အပိုင်း၆၁
Viewers 7k

🤚Chapter 61 




သောကြာနေ့တွင် ကျိအန်းနဉ်က Firewing ၏ စာချုပ်ကို ဝမ်ယွီအား ပြန်သုံးသပ်ပေးရန် ပေးခဲ့သည်။ ဝမ်ယွီက ၎င်းကိုကြည့်ပြီး ချီးကျူးခဲ့သည်။


"ဒီဓာတ်ပုံစတူဒီယိုက ကောင်းတယ်...အရမ်းစနစ်တကျရှိတယ်လို့ ကိုယ်ထင်တယ်..." 


“သူတို့စာချုပ်က တော်တော်ကောင်းတယ်လို့ ကျွန်မလည်း ထင်ပါတယ် သူတို့ စိတ်ရင်းမှန်တာကို ဒီစာချုပ်ကနေပြောနိုင်တယ်‌...”  


ကျိအန်းနဉ်က သဘောတူသည်။ စာချုပ်ပါ အပိုဒ် အတော်များများက မော်ဒယ်များကို ကာကွယ်ရန် ရည်ရွယ်ထားကြောင်း ထင်ရှားသည်။


ဝမ်ယွီက ကျိအန်းနဥ်အတွက် အလုံးစုံကာကွယ်မှုသေချာစေရန် စာချုပ်ပါအချက်များကို ပြန်လည်ပြင်ဆင်ရန် နာရီပေါင်းများစွာ အချိန်ယူခဲ့ရခြင်းဖြစ်သည်။


သူက ပြုံးပြီး သူမအား ဆွဲဆောင်လိုက်သည်။


“ဒါဆို ဒီတစ်ခုကိုပဲရွေးလိုက်တာပေါ့...” 


ကျိအန်းနဉ်က မျက်မှောင်ကြုတ်လိုက်သည်။


 "အဲဒီစတူဒီယိုပိုင်ရှင်က နည်းနည်းထူးဆန်းတယ်....သူ့အပြုံးက ကြောက်စရာကြီး...."


ဝမ်ယွီ: "..."


“ဒီလိုလုပ်တာပေါ့...” 


ဝမ်ယွီက သူ့နဖူးကို ပင့်လိုက်ရင်းခေါင်းကိုက်သည်ကို ထိန်းလိုက်သည်။


 “တနင်္ဂနွေနေ့ မသွားသေးဘူးမလား...ကိုယ်တစ်ချက်လောက်ကြည့်ပေးဖို့ မင်းနဲ့လိုက်မယ်...အဲဒါကိုအပြီးထိ စောင့်ကြည့်ဖို့ ကိုယ်ရှိနေမယ်... တကယ်လို့ မင်းအဆင်ပြေတယ်လို့ထင်ရင် လက်မှတ်ထိုးလိုက်ပါ…"


ခဏစဉ်းစားပြီးနောက် ကျိအန်းနဉ်က သဘောတူလိုက်သည်။


ဝမ်ယွီက သူမအား တနင်္ဂနွေနေ့တွင် ကျူတာ သင်ကြားပြီးချိန်တွင်လာခေါ်မည်ဟု ပြောလာသည်။ ကျိအန်းနဉ် ပြောလာသည်။ 


"ရှင် အစောကြီးလာစရာမလိုပါဘူး...လက်မှတ် ထိုးထိုးမထိုးထိုး သူက အလုပ်ချိန်ပြီးတဲ့အထိစောင့်နိုင်ပါတယ်....နေ့လယ်မှပဲလာလေ...အိပ်ရေးဝဝအိပ်ပေါ့..."


အိပ်တာက ဘာများအသုံးကျနေလို့လဲ...


