အပိုင်း၆၃
Viewers 7k

🤚Chapter 63



ကျိအန်းနဉ်၏စိတ်ထဲမှာတွင် အတန်ကြာအောင် ရှုပ်ထွေးနေမိသည်။ စိတ်ခံစားချက် ရှုပ်ထွေးမှုအမျိုးမျိုးက သူမ၏ကိုယ်တွင်းတွင် အချင်းချင်းလွန်ဆွဲနေကြသည်။တချို့ကရက်စက်ပြီး ပြင်းထန်သလို သူမ၏ဆင်ခြင်တုံတရား ပျောက်ဆုံးပြီး မျက်ရည်ကျအောင် ပြုလုပ်နေကြသည်။


နောက်ဆုံးတွင် သူမ ထိုစိတ်ခံစားချက်အမျိုးမျိုးကို ဖိနှိပ်လိုက်ပြီး အသက်ပြင်းပြင်းရှုကာ တည်ငြိမ်အေးဆေးမှုကို ပြန်လည်ရရှိအောင် ပြုလုပ်လိုက်သည်။


“တကယ်တော့..."


သူမ လက်သီးကျစ်ကျစ်ဆုပ်ပြီး တည်ငြိမ်နိုင်သလောက် တည်တည်ငြိမ်ငြိမ်နှင့် ပြောနိုင်ရန် ကြိုးစားလိုက်သည်။


“ငါ ဘားကိုသွားဖို့အကြံမပေးဘူး... ပြီးတော့ 'NL' မှာက ငါ အချိန်ခဏလေးပဲအလုပ်လုပ်ခဲ့တာ... အဲဒါကြောင့် ငါအများကြီးမကူညီနိုင်ဘူး...”


“အဆင်ပြေပါတယ် အဆင်ပြေပါတယ်...ငါ သူ့ကိုပြောလိုက်မယ်..."


မုန့်ရှင်းယွီက ဤကိစ္စကိုစိတ်အနှောင့်အယှက်မဖြစ်ဘဲပြောလိုက်သည်။


“ရှာတွေ့ပြီ ကြည့်ကြည့်လိုက်...”


ပိုင်လုက ကျိအန်းနဉ်၏အရှေ့ကို သူမ၏ဖုန်းအား ထိုးပေးလာသည်။


“မြင်လား...ဒါက စွန်းယာရှန့်ရဲ့ကောင်လေးပဲ...”


သူမ တီးတိုးပြောလာသည်။


“သူတို့အတူတူ အပြင်ကိုသွားဖို့ ဒါမှမဟုတ် စားဖို့ထွက်တဲ့ အခါတိုင်း သူက ဓာတ်ပုံရိုက်ပြီး အကောင့်ပေါ်မှာတင်တယ်လေ...”


Cambridgeမှ ဘွဲ့ရထားသူဟူ၍ ကောလဟာလထွက်နေသည့် အမျိုးသားကို ကြည့်ရသည်မှာ အသက်နှစ်ဆယ်ကျော်ခန့်သာ ရှိသေးပုံပေါ်သည်။ အသက်သုံးဆယ် မရှိသေးလောက်ပေ။ သူ၏အသွင်အပြင်က သာမန်ဆန်သော်လည်း ရည်မွန်သည့်ကိုယ်နှုတ်အမူအရာရှိပြီး ရင့်ကျက်သည့်ပုံစံကို ထုတ်ဖော်ထားသည်။


တစ်ခါတစ်ရံတွင် အမျိုးသားတစ်ယောက်၏ အရည်အချင်းက သူ၏ရုပ်ရည်ပေါ်၌ မမူတည်ပေ။ဗဟုသုတ၊ပင်ကိုစရိုက်၊ ချမ်းသာကြွယ်၀မှုများက အမြင်အားဖြင့် ရောင်ပြန်ဟပ်နေနိုင်သည်။ ထိုအချက်များအားလုံးကိုယူပြီး ခွဲခြမ်းစိတ်ဖြာကြည့်မည်ဆိုလျှင် သူကအတော်လေးကို အထင်ကြီးလောက်သည့် အမျိုးသားတစ်ယောက်ဖြစ်သည်။ သူက စွန်းယာရှန့်ကဲ့သို့ လှပသည့်မိန်းကလေးနှင့် အတော်လိုက်ဖက်သည်။


ကျိအန်းနဉ် ပဟေဠိဖြစ်နေမိသည်။ သူမ၏ယခင်ဘ၀တွင်  ထိုကဲ့သို့ ထူးချွန်သည့်အမျိုးသားကို မသိခဲ့ပေ။ ယခင်ဘဝက သူမ လောကကြီးနှင့် အဆက်အသွယ်ပြတ်နေသောကြောင့် ဖြစ်နိုင်သည်။


အဲဒါကြောင့် အရင်ဘ၀တုန်းက စွန်းယာရှန့်က ၀မ်ယွီကလွဲပြီး တခြားသူကိုစိတ်မ၀င်စားခဲ့တာလား... သူက...၀မ်ယွီအပေါ်ကို တကယ်ချစ်နေတာလား...


