🤚Chapter 58
ကျိအန်းနဉ်၏ မျက်နှာကညှိုးငယ်သွားသည်။
တစ်ခါတစ်ရံတွင် ဝမ်ယွီက ရင့်ကျက်လွန်းသဖြင့် သူမ သူ့ကို လုံးဝ မမှတ်မိနိုင်သလို အခြားအချိန်များတွင်လည်း သူက ရယ်စရာကောင်းပြီး ကလေးဆန်လွန်းသည်။
ဝမ်ယွီက ၎င်းကိုဝန်မခံနိုင်ပေ။
"ကလေးဆန်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ... မင်းကို ပြောပြရဦးမယ်...ဒေါင်းတစ်ကောင်က အမွေးတွေပြတဲ့အခါ လိင်ပိုင်းဆိုင်ရာအရ ဖွံဖြိုးပြီးတဲ့ ဒေါင်းအထီးတွေပဲ လုပ်လို့ရတာ...အရွယ်မရောက်သေးတဲ့ ဒေါင်းတွေက အဲ့လုပ်ဆောင်ချက်တွေ မဖြစ်သေးဘူး..."
ထို့နောက် သူက မေးသည်။
“ဒီငှက်သိုက်ဆံပင်နဲ့ကောင်က မင်းဆီက ဘာလိုချင်တာလဲ...”
ငှက်သိုက်ဆံပင်နဲ့ကောင်...
ကျိအန်းနဉ် တစ်ခဏခန့် ဆွံ့အသွားပြီး ပြောလာသည်။
“သူတို့စတူဒီယိုနဲ့ စာချုပ်ချုပ်ဖို့ စဉ်းစားမလားလို့ မေးတယ်လေ...ကျွန်မ ပြီးခဲ့တဲ့အပတ်က သူတို့စတူဒီယိုကိုသွားခဲ့သေးတယ် ကြည့်ရတာ သူက သူဌေးဖြစ်မယ်ထင်တယ်..."
"ပြီးတော့ရော..."
ဝမ်ယွီက မေးလာသည်
"သူကပြောသေးတယ် ကျွန်မသာ လက်မှတ်ထိုးခဲ့ရင် သူတို့က ရာခိုင်နှုန်းတော့ယူမှာပေမဲ့ အလုပ်မြဲစေဖို့ အာမခံတယ်တဲ့လေ...အစကတော့ သူက ကျွန်မအလုပ်ပြီးရင် ထပ်ဆွေးနွေးချင်နေသေးတာ အဲ့အချိန် ရှင်ရောက်လာတာနဲ့ ကျွန်မလည်းသူ့ကို နောက်မှဆွေးနွေးမယ်လို့ပြောခဲ့တာလေ..."
အလုပ်ပြီးသွားတာတောင် ဆက်ဆွေးနွေးချင်သေးတယ်တဲ့...ဟား...
ဝမ်ယွီက မေးလာသည်။
"မင်း လက်မှတ်ထိုးချင်လို့လား..."
"ကျွန်မ အခုထိမဆုံးဖြတ်ရသေးဘူး..."
ဝမ်ယွီ အနည်းငယ်ခန့် အံ့သြသွားသညလ။ ဤမော်ဒယ်အလုပ်က သူမ၏အခြားအလုပ်များထပ် ပိုက်ဆံပိုရသေးသည့်အပြင် အလုပ်အခြေအနေတည်ငြိမ်လျှင် အခြားအလုပ်များကထွက်ပြီး ဤအလုပ်ကိုသာ လုပ်ဖြစ်လိမ့်မည်။
အထူးသဖြင့် သူမက ကိုယ့်ကိုယ်တိုင် ပိုက်ဆံရှာဖွေရန် အလုပ်တွင် နစ်မြုပ်ထားသောကြောင့် လက်မှတ်ထိုးရန် လုံးဝစိတ်အားထက်သန်နေလိမ့်မည်ဟု သူထင်ထားခဲ့သည်။
"မင်းက လက်မှတ်မထိုးချင်ဘူးလား...ဘာလို့လဲ..."
ဝမ်ယွီက သိချင်စိတ်ဖြင့်မေးလာသည်။
“အဲ့ဒါက... တုချင်… သူက ဖြစ်နိုင်တာက…”
ကျိအန်းနဉ်က တုံ့ဆိုင်းနေသည်။
“သူက ကျွန်မကို လိုက်ဖို့ စိတ်ဝင်စားနေတာ ဖြစ်နိုင်လို့...”
