှလည်း မမေးလာပေ။ သူမက ဘာမှမဖြစ်ခဲ့သည့်အတိုင်း ပြုမူနေသည်။


ကိုယ့်ချစ်သူကောင်လေးက စွန်းယာရှန့်လိုလှတဲ့ မိန်းကလေးနဲ့ ပတ်သက်နေတာကို ဂရုမစိုက်ဖို့ဆိုတာ  တော်ရုံတန်ရုံသန်မာနေရုံနဲ့ မရလောက်ဘူး...


ဒါမှမဟုတ်ရင် သူတို့နှစ်ယောက်က သူတို့ကြားထဲမှာအကြွင်းမဲ့ယုံကြည််မှုကို တည်ဆောက်ထားကြလို့များလား...


၀မ်ယွီက စွန်းယာရှန့်အတွက် ဒေါသထွက်ပြီး ကာကွယ်ပေးခဲ့သည်ဟူသော ကောလာဟလသည် ကျိအန်းနဉ်၏ အခန်းထဲနှစ်ရက်ကြာအောင် ပျံ့နှံ့နေခဲ့သည်။ သို့သော် ထိုကိစ္စတွင် ပါ၀င်သည့်လူများက မည်သည့်တုံ့ပြန်မှုမှ မပြုလုပ်ခဲ့ပေ။ ထို့နောက် ကောလဟာလက မည်သို့ ဗားရှင်းအသစ်ပေါ်ထွက်လာသည်မသိပေ။ ထိုးသည့်လူက ၀မ်ယွီမဟုတ်ဘဲ သူနှင့် ကလပ်တူသည့်လူဖြစ်ကာ ဝမ်ယွီက ထိုးနေ၍ ထိုသူကဘေးကနေကူပေးရုံဟု ပြောလာကြသည်။


၀မ်ယွီနှင့် မတူညီစွာဘဲ အခြားကောင်လေးက ဇာတ်ဆောင်မင်းသားတစ်ယောက်အော်ရာမျိုး မရှိချေ။ ထို့ကြောင့် ထိုမကောင်းသတင်းက တောင်းပန်ပြီး‌၍သာ ပြီးသွားပြီး လူများလည်း စိတ်မ၀င်စားကြတော့ပေ။


တစ်ချိန်တည်းမှာပင် ၀မ်ယွီပါ၀င်နေသည့်သတင်း ရှိနေသေးသည်။ ၎င်းက နောက်ဆုံးတွင် သူ ကျိအန်းနဥ်ကိုအောင်မြင်စွာပိုးပန်းနိုင်လိုက်သည့်အကြောင်း အတည်ပြုသည့် သတင်းဖြစ်သည်။


၀မ်ယွီက ကျိအန်းနဥ်ကို လိုက်နေသည်ကို လူအများစုက သိထားကြပြီး ထိုသို့ဖြစ်လာမည်ကို သိနေသည့်အတွက် လူတိုင်းက မအံ့သြကြပေ။ 


ထိုထက်ပို၍ စိတ်၀င်စားစရာကောင်းသည့်အရာမှာ ကျိအန်းနဉ်က ချမ်းသာသည့်ကောင်လေးရှိနေသော်လည်း ဘာမှမပြောင်းလဲသွားခြင်းဖြစ်သည်။ သူမ၏ အ၀တ်အစားများနှင့် ပုံပန်းသွင်ပြင်က ယခင်ကဲ့သို့သာဖြစ်ပြီး ကန်တင်း၏work-study အလုပ်ကို တစ်နေရာယူထားဆဲဖြစ်သည်။


သူမ၏အတန်းဖော်များကလည်း သူမကို နေ့လည်စာစားချိန်အတွင်း နွေးထွေးစွာကြိုဆိုနေကြဆဲဖြစ်သည်။


ဆန့်ကျင်ဘက်အနေနှင့် ပိုးပန်းသူများပြီး မည်သူနှင့်မျှဆက်ဆံရေးအတည်မပြုရသေးသည့် စွန်းယာရှန့်ကမူ ယွမ်သောင်းကျော်တန်အိတ်များကို ကိုင်ဆောင်လာသည်။


ထိုအခြင်းအရာကို မြေကြီးကွဲအက်ခြင်းဟု ဖော်ပြနိုင်သည်။


အခြေအနေများကို နှိုင်းယှဥ်လာသည့်အခါ လူတိုင်းတွင်ကိုယ်ပိုင်အတိုင်းအတာရှိသည်။


ကြာသပတေးနေ့တွင် ကော်ဖီဆိုင်၌ ရှုချန်းက ကျိအန်းနဉ်ကိုပြောလာသည်။


“ငါတို့ ဒီနေ့ နာရီ၀က်လောက် စောပိတ်ဖို့လိုတယ်...  ဓာတ်ပုံစတူဒီယိုတစ်ခုက ရှုတင်ရိုက်ဖို့ နေရာငှားထားတယ်..."