ကျိအန်းနဉ် သူမ၏နှလုံးသားထဲမှ ထူးဆန်းသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ 


ပိုင်လုက ဖုန်းမျက်နှာပြင်ကိုညွှန်ပြပြီး ပွတ်ဆွဲလိုက်သည်။


“ဒါက သူ့ကို အပတ်တိုင်းအပြင်ထွက်ဖို့လာခေါ်တဲ့ သူ့ရည်းစားပဲ ဒါက သူတို့ဘူဖေးစားတုန်းက... ဘုရားရေ ဒီဘူဖေးကတစ်ယောက်ကို ၆၅၈ယွမ်တောင်ရှိတာပဲ... ပြီးတော့ ဒါက သူတို့ဂျပန်အစားအစာ သွားစားတုန်းက...”


ကျိအန်းနဉ်၏အကြည့်များက ရုတ်တရက် အေးခဲသွားသည်။


“နေပါဦး ငါ့ကိုအရှေ့ကပုံကို ပြန်ပြပေးဦး...”


သူမ ပြောလိုက်သည်။


“ဘယ်ပုံလဲ…”


ပိုင်လုက မေးလာသည်။


ကျိအန်းနဉ်က ဖုန်းကိုတိုက်ရိုက်ပွတ်ဆွဲလိုက်ပြီး မြန်မြန်ဆန်ဆန်ပင် စွန်းယာရှန့်နှင့် သူမ၏ Cambridgeဘွဲ့ရကောင်လေး၏ ချိုမြိန်သည့်ပုံ၌ ရပ်လိုက်သည်။


သူမက အတန်ကြာအောင်စိုက်ကြည့်နေပြီး ပိုင်လုကိုမေးလိုက်သည်။


“ ငါ့ကို ဒီဓာတ်ပုံပို့ပေးပါလား...”


“ဒီပုံလား...”


ပိုင်လုက အနည်းငယ်စူးစမ်းချင်နေသည်။


“ဒါပေမဲ့  နင် ဘာလို့ သူ့ဓာတ်ပုံကိုလိုတာလဲ...”


ကျိအန်းနဉ် ပြောလိုက်သည်။


“သူက နောက်ခံကောင်းကောင်းရှိတဲ့ပုံပေါ်ပြီး သူတို့ကိုကြည့်ရတာ နည်းနည်းရင်းနှီးနေလို့... ငါ တစ်ယောက်တစ်ယောက်ကိုပြပြီးမေးမလို့...”


ပိုင်လုက ထိုလူ မည်သူလဲဟု မေးရန် ပြင်လိုက်သော်လည်း  အတန်းတက်ရန် ခေါင်းလောင်းသံက မြည်လာသည်။ သူမက ကျိအန်းနဉ်ကိုပုံပို့ပေးလိုက်ပြီးနောက် ထိုင်ခုံဆီကိုပြန်သွားရတော့သည်။ အတန်းချိန်အားလုံးပြီးသွားချိန်တွင် သူမကဖြစ်ရပ်အားလုံးကို မေ့သွားပြီဖြစ်သည်။


နေ့လည်စာစားချိန်အတွင်း ၀မ်ယွီက ကျိအန်းနဉ် ပုံမှန်နှင့်မတူဘဲ တိတ်ဆိတ်နေသည်ကို သတိပြုမိလိုက်သည်။ ဤကာလအတွင်း သူမ၏အလုပ်အကိုင်က ချော့မွေ့နေပြီး သူမ ပို၍ပို၍ပျော်လာသည်။ ထို့ကြောင့် သူမ ယနေ့ ဘာဖြစ်နေသည်ကို သိချင်နေမိသည်။


“မင်း နေမကောင်းဖြစ်နေတာလား..."


သူမေးလိုက်သည်။


ကျိအန်းနဉ်က သူ့ကိုတစ်ချက်ကြည့်လာသည်။ သို့သော်အခြားသူများလည်း စားပွဲမှာရှိနေသည်က််ို မြင်သည့်အတွက် “မဟုတ်ဘူး”ဟုသာပြောပြီး တိတ်ဆိတ်သွားသည်။


၀မ်ယွီက ကျိအန်းနဉ်၏အကြည့်ထဲမှ ထိမ်ချန်ထားသည့်စကားများကို ခံစားမိသည့်အခါ သူအံ့သြသွားသည်။


ကျိအန်းနဉ်က စိတ်ကောက်ပြီးဒရမ်မာခင်းမည့်သူမျိုး မဟုတ်ပေ။ သူမ၏စိတ်ထဲတွင် တစ်ခုခုရှိသည့်အခါ သူမက လေးလေးနက်နက်နှင့်ပင် အခြားသူတစ်ယောက်နှင့် ပြောဆိုဆွေးနွေးလိမ့်မည်။ သို့သော်လည်း တစ်ခါတစ်ရံ  သူမ၏ အလေးအနက်ထားမှုက ၀မ်ယွီကို အသည်းယားစေသည်။


ဒရမ်မာတွေ မလိုအပ်ဘူး... ကို့ရို့ကားရားမနိုင်ဘူး... ဒါမှမဟုတ် နားလည်မှုလွဲတာတွေလည်းမရှိဘူး...


