Chapter 153
ဘုရင်မ၏လေ့လာမှု
ယောင်စစ် သူမ၏ကွန်ပြူတာလက်ပတ်ကိုချက်ချင်းဖွင့်ကာ မူရွှမ့်ကို ဆက်သွယ်လိုက်သည်။ သို့သော် မည်သည့်တုံ့ပြန်မှုမှမရှိပေ။မြူခိုးများကလည်း ထူထပ်သိပ်သည်းလှ၏။
"ဒါဘယ်လိုရာသီဥတုမျိုးလဲ..."
ယောင်စစ်ပတ်ဝန်းကျင်ကိုစူးစမ်းကြည့်လိုက်၏။ သူမထွက်ခွာရမည့်လမ်းကြောင်း သို့မဟုတ် တစ်ယောက်ယောက်နဲ့အဆက်အသွယ်ရဖို့မျှော်လင့်နေမိသည်။သို့သော်လည်း မြူခိုးများကအလွန် ထူထပ်ကျယ်ပြန့်နေပြီး မိနစ်သုံးဆယ်ကြာလျှောက်ပြီးသည်အထိ ပိတ်မိနေတုန်းပင်ဖြစ်သည်။
ရုတ်တရက် မြူခိုးများကြားထဲမှလိမ္မော်ရောင်အလင်းရောင်နှစ်ခုကို တွေ့လိုက်ရသည်။
"အဲ့တာတွေက လမ်းမီးအိမ်တွေလား..."
ယောင်စစ် ထိုနေရာသို့ ဦးတည်သွားလိုက်သည်။ လျှောက်လာရင်မြူများက တဖြေးဖြေးချင်း ပါးလွှာလာသည်ကို သတိပြုမိလိုက်၏။ဆယ်မိနစ်ခန့်ကြာပြီးနောက် နေရာတစ်ခုလုံးမြူများကင်းရှင်းသွားကာ သူမရှေ့တွင်ရှေးဟောင်းပုံစံအိမ်တလုံးပေါ်လာလေသည်။ ၎င်း၏ရှေ့တွင် ချိတ်ဆွဲထားသောရွှေရောင်ဆိုင်းဘုတ်၌ 'သက်တန့်ရေကန်' ဟူသောစာလုံးနှစ်လုံးကိုရေးထိုးထားသည်။
ယောင်စစ် နှုတ်ခမ်းများတွန့်လိမ်သွားလေသည်။
သူတို့က ကာစတမ်မာကိုအတင်းအကြပ်ခေါ်လာတာလား...ပထမဆုံးထူးဆန်းတဲ့ ကံစမ်းမဲတွေပေးတယ် နောက်ပြီးတော့လမ်းမီးအိမ်လေးနဲ့လမ်းပြတယ်...သူမ ရေမချိုးချင်ပါဘူးဆိုတာတောင်မှ ပြောလို့မရဘူးလား...
သူမအတွင်းစိတ်ထဲ၌ ကျယ်လောင်စွာငိုကြွေးနေချိန်တွင် ကြီးမားလှသောတံခါးနှစ်ချပ် ပွင့်ဟသွားသည်။ ၎င်းကခေါင်းမော့ထားလျှင်ပင် ထိပ်ဆုံးကိုမမြင်ရလောက်အောင်ကြီးမားလှသည်။ ထို့နောက်မြူခိုးများဖုံးလွှမ်းသွားပြန်ပြီးရေစက်များကျဆင်းလာသည်။
"ကြိုဆိုပါတယ်..."
ချိုမြန်လှသော အီလက်ထရောနစ်အသံလေး ထွက်ပေါ်လာပြီး ယောင်စစ်ရှေ့တွင်အနည်းငယ်လင်းလက်လာလေသည်။ထို့နောက် ဘယ်ဘက်ကို ညွှန်ပြနေသောအစိမ်းရောင်မြှားလေးတစ်ခု ထွက်ပေါ်လာ၏။
"ချစ်လှစွာသော ဧည့်သည်အထဲကိုဝင်ခဲ့ပါ..."
ဒါက သူတို့ဧည့်သည်ကိုကြိုတဲ့နည်းလမ်းလား...ဒီသက်တန့်ရေကန်ကအလုပ်သမားထားဖို့မလိုအပ်ဘူးလား....
