အပိုင်း၆၀
Viewers 7k

🤚Chapter 60





သူမ နေထိုင်သောနေရာက ကျောင်းနှင့်အလွန်နီးသော လမ်းတစ်လမ်းသာဖြစ်သည်။ ဝမ်ယွီနှင့်ဖုန်းချပြီးနောက်  ကျိအန်းနဥ်က အွန်လိုင်းသုံးရန်အတွက် ကျောင်း၏ကွန်ပြူတာခန်းသို့ အမြန်သွားခဲ့သည်။ သူမက  "Fire Wing" ဟုခေါ်သော ဓာတ်ပုံရိုက်ကူးရေးစတူဒီယိုကို ဂရုတစိုက်ရှာဖွေခဲ့သည်။ ၎င်းစတူဒီယိုက ပုံမှန်စီးပွားရေးမိတ်ဖက်များရှိကာ အတော်လေးကောင်းမွန်ပုံရသည်။


သူတို့၏ ဂုဏ်သတင်းကလည်း ကောင်းမွန်သည်။ သူမ  ကွန်ပြူတာသုံး၍ WeChat ရှိ ဂရုတွင် မေးမြန်းခဲ့သည်။ အမှန်တွင် ထိုဂရုထဲ၌ ယခင်က စတူဒီယိုနှင့် တွဲလုပ်ဖူးသည့် မိန်းကလေးတချို့က  ပြောပြသည်။ 


“ အဲဒီစတူဒီယိုက တော်တော်ကောင်းတယ်ဆိုပေမယ့် စည်းကမ်းတော်တော်တင်းကျပ်တယ်...ဒါပေမယ့်လည်း ကောင်းပါတယ်... ပရော်ဖက်ရှင်နယ် မဆန်တဲ့လူတွေ မရှိဘူးလေ..."


ယေဘုယျအားဖြင့် ဤစတူဒီယိုက တုချင်၏စတူဒီယိုထက် ပိုမိုအားကောင်းပုံရသည်။  ကျိအန်းနဥ်က ၎င်းကို မျှော်လင့်နေခဲ့မိသည်။


ဗုဒ္ဓဟူးနေ့တွင် သူမတို့၏အတန်းပိုင်ဆရာက စာသင်ခန်းဒုတိယနှစ်ဝက်အတွက် အချိန်ဇယားကို အနည်းငယ် ပြုပြင်ပြောင်းလဲကြောင်း ကြေညာရန် စာသင်ခန်းသို့ ရောက်လာသည်။ ကြာသပတေးနေ့လည်တန်းကို သောကြာနံနက်တွင် ပထမတန်းနှစ်တန်းသို့ ရွှေ့ထားသည်။ကြာသပတေးနေ့လယ်တွင် အတန်းမတက်ရဟု ဆိုလိုသော်လည်း သောကြာနေ့တွင် အတန်းအပြည့်ရှိသည်။


ကျိအန်းနဥ်က ကော်ဖီဆိုင်နှင့် အချိန်ဇယားကို ချိန်ညှိရန် လိုအပ်ကြောင်း နားလည်ကာ  သူမမှတ်စုစာအုပ်တွင် ဇယားဆွဲခဲ့သည်။


သူမ ၎င်းကို တွေးနေစဉ် ဗုဒ္ဓဟူးနေ့ည၌ “Fire Wing” ဓာတ်ပုံစတူဒီယိုက ရုတ်တရက် ဖုန်းဆက်ပြီး ကြာသပတေးနေ့လည်တွင် ရိုက်ကူးရန် လာ၍ရမည်လားဟု မေးလာသည်။


သူတို့မျက်လုံးများက ကျောင်းမှာရှိနေသည့်အတိုင်း ကြာသပတေးနေ့လယ်ပိုင်းတွင် သူမ အတန်းမရှိသည်ကို သိနေဟန်ပေါ်သည်။


ကျိအန်းနဥ်က အဆင်သင့် သဘောတူလိုက်သည်။ ကြာသပတေးနေ့ နေ့လည်စာစားချိန်တွင် သူမက ဝမ်ယွီကို ပြောသည်။


"ရှင်က ကျွန်မရဲ့ကံကို တကယ်တိုးတက်စေပုံပဲ ဟမ်..." 


