အပိုင်း၅၇
Viewers 7k

🤚Chapter 57




အချိန်ငါးမိနစ်က ခဏလေးနှင့် ကုန်သွားသည်။


ကျိအန်းနဉ်က အ၀တ်အစားလဲရန်အတွက် အ၀တ်လဲခန်းထဲ၀င်သွားသည်။ သူမ၀င်သွားသွားချင်း တုချင်က ဘေလ်ရှင်းရန် ခေါ်လိုက်သည်။


ရှုချန်းထွက်လာပြီး သူ့ကိုရှင်းပေးလိုက်သည်။ သူကရှုချန်းနှင့် စကားအနည်းငယ် ပြောလိုက်သေးသည်။


ရှုချန်း၏စိတ်က ဤဆံပင်ရှည်နှင့်လူကို မျက်နှာချင်းဆိုင်က ကြည့်နေသည့် ၀မ်ယွီဆီမှာသာ ကျန်ရှိနေသည်။ သို့သော် ဆိုင်၏ပိုင်ရှင်ဖြစ်သည့်အလျောက် သူကဖောက်သည်ကို လျစ်လျူမရှုနိုင်ပေ။ ထို့ကြောင့် ပြုံးပြပြီး သူနှင့် ယဉ်ယဉ်ကျေးကျေးစကားပြောရန်သာ တတ်နိုင်တော့သည်။


သူတို့စကားပြောနေစဉ် ကျိအန်းနဉ်က အ၀တ်အစားလဲပြီး ထွက်လာသည်။ တုချင်က စကားပြောသည်ကို ရပ်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။


“အလုပ်ဆင်းပြီလား...”

သူ မေးလိုက်သည်။


ကျိအန်းနဉ် ခေါင်းညိတ်ပြီးပြောလိုက်သည်။

“ဟုတ်တယ် ရှင်လည်းစောစောပြန်သင့်တယ်...နောက်ကျနေပြီ...”


သူမ အဓိကပြောချင်သည်မှာ ဆိုင်ပိတ်တော့မည်ဖြစ်ပြီးတ ရှုချန်းလည်း အနားယူရန် လိုအပ်သေးသည်ဟူ၍ဖြစ်သည်။ သို့သော် သူမက ဆိုင်ကိုလာသည့်ဖောက်သည်ကို တိုက်ရိုက်ပြောမရသောကြောင့် လိမ္မာပါးနပ်စွာပြောလိုက်ခြင်းဖြစ်သည်။


သို့သော်လည်း တုချင်က ပြုံးပြီးပြောလာသည်။

“ဒီအချိန်မှ ပိတ်ရက်က စတာလေ... ”


သူက ညအချိန်တွင်သာ အားမာန်ပြည့်တက်ကြွသည့် ၀မ်ယွီလိုမျိုးလူတစ်ယောက်ဖြစ်ပုံပေါ်သည်။ ၀မ်ယွီက သူမကိုအပြင်ထွက်ကစားရန် ခေါ်ချင်သော်လည်း သူမတွင် အချိန်အမှန်တကယ် မရှိချေ။


“ကောင်းပါပြီ...ဒါဆို နှုတ်ဆက်ပါတယ်...ကောင်းမွန်တဲ့ ပိတ်ရက်လေး ဖြစ်ပါစေ...”


ကျိအန်းနဉ် သူ့ကို လက်ပြနှုတ်ဆက်လိုက်သည််။ 


တုချင်လည်း ပြောလိုက်သည်။

“ကောင်းမွန်တဲ့ ပိတ်ရက်လေးဖြစ်ပါစေ...”


ကျိအန်းနဉ် လှည့်သွားပြီး ၀မ်ယွီဆီသို့ဦးတည်လိုက်သည်။


၀မ်ယွီက ကျေနပ်မနေပေ။


အဘယ့်ကြောင့်ဆိုသော် ထိုငှက်သိုက်ဆံပင်နှင့် ကောင်လေးက သူမကိုကောင်းမွန်သည့်ပိတ်ရက်ဖြစ်ပါစေဟုနှုတ်ဆက်ခဲ့ခြင်းအတွက်ဖြစ်သည်။ ထို့အပြင် ထိုလူက ကျိအန်းနဉ်နောက်မှ မသိမသာလိုက်ပါလာသည်။ ၀မ်ယွီ သူ့မျက်လုံးကို ကောင်းကင်ဘုံဆီရောက်လောက်အောင် လှိမ့်လိုက်မိသည်။