ယောင်စစ် သူမ၏ကွန်ပြူတာလက်ပတ်ကိုကြည့်လိုက်သော်လဲမည်သည့်ဆက်သွယ်မှုမှ မတွေ့သေးပေ။ နောက်သို့လလှည့်ကြည့်လိုက်သည့်အချိန်၌ မြူခိုးများက ပိန်းပိတ်အောင်ထူထပ်နေပြီး မူရွှမ်နှင့်တခြားသူများကို ခက်ခက်ခဲခဲရှာဖွေရပေလိမ့်မည်။ နောက်ဆုံး၌ သူမမြှားအတိုင်းလိုက်ပြီး အထဲကိုဝင်လိုက်သည်နှင့် မြင်ကွင်းက ပြောင်းလဲသွားသည်။
ကြည်လင်သန့်ရှင်းနေသောရေနှင့် အစိမ်းရောင်သန်းနေသော တောင်ကုန်းများရှိသည့် သာယာလှပသော ကျေးလက်ဒေသလေးတခုသို့ပြောင်းရွှေ့ခံလိုက်ရသလိုပင်။ သူမ၏ ပတ်ပတ်လည်တွင် အရွယ်အစားအမျိုးမျိုးရှိသော ဆန်းကျယ်လှသည့် သစ်ပင်ပန်းပင်များ၊ တိရိစ္ဆာန်ငယ်များနှင့် ဆိုဒ်စုံရှိသောရေပူစမ်းရေချိုးကန်များ ဝန်းရံထားသည်။
၎င်းက ရေချိုးခန်းနှင့်မတူပဲ နောက်ထပ်ကမ္ဘာမြေသစ်တခုနှင့် တူနေလေသည်။
"ဇိမ်ခံဂြိုလ်တစ်ခုဖြစ်ဖို့ တကယ့်ကို ထိုက်တန်တာပဲ...ဒီလိုပြင်ဆင်ထားတာတွေကို ကြည့်လိုက်တာနဲ့ ကုန်ကျစရိတ်က မနည်းဘူးဆိုတာသိနိုင်တယ်..."
ထူးဆန်းသည်မှာ ခွေးတစ်ကောင်ကြောင်တမှီးမှမတွေ့ရခြင်းပင်။ လမ်းညွှန်မြှားလေးက ဦးတည်ချက်ပြောင်းသွားပြီးနောက် သေးငယ်သော လမ်းကြောင်းလေးတစ်ခုသို့ညွှန်ပြလာလေသည်။ ယောင်စစ် မြှားအတိုင်း လိုက်လျှောက်လာပြီး လမ်းချိုးအနည်းငယ် မျှချိုးကွေ့ပြီးနောက် အိမ်တစ်ခုဆီသို့ရောက်လာလေသည်။ ၎င်း၏ဘေးနားတွင် 'ဖီးနစ်ရေချိုးကန် အထက်တန်းကျကျဇိမ်ခံအခန်း' ဟုရေးထိုးထားသည်ကို တွေ့လိုက်ရသည်။
ထိုအိမ်လေးက သိပ်မကြီးသော်လည်း သူမဖြတ်သန်းခဲ့သော တခြားနေရာများထက် ပို၍ သပ်ရပ်တောက်ပြောင်နေသည်။ ၎င်းကဟိုတယ်၏ အထူးခန်းနှင့် ယှဉ်နိုင်ပေသည်။ယောင်စစ် ပထမဦးစွာ သူမ၏ပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်လိုက်သည်။ နေရာတစ်ခုလုံးကတိတ်ဆိတ်ငြိမ်သက်နေပြီး အထဲတွင်တစ်ယောက်မှရှိမည့်ပုံမပေါ်ပေ။
သူမ ခဏမျှစဉ်းစားကြည့်ပြီးနောက် တစ်ယောက်ယောက်ကို တွေ့လိုတွေ့ငြား လျှောက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။သို့သော် သူမလှည့်လိုက်သည်နှင့် မြင်ကွင်းကဝေဝါးသွားပြီး အိမ်ကိုညွှန်ပြထားသည့် မြှားတစ်စင်းသာ သူမရှေ့တည့်တည့်၌ ထွက်ပေါ်လာလေသည်။ ၎င်းကသူမသွားရာလမ်းကြောင်းကို အဟန့်အတားဖြစ်စေလေသည်။ ထို့နောက် ရင်းနှီးကျွမ်းဝင်နေသောအသံထွက်ပေါ်လာသည်။
"ချစ်လှစွာသောဧည့်သည်ကျေးဇူးပြု၍အထဲကိုဝင်ပါ... ချစ်လှစွာသောဧည့်သည်ကျေးဇူးပြု၍အထဲကိုဝင်ပါ..."