ဝမ်ယွီက ကျိီစယ်လိုဟန်ဖြင့် ရယ်နေသည်။


 "ဒါကြောင့် အနာဂတ်မှာ ကိုယ်ကမင်းကို ပိုပြီးထောက်ပံ့... အမ် ကံကောင်းမှုကိုထောက်ပံ့ပေးမယ်..."


သူက ယန်ချီအကြောင်းကိုပြောနေသော်လည်း စားပွဲဝိုင်းတွင် လူအများကြီးရှိနေပေရာ သူက တည့်တိုးပြောလိုက်ပုံဖြစ်နေသည်။ ကျိအန်းနဉ်က သူ့ကြည့်လိုက်ပြီး စားပွဲအောက်မှ သူ့ခြေထောက်ကိုနှစ်ချက် ကန်လိုက်သည်။


( သူက ယန်ချီဓာတ်နဲ့ ကံကောင်းစေတဲ့အကြောင်းကို လိင်ပိုင်းဆိုင်ရာအရ အဓိပ္ပါယ်သက်ရောက်အောင် ပြောသလိုဖြစ်သွားလို့ ကျိအန်းနဉ်က သူ့ကို ကန်လိုက်တာပါ )


ဝမ်ယွီက မျက်နှာကျက်ကို မော့ကြည့်ရင်း အတွေးလွန်နေသည်။


သူပြန်ကြည့်လိုက်ချိန် ကျိအန်းနဉ်က စားပွဲတစ်ဖက်ကို သူ့ခေါင်းလှည့်ထားပြီး ပုံမှန်မဟုတ်ဖြစ်နေကာ တစ်ယောက်ယောက်ကို ရှောင်ရှားချင်ဟန်ပေါ်နေသည်ကို   သတိထားမိလိုက်သည်။


ဝမ်ယွီရပ်တန့်သွားကာ သူ့မျက်နှာချင်းဆိုင်ဘက်ကို ခေါင်းလှည့်လိုက်မိသည်။


စားပွဲနှင့်ကန့်လန့်ဖြတ် အပြိုင်နေရာတွင် ကျောင်းချန်က ထိုင်နေပြီးစားသောက်နေသည်။


ကျိအန်းနဉ်က ကျောင်းချန်ကို ရှောင်ချင်နေတာများလား...


ဝမ်ယွီ၏နဖူးကြောများ တွန့်သွားသည်။


ကျောင်းဧရိယာမှာ အကျယ်အဝန်းအားဖြင့် ကြီးကြီးမားမားမဟုတ်‌ေသာ်လည်း မသေးငယ်လှပေ။


အကယ်၍ တစ်ယောက်ယောက်နှင့် တွေ့လိုပါက နေ့တိုင်း  အတွက် လွယ်ကူသော်လည်း တစ်ယောက်နှင့်တစ်ယောက်လျစ်လျူရှုထားလျှင် တစ်ပတ်သို့မဟုတ် နှစ်ပတ်ခန့် မတွေ့ဖြစ်နိုင်ပေ။ မကြာခဏဆိုသလို၊ သူတို့က သတိမထားမိဘဲ လူအုပ်ထဲမှာ အချင်းချင်း ဖြတ်သွားနိုင်သည်။


ကျိအန်းနဥ်၏ယခင်ဘဝတွင် ဝမ်ယွီက ကျောင်းမှ ရုတ်တရက်မပျောက်ကွယ်သွားမီအထိ ကျောင်းချန်ကို ဘယ်သောအခါမှ ဂရုမစိုက်ခဲ့ပေ။ ဤဘ၀တွင်မူ မကြာခဏဆိုသလို ကျောင်းချန်ကို ကျောင်းပတ်ပတ်လည်တွင် မြင်နေရဆဲဖြစ်ကြောင်း သူမ သတိထားမိခဲ့သည်။


သူမ၏ယခင်ဘဝတွင် ကျောင်းချန်က မကြာခဏ အတန်းပျက်ကြောင်း ကျိအန်းနဉ်သိခဲ့သည်။ သူက ကျောင်းဝင်းထဲတွင် အမှန်တကယ် နေခြင်းမရှိပုံရပြီး တစ်ရက် သို့မဟုတ် နှစ်ရက်ခန့် ပျက်ကွက်ခြင်းက သာမာန်ဖြစ်သည်။ ဖိုင်နယ်စာမေးပွဲတွင် သူကဲ့သို့ လူတစ်ယောက်သော ဘာသာရပ်တစ်ခုကို မအောင်မြင်မည်ကို မည်သို့ရှောင်ရှားနိုင်ခဲ့သည်ကို အံ့သြမိသည်။


ငွေက နတ်ဆိုးကိုတောင် လှည့်စားပြီး ခိုင်းစေနိုင်တာ ဖြစ်နိုင်လား...