ကျိအန်းနဉ် အနားရောက်လာသည့်အခါ ၀မ်ယွီက ပြုံးပြီး သူမပခုံးကို ပွေ့ဖက်လိုက်သည်။


သူတို့နှစ်ယောက်က အချို့သောထိတွေ့မှုများကို လုပ်ကြသော်လည်း လူမြင်ကွင်း၌ ကျိအန်းနဉ်က ပေါ်ပေါ်ထင်ထင်နေပေ။ ထို့ကြောင့် ၀မ်ယွီက အခြားသူများအရှေ့တွင်ချုပ်ထိန်းထားရသည်ကို ရင်းနှီးနေပြီဖြစ်သည်။ ကျောင်းတွင်ဆိုလျှင် သူတို့က နေ့လည်စာအတူစားသော်လည်း အတန်းမတူသည့်အတွက် လက်ကိုင်သည့်ကိစ္စမျိုးကို လူမြင်ကွင်းတွင် ပြုလုပ်ခဲသည်။


ယခုအချိန်တွင် သူ၏အပြုအမူက ရုတ်တရက်ဆန်လွန်းပြီး အထူးသဖြင့် စိတ်အားထန်သန်ပုံ ပေါ်နေသည်။ ကျိအန်းနဉ်ဘာမှမပြောဘဲ သူ့ကိုတစ်ချက်သာကြည့်လိုက်သည်။


၀မ်ယွီက သဘာ၀ကျကျပြုမူပြီး ရှုချန်းကိုပင် လက်ပြနှုတ်ဆက်လိုက်သေးသည်။ 


ရှုချန်းကလည်း သူ့ကိုတုံ့ပြန်ရန် လက်ပြန်ပြခဲ့သည်။


အမျိုးသားနှစ်ယောက်ကြားထဲတွင် သူတို့နှစ်ယောက် စကားမပြောသော်လည်း သူတို့အချင်းချင်းနားလည်နိုင်ကြသည်။


ကျိအန်းနဉ် "......"


ထူးဆန်းလိုက်တဲ့ သူငယ်ချင်းဆက်ဆံရေးပါလား...


ကော်ဖီဆိုင်က Bright Avenue နှင့် မျက်နှာချင်းဆိုင်ဖြစ်သည်။


အရှေ့ဘက်သို့ အနည်းငယ်ဆက်သွားမည်ဆိုလျှင် လမ်းတစ်ဖက်ခြမ်းတွင် ကားရပ်ထားရသည့် နေရာရှိသည်။ သို့သော် ၎င်းက ကော်ဖီဆိုင်မှ အနည်းငယ်ဝေးသည်။


ဆိုင်ရှေ့တွင် ကားရပ်ရန်နေရာ လုံလုံလောက်လောက်မရှိပေ။ ထို့ကြောင့် ကားရပ်ရန် ခွင့်မပြုထားသည်မှာ သဘာဝကျပေသည်။ သို့သော်လည်း တစ်ယောက်ယောက်က အကြာကြီးမနေသ၍ ကားခဏရပ်ထားသည်က ပြဿနာမဟုတ်ပေ။


တုချင်က ယနေ့သူ အချိန်မည်မျှစောင့်ရမည် မသိဟု ခန့်မှန်းထားမိသည်။ ထို့ကြောင့် သူ့ကားကိုသတ်မှတ်ထားသည့်နေရာမှာသာ ရပ်ထားခဲ့သည်။


သူ၏ရည်ရွယ်ချက်ဖြစ်သည့် ၀မ်ယွီက မည်သို့သောချစ်သူကောင်လေးမျိုးဆိုသည်ကိုသိရန် သူ ကျိအန်းနဉ်နှင့် ၀မ်ယွီအနောက်မှ အပြုံးနှင့်လိုက်လာသည်။


ဤကောင်လေးက ငယ်သေးသော်လည်း သူ့ကို ဆယ်ကျော်သက်တစ်ယောက်ဟု မပြောနိုင်ပေ။ သူက အရွယ်ရောက်ပြီးသူတစ်ယောက်ဖြစ်သည်မှာ သိသာသည်။ တုချင်က သူ့ကိုခဏခဏကြည့်နေမိသော်လည်း သူကကျောင်းသားလား၊ အလုပ်လုပ်နေသည့်လူလား ခွဲခြားဆုံးဖြတ်၍ မရပေ။ သေချာသည်မှာ သူကအရွယ်ရောက်ပြီးပြီဖြစ်သည်။


ရင့်ကျက်သည့် လူငယ်တစ်ယောက်အတွက် ကားကအထင်ပေါ်ဆုံးဖြစ်ပြီး စီးပွားရေးလုပ်ကိုင်နိုင်စွမ်းနှင့် တိုက်ရိုက်အချိုးကျသည်။