သူတို့ထံတွင် ကြားရက်များကြား ဖောက်သည်မများသောကြောင့် ရှုချန်းအတွက် စီးပွားရေးထိခိုက်စရာမရှိပေ။ထို့အပြင် ငှားရမ်းထားသည်မှလည်း ၀င်ငွေအချို့ရဦးမည်ဖြစ်သည်။


ကျိအန်းနဉ်က အသိအကျွမ်းများနှင့် ပြန်ဆုံတွေ့မည်ဟု မမျှော်လင့်ထားပေ။ ငှားရမ်းထားသည့် ဓာတ်ပုံစတူဒီယိုကို တုချင်နှင့်အသင်းသားများ ပိုင်ဆိုင်ခြင်းဖြစ်နေသည်။


တုချင်လည်း ကျိအန်းနဉ်ကို တွေ့လိုက်သည့်အတွက်အံ့အားသင့်သွားသည်။


ဤနေရာကို သူတို့ငှားရမ်းလိုက်ခြင်းမှာ ကုမ္ပဏီက Anime Costumes တွင် အထူးပြုနေသည့်အတွက်ဖြစ်သည်။ စီရင်စုမြို့နယ်အတွင်း ကျော်ကြားသည့် Animeပုံစံ ကော်ဖီဆိုင်များရှိရာ ရှုချန်း၏ကော်ဖီဆိုင်လည်း တစ်ခုအပါအ၀င်ဖြစ်ပြီး လူများကြားရေပန်းစားသည်။


ကျိအန်းနဉ်ကိုမြင်သည့်အခါ တုချင်၏သိချင်စိတ်က ပြင်းပြလာပြီးမေးလိုက်သည်။


“မင်းက ဒီမှာအလုပ်လုပ်တာလား...”


ကျိအန်းနဉ် ယခင်ဘ၀ကိုစဉ်းစားကြည့်သောအခါ ရှုချန်း၏ကော်ဖီဆိုင်က ဤကဲ့သို့ဓာတ်ပုံစတူဒီယိုအတွက် နေရာငှားရမ်းပေးလေ့ရှိသည်။ ထူးဆန်းသည့်၀တ်စုံ ၀တ်ထားသောလူများကို သူမ တစ်ချက်ကြည့်လိုက်ပြီး သူတို့က 2D ဇာတ်ကောင်များဟု တစ်ချက်တွေးမိသွားသည်။ ထို့နောက် သူမ အာရုံမထားတော့ပေ။


အလုပ်စောစောသိမ်းလိုက်ရခြင်းက သူမကို ပျော်ရွှင်စေသည်။ ထို့ကြောင့် သူမ၏အိတ်လေးကို ကျောတွင်လွယ်ပြီး အလုပ်ရှုပ်နေသည့်လူစုကို လမ်းလျှောက်ဖြတ်ကျော်သွားလိုက်သည်။


ပြန်တွေးကြည့်မည်ဆိုလျှင် သူမ၏ယခင်ဘတွင်လည်း တုချင်ကို တွေ့ခဲ့ဖူးသည်ဟုထင်သည်။ 


သို့သော်လည်း သူမကသူ့ကို သတိမထားမိပေ။ ထို့အပြင် အလုပ်ထဲ စိတ်အာရုံတစ်ခုလုံးနှစ်ထားသည့် တုချင်ကလည်း ဘေးမှဖြတ်သွားသည့် မိန်းကလေးကို ဂရုမစိုက်မိပေ။


ထိုအကြောင်းကို တွေးမိသည့်အခါ ကျိအန်းနဉ်လည်း ကံကြမ္မာက အမှန်တကယ်ကို အံ့သြစရာကောင်းသည်ဟုခံစားမိသွားသည်။