ဝမ်ယွီက အစားအသောက်ကို ဆက်လက်စားသောက်နေခဲ့သည်။ ခဏအကြာတွင် သူ အခြားဘက်သို့ ရုတ်တရက်လှည့်ကြည့်ကာ ပြောလာသည်။


 “ဟမ် အဲ့ဒီမှာကျောင်းချန် မဟုတ်လား..."


လူအများစုက အလိုလို လှည့်ကြည့်ကြသည်။ သို့သော် ကျိအန်းနဉ်က သူ့မျက်နှာကို ဆန့်ကျင်ဘက်သို့ လှည့်၍ 'အိုး'ဟုသာ ပြန်ဖြေသည်။


ဤတုံ့ပြန်မှု... သူမ အမှန်ပင် ကျောင်းချန်ကို ရှောင်နေခဲ့သည်။


"ဘယ်သူမို့လဲ..." 


ပိုင်လုက ကြားရသည်နှင့် ပေါ့ပေါ့ပါးပါး မေးလိုက်သည်။


"အဲဒီကောင်..." 


ချန်းဟောင်က ကျောင်းချန်ရှိရာကို ညွှန်ပြပြီး သူမကို သတိပေးလေသည်။


 “သူနဲ့ ဝေးဝေးနေ‌နော်...” 


ပိုင်လုက သိချင်နေပြီးမေးလာသည်။


"သူက ဘာဖြစ်လို့လဲ..."


ဝမ်ယွီ အနည်းငယ် အံ့သြသွားသည်။


 "မင်းလည်း သူ့ကို သိတယ်လား..."


ချန်းဟောင်က ခေါင်းညိတ်ပြသည်။


“မနှစ်ကအဖြစ်အပျက်တစ်ခုကြောင့်ပါ… အဲဒီမိန်းကလေးက ငါ့မွေးရပ်မြေကမို့..."


ပိုင်လုက အံ့ဩသွားပြီး သိချင်လာသည်။


"တကယ်ကို ဘာဖြစ်ခဲ့တာမို့လဲ..." 


ချန်းဟောင်က သူမကို စနောက်လာသည်။


"အားကောင်းတဲ့ မိန်းမကြီးပေါ့လေ..."


ပိုင်လုကအံ့သြသွားသည်။


“ကျောင်းဝင်းထဲမှာ တစ်ခုခုဖြစ်ခဲ့တာလား..."


"သူက ကိုယ်ထိလက်ရောက်ကျူးလွန်ဖို့ ကြိုးပမ်းခဲ့တယ်...”


ချန်းဟောင် က နောက်ဆုံးတွင် ကျန်လူများကို ဖွင့်ပြောခဲ့သည်။


“ငါ့မွေးရပ်မြေက သူငယ်ချင်းက စိတ်မာဝောာ့ သူ့ကို ကိုယ်ထိလက်ရောက်စော်ကားခွင့်မပေးဘူးလေ... သူက ရဲတိုင်ခဲ့ပေမယ့် နောက်ဆုံးတော့ သီးသန့်ဖြေရှင်းခဲ့ပြီးကျောင်းက ဖျန်ဖြေပေးတယ်တဲ့လေ...အဲ့မိန်းကလေးကမေဂျာပြောင်းပြီး ဒီကောင်ကထွက်သွားတယ်‌လေ...အခု ဒီစာသင်နှစ်မှ ဒုတိယနှစ်စတက်တာ..."


ပိုင်လုက အတော် ထိတ်လန့်ရသွားသည်။


အသက် ဆယ့်ရှစ်နှစ်သာရှိသေးသော တက္ကသိုလ်ကျောင်းသားလေးတစ်ဦးက လူဆိုးတစ်ယောက်ဖြစ်ရန် စိတ်ကူးရခက်လှသည်။ ဤခေတ်တွင် ကျောင်းသားအများစုအတွက် ကျောင်းဝင်းမှာ လုံခြုံပြီး သန့်ရှင်းသပ်ရပ်သည့် နေရာတစ်ခုဖြစ်ပြီး လူဆိုးများက ကျောင်းအပြင်ဘက်မှာ ရှိနေကြသည်ဟုသာ ရှုမြင်တတ်ကြသည်။


"ကျောင်း ဘာလို့မထုတ်ရတာလဲ...ဒီလိုမျိုး လူတစ်ယောက်ကို ဒီမှာ စာဆက်သင်ခွင့် ဘယ်လိုပေးရနိုင်တာလဲ...” 