"ဘာလို့များအထဲမှာ ထောင်ချောက်တခုခုများရှိနေတယ်လို့ခံစားနေရတာပါလိမ့်..."
ယောင်စစ် ထိုအိမ်ထဲသို့ ဝင်ရန်ရည်ရွယ်ချက်မရှိပေ။ ညွှန်ပြနေသောမြှားများကို လျစ်လျူရှုပြီး ဘေးနားရှိ လမ်းကျဉ်းလေးဆီသို့ လျှောက်သွားလိုက်သည်။ သို့သော် မိနစ်အနည်းငယ်မျှအကြာတွင် ထိုအိမ်ဆီသို့သာ ပြန်ရောက်လာလေသည်။ သူမအရှုံးမပေးချင်သေးပဲနောက်ထပ်မည်သည့်လမ်းကိုပဲရွေးလျှောက်ပါစေ ထိုအိမ်နေရာသို့ပင်ရောက်ရှိလာသည်။
လမ်းကြောင်းက ဖိအားပေး၍ ထိုအိမ်ရှိရာဆီသို့ ခေါ်ဆောင်သွားလေသည်။
"ဖာ့ချ..."
ယောင်စစ်ခမ်းနားထည်ဝါစွာပြင်ဆင်ထားသော အိမ်လေးကို လှမ်းကြည့်လိုက်သည်။
"ထားလိုက်တော့...ဒါကထောင်ချောက်ဖြစ်နေတယ်ဆိုရင်တောင်မှပဲ...ဒီဘေးပတ်လည်မှာယောင်တောင်ပေါင်တောင် လျှောက်သွားနေတာထက်တော့ သာပါသေးတယ်..."
သူမ အံတင်းတင်းကြိတ်၍ အထဲသို့လှမ်းဝင်လိုက်သည်။ အတွင်းပိုင်းသည် အပြင်ပိုင်းအပြင်အဆင်နှင့်မတူပေ။ အတွင်း၌အငွေ့များထနေသည့် ရေပူစမ်းကန်တစ်ခုသာရှိနေသည်။ အရောင်အသွေးစုံလင်လှသော ပန်းပွင့်ချပ်ကလေးများက ရေမျက်နှာပြင်ပေါ်တွင်ဖုံးလွှမ်းနေပြီး ရေစက်ကျသံလေးများကိုလည်း ကြားနေရသည်။
"အိုး...တစ်ယောက်ယောက်ရှိနေတာပဲ..."
သူမ အနီးကပ်ကြည့်ရှုလိုက်သည့်အချိန်၌ ရေချိုးကန်ထဲရှိ သုံးမီတာအကွာလောက်တွင်ကိုယ်တပိုင်းနစ်မြုပ်နေသော တစ်စုံတစ်ယောက် ရှိနေသည်။ ဖြူဖွေးနူးညံ့သော အသားအရေနှင့် နက်မှောင်သောဆံကေသာရှိနေသောကြောင့် အမျိုးသမီးတစ်ဦးဖြစ်နိုင်ပေသည်။
"တဆိတ်လောက်..."
ယောင်စစ် စကားပြောတော့မည့်အချိန်တွင် ထိုအမျိုးသမီးက ရုတ်တရက်လှည့်လာပြီးထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ ထို့နောက် သူမ၏ရင်သားနှစ်ဖက်ကို လက်ဖြင့်ပွေ့ယှက်လိုက်ပြီး ရေထဲသို့ပို၍နစ်မြုပ်လိုက်သည်။ သူမ၏မျက်နှာတွင်လည်း ထိတ်လန့်ခြောက်ခြားမှုများပြည့်နှက်နေသည်။
"ဟမ်...ဒီအခြေအနေကဘာလဲဟ..."