ဤအချိန်တွင် ဤအလုပ်ကို လုပ်ရခြင်းမှာ နေရာက ကန့်သတ်ထားသောကြောင့်ဖြစ်သည်။ တုချင်က အချိန်ကိုက်လုပ်နေရသောကြောင့် ကျိအန်းနဉ်နှင့်စကားပြောရန် အခွင့်အရေးမရလိုက်ပေ။ သူကသူမကိုနှုတ်ဆက်ပြီးပြီးချင်း အလုပ်ထဲစိတ်ရောက်သွားသည်။


ကျိအန်းနဉ်ကိုကြည့်ကာ ရှုချန်းကအံ့သြသွားပြီးမေးလိုက်သည်။


“မင်းသူ့ကိုသိတာလား... ”


ကျိအန်းနဉ်က သူ့ကိုပြောလာသည်။


“သူက ကျွန်မ အရင် လုပ်ခဲ့တဲ့အလုပ်နှစ်ခုက ဓာတ်ပုံဆရာလေ...”


ရှုချန်းက ရယ်မောပြီးပြောလိုက်သည်။


“ဘယ်လိုတောင် တိုက်ဆိုင်တာလဲ...”


အမှန်တွင် ၎င်းက တိုက်ဆိုင်မှုတစ်ခုသာဖြစ်ပြီး အံ့အားသင့်စရာလည်းဖြစ်နေသည်။


ကျိအန်းနဉ်က မိုဘိုင်းဒေတာကို အသုံးပြုရုံသာသုံးပြီးအချိန်အများစု၌  Wechat လည်း အသုံးမပြုချေ။ သောကြာနေ့ည ကော်ဖီဆိုင်တွင် သူမWi-Fi အသုံးပြုသည့်အချိန်မှသာ တုချင် ယမန်နေ့ညက စာပို့ထားသည်ကို တွေ့လိုက်သည်။


သူက လင့်တစ်ခုပို့ပေးလာပြီး ဖွင့်ကြည့်လိုက်သည့်အခါ ၎င်းက သူမ ပထမဆုံး ဓာတ်ပုံရိုက်ခဲ့သည့်ဆိုင်ကဖြစ်သည်။ သူမ၏ ဓာတ်ပုံများကိုတင်ထားခြင်းဖြစ်သည်။


ပထမဆုံးအကြိမ် ကျိအန်းနဉ် သူမဓာတ်ပုံများကို ကြည့်မိသည့်အခါ စိတ်၀င်စားဖွယ်ကောင်းသည်ဟု ထင်သွားသည်။ သူမ မအောင့်ထားနိုင်တော့ဘဲ လင့်ကို ၀မ်ယွီဆီပို့လိုက်သည်။ ၀မ်ယွီက သူ့မျက်လုံးထဲ အသဲပုံရှိသည့်😍emojiနှင့် မြန်မြန်ဆန်ဆန်ပင် စာပြန်လာသည်။


ကျိအန်းနဉ် မပြုံးဘဲမနေနိုင်တော့ချေ။


အလုပ်လုပ်နေစဉ် ၀င်ပေါက်မှ တံခါးခေါင်းလောင်းကမြည်လာ၍ ကျိအန်းနဉ်နှုတ်ဆက်လိုက်သည်။


“ကြိုဆိုပါတယ်...” 


မော့ကြည့်လိုက်သည့်အခါ ကြည့်ကောင်းသည့်မေးရိုး၊ ဘယ်ဘက်နားတွင်လည်း နားကပ်သေးသေးလေးများနှင့် ပြည့်နေပြီး အနုပညာဆန်သည့်စတိုင်ရှိသည့် လူတစ်ယောက်ကိုမြင်လိုက်ရသည်။ ၎င်းက ဓာတ်ပုံဆရာတုချင်ဖြစ်သည်။


“ဟေး ... ဒီနေ့ရော ဓာတ်ပုံရှုတင်လာရိုက်တာလား...”


ကျိအန်းနဉ် မေးလိုက်သည်။


တုချင် ပြောစရာစကားမဲ့သွားသည်။


“ငါ ခဏလောက် အားနေလို့ မရဘူးလား...”


