Chapter 156
သွေးစုပ်ဖုတ်ကောင်အစစ်
" အဲ့နားလေးမှာ ရှိရမှာလေ ..."
လျန်ယုက စမ်းချောင်း၏ နှလုံးသားကို ညွှန်ပြလိုက်သည်။
" ငါ ခံစားလို့ရတယ် ... ရှီးမူရဲ့ နှလုံးသားက အဲ့နေရာမှာ ရှိနေတယ် ..."
" သွားရအောင် ရေကူးသွားမယ်လေ ..."
ယောင်စစ် အသက်အောင့်ပြီး စမ်းချောင်းထဲသို့ ခုန်ဆင်းလိုက်သည်။ သို့သော် ရေစီးကြောင်းက သူမ ခန္ဓာကိုယ်ကို ကျော်ဖြတ်စီးဆင်းသွားပြီး သူမနံဘေးတွင် ပူစီဖောင်းများ ဖြစ်လာသည်။
ရေသူထီးလေး အတင်းအကျပ် ပေးထားသည့် ရေရှောင်ရှားပုလဲကို သူမ မေ့လုနီးပါး ဖြစ်သွားသည်။ သူမ လက်ဆန့်၍ လျန်ယုကို ရေပူဖောင်းထဲ ဆွဲချကာ အစိမ်းရောင် အပင်ပေါက်လေးဆီသို့ သွားကြသည်။
" ဟိုမှာပဲ ... ရှီးမူ ..."
လျန်ယု တအံ့တဩဖြင့် အော်ပြောလိုက်ပြီး ရေကူးရန် ပြင်ဆင်နေသည်။
" ခဏလေးစောင့်ပါဦး ..."
ယောင်စစ်၏ နှလုံးသားက တင်းကျပ်သွားပြီး လျန်ယုကို သူမဘေးသို့ ဆွဲခေါ်လိုက်သည်။
" အဲ့နေရာမှာ တစ်ယောက်ယောက် ရှိနေတယ် ..."
လျန်ယု ကြောင်အသွားပြီး အနီးကပ် ကြည့်လိုက်သည်။ အပင်ပေါက်လေး၏ဘေးတွင် အမှန်ပင် တစ်စုံတစ်ယောက် ရှိနေသည်။ အပြာနုရောင်အဝတ်အစားများ ဝတ်ထားသဖြင့် ရေနှင့် တစ်သားတည်း ဖြစ်နေပြီး ရှာတွေ့ရန် ခက်နေသည်။
ထိုလူက သူတို့ကို သတိပြုမိသွားပြီး တစ်ဖက်လှည့်လာ၍ မျက်နှာချင်းဆိုင်လိုက်သည်။ ထိုသူက အလွန်မဝေးသော်လည်း ယောင်စစ် သူ၏ သွင်ပြင်ကို မခွဲခြားနိုင်ပေ။
အဲ့တာ စိတ်အင်အားတွေများလား ...
" မင်းတို့က ဒီဟာကို ဒီနေရာထဲကို ပစ်လိုက်တဲ့ သူတွေလား ..."
သူက မေးလိုက်သည်။ သူမတို့က ရေထဲတွင် ဖြစ်သော်လည်း ထိုလူ၏အသံကို ယောင်စစ် ပီပီသသ ကြားလိုက်သည်။ သူ၏အသံက စူးရှပြီး ကြက်သီးထစရာပင်။ ရုတ်တရက် ထိုလူက အပင်ပေါက်ဆီသို့ရောက်သွားသည်။
" ရှင် ဘာလုပ်တာလဲ ..."
လျန်ယု ထိတ်ထိတ်ပျာပျာဖြင့် မေးလိုက်သည်။
" ကျွန်မ မောင်လေးကို ပြန်ပေး ... အာ့ ..."
သူမ စကားမဆုံးမီမှာပင် ရေသီးသွားသည်။ ယောင်စစ်၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားပြီး ဘုရင်မကို ရေပူဖောင်းထဲ ပြန်ဆွဲခေါ် လိုက်သည်။
ငါတို့ ရေအောက်မှာဆိုတာ မသိဘူးလား ...
" မောင်လေးတဲ့လား ..."
ထိုလူက သရော်လိုက်သည်။
" မင်းတို့လို အဆင့်နိမ့်မျိုးနွယ်တွေက ငါ့ရေတွေကို ညစ်ပတ်အောင် လာလုပ်တယ်ပေါ့ ... မင်းတို့ အပြစ်ပေးခံရသင့်တယ် ..."