တုချင်က ထိုကောင်လေးမှာ သူ့မျက်နှာကိုအသုံးချပြီးအသက်ရှင်နေသည်ဟု သံသယရှိနေပြီး သူက ၎င်းကို မှန်မမှန် အတည်ပြုချင်နေသည်။


လူမှုရေးရှုထောင့်မှနေ၍ မိန်းကလေးများကို ကြည့်ရှုသည့်အခါ ကျိအန်းနဉ်လို လှပသည့်မိန်းကလေးအနေနှင့်  အနည်းဆုံးကားတစ်စီးရှိသည့် ချစ်သူကောင်လေးရှာရခြင်းမှာ ပြဿနာမရှိလောက်ပေ။


ကျိအန်းနဉ် ကော်ဖီဆိုင်မှ ထွက်လာသည့်အခါသူမ၏အင်္ကျီကော်လံကိုပြင်လိုက်ပြီး ၀မ်ယွီ၏ကားကို အလိုလိုရှာလိုက်သည်။ ၀မ်ယွီက အမြဲတမ်းကားကို ကော်ဖီဆိုင်ရှေ့မှာပင် ရပ်ထားလေ့ရှိသည်။


ထို့နောက် သူမ မှင်သက်သွားသည်။


၀မ်ယွီ အမြဲတမ်းကားပါကင်ထိုးသည့်နေရာတွင်  အလွန်ကွဲပြားသည့် ကားတစ်စီးရှိနေသည်။


နောက်ဆုံးအကြိမ် ၀မ်ယွီ သူမကို squashကစားရန်အတွက် ခေါ်သွားစဥ် ထိုနေရာက သီးသန့်ကလပ်တစ်ခုဖြစ်သော်လည်း ယခုကားနှင့် တူညီသည့် ကားအမျိုးအစားများစွာကို သူမတွေ့ခဲ့သည်။ ထိုနေရာတွင် သူမအမည်မသိသည့် ၀မ်ယွီ၏ကားနှင့် လှပတောက်ပြောင်နေသည့် SUV များက အကြည့်လွှဲချင်စရာမရှိပေ။


သို့သော် တောက်ပြောင်လှပနေသည့်ကားကBright Avenue ၏ လမ်းတစ်ဖက်ခြမ်းတွင် ပါကင်ထိုးထားသည်က လုံး၀ကို မျက်စိဖမ်းစားဖွယ်ဖြစ်နေသည်။


အထူးသဖြင့် ၀မ်ယွီကသော့ကိုထုတ်ပြီး ခလုတ်ကိုနှိပ်လိုက်သည့်အခါ ကားတံခါးများက တောင်ပံများသဖွယ် ပွင့်သွားသည်။ ကားက မယုံကြည်နိုင်စရာကောင်းလောက်အောင်ပင် ထိပ်တန်းအမျိုးအစား ရေပန်းစားနေသည့်ကားဖြစ်သည်။


ကျိအန်းနဉ်"........."


၀မ်ယွီက သူ့နောက်ကော်ဖီဆိုင်မှ အသံကြားလိုက်သည့်အခါ ထိုငှက်သိုက်ဆံပင်နှင့် ကောင်လေးလည်း ထွက်လာသည်ကို သိလိုက်သည်။ သူက နောက်ကိုလှည့်မကြည့်ဘဲ ကျိအန်းနဉ်ကိုပွေ့ဖက်ကာ အလွန်နူးညံ့ပြီး ရည်မွန်သည့်အသံနှင့် ပြောလိုက်သည်။


“ကားထဲမြန်မြန်၀င်တော့လေ... အပြင်မှာကအေးတယ်...”


ထို့နောက် သူက စိတ်ရှုပ်ထွေးနေသည့်ကျိအန်းနဉ်ကို ငြင်ငြင်သာသာလေး ကားထဲတွန်းပို့လိုက်သည်။


ကျိအန်းနဉ် ကားထဲ၀င်လိုက်သည့်အခါ နူးညံ့သည့်ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်သလို ခံစားမိလိုက်သည်။


၀မ်ယွီက ကားမောင်းသူဘက်တွင် ထိုင်လိုက်သည်။ အစမှ အဆုံးအထိ သူက ကော်ဖီဆိုင်၀င်ပေါက်ကို တစ်ချက်ပင် လှည့်မကြည့်ခဲ့ပေ။