ကျိအန်းနဉ်က စနေနေ့ မနက်အစောပိုင်မှ ညဉ့်နက်သည်အထိအလုပ်များနေချိန်တွင် သူက စနေနေ့ညပိုင်းမှာ အေးအေးဆေးဆေးအိပ်ပျော်နေလောက်မည်ဟုတွေးမိသည်။ အံဩစရာကောင်းလောက်အောင်ပင် သူ အိပ်မပျော်ဖြစ်ခဲ့သည်။


သခင်ငယ်လေးဝမ်က သူ၏အိပ်မပျော်သည့်ရောဂါကို အသက်နှစ်ဆယ်အရွယ်တွင် စတင်ကြုံတွေ့ခဲ့ရလေသည်။


မျှော်လင့်ထားသလိုပင် သူ စနေနေ့ညတွင် အိပ်ရာမဝင်နိုင်ခဲ့၍ နောက်နေ့ နေ့လည်ခင်းအထိ အိပ်ပျော်သွားခဲ့ပြီး နိုးလာချိန်ထိ ခေါင်းနောက်နေသည်။ အမှန်တွင် သူ့အဖေက ပုံမှန်အချိန်ဇယားတစ်ခုနှင့် ခန္ဓာကိုယ်ကိုထိန်းသိမ်းရန် အကြံပေးခြင်းသည်။


သူက နေ့လည်စာစားနေသည့် ကျိအန်းနဉ်ကို ဖုန်းခေါ်လိုက်သည်။


ကျိအန်းနဉ် : " အားလုံးအဆင်ပြေသွားမှာပါ... အလျင်မလိုပါနဲ့ နေ့လည်ခင်းရောက်မှ လာခဲ့လေ... ကျွန်မ အခုတော့နေ့လယ်စာစားနေတယ်..သူဌေးက အရမ်းသဘောကောင်းတာပဲ ကျွန်မတို့အတွက် နေ့လည်စာမှာပေးထားတယ်..."


ဝမ်ယွီ :"....."


သူက ထမင်းတစ်ဘူးနဲ့ မျှားခေါ်လို့ရတဲ့ တုံးတုံးအအမိန်းကလေးတစ်ယောက် ဘယ်လိုဖြစ်သွားတာလဲ...


နေ့လည်စာအတွက် သဘောတူပြီးသည့်နောက်တွင် ဝမ်ယွီက ဓာတ်ပုံစတူဒီယိုကို မောင်းခဲ့သည်။ သူရောက်သည့်အချိန်တွင် ကျိအန်းနဉ်တစ်ယောက် အလုပ်များနေသည်။


သူဌေးက သူရောက်လာသည်ကို  စိတ်လှုပ်ရှားနေပုံရပြီး အပြေးအလွှားရောက်လာကာ ကျေးဇူးရှင်ကို သူ့အဖေအဖြစ် အသိအမှတ်ပြုချင်သလို ဖြစ်နေသည်။ သို့သော် ဝမ်ယွီက သူ့ကို တစ်ချက်စိုက်ကြည့်ကာ သူဌေးကို မမှတ်မိချင်ယောင်ဆောင်ခိုင်းသည်။


နောက်ဆုံးရိုက်ကူးမှုအပြီးတွင် ကျိအန်းနဉ် က တစ်ယောက်နှင့်တစ်ယောက်ကို မိတ်ဆက်ပေးရန် ရောက်လာခဲ့သည်။


သူဌေး၏မျိုးရိုးအမည်မှာ မာ ဖြစ်ပြီး ဝမ်ယွီက ယဉ်ယဉ်ကျေးကျေးပြောခဲ့သည်။


 "ကျေးဇူးတင်ပါတယ် အစ်ကိုမာ ကျွန်တော်တို့ရဲ့ အန်းနဉ်ကို ဂရုစိုက်ပေးလို့..." 


အစ်ကိုကြီး- “…” မဟုတ်ဘူးရယ် မင်းသာ ငါ့ကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်ရမယ်...


ဝမ်ယွီ၏ အားပေးမှုနှင့် ယနေ့ အစ်ကိုမာ၏ ပုံမှန်အမူအကျင့်ကြောင့် ကျိအန်းနဥ်က စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။


Firewing မှ ထွက်ခွာပြီး ဝမ်ယွီ၏ ကားထဲသို့ မရောက်မချင်း သူမထံတွင် တောင့်တင်းသော အမူအရာ ရှိနေသေးသည်။


ဝမ်ယွီက ရယ်စရာကောင်းသည်ဟု ထင်လိုက်မိသည်။


 "မင်းတကယ် စိတ်လှုပ်ရှားနေတာလား..."


" စိတ်လှုပ်ရှားနေတာ မဟုတ်ပါဘူး..."  


