အပိုင်း ၁၅၁
Viewers 15k

Chapter 151

ဆုရတဲ့အတွက်ဂုဏ်ယူပါတယ်


မူရွှမ် အနီရောင်ဂြိုလ်မှထွက်လာကတည်းက ဆိုးရွားသည့်ခံစားချက်များရှိနေခဲ့သည်။ သူ၏ကလေးလေးကို အန္တရာယ်များမှရှောင်ရှားစေလိုခြင်းနှင့် စကြာဝဠာအတွင်းရှိဗဟုသုတများကို သိရှိစေလိုခြင်းကြောင့် ဤခရီးကို စီစဉ်ခဲ့သော်လည်း မည်သည့်အရာမှချောချောမွေ့မွေ့ဖြစ်မလာပေ။


သို့သော် အနည်းဆုံး သူမကောင်းကောင်းသင်ယူနိုင်ခဲ့ပေသည်။


ယခု မျိုးနွယ်အသစ်များနှင့်တွေ့သည့်အခါ၌ သူမဘက်က အလျင်စလို ချဉ်းကပ်ခြင်းမျိုးမလုပ်တော့ပဲ သူမှတ်စုပေးထားခဲ့သောအချက်အလက်များကို သေချာစွာကြည့်တတ်သည်။ ထိုကဲ့သို့ လိမ္မာကြိုးစားတတ်သော ကလေးလေးကြောင့် သူစိတ်ကျေနပ်နေမိသော်လည်း ဆက်တိုက်ပေါ်လာသောတခြားပြဿနာများကြောင့် သူ၏စိတ်ရှည်မှုကကြာရှည်မခံတော့ပဲ စကြာဝဠာတစ်ခုလုံးကို ရိုက်နှက်ပစ်ချင်နေမိသည်။


သောက်ကျိုးနည်း ဒီကောင်တွေကအဲ့လိုမသင့်လျော်တဲ့အတွေးမျိုးဘယ်တုန်းကတွေးမိသွားကြတာလဲ...


သူတို့ ရေမျိုးနွယ်စုနှင့် အခက်အခဲတချို့ကြုံခဲ့ရသည်။ သူမက ထိုရေမျိုးနွယ်အထီးတစ်ကောင်ကိုလွှမ်းမိုးနိုင်ခဲ့ပြီး ကိုယ်ဝန်ရစေခဲ့သည်။ သို့သော် သူမက သူ၏ကလေးလေးဖြစ်နေသောကြောင့် အပြစ်မယူပဲခွင့်လွှတ်နိုင်ပေသည်။


ထို့နောက် ဘယ်နေရာမှပေါ်ထွက်လာမှန်းမသိသော အာဗီဘုရင်မကရုတ်တရက်ပေါ်လာလေသည်။


နေပါဦး..... သူတို့မျိုးနွယ်ကသူတို့ဘုရင်မကိုအဖိုးထိုက်တန်တဲ့ပုလဲလုံးလေးလိုမျိုးယုယထားတာမဟုတ်ဘူးလား...သူမကမိခင်ဂြိုလ်ကနေ မထွက်ခွာတာတောင်နှစ်ပေါင်းရာချီပီမဟုတ်ဘူးလား.... ဘယ်လိုဖြစ်ပြီးတော့သူ့ရဲ့ကလေးလေးကိုလာလုနေရတာလဲ...


အဓိကအချက်က စစ်စစ်သည် ငယ်ငယ်လေးရှိသေးသည်။ သူမက သွေးစုပ်ဖုတ်ကောင်အဖြစ်အပြည့်အဝပြောင်းလဲခဲ့သည်မှာ နှစ်ဝက်ပင်မရှိသေးပေ။ သွေးစုပ်ဖုတ်ကောင်များအတွက် သူမက အလွန်ပင်ငယ်သည့် ကလေးလေးဖြစ်နေပြီး မူကြိုတွင်စာသင်ယူသင့်သည့်အရွယ်သာရှိသေးသည်။