အကယ်၍ သူ အကြည့်တစ်ချက်ပေးလိုက်မည်ဆိုပါက သူ ရှုံးသွားသည်ဟု ခံစားရသောကြောင့်ဖြစ်နိုင်သည်။


ကျိအန်းနဉ်လည်း သတိပြုမိသွားသည်။


သူမ ကားတံခါးကို မည်သို့ပိတ်ရမည်မသိ၍ ပြူးကြောင်ကြောင်လေးနှင့် ၀မ်ယွီကိုကြည့်လိုက်သည်။


၀မ်ယွီက ကားထဲသို့၀င်ထိုင်လိုက်ပြီး တစ်နေရာရာရှိ ခလုတ်တစ်ခုကို ဖိလိုက်သည်။ ထို့ကြောင့် တောင်ပံလိုဖြစ်နေသည့် ကားတံခါးလည်း ပြန်ပိတ်သွားသည်။


ကျိအန်းနဉ်က ကားတံခါးပိတ်မသွားမီအချိန်တွင် တုချင်ကကော်ဖီဆိုင်၀င်ပေါက်မှာရပ်ပြီး သူမကို ရပ်ကြည့်နေသည်ကို မြင်လိုက်ရသည်။


သူ၏အမူအရာက ဖော်ပြရန် လုံး၀ခက်ခဲသည်။


ကားအင်ဂျင်သံက ကြောက်စရာကောင်းနေပြီး ပုံမှန်ကားများနှင့်မတူပေ။ စထွက်ပြီးနောက် ကျိအန်းနဉ်မှာ ထိုင်ခုံနှင့်ဆန့်ကျင်ဘက်သို့ လေးဖင့်သည့်အားကြောင့် တွန်းခံလိုက်ရသည်။ အရှိန်ကအလွန်မြန်ပြီး ခဏကြာမှ သူမကောင်းကောင်းအသက်ရှုနိုင်တော့သည်။


ယခုအချိန်တွင်မူ ကျိအန်းနဉ်က တုချင်၏မျက်နှာအမူအရာကို နားလည်နိုင်သွားပြီဟု ခံစားလိုက်ရသည်။


သူမ၏ယခင်ဘဝတွင် အခြားသူများကဲ့သို့ပင် သူမလည်း ၀မ်ယွီHummer ကားကို မောင်းလာခြင်းက သူမည်မျှချမ်းသာကြွယ်၀ကြောင်းကြွားနေသည်ဟု ထင်ခဲ့သည်။ ထိုသို့တွေးခဲ့သည်မှာ သူမကိုSquash ကစားရန် မခေါ်သွားမီနေ့အထိ ဖြစ်သည်။ ထိုနေရာတွင် ဤထက်ပိုကောင်းသည့်ကားနှင့် ကြွားလုံးထုတ်နေကြခြင်းဖြစ်သည်။


ထို့နေတွင် သူတို့ကားပါကင်ကိုသွားချိန်၌ ၀မ်ယွီ၏ သူငယ်ချင်းများထဲမှတစ်ယောက်က “နောက်ဆုံးတော့ မင်းရဲ့Hummer ကားသေးသေးလေးကို မမောင်းတော့ဘူးပေါ့” ဟု စနောက်ခဲ့သည်။


လီဟေးကလည်း ပြောခဲ့သည်။


“မင်းရဲ့အဖေက တကယ်ကို စည်းကမ်းတင်းကြပ်လွန်းပါတယ်...”


ထို့နောက် ကျိအန်းနဉ်နားလည်သွားသည်။ ၀မ်ယွီ၊ သူ၏သူငယ်ချင်းများ သို့မဟုတ် သူ၏ပတ်၀န်းကျင်တွင် Hummer ကားမောင်ခြင်းက ချမ်းသာကြောင်းကြွားသည်မဟုတ်ပေ။ ၀မ်ယွီက နှိမ့်ချစွာနေခြင်းဖြစ်သည်။


၎င်းက သူ၏အဖေ တောင်းဆိုချက်လည်းဖြစ်မည်။


ယခုလက်ရှိ ကားစီးနေသည်ကို စိတ်ပြန်ရောက်လာပြီးနောက် ကျိအန်းနဉ်မမေးဘဲ မနေနိုင်တော့ချေ။


“ဒီကားက...”


သူမ ရှင်းရှင်းလင်းလင်းမှတ်မိနေသည်မှာ နေ့လည်ခင်း၌ဘကျောင်းပေါက်၀တွင် သူ၏Hummerကားကို ပါကင်ထိုးသည်သာဖြစ်သည်။


ညနေခင်းရောက်တော့မှ  ဒီတစ်စီးကို ဘယ်လိုများပြောင်းလိုက်တာလဲ...