သူမ ခံပြင်းစွာ မေးလိုက်သည်။


ဝမ်ယွီက ကျိအန်းနဥ်၏မျက်နှာကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့သည်။  ချန်းဟောင်နှင့် ပိုင်လုတို့ စကားပြောနေချိန်တွင် သူမ တစ်ကြိမ်မှ မော့မကြည့်ဘဲ အမူအရာက ရေလို ငြိမ်သက်နေခဲ့သည်ကို သူ သတိပြုမိသည်။


ချန်းဟောင်က ဆက်ပြောသည်။


“သူ့မိသားစုက ချမ်းသာတယ်လေကွာ... မဟုတ်ရင် ဘယ်လိုထင်လို့လဲ သူက ပုံမှန် ကောလိပ်ဝင်ခွင့် စာမေးပွဲကိုတောင် အောင်ခဲ့တာမဟုတ်ဘူး...သူ့အဆင့်တွေက ဆိုးလွန်းလို့ ဘွဲ့တစ်ခုရအောင်ယူဖို့ပဲ ရည်မှန်းထားလို့ အထူးနည်းလမ်းတချို့နဲ့ ဖြတ်သွားတယ်လို့ ကြားတယ်..."


ပိုင်လုက စိတ်ပျက်နေသေးသော်လည်း ကျိအန်းနဥ်က ထမင်းစားပြီးသွားပြီဖြစ်သည်။


“ ပြီးအောင်စားကြနော်...ငါအရင် သွားတော့မယ်..." 


ဝမ်ယွီက ပြောသည်။


"ကိုယ် မင်းနဲ့အတူ လိုက်ခဲ့မယ်..."


ကျိအန်းနဉ်က သူ့ကို ကျောခိုင်းထားပြီးပြောလိုက်သည်။ 


 “ရှင့်မှာ နေ့လည်အတန်းတွေရှိတယ်လေ...ကျွန်မဘာသာသွားလိုက်ပါ့မယ်... ဟိုမှာ ကားတစ်စီးရှိနေတော့ နေ့ခင်းလောက်မှာ လူမကျပ်လောက်ပါဘူး..."


ဝမ်ယွီက ပြောသည်။


"လမ်းမှာ ဂရုစိုက်ဦး..."


ကျိအန်းနဉ်က သဘောတူသည်။


ကျိအန်းနဉ်ထွက်သွားပြီးနောက် ဝမ်ယွီက တစ်ယောက်ကိုတစ်ယောက် ချစ်ခင်ကြင်နာမှုပြူနေသော ချန်းဟောင်နှင့် ပိုင်လုကို ဂရုမစိုက်တော့ပေ။ သူတို့နှစ်ယောက်က ဟန်းနီးမွန်းစုံတွဲများအဆင့်ကို မြန်မြန်ရောက်လာပြီး ကန်တင်းမှာပင် တစ်ယောက်ကိုတစ်ယောက် ခွံ့ကျွေးနေကြသည်။ သူတို့က ကျိအန်းနဉ်နှင့် ဝမ်ယွီတို့ကို ကြိမ်ဖန်များစွာ ငိုကြွေးစေခဲ့သည်။


ချန်းဟောင်နှင့် သူ့အဖွဲ့ကို နှုတ်ဆက်ပြီးနောက် ဝမ်ယွီလည်း ထရပ်ပြီး ထွက်သွားသည်။


စင်္ကြန်တစ်လျှောက် လျှောက်လာရင်း သူ ကျောင်းချန်ကို လှမ်းမကြည့်ဘဲမနေနိုင်ပေ။


“ကျွန်မ ရှင့်ကို မပြောနိုင်ဘူး သူ့ကို ခွင့်လွှတ်လိုက်ပြီ...” 


သူပြောနေတဲ့လူက ကျောင်းချန်များလား... 