ထိုလူက လက်ဆန့်ထုတ်လိုက်ပြီး အပင်ပေါက်လေးကို သူ၏လက်ဖြင့် တင်းတင်းကျပ်ကျပ် ဆွဲလိုက်သည်။
အပင်ပေါက်က စတင် တွန့်လိမ်လာသည်။ စီခနဲ နာကျင်စွာ အော်လိုက်သံက ရေထဲသို့ပင် ဖြတ်သန်းလာသည်။
အဲ့လူက ကျောက်စိမ်းသစ်ပင်လေးကို ဖျက်ဆီးနေတာပဲ ...
" မူလေး ..."
လျန်ယု၏မျက်လုံးများ ပြူးကျယ်သွားသည်။ ရေများစိုရွှဲနေသည်ကို ဂရုမစိုက်ပဲ အတောင်ပံများကို ဖြန့်ကား၍ ရှေ့သို့ တစ်ဟုန်ထိုး ထွက်သွားသည်။
ယောင်စစ် အထိတ်တလန့် ဖြစ်သွားပြီး ကူညီရန်အတွက် မီးစွမ်းရည်ကို ဆင့်ခေါ်လိုက်သည်။
သို့သော် ၎င်းက အသုံးမဝင်ပေ။ ထိုလူကို အတားအဆီးများ ဝန်းရံထားပုံရပြီး သူ၏ အနီးသို့ စွမ်းရည်များ ဝင်လာခြင်းကို ကာကွယ်ထားသည်။
" မင်းက သွေးစုပ်ဖုတ်ကောင်လား ..."
သူ၏ အကြည့်များက အေးစက်နေသည်။ အပင်ပေါက်လေးကို လွှတ်ပေးလိုက်ပြီး သူမဘက်သို့ လှည့်လာသည်။
သူ၏ အကြည့်များက ယောင်စစ်ပေါ်သို့ ရောက်လာသည့်အခါ သူမ ကြက်သီးထသွားပြီး အရိုးများပင် အေးခဲမတတ်ဖြစ်သွားသည်။ ကြောက်ရွံမှုက သူမကိုယ်ပေါ်တွင် ဖြတ်သန်းသွားသည့်အတွက် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။
ဒီလူက ... အရမ်း အန္တရာယ်များတယ် ...
" ဒီ အဆင့်နိမ့်မျိုးနွယ်တွေနဲ့ ယှဉ်ရင် မင်းရဲ့သွေးက နည်းနည်း ပိုပျစ်တဲ့ပုံပဲ ..."
သူ၏ အန္တရာယ်ပေးပုံရသည့် အသံကြီး ထွက်လာပြီး ခဏအကြာတွင် သူမနောက်သို့ ရောက်လာသည်။
" ဒါပေမဲ့ အဆင့်နိမ့်မျိုးနွယ်စုဆိုတာ နိမ့်ကျတာပဲ မင်းက သွေးစုပ်ဖုတ်ကောင် မဖြစ်သင့်ဘူး ..."
" စစ်စစ် ..."
လျန်ယု အော်လိုက်သည်။
ယောင်စစ် တစ်ဖက်သို့ မလှည့်မီမှာပင် အေးစက်သည့် ဖိအားတစ်ခုက သူမကို နောက်ပြန်ဆွဲထားသည်ကို ခံစားလိုက်ရသည်။ ၎င်းက ထူးဆန်းသည့် မြင်ကွင်း မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ဂြိုလ်မြောက်များစွာကို ပျက်စီးစေခဲ့သည့်မူရွှမ်နှင့် လီကျန်းတို့ တိုက်ပွဲတွင် သူမ အကြိမ်ပေါင်းများစွာ မြင်ဖူးခဲ့သောကြောင့်ဖြစ်သည်။
ထိုအလင်းတန်းက သူမနှင့်နီးကပ်လာသည့်အခါ စိတ်ထဲ ဗလာဖြစ်သွားသည်။
ရုတ်တရက် အနီရောင်အလင်းတန်း တောက်ပလာပြီး ကြက်သွေးရောင်နံရံတစ်ခုက သူမကို ဝန်းရံလိုက်သည်။ ထို တွန်းအားက ယောင်စစ်၏ ခါးကိုရစ်ပတ်လိုက်သည်။
" စစ်စစ်လား ..."
ထိတ်ထိတ်ပြာပြာဖြင့် သူမ မျက်နှာကို လာရောက်ပွတ်သပ်ပြီး စိုးရိမ်တကြီးနှင့် သူမကို စစ်ဆေးနေသည်။
" အသက်ရှုကြည့်ပါဦး ..."
" မူရွှမ်လား ..."