သူက သူမကို သေသေချာချာဂရုတစိုက်ပိုးမွေးသလို မွေးမြူပြီး သူမကြောက်ရွံ့ထိတ်လန့်နေမည့် အန္တရာယ်တွေ့ကြုံနေမည်ကိုကြောက်ရွံ့နေပေသည်။ သူမအထီးကျန်ဆန်နေမည်ကိုပင်စိုးရိမ်ကာ အဖိုးတန်လေးလို ကြည့်ရှုစောင့်ရှောက်ခဲ့သည်။ ခြုံ၍ပြောရလျှင်သူ့၏ စစ်စစ်သည် အပြစ်ကင်းစင်သော ဘာမှမသိသည့်ကလေးလေးသာဖြစ်သည်။


ဒီမျိုးနွယ်တွေက... သူမရဲ့ဖြူစင်သန့်ရှင်းမှုတွေကိုဖျက်စီးလိုက်တာလား...သူတို့မှာအသိတရားမရှိကြဘူးလား.... သူတို့ကသူမကိုနမ်းဖို့သတ္တိရှိတယ်လား...တကယ်ကြီးနမ်းလိုက်တယ် နှစ်ကြိမ်တောင် နှစ်ကြိမ်....


သူတောင် သူမကိုနှစ်ကြိမ်ပဲနမ်းဖူးတာကို တခြားတယောက်ကဘယ်လိုလုပ်ပြီးသူမကိုနမ်းရဲရတာလဲ...


ထိုအဖြစ်အပျက်ကိုသတိရလိုက်သည်နှင့် သူ့၏စိတ်ထဲ၌သတ်ဖြတ်ချင်သောဆန္ဒတစ်ခု ထိုးထွက်လာလေသည်။


စကြာဝဠာတခုလုံးက သူ့ကိုဆန့်ကျင်နေတာပဲ...


"မူရွှမ် ဘုရင်မက ငါ့ရဲ့အရည်အချင်းတွေကြောင့်သဘောကျသွားတယ်လို့ထင်လား..."


အခြေအနေများတည်ငြိမ်သွားပြီးနောက် ယောင်စစ် မူရွှမ်၏လက်ကိုဆွဲကာ‌မေးလိုက်သည်။ ဘုရင်မ၏စွဲမက်ဖွယ်ရာအလှတရားကိုပြန်ပြီးသတိရမိနေသည်။ ဘုရင်မ၏ညှိ့ယူနိုင်စွမ်းသည် တခြားသူများအပေါ်တွင်သက်ရောက်မည်ဖြစ်သော်လည်း ယောင်စစ် ၏တန်ပြန်နိုင်စွမ်းကြောင့် သူမအပေါ်ပြန်၍သက်ရောက်သွားခြင်းမျိုးလဲဖြစ်နိုင်သည်။


ဤတစ်ချက်မှလွဲ၍ လျန်ယု သူမကိုဘာကြောင့်အရူးအမူးသဘောကျသွားသည်ဆိုသည်ကိုမရှင်းပြနိုင်ပေ။


"ငါ ငါသိသလောက်ကတော့သူကလည်း ငါ့လိုမိန်းမတယောက်ပါပဲ...သူကငါ့ကိုမြင်မြင်ချင်းကြွေသွားတာပဲဖြစ်ရမယ်...သူမကတော်တော်လေးလှပါတယ် ဒါပေမဲ့..."


"လှတယ် ဟုတ်လား..."


သူမစကားမဆုံးခင် မူရွှမ်၏တင်းမာလှသောအသံက ကြားဖြတ်ဝင်ရောက်လာသည် ပတ်ဝန်းကျင်တစ်ခုလုံး အေးခဲသွားသလို ခံစားလိုက်မိ၏။ယောင်စစ်ရပ်တန့်သွား၏။


"ငါပြောတာတခုခုများမှားသွားလို့လား..."


"စစ်စစ် မင်းကအရမ်းငယ်သေးတယ် တခြားသူတွေရဲ့လှည့်စားမှုကိုမခံနဲ့..."


ဒီမျိုးနွယ်တွေကတော့သူ့ကလေးလေးကိုလမ်းလွဲသွားစေတာပဲ...