ကျိအန်းနဉ်က အခြားသူများထက်ပိုပြီး ခံစားလွယ်သည်။ နောက်ဆုံးအကြိမ် တုချင် သူမကိုညစာစားရန် တောင်းဆိုတည်းက သူက သူမကို စိတ်ဝင်စားနေကြောင်း သူမ သိသည်။ ထိုသို့မဟုတ်ပါက ကျိအန်းနဥ်က စာချူပ်ကိုလက်မှတ်ရေးထိုးရန် စိတ်အားထက်သန်နေလိမ့်မည် သာဖြစ်သည်။
သို့ရာတွင် သူမစိတ်ထဲ၌ စိုးရိမ်စိတ်များစွာ ရှိနေသည်။
ဝမ်ယွီ၏ ဒေါသက အလွန်ပြင်းထန်လွန်းသည်။
သူ၏ ပိုင်ဆိုင်လိုစိတ်မှာလည်း ကြောက်စရာကောင်းလှသည်။
ကျိအန်းနဉ်က ဝမ်ယွီနှင့် သူမ၏ဆက်ဆံရေးတွင် တုချင်ကို မပါဝင်စေလိုပေ။ သူမအတိတ်ဘ၀ကို တွေ့ကြုံခံစားခဲ့ရပြီးနောက် သူမနှင့်ဝမ်ယွီကြားဆက်ဆံရေးက အတတ်နိုင်ဆုံးရိုးရှင်းလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။
ဤဆက်ဆံရေးက ပိုရိုးရှင်းနေလေ သူမတို့ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုပိုရှိလေဖြစ်သည်။
ဝမ်ယွီ နားလည်သွားခဲ့သည်။
ကျိအန်းနဉ်က လက်မှတ်ထိုးရန် ဆန္ဒမရှိခဲ့ပေ။ ဆံပင်ငှက်သိုက်နှင့်ကောင်လေးက သူမအပေါ်ခံစားချက်များရှိမည်ကို စိုးရိမ်သောကြောင့် သံသယဖြစ်စရာများကို ရှောင်ချင်ခဲ့သည်။
တိမ်မြုပ်နေသော သို့မဟုတ် ဖုံးကွယ်ထားသည့် ရည်ရွယ်ချက်များရှိသည့် မိန်းမများနှင့် ဝမ်ယွီ ကြုံတွေ့ခဲ့ရဖူးသည်။
သူကြုံတွေ့ခဲ့ရသည့် အမျိုးသမီးများထဲတွင် ကျိအန်းနဉ်က အဆင်းရဲဆုံးဖြစ်သည်။ သူ့ကောင်မလေးက ဤမျှအထိ အကျင့်စာရိတ္တကောင်းပြီး ပြတ်သားလိမ့်မည်ဟု သူ မမျှော်လင့်ထားမိပေ။
"ကျွန်မကို မရယ်နဲ့... ကျွန်မက အဲ့လိုထင်နေတာ မဟုတ်ဘူး... အရိပ်အကဲသိနေရုံပဲ...."
သူမသ ဝမ်ယွီ၏ ကြီးမားသောအပြုံးကို ကြည့်ကာ အနည်းငယ် ရှက်ရွံ့ပြီး အားကိုးရာမဲ့သလို ခံစားလိုက်ရ၍ ပို၍ပင် ရှက်သွားစေသည်။
"ကိုယ် မင်းကို မရယ်ပါဘူး..."
ဝမ်ယွီက ပြုံးပြီးပြောလာသည်။
"ကိုယ် မင်းကို မရယ်ပါဘူးကွာ..."
ကျိအန်းနဉ်က သူ့ကိုမယုံပေ။
"ဒါဆို ရှင်ဘာလို့ ရယ်နေတာလဲ..."
ကွမ်းမင်လမ်းက ချင်းဟွာတက္ကသိုလ်နှင့် အလွန်နီးကပ်၍ သူတို့စကားပြောပြီးချိန်တွင် ကျောင်းကို ရောက်နေပြီဖြစ်သည်။
ဝမ်ယွီ ကားကိုရပ်လိုက်ပြီး ထိုင်ခုံခါးပတ်ကိုဖြုတ်၍ ကျိအန်းနဥ်ထံသို့ လှည့်ကာ ပြောလာသည်။
"ကိုယ်ဒီနေ့ စိတ်ကောင်းဝင်နေတယ်..."