ယောင်စစ် အသက်ပြင်းပြင်းရှုပြီးနောက် တုံ့ပြန်လိုက်သည်။ သူမ ခန္ဓာကိုယ်က အထိန်းအကွပ်မဲ့ တုန်ယင်နေသည်။ လီကျန်းက သူမရင်ဘတ်ကို ထိုးခဲ့သော်လည်း အလွန်မနာပေ။ ထိုရောင်ခြည်က သူမအတွက် ခုခံနိုင်စွမ်းမရှိသော စွမ်းအားတစ်ခုလိုပင်။
သူမ သူ၏အဝတ်များကို တင်းတင်းကျပ်ကျပ် ဆုပ်ထားလိုက်သည်။
" မူရွှမ် မူရွှမ် ..."
" မကြောက်နဲ့တော့ ကိုယ်ဒီမှာရောက်နေပြီ ... မကြောက်နဲ့နော် ..."
သူမကို တင်းတင်းကျပ်ကျပ်ဖက်ထားပြီး သူမစိတ်ထဲမှ အကြောက်တရားများ ပျောက်သွားသည်အထိ ထပ်ခါထပ်ခါ နှစ်သိမ့်ပေးနေသည်။
" ဟမ် နောက်တစ်ယောက်လား ..."
ထိုလူက သူ၏လွဲချော်သွားသော ကြိုးပမ်းမှုကို ထိတ်လန့်မသွားသည့်အပြင် သူမတို့နှစ်ယောက်ကိုပါ လျစ်လျူရှုထားသည်။ မဲ့ပြုံးပြုံးလိုက်ပြီး သူ၏မျက်နှာတွင် အထင်သေးသည့်ဟန် ပေါ်လာသည်။
" မင်းတို့လို သွေးစုပ်ဖုတ်ကောင်မျိုးတွေက ဒီကမ္ဘာပေါ်မှာ မုန်းတီးမှုနဲ့ အထိုက်တန်ဆုံးပဲ ..."
သူ၏စကားမဆုံးမီမှာပင် မူရွှမ် မျက်မှောင်ကြုတ်လိုက်သည်။ ထိုလူ့အပေါ်တွင် ကြောက်မက်ဖွယ်ဖိအားများ ကျလာသည်။
ရာပေါင်းများစွာသော ရောင်ခြည်များ ပေါ်လာပြီးနောက် တင်းကျပ်စွာ ချည်နှောင်ထားသည့် အလင်းတန်းတစ်ခုက ထိုလူဆီသို့ ပျံသန်းသွားခဲ့သည်။
" ဒါက ..."
ထိုလူ၏မျက်နှာမှ အထင်အမြင်သေးမှုများ အေးခဲသွားသည်။ မျက်လုံးများ ပြူးကျယ်လျက် မူရွှမ်ကို ကြည့်နေသည်။
" မင်းက သွေးစုပ်ဖုတ်ကောင် အစစ်လား ..."
ထိုသို့ပြောလိုက်ချိန်တွင် အလင်းတန်းများက သူ့ပေါ်ရောက်လာပြီး ဂြိုလ်တစ်ခုလုံးကို တုန်ခါသွားစေသည့် ပေါက်ကွဲမှုကြီး ဖြစ်သွားသည်။ မူရွှမ်ယောင်စစ်ကို ချီပြီး အပြင်ဘက် အာကာသထဲသို့ ထွက်လာသည်။
ရောင်ခြည်များကြောင့် ကောင်းကင်ဘုံဂြိုလ်မှာ အပိုင်းပိုင်းအစစအဖြစ် ပေါက်ကွဲပြီး နေရာအနှံ့သို့ လွင့်စင်ကုန်သည်။ ယောင်စစ် မူရွှမ်၏ စွမ်းအားကို သိသည့်အတွက် ငိုချင်စိတ်ပေါက်လာသည်။
သူ စိတ်ဆိုးနေရင်တောင်မှ လူတွေအများကြီးအပေါ် လက်စားမချေဖို့ သူမ ပြောထားတယ်လေ ..
" ဂြိုလ်ပေါ်က လူတွေကရော ..."
" သူတို့ အဆင်ပြေတယ် ..."
