အပိုင်း၇၁
Viewers 11k

🤚Chapter 71



ခြိုးခြံချွေတာနေရာမှ အလွန်အကျွံသုံးဖြုန်းမှုကို ကူးပြောင်းရန် လွယ်ကူသော်လည်း အလွန်အကျွံသုံးဖြုန်းရာမှ ခြိုးခြံချွေတာရန် ခက်ခဲသည်ဟု မကြာခဏ ပြောလေ့ရှိကြသည်။ ၎င်းက မည်သို့သောစိန်ခေါ်မှုဖြစ်ကြောင်း ကျိ အန်းနဥ်က ကောင်းကောင်းနားလည်သည်။


သူမက မီးများတောက်ပစွာ ထွန်းထားသော အိမ်တွင် နေထိုင်ခဲ့ဖူးသည်။ သူမ၏အိပ်ခန်းက မိန်းကလေးဆန်သော ပရိဘောဂအစုံအလင်ရှိကာ မင်းသမီးလေးတစ်ယောက်၏ အခန်းသဖွယ်အလှဆင်ထားသည်။ သူမက နောက်ဆုံးပေါ် အဝတ်အစားများနှင့် ဖိနပ်များကို အမြဲဝတ်ဆင်ထားပြီး သူမနှစ်သက်သည့်အချိန်တိုင်း fast foodများကို စားသုံးလေ့ရှိသည်။


ထို့ကြောင့် မြို့ဟောင်းရပ်ကွက်ရှိ အငှားတိုက်ခန်းငယ်လေးတစ်ခုသို့ အဖွားဖြစ်သူက ခေါ်ဆောင်လာသောအခါတွင် ကျဉ်းမြောင်းပြီး မြင့်မားသော ပြတင်းပေါက်တစ်ခုသာရှိသည့် အခန်းကျဉ်းလေးမှတစ်ဆင့်ပြင်ပကမ္ဘာကို မမြင်ရပေ။ သူမ အရာအားလုံးဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။


သူတို့က ဤဝင်း၏အနောက်ဘက်တွင် ဆောက်လုပ်ထားသော တရားမဝင်အိမ်ငယ်လေးကိုသာ ငှားရမ်းခဲ့သည်။လျှပ်စစ်ဝါယာ ကြိုးများက တံစက်မြိတ်မှ ပြုတ်ကျကာ ဖရိုဖရဲ ရှုပ်ပွနေပြီး မိုးသည်းစွာရွာနေချိန်တွင် ခြံဝင်းတစ်ခုလုံး ရေလျှံကာ အုတ်ခဲများကိုဖြတ်၍ လမ်းလျှောက်ချိန်၌ ဖိနပ်များ စိုစွတ်နေတတ်သည်။


တစ်ညတွင်မူ ညဆိုင်းအလုပ်ဆင်းပြီးပြန်လာသော အိမ်နီးချင်းတစ်ယောက်က ခြံဝင်းအရှေ့တည့်တည့်တွင် လုယက်ခံခဲ့ရသည်။ သူ့ပိုက်‌ဆံအိတ်ကို လုယူသွားရုံသာမက အပေါ်ဝတ်ဂျာကင်ကိုလည်း ယူသွားလေသည်။ သူ ခြံဝင်းရှေ့တွင် သတိလစ်လဲကျသွား၍ တစ်ညလုံး အေးခဲတောင့်‌တင်းနေခဲ့ရသည်။ မနက်စောစောအိပ်ရာနိုးသည့် အမျိုးသမီးတစ်ယောက်က သူ့ကိုမတွေ့ခဲ့ပါက တစ်ကိုယ်လုံးတောင့်တင်းပြီး သေသွားပေလိမ့်မည်။


အလွန်အကျွံသုံးစွဲရာမှ ခြိုးခြံချွေတာမှုသို့ ကူးပြောင်းခြင်း လုပ်ငန်းစဉ်က ခက်ခဲမှုနှင့် ခါးသီးမှုများဖြင့် ပြည့်နေသည်ကို  အပြင်လူများ သိနိုင်မည်မဟုတ်ပေ။