ကျိအန်းနဉ်ကရယ်ပြီး သူ့အတွက် စားပွဲတစ်ခုံ ရှာပေးလိုက်သည်။


ရှုချန်းကလည်း တုချင်မှာ ယမန်နေ့ညနေက ဓာတ်ပုံဆရာဟူပြီးမှတ်မှတ်ရရှိနေကာ သူ့ကိုစကားနည်းနည်းနှင့် နှုတ်ဆက်လိုက်သည်။ အစပိုင်းတွင် ရှုချန်းက ဓာတ်ပုံဆရာအချင်းချင်းဖြစ်၍ စိတ်ဝင်စားသည့် အကြောင်းများကအတူတူဟု တွေးနေခဲ့သည်။ သို့သော် ခဏကြာသည့်အခါ သူတို့ကြားမှ ကွခြားမှုက အတော်လေးကြီးသည်ကို သိသွားသည်။ သူက တိတ်တဆိတ်သာ ကောင်တာဆီ ပြန်သွားလိုက်တော့သည်။ သို့သော်လည်း ဆံပင်ရှည်နှင့်တုချင်၏မျက်လုံးများက ကျိအန်းနဉ်နောက် တောက်လျှောက်လိုက်နေသည်ကို ရှုချန်း သတိပြုမိသွားသည်။


ယောက်ျားတစ်ယောက်အနေနှင့် ထိုအကြည့်၏ နောက်ကွယ်မှ အကြောင်းအရာကို အလွယ်တကူနားလည်နိုင်သည်။


ရှုချန်းက တစ်ခဏအတွင်း တုချင်က ကျိအန်းနဉ်ကိုစကားပြောရန် စိတ်အားထက်သန်နေသည်ကို သတိပြုမိသွားသည်။ သို့သော် သောကြာနေ့ဖြစ်သည့်အတွက် သူမ အလုပ်များနေ၍ သူ့ဘက်က မှန်ကန်သည့်အခွင့်အရေးကိုရှာမတွေ့ချေ။ ထို့နောက် သူက လက်ဆန့်ထုတ်ပြီး ကျိအန်းနဉ်ကို လက်ယပ်ခေါ်ကာ သူမကို မီနူးကမ်းပေးပြီး စကားပြောလိုက်သည်ကို ရှုချန်းမြင်လိုက်ရသည်။


ရှုချန်း"........"


သေချာသွားပြီ...


မီနူးကို ကြည့်နေသလိုရည်ရွယ်ပြီး တုချင်က ကျိအန်းနဉ်နှင့်စကားပြောပြီး သရေစာအချို့မှာလိုက်သည်။


ရှုချန်း သေသေချာချာကို သိသွားပြီဖြစ်သည်။ ဤဆံပင်ရှည်နှင့်လူငယ်၏ ယနေ့ပန်းတိုင်က ‌ဤ‌နေရာတွင် မုန့်စားဖို့ရန် မဟုတ်ရုံသာမက ကော်ဖီသောက်ရန်လည်း မဟုတ်ချေ။ သူ၏ပစ်မှတ်က ကျိအန်းနဉ်ဖြစ်သည်။


ရှုချန်းက နူးညံ့ပြီးအန္တရာယ်မရှိပုံပေါ်နေသော်လည်း နယ်မြေအသိက သူ့ထံရှိနေသေးသည်။


အစပိုင်းတွင် သူလည်း ကျိအန်းနဉ်ကို ပိုးပန်းမည်ဟုတွေးထားသော် ထိုအတွေးက ၀မ်ယွီကြောင့် မြန်မြန်ဆန်ဆန်ပင်ပျောက်ကွယ်သွားသည်။ သို့သော်လည်း ရှုချန်း၏ဦးနှောက်ထဲ၌ ကျိအန်းနဉ်က သူ့ကော်ဖီဆိုင်မှာရှိနေသည့်အခါ၊ သူမ တစ်ယောက်တည်းသာမက အခြားသောမိန်းကလေးအားလုံး သူ၏ဆိုင်၌ ရှိနေစဉ်အတွင်း သူ၏ကာကွယ်မှုအောက်မှာရှိသည်။


ဥပမာအနေနှင့် အမူကျင့်ပျက်ပြားနေသည့် လူနှစ်ယောက်က ဓာတ်ပုံခိုးရိုက်သည်နှင့် ကြုံရပြီးနောက် ရှုချန်းက သူ့ဆိုင်ရှိမိန်းကလေးများကို တုံ့ဆိုင်းမှုမရှိဘဲ ကာကွယ်မည်ဟုဆုံးဖြတ်ချက်ချထားခြင်းဖြစ်သည်။


ယခု ရှုချန်း၏အတွေးထဲတွင် ကျိအန်းနဉ်နှင့် သူ့ပိုင်နက်ကိုကာကွယ်သည့် ၀မ်ယွီက၀င်ရောက်လာသည်။