ကျိအန်းနဉ်က ရှင်းပြလာသည်


“ဒီလိုပါပဲ… ကျွန်မတို့ အချို့အလုပ်ကိစ္စ ပြီးသွားသလိုပဲ ခံစားရတာ...” 


သူမက ပြောနေရင်း လက်ညိုးများကို ရောယှက်ကာ ပေါင်ပေါ်တင်ကာ ခန္ဓာကိုယ်ကို အနည်းငယ်ကိုင်းညွတ်ကာ  ဦးညွှတ်နေဟန် အရိပ်အမြွက်ပြလာသည်။


“ကျွန်မဘဝ... ကျွန်မဘဝက ဒီလိုမျိုး ဖြစ်လာနိုင်ရဲ့လားလို့ တွေးနေခဲ့မိတာ..."   


သူမက ဝမ်ယွီကို ကြည့်ရင်း လေးလေးနက်နက်ပြောလာသည်။


"အနာဂတ်မှာ ပိုကောင်းလာနိုင်မယ်မလား..."


ဝမ်ယွီ ရုတ်တရက် နှလုံးသား နာကျင်ခြင်းကို ခံစားလိုက်ရသည်။


သဘာဝတရားကြောင့်ပင်ဖြစ်စေ၊ ပတ်ဝန်းကျင်ကြောင့်ပင်ဖြစ်စေ အချိန်ကြာလာသည်နှင့်အမျှ သူက သန်မာသည့်နှလုံးသားရှိသူ ဖြစ်လာခဲ့သည်။ သို့သော် ယခုအချိန်တွင်မူ ကားအပြင်ဘက်က တောက်ပနေသည့် အလင်းရောင်နှင့် ကျိအန်းနဉ်ကို ကြည့်လိုက်သည့်အခါ သူမ၏ ပါးပြင်အနားတွင် ခပ်ဖျော့ဖျော့နှင့် အရောင်ကင်းစင်သည့် အမှုန်အမွှားများကို မြင်လိုက်ရသည်။ သူမက ကလေးတစ်ယောက်လို ဖြစ်နေသေးသည်ဟု သူ့ကို ထင်ယောင်ထင်မှားဖြစ်စေခဲ့သည်။


ပျော့ပျောင်းပြီး သန့်ရှင်းကာ အကာအကွယ်လိုအပ်သည်။


ဝမ်ယွီ၏ နှလုံးသားက ဤအခိုက်အတန့်တွင် အလွန်နူးညံ့လာသည်


သူက သူမလက်ကိုဆွဲပြီး ခေါင်းကိုပွတ်၍ ပြုံးကာပြောသည်။


"ဒါပေါ့ကွာ...."


" မင်းကို မပြောခဲ့ဘူးလား ကိုယ် မင်းကိုကံကောင်းစေမယ်လို့ မင်းသာကိုယ့်ကို တွယ်တာနေရင် မင်းသေချာသိလိမ့်မယ်... "


"ကောင်းပြီ၊ ကိုယ်မင်းကို ပိုကောင်းတဲ့ကိစ္စကို ပြောပြမယ်လေ... ကိုယ်တို့တွေ မင်းအတွက် အရမ်းပြင်းထန်တဲ့ ယန်စွမ်းအင်တွေ ဖလှယ်သင့်တယ်..."


"ဟေး ဟေး ကိုယ့်ကိုမရိုက်နဲ့လေ ကိုယ်ကားမောင်းနေတယ်..."


စိတ်ပူနေသည့် အခိုက်အတန့်တွက် ဝမ်ယွီက မေးလာသည်။


  “ကိုယ်တို့ ဘုရားကျောင်းသွားလည်ဖို့ အချိန်နည်းနည်းလောက် ရှာရမလား...မင်းသိပါတယ် ...ကံကောင်းဖို့လေ...”


ကျိအန်းနဉ်က မေးလာသည်။  


"ဘာကို လည်မှာ.."


“ဘုရားကိုပေါ့ ဒါမဟုတ်  မင်းသ‌ဘောပဲ...” 


ဝမ်ယွီက ပြောသည်။


ကျိအန်းနဉ်က ဆွံ့အသွားသည်။


 “ဒီလိုပဲ ရွေးလို့ရတယ်‌လား...ရိုးသားမှုမရှိတာမျိုးက တန်ပြန်သက်ရောက်တယ်မလား...”