မူရွှမ် ယောင်စစ်၏လက်ကိုဆွဲကိုင်လိုက်သည်။


"စစ်စစ် လူတယောက်ရဲ့အသွင်အပြင်ကိုမြင်ရုံနဲ့ဆုံးဖြတ်လို့မရဘူး...အာဗီတွေကအမြဲတမ်းတမူထူးခြားတဲ့မျိုးနွယ်ပဲ..."


"ထူးခြားတယ်ဟုတ်လား.... ဘယ်လိုထူးခြားတာမျိုးလဲ..."

ယောင်စစ်ငြိမ်သက်သွားသည်။


သူမရဲ့စွမ်းရည်ထက်များထူးခြားတာရှိသေးလို့လား...


"သွေးဆောင်ဖြားယောင်းတဲ့စွမ်းရည်က သူတို့ရဲ့မွေးရာပါစွမ်းရည်မျိုးပဲ...အဲ့ဒီ့အပြင် ကျိန်စာတိုက်ခြင်း၊ ဝိဉာဉ်ဝါးမြိုခြင်း အဲ့ဒီ့လိုမျိုးအစွမ်းတွေလညရှိတယ်...တချို့အာဗီတွေကသူတို့ရဲ့ကိုယ်ပိုင်စွမ်းရည်ကိုထုတ်ဖော်နိုင်ခြင်းမရှိဘူး...

ဒါပေမဲ့ တချို့အာဗီတွေကျတော့လဲသူတို့ရဲ့စွမ်းရည်ကိုရှာမတွေ့သေးသလိုမျိုးလွယ်လွယ်ကူကူနဲ့ထုတ်မပြတတ်ကြဘူး..."


"ပြီးတော့မျိုးနွယ်တွေအားလုံးထဲမှာ အာဗီတွေက စစ်တိုက်ရတာကိုအကြိုက်ဆုံးပဲ...စကြဝဠာစစ်ပွဲကြီးသုံးခုမှာ နှစ်ခုကသူတို့မျိုးနွယ်ကအစပြုခဲ့တာပဲ...ဒါကြောင့် အဲ့ဒီ့မျိုးနွယ်နဲ့ဝေးဝေးရှောင်သင့်တယ်..."


"ဟာ...ငှက်မွှေးတောင်မျိုးနွယ်တွေကအဲ့လောက်တောင်ကြမ်းကြုတ်တာပဲလား...ဒါပေမဲ့လဲဘုရင်မကိုကြည့်ရတာအဲ့တာနဲ့လုံးဝမတူသလိုပဲ..."


"အာဗီတွေမှာစွမ်းရည်အမျိုးမျိုးလဲရှိကြတယ်...သွေးစုပ်ဖုတ်ကောင်တွေတောင်မှသူတို့နဲ့မယှဉ်နိုင်ဘူး..."


"ဘာဖြစ်တယ် ငါတို့တောင်မယှဉ်နိုင်ဘူး ဟုတ်လား ..."


ယောင်စစ် အံ့အားသင့်သွားသည်။


"ဒါဆိုရင် သူတို့ကိုကြောက်စရာအကောင်းဆုံးမျိုးနွယ်လို့ယူဆလို့ရလား..."


မူရွှမ်ထိုအခွင့်အရေးကိုအသုံးချ၍ သူ့၏သားပေါက်လေးကို လုယူချင်နေသောမျိုးနွယ်ကိုနှိပ်ကွပ် ရန်ပြင်လိုက်သည်။ သူခဏမျှတုံ့ဆိုင်သွားပြီးသည်နှင့်ပြတ်ပြတ်သားသားခေါင်းညိမ့်ပြလိုက်သည်။


"ဟုတ်တယ်..."


ယောင်စစ်ခေါင်းညိမ့်လိုက်သည်။


"ဟုတ်ပြီ ငါနားလည်ပါပြီ...ငါအခုထဲကသူတို့နဲ့ကင်းကင်းရှင်းရှင်းနေမယ်..."

ဟုတ်တယ်လေသူတို့ကအန္တရာယ်ရှိတဲ့မျိုးနွယ်ဆိုတာထင်ရှားနေတာပဲ...