အဘယ့်ကြောင့်ဆိုသော် ၀မ်ယွီက ကျိအန်းနဉ်၏ချစ်သူကောင်လေးဖြစ်ပြီး သူ့ရှေ့တွင်လည်း ၀န်ခံထားသည်သာမက ၀မ်ယွီနှင့်ရှုချန်းက သူငယ်ချင်းရပ်၀န်းကို လဲလှယ်ထားသည့်အတွက်ကြောင့်လည်းဖြစ်သည်။


2Dထဲတွင် စျာန်၀င်နေပြီး အစစ်အမှန်ကမ္ဘာ(တတိယဒိုင်မေးရှင်း 3D)ကို တစ်ခါတစ်ခါနားလည်မှုလွဲသည့် ရှုချန်းအတွက်မူ အပြင်လောကတွင် သူငယ်ချင်းရှိနေခြင်းကြောင့်   အလွန်တန်ဖိုးထားပေသည်။


ဒိုင်မေးရှင်းများအကြား ထူထပ်သည့်ဘောင်များနှင့် ဆံပင်ရှည်ရှိသည့်လူငယ်နှင့် နှိုင်းယှဉ်မည်ဆိုလျှင် တက်ကြွပြီးရှုချန်းထံမှ အရင်းအမြစ်များ ဖလှယ်လေ့ရှိသည့် ၀မ်ယွီက သူ့လူထဲမှတစ်ယောက်ဟု ယူဆ၍ရသည်။


ထို့ကြောင့် ရှုချန်းက သူ့ဖုန်းကို တိတ်တဆိတ်ထုတ်ပြီး ၀မ်ယွီထံ စာတစ်စောင်ပို့လိုက်သည်။


ညက တဖြည်းဖြည်းမှောင်လာသည့်အတွက် ဆိုင်တွင်းရှိဖောက်သည်များလည်း တစ်စတစ်စလျော့ပါးလာသည်။


နောက်ဆုံးတွင်မူ တုချင်က ကျိအန်းနဉ်ကို စကားပြောရန်အခွင့်အရေးရသွားပြီဖြစ်သည်။


“မင်း ဒီမှာအလုပ်လုပ်တာကြာပြီလား...”


သူ မေးလိုက်သည်။


” ဟုတ်တယ် တော်တော်ကြာပြီ...ဒါပေမဲ့ ဒီမှာဆက်ရှိနေဦးမှာ...”


သူမပြောလိုက်သည့် တော်တော်ကြာပြီက သူမ၏အခုဘ၀သာမက ယခင်ဘ၀ပါ ပါ၀င်နေသည်။


တုချင်က လစာကိုမေးမြန်းလိုက်ပြီးနောက် တုံ့ဆိုင်းသွားသည်။


“အင်းးးးးးး...”


သူ၏ရည်ရွယ်ချက်ကို နားလည်သောကျိအန်းနဉ်က ထပ်မံအတည်ပြုပေးလိုက်သည်။


“ဒီမှာပဲဆက်လုပ်နေဦးမှာ...”


တုချင်က သူနားလည်ကြောင်း ပုခုံးတွန့်ပြပြီးနောက် မေးလိုက်သည်။


“မင်း ငါတို့ရဲ့ဓာတ်ပုံတိုက်နဲ့ စာချုပ်ချုပ်ဖို့ဆန္ဒရှိမလား...”


ကျိအန်းနဉ် ရပ်တန့်သွားပြီး သူမမျက်လုံးများက အရောင်တောက်လာသည်။


တုချင်က ဆက်ပြောလာသည်။


“မင်းနောက်ဆုံးအကြိမ်က ငါတို့စတူဒီယိုကို လာခဲ့သေးတယ်လေ... အဲဒါက အရမ်းတော့မကြီးပါဘူး... ဒါပေမဲ့ ငါတို့က အခြေခိုင်ပြီး အလုပ်အမြဲလုပ်ရပါတယ်... တကယ်လို့ မင်း ငါတို့နဲ့လက်မှတ်ထိုးမယ်ဆိုရင် ငါတို့ရာခိုင်နှုန်းယူတယ်... ဒါပေမဲ့ မင်းမှာ တစ်သမတ်တည်းအလုပ်တစ်ခုရှိမယ်လို့တော့ ငါတို့ဘက်က အာမခံပါတယ်... စဉ်းစားကြည့်ပါဦး... အိုး ဒါနဲ့ စကားမစပ် မင်းအလုပ်က ဘယ်အချိန်ပြီးမှာလဲ...”