သူ့အိမ်၌ ပျော်စရာတစ်ခုခုဖြစ်ပွားခဲ့သောကြောင့် ပျော်ရွှင်နေခြင်းဖြစ်မည်ဟု ကျိအန်းနဥ်တွေးလိုက်မိသည်။
“ဒီလိုဆိုရင်...”
ဝမ်ယွီက ပြုံးပြုံးရွှင်ရွှင်နှင့် ပြောလာသည်။
“မင်း လက်မှတ်ထိုးချင်ရင်လည်း ကောင်းပါတယ်...အခြေအနေကို နားလည်အောင် သူနဲ့စကားပြောလို့ရတယ်လေ... အဲဒါက ပြဿနာမရှိပါဘူး...”
ကျိအန်းနဉ် အံ့သြသွားသည်။
ဝမ်ယွီက တကယ် သဘောထားကြီးနေတာလား...
"တကယ်လား..."
သူမက သံသယဖြစ်စွာဖြင့် မေးလိုက်သည်။
"အတုလို့ ထင်နေတာလား..."
ဝမ်ယွီက ပခုံးတွန့်လိုက်ပြီး ဆက်ပြောလာသည်။
“ဒါပေမယ့် လက်မှတ်ထိုးဖို့ အလျင်စလိုမလုပ်နဲ့ဦး....မင်းက သူတစ်ယောက်တည်းကို ဆက်သွယ်ပြီး လက်မှတ်ထိုးရုံနဲ့ မရသေးဘူး... ဓာတ်ပုံရိုက်တဲ့ စတူဒီယိုတွေအများကြီးရှိသေးတယ် သူက မင်းကိုလှည့်စားရင် ဘယ်လိုလုပ်မလဲ... အချိန်ယူနှိုင်းယှဉ်ကြည့်ပြီးမှ သင့်တော်တဲ့တစ်ခုကို ရှာနော်... ပြီးရင် ကိုယ်တို့ လက်မှတ်ထိုးကြမယ်.....စိတ်မပူပါနဲ့ဦး... စီးပွားရေးလုပ်ရင် ဒီလိုတွေချည်းပဲ... အစည်းအဝေးတစ်ခုပြီးရုံနဲ့ မင်းအရာရာကို အပြီးသတ်နိုင်ဦးမှာမဟုတ်ဘူး..."
ဝမ်ယွီပြောသည်က အလွန်ကျိုးကြောင်းဆီလျော်ပြီး နားလည်သဘောပေါက်လွယ်သောကြောင့် ကျိအန်းနဉ်ကိုစိတ်ကို လှုံ့ဆော်နိုင်ခဲ့သည်။
“ကောင်းပြီ... ဒါဆို ကျွန်မ သူ့ကို ဆက်သွယ်လိုက်မယ်နော်...”
ကျိအန်းနဉ်က သုံးသပ်နေရင်း ပြောလာသည်။
“ကျွန်မ စာချုပ်ကို အရင်ဆုံးကြည့်လိုက်မယ်...အဲဒါကို စစ်ဆေးဖို့ ဆရာ့ကို အကူအညီတောင်းလိုက်မယ်ဆိုရင် စိတ်ချနိုင်လောက်ပါတယ်....”
အမှန်တွင် ဤနေရာက စီးပွားရေးတက္ကသိုလ်ဖြစ်၍ ဆရာများက သူမကဲ့သို့ လူသစ်များထက် ပိုသိမည်က သေချာသည်။
မထင်မှတ်ထားဘဲ သူမကိုယ်တိုင် သူမ၏ အပြုအမူများကို အတော်လေး သတိထားနေခဲ့သည်။
ဝမ်ယွီက ခေါင်းညိတ်ကာ သဘောတူဟန်ဖြင့် ပြောလာသည်။
“ဒါပေါ့... မင်းကိုယ့်ကိုလည်း ပြလို့ရတယ်...ကိုယ်က စာချုပ်တွေ အများကြီးတွေ့ဖူးတယ်လေ...”
"ကောင်းပြီလေ အချိန်ကျရင် ရှင့်ကို ကျွန်မပြပါ့မယ်... အရာရာအဆင်ပြေကြောင်း အတည်မပြုရသေးခင် ကျွန်မ လက်မှတ်မထိုးပါဘူး..."