"အင်း..."


မူရွှမ်၏ပတ်ပတ်လည်ရှိအေးစက်သောအငွေ့အသက်များ ပျောက်ကွယ်သွားသည်။ ကံကောင်းထောက်မစွာဖြင့် သူ့၏ကလေးလေးက လမ်းကြောင်းမှန်ပေါ်ပြန်ရောက်ရှိသွားပေပြီ။

သူ့ကလေးလေးကို လုယူသွားလို့ဘယ်တော့မှ မရစေရဘူး...


"....." မျက်မြင်တွေ့ကြုံနေရမှုများကို အသဲအသန်ဖိနှိပ်ထိန်းချုပ်ထားရသော လုချန်း...


အမေရေဒီမှာလာကြည့်လှည့်ပါဦး.... ဒီလောက်နှစ်တွေအများကြီးကြာပြီးတဲ့နောက်မှာတော့သွေးစုပ်ဖုတ်ကောင်တစ်ယောက်က တခြားသူကိုအန္တရာယ်ရှိတယ်လို့ပြောတာကိုကြားဖူးခဲ့ပြီ...


အာဗီမျိုးနွယ်များတွင် မည်မျှပင်စွမ်းဆောင်ရည်ရှိစေကာမူ မွေးကတည်းကရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု sssအဆင့်ဖြင့်မွေးလာသောသွေးစုပ်ဖုတ်ကောင်များကိုမည်ကဲ့သို့ယှဉ်နိုင်မည်နည်း။သူတို့၏စွမ်းရည်များကိုထုတ်သုံးလိုက်ပါကတိုက်ခိုက်မှုတချက်ဖြင့်ပင်ဖြေရှင်းနိုင်ပေသည်။


ဒါနဲ့....နေစမ်းပါဦး...သူတို့ရဲ့ဘော့စ်ကအဲ့ဒီ့စကားကိုတကယ်ကြီးယုံကြည်နေတာလား...ငါဒီအကြောင်းကိုများဖွလိုက်မယ်ဆိုရင်ဝင်ငွေတွေများတိုးလာမလား...


သုံးယောက်သား တစ်ပတ်လုံးလုံးယာဉ်ပျံဖြင့်ခရီးနှင်လာပြီးနောက် နောက်ဆုံးတွင်ကောင်းကင်ဘုံဂြိုလ်သို့ရောက်ရှိလာခဲ့ပေပြီ။ အဓိကဂြိုလ်ကြီးများထဲတွင် ဤဂြိုလ်ကအလှဆုံးတခုထဲပါဝင်ကြောင်းကို လုချန် ရှင်းပြပြောဆိုနေလိုက်သည်။ အများပြည်သူဆိုင်ရာနယ်မြေတစ်ခုဖြစ်နေပြီး မည်သည့်မျိုးနွယ်နဲ့မှပတ်သတ်ခြင်းမရှိပေ။ ထိုနေရာ၌ရှားပါးအဖိုးတန်လှသောပစ္စည်းများကိုလဲတွေ့နိုင်ပေသည်။


ဒါပေါ့ စျေးနှုန်းကလဲ မသက်သာပေ...

ကြုံရာခွက်တခုကိုဆွဲယူလိုက်လျှင်ပင် စျေးနှုန်းက ပါးစပ်အဟောင်းသားလပွင့်သွားရလောက်အောင် ကြီးမြင့်နေပေသည်။ ထိုနေရာကိုစကြာဝဠာတခုလုံး၏ ဇိမ်ခံအပန်းဖြေနေရာတစ်ခု အဖြစ်ပင်တွေးနိုင်ပေသည်။ မျိုးနွယ်စုတစ်ခု၏ နေထိုင်ရာဂြိုလ်တစ်ခု မဟုတ်သော်လည်း မူရွှမ်က ကြယ်စုသုံးခုကိုဖြတ်သန်းလာရသည့် အကြောင်းပြချက်ကတစ်ခုသာရှိသည်။


အလုပ်နှင့်အပန်းဖြေခြင်းကိုညီညီမျှမျှထားရမယ်လေ...