အကယ်၍ ကျိအန်းနဉ်က မပြောပြပါက အခြားအကြောင်းချက်ရှိ၍ဖြစ်ကြောင်း ၀မ်ယွီသိသည်။


သူက ထပ်မံတွန်းအားမပေးတော့ဘဲ ထိုအစားမေးလိုက်သည်။


“မင်း အိမ်ကိုပြန်မှာလား...”


ကျိအန်းနဉ်က ကန်တင်း၀င်ပေါက်ကိုကြည့်နေသည်။ နို၀င်ဘာလအဆုံးတိုက်ခတ်သည့်လေက အ၀တ်များအတွင်းပင်အေးစိမ့်နေကာ အပြင်ဘက်တွင်လည်း တိမ်ထူထပ်နေသည်။


အကယ်၍ နေသာထွက်ခဲ့မည်ဆိုလျှင် သူမ၏အဖွားကိုနေပူဆာလှုံရန် ခေါ်သွားနိုင်သည်။ ယနေ့ကဲ့သို့ နေ့မျိုးတွင်မူ သူတို့အိမ်တွင်သာ နေကြမည်ဖြစ်သည်။


“ပြန်ရမှာ... အဖွားရဲ့ဒူးကို နည်းနည်းအပူပေးဖို့လေ...”


ဆောင်းရာသီမှာဆိုလျှင် သူမအဘွား၏ဒူးခေါင်းများကကိုက်ခဲနေတတ်သည်။ သူမက အထူးထုတ်အနီအောက်ရောင်ခြည် အပူမီးခွက်ကို သူမအဘွားအတွက် ၀ယ်ပေးခဲ့သည်။


သူမအဖွား၏ ဒူးနာခြင်းမှာ အကြောင်းရင်းတစ်ခုတည်းကြောင့်မဟုတ်ပေ။ အဆစ်ရောင်နာရောဂါနှင့် Herniated Discs ကြောင့် ခန္ဓာကိုယ်အောက်ပိုင်း ခြေလက်အင်္ဂါများနာကျင်ခြင်းများက ပေါင်းစပ်နေခြင်းဖြစ်သည်။ အခုလက်ရှိတွင် မပြင်းထန်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ပိုဆိုးလာလိမ့်မည်။ ထို့ကြောင့် ကျိအန်းနဉ်က သူမ၏အဖွားအား ဆေးစစ်ရန် ကြာသပတေးနေ့တွင် ဆေးရုံသို့ ခေါ်ဆောင်သွားပြီး စောစီးစွာ ရောဂါရှာဖွေခြင်းနှင့် ကုသမှုခံယူခြင်း ပြုလုပ်ပေးကာအဖွား၏အခြေအနေ ယခင်ဘဝကထက် ပိုကောင်းလာမည်ဟု မျှော်လင့်နေမိသည်။


"နင်က တကယ်ကို ၀တ္တရားကျေပွန်တာပဲ..."

ပိုင်လုက မှတ်ချက်ချပေးသည်။


“ငါဆို ၀ှိုက််ပေါ်(အမေဘက်ကအဖွား)နဲ့ မရင်းနှီးဘူး... နိုင့်နိုင့်(အဖေဘက်ကအဖွား)နဲ့တော့ ရင်းနီးတယ်...”


ထိုသို့ပြောပြီးနောက် သူမက ချန်းဟောင်ဘက်သို့လှည့်လိုက်သည်။


 " ရှင်ရော..."


ချန်းဟောင်က ပြန်ဖြေသည်။


 “ကိုယ့် ၀ှိုက်ကုန်း(အမေဘက်ကအဖိုး)နဲ့ ၀ှိုက်ပေါ်(အမေဘက်ကအဖွား)နဲ့ နိုင့်နိုင့် (အဖေဘက်ကအဖွား) တို့က ဆုံးသွားကြပြီ... ကျန်တဲ့ဟာဆိုလို့ ကိုယ့်တို့ရဲ့မွေးရပ်မြေမှာရှိတဲ့ ကိုယ့်အဖေဘက်ကအဘိုး(ယဲ့ယဲ့)လေ... ကိုယ့်အဖေက အဘိုးကို ကိုယ်တို့နဲ့ အတူနေဖို့ တောင်းဆိုပေမယ့် အဘိုးကငြင်းလိုက်တယ်လေ...”