"နင်ငါရေချိုးတာကိုချောင်းကြည့်ရဲတယ်လား..."
ထိုအမျိုးသမီးက မှော်ဆန်ဆန်ထွက်ပေါ်လာသော ပဝါတထည်ဖြင့် သူမ၏ကိုယ်ကို အုပ်ကာလိုက်ပြီး ယောင်စစ်ကိုတုန်တုန်ယင်ယင်ဖြင့်လက်ညှိုးထိုးထားလေသည်။
"ဟမ်..."
ယောင်စစ်အံ့အားသင့်သွားသည်။
ဘယ်သူကနင့်ကိုချောင်းကြည့်လို့လဲ...
"မိန်းကလေးအထင်လွဲနေတာပါ ကျွန်မကလည်း ဧည့်သည်တယောက်ပါ..."
သို့သော် ထိုအမျိုးသမီးက ယောင်စစ်၏ရှင်းပြချက်ကိုဂရုမစိုက်ပဲ မျက်နှာကိုလက်ဝါးဖြင့်အုပ်ကာငိုရှိုက်လာလေသည်။
"အခုကျွန်မ တခြားသူတွေနဲ့ဘယ်လိုမျိုးမျက်နှာချင်းဆိုင်ရတော့မလဲ...ကျွန်မရဲ့ခန္ဓာကိုယ်ကိုမြင်ပြီးသွားပြီဆိုတော့...လက်ထပ်ပြီးတာဝန်ယူဖို့ကလွဲပြီးတခြားနည်းလမ်းမရှိတော့ဘူး..."
ဟမ် စကြာဝဠာမှာဒီလိုရှေးရိုးဆန်တဲ့မျိုးနွယ်ရှိသေးလို့လား...
ယောင်စစ် ပြောစရာစကားမဲ့နေသည်။
"အခုတော့ ကျွန်မရဲ့အပြစ်ကင်းစင်မှုကို ပြဖို့အတွက် ရှင်နဲ့လက်ထပ်ဖို့ပဲတတ်နိုင်တော့တယ်..."
သောက်ကျိုးနည်းအခြေအနေတွေကဘယ်လိုဖြစ်သွားရတာလဲဟ...
"ဘာလဲ...ရှင့်ရဲ့အမှားအတွက် တာဝန်မယူနိုင်ဘူးလား..."
ထိုအမျိုးသမီး၏ မျက်နှာတွင် ဒေါသများပြည့်နှက်သွားသည်
"တာဝန်ယူရမှာလား...ဒါပေမဲ့ငါကလည်းမိန်းမတယောက်ပဲလေ..."
"မိန်းမဖြစ်တော့ဘာဖြစ်လဲ ရှင်ကမိန်းမတယောက်ဖြစ်တာနဲ့ပဲ လုပ်ချင်ရာလုပ်လို့ရပြီလား..."
ထိုအမျိုးသမီးက အံ့အားသင့်စရာကောင်းလောက်အောင်ကို အော်ဟစ်လိုက်သည်။သူမ၏မျက်ဝန်းကလဲ ရေတံခွန်အလားမျက်ရည်များ တသွင်သွင်စီးကျနေသည်။
"ကျွန်မဘာကိုမှဂရုမစိုက်ဘူး... အခုကျွန်မရဲ့ခန္ဓာကိုယ်ကို ရှင်မြင်လိုက်ရပြီဆိုတော့ ဒီနေ့ကစပြီးတော့ ရှင် စကြာဝဠာအဆုံးထိသွားမယ်ဆိုရင်တောင် ငါအနောက်ကနေလိုက်နေတော့မှာပဲ..."
"ဒါကဘာလဲဟ ဒါကနောက်ထပ်အတင်းအကြပ်လှည့်စားမှုတစ်ခုပဲလား..."
"ကျွန်မမှာမိသားစုရှိသေးတယ်...ဒါကြောင့်မို့ ရှင့်ကို လက်ထပ်မဲ့အကြောင်းကို မိသားစုနဲ့ဆွေးနွေးဖို့လိုသေးတယ်.... ဒါပေမဲ့လည်း ရှင်အကြာကြီးစောင့်စရာမလိုပါဘူး နောက်သုံးရက်ကြာတာနဲ့လက်ထပ်ပွဲအခမ်းအနားကိုကျင်းပလို့ရပြီ..."