အဲ့ဒီလူမိုက်က ခွင့်လွှတ်မှုနဲ့တန်ရဲ့လား...


မဟုတ်သေးဘူး...


ဝမ်ယွီ အနည်းငယ် စိတ်ရှုပ်သွားသည်။ သူကကျောင်းချန်၏မိသားစုအပေါ် အထင်ကြီးမှုအချို့ရှိခဲ့သည်။ 


သူ့လိုလူက ကျောင်းချန်လိုမျိုး ပြည်နယ်မြို့တော်က လာတဲ့သူကို  ဘယ်လိုမှတ်မိနိုင်ပါ့မလဲ


ဝမ်ယွီက  ကန်တင်းအဝင်ဝတွင်ရပ်ကာ ကျိအန်းနဥ်၏ နောက်ကျောက တဖြည်းဖြည်းပျောက်ကွယ်သွားသည်ကို ကြည့်နေသည်။


သူမ မပြောပြသည့် ထိုလူ၏အကြောင်းမှာ သူ့နှလုံးသားထဲတွင် ကျန်ရှိနေခဲ့ပြီး ဖော်ပြမရသော နာကျင်မှုကိုဖြစ်စေခဲ့သည်။


Fire Wing တွင်မူ အရာအားလုံးက အဆင်ပြေချောမွေ့နေသည်။


ဓာတ်ပုံဆရာများက လူကောင်းများဖြစ်ပြီး ပိုင်ရှင်မှာ ၎င်းတို့ကို အလေးအနက်ထား စောင့်ကြည့်နေသူတစ်ဦးဟု ယူဆရသည်။ သူတို့အားလုံးက အလုပ်ကို အလွန်အလေးအနက်ထားပုံရသည်။


ကျိအန်းနဉ်သည်လည်း ယခင်ကနှင့်ယှဉ်လျှင် များစွာတိုးတက်ခဲ့သည်။


သူမက အဖွဲ့၀င်များ၏ အကြံဉာဏ်ကို လိုက်နာပြီး သူမအတွက် လုံခြုံသော အတွင်းခံများကို ဝယ်ရုံသာမက အဝတ်အစား အမြန်လဲရန် အကြံပြုချက်များစွာကိုလည်း သင်ယူခဲ့သည်။ သူမ၏လှုပ်ရှားမှုများက အခုဆိုလျှင် ပိုမိုမြန်ဆန်လာပြီး စွမ်းဆောင်ရည်ကလည်း အတော်လေး တိုးတက်လာသည်။


ဓာတ်ပုံစတူဒီယိုရှိ ဝန်ထမ်းများအားလုံးက ဖော်ရွေကြသော်လည်း ဓာတ်ပုံဆရာနှင့် ပိုင်ရှင်က ကြောက်မက်ဖွယ်ရန်သူနှင့် ရင်ဆိုင်ရသကဲ့သို့ အဘယ်ကြောင့် အထူး အလေးအနက်ဖြစ်ပြီး သတိထားနေရသည်ကို သူမ နားမလည်နိုင်ပေ။ ဤအလုပ်က သေးငယ်သောအလုပ်တစ်ခုမျှသာဖြစ်ပြီး သူမက အခြားမော်ဒယ်တစ်ဦးနေရာတွင် အစားထိုးထားသော မော်ဒယ်တစ်ဦးသာဖြစ်သည်။


သူတို့ကို ဤသို့မြင်သောအခါ သူ့အလုပ်နှင့်ပတ်သက်ပြီး အလေးအနက်ထားပြီးဖြစ်သည့် ကျိအန်းနဥ်က ပိုသတိထားလာပြီး ပြီးပြည့်စုံရန် ပိုကြိုးစားလာသည်။


သို့သော်လည်း ကျိအန်းနဉ်က အံ့ဩနေဆဲပင်ဖြစ်သည်။


ရူတင်အပြီးတွင် 'ပိုင်ရှင်' က သက်ပြင်းတစ်ချက်ချကာ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် သူမထံသို့ ချဉ်းကပ်ခဲ့သည်။ ဓာတ်ပုံဆရာကလည်း လေထဲတွင် ကင်မရာကို ဝှေ့ယမ်းကာ သူမအား စိတ်ပါလက်ပါ ချီးကျူးခဲ့သည်။ သူတို့နှစ်ယောက်စလုံးက သူမကို အလွန်အကျွံ ချီးကျူးပြီး စိတ်ပါလက်ပါနှင့်ပင်  စာချုပ်ချုပ်ရန် ကျိအန်းနဥ်ကို အရေးတကြီး တောင်းဆိုခဲ့သည်။