ပိုင်လုက အမြဲတက်ကြွကာ စကားပြောတတ်ပြီး စပ်စပ်စုစုနိုင်သည်။ ပိုင်လုက “ နင်ရော ဘယ်လိုလဲ”ဟု ဝမ်ယွီကို ပေါ့ပေါ့ပါးပါးလေး မေးလိုက်သည်။


၀မ်ယွီက ပြန်ဖြေသည်။


“ငါ့ရဲ့အဖိုးအဖွားတွေက အစောကြီးကတည်းက ဆုံးသွားခဲ့တာ... ငါ သူတို့နဲ့ မတွေ့လိုက်ရဘူး... အမေဘက်ကအဖိုးအဖွားတွေကို ငါ့အမေက နိုင်ငံခြားမှာ အခြေချဖို့ ပို့လိုက်တယ်လေ... အဲ့ဒီမှာ လေထုနဲ့ပတ်ဝန်းကျင်က ပိုကောင်းပြီးသက်ကြီးရွယ်အိုတွေအတွက် ပိုသင့်တော်တယ်ဆိုပြီးတော့ပေါ့...”


ကျိအန်းနဉ်က အခြားသူများနှင့် နှိုင်းယှဉ်စရာမလိုလောက်အောင်ပင် ၀မ်ယွီကို ထူးခြားစွာ နားလည်သည်။ သူ့မိခင်ဘက်မှ အဖိုးအဖွားများနှင့် နီးစပ်ပုံမပေါ်ကြောင်း သူ၏ လေသံနှင့် အမူအရာတို့မှ သူမခံစားမိသည်။


ဝမ်ယွီက ကျိအန်းနဉ်၏ ကျောင်းသားသစ်နှစ် ဒုတိယနှစ်ဝက်တွင် ယခုချိန်မှစ တစ်နှစ်ခွဲကျော်ကြာ ကျောင်းမှ ပျောက်ကွယ်သွားခဲ့သည်။


ဝမ်ယွီနှင့် အတူရှိစဉ်ကတည်းက ကျိအန်းနဉ်က သူ့မိသားစုအခြေအနေကို အသေးစိတ်မေးမြန်းခဲ့သည်။ သို့သော် ၀မ်ယွီက လျင်သည်။ သူမ နှိုက််နှိုက်ချွတ်ချွတ်မေးကြည့်မိသည့်အခါ သူ သ်ိသွားခဲ့သည်။ ထို့ကြောင့်သူမက လှည့်ပတ်ပြီး မေးမြန်းသော်လည်း အကျိုးမရှိသည့်အသေးစိတ်အချက်အချို့ကိုသာ စုဆောင်းနိုင်ခဲ့သည်။


ထို့အပြင် ဝမ်ယွီက သူ၏ကိုယ်ရေးကိုယ်တာအား အလွန်တန်ဖိုးထားခဲ့သည်။ ကျိအန်းနဉ်ဘက်မှ စပြီးမေးခြင်းမဟုတ်ပါက သူ့ဘက်ကစပြီး သူ့မိသားစုအကြောင်းကိုပြောပြခဲ့သည်။ ၎င်းသည် သူတို့၏ မိသားစုအခြေအနေများကို ပေါ့ပေါ့ဆဆ ဆွေးနွေးနေသော အခြားကျောင်းသားများနှင့် လုံးဝမတူညီဖြစ်သည်။


စားသောက်ပြီးသောအခါ ပိုင်လုနှင့်ချန်းဟောင်ကစာသင်ခန်းသို့ ပြန်သွားခဲ့သည်။ သူတို့နှစ်ယောက်က အချိန်မလုံလောက်သလိုကို အချစ်ထဲနစ်၀င်နေကြသည်။


ဝမ်ယွီ အနည်းငယ် ချဉ်တူးသွားသလို ခံစားလိုက်ရကာ  ငြီးတွားနေသော အိမ်ထောင်ဖက်ကဲ့သို့ တစ်ခုခုကို မကျေမနပ်ဖြစ််နေသောအကြည့်နှင့် ကျိအန်းနဉ်ကို ကြည့်လိုက်သည်။


ကျိအန်းနဉ် အနည်းငယ် အကူအညီမဲ့သွားသလို ခံစားလိုက်ရသည်။ ဝမ်ယွီက မည်သည့်ကိစ္စကို ချဉ်တူးနေကြောင်း သူမ သိသည်။ သူကအမြဲတမ်း သူတို့၏ ဆက်ဆံရေးကို ပို၍မြန်မြန်ဆန်ဆန် တိုးတက်လိုသော်လည်း သူမက အတိုင်းအတာတစ်ခုကို ကြိုးကြိုးစားစားနှင့် ထိန်းသိမ်းထားဆဲဖြစ်သည်။