“အဆင်ပြေပါတယ်…” 


ဝမ်ယွီက ရက်စက်သော အပြုံးဖြင့် ပြောသည်။


“တကယ်တော့ လူအများစုက ကိုယ်လိုမျိုး အ‌ပေါ်ယံလေးစားမှုပြပြီး မယုံကြည်တဲ့သူတွေလေ သူတို့တွေကဘုရားကျောင်း ချာ့ဂ်ျကျောင်းတွေကို သွားရုံသက်သက်ပဲနတ်တွေနဲ့ ဘုရားတွေကို ကိုယ်တို့က ကြည်ညိုလေးစားပေမဲ့ သူတို့ကဂရုမစိုက်ရင်  လူအများစုကကိုးကွယ်ယုံကြည်တာနည်းသွားပြီး ယုံကြည်မှုမရှိတော့ရော ဒါကြောင့် ဘယ်အရာကိုမဆို လက်ဝါးကြီးအုပ်ထားမယ့်အစား လိုအပ်ရင်  ဟိုမေးဒီမေးလုပ်ပြီးပေါ့ပေါ့တန်တန်ကောင်းချီးတစ်ခုပဲ ရှာတယ်...”


ယင်းသည် ကျိုးကြောင်းဆီလျော်ဟန်ဖြင့် ယုံလွယ်သောနည်းဖြင့် လိမ်လည်ဖော်ပြသော ယုတ္တိဗေဒဖြစ်ပြီး ထိုသည်မှာ ဝမ်ယွီ၏ပုံစံဖြစ်သည်။


သူက ဆက်ပြောသည်။


“မင်း  နန်ကျောင်းဘုရားကျောင်းကို သိလား...သူရဲ့တန်ခိုးကြီးတဲ့ကောင်းချီးတွေကြောင့် လူသိများတယ်လေ... အားတဲ့အခါတိုင်း အတူတူ သွားကြရအောင်..."


သို့သော် ကျိအန်းနဉ်က သွားချင်စိတ်မရှိပေ။


သူမအမြင်အရတော့ ပုံမှန်လူတစ်ယောက်သေလျှင် အားလုံးပြီးဆုံးသည်သာ။ ဒုတိယဘဝကို ပြန်လည်စတင်ရန် အခွင့်အလမ်း ရှိနိုင်မည်မဟုတ်ပေ။ လူဝင်စားခြင်းအစီအစဉ်တွင် သူမက သေးငယ်သော ပိုးကောင်တစ်ကောင်လို ခံစားခဲ့ရသည်။


ဘုရားကျောင်းကိုသွားလို့ ဗုဒ္ဓက ငါ့ကိုရှာတွေ့သွားရင် ဘယ်လိုလုပ်ရမလဲ ဒါမျိုးကထောင်ချောက်ထဲ လျှောက်သွားနေတာ မဟုတ်ဘူးလား...


သူမက ဘဝကို နှိမ့်ချ၍သာ ဆက်လက်နေထိုင်လိုသည်။


ဝမ်ယွီက ပြောသည်။


 " အဓိက ကိစ္စကတော့ ရှုချန်းရဲ့အလုပ်ကနေ ထွက်လို့ရပါ့မလား..."


“ရပါတယ်...” 


ကျိအန်းနဥ်က ခေါင်းညိတ်ပြလိုက်သည်။


 “ဒီနေ့အဆိုင်းကို ပြီးအောင်လုပ်လိုက်မယ်... ကျွန်မ သတိမပေးထားဘဲနဲ့ ထွက်သွားလို့မရဘူး...ဒီနေ့ ရှုချန်း နဲ့ စကားပြောလိုက်ပါ့မယ်..."


ဝမ်ယွီက ကျိအန်းနဥ်သည် ထိုကဲ့သို့ လေးနက်သူဖြစ်ကြောင်းသိ၍ ရိုးရိုးရှင်းရှင်း ပြောလိုက်သည်။


" ကောင်းပါပြီ..."