"ကျွန်မက လှပပြီးအစွမ်းအစလည်းရှိတဲ့အပြင် စိတ်သဘောထားကလည်းကောင်းတယ်... ဒါကြောင့်မို့စကြာဝဠာထဲမှာကျွန်မကိုမနှစ်သက်တဲ့လူဘယ်သူမှမရှိဘူး...ဒါပေမဲ့လဲရှင်စိတ်တိုစရာမလိုပါဘူး လက်ထပ်ပြီးတာနဲ့ပဲကျွန်မ ရှင့်အပေါ်ပဲသစ္စာရှိမှာပါ..."
"ကျွန်မတို့ကြားထဲမှာ ခိုင်မာတဲ့သံယောဇဉ်အခြေခံတွေမရှိတာကိုလဲကျွန်မနားလည်ပါတယ်...ဒါပေမဲ့ ရှင်စိတ်ပူစရာမလိုပါဘူး ကျွန်မကရှင့်အပေါ်ကို သဘောကျနှစ်သက်လာဖို့ကြိုးစားမှာပါ... ဒီတော့ကျွန်မတို့ကြားထဲမှာဘယ်လိုအတားအဆီးမှ ဖြစ်ပေါ်လာမှာမဟုတ်ဘူး...ပြီးတော့ ရှင်က ဒီထက့်ပိုပြီးအတွင်းကျကျ ပတ်သတ်မှုမျိုးလုပ်ချင်တယ်ဆိုရင်တောင်မှပဲ ကျွန်မကကန့်ကွက်မှာမဟုတ်ဘူး..."
"ပြီးတော့လေ ကျွန်မတို့လက်ထပ်ကြမယ် ဆိုကတည်းက ရှင်ကျွန်မကိုကောင်းကောင်းဆက်ဆံရမယ်နော်...အပြင်မှာလွင့်မျောနေတဲ့ ပေါက်ပန်းလေးဆယ်ပန်းကလေးတွေနဲ့ဆက်ဆံရေးတွေအားလုံးကိုလဲ ဖြတ်တောက်ပစ်ရမယ်...ရှင်တို့မျိုးနွယ်တူချင်းဖြစ်တယ်ဆိုရင်တောင်မှပဲ ယောက်ျားလေးတွေကိုလုံးဝမကြည့်ရဘူး...ပြီးတော့သွေးစုပ်ဖုတ်ကောင်တွေနဲ့လဲမပတ်သတ်ရဘူး...ကျွန်မတို့လက်ထပ်မှတ်ပုံတင်ပြီးတာနဲ့ ကျွန်မရဲ့ပိုင်ဆိုင်မှုတစ်ခုဖြစ်တဲ့ ကြယ်စု၂၇က အိပ်မက်ဂြိုလ်ကိုလည်းသွားရောက်လည်ပတ်နိုင်တယ်...အဲ့နေရာရဲ့ရှုခင်းတွေက တကယ်လှပပြီးတော့အေးချမ်းတယ်... ကျွန်မတို့ကိုဘယ်သူမှရှာတွေ့မှာမဟုတ်ဘူး... အော်.... ဒီလိုပါ ကျွန်မတို့အဲ့နေရာကိုဟန်းနီးမွန်းခရီးထွက်သင့်တယ်လို့ပြောချင်တာပါ...နောက်ထပ် ထပ်ရှိသေးတယ် ကျွန်မတို့အဲ့ဒါကိုလဲလုပ်နိုင်တယ်လေ..."
"Sisရေ...အခုတလောဝတ္ထုတွေအဖတ်များနေတာလားလို့မေးပါရစေ..."
"အများကြီးတော့မဟုတ်ပါဘူး နှစ်ခုသုံးခုလောက်ပါပဲ..."
"အိုး...ငါသဘောပေါက်သွားပြီ လျန်ယုမဟုတ်လား..."
"ဟမ်..."
အမျိုးသမီးအံ့အားသင့်သွားသည်။
"...." ယောင်စစ်
"...." လျန်ယု
ပတ်ဝန်းကျင်တခွင်ငြိမ်သက်သွားလေသည်။
"တကယ်ကိုပဲအာဗီဘုရင်မပဲ..."