၀မ်ယွီ၏ ချစ်ခြင်းမေတ္တာတွင် ပြင်းထန်မှုနှင့် စိတ်ပိုင်းဖြတ်မှုတို့က နက်နက်ရှိုင်းရှိုင်း ရှိပြီး သူ၏ခံစားချက်များ မည်မျှလေးနက်သည်ကို ကျိအန်းနဉ်နားလည်သည်။ သို့သော် ၎င်းက မည်မျှကြာရှည်မည်ကို သူမ မသိပေ။


သူလိုချင်သည်ကို ရပြီးသည်နှင့် သူက လျစ်လျူရှုပြီး မထီမဲ့မြင်ပြုကာ ဤအတိုင်း ထားသွားနိုင်သည်။ ဤသည်မှာ လူတို့၏သဘာဝတွင် ချို့ယွင်းချက်တစ်ခုဖြစ်သည်။


NL တွင် အလုပ်လုပ်စဉ် ကျိအန်းနဉ်က လုပ်သက်ရင့်သည့်အစ်မများထံမှ မရင်းနှီးသေးမီ အသည်းအသန်လိုက်သည့်ယောက်ျားမျိုးများမှာ သူတို့လိုချင်သည်ကိုရပြီးသည်နှင့် ပြန်လှည့်မကြည့်တော့ဘဲ ထွက်သွားတတ်ကြကြောင်းကို မကြာခဏ ပြောသံကြားခဲ့ဖူးသည်။


အကယ်၍ သူတို့လိုချင်သည်ကို စောစောစီးစီး ပေးလိုက်ပါက နောက်ပိုင်းမှာ သူက စိတ်မဝင်စားတော့ဘဲ လမ်းခွဲရန် ဆုံးဖြတ်ခဲ့မည်ဆိုလျှင် သူမက သူ့ချစ်သူအဖြစ် အထောက်အထား ဆုံးရှုံးသွားနိုင်သည်။ ထို့နောက်တွင် သူမက သူ့ကိစ္စများတွင် နားလည်နိုင်စွမ်းနှင့် ပါဝင်ပတ်သက်နိုင်စွမ်း ဆုံးရှုံးသွားပေလိမ့်မည်။


ဤဘဝတွင်မူ ကျိအန်းနဉ်အတွက် ၀မ်ယွီနှင့် ချစ်ကြိုက်ခြင်း၊ အတူရှိခြင်း သို့မဟုတ် လမ်းခွဲခြင်းများက အရေးကြီးဆုံးအရာတစ်ခုမှ မဟုတ်ပေ။


သူတို့နှစ်ယောက်လုံး လုံခြုံဘေးကင်းစေရန်က အရေးကြီးဆုံးဖြစ်သည်။


တစ်ယောက်ချင်းစီက နေကောင်းနေပြီး ပျော်ရွှင်နေလျှင်ပင် အဆင်ပြေပါသည်။


ထို့ကြောင့် ကော်ဖီဆိုင်မှ အလုပ်ထွက်ပြီးနောက် ကျိအန်းနဉ်က ညနေဘက်အချိန်ရလျှင်ပင် ဝမ်ယွီနှင့် ပိတ်ရက်လျှောက်လည်ရန် ငြင်းဆိုခဲ့သည်။


သူ၏ဖော်ပြချက်များအရ သူ၏ပျော်ရွှင်မှုနှင့် အပန်းဖြေခြင်းဆိုင်ရာ စိတ်ကူးများထဲတွင် တစ်ခါတစ်ရံ အရက်နှင့်မဆင်မခြင်မှုများ ပါဝင်ပြီး ၎င်းက NL ရှိ သီးသန့်ခန်းများတွင် မဆင်မခြင်ပျော်မြူးခြင်းနှင့် တူနေကြာင်း သူမပြောနိုင်သည်။


ကျိအန်းနဉ်က ထိုပတ်ဝန်းကျင်နှင့် ရင်းနှီးသည်။ ထိုကဲ့သို့ ပတ်ဝန်းကျင်တွင် သူတို့၏ ဆက်ဆံရေးသည် သူမထိန်းချုပ်နိုင်မှုမှ ရုန်းထွက်သွားမည်ကို စိုးရိမ်သည်။


ကျိအန်းနဉ်က အမြဲလိုလို လေးနက်ပြီး ခေါင်းမာ၍ ဝမ်ယွီအတွက်မူ သူမက အမြဲတမ်းထူးခြားနေသည်။


သူမက လွယ်လွယ်နှင့် မယိမ်းယိုင်ဘဲ သူမ၏စည်းမျဥ်းများကို မြဲမြံစွာ ဆုပ်ကိုင်ထားသည်။ ဝမ်ယွီက စိတ်ထဲချဉ်တူးနေသော်လည်း ဒေါသမထွက်ပေ။ အမှန်တွင် သူမအပေါ် သူ၏ စွဲလန်းမှုက ပိုမိုနက်ရှိုင်းလာပုံရသည်။