ယောင်စစ်ကလည်း ငြင်းဆန်ခြင်းမရှိပေ။ သင့်တော်သည့်အချိန် သင့်တော်သည့်နေရာတွင် အနားယူခြင်းကလည်း ကောင်းမွန်သည့်အကြံတစ်ခုဖြစ်လေသည်။ ကောင်းကင်ဘုံဂြိုလ်ဆိုသည်ကို သူမရင်းနှီးနေပုံရသော်လည်း မည်သည့်နေရာတွင် ရင်းနှီးခဲ့မှန်းကိုမမှတ်မိနိုင်ပေ။ ဤသည်က ယခင် သူတို့သွားရောက်ခဲ့သည့်ဂြိုလ်များနှင့်မတူညီပေ။


သူတို့ အာကာသစခန်းတစ်ခုတွင် ရပ်တန့်ခဲ့ရပြီး လုပ်ရိုးလုပ်စဉ်များကို လုပ်‌ဆောင်ပြီးမှသာလျှင် ဂြိုလ်သို့ဝင်ရောက်ခွင့်ရလေသည်။ထိုအခါမှသာ ယောင်စစ်တစ်ယောက်ဂြိုလ်၏မြင်ကွင်းကိုအပြည့်အဝ မြင်ခွင့်ရလေသည်။


၎င်းဂြိုလ်သည် အရောင်တူညီနေသည့် နေရာမရှိသောကြောင့် ရောင်စုံဆေးဖြင့်ပက်ဖျန်းခံထားရသလိုမျိုးထင်ရသည်။ အာကာသစခန်းတွင် ဖောက်ထွင်းမြင်နေရသော ပေါ်တယ်တခုရှိနေသောကြောင့် ဖြတ်သန်းသွားလာစဉ်တွင်အရာအားလုံးကိုရှင်းရှင်းလင်းလင်းမြင်နေရသည်။ ယောင်စစ် မြင်တွေ့နေရသော ရှုခင်းများကြောင့် အံ့အားသင့်သွားရသည်။


ဤနေလရာကဇိမ်ခံနေရာဟုဆိုသည့်အတိုင်းလေထုထဲ၌ပင် ငွေရနံ့များပါလာသလိုထင်မိ၏။ ဤဂြိုလ်ကသူမရောက်ရှိခဲ့ဖူးသောစည်ကားဖွံ့ဖြိုးလှသည့် ဂြိုလ်ကြီးများနှင့် မတူပေ။ သူမကိုအံအားသင့်စေသည်မှာလမ်းများပေါ်တွင်လည်း လူများပြည့်သိပ်နေခြင်းမရှိပဲဆိုင်များသည်လဲတိတ်ဆိတ်နေသည်။ သို့သော်သူတို့ကထိုကဲ့သို့အရောင်းအဝယ်နည်းပါးနေခြင်းကိုစိုးရိမ်ပူပန်နေပုံမပေါ်ပေ။


အပြင်ပန်းမှကြည့်မည်ဆိုလျှင် ၎င်းတို့ကိုဆိုင်ဟုပင်မထင်ရပေါ ကောင်းကင်ယံတွင်လဲကြော်ငြာများနှင့်ဖုံးလွှမ်းမနေသလို မူရွှမ်၏အယောင်ဆောင်ထားသော...ကောင်းပြီ....သူတို့တချို့ကိုတော့တွေ့နေရပေသေးသည်။


"အဲ့ဒါဘာလဲ..."


ယောင်စစ် ညာဘက်သို့ညွှန်ပြလိုက်သည်။ ထိုနေရာတွင် 'မိသားစုဆီသို့တံတားငယ်' ဆိုသည့်ဆိုင်တစ်ခုရှိနေသည်။ ၎င်းကသန့်ရှင်းသပ်ရပ်ပြီးလအသွင်အပြင်ထင်ရှားသည့် တခြားဆိုင်များနှင့်ယှဉ်လိုက်လျှင်လအနည်းငယ်ရှေးကျနေလေသည်။ ဆိုင်အတွင်းပိုင်းသည်လည်း မြူခိုးများကျရောက်နေသလိုမျိုးအုံ့မိုင်းနေသည်။


"သွားကြည့်ကြရအောင်..."