ကျိအန်းနဉ်က သူ့ကိုအချိန်ပြောလိုက်သည့်အခါ တုချင်ကသူ့နာရီကိုကြည့်လိုက်သည်။


 “နီးနေပြီပဲ... ငါ မင်းကိုစောင့်မယ်ဆိုရင်ရော ဘယ်လိုလဲ... မင်းအလုပ်ပြီးတဲ့အခါ ငါတို့အကြောင်းအရာအသေးစိတ်ကိုပြော.......”


သူ့စကားးဆုံးအောင် မပြောရသေးမီ တံခါးခေါင်းလောင်းမြည်သံက သူ့ကိုကြားဖြတ်လိုက်သည်။ ကျိအန်းနဉ်ကအလိုအလျောက် ခါးမတ်မတ်ရပ်ပြီး နှုတ်ဆက်လိုက်သည်။


“ကြိုဆိုပါတယ်...”


ကျိအန်းနဉ်၏ ရုတ်တရက် ပြောင်းလဲသွားသည့်အမူအရာကိုတွေ့သောအခါ တုချင်လည်း လှည့်ကြည့်လာသည်။


၀င်လာသည့်ပုဂ္ဂိုလ်က ၀မ်ယွီ ဖြစ်သည်။


ကြည့်ကောင်းသည့်လူများက မှတ်မိလွယ်သည်။ ထို့အပြင် ဓာတ်ပုံဆရာတစ်ယောက်ဖြစ်သည့် တုချင်အတွက်မူ မျက်နှာကိုမှတ်မိသည့်စွမ်းရည်က သာမန်လူများထက် ပိုကောင်းသည်။ သူက ၀မ်ယွီကို ကျိအန်းနဉ်၏ ကောင်လေးဖြစ်ကြောင်း အမှတ်ရသွားသည်။ ယခင်တစ်ကြိမ်က သူ့ကို ခဏသာတွေ့ခဲ့ရပြီး ‌အဝေးကနေလျှင်ပင် နှစ်ယောက်သားအဆင်မပြေကြကြောင်း သူခံစား၍ရသည်။


ကျိအန်းနဉ်က ၀မ်ယွီကို မြင်လိုက်ရသည့်အခါ အံ့အားသင့်သွားသည်။ ယနေ့တွင် လီဟေးက ၀မ်ယွီကိုဖုန်းခေါ်ပြီး ညနေအတူဆုံရန် ဖိတ်ကြားခဲ့၍ သူမလည်း၀မ်ယွီကိုပြောလိုက်သည်။


“သွားလိုက်ပါ... ကျွန်မကို စိုးရိမ်မနေနဲ့တော့... လေးမှတ်တိုင်ပဲ ဝေးတာပါ...”


ကွမ်းမင်လမ်းက ချင်းဟွာတက္ကသိုလ်နှင့် အလွန်နီးသည်။ ထို့အပြင် ညာဘက်ဘေးလမ်း၌ ဘတ်စ်ကားမှတ်တိုင်ရှိ၍ အလုပ်သွားရန်အတွက် အလွန်အဆင်ပြေသည်။


၀မ်ယွီက သဘောတူပြီးတစ်ယောက်တည်းထွက်သွားခဲ့သည်။


သူ ဘာလို့ ရုတ်တရက်ကြီး ရောက်လာတာလဲ...


၀မ်ယွီ၏မျက်လုံးများက လှည့်ပတ်ကြည့်ပြီးနောက် ကျိအန်းနဉ်နှင့် စကားပြောနေသည့် ငှက်သိုက်ဆံပင်နှင့် လူအပေါ် ကျရောက်သွားသည်။


ဒီလူက သူ့နောက်ကို လိုက်နေတာလား...


ဟမ်...


၀မ်ယွီက ယခု ဤကော်ဖီဆိုင်ကို ရင်းနှီးနေပြီဖြစ်သည်။ထို့ကြောင့် သူ ကျိအန်းနဉ်ကို ဖုန်းခေါ်ရန် မလိုတော့ချေ။ သူကနှုတ်ဆက်ရန် မေးစေ့ကိုသာမော့လိုက်ပြီးနောက် ရှုချန်းနှင့်စကားပြောရန် ကောင်တာကိုမှီနေလိုက်သည်။


ကျိအန်းနဉ် တုချင်ဘက်ကိုလှည့်ကာ အားနာသွားပြီး ပြောလိုက်သည်။


“ဒီနေ့တော့ မဖြစ်လောက်တော့ဘူး... ကျွန်မချစ်သူက လာကြိုဖို့ရောက်နေပြီ...နောက်နေ့ဆိုရင်ရော ဘယ်လိုလဲ...”