“ဒါက လီဟေးရဲ့ကား ကိုယ့်ကားကအိမ်မှာထားထားတယ်... ကိုယ်အပြင်မှာကစားနေတာ...”


၀မ်ယွီ ပြောလာသည်။


ကျိအန်းနဉ် ခေါင်းရှုပ်သွားသည်။


“ရှင့်ရဲ့ကိုယ်ပိုင်ကားက ဘာဖြစ်သွားလို့လဲ... အပြင်မှာတစ်ခုခုဖြစ်သွားလို့လား...”


၀မ်ယွီက ပါးစောင်ကိုလျှာနှင့်ထိုးပြီး ပြောလိုက်သည်။


 “ကိုယ့်ကောင်မလေးကို တစ်ယောက်ယောက်က ဗြောင်ကျကျပိုးပန်းပြီးတော့ ရှုချန်းရဲ့ဆိုင်အထိ လိုက်လာတယ်ဆိုတော့ ကိုယ်မင်းကိုလာကြိုတဲ့အခါ ဘယ်လိုကားမျိုးမောင်းလာသင့်လဲ... ကိုယ််ရဲ့Hummerကားလေးပဲမောင်းလာရင် ကိုယ်ကပိုအားသာကြောင်း မပြနိုင်တော့ဘူးလေ...”


ကျိအန်းနဉ်"......."


ဒေါင်းထီးတစ်ကောင်က မိတ်လိုက်ရန် ယှဉ်ပြိုင်သည့်အခါ သူတို့၏အမွှေးအတောင်များကို ပြနိုင်သလောက်ပြကြလိမ့်မည်။ တသသနှင့်ကြွား၀ါပြီး သူတို့ကိုယ်သူတို့ ဗန်းပြနေကြလိမ့်မည်။


ထိုအချိန်များတွင်ဆိုလျှင် အမျိုးသားများကလည်း ဒေါင်းထီးများနှင့် ထူးမခြားနားပေ။


၀မ်ယွီက အပြင်တွင် ကစားနေခြင်းဖြစ်ပြီး ရှုချန်းဆီမှစာလက်ခံရရှိသည့်အခါ ချက်ချင်းစိတ်အနှောင့်အယှက်ဖြစ်သွားသည်။ ထိုအချိန်တွင် လီဟေးက သူ့ဘေးတွင်ထိုင်နေခြင်းဖြစ်ပြီး မေးလာသည်။


“ဘာဖြစ်လို့လဲ...”


၀မ်ယွီက ပြန်မဖြေဘဲ မတ်တပ်ထရပ်ကာပြောလိုက်သည်။


“ငါ သွားဖို့လိုနေလို့... ”


သူထွက်သွားရန် ပြင်နေစဉ် ခဏရပ်သွားပြီး လီဟေးကိုမေးလိုက်သည်။


“မင်း ဘယ်ကားမောင်းလာတာလဲ...”


လီဟေးက ဖြေလာသည်။


“Maybach‌လေ...”


၀မ်ယွီက လက်ဆန့်ထုတ်လိုက်သည်။


“ငါ့ကိုငှားပေးစမ်းပါ...”


လီဟေး ချက်ချင်းပင် နားလည်သွားသည်။ သူတစ်ယောက် ယောက်၏မျက်နှာကို ဖြတ်ရိုက်ချင်နေသည်။


ငွေဇွန်းကိုက်ပြီး မွေးလာသည့်လူများက အောက်တန်းမကျကြပေ။ ထို့အပြင် သူတို့၏ချမ်းသာကြွယ်၀မှုကို တစ်ချိန်လုံးကြီး ကြွား၀ါနေရမည်အား ပျင်းကြသည်။ သို့သော် တစ်ယောက်ယောက်က သူတို့၏ပိုင်နက်ကို လာစိန်ခေါ်ရဲပါက ရိုးရိုးရှင်းရှင်းနည်းဖြင့်သာ သူတို့မျက်နှာကို ဖြတ်ရိုက်ပစ်ကြသည်။


၀မ်ယွီကို သူ၏အဖေက နိမ့်နိမ့်ချချနေရန် ပြောထားသည်။သို့သော် သူကျောင်းကို မောင်းလာရန် ပုံမှန်ရွေးချယ်လိုက်သည့် Hummer သေးသေးလေးက သူ၏စိတ်ကိုမြှင့်တင်ရန် မလုံလောက်ပေ။