ကံကောင်းထောက်မစွာနှင့် သူမ တဖြည်းဖြည်း အသားကျသွားခဲ့သည်။


အရသာရှိသောအစားအစာကို မစားရသောကြောင့် စားချင်စိတ် ဆုံးရှုံးသွားရသည်။ အဝတ်အစားအသစ်များကို မဝတ်ရသောကြောင့် ၀တ်စားချင်စိတ်များ ပျောက်သွားခဲ့သည်။ ငွေကိုသုံးစွဲမည့်အစား စုဆောင်းခြင်းက သူမကို လုံခြုံသည်ဟု ခံစားရစေသည်။


ဆင်းရဲသွားခြင်းက သူမကိုချုပ်ထိန်းထားကာ Stockholm Syndrome ရောဂါကို ဖြစ်ပေါ်လာစေသည်။


ဤသို့ဖြင့် တစ်နေ့တွင် သူမက ဤလူချမ်းသာလူငယ်လေးကို တွေ့ခဲ့ရသည်။


သူက သူမကိုဖုန်း၊ ကွန်ပျူတာ၊ အဝတ်အစား၊ မိတ်ကပ်၊ အိတ်နှင့် လက်ဝတ်ရတနာများဝယ်ပေးပြီး သူမကိုပျော်စရာကောင်းသည့်နေရာကိုခေါ်သွားကာ အရသာရှိသည်များလည်း ကျွေးခဲ့သည်။


သူ့ပန်းတိုင်က အရာဝတ္ထုများအပေါ် သူမ၏ အလိုဆန္ဒများကို နိုးထစေပြီး ရုပ်ဝတ္ထုပစ္စည်းတများအပေါ် သူမ ဒူးထောက်လာအောင် လုပ်နေခဲ့သည်။


ကျိအန်းနဉ်က သူ့ကိုနတ်ဆိုးဟုသာ သဘောထားသည်။


သူမက ဝမ်ယွီ၏ဟန်ဆောင်နေမှုကို လက်ခံထားသော်လည်း သူ၏ငွေများအပေါ်တွင်မူ ငြင်းဆန်ထားသည်။ အမှန်တွင် ဝမ်ယွီပြောသည့်အတိုင်း သူမက အနာဂတ်အတွက် ကြိုတင်‌ပြင်ဆင်နေခဲ့ခြင်းဖြစ်သည်။


ဝမ်ယွီက ယနေ့တွင် နေ့ကျိအန်းနဉ်၏ အတွေးများကို သိလိုက်ရမည်ဟု မမျှော်လင့်ခဲ့ပေ။ သူမက သူတို့၏ ဆက်ဆံရေးကို မယုံကြည်ခဲ့ပေ။


ဝမ်ယွီက သူ့ကိုယ်သူ ဤဆက်ဆံရေးထဲတွင် နှလုံးသားနှင့် ဝိညာဉ်ကို ပုံအပ်ခဲ့သည်ဟု ယုံကြည်ခဲ့သော်လည်း ကျိအန်းနဉ်၏တုံ့ပြန်မှုက သူ့ကို အလွန်ဒေါသထွက်စေပြီး အသည်းနာလုမတတ် ခံစားခဲ့ရသည်။


ကျိအန်းနဉ်က သက်ပြင်းချပြီး ပြောလိုက်သည်။


"ဒါပုံမှန်ပဲ မဟုတ်ဘူးလား..."


ကောလိပ်တက်ချိန်တွင် ချိန်းတွေ့ခြင်းနှင့် လမ်းခွဲခြင်းများက သာမန်သာဖြစ်သည်။ ယနေ့တွင် ချစ်သူကောင်လေးနှင့် လမ်းခွဲလိုက်သည်နှင့် အခန်းဖော်များက အတူတူအရက်သောက်ပေးပြီး ငိုပေးမည်။ နောက်လတွင်မူ အနီးရှိဌာနက ရည်းစားအသစ်နှင့် မိတ်ဆက်ပေးမည်သာဖြစ်သည်။


ကျောင်းဝင်းထဲမှာ ရည်းစားဟောင်းကောင်လေးနဲ့ ရည်းစားဟောင်းကောင်မလေးတွေ ဖြတ်သွားတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် သတိမထားမိဟန်ဆောင်နေတာက ပုံမှန်ပဲမဟုတ်ဘူးလား...