သူမ ဝမ်ယွီကိုကြည့်ကာ သူ၏ဒေါသနှင့် ပင်ကိုယ်စရိုက်ကို သုံးသပ်၍ ထပ်ပေါင်းပြောလာသည်။
"လက်မှတ်မထိုးခင် ကျွန်မရှင့်ကို ကြိုအကြောင်းကြားပါ့မယ်..."
ဒါဆို စာချုပ်မချုပ်ခင် သူ့ခွင့်ပြုချက်ရော လိုသေးတာလား...
ဝမ်ယွီက သူ့လက်ကို ရွှတ်နောက်နောက်ဖြင့် ဆန့်ထုတ်၍ ကျိအန်းနဉ်၏ ခေါင်းကိုပွတ်ကာ ပြုံးရင်းပြောသည်
“ဟုတ်ပါပြီကွာ...”
ကျိအန်းနဉ်က သူမ၏ မိသားစုအဆောက်အဦးသို့ သွားသည်ကို လိုက်ပါသွားခဲ့ပြီး စင်္ကြံတွင် သူမကို ဆက်လက်နမ်းခဲ့သည်။
အနမ်းက အချိန်ကြာမြင့်သွားပြီး အသံစနစ်ဖြင့်ဖွင့်ထားသည့်မီးများ ပိတ်သွားသည့်အခါ အမှောင်ထဲတွင် သူတို့၏ အသက်ရှုသံများကို ကြားနေရပြီး သူတို့၏ စိတ်ခံစားမှုများကို အလွယ်တကူ ပူနွေးလာစေသည်။ ဝမ်ယွီက ကျိအန်းနဥ်၏ နူးညံ့ကာ ပိန်ပါးသည့်လက်ကိုဆွဲ၍ သူ့အနားကပ်စေလိုက်သည်။
“ကျွန်မကို အသက်ရှူကြပ်အောင်မလုပ်နဲ့...”
ကျိအန်းနဉ် ပြောပြီးသည်နှင့် သူမ၏ အသက်ရှုသံများလည်း မမှန်တော့ချေ။ သူမ သူ့လက်ကို ညင်သာစွာ ဖယ်ကာ ပြောလာသည်။
" ကျွန်မအသက်ရှူလို့ မရတော့ဘူး..."
သူမ စကားပြောပြသည်နှင့် မီးများပြန်ပွင့်လာသည်။ အမှောင်ထဲတွင် အချိန်အတန်ကြာ နေခဲ့ရပြီး ရုတ်တရက် လင်းထိန်သွားခြင်းကြောင့် သူတို့ နှစ်ယောက်လုံး အနည်းငယ် မှင်တက်သွားသည်။
“မြန်မြန်သွားကြရအောင်...”
ကျိအန်းနဥ်က သူ့ကို တိုက်တွန်းသည်။
"မင်း ကိုယ်နဲ့ မကစားတော့ဘူးလား... လီဟေးနဲ့ ဖုန်းကျင်းဟန် တို့ကို သိတယ်မလား အရင်က တွေ့ဖူးတယ်လေ..."
"မသွားတော့ပါဘူး...ကျွန်မအဖွားအိမ်မှာရှိနေတယ်..."
ဝမ်ယွီက သူ မသွားမီ သူမအား အပေါ်ထပ်ပြန်လွှတ်ရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ချေ။
Maybach ကားထဲပြန်ရောက်သည့်အခါ ဖုန်းခေါ်လိုက်သည်။
"ဓာတ်ပုံစတူဒီယိုနဲ့ ပတ်သက်ပြီး သွားကြည့်ရင်ရောဘယ်လိုလဲ...ဘယ်လောက်လဲ… ဟုတ်ပြီ နောက်ထပ်ဈေးမဆစ်နဲ့တော့...ဒီစျေးနှုန်းကို သဘောတူပြီး မနက်ဖြန် သဘောတူညီချက်ကို မြန်မြန် အပြီးသတ်လိုက်တော့..."
"ဒါဆို ကျိအန်းနဥ်အတွက် တာဝန်အချို့ တတ်နိုင်သမျှ အမြန်ဆုံး စီစဉ်ပေးထားပါ..."
"နေဦး...ဖုန်းမချလိုက်နဲ့ ...အလျင်စလိုမလုပ်နဲ့ဦးနော် ...နောက်တစ်ကြိမ် ထပ်ပြောမယ် အရေးကြီးဆုံးက ဘာလဲ.... ကျွန်တော့်ကို ပြော...."