လီဟေးက ဘာမှမမေးမြန်းဘဲနှင့် ၀မ်ယွီထံကားသော့ပစ်ပေးလိုက်သည်။ ထို့နောက်တွင် သူက လီဟေး၏ကားကိုမောင်းထွက်လာပြီး သူ၏ပိုင်ဆိုင်မှုကို ပြသရန် ရောက်လာခြင်းဖြစ်သည်။


ဤသာမန်စွမ်းရည်က ကျွမ်းကျင်မှုအမှတ်အားလုံးကို အပြည့်အ၀အသုံးချထားပြီး လုံး၀ကိုပြီးပြည့်စုံသည်။ဖြစ်စဉ်တစ်ခုလုံးက ချောမွေ့ပြီးအောင်မြင်ကာ မလိုအပ်သည့်စကားလုံးများနှင့် အတင်းပြုလုပ်မှုများကို ရှောင်ရှားထားသည်။


တုချင်က ကော်ဖီဆိုင်၀င်ပေါက်တွင် ရပ်နေဆဲဖြစ်သည်။လေတိုက်မှုကြောင့် သူ့ပုံစံက ဖရိုဖရဲဖြစ်နေသော်လည်း အနုပညာဆန်နေဆဲဖြစ်သည်။ သူ့ဆံပင်က လေတိုက်မှုကြောင့် အမှန်တကယ်ကိုရှုပ်ပွနေပြီး ၀မ်ယွီကသူ့ကိုနာမည်ပြောင်ပေးသွားသည့် “ငှက်သိုက်ဆံပင်”ဆိုသည်နှင့် လုံး၀ကို လိုက်ဖက်နေသည်။


တုချင် သူ့ပါးစပ်ကိုပိတ်ရန်သတိမရသေးမီအထိ လေအေးထဲတွင် မတ်တပ်ရပ်နေမိခြင်းဖြစ်သည်။


ထို့နောက် သူက စီးကရက်မီးညှိလိုက်ပြီး တစိမ်စိမ့်တွေးဆလိုက်သည်။


ကျိအန်းနဉ်ရဲ့ကောင်လေးက ကားငှားပေးတဲ့ ကုမ္ပဏီမှာ အလုပ်လုပ်တာဖြစ်နိုင်လား... သူကရှိုးပြဖို့ ကုမ္ပဏီကကားကို ငှားလာတာများလား...


တုချင်၏ အတွေးများကျဉ်းမြောင်းနေသည်မှာ အံ့သြစရာမရှိချေ။ သာမန်လူများက ချမ်းသာသည့်လူများနှင့် ထိတွေ့ခဲလှသည်။ သူတို့ ဤမြို့ထဲတွင် နေထိုင်သည်ကို သိကြသော်လည်း တစ်မြို့လုံးနှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင် သူတို့၏ အရေအတွက် အမှန်တကယ်ကိုနည်းသည်။ထို့ကြောင့် မိမိနေထိုင်သည့်နေရာတွင် သူတို့နှင့်တွေ့ကြုံနိုင်သည့်အခွင့်အရေးက အလွန့်အလွန်ကိုနည်းသည်။


နောက်ဘက်တံခါးဆီမှ အသံတစ်ခုကြောင့် တုချင်က လက်ရှိအချိန်ကို အတွေးပြန်ရောက်လာသည်။


နောက်ဆုံးစားသုံးသူက သူတို့ဘေလ်ကိုပေးချေပြီး အပြင်ကို လမ်းလျှောက်ထွက်လာခြင်းဖြစ်သည်။ သူတို့ ထွက်လာလာချင်း တုချင်က သူတို့လမ်းကို ပိတ်ထားသောကြောင့် ပြောလိုက်သည်။


“တစ်ဆိတ်လောက်...ကျေးဇူးပြုပြီး ခြေတစ်လှမ်းလောက်ဘေးဖယ်ပေးလို့ရမလား...”


တုချင်က ဘေးဖယ်ပေးလိုက်ပြီး သူ့ရှေ့မှမီးရောင်ကလည်းတဖြည်းဖြည်း မှိန်ဖျော့သွားသည်။ ဆိုင်ထဲတွင် စားသုံးသူတစ်ယောက်မှ မရှိတော့ချေ။ ရှုချန်းက မီးလုံးအကြီးကြီးများကိုပိတ်လိုက်ပြီး သေးသေးလေးများကိုသာချန်ထားလိုက်သည်။ ဤအပြုအမူကြောင့် တုချင်ကို သူ၏တည်ရှိမှုအား သတိပေးသလိုဖစ်သွားသည်။


တုချင်က တံခါးကိုတွန်းဖွင့်ပြီး ကော်ဖီဆိုင်ထဲ ပြန်၀င်လာလိုက်သည်။


“ဟေး ရောင်းရင်းရေ...”