မူရွှမ်က သူမ မေးခွန်းကို စောင့်နေသကဲ့သို့ ချက်ချင်းပင် ဖြေလိုက်သည်။
ယောင်စစ် ကြောင်အသွားပြီး အနီးကပ်ကြည့်လိုက်သည်။ မြောက်များစွာသော ရေပူဖောင်းများ ပေါလောမျောနေပြီး ဂြိုဟ်ပေါ်မှ လူတစ်ချို့က မြူများကြားထဲရောက်နေသည်။ လျန်ယုက အများစုကို ဘေးလွတ်ရာ ပြောင်းရွေ့ပေးထားသောကြောင့် လူများများစားစား မကျန်ပေ။ မူရွှမ် ဝင်ပေါက်တစ်ခု ဖွင့်လိုက်ပြီး သူတို့အားလုံးကို နီးစပ်ရာ ဂြိုဟ်တစ်ခုပေါ် ပို့ပေးလိုက်သည်။
ရုတ်တရက် သွေးများရွှဲနစ်နေသူ တစ်ယောက်က ဂြိုလ်ပေါ်မှ ပျံထွက်လာသည်။
သေစမ်း ... အဲ့နှာဘူးကောင် အသက်ရှင်နေသေးတယ် ...
" ဒီကမ္ဘာပေါ်မှ သွေးစုပ်ဖုတ်ကောင်အစစ်တွေ ရှိသေးတယ်ပေါ့ ..."
ယခင်က သူ၏ အထင်အမြင်သေးသည့် အော်ရာနှင့် ဆန့်ကျင်ဘက်ဖြစ်ကာ စိတ်လှုပ်ရှားနေပုံရသည်။ သူ၏ အကြည့်များက မူရွှမ်အပေါ်တွင်သာ ရှိနေသည်။
" ငါနဲ့လိုက်ခဲ့ပါ ... တကယ့် သွေးစုပ်ဖုတ်ကောင်က ဘယ်လိုမျိုးဆိုတာ ပြမယ် ..."
သူဘာကို ဆိုလိုတာလဲ ... သွေးစုပ်ဖုတ်ကောင်က အတုရှိသေးလို့လား ...
မူရွှမ် မျက်မှောင်ကြုတ်ထားပြီး သူ၏ စကားလုံးများကို လုံးဝ လျစ်လျူရှု့ထားသည်။
" မင်းက ငါ့ရဲ့ကလေးလေးကို ခြိမ်းခြောက်ရဲတယ်လေ ဘယ်မှသွားဖို့ မကြံနဲ့တော့ ..."
မူရွှမ် လက်မြှောက်ပြီး ရောင်ခြည်တန်းများကို တစ်ကြိမ်ဆင့်ခေါ်လိုက်သည်။
" ကလေးလေးတဲ့လား ...နေပါဦး ..."
ထိုလူ စကားမဆုံးမီမှာပင် မူရွှမ်က သူ့ကို တိုက်ခိုက်တော့သည်။
ထိုလူ ဘေးသို့ အမြန်ရှောင်လိုက်သည်။
" မင်း ..."
ထိုလူ ဒေါသထွက်သွားပုံရကာ ယောင်စစ်ကို စူးစူးရဲရဲ ကြည့်နေသည်။ ထို့နောက် အခြေအနေကို ရုတ်ချည်း သဘောပေါက်သွားပြီး မဲ့ပြုံးပြုံးလိုက်သည်။
" သွေးစုပ်ဖုတ်ကောင်အစစ်က ဒီလိုဟာမျိုးကို က်ြိုက်နေမယ် မထင်ထားဘူး ... မင်းအခု မျိုးမစစ်နဲ့ တူတူရှိနေတာပဲ ..."
“…”
ဘယ်သူ့ကို မျိုးမစစ်လို့ ခေါ်လိုက်တာလဲ ...
" ထားလိုက်ပါ ... အလျင်လိုစရာမှ မဟုတ်တာ ..."
ထိုလူက သရော်သည့်အပြုံးနှင့် ယောင်စစ်ကို ကြည့်လိုက်သည်။ သူ၏ခန္ဓာကိုယ် တဖြည်းဖြည်း အရောင်မှိန်ပြီး ပျောက်ကွယ်သွားသည်။
" မင်းတစ်နေ့ကျရင် ငါ့ကို ဒူးထောက်တောင်းပန်ရမယ် ..."
မူရွှမ် နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်နေသော်လည်း ထိုလူက ပျောက်ကွယ်သွားပြီဖြစ်သည်။
ယောင်စစ် မကောင်းသည့် ခံစားချက်တစ်မျိုး ရရှိလာသည်။
" မူရွှမ် ... သူက မဟုတ်မှလွဲရော ..."
" သွေးစုပ်ဖုတ်ကောင် ..."
မူရွှမ်က ယုံကြည်ချက်ရှိရှိ ပြန်ဖြေလိုက်သည်။
" ပထမမျိုးဆက် ..."
“…”