ဝမ်ယွီက ပြောလာသည်။
"ဟုတ်တယ်၊ အရမ်းကောင်းတယ်.... သူတို့ကို သေချာရှင်းပြဖို့ မမေ့နဲ့... ဘယ်လိုအခြေအနေမျိုးမှာမဆို ကျွန်တော့်အကြောင်း မသိသွားစေနဲ့..."
လွန်ခဲ့သည့်စနေနေ့ တုချင်နှင့် တွေ့ဆုံခဲ့ပြီးတည်းက ဝမ်ယွီက ဓာတ်ပုံစတူဒီယိုတစ်ခုကို ဝယ်ယူရန် စတင်လုပ် ဆောင်နေပြီဖြစ်သည်။ သို့သော် ဤကဲ့သို့သော စီးပွားရေးလုပ်ငန်းကို တစ်ရက်နှစ်ရက်အတွင်း ပြီးမြောက်အောင်မြင်ရန် မဖြစ်နိုင်ပေ။
တစ်ပတ်အတွင်း သဘောတူညီချက်ကို တံဆိပ်ခတ်ရန်အတွက် ငွေရင်းနှီးမြှုပ်နှံရန် လိုအပ်သည်။
ဝမ်ယွီက ၎င်းကို အဖြေရှာပြီးသွားပြီး ကျိအန်းနဥ်၏ ပြဿနာတိုင်းကို ပိုက်ဆံနှင့် ဖြေရှင်းနိုင်လေသည်။
ဥပမာပြောရလျှင် သူမ၏အဖွား၏တည်ရှိမှုက ကျိအန်းနဉ်အား ဆွဲချလုနီးပါးဖြစ်ခဲ့သည်။ အဖွားက သူမ မပါဘဲ အစာစားခြင်း ဖျားနာသည့်အခါ ဆေးရုံတက်ခြင်းတို့ကို မပြုလုပ်နိုင်ဟု ကျိအန်းနဉ် ခံစားခဲ့ရသည်။
သို့သော် ဝမ်ယွီ၏အမြင်တွင်မူ ဤပြဿနာကို ဖြေရှင်းရသည်က အလွန်ရိုးရှင်းသည်။ ဘိုးဘွားရိပ်သာတွင် ကျွမ်းကျင်သော အိမ်စောင့်တစ်ယောက်ကို ငှားရမ်းခြင်း သို့မဟုတ် အိမ်တွင် အိမ်အကူ သို့မဟုတ် ပြုစုစောင့်ရှောက်သူကို ငှားရမ်းနိုင်လေသည်။
အားလုံးက ငွေနှင့်ဖြေရှင်း၍ရသည့် ကိစ္စချည်းသာဖြစ်သည်။ တစ်ခုတည်းသောပြဿနာမှာ ကျိအန်းနဉ်က သူမ၏ကိုယ်ပိုင်ခွန်အားကို အားကိုးလိုပြီး သူ့ပိုက်ဆံကို အားမကိုးလိုခြင်းသာ ဖြစ်သည်။
ထို့ကြောင့် ကိစ္စတစ်ခုရှိလျှင် သူ့ဘက်မှ သူမအား လက်ငှားကူရုံသာတတ်နိုင်သည်။
သူက လူတစ်ယောက်ကို ငါးတစ်ကောင်ပေးလိုက်သည်နှင့် ငါးမျှားနည်းကို သင်ပေးသည့် သဘောတရားကိုလည်း နားလည်လေသည်။ သို့သော် အတိတ်ကာလတွင် ထိုသို့သော အစီအစဉ်များကို ဖြတ်ကျော်ရန် ကြိုးစားအားထုတ်ထိုက်သူက သူ့အတွက် မရှိခဲ့ချေ။
ဝမ်ယွီက သူ့ကားကို မောင်းလာပြီး အားလုံးပျော်နေသည့် နေရာကို ပြန်လာခဲ့သည်။ သူထွက်သွားပြီးကတည်းက သီးသန့်ခန်းထဲမှ အငွေ့အသက်များက များများစားစားပြောင်းလဲခြင်းမရှိပေ။
ဝမ်ယွီက ကျိအန်းနဥ်အား ယနေ့ညတွင် သူတို့နှင့် လိုက်ပါလာသူများမှာ squash ကစားပွဲတွင် အတူပါဝင်ခဲ့သည့် လီဟေးနှင့် ဖုန်းကျင်းဟိုင်တို့ရှိမည်ကို ပြောခဲ့သည်။ သူမ၏ အတန်းဖော် စွန်းယာရှန့်လည်း ထိုနေရာတွင် ရှိနေမည်ကို ကျိအန်းနဉ်အား အကြောင်းမကြားခဲ့ရပေ။