သူ ခေါ်လိုက်သည်။


ရှုချန်းက ခွက်များ၊ ပန်းကန်ပြားများကို ရှင်းနေခြင်းဖြစ်ပြီး လင်ဗန်းကိုကိုင်ထားသည်။ ဆံပင်ရှည်နှင့် လူငယ်ကိုမြင်တသည့်အခါ သူက'အာ'ဟုအသံထွက်သွားပြီး မေးလိုက်သည်။


“မင်း တစ်ခုခုမေ့ကျန်သွားလို့လား...”


“မဟုတ်ဘူး...”


တုချင်က လမ်းလျှောက်လာသည်။


“ငါ မင်းကိုကျိအန်းနဉ်အကြောင်း မေးချင်လို့....သူရဲ့ချစ်သူက ဘာအလုပ်လုပ်တာလဲ...”


ရှုချန်း၏အကြည့်က ရိပ်ခနဲဖြစ်သွားပြီး ပြန်ဖြေလိုက်သည်။


“ ကျွန်တော် တိတိကျကျတော့မသိပေမဲ့ သူကကျောင်းသားတော့ဟုတ်တယ်...”


ကျောင်းသားလား...


သူ့ကို ကားငှားသည့်ကုမ္ပဏီက၀န်ထမ်းဟု တွေးထားတာနှင့်မတူဖြစ်သွားသည်။


တုချင် စိတ်ရှုပ်သွားသည်။


“တကယ်ကို ကျောင်းသားတစ်ယောက်လား...”

သူ ထပ်မေးလိုက်သည်။


“ဖြစ်နိုင်သလောက်ပါပဲ...”


ရှုချန်းက ခွက်များနှင့် ပန်းကန်ပြားများကို ရှင်းထားသည့် သေတ္တာထဲထည့်လိုက်ပြီး စားပွဲများကို စတင်သုတ်လိုက်သည်။ 


“သူတို့က ကျောင်းတစ်ခုတည်းပဲ... အန်းနဉ်က အခုမှစတက်တဲ့လူ... ပြီးတော့ သူ့ကောင်လေးကဂျူနီယာ ဒါမှမဟုတ်ရင် စီနီယာကျောင်းသားဖြစ်လိမ့်မယ်...”


“ကျောင်းသားတစ်ယောက်က ဒီလောက်တောင် အဆင့်အတန်းမြင့်တာလား...“


တုချင်က မေးငေါ့ပြလိုက်သည်။

 “သူ့ကောင်မလေးကို လာကြိုတာ Maybachကားမောင်းလာတယ်လေ...”


သူက Mနှစ်ထပ်တံဆိပ်ကို သေသေချာချာ မြင်လိုက်ခြင်းဖြစ်သည်။


“၀ိုးးးး”

ရှုချန်း လက်ဖျားမခါဘဲ မနေနိုင်တော့ချေ။


ရှုချန်းက ၀မ်ယွီ၏ စီးပွားရေး အလွန်ကောင်းသည်ကို ရေးတေးတေးခန့်မှန်းမိသည်။ သို့သော် ၎င်းက သူထင်ထားသည်ထက် ပိုကောင်းနေသည်။


သူ ခဏစဉ်းစားနေပြီး ပြောလိုက်သည်။


“အဲဒါက ဖြစ်နိုင်ပါတယ်... ကျွန်တော် အရင်က သူတို့နဲ့ညစာစားဖူးတယ်... ပြီးတော့ သူကျွေးတာလေ... ဘေလ်ရှင်းဖို့လုပ်တော့ ကျွန်တော် အမြင်မမှားဘူးဆိုရင် သူ Centurion Black Card ကိုသုံးလိုက်တာဖြစ်မယ်...”


“သေလိုက်ပါတော့...”

တုချင်က သူ့စီးကရက်နှစ်ရှိုက်ဖွာလိုက်ပြီး ဆက်မေးလိုက်သည်။

“သူက တကယ်ကို ချမ်းသာတာလား...”


“ ကျွန်တော်လည်း မသိဘူး...”

ရှုချန်း ပုခုံးတွန့်ပြလိုက်သည်။


“ဒါဆို ကျိအန်းနဉ်က ဘာလို့ အချိန်ပိုင်းအလုပ်တွေ ကြိုးကြိုးစားစား လုပ်နေရတာလဲ...”