ဤသည်မှာ အမှန်ပင် ကျောင်းဝင်းအတွင်းရှိ အခြေအနေဖြစ်သည်။


သူမအတွက် သူလုပ်ပေးခဲ့သည်နှင့် သူလုပ်ဆောင်ခဲ့သော ကြိုးစားအားထုတ်မှုကို ဝမ်ယွီက ကျိအန်းနဉ်ထံ မပြောနိုင်ပေ။ သူလုပ်ခဲ့သည့်အရာများက သာမန်ကောလိပ်ကျောင်းသားတစ်ယောက်ထက် သာလွန်ကောင်းမွန်သည်။


သူ ငြင်းဆန်၍မရသည့် ကျိုးကြောင်းဆီလျော်သော အကြောင်းအရာများအကြောင်း သူမပြောသည်ကိုသာ ကြည့်နေနိုင်သည်။


ဤတစ်ကြိမ်တွင် သူ့အသည်းများ နာကျင်နေရုံသာမက သူ့နှလုံးသား၊ အဆုတ်နှင့် အခြားအရာအားလုံး နာကျင်နေသလို ခံစားလာရသည်။


သခင်လေးဝမ်က လည်ချောင်းထဲသို့ ဆန်တက်လာသော သွေးများကို ခံနိုင်ရည်ရှိရှိ မျိုသိပ်ထားကာ အံကြိတ်၍ ပြောသည်။


 "ဒီအဓိပ္ပါယ်မရှိတာတွေ ကိုယ့်ကိုမပြောနဲ့... တခြားလူတွေက တခြားလူတွေလေ... ကိုယ်တို့နဲ့ ဘာဆိုင်လို့လဲ...ရိုးသားစမ်းပါ... အဖွားရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မင်းတကယ်ကို ဘယ်လိုခံစားရလဲ...”


သူမက ယုတ္တိတန်စွာပြောတတ်ပြီး ပြတ်သားသောစိတ်ကို ထိန်းထားသူတစ်ဦးဖြစ်သော်လည်း သူမ၏အဖွား၏ အခြေအနေအကြောင်း ပြောသောအခါ အဘယ်ကြောင့် ရုတ်တရက် ဆင်ခြင်တုံတရားမဲ့ပြီး ခေါင်းမာလာရသည်ကို သူ နားမလည်နိုင်တော့ပေ။


ကျိအန်းနဥ်က ခဏနှုတ်ဆိတ်နေပြီး မေးလာသည်။


 "ဝမ်ယွီ ရှင့်မှာ ဘယ်လိုအခြေအနေမျိုးမှာမှ မစွန့်လွှတ်နိုင်တဲ့ ရှင့်ရဲ့ဆွေမျိုးထဲက လူတစ်ယောက်ယောက်ရှိလား... ဘယ်လိုအခြေအနေမျိုးမှာမဆို ရှင်နဲ့အတူ ရှိနေရမဲ့သူလေ..."


ဝမ်ယွီက မျက်လုံးကိုလှိမ့်ကာ ပြောလာသည်။

"မရှိဘူး..."


အရွယ်ရောက်နေတဲ့သူက ဘာလို့ တခြားလူတစ်ယောက်ကို မထားခဲ့နိုင်ရမှာလဲ...


သို့သော် သူ ရုတ်တရက်ရပ်လိုက်ပြီး ပြောလာသည်။


"ကိုယ့်မှာ တစ်ယောက်ယောက်ရှိတယ်လို့ပြောရရင် ကိုယ့်လူအိုကြီး(အဖေ)ပဲ ဖြစ်လိမ့်မယ်..." 


ဝမ်ယွီက သူ မထားခဲ့နိုင်သူ တစ်ယောက်မှမရှိဟု ခံစားလိုက်ရသည်။ သူကအရွယ်ရောက်ပြီးသူဖြစ်၍ တစ်ယောက်တည်း နေထိုင်နိုင်သူဖြစ်သည်


သို့သော် ဝမ်ကောအန်း အတွက်က မတူပေ။ သူက အသက်ကြီးပြီး ဝမ်ယွီက သူ့အတွက် အလွန်အရေးကြီးသည်။ ဝမ်ကောအန်းက သူ့အပေါ် မြင့်မားသော မျှော်လင့်ချက်များ ထားရှိခဲ့သည်။


ဝမ်ကောအန်းကို သူ မထားခဲ့နိုင်ပေ။ ဝမ်ကောအန်းကလည်း သူ့ကို ထားခဲ့မည်မဟုတ်ပေ။ သူက အသက်ကြီးနေသည့်ဖခင်ကို စိတ်ပူနေမိသည်မှာ အမှန်ဖြစ်၍ သိတတ်သောသားတစ်ယောက်ဖြစ်သည်။


"တွေ့လား ရှင့်မှာလည်း တစ်စုံတစ်ယောက်ရှိတယ်လေ... ကျွန်မက ကျွန်မအဖွားနဲ့ ဘယ်တော့မှ ခွဲမသွားနိုင်သလိုမျိုး ပေါ့..." 


သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာနှင့် ပတ်သက်သည့် စကားဝိုင်းက မသာယာဖွယ်ကောင်းသော အဆုံးသတ်တစ်ခုဖြစ်လုနီးပါးအဖြစ် ဖော်ပြနိုင်သည်။


တံခါးမပိတ်မီ ကျိအန်းနဉ်က ဝမ်ယွီကို ရုတ်တရက်ရပ်စေလိုက်ပြီး ပြောလာသည်။

 "ကျွန်မအဖွားက ကျွန်မအတွက် ဝန်ထုပ် ဝန်ပိုးမဟုတ်ပါဘူး... သူ့ကို ဝန်ထုပ်ဝန်ပိုးအဖြစ်လည ဘယ်တုန်းကမှ မမှတ်ယူခဲ့ဖူးဘူး...”


ဝမ်ယွီက တံခါးအပြင်ဘက်တွင်ရပ်ကာ သူမကိုကြည့်ရင်း သူ့မျက်လုံးများထဲမှ သဘောထားကွဲလွဲမှုက ပြင်းပြနေခဲ့သည်။


ကျိအန်းနဥ် တံခါးကို ပိတ်လိုက်သည်။


ရေချိုးပြီးသည်နှင့် အိပ်ခန်းထဲသို့ ပြန်ဝင်ကာ စောင်ပေါ် လှဲလိုက်သည်။


အမှောင်ထဲတွင် သူ့အဖွား၏ ရံဖန်ရံခါ မတည်မငြိမ်ဖြစ်နေသော အသက်ရှုသံများကို နားထောင်လျက် အဖွား၏ စောင်ထဲထဲကို တိတ်တဆိတ်လှမ်းလာပြီး လက်ကို ဆုပ်ကိုင်လိုက်သည်။


သူ့အဖွားက အိပ်ပျော်နေရာမှ ရုတ်တရက်လှည့်လာပြီး သူမကိုပွေ့ဖက်ရန် လက်ဆန့်ကာ နှစ်ကြိမ်တိုင်တိုင် ဖက်လိုက်သည်။


"နဉ်နဉ်မကြောက်နဲ့ အဖွား ဒီမှာရှိတယ်...” 

အဖွားက မျက်လုံးမှိတ်ထားပြီး ရေရွတ်နေသည်။

“အဖွားတို့ ခွဲမသွားဘူးနော်...”


အတိတ်တွင်မူ နွေရာသီ၌ ခေါင်မိုးပေါက်နေပြီး ဆောင်းရာသီ၌ အပူပေးစက်မရှိသော တိုက်ခန်းကျဉ်းလေးထဲတွင် သူ့အဖွားက သူ့ကို ဤသို့ပွေ့ဖက်ထားပြီး ပြောခဲ့ဖူးသည်။

 "နဉ်နဉ်မကြောက်နဲ့နောာ် အဖွား ဒီမှာရှိတယ်... အဖွားတို့ဘယ်တော့မှခွဲမသွားဘူး...”


သူ့အဖွားက ကျိအန်းနဥ်အတွက် မည်သို့သောအခါကမှ ဝန်ထုပ်ဝန်ပိုး မဖြစ်ခဲ့ပေ။ သူမက ဘဝနှစ်ခုလုံးတွင် သူမကို အမြဲပံ့ပိုးပေးခဲ့သည်။


သေခြင်းမှလွဲ၍ မည်သူမျှ သူတို့ကိုမခွဲနိုင်ပေ။


........