အခြားရှုထောင့်မှကြည့်လျှင် ဤအရာက အမျိုးသားတစ််ယောက်၏သဘာဝတွင် ချို့ယွင်းချက်များကို တိကျစွာသက်သေပြခဲ့သည်။


မိမိ မစွမ်းဆောင်နိုင်သော အရာက အမြဲတမ်း အကောင်းဆုံး ဖြစ်နေတတ်သည်။


၀မ်ယွီက ကျိအန်းနဉ်၏အိမ်ကို လိုက်သွားချင်သော်လည်း သူမက ပြောလာသည်။


" တစ်ရေးတစ်မော အိပ်ဖို့ ရှင့်အဆောင်ကိုပြန်သွားသင့်တယ်... အပူပေးမီးခွက်ကို ခဏဖြုတ်ထားရဦးမှာဆိုတော့ ရှင့်အတွက် အဆင်မပြေနိုင်ဘူး..."


သူမက ကောင်းကင်ကို မော့ကြည့်ရင်း သူမကိုယ်သူမရေရွတ်လိုက်သည်။


“မိုးအုံ့နေပေမယ့် ဒီနေ့လေက တော်တော်ကောင်းပါတယ်... နောက်မှ လေကောင်းလေသန့်ရဖို့အတွက် ပြတင်းပေါက်ကို နည်းနည်းဖွင့်လိုက်မယ်..."


ကျိအန်းနဉ်က သူမ၏ကျဉ်းကျပ်သောအိမ်သို့လာသည်ကို မကြိုက်ကြောင်း ၀မ်ယွီသိသည်။


၎င်းသည် အလွန်ခေတ်မမီသော ပုံစံဖြင့် ဒီဇိုင်းထုတ်ထားသော အဆောက်အအုံဟောင်းဖြစ်သည်။ အိမ်ထဲဝင်ပြီးသည်နှင့် ဧည့်ခန်းထဲ တန်းရောက်သွားပေသည်။ အခန်းတစ်ခန်းသာရှိ၍ ထမင်းစားခန်းနှင့်ဧည့်ခန်းကို မခွဲခြားနိုင်လောက်အောင်ပင် သေးငယ်သည်။


ဧည့်ခန်းတွင် ပြတင်းပေါက်များ မပါရှိပေ။ ဝင်ပေါက်၏ဘယ်ဘက်တွင် ပြတင်းပေါက်မပါသော မီးမှိန်မှိန်လေးနှင့် သန့်စင်ခန်းရှိသည်။ ဧည့်ခန်းငယ်၏နောက်ဘက်တွင် တံခါးနှစ်ပေါက်ရှိသည်။ တစ်ခုက သေးငယ်သောလသာဆောင်ပါသည့် အိပ်ခန်းဆီသို့ ဖြစ်ပြီးနောက်တစ်ခုက အလင်းရောင်ကောင်းကောင်းရသည့်မီးဖိုချောင်သို့ သွားရန်ဖြစ်သည်။ သို့သော် ကျိအန်းနဉ်က တံခါးကိုသံသော့ဖြင့် အမြဲသော့ခတ်ထားသည်။


အိပ်ခန်းရှိ လသာဆောင်ကိုလည်း အပြည့်အ၀ ကာထားသည်။


အတိုချုပ်ပြောရလျှင် ထိုအိမ်ငယ်လေး၏ ဧည့်ခန်းတွင် လေဝင်လေထွက်မကောင်းသဖြင့် အနည်းငယ်ကျဉ်းကျပ်သွားစေသည်။ ထို့အပြင် သူ့မ၏အဖွားကြောင့် အိမ်ကအနံ့ဆိုးများ အမြဲရနေသည်။


ကျိအန်းနဉ်က နေ့လယ်ပိုင်းတွင် နေ့လည်စာစားရန်အတွက် အိမ်ပြန်ရန် ခေါင်းမာနေသည်။ အဖွားအတွက် အစားအစာကို အပူပေးပြီးနောက် နေပူထဲ လမ်းလျှောက်ထွက်ခြင်းအပြင် အရေးကြီးဆုံးမှာ ပြတင်းပေါက်များဖွင့်ပြီး လေကောင်းလေသန့်ရအောင်လုပ်ရန် ဖြစ်သည်။


သို့သော် ထိုကဲ့သို့လုပ််သော်လည်း အိမ်ထဲတွင် အနံ့များက အမြဲစွဲကျန်နေသေးသည်။


ဝမ်ယွီက ကျိအန်းနဉ်ကို ကျောခိုင်းပြီး “မင်း အခု တစ်ခုခုပြောချင်သေးလား” လို့ မေးလိုက်သည်။


လေပြင်းတိုက်နေသဖြင့် အတန်းဖော်များသည် ခပ်မြန်မြန်လှုပ်ရှားနေကြသည်။ စကားစမြည်ပြောရန် အချိန်မတန်သေး၍ ကျိအန်းနဉ် ခဏမျှ တုံ့ဆိုင်းသွားပြီးပြောလိုက်သည်။


"ဟမ်၊ ညမှဒီအကြောင်းကိုပြောကြရအောင်..."