ကျိအန်းနဥ်- “…” 


ကံမကောင်းစွာပင် သူမ၏ အမျိုးမျိုးသော အတွေ့အကြုံများကြောင့် ကျိအန်းနဉ်က အခြားသူများကို သတိထားစိတ်ပြင်းပြလာခဲ့သည်။


သူမက ယုံကြည်စိတ်ချရသည့် ဓာတ်ပုံစတူဒီယိုနှင့် စာချုပ်ချုပ်ပြီး တည်ငြိမ်သည့်အလုပ်များကို အမှန်တကယ်လုပ်ချင်ခဲ့သည်။ Fire Wingက အမျိုးမျိုးသော ကဏ္ဍများတွင် အတော်လေး သင့်တင့်လျောက်ပတ်ပုံပေါက်သော်လည်း သူတို့၏ စိတ်အားထက်သန်မှုက မယုံကြည်ရလောက်အောင်ပင်ဖြစ်နေသည်။


ဤအရာ၏နောက်ကွယ်တွင် ပူးပေါင်းကြံစည်မှုအချို့ရှိနေသည်ဟု အမြဲတမ်းခံစားရစေသည်။


ကျိအန်းန‌ဥ် စိတ်မသက်မသာ ခံစားနေရသည်။


သူမ တုချင်နှင့်ဆင်သည့်ဗျူဟာကို ကျင့်သုံးခဲ့သည်။ သူမ စာချုပ်တစ်ခုတောင်းပြီး သေသေချာချာ စဉ်းစားမည်ဟု ပြောခဲ့သည်။


သူမ စိတ်ထင်သည် ဟုတ်မဟုတ် မသိသော်လည်း ဓာတ်ပုံဆရာနှင့် ပိုင်ရှင်က 'ချက်ထားတဲ့ ဘဲတစ်ကောင်ကို လွှတ်ထားလိုက်သလိုပဲ'ဟုဆိုကာ စိတ်ပျက်ညည်းညူနေသည်။


ကျိအန်းနဉ်က ၎င်းကိုသတိမထားမိဘဲ ထွက်သွားသည်။ဓာတ်ပုံဆရာနှင့် ပိုင်ရှင်က တစ်ယောက်ကို တစ်ယောက် အပြစ်ပုံချတော့သည်။


"သေစမ်း...မင်းက အခု ကြောက်စရာကောင်းအောင်ပြုံးနေတာကို သနားစရာ ကောင်မလေးကို ကြောက်အောင် မင်း လုပ်လိုက်တာလေ...."


“အဓိပ္ပါယ်မရှိတာ မင်းက ဒီစကားကိုပြောရ‌အောင် ဘာကောင်မို့လဲ... မင်းကမှ လူကုန်ကူးသူလို့ ထင်ရတာ...ငါသာ မိန်းကလေးဆိုရင်လည်း မင်းနဲ့လက်မှတ်မထိုးဘူးကွ...."


"ငြင်းနေတာကိုရပ်လိုက်... ငြင်းနေတာကိုရပ်လိုက်တော့ နောက်တစ်ကြိမ် ပိုကောင်းအောင် လုပ်ကြမယ်လေ..."


"ဟုတ်တယ်..ဟုတ်တယ်...သူဌေးက သူ့ကို တစ်လအတွင်း လက်မှတ်ထိုးပေးအောင်လုပ်နိုင်ရင် အထူးဘောနပ်စ်ကို ရမယ်တဲ့...”


နှစ်ယောက်စလုံး နောက်တစ်ကြိမ်အတွက် ပြင်ဆင်နေကြသည်။


Fire Wing မှ ထွက်ခွာပြီးနောက် ကျိအန်းနဉ် ကော်ဖီဆိုင်သို့ တန်းတန်းမတ်မတ်သွားပြီး ရှုချန်းကို ပြောလာသည်။


"ဒါက နည်းနည်းတော့ ကြောက်စရာကောင်းတယ်..."


ရှုချန်းက အနည်းငယ်စိုးရိမ်သွားပြီးမေးလာသည်။


"သူတို့က လူလိမ်တွေလား..."


