အပိုင်း၇၂
Viewers 10k

🤚Chapter 72



ဝမ်ယွီက ထူးဆန်းသော အခန်းတစ်ခုတွင် ထိုင်ကာ စိတ်ရှုပ်ထွေးနေပုံပေါ်သည်။ ဤမရင်းနှီးသည့်နေရာ၌ သူ ဘာလုပ်နေမှန်းမသိဘဲ လှည့်ပတ်ကြည့်နေသည်။


ရုတ်တရက် တံခါးပွင့်လာပြီး လူလတ်ပိုင်းရဲအရာရှိတစ်ဦးက အထဲမှ သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးကို ကူတွဲပေးရင်း ပြောလာသည်။

“သူဒီမှာ ဒီဘက်မှာပါ... တစ်ချက်ကြည့်ပါဦး ဒီအန်တီ ဟုတ်ရဲ့လား...”


ကျိအန်းနဥ်ရဲ့အဖွားများလား...


သူ ခေါင်းမော့ကြည့်လိုက်ပြီးနောက် သူကိုယ်တိုင်က မတ်တပ်ရပ်ပြီး ခဏငြိမ်နေလိုက်ကာ "ဟုတ်ပါတယ်" ဟုပြောသည့် သူ့အသံသူ ကြားလိုက်ရသည်။


ရုတ်တရက် မြင်ကွင်းက ပြောင်းလဲသွားသည်။  သူ ကားမောင်းနေပြီး ကျိအန်းနဉ်၏အဖွားက နောက်ခုံတွင်ထိုင်နေသည်။


ထူးဆန်းသောလူများနှင့် ထူးဆန်းသောကားများက သူမကို စိတ်မသက်မသာဖြစ်စေသည်။ သူမက ထပ်ခါတလဲလဲပြောနေသည်။

“နဥ်နဥ် ဘယ်မှာလဲ... နဉ်နဉ် ဘာလို့ ပြန်မလာသေးတာလဲ... မင်းက ဘယ်သူလဲ မင်းငါ့ကို ဘယ်ခေါ်သွားတာလဲ... နဥ်နဥ့်အတွက် ဟင်းချက်ရမယ် မဟုတ်ရင် သူ ကျောင်းကပြန်လာရင် ဗိုက်ဆာနေလိမ့်မယ်..."


“န‌ဥ်နဥ်” ဟူသော နာမည်ကိုခေါ်လိုက်တိုင်း သူ့နားထဲသို့ စိမ့်ဝင်သွားပြီး သူ့နှလုံးသားကို ထိုးဖောက်သွားခဲ့သည်။ ဝမ်ယွီ သူ့နှလုံးသားများ ကျုံ့သွားသလို ခံစားလိုက်ရသည်။


သူက စတီယာရင်ကို ရုတ်တရက်လှည့်ပြီး ကားကို လမ်းဘေးတွင် ရပ်လိုက်သည်။


သူက သွေးကြောများထောင်ထနေသည့် ကားစတိုင်ယာဘီးကို တင်းတင်းကိုင်ထားသည့် သူ့လက်ကိုမြင်ခဲ့သည်။


သူက မျက်လုံးလှန်ကြည့်လိုက်သောအခါ ကားနောက်မှန်မှတစ်ဆင့် သူ့မျက်လုံးများကို မြင်လိုက်ရသည်။


သွေးကြောများဖြင့်နီရဲနေပြီး မျက်ရည်များဖြင့် ပြည့်နေသည်။


မြင်ကွင်းကထပ်မံ၍ ပြောင်းလဲသွားသည်။ သူက စင်္ကြန်လမ်းတွင်ရပ်ကာ အဖွားကို သူနာပြုဝန်ထမ်းကာ စိတ်ရှည်ရှည်ဖြင့်နှစ်သိမ့်၍ အခန်းထဲခေါ်သွားသည်ကို စောင့်ကြည့်နေခဲ့သည်။


သူက သက်လတ်ပိုင်းလူကြီးတစ်ယောက်ကို ပြောလိုက်သည်။

"အကောင့်တစ်ခု ပြင်ထားလိုက် အဖွားအတွက်ကုန်ကျသမျှကို‌ နောက်ကျ အဲ့အကောင့်ထဲကပဲ နုတ်ပါစေ..."