ဝမ်ယွီ၏အမြင်တွင် စွန်းယာရှန့်က ကိုယ်ပျောက်လူတစ်ယောက်နှင့်တူသည်။ ထို့အပြင် ယနေ့ညတွင် သီးသန့်ခန်းထဲမှ လူတိုင်းက သူမကို မရှိသလို ဆက်ဆံနေသည်။
စွန်းယာရှန့်ကို ဤအသိုင်းအဝိုင်းရှိလူများအား လှည့်စားခြင်းမပြုရန် ဝမ်ယွီ သတိပေးခဲ့သည်။ ချန်းဟောင်ရန်က သူမကို ဤနေရာလာရန် ဖိတ်ကြားခဲ့သော်လည်း သူမကိုလုံးဝ လျစ်လျူရှုခဲ့သည်။
စွန်းယာရှန့်က လျစ်လျူရှုခံရသည့်ခံစားချက်ကို ချက်ချင်းခံစားလိုက်ရသည်။
သူမက ချန်းဟောင်ရန်၏ပစ်မှတ်ဖြစ်ကြောင်း ယောက်ျားလေးများက သိကြပြီး ချန်းဟောင်ရန်က ဘာကိုလုပ်နေသည်ကို သိသောကြောင့် သူတို့အားလုံး တိတ်တိတ်ဆိတ်ဆိတ်ပင် နားလည်သဘောပေါက်ကာ လျစ်လျူရှုခဲ့ကြသည်။
မိန်းကလေးများကို အုပ်စုနှစ်စုခွဲထားသည်။
တစ်ဖွဲ့တွင် ဤ အသိုင်းအဝိုင်းအတွင်းရှိ အမျိုးသားများနှင့် တူညီသော ပိုင်ဆိုင်မှုများရှိသည့် အမွေဆက်ခံသူများ ပါဝင်သည်။ သူတို့က ယောင်္ကျားလေးများခေါ်လာသည့်အမျိုးသမီးများနှင့် အဆက်အဆံလုပ်ရန် စိတ်မ၀င်စားကြပေ။
အခြားအဖွဲ့မှာ ပိုက်ဆံများစွာမရှိသည့် ချောမောလှပသော မိန်းကလေးများ ပါဝင်သည်။ စီးပွားရေးအခြေအနေက လူမှုရေးအဆင့်အတန်းကို အဆုံးအဖြတ်ပေးသည့်အတွက် ယောက်ျားများ၏ငွေကို အကုန်အကျခံထားရသည်ဖြစ်ရာ ယောက်ျားများ၏ဦးဆောင်မှုကို လိုက်နာပြီး စွန်းယာရှန့်ကို မရှိသလို ဆက်ဆံရလေသည်။
စွန်းယာရှန့်က အထက်တန်းကျောင်းတက်စဉ်ကကဲ့သို့ ယောက်ျားလေးများထံမှ လက်ဆောင်များရယူပြီး မင်းသမီးကဲ့သို့ ဆက်ဆံခြင်းကို ခံချင်သေးသည်။ သို့သော် ဤအသိုင်းအဝိုင်းတွင်မူ မဖြစ်နိုင်ချေ။
လက်တွေ့ဘဝတွင်၊ မယုံနိုင်လောက်အောင် ချမ်းသာပြီး ထူးချွန်သော အမျိုးသားများက 'ခွေးများကဲ့သို့လျက်နေခြင်း'(တစ်စုံတစ်ယောက်အပေါ် လွန်လွန်ကဲကဲ ဆန္ဒဖြည့်ပေးတာ သို့မဟုတ် အလွန်အမင်းချီးကျူးမြှောက်ပင့်သည့်စကားသာဖြစ်သည်) အဖြစ်အပျက်မျိုးက ချိုမြိန်ပြီး ကြည်နူးစရာကောင်းသည့် အချစ်ဝတ္ထုတွင်သာဖြစ်လေ့ရှိသည်
လက်တွေ့ဘဝတွင် ချမ်းသာပြီး အောင်မြင်ကျော်ကြားသည့် အမျိုးသားများဟာ “ခွေးများကဲ့သို့ လျက်ပေးနေမည်" မျိုး မဖြစ်နိုင်ပေ။
စွန်းယာရှန့် ထိတ်လန့်စွာဖြင့် ငိုကြွေးလုနီးနီး ဖြစ်နေပြီဖြစ်သည်။ သူမက ဤလူများနှင့် နှိုင်းယှဥ်ကြည့်လျှင် မရင့်ကျက်လွန်းသည်ကို အမှန်ပင် နားလည်ခဲ့သည်။
ဝမ်ယွီက စိတ်ကောင်းဝင်လာ၍ ပြန်လာကာ သော့များကို လီဟေးထံ ပြန်ပေးလိုက်သည့်အခါ လီဟေးက မေးသည်။
"ဘယ်လိုဖြစ်သွားလဲ..."