လူငယ်များကို စိတ်လှုပ်ရှားစေသည့် ခရစ္စမတ်အကြိုနေ့က ဝမ်ကောအန်းကဲ့သို့ သက်ကြီးရွယ်အိုများအတွက် အဓိပ္ပါယ်မရှိပေ။


အိမ်ပြန်ရောက်သည့်အခါ အဒေါ်ကြီးက သူ့ကိုကြိုဆိုပြီး သူ့အင်္ကျီကို ယူသွားသည်။ သူက မေးလိုက်သည်။

 “ငါ့မိန်းမ ဘယ်မှာလဲ...” 


“ ဟုတ်ကဲ့ ကျွန်မလည်း မသိပါဘူး အခုထိတော့ ပြန်မလာသေးဘူး...” 


ဝမ်ကောအန်းက အထူးစိုးရိမ်မနေဘဲ ခေါင်းညိတ်လိုက်သည်။


သူတို့နှစ်ဦးက စုံတွဲတစ်တွဲအဖြစ် သီးခြားအခန်းတစ်ခန်းစီတွင် အိပ်ခဲ့ကြသည်။ အလုပ်ကိစ္စကြောင့် ဝေးသွားပါက ဆယ်ရက် သို့မဟုတ် လဝက်ခန့် မတွေ့ရသည်မှာ ပုံမှန်သာဖြစ်သည်။


ဝမ်ကောအန်း အပေါ်ထပ်သို့တက်သွားသော်လည်း အဒေါ်ကြီးက နောက်မှလိုက်ကာ ပြောသည်။

“မစ္စတာဝမ်..ကျွန်မ တောင်းဆိုချင်တာတစ်ခုရှိလို့ပါ... ကျွန်မခဏလောက် အနားယူပြီး မွေးရပ်မြေကို ပြန်သွားဖို့ စီစဉ်ထားတာ ဒီတစ်ခါတော့ အချိန်နည်းနည်းပိုကြာသွားနိုင်ပါတယ်...”


ဤအဒေါ်က မိသားစုတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်လာခဲ့ပြီး အလုပ်ရှင်များနှင့် အတော်လေး ခင်မင်ရင်းနှီးလာခဲ့သည်။ ဝမ်ကောအန်းက မေးလိုက်သည်။

 "အိမ်မှာ တစ်ခုခုဖြစ်နေလို့လား..."


အဒေါ်ကြီးက ပြုံးပြီးပြောသည်။

“ဒီနှစ်ကတော့ အဖေ့ရဲ့ အသက် ၉၀ ပြည့် မွေးနေ့မို့ ကျွန်မတို့ မောင်နှမတွေအားလုံးက ဂုဏ်ပြုဖို့အတွက် ပြန်တာပါ...” 


"ကိုးဆယ်... အိုး သူက ကျန်းမာရေးကောင်းတာပဲ...” 

ဝမ်ကောအန်းက ပြန်ဖြေပြီးနောက်  မေးလာသည်။"စကားမစပ် မင်းတို့မိသားစုမှာ မင်းကမွေးချင်းဘယ်‌လောက်မြောက်လဲ..."


“ကျွန်မက အငယ်ဆုံးပါ...”

အဒေါ်ကြီးက ပြုံးပြီးပြောသည်။

“ကျွန်မတို့မှာ မွေးချင်းရှစ်ယောက်ရှိတယ်လေ... ဒီတစ်ခါတော့ မလူငယ်တွေလည်း ပြန်သွားချင်တယ်ဆိုတော့ အားလုံးပေါင်း နှစ်ဆယ်သုံးဆယ်လောက်ရှိမယ်ထင်တယ်...”


လူများစွာရှိသော်လည်း သူတို့အားလုံးက သွေးချင်းနီးသည့် ဆွေမျိုးရင်းချာများမဟုတ်ဘဲ မိသားစုဝင်စစ်စစ်များကဲ့သို့ပင် ဖြစ်သည်။


ဝမ်ကောအန်းက မနာလိုဟန်မပြဘဲ မနေနိုင်တော့ပေ။

"လူဦးရေများတဲ့ မိသားစုလေးရှိရတာ တကယ်ကို ပျော်စရာကောင်းတာပဲ..."


အဒေါ်ကြီးက သူ့ကို နှစ်သိမ့်ပြီး ပြောလာသည်။

“ မစ္စတာဝမ်လည်း အတူတူပါပဲ... ရှောင်ယွီဘွဲ့ရပြီး အိမ်ထောင်ပြုတဲ့အထိ စောင့်လိုက်ပါ...ဒါဆို မစ္စတာဝမ်မှာ မြေးတွေ အများကြီးရှိမှာ...”