"ကောင်းပါပြီ မစ္စတာဝမ် စိတ်ချပါ..."

သက်လတ်ပိုင်းယောင်္ကျားကြီးက ခေါင်းငြိမ့်လိုက်သည်။

 

သူက သူ့အဖွား၏သွင်ပြင်ကိုကြည့်ကာ ထွက်ခွာရန် လှည့်ထွက်သွားသည်။


ဝမ်ယွီက မျက်နှာကြက်၊ နံရံနှင့် အရောင်မှိန်နေသည့် ကောရစ်ဒါကြမ်းပြင်ကို မြင်ခဲ့သည်။


သို့သော် သူ့ရင်ထဲ၌ ဖော်မပြနိုင်သော ခံစားချက်များဖြင့် ပြည့်နေပြီး ပြင်းထန်စွာ ဖရိုဖရဲဖြစ်နေသည်။


ဘယ်သူလုပ်တာလဲ...


ဘယ်သူလဲ...


အဲ့လူကို သတ်ပစ်မယ်...


.........


ဝမ်ယွီ ရုတ်တရက် လန့်နိုးလာသည်။


နှိုးစက်နာရီက  မြည်လာ၍ ဝမ်ယွီ ၎င်းကို ပိတ်ပစ်ကာ စောင်များကို တွန်းဖယ်၍ထထိုင်ကာ သူ့ရင်ဘတ်ကို ပွတ်သပ်လိုက်သည်။


သူ၏ စိတ်စွဲပြီးအိပ်မက်မက်သော အလေ့အကျင့်က ပိုဆိုးလာသည်။


ယမန်နေ့က သူ ကျိအန်းနဉ်နှင့် ဆွေးနွေးခဲ့ပြီး အဆုံးသတ်မကောင်းခဲ့၍ ဤအိပ်မက်ဆီသို့ ဦးတည်သွားခဲ့သည်။


သူမအဖွားနှင့် Great Love Nursing Home မှ ဒါရိုက်တာလျှို့ကိုပင် အိပ်မက်မက်ခဲ့သည်။  လွန်ခဲ့သည့် ရက်အနည်းငယ်က သူ ထိုနေရာသို့သွားပြီး ဒါရိုက်တာလျှို့ နှင့် ညစာစားခဲ့သည်။


ဝမ်ယွီက သူ မည်သည့်အရာများ အိမ်မက်မက်နေသည်ဟု တွေးမိသည်။

အဖွားကို သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာ ပို့ဖို့ အိပ်မက်မက်နေတာလား...


အဲဒါ နည်းနည်း ရှုပ်ထွေးလွန်းတယ် မဟုတ်လား...


လွန်ခဲ့သည့်ရက်အနည်းငယ်တွင် ကျိအန်းနဥ်နှင့် ဝမ်ယွီတို့က စစ်အေးတိုက်ပွဟု တိတိကျကျ မရှိခဲ့ကြသော်လည်း ဝမ်ယွီသည် သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာအကြောင်း ပြောရန်ကြိုးစားသည့်အခါတိုင်း ကျိအန်းနဥ်က ငြိမ်သက်ပြီး ခေါင်းမာကာ ချက်ခြင်းပင် ငြင်းဆန်လာသည်။


ချန်းဟောင်နှင့် ပိုင်လုသည်ပင် သူတို့ကြားတွင် တစ်စုံတစ်ခု ဖြစ်ပျက်သွားသည်ကို သတိပြုမိသည်။


ချန်းဟောင်က ဝမ်ယွီကို အကြံပေးခဲ့သည်။

 "မင်းအမှားတစ်ခုခုလုပ်မိရင် စောစောစီးစီး တောင်းပန်လိုက်... အဲ့ဒါမှ သူ မြန်မြန်ပျော်ရလိမ့်မယ် အချိန်ကြာကြာဆွဲထားလေလေ သူ စိတ်ဆိုးလေပဲ..."


ဝမ်ယွီ ချက်ချင်းပင် ဒေါသထွက်သွားသည