ဝမ်ယွီက ပြန်ဖြေသည်။
"မင်းဘယ်လိုထင်လဲ...."
သူ့ စိတ်ကောင်းဝင်သည်ကိုမြင်၍ လီဟေးက တစ်စုံတစ်ယောက်၏ မျက်နှာကို ရိုက်ခဲ့ပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူက ပြုံးပြီးမေးလာသည်
"ဘာဖြစ်ခဲ့တာလဲလို့... "
"အန်းနဥ်ရဲ့ အလုပ်ခွင်ကို လိုက်လာတဲ့ အငယ်တန်း ဓာတ်ပုံဆရာတစ်ယောက် ရှိတယ်..."
ဝမ်ယွီက ရှင်းပြသည်။
"အိုး...ပြီးတော့ ဘာဖြစ်လဲ..."
“အဲ့ခွေးမသားလေးက... အန်းနဥ်ကို ဆွဲဆောင်ပြီး သူတို့ဓာတ်ပုံစတူဒီယိုနဲ့ စာချုပ်ချုပ်ဖို့ စည်းရုံးသိမ်းသွင်းချင်တယ်တဲ့...”
ဝမ်ယွီက သူ့သွားများကို ကြိတ်ချေပစ်မည်ဟု တွေးလိုက်မိသည်။
"ရှောင်ကျိက ဘာပြောလိုက်တာလဲ..."
လီဟေးက မေးသည်။
ဝမ်ယွီက ကျီစယ်လိုဟန်ဖြင့်မေးလာသည်။
"မင်း ဘယ်လိုထင်လဲ..."
လီဟေးက ဝမ်ယွီ၏ နောက်ပြောင်မှုကို မခံမရပ်နိုင်ဖြစ်ကာ လက်အမူအရာဖြင့် ပြလိုက်သည်။
“ ဖြစ်နိုင်ခြေ နှစ်ခုပဲရှိတယ်တစ်ခုက…”
"မေ့လိုက် မေ့လိုက်တော့ ခန့်မှန်းစရာမလိုဘူး..."
ဝမ်ယွီက သူ့လက်ချောင်းကို ဆုပ်ကိုင်၍ ရယ်မောလိုက်သည်။
"အန်းနဥ်က ဒီကောင် သူ့ကိုလိုက်ဖို့ ကြိုးစားနေတာ သိလို့ ငြင်းချင်တာတဲ့လေ..."
ဝမ်ယွီ အဘယ်ကြောင့် ဤမျှ ဝမ်းသာပီတိဖြစ်ရသည်ကို လီဟေး သိသည်။
"မင်းကိုကြည့်ကြည့်ရတာ ကြွားနေတာပဲ... "
လီဟေး က ရယ်မောပြီးပြောလာသည်။
"ဒီမိန်းကလေး အန်းနဥ်က တော်တော်ထက်မြက်တယ်..."
ကျိအန်းနဉ်နှင့် နောက်ဆုံးအကြိမ်တွေ့ပြီးကတည်းက သူမအပေါ် သူ၏ခံယူချက်က အပြုသဘောဆောင်ခဲ့ပြီး ယခုပိုပိုပြီး နက်ရှိုင်းလာခဲ့သည်။
"မင်းရဲ့အတန်းဖော်ကတော့ သူ့စိတ်က သိပ်မပြတ်သားဘူး...”