သူမ ဤအလုပ်မှ အမှန်တကယ်နှုတ်ထွက်ရမည်ဆိုသောအခါ ကျိအန်းနဥ် တုံ့ဆိုင်းသွားသလို ခံစားလိုက်ရသည်။


ယခင်ဘဝတွင် သူမသည် အရိပ်များစွာနှင့် နွေးထွေးမှုအနည်းငယ်သာပြည့်နေသည့် ခက်ခဲကြမ်းတမ်းသောဘဝတွင် နေထိုင်ခဲ့သည်။


anime လောက၏ အစိတ်အပိုင်းများဖြင့် ပြည့်နှက်နေသော ဤဆိုင်တွင် ရှုချန်းက သူမအတွက် နွေးထွေးမှု၊ ဂရုစိုက်မှု၊ ပူပန်မှုနှင့် နှစ်သိမ့်မှုများစွာကို ယူလာခဲ့သည်။


 ကျိအန်းနဉ်၏ မှတ်ဉာဏ်ထဲမှ လူမရှိသောသဲကန္တာရတွင် လှပစွာ လင်းလက်နေသော ပုလဲတစ်လုံးကဲ့သို့ သူမအပေါ်  သူ၏သိမ်သိမ်မွေ့မွေ့  ဂရုစိုက်ချစ်ခင်မှုများလည်း ပါဝင်သည်။


ထို့ကြောင့် အလုပ်ချိန်ကုန်ဆုံးခါနီး ရှုချန်းရှေ့မှာ ရပ်နေချိန်၌ ကျိအန်းနဥ်က သူမနှုတ်ထွက်လိုသည့် ရည်ရွယ်ချက်ကို ဖော်ပြရမည့်စကား မရှိတော့သည်ကို သိလိုက်သည်။


ထိုအစား ရှုချန်းက သိနေဟန်ဖြင့် ပြုံးပြလိုက်သည်။ 


"အလုပ်ထွက်ဖို့ တွေးနေတာမလား..."


"ဟင်..."


 သတိမထားမိဘဲ ကျိအန်းနဉ်အနည်းငယ် စိတ်ရှုပ်သွားသည် 


“ဝမ်ယွီက ဒီကိစ္စကို ပြောပြီးပြီ...” 


 ရှုချန်းက ပြုံးပြသည်။


ကျိအန်းနဥ် : "တောင်းပန်ပါတယ်..."


"ဘာတောင်းပန်စရာရှိလို့လဲ... " 


ရူချန်းက ခေါင်းကုတ်လိုက်သည်။ 


“ပြီးတော့ မင်းက မော်ဒယ်တစ်ယောက် ဖြစ်လာတာလေ..."


သူက ပြောသည် ။


" ဝမ်ယွီက မင်းရဲ့အခြေအနေနဲ့ပတ်သက်ပြီး အစ်ကို့ကိုပြောပြီးပြီ သူပြောတာမှန်တယ်လေ... မင်းစာလေ့လာမှုအပေါ် တကယ်ကိုအာရုံစိုက်သင့်တယ်... မော်ဒယ်တစ်ယောက်ဖြစ်ရတာက ယာယီဖျော်ဖြေပွဲတစ်ခုလိုပဲ မင်း ဒါကို နှစ်အနည်းငယ်လောက်အထိပဲ လုပ်နိုင်မှာ ရေရှည်မဖြစ်နိုင်ဘူ...အခုအချိန်ကစပြီး မင်းရဲ့ဘဝကို နောက်ထပ်နှစ်အနည်းငယ်ထိကို ကိုင်တွယ်ဖြေရှင်းရတော့မယ်... တစ်ယောက်ယောက်က သူတို့ရဲ့ဘဝကို အမှန်တကယ် ပြောင်းလဲချင်တယ်ဆိုရင်တော့ စာကြိုးကြိုးစားစား လေ့လာရမယ်လေ...”


ရှုချန်၏အမြင်က ဝမ်ယွီ၏ ကဏ္ဍဖြစ်သည့် ပုံမှန်ဘဝခံယူချက်နှင့် တန်ဖိုးများကို ကိုယ်စားပြုသည်။


ကျိအန်းနဥ်ထံတွင် မိဘများရှိနေပါက သို့မဟုတ် သူမ၏အဖွားက စိတ်ကျရောဂါမခံစားနေရပါကလည်း သူတို့က သူမကို အလားတူနည်းဖြင့် ပညာပေးမည်သာဖြစ်သည်။


ကျိအန်းနဉ် အဝတ်အစားလဲပြီး ထွက်လာခဲ့သည်။ ဝမ်ယွီ သူမအား ခေါ်ယူရန် ရောက်ရှိလာပြီး ရှုချန်းနှင့် ဘားတွင် စကားပြောနေခဲ့သည်။ သူတို့ အဆင်ပြေနေပုံရသည်။


ကျိအန်းနဥ် ခဏမျှ တုံ့ဆိုင်းသွားကာ လျှောက်သွားသည်။


 “သွားရအောင်လေ..” 