ဒီဇင်ဘာလ နီးလာပြီဖြစ်၍ အပြင်ဘက်တွင် အေးစက်နေသည်မှာ အမှန်ဖြစ်သည်။


၀မ်ယွီက ပြောလိုက်သည်။


"ဒါဆို မင်းကောင်းကောင်းသွားနော်..."


သူ ကျိအန်းနဉ်၏စကားကို နားမထောင်ဘဲ လိုက်ပို့ချင််သော်လည်း တုံ့ဆိုင်းနေမိသည်။ သူပြောလိုက်သည်။


 "ကိုယ့်ကိုစိတ်မပူနေနဲ့... ကိုယ် တစ်‌နေရာရာကို သွားနေမှာပါ...”


သူ၏ ပမာမခန့်သောလေသံကိုကြားသည့်အခါ ကျိအန်းနဉ်က သူကြွားလုံးထုတ်နေကြောင်း သိလိုက်သည်။ သူက ပိုင်လုနှင့်ချန်းဟောင်တို့နှစ်ယောက််ထက်ပင် သူမနှင့် အမြဲတစေ အတူတူရှိနေချင်လွန်းသည်။ 


တွယ်ကပ်နေသော ခွေးကြီးတစ်ကောင်ကဲ့သို့ပင် ၎င်းကို လှည့်စားရန် လမ်းမရှိပေ။


ကျိအန်းနဉ်က သူ့ကို လမ်းဘေးတွင် သူမနှင့်လမ်းလျှောက်ခွင့်ပေးရုံသာတတ်နိုင်ပြီး တင်းတင်းမာမာ ကြည့်လိုက်သည်။


၀မ်ယွီက သူ့နှာခေါင်းကို ထိလိုက်ပြီးပြောလိုက်သည်။


" ကိုယ် သွားပြီ..."


သူ့ကားကို လမ်းဘေးတွင် ရပ်ထားခဲ့ခြင်းဖြစ်သည်။သူ  ထိုနေရာတွင် နေ့တိုင်းလိုလို ကားရပ်၍ သူ့အတွက် သတ်မှတ်ထားသော နေရာဖြစ်လာခဲ့သည်။ သူ သူ့ကားဆီသို့ ရယ်သွမ်းသွေးကာ လျှောက်လာပြီးနောက် တံခါးကိုဖွင့်ကာ အထဲသို့ ဝင်သွားခဲ့သည်။


ကျိအန်းနဉ် ရယ်မောလုနီးပါးဖြစ်သွားပြီး သူ့ကိုလျစ်လျူရှုကာ လမ်းဖြတ်ကူးခဲ့သည်။


ဝမ်ယွီက လမ်းမပေါ်မှာ သူမ လမ်းဖြတ်ကူးသည်ကို ကြည့်ကာ လျှာဖြင့် ချက်ကနဲဖြစ််အောင်ပြုလုပ်လိုက်သည်။ သူ့ထံတွင် လုပ်စရာမရှိသောကြောင့် သူကကျိအန်းနဥ်နှင့်အချိန်ဖြုန်းချင်နေခြင်းဖြစ်သည်။


ယခု ကားပေါ်မှဆင်းပြီး အိပ်ဆောင်ကို ပြန်လာရသည်မှာ မိုက်မဲသည်ဟု သူ ခံစားရသည်။ သူ့လက်ကို စတီယာရင်ဘီးပေါ်တင်၍ စက္ကန့်အနည်းငယ်ခန့် တုံ့ဆိုင်းသွားကာ အပြင်ဘက်မှ လေပြင်းများ တိုက်ခတ််နေသောကြောင့်ကြွေကျလာသည့် သစ်ရွက်များကို ကြည့်လိုက်ရာ ကျိအန်းနဥ် ယနေ့ လေအတော်ကောင်းနေသည်ဟု ပြောလိုက်သည်ကို ရုတ်တရက် သတိရသွားသည်။


မကြာသေးမီနှစ်များအတွင်း လေထုက ပိုမိုဆိုးရွားလာခဲ့သည်။ အထူးသဖြင့် ဆောင်းရာသီတွင် အပူပေးစက်ဖွင့်ထားသော်လည်း အေးစက်နေဆဲဖြစ်ပြီး ကောင်းကင်ကလည်း သိသိသာသာ အုံ့ဆိုင်းသွားသည်။ မကြာသေးမီက သူအိမ်ပြန်ရောက်တိုင်း ချန်းလျန်က လေထုနှင့်ပတ်သက်ပြီး ကြိမ်ဖန်များစွာ ညည်းညူသံကို ကြားရသည်။ သူမ၏ ညည်းညူမှုများက အကန့်အသတ်မရှိချေ၊ တိုတိုပြောရလျှင် ထိုအိမ်သို့ပြန်ရောက်သောအခါ ချန်းလျန်က လူတိုင်းကို စိတ်ဆင်းရဲစေခဲ့သည်။ ၀မ်ယွီက သူမကို နှုတ်ဆက်ပြီး ၀မ်ကောအန်းနှင့် အတူလေ့လာရန်အမြန်သွားလေ့ရှိသည်။