မူရွှမ်လည်း စိတ်ဝင်စားမှုဖြင့်ယောင်စစ်၏လက်ကိုဆွဲခေါ်သွားလိုက်သည်။


"ကြိုဆိုပါတယ်..."


ဆိုင်ထဲသို့ဝင်လိုက်သည်နှင့် ဝန်ထမ်းတစ်ယောက်က ပြုံးရွှင်ချိုသာစွာဖြင့် နှုတ်ဆက်လာလေသည်။ အထဲရောက်သည်နှင့် ၎င်းကပန်းဆိုင်တစ်ဆိုင်ဖြစ်မှန်းသိလိုက်ရလေသည်။ တချို့ပန်းများက သူမအရပ်ထက်ပင် ရှည်လျားနေပြီး တချို့ကပုံသဏ္ဏန်မဖော်နိုင်လောက်အောင် သေးငယ်လှသည်။


"လူကြီးမင်းလိုချင်တာတစ်ခုခုများရှိပါသလား..."


အရောင်းဝန်ထမ်းက ပြုံးရွှင်စွာဖြင့်မေးလိုက်သည်ာ ယောင်စစ်မျက်မှောင်ကြုတ်လိုက်မိသည်။ သူမဝင်လာမိသည်ကို နောင်တရနေမိ၏။ ၎င်းကယခင်ကလချွီဇယ်၏စနောက်မှုကြောင့်လည်း ဖြစ်နိုင်ပေသည်။ သူမတွင် ပန်းဖိုဘီယာတခုဆွဲကပ်သွားပုံရ၏။ ပန်းများကိုမြင်တိုင်းစိတ်မသက်မသာခံစားရနေသည်။ သို့သော် သူမတို့ ယခုမှဝင်ရောက်လာခြင်းဖြစ်သောကြောင့် ချက်ချင်းထွက်သွားဖို့မကောင်းပေ။


ကံကောင်းထောက်မစွာဖြင့် ဆိုင်ထဲတွင်ပန်းများသာမက ပစ္စည်းများလည်း ရှိနေပေသေးသည်။ ယောင်စစ်ကြုံရာပစ္စည်းတစ်ခုကိုရွေးချယ်လိုက်သည်။


"ကျွန်ုပ်တို့၏ချစ်လှစွာသောဝယ်သူ ဒီနေ့ကဆိုင်ဖွင့်ပွဲနေ့အထိမ်းအမှတ်ဖြစ်တာကြောင့်ကံစမ်းမဲပါဝင်ခွင့်ရပါတယ်..."


ကဒ်ပြားတစ်ခုကိုညွှန်ပြ၍ပြောဆိုလာလေသည်။


"လူကြီးမင်းရဲ့ကွန်ပြူတာလက်ပတ်နဲ့ ဒီအချက်အလက်တွေကိုစကန်ဖတ်ဖို့ပဲလိုပါတယ်...ပထမဆုကတော့သက်တန့်ရေကန်ဝင်ခွင့်အခမဲ့ပါ..."


"ဝိုး...ဒါကအပိုခံစားခွင့်မျိုးလား...ဒါပေမဲ့သက်တန့်ရေကန်ဆိုတာကဘာလဲ..."


"သက်တန့်ရေကန်ဆိုတာကကောင်းကင်ဘုံဂြိုလ်ရဲ့အကောင်းဆုံးရေကန်တခုပဲ..."