"သူ့ကို အားကိုးရမှာလား မြေးမရသေးခင် သင်္ချိုင်းမှာနေရမှာကို ပဲကြောက်မိတယ်...” 

ဝမ်ကောအန်းက ခေါင်းယမ်း၍ရယ်မောလိုက်ပြီး အပေါ်ထပ်သို့ တက်သွားသည်။


ခရစ္စမတ်အကြိုနေ့၌ချန်းလျန်က ပြည်နယ်မြို့တော်မှာ မရှိဘဲ ပူနွေးသည့် တောင်ပိုင်းသို့ သွားခဲ့သည်။


ဝမ်ကောအန်းက ဤသို့စိတ်ကူးယဥ်ဆန်သည့်အားလပ်ရက်များကို သူမကိုလိုက်နေစဉ်နှင့် အိမ်ထောင်သက်တမ်း အစောပိုင်းကာလအနည်းငယ်အတွင်းသာ ကုန်ဆုံးခဲ့သည်။ သူမကလေးမွေးပြီးနောက် သူ့ခံစားချက်အားလုံး ဝမ်ယွီထံ သို့ ရုတ်တရက်ပြောင်းသွားပုံရသည်။


သူက ဝမ်ယွီကို ငယ်စဉ်ကတည်းက သူ့လက်ဖဝါးထဲတွင်ဆုပ်ကိုင်ထားခဲ့သည်မှာ အရည်ပျော်သွားမည် သို့မဟုတ် ပျက်စီးသွားမည်ကို စိုးရိမ်နေသည့်အလားပင်။


ချန်းလျန် သူမ၏ နှလုံးသားထဲမှ နက်နဲစွာ ရွံရှာသွားသည်။ အသက်ကြီးလာသည်နှင့်အမျှ အထူးသဖြင့် အမျိုးသားများက ၎င်းတို့၏ မျိုးပွားမှုဆန္ဒများ ပြင်းထန်လာပြီး မျိုးဆက်ပြန့်ပွားရေးက အခြားအရာများထက် ပိုအရေးကြီးလာသည်ဟု ခံစားရပုံပေါ်သည်။


နောက်ပိုင်းတွင် ဤကိစ္စက ရယ်စရာကောင်းသည်ကိုသူမ သိလိုက်ရသည်။


သို့သော် ဝမ်ကောအန်းက ဝမ်ယွီအပေါ် သူ့အတွေးအားလုံးကို ထည့်သွင်းပြီး သူမကို အသက်ရှူရန် နေရာတစ်ခု ပေးခဲ့သည်။ ထိုသို့မဟုတ်ပါက သူမ ရူးသွားနိုင်သည်။


ဖယောင်းတိုင်မီး၊ ဂီတ၊ အကင်၊ ဝိုင်နီ...


ယန်ယွမ်က သူမရှေ့သို့ ဘူးတစ်ခုကို တွန်းပို့လိုက်သည်။


“ပြင်သစ်မှာ ဝယ်ထားတာ...” 

ဆယ်စုနှစ်များအတွင်း မပြောင်းလဲသော အပြုံးတစ်ခုဖြင့် သူမကို သူကြည့်လိုက်သည်။

 “မင်းကလွဲရင် ဘယ်သူနဲ့မှ မထိုက်တန်ပါဘူး...”


ချန်းလျန် ဘူးကိုဖွင့်ကြည့်လိုက်သောအခါ အတွင်းထဲတွင် သပ်ရပ်လှပသော ရှေးဟောင်းမြ လက်ဝတ်ရတနာအစုံအလင် ရှိနေသည်။


"ကိုယ်တို့ တက္ကသိုလ်တက်တုန်းကအချိန်ကို မင်းမှတ်မိလား ... ခရစ္စမတ်အကြိုနေ့မှာ လမ်းဘေးဈေးတန်းကို သွားခဲ့ကြတယ်လေ... အဲဒီနေ့က အရမ်းအေးတာ ကိုယ်တို့တွေ KFC မှာ ခရစ္စမတ် comboကို မှာခဲ့တာ သူတို့က ကိုယ်တို့ကို ခရစ္စမတ်ဦးထုပ်နှစ်လုံးပေးတော့ တစ်ယောက်တစ်လုံးစီ ဆောင်းပြီး လမ်းတစ်ဖက်ကို တစ်ဖက်ကို တွန်းဆော့ခဲ့လို့ မင်းနှာခေါင်းတစ်ခုလုံး နီရဲလာတာလေ... ပြန်ရောက်တော့ မင်းမှာ ပိုက်ဆံရှိရင် တောင်ပိုင်းမှာပဲ ခရစ်စမတ်တိုင်း အချိန်ဖြုန်းမယ်လို့ ပြောခဲ့တာ..."