ထိုအကြံပြုချက်က ကျိအန်းနဉ်၏ နှလုံးသားထဲစိတ်သက်သာရာရမှုကို ပြုလုပ်ပေးနိုင်ကြောင်း တုချင်မြင်နိုင်သည်။ ဤမိန်းကလေးက အလုပ်များစွာ လုပ်နေရသည်မှာ အမှန်တကယ်ပင် ငွေကြေးလိုအပ်နေ၍ ဖြစ်နိုင်သည်။


သူနှလုံးသားထဲတွင် ဝမ်ယွီကို အထင်မသေးဘဲ မနေနိုင်တော့ချေ။


ဤမျှ လှပသည့်‌ချစ်သူကောင်မလေး ရထားသော်လည်း သူမကို အလုပ်လုပ်ခိုင်းနေသေးသည်။ နည်းလမ်းကျကျပြောရမည်ဆိုလျှင် သူ့ကောင်လေးက ငွေမရှိသောကြောင့် ဖြစ်နိုင်ပေသည်။


ချောမောသည့် မျက်နှာရှိပြီး ပိုက်ဆံမထောက်ပံ့ပေးနိုင်၍ ဖြစ်နိုင်သည်မှာ သူက ကောင်မလေးကို ပိုက်ဆံရှာရန်အသုံးချသည့် လူများထဲမှတစ်ယောက် ဖြစ်နိုင်သည်။


တုချင် ထိုဖြစ်ရပ်မျိုးများကို ယခင်ကတွေ့ခဲ့ပြီးပြီဖြစ်သည်။ ကောင်မလေးက နေ့စဉ်နေ့တိုင်း အလုပ်များစွာလုပ်ပြီး သူ့ကောင်လေးကိုထောက်ပံ့ပေးနေသည်။ ကောင်လေးက သူ့ကောင်မလေး၏ပိုက်ဆံကို နှစ်ခါမစဉ်းစားဘဲသုံးဖြုန်းနေပြီး သူ့တစ်ကိုယ်ရည် ကြည့်ကောင်းရန်သာ ပြုလုပ်နေတတ်သည်။


တုချင်၏ ဓာတ်ပုံစတူဒီယိုကို သူ့သူငယ်ချင်းများနှင့်ပေါင်းပြီး တည်ထောင်ထားခြင်းဖြစ်သည်။ ထို့အပြင် သူ့ကို ဥက္ကဌဟုလည်း ပြောနိုင်သည်။ သူ ကော်ဖီကိုတစ်ငုံချင်းစီသောက်ပြီး ဘေးကိုကြည့်လိုက်သည်။


ကျိအန်းနဉ်က သူမ၏ပျော့ညံ့သည့်ကောင်လေးကို စကားပြောရန် သွားနေသည်။


သူ ၀မ်ယွီကို ပိုကြည့်လေလေ၊ ထိုလူက ပျော့ညံ့သည့်ပုံပေါ်လေလေဖြစ်နေသည်ဟု ခံစားမိနေသည်။ ထို့အပြင် သူ့ကိုပိုကြည့်လေလေ သဘောမကျလေလေဖြစ်နေသည်။


ကျိအန်းနဉ်က မေးလိုက်သည်။


“ရှင် ဘယ်လိုဖြစ်လို့ ရောက်လာတာလဲ...”


ရှုချန်းက မျက်နှာကြက်ကိုကြည့်နေသည်။


၀မ်ယွီက သူ့ရဲဘော်ရဲဘက်ဖြစ်သည့်ရှုချန်းကို သစ္စာဖောက်မည်မဟုတ်ပေ။ ထို့ကြောင့် သူပြုံးပြီးပြောလိုက်သည်။


“ကိုယ်မင်းကို လွမ်းလို့လေ... ဒါကိုက အကြောင်းပြချက်ပဲ...”