လီဟေးက မီးခိုးငွေ့များမှုတ်ထုတ်ရန် မေးစေ့ကို မော့လိုက်သည်။
ဝမ်ယွီက သူ့အကြည့်နောက်သို့လိုက်ကြည့်သေ။အခါ စွန်းယာရှန့်ကိုတွေ့လိုက်ရသည်။
ယနေ့တွင် စွန်းယာရှန့်က အေးစက်စက် စုဝေးပွဲတစ်ခုကို ကြုံတွေ့နေရပြီး ဝမ်ယွီရောက်ရှိလာပြီးသည်နှင့် သူမ ဒုက္ခရောက်နေကြောင်း အချက်ပြသင်္ကေတများပေးပို့ခဲ့သည်။ သို့သော်သူက သူမကို လျစ်လျူရှုခဲ့သည်။
သူမသည် သူ့အာရုံကိုဖမ်းစားရန် မျှော်လင့်ရင်း အကြိမ်ပေါင်းများစွာ ဖြတ်သွားခဲ့သည်။ သို့ရာတွင် ဝမ်ယွီက သူမကို မတွေ့သလိုသာ ပြုမူခဲ့သည်။
"မင်း ခုနက ထွက်သွားတော့ မင်းအကြောင်း မေးဖို့ လာသေးတယ်လေ...သူ့စိတ်က တကယ်ကို မပြတ်သားဘူး...”
လီဟေး က ရယ်စရာကောင်းသည်ကို ရှာတွေ့ခဲ့သည်။
"သူက ဟောင်ရန်ဆီကနေ GUCCI အိတ်နဲ့Van Cleef & Arpels ပစ္စည်းတွေကို လက်ခံခဲ့ပေမဲ့ အခု သူ့ကို ကြိုးရှည်ရှည်လှန်ထားဖို့လုပ်နေတာလေ... ပထမနှစ် ကောလိပ်ကျောင်းသူလေးတွေ ဒီလောက်တောင် သတ္တိရှိမှန်း ငါမသိခဲ့ဘူး...”
ယခင်ကမူ ဝမ်ယွီက စွန်းယာရှန့်၏အိတ်အသစ်ကို သတိပြုမိပြီး ၎င်းက ချန်းဟောင်ရန်ထံမှ လက်ဆောင်တစ်ခုဟု ထင်ခဲ့သော်လည်း သူမက လက်ဝတ်ရတနာများကိုလည်း ရရှိလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
ပထမနှစ် တက္ကသိုလ်ကျောင်းသား အများစုက ထိုကဲ့သို့ ကြီးမားသော အာသီသ မရှိကြချေ။ ပုံမှန်အားဖြင့် သာမာန်မိန်းကလေးများ၏ အကြိုက်နှင့် လိုအင်ဆန္ဒများ တဖြည်းဖြည်း ကြီးထွားလာကြသည်။ သို့သော် စွန်းယာရှန့်က အခြားလူများနှင့် မတူပေ။ သူမက သောင်းချီတန်သည့် လက်ဆောင််များကို ချက်ချင်းလက်ခံပြီး သူမဘက်မှ ပြန်ပေးစရာမလိုဟု တွေးနေမိသည်။
အရွယ်ရောက်ပြီးသူများ၏ ကမ္ဘာတွင် တစ်ခုလိုချင်ပါက တစ်ခုပြန်ပေးရသည့် အပေးအယူနိယာမကို သူမ နားမလည်ပုံရသည်။
စွန်းယာရှန့်က ရုတ်တရက် မတ်တတ်ထရပ်ကာ ခွက်ကိုကိုင်၍ သူ့ဆီသို့ လျှောက်လာသည်ကို ဝမ်ယွီတွေ့လိုက်ရသည်။ သူက မီးခိုးများကို ရှူထုတ်လိုက်ပြီး ခေါင်းလှည့်ကာ သူမကို လျစ်လျူရှုလိုက်သည်။
စွန်းယာရှန့်က သူမ၏ ခြေလှမ်းများကို ရပ်လိုက်ပြီး စိတ်ရှုပ်ထွေးပုံပေါ်ကာ နေရာတွင် ရပ်နေသည်။
ဝမ်ယွီက သူ့ကို ဂရုမစိုက်ပေ။ သူက စွန်းယာရှန့်ကို စေတနာဖြင့် ဤအသိုင်းအဝိုင်းထဲသို့ ခေါ်ခဲ့ခြင်းလည်း မဟုတ်ချေ။
စွန်းယာရှန့်က ဤအချက်ကို အမြဲသတိမထားမိသော်လည်း ကျိအန်းနဥ်က သူမ၏အတိတ်ဘဝမှ ဝမ်ယွီမှာ...
လူကောင်းမဟုတ်သည်ကို သိခဲ့သည်။
###