ဝမ်ယွီက ပြောသည်။


"ဟုတ်ပြီ.."


ကျိအန်းနဉ်သည် ရှုချန်းဘက်သို့ လှည့်လိုက်ပြီး သူမ၏ လက်ကို အနည်းငယ် ဆန့်ထုတ်လိုက်သည်။


" ဒါဆို... ကျွန်မသွားပါတော့မယ်..."


ရှုချန်းက ပြောသည်။


 "အလုပ်ကောင်းကို ထိန်းသိမ်းထားဦး..."


ဝမ်ယွီ၏လက်က ဘားကောင်တာဆီသို့ ရောက်သွားကာ ရှုချန်းက သူ့လက်ကို ဆွဲနှုတ်ဆက်လိုက်သည်။


ဝမ်ယွီက ပြောသည်။


 "ကျေးဇူးတင်ပါတယ်..."


ရှုချန်းက ပြန်ဖြေသည်။


"ရပါတယ်ကွာ..."


သူတို့နှစ်ယောက် လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။ ဤတစ်ကြိမ်တွင် ဝမ်ယွီကလှည့်ကွက်များ မပြုလုပ်ခဲ့ပေ။ သူတို့က တစ်ယောက်နှင့်တစ်ယောက် လက်ကို တင်းတင်းဆုပ်ထားပြီး လွှတ်ပေးလိုက်သည်။


ဝမ်ယွီက ကျိအန်းနဉ် ထွက်သွားသည့်နေရာကို လှည့်လိုက်ချိန်တွငိ ရှုချန်းက ရုတ်တရက်အော်ခေါ်လိုက်သည်။


"အန်းနဉ်..."


ကျိအန်းနဥ် နောက်သို့လှည့်လိုက်သည်။


ရှုချန်းက ဘားကောင်တာထဲကို လျှောက်သွားပြီး တစ်စုံတစ်ခုကို ထုတ်ယူလိုက်သည်။


"ဒီမှာ အမှတ်တရအဖြစ် သိမ်းထားလိုက်..."


သူပြောနေရင်း ပြုံးလာလေသည်။


၎င်းက အသစ်စက်စက် ကြောင်နားရွက်တစ်စုံဖြစ်သည်။


ကျိအန်းနဉ်က ၎င်းကို သူမလက်ထဲတွင် ကိုင်ထားလိုက်မိသည်။


လူအများကြားက ဆက်သွယ်မှုများက ရံဖန်ရံခါတွင် တိမ်ကောသွားတတ်သည်။ ဘဝတစ်လျှောက်လုံးတွင် လူများစွာနှင့် ကြုံတွေ့ရမည်ဖြစ်ပြီး၊ လမ်းကြောင်းတစ်ခုကို အတူတကွလျှောက်လှမ်းပြီးနောက် လမ်းခွဲလိုက်ကာ တစ်ဦးနှင့်တစ်ဦး၏ဘဝမှ ထာဝရပျောက်ကွယ်သွားမည်ဖြစ်သည်။


ကျိအန်းနဉ်နှင့် ရှုချန်းတို့ကဲ့သို့ ရိုးရိုးရှင်းရှင်း ဆက်ဆံရေးများက သူငယ်ချင်းအသိုင်းအဝန်းမရှိဘဲ ရုပ်ပိုင်းဆိုင်ရာအရ နီးကပ်နေသော်လည်း အလုပ်ဆက်ဆံရေးပြီးဆုံးပြီးနောက် သဘာဝအတိုင်း ပျောက်ကွယ်သွားတတ်သည်။တဖြည်းဖြည်းနှင့် သူတို့၏ လမ်းကြောင်းများက ဘဝလမ်းကြောင်းတွင် အပြိုင်မျဉ်းနှစ်ခု ဖြစ်လာလိမ့်မည်။


ဝမ်ယွီနှင့် ကျိအန်းနဥ် ကားထဲသို့ဝင်သွားသည်။ သူတို့ထိုင်ခုံခါးပတ်ကို ပတ်ရန် ခေါင်းငုံ့ထားစဉ် ကျိအန်းနဉ်၏ ရုတ်တရက်တုံ့ပြန်မှုက သူ့ကို အံ့အားသင့်စေခဲ့သည်။  


"ဘာဖြစ်လို့လဲ..."