စကြာဝဠာထဲတွင် အထူးချွန်ဆုံးအလုပ်သမားလေးဖြစ်သော လုချန်ကဝင်ရောက်ရှင်းပြလိုက်လေသည်။


"စကြာဝဠာတစ်ခုလုံးမှာ အဆင့်မြင့်ဆုံးဆောက်အဦးတွေ အကောင်းဆုံးရှုမြင်ကွင်းတွေလည်းရှိပြီး ဒဏ္ဏာရီလာပြန်လည်ကုစားခြင်းစွမ်းရည်တွေလဲရှိတယ်လို့ဆိုကြတယ်...ဒါကကောင်းကင်ဘုံတစ်ခုလုံးမှာအကောင်းဆုံးနေရာလို့လည်းသတ်မှတ်ထားကြတယ်...နေရာလေးတစ်ခုရဖို့အတွက်တောင်မှလေးငါးနှစ်လောက်စောင့်ရလေ့ရှိတယ်.... ဒါကြောင့်မို့ဒါကထွက်ရကျိုးနပ်တဲ့ခရီးတခုဖြစ်လာတော့မှာပဲ..."


"ဒါက ရေချိုးတဲ့နေရာတစ်ခုမဟုတ်ဘူးလား...‌ရေချိုးတဲ့နေရာတစ်ခုကိုဘာကြောင့် တန်းစီဖို့လိုသေးတာလဲ...ဒါဆိုလဲငါတို့ကံစမ်းကြစို့..."


သို့သော် သူမကထိုကဲ့သို့နေရာမျိုးတွင်ကံမကောင်းတတ်ပေ။


"ရှင်တို့ပဲအရင်ကံစမ်းလိုက်ကြ ကျွန်မကဒီနေရာတွေမှာကံမကောင်းတတ်ဘူး..."


လုချန် ခေါင်းညိမ့်လိုက်ပြီး သူ့၏ကွန်ပြူတာလက်ပတ်ဖြင့် စကန်ဖတ်လိုက်ကာ ကြုံရာကဒ်တကဒ်ကိုထိလိုက်သည်။


[ဒင်...ဧည့်သည်လုချန်းက ဆယ်လ်ဗီယံခေါင်းလောင်းပန်းကိုရရှိပါတယ် ကျေးဇူးတင်ပါတယ်...]


"ထင်ထားတဲ့အတိုင်းဘာမှမဟုတ်ဘူးပဲ..."


မူရွှမ် သူ့လက်ကိုမြှောက်ပြီး စကန်ဖတ်လိုက်သည်။


[ဒင်...ဧည့်သည် မူရွှမ်သည် သွေးရောင်ပန်းကိုရရှိပါတယ် ကျေးဇူးတင်ပါတယ်...]


"ဘာမှမဟုတ်ပြန်ဘူးပဲ..."


ယောင်စစ် များများစားစားမမျှော်လင့်ထားတော့ပဲ သူမ၏လက်ကိုအသာမြှောက်ကာ ဖြတ်ဆွဲလိုက်သည်။


[ဒင်...ဧည့်သည်ယောင်စစ်သည် ရှေးဟောင်းမြစိမ်းပန်းကိုရရှိပါတယ်...]


"ဂုဏ်ယူပါတယ် လူကြီးမင်းပထမဆုကိုရရှိသွားပါပြီ..."


စက်မှ ကြေညာသံမဆုံးခင်မှာပင် အရောင်းဝန်ထမ်းလေး၏ အသံထွက်ပေါ်လာပြီး သူမကချက်ချင်း စက်ခလုတ်ကိုပိတ်လိုက်သည်။ထို့နောက် ယောင်စစ်ကိုဆွဲလိုက်ပြီး...


"ဒီမှာလူကြီးမင်းရဲ့ သက်တန့်ရေကန်ဝင်ခွင့်လက်မှတ်ပါ စစ်ဆေးကြည့်ပါဦး..."


ယောင်စစ်၏ ကွန်ပြူတာလက်ပတ်မျက်နှာပြင်ပေါ်တွင် ပန်းရောင်လက်မှတ်တစ်ခုဝင်ရောက်လာသည်ကိုတွေ့လိုက်ရသည်။


"ဟမ် ငါနိုင်သွားတာလား..."


(⊙_⊙)


ဒါပေမဲ့ ဒါကဘယ်လိုကြီးတုန်း စက်ကနေကြော်ငြာလိုက်တာက ငါပန်းတစ်ပွင့်ရသွားတယ်လို့ကြော်ငြာတာမဟုတ်ဘူးလား...