"နင်... နင်သိသွားပြီလား..."
လျန်ယု၏မျက်နှာကဖြူဖျော့သွားပြီးအပြစ်ရှိသည့်အမူအယာမျိုးပေါ်လွင်လာသည်။
အဲ့ဒါကခန့်မှန်းဖို့ခက်လို့လား...ဒီစကြာဝဠာတခုလုံးမှာ သူ့ကိုအဲ့လောက်လက်ထပ်ချင်နေတာဆိုလို့တစ်ယောက်ပဲရှိတယ်လေ...
"စစ်စစ်..."
လျန်ယုက သူမ၏ဟန်ဆောင်နေသောအပြုအမူကိုစွန့်ပစ်လိုက်ပြီး ယောင်စစ်၏လက်ကို လှမ်းဆွဲလိုက်သည်။ ထို့နောက်သနားစရာကောင်းစွာဖြင့်ပြောလာလေသည်။
"ဒါဆိုရင် နင်ငါ့ကိုလက်ထပ်ချင်သေးရဲ့လား ငါတို့လက်ထပ်လို့ရမလား..."
"မရဘူး..."
ယောင်စစ် သူမလက်ကို နောက်ဆုတ်လိုက်သည်။
"ဘာလို့မရရမှာလဲ..."
လျန်ယု၏မျက်လုံးများကထပ်မံ၍စိုစွတ်လာပြန်သည်။
"တစ်ခြားတစ်ယောက်ရဲ့ခန္ဓာကိုယ်ကိုမြင်သွားရင်လက်ထပ်ရမယ်လို့ သွေးစုပ်ဖုတ်ကောင်တွေရဲ့စာအုပ်ထဲမှာဖော်ပြထားတယ်မဟုတ်ဘူးလား...ငါအဲ့ဒီ့အချက်အလက်တွေကိုရဖို့သွေးစုပ်ဖုတ်ကောင်ပြတိုက်ကနေပြီးတော့ကြိုးစားပမ်းစားခိုးယူထားရတာ... အဲ့တာတွေကမှားမှာမဟုတ်ဘူး...ဒါကိုနင်ကဘာလို့လက်မထပ်ချင်ရတာလဲ...ဒါဆိုရင် နောက်ထပ်နည်းနည်းလောက် ထပ်ကြည့်လိုက်ဦး..."
လျန်ယုက ပြောပြာဆိုဆိုဖြင့်သူမ၏ရင်ဘတ်တွင်ပတ်ထားသည့်ပဝါကိုဖြည်ချလိုက်လေသည်။
"နေဦး... "
ယောင်စစ်၏နှုတ်ခမ်းများတွန့်ကွေးသွားလေသည်။ သူမ ဘုရင်မ၏လုပ်ရပ်ကိုအလျင်စလိုတားလိုက်ရသည်။
"ငါတို့နှစ်ယောက်လုံးကအမျိုးသမီးတွေပဲမလို့ ဒီအဖြစ်ကိုထည့်မတွက်ဘူး..."
"ဟင်..."
လျန်ယုငြိမ်သက်သွားပြီး သူမ၏စခရင်ကိုဖွင့်လိုက်ကာစေ့စေ့စပ်စပ်ဖတ်ကြည့်လိုက်သည်။စခရင်ထိပ်ဆုံးတွင်ပေါ်လာခဲ့သောခေါင်းစဉ်မှာ...
သွေးစုပ်ဖုတ်ကောင်များ၏စာပေယဉ်ကျေးမှုနှင့်သတင်းအချက်အလက်များ...
'လူရိုင်းဘုရင်ကြီး၏ဇနီးအလှလေး'
'အရှင်သခင်ငါ့ကိုချစ်မြတ်နိုးပေးပါ.'
'နတ်ဆိုးဘုရင်ကြီးဇနီးလေးကိုတစ်ရာ့တစ်ကြိမ်မြောက်လိုက်ဖမ်းခြင်း...'
(╯‵□′)╯︵┻━┻
"သောက်ကျိုးနည်း သွေးစုပ်ဖုတ်ကောင်ပြတိုက်မှာဘာတွေကိုသိမ်းဆည်းထားတာလဲဟ..."