ယန်ယွမ်က အတိတ်ကို ပြန်သတိရနေသည်။


ဤအခိုက်အတန့်တွင် သူတို့က နွေးထွေးသော တောင်ပိုင်းဒေသတွင် ရှိနေကြသည်


သူတို့ငယ်စဉ်က အိမ်မက်များက ပြည့်ခဲ့သည်မှာ ကြာပြီဖြစ်ပြီး ၎င်းတို့ကို ပံ့ပိုးပေးရန် ကြီးမားသည့် ငွေကြေးအရင်းအမြစ်များလည်း လိုအပ်ခဲ့သည်။


ငယ်ရွယ်စဉ်ကမူ ပိုက်ဆံမရှိသော်လည်း သူတို့နှစ်ယောက် ချစ်ခင်စုံမက်ပြီး ပျော်ပျော်ရွှင်ရွှင်နေခဲ့သည်။ 


ယခု သူတို့နှစ်ယောက်လုံး ပိုက်ဆံရှိသော်လည်း ချန်းလျန်က မပျော်ပေ။ ယန်ယွမ်က အတိတ်ကို လှိုက်လှိုက်လှဲလှဲ အမှတ်ရနေသည့်တိုင် သူမ၏ မငြိမ်မသက်သော စိတ်ခံစားမှုများက သက်သာနေသည်။


သူမက ဘူးကိုအတင်းပိတ်ပြီး အခိုင်အမာပြောလာသည်။ “ကျွန်မ သည်းမခံနိုင်တော့ဘူး သူ့ကိုထားခဲ့ချင်တယ်... "


"ချန်းချန်း မင်း ဝမ်ယွီအကြောင်းကို စဉ်းစားရမှာလေ..."


"ကျွန်မက ဘာလို့စဥ်းစားရမှာလဲ..." 

ချန်းလျန်၏ အသံက ပိုမိာကျယ်လောင်စူးရှလာသည်။ "ကျွန်မ တစ်သက်လုံး တခြားသူတွေအတွက်ပဲ တွေးနေခဲ့ရတာ... ကျွန်မ မိဘတွေ၊ ရှင်၊  ဝမ်ယွီ... အခု ကျွန်မအတွက်လုံလောက်ပြီ... အခု ကျွန်မအသက် ဘယ်လောက်ရှိပြီလဲ ကိုယ့်အတွက် အသက်မရှင်ရတော့ဘူးလား... "


"ဟုတ်ပါတယ်ကွာ မင်း အဲလိုနေနိုင်ပါတယ်..." 

ယန်ယွမ်က သူမလက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး သူမကို နူးနူးညံ့ညံ့ကြည့်လိုက်သည်။

 "စိတ်မပူပါနဲ့ ကိုယ်စီစဉ်ပေးပါ့မယ်..."


ဤလူက ငယ်ရွယ်စဉ်တွင် ကျောင်းဝင်းအတွင်းမှ မိန်းကလေးများ၏ အသည်းကျော်‌ဖြစ်ခဲ့ပြီး သူ့၏ချောမောသောရုပ်ရည်ကြောင့် ကျောင်းသူများကို ရူးသွပ်စေခဲ့ဖူးသည်။


ချန်းလျန်က သူ့မိသားစု၏ ဆင်းရဲမွဲတေမှုနှင့် သူ့မိဘများ၏သဘောမတူမှုကို လျစ်လျူရှုကာကောလိပ်ကျောင်းသားဘဝတစ်လျှောက်လုံးတွင် သူနှင့်အတူ ပျော်ရွှင်စွာဖြင့် နှစ်များစွာကုန်ဆုံးခဲ့သည်။


၎င်းက မယုံနိုင်လောက်အောင် ချမ်းသာသော သူဌေးကြီးတစ်ယောက်၏ အာရုံစိုက်မှုကို မရမီအထိသာ ဖြစ်သည်။