၎င်းကိုစဉ်းစား‌နေစဉ် ဝမ်ယွီ အကြံတစ်ခုရသွားသည်။ သူက ကားမောင်းထွက်ကာ အကောင်အထည်စဖော်ရန် ထွက်သွားသည်။


ကော်ဖီဆိုင်မှ အလုပ်ထွက်ပြီးတည်းက ကျိအန်းနဉ်မှာ ညနေပိုင်းများတွင် အားလပ်ချိန်ပိုရခဲ့သည်။ စာကျက်ချိန်ပိုရလာသည်နှင့်အမျှ သူမ ပညာရေးတွင် ဖိအားများစွာကို ခံစားခဲ့ရသည်။ သူမ၏ယခင်ဘဝတွင် စာသင်ရသည်မှာ စိန်ခေါ်မှုများစွာရှိခဲ့သော်လည်း ယခုအခါတွင် သူမ၏အချိန်ပိုင်းအလုပ်က သူမ၏အချိန်နှင့် စွမ်းအင်များစွာကို ကုန်ဆုံးစေသောကြောင့် ဖြစ်နိုင်ကြောင်း သူမသဘောပေါက်လာခဲ့သည်။


ယခုတွင် အိမ်၌ သူမကိုယ်တိုင် နေ့တိုင်း ညစာချက်စားသည်။ ဤသို့ဖြင့် သူမအဖွားက နေ့တိုင်းလိုလိုလတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားသည့် အစားအစာများကို စားနိုင်သွားသည်။ သူမက စနေ၊ တနင်္ဂနွေများတွင်သာ အလုပ်လုပ်၍ အဖွားကို နွေးထွေးသော အစားအစာများ ကျွေးမွေးရန်အတွက် အိမ်ပြန်ရန် အာမ မခံနိုင်ပေ။


သူမ၏အဖွား ဗိုက်ဆာသည့်အခါ ထမင်းဘူးထဲတွင် အစားအစာ ရှာတွေ့ရှိတတ်ကြောင်း သိသည်ကပင် ကံကောင်းသည်။ သူမအဖွားက ထမင်းဘူးကိုပင် မမှတ်မိတော့သည့် နေ့တစ်နေ့ ရောက်လာမည်ကို ကျိအန်းနဥ် အမှန်တကယ် ကြောက်နေမိသည်။


သူမ၏ ကိုယ်ခံပညာလေ့ကျင့်ရေးကလပ်သို့ သွားသောအခါ ထုံးစံအတိုင်း ညစာစားပြီးနောက် ၀မ်ယွီနှင့် စကားပြောရန် မူလက စီစဉ်ထားသည်။ သို့သော် ပန်းကန်များကို သန့်ရှင်းရေးလုပ်နေ၍ မပြီးသေးမီမှာပင်တစ်ယောက်ယောက်က တံခါးလာခေါက်သည်။


"ဘယ်သူလဲ..." 


သူမ လက်ကို အလျင်စလို သုတ်လိုက်ပြီး မေးရန် အမြန်သွားလိုက်သည်။


“ကိုယ်ပါ...” 


ဩရှပြီး ယောက်ျားပီသသော အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံကြောင့် သူမက ဝမ်ယွီဖြစ်ကြောင်း သိလိုက်သည်။


ကျိအန်းနဉ် အနည်းငယ် အံ့သြသွားပြီး သူ့အတွက် တံခါးကို ဖွင့်ပေးလိုက်သည် ။


ဝမ်ယွီက ဘူးတစ်လုံးကိုသယ်ကာ ဝင်လာပြီး ၎င်းမှာ လေးလံနေပုံရသည်။


"…ဒါဘာလဲ...ဘူးထဲမှာ ဘာတွေပါတာလဲ.."


ကျိအန်းနဉ်ကမေးလိုက်သည်။


ဝမ်ယွီက သေတ္တာကို ကြမ်းပြင်ပေါ်တွင် ချထားလိုက်ပြီး မတ်တပ်ရပ်ကာ ပြုံးလိုက်သည်။


“ဆွီဒင်ထုတ်အထူးလေသန့်စင်စက််လေ...အနံ့ဆိုးတွေကို ဖယ်ရှားတဲ့နေရာမှာ တော်တော်ထိရောက်တယ်တဲ့...”



###