ကျိအန်းနဉ်က သူ၏ချိုသာသည့်စကားများနှင့် ကျီစယ်ခံနေရသည့်နေရာတွင် တိုးတက်လာပြီဖြစ်၍ ဝမ်ယွီ၏'ကြင်ကြင်နာနာစကားများ'ကို လျစ်လျူရှုပြီး မေးလိုက်သည်။


“ ကျွန်မကိုခဏလေးစောင့်ပါဦး... သိပ်မကြာခင်အချိန်ပြည့်တော့မှာ...”


အလုပ်ချိန်က ငါးမိနစ်သာ ကျန်တော့ခြင်းဖြစ်သည်။ ထို့အပြင် ဆိုင်ထဲတွင် စားသုံးသူရှိသည့်စားပွဲကတစ်ယောက်တည်းဖြစ်နေသည့် တုချင်အပါအ၀င် သုံးခုံသာဖြစ်သည်။


ရှုချန်းက ပြောလိုက်သည်။


“ကိစ္စမရှိပါဘူး...အ၀တ်စား သွားလဲတော့လေ...”


ကျိအန်းနဉ်က ပြန်ပြောလိုက်သည်။


“ငါးမိနစ် ကျန်သေးတယ်လေ...”


တိုက်တိုက်ဆိုင်ဆိုင် စားသုံးသူတစ်ယောက်က ဘေလ်ရှင်းရန် ခေါ်သည့်အတွက် ကျိအန်းနဉ်သွားလိုက်ရသည်။


ရှုချန်းက ၀မ်ယွီကို ကြည့်လိုက်သည်။


“အန်းနဉ်က တကယ်ကို တိတိကျကျလုပ်တတ်တဲ့သူပဲ...”


၀မ်ယွီက ကောင်တာကိုမှီထားပြီး ကျိအန်းနဉ်ကိုကြည့်ကာပြုံးနေပြီး ချက်ချင်းသဘောတူလိုက်သည်။


“ဟုတ်တယ်...”


သူ၏အကြည့်က တဖြည်းဖြည်းနှင့် မိန်းမဆန်သည့်ဆံပင်ပုံရှိသော တုချင်၏နောက်ကျောဘက်ကို ရွေ့သွားသည်။ သူတို့နှစ်ယောက် မျက်နှာချင်းမဆိုင်ခြင်းက ပိုကောင်းမည်ဟုတွေးလိုက်သည်။


ကျစ်...


“သူတကယ် အန်းနဉ်နောက်ကို ဒီထိလိုက်လာတာလား...”


၀မ်ယွီက အေးစက်စက်မေးလိုက်သည်။


ရှုချန်းက နောက်ကွယ်မှစကားကိုနားလည်ပြီး ကျိအန်းနဉ်အတွက် ရှင်းပြလိုက်သည်။


“ဒါက အန်းနဉ်ရဲ့အကြံ မဟုတ်ပါဘူး... တိုက်ဆိုင်သွားတာ... သူတို့စတူဒီယိုက ငါ့ဆိုင်နေရာကို ဓာတ်ပုံရှုတင်တစ်ခုအတွက် မနေ့ကငှားတယ်လေ... အန်းနဉ်ကလည်း သူ့ကိုမြင်တော့ အံ့သြသွားတာ...”


ဪ အဲ့ဒီလိုပေါ့...


၀မ်ယွီ ချက်ချင်း စိတ်သက်သာရာရသွားသည်။


“ ကျေးဇူးတင်ပါတယ် bro”


သူက သူ့စိတ်သဘောထားကို ဖော်ပြလိုက်သည်။


ရှုချန်းက သူ့ကိုတည်တည်ငြိမ်ငြိမ်ပင် လက်မထောင်ပြလာသည်။


ယောက်ျားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု သံယောဇဉ်ကြိုးလေးခုရှိသည် ပြောကြသည်။


ထောင်ပြတင်းပေါက်ကို မျှဝေခြင်း၊ သေနတ်ပစ်ခြင်းကို အတူတူရင်ဆိုင်ခြင်း၊ ပြည့်တန်ဆာအိမ်များ အတူတူလည်ပတ်ခြင်းနှင့် လုယက်ခြင်းများကို အတူတကွ ခွဲဝေပေးခြင်းတို့ဖြစ်သည်။


အခု အင်တာနက်အသုံးပြုသည့်ခေတ်ရောက်နေသောကြောင့် နောက်ထပ်တစ်ခုပေါင်းထည့်သင့်သည်။


သတင်းအချက်အလက် အရင်းအမြစ်တွေကို အတူတကွမျှဝေခြင်း ဆိုပြီးတော့ပေါ့...



###