“မဟုတ်ပါဘူး...” 


ကျိအန်းနဉ်က တုံ့ဆိုင်းနေသည်။


“သူတို့က တော်တော်တရားဝင်တယ်လို့ ခံစားရတယ် ဒါပေမယ့်… အဲဒီလူနှစ်ယောက်…”


သူတို့၏မျက်လုံးများ တောက်ပနေခဲ့သည်မှာ ထိတ်လန့်စရာပင်ဖြစ်သည်။


ရှုချန်းက ပြောသည်။


 "အစ်ကို စာချုပ်ကို ကြည့်ကြည့်မယ်လေ..."


စာချုပ်က အမှန်တကယ်ပင် ရိုးရှင်းကာ A4 စာရွက် နှစ်ရွက်သာ ရှိလေသည်။ အမှန်တွင် ၎င်းက ကော်ပိုရေးရှင်းကြီးတစ်ခုမဟုတ်ဘဲ ဓာတ်ပုံစတူဒီယိုတစ်ခုသာဖြစ်သည်။


"အိုး အဆင်ပြေမယ့်ပုံပဲ..." 


ရှုချန်းသည် ၎င်းကို စေ့စေ့စပ်စပ်ဖြင့် အမြန်ဖတ်ပြီး စာချုပ်ကို ညွှန်ပြခဲ့သည်။


"ကိုယ်လုံးတီး သို့မဟုတ် ပြတ်ပြတ်သားသား ရိုက်ချက်မပြရ၊ ကန့်သတ်မထားဘဲ၊ ဖုံးကွယ်ထားနိုင်သည်... ဟမ် စတူဒီယိုသည် စာချုပ်ကို ဖောက်ဖျက်ပါက မော်ဒယ်များသည် တရားစွဲခြင်း သို့မဟုတ် ခုံသမာဓိအတွက် လျှောက်ထားနိုင်သည်... ဒီလျော်ကြေးက တော်တော်မြင့်တာပဲ…”


"ဟုတ်တယ်၊ အဲဒါက ကောင်းတယ်လို့ ကျွန်မလည်းထင်တယ်..." 


ကျိအန်းနဉ်လည်း ဇဝေဇဝါဖြစ်နေသည်။


တုချင်၏ ဓာတ်ပုံစတူဒီယိုက စာချုပ်အချက်အလက်များကိုပင် ရှင်းရှင်းလင်းလင်း မရေးထားပေ။


"ဒါဆို ဘယ်စတူဒီယိုနဲ့ လက်မှတ်ထိုးဖို့ စဉ်းစားနေတာလဲ..."


 ရှုချန်းက မေးသည်။


"ကျွန်မ မဆုံးဖြတ်ရသေးပါဘူး... ဒါပေမယ့် အရင်တစ်ခုကို ငြင်းဖို့တော့ စိတ်ကူးထားတယ်..."


ရှုချန်းက ရယ်မောလိုက်ပြီး စကားစမြည်ပြောလိုက်သည်။


“မှန်တယ် အကုန်လုံးကိုကြည့်ဖို့ အချိန်ယူသင့်တယ် မင်းပထမဆုံး တွေ့ရတဲ့အရာက အမြဲတမ်းအကောင်းဆုံးမဟုတ်ဘူး ကောင်းတဲ့အရာတွေက နောက်ကျတတ်တယ်လေ...."


ညနေပိုင်းတွင် ကျိအန်းနဥ်က တုချင်အား သူမ၏ငြင်းဆိုချက်ကိုဖော်ပြရန် ဖုန်းဆက်ခဲ့သည်။


တုချင်က ပြောရလွယ်ကူပြီး ထိုကိစ္စအပေါ်တွင် မည်သို့မှမနေပေ။


ကျိအန်းနဉ်က ဤကိစ္စနှင့်ပတ်သက်ပြီး ဝမ်ယွီကို ဖုန်းဆက်ရာ သူက သူမ၏ရွေးချယ်မှုကို ချီးကျူးခဲ့သည်။ ကျိအန်းနဉ်က ရယ်စရာကောင်းပြီး အနည်းငယ် စိတ် အနှောင့်အယှက်ဖြစ်သွားသည်ကို သိလိုက်ရသည်။ 


"ရွေးချယ်မှုမှန်တယ်က ဘာကိုဆိုလိုတာလဲ... ရှင်ပဲ ကျွန်မကို တုချင်နဲ့ အရမ်းမရင်းနှီးချင်စေဘူးလေ..."