တုချင် မေးမြန်းလိုက်သည်။


ရှုချန်းက ဤမေးခွန်းကို မနှစ်သက်ချေ။


“သူ့ကိုယ်သူ အားကိုးအားထားတာ ဘာမှားနေလို့လဲ...”

သူ၏အသံက အနည်းငယ် ဒေါသထွက်နေပုံပေါ်သည်။


“သူ့မိသားစုအခြေအနေက မပြေလည်ဘူး... သူမက ကျွန်တော့်ဆီမှာ အချိန်ပိုင်းအလုပ်လုပ်တဲ့အပြင် ကျွန်တော် မိတ်ဆက်ပေးလိုက်တဲ့ မင်းဆီမှာလည်း မော်ဒယ်လုပ်သေးတယ်လေ... အဲ့ဒါတွေအပြင် စာသင်တာလည်းလုပ်ပြီး ကျောင်းမှာwork-studyလည်းလုပ်သေးတယ်...”


“ငါမင်းကို ပြောမယ်...”


ရှုချန်းက လေးလေးနက်နက်ပြောလိုက်သည်။

“ကျိအန်းနဉ်က လုံး၀ကိုတော်တဲ့မိန်းကလေးတစ်ယောက်ပဲ...”


တုချင်လည်း ဤအချက်ကို အသိအမှတ်ပြုလိုက်သည်။


သူ့အလုပ်ဖြစ်သည့် ဓာတ်ပုံဆရာတစ်ယောက်အနေနှင့် မည်သူက အလုပ် အမှန်တကယ်လုပ်သည် မလုပ်သည်ကို ပြောနိုင်သည်။ တချို့မိန်းကလေးများက သူ့ဆီမှ မျက်ရည်ကျသည်အထိ အဆူခံရဖူးသည်။


ကျိအန်းနဉ်က တိတ်ဆိတ်သော်လည်း စိတ်နှစ်မြှုပ်ထားတတ်သည့်မိန်းကလေး ဖြစ်သည်။ သူမက ကင်မရာအရှေ့မှာသာ တောက်ပမှုကိုပြသပြီး အံ့သြလောက်ပင်လှပလွန်းသည်။


လူ့အဖွဲ့အစည်းတွင် လှပသည့်မိန်းကလေးက ချမ်းသာသည့်ပါတနာရှာသည်က ပုံမှန်ဖြစ်သည်။ တုချင်ကလည်း ၎င်းကို ဆန့်ကျင်ဘက်လိုက်ပြီးမတွေးပေ။


ယနေ့တွင် ဝမ်ယွီ ကော်ဖီဆိုင်ထဲသို့ မည်သို့ဝင်လာသည်အားကြည့်ရုံဖြင့် သူ၏စိတ်အခြေအနေကို ခန့်မှန်းကြည့်နိုင်သည်။ သူက ချမ်းသာသည့်နောက်ခံရှိပြီး စီးပွားရေးခက်ခဲနေသည့်ပုံပေါ်သည့် ဤမိန်းကလေးနှင့် အခွင့်အရေးကောင်း ရှိပုံရသည်။ 


Maybach ကြီးတစ်စီး ပေါ်လာလိမ့်မယ်လို့ ဘယ်သူထင်ထားမှာလဲ...


ဤအခြေအနေက နားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီဖြစ်သည်။


ရှုချန်းက စားပွဲများကို သုတ်ပြီးသွားပြီဖြစ်သည်။ ထို့နောက် ကြမ်းတိုက်ရန်အတွက် ထိုင်ခုံများကိုစားပွဲပေါ်ကောက်တင်လိုက်သည်။


တုချင်က သူ၏စီးကရက်ကို ခဲထားဆဲဖြစ်ပြီး ထိုင်ခုံများကိုစားပွဲပေါ်တင်ရန် ကူညီပေးလာသည်။ သူ့လက်ချောင်းများအကြား စီးကရက်ကိုကိုင်ထားရင်း ရှုချန်းကိုမေးလိုက်သည်။


“ ပိုက်ဆံအများကြီးရှိတဲ့ အဲ့ကောင်လေးက ကျိအန်းနဉ်ကိုတကယ်ချစ်နေတယ်လို့ မင်းထင်လား...”


ရှုချန်း ရပ်တန့်သွားသည်။


သူ ခဏခန့် တုံ့ဆိုင်းနေပြီးမှ ပြောလိုက်သည်။

“ဖြစ်နိုင်ပါတယ်...”


သူ နှစ်စက္ကန့်ခန့် ရပ်သွားသည်။

“...လို့ ထင်တာပဲ... ”



###