"ဘာမှမဟုတ်ပါဘူး..." 


ကျိအန်းနဥ်က မျက်နှာလွှဲသွားသည်။ 


"ဘာလို့ငိုတာလဲ..." 


ဝမ်ယွီ အံ့ဩသွားသည်။


ကျိအန်းနဥ်က သက်ပြင်းရှိုက်ပြီး ပြောသည်။


"ပျော်လို့ပါ..."


ဝမ်ယွီက သူမကို ပွေ့ဖက်ထားရန် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။


"မင်း ရှုချန်းကို အဲ့လောက်တောင် သဘောကျတယ်လား..."


“မဟုတ်ပါဘူး…” 


ကျိအန်းနဉ်ကခေါင်းကို ဝမ်ယွီပခုံးပေါ်မှီလိုက်ပြီး သူမ၏အသံက စိတ်လှုပ်ရှားမှုနှင့်အတူ လေးလံနေသည်။


 “ကျွန်မ ဝမ်းသာလို့ပါ ရှင်က ကျွန်မကို ခဏတာ ပျော်ရွှင်စေခဲ့တယ်..."


ဝမ်ယွီက ရယ်စရာကောင်းသည်ဟု ထင်လိုက်သည်။


 "ဟုတ်ပါပြီကွာ ဟုတ်ပါပြီ…"


ကျိအန်းနဥ်က သူ့ပခုံးပေါ်တွင်ခဏလောက်မှီနေလိုက်ပြီး ညဉ်းညူလာသည် ။


 "သူက တကယ်တော်တဲ့လူ..."


“ကိုယ်သိတယ် ကိုယ်သိတယ်...” 


ဝမ်ယွီက သူမကျောကိုသပ်၍ နှစ်သိမ့်ပေးသည်။


ရှုချန်းသည် နူးညံ့သိမ်မွေ့သော စိတ်နေစိတ်ထားရှိပြီး anime နှင့် ဂိမ်းလောကတွင် စိတ်နှစ်မြှုပ်ထားသည်။ သူ့ဘေးတွင် ရှိနေရသည်မှာ စိတ်အေးလက်အေး ဖြစ်ကောင်းဖြစ်နိုင်သည်ဖြစ်၍ ဝမ်ယွီကလည်း သူ့ကိုခင်သွားသည်ဟု နားမလည်နိုင်စွာ တွေးလိုက်မိသည်။


သို့သော် သူတို့က အရာအားလုံးကို ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်သော်လည်း ရှုချန်းက ကျိအန်းနဥ်နှစ်လသာအလုပ်လုပ်ခဲ့သည့်နေရာမှ ဆိုင်မန်နေဂျာတစ်ဦးသာဖြစ်သည်။ ကျိအန်းနဥ် ထိုနေရာမှ နှုတ်ထွက်ခြင်းကြောင့် မျက်ရည်ကျသည်က ဝမ်ယွီကို အံ့သြပြီး ရယ်မောလာစေသည်။


ကျိအန်းနဉ်မှာ ဒီလို စိတ်ကူးယဉ်ဆန်တဲ့ဘက်ခြမ်း ရှိတယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး...


သူမက ဘဝမုန်တိုင်းများကို ကြံ့ကြံ့ခံနိုင်နေသကဲ့သို့ တည်ငြိမ်ပြီး အခြားလူများနှင့် တသီးတသန့်ဖြစ်နေ၍ လူအများကြားထဲ သူမတစ်ယောက်တည်း ထင်ပေါ်နေသည်။ 


ယခုတွင် သူမက ငယ်ရွယ်သော မိန်းကလေးကဲ့သို့ ယုတ္တိမတန်သော ခံစားချက်များ ပေါက်ကြားလာသည်ကို မြင်လိုက်ရသည့်အခါ သူ့ သတိမထားမိဘဲ အံ့သြသွားမိသည်။


သူမနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာပြောင်းလဲသွားသလိုပင်။ နောက်ဆုံးတွင် သူမက သူမ၏အသက်အရွယ်မိန်းကလေးတစ်ဦး၏ ပုံမှန်အပြုအမူကို ပြသနေသကဲ့သို့ပင်ဖြစ်လာသည်


ကော်ဖီဆိုင်မှ နှုတ်ထွက်ရန် ကျိအန်းနဥ်၏ ဆုံးဖြတ်ချက်က ဝမ်ယွီအတွက် အမှန်တကယ် စိတ်သက်သာရာရစေခဲ့သည်။


သို့သော် ၎င်းက သူလုပ်ခဲ့သည့် ပထမဆုံးခြေလှမ်းသာဖြစ်သည်။


ဝမ်ယွီက အစီအစဉ်တစ်ခုကို ရေးဆွဲထားပြီးဖြစ်ကာ ကျိအန်းနဉ်၏ လက်ရှိအခြေအနေကို ပြောင်းလဲရန် အဆင့်ဆင့်လုပ်ဆောင်နေသည်။


ဝမ်ယွီ၏ ညွှန်ကြားချက်အတိုင်း Firewing ဓာတ်ပုံစတူဒီယိုမှ အရင်းအမြစ်များကို ကျိအန်းနဉ်ဆီသို့ သတိထားပြီး ခွဲဝေပေးခဲ့သည်။  နှစ်ပတ်ဆက်တိုက် သူမက ကြာသပတေးနေ့လည်ပိုင်းနှင့် ညနေပိုင်းများအပြင် စနေတနင်္ဂနွေနေ့လယ်ပိုင်းများတွင်ပါ အလုပ်လုပ်ရန် စီစဉ်ထားသည်။


ဝင်ငွေရှာခြင်းက ကျိအန်းနဥ်အားမယုံနိုင်လောက်အောင် ပျော်ရွှင်လာစေသည်။


ဒုတိယမြောက် တနင်္ဂနွေနေ့မွန်းတည့်ချိန်တွင် ဝမ်ယွီက သူမ အလုပ်ပြီးမည့်အချိန်ကိုမေးကာ လာကြိုရန်ခွင့်တောင်းသည်။ ကျိအန်းနဥ်က စိတ်လှုပ်ရှားစွာနှင့် ပြောလာသည်။


 "ရှင်ကျွန်မကိုလာခေါ်စရာ မလိုတော့ဘူး..ကျွန်မအခုလေးတင် နောက်ကျတဲ့အထိ ဈေးဝယ်ထွက်ဖို့လုပ်နေတာ..."


"ဟင် စျေးဝယ်ထွက်မလို့လား..."


ဝမ်ယွီ အံ့သြသွားသည်။


"ဟုတ်တယ်...ဟုတ်တယ်..." 


ကျိအန်းနဥ်၏စိတ်လှုပ်ရှားမှုက ဖုန်းမှတစ်ဆင့် ကူးပြောင်းသွားသည်။


ဝမ်ယွီက မရယ်ဘဲ‌မနေနိုင်တော့ကာ ပြောလာသည်။


 “မင်း ဈေးဝယ်ထွက်ရင် ကိုယ်မင်းကို လိုက်ပို့ပေးမယ်လေ...ကိုယ် မင်းကို ပစ္စည်းတွေသယ်ဖို့လည်း ကူညီပေးနိုင်ပါတယ်ကွာ..."


ခဏစဉ်းစားပြီးသည့်အခါ ကျိအန်းနဉ်က ဝမ်းသာအားရနှင့် ပြောလာသည်။


"ဟုတ်တယ်... ရှင်လာသင့်တယ်..."


ဖုန်းချပြီးနောက် ဝမ်ယွီ သူ့ပိုက်ဆံအိတ်ကို လက်ဖြင့် မပွတ်ဘဲ မနေနိုင်တော့ပေ။ သူမနှင့် တွေ့စဉ်ကတည်းက သူ့ပိုက်ဆံအိတ်ထဲရှိ အနက်ရောင်ကတ်ကို ကျိအန်းနဉ်ရှေ့တွင် မထုတ်ဖော်ရဲသေးပေ။


ဘယ်လိုတောင် သနားစရာကောင်းနေရတာလဲကွာ…



###