အစပိုင်းတွင် ငွေကြေးသုံးစွဲနိုင်မှုနှင့်အတူ ပါလာသော ပျော်ရွှင်မှုများက ချန်းလျန်၏စိတ်ဝိညာဉ်ကို နှစ်သိမ့်ပေးခဲ့သည်  သို့သော် သူမ ပို၍ပို၍ရရှိလာသည်နှင့်အမျှ ကျေနပ်မှုလျော့နည်းလာသည်ဟူသည့် နိယာမအတိုင်းဖြစ်လာသည်။ ဤ အရာများမှတစ်ဆင့် သူမရနိုင်သည့် ပျော်ရွှင်မှုက တဖြည်းဖြည်း လျော့ပါးလာသည်။


လုပ်ငန်းစုကြီး၏CFOရာထူးကပင် သူမကို မကျေနပ်စေနိုင်တော့ပေ။ 


အပြောင်းအလဲများအတွက် သူမကိုယ်သူမ လူအိုကြီးတစ်ယောက်ထံ ရောင်းစားထားရသည်ကို စက်ဆုပ်လာသည်။


လူ့သဘောသဘာဝကအရဆိုလျှင် အရာဝတ္ထုတစ်ခုကို ပိုင်ဆိုင်ပြီးသည်နှင့် တန်ဖိုးမထားတော့ဘဲ မကြာခဏဆိုသလို အတိတ်ကို ပြန်အမှတ်ရနေတတ်ကြသည်။


ချန်းလျန်က ယန်ယွမ်၏လက်ကို ပြန်ပြောင်းဆုပ်ကိုင်လိုက်ပြီး မျက်လုံးများနီရဲလာသည်။

"ကျွန်မကို စောင့်ခိုင်းမနေနဲ့တော့ ရှင် ကျွန်မကို အချိန်ကြာအောင် အမြဲစောင့်ခိုင်းတာ... ကျွန်မစောင့်နေတာ တော်တော်ကြာနေပြီ... တကယ် သည်းမခံနိုင်တော့ဘူး..."


လူအိုကြီးက သူမအပေါ် အေးစက်နေပြီး နေရာတိုင်းတွင် ကန့်သတ်ချုပ်ချယ်ထားသည်။ သူ့သားအရင်းပင် သူမနှင့် မရင်းနှီး‌တော့ပေ။ ယန်ပေါ်က သူ့ရည်းစားနှင့် ပရောပရည်လုပ်ခဲ့သည့် အဖြစ်အပျက်ကြောင့် ဝမ်ယွီက ဆန့်ကျင်ဘက်ကို လုံးဝပြောင်းသွားပုံရသည်။ သူ အိမ်ပြန်ရောက်သည်နှင့် သူမကို နှုတ်ဆက်စကား အတိုချုံးပြောပြီး လူအိုကြီးကိုသာ အဖော်လုပ်နေပြီး သူမကို လုံးဝလျစ်လျူရှုလိုက်သည်။


သူမ မိဘများကလည်း သူမထောက်ပံ့ပေးသော ဇိမ်ခံလူနေမှုပုံစံကို မည်သို့ခံစားရမည်ကို သိခဲ့ကြသည်။ 


ငါ့ကို ဘယ်သူက တကယ်ပဲ ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တာလဲ... ဘယ်သူက ငါ့ရဲ့ ခံစားချက်နဲ့ စိတ်ပိုင်းဆိုင်ရာကို သေသေချာချာ တွေးပေးတာလဲ...


ယန်ယွမ်တစ်ယောက်ပဲလေ...


တစ်ချိန်က ရရှိခဲ့သည့်အရာများကို ဖိနပ်ဟောင်းများကဲ့သို့ စွန့်ပစ်လိုက်သော်လည်း ဆုံးရှုံးသွားသောအရာများက အဖိုးတန်လာသည်။


သူမက သူ့အတွက် ကိစ္စများစွာလုပ်ပေးခဲ့ပြီးဖြစ်၍ ဤအနှစ်သာရမရှိသည့်ဘဝမှ အမြန်ဆုံးလွတ်မြောက်ခွင့်ပေး‌နိုင်ရန်သာ တွေးနေမိတော့သည်။



###