“ဟုတ်တယ်လေ...” 


ဝမ်ယွီက ပြောသည်။


 “သူ့ပုံစံကို ကြည့်‌တာနဲ့....သူက ပလေးဘွိုင်တစ်ယောက်ဆိုတာသိသာတယ်...ပြောဦးမယ်...ဒီလိုအနုပညာရှင် အမျိုးအစားတွေက မိန်းကလေးငယ်ငယ်လေးတွေကို လှည့်စားဖို့ ကျွမ်းကျင်တယ်‌လေ...”


သူသည် စနောက်ဟန်ဖြင့် ပြောင်ပြောင်တင်းတင်းစကားအနည်းငယ်ပြောပြီးနောက် ဖုန်းချသွာသည်။ ထို့နောက် အစောပိုင်းက ဆိုင်ငံ့ထားခဲ့သော ယခင်ဖုန်းဆီသို့ ပြန်ပြောင်းသွားသည်။ သူ့ပုံစံက စိတ်အနှောင့်အယှက်ဖြစ်နေပုံရသည်။


“ သေစမ်း...ကျွန်တော့်ကောင်မလေး ခင်ဗျားတို့အကြောင်း ဘာပြောခဲ့တယ်ဆိုတာကိုသိလား... မျက်လုံးတွေက အရမ်းတောက်ပနေတယ်လို့ သူကပြောတယ် တကယ့်ကို ကြောက်စရာကြီးတဲ့လေ... ကိုယ့်လူတို့ရေ အတတ်နိုင်ဆုံး ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်လို့ရပါ့မလား...ဒီလိုတုံ့ပြန်မှုမျိုးနဲ့ သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်လာမှာ မဟုတ်ဘူးနော်...”


တစ်ချိန်တည်း၌ လိုင်း၏အခြားတစ်ဖက်ရှိလူမှာ စိတ်ထဲတွင်ကျိန်ဆဲနေသော်လည်း အပေါ်ယံတွင် ရယ်မောနေခဲ့သည်။


ငါက အစတည်းက သရုပ်ဆောင် မဟုတ်ဘူးလေ...


အမှန်တွင် သူက နေ့လည်ခင်းအစောပိုင်းက ကျိအန်းနဉ်တွေ့ဆုံခဲ့သော Fire Wing ၏ "ပိုင်ရှင်" ဖြစ်သည်။ သူ တစ်ချိန်က ပိုင်ရှင်ဖြစ်ခဲ့ဖူးသော်လည်း လွန်ခဲ့သည့် ရက်အနည်းငယ်က Fire Wing ကို ပိုင်ရှင်အသစ်လက်ထဲပြောင်းကာ ငွေသားများစွာကိုယူခဲ့သည်။ ယခုအခါ ဝမ်ယွီ၏လက်အောက်မှ စတူဒီယိုတွင် အလုပ်ဆက်လုပ်နေခဲ့သည်။


ယနေ့မွန်းလွဲပိုင်းတွင် အသက်နှစ်ဆယ်ကျော် လူငယ်လေးတစ်ဦး၏ ပြစ်တင်ရှုတ်ချခြင်းကို ခံခဲ့ရသော်လည်း ပိုင်ရှင်မှာ မဖြုံပေ။


သူတို့အားလုံး လူ့အဖွဲ့အစည်းထဲတွင် ရှင်သန်လှုပ်ရှားနေခဲ့ရသည်။ အစားအသောက်ကို စားပွဲပေါ်တင်နိုင်ရန်အတွက် ပိုက်ဆံသည်သာ ဘုရင်ဖြစ်သည်။ အထူးသဖြင့် ချမ်းသာသည့်သူကသာ ဘုရင်ဖြစ်သည်။


ပိုင်ရှင်က ပြတ်ပြတ်သားသားပြောလာသည်။


 “နောက်တစ်ကြိမ် ငါတို့ လက်မှတ်ထိုးသွားစေရပါမယ် သူ ထပ်ပြီး မလွတ်သွားစေရဘူး...."


သူက အသံကျယ်ကျယ်နှင့် စားပွဲကို ပုတ်လိုက်သည်ကို ဝမ်ယွီ ဖုန်းချခါနီးတွင် ကြားလိုက်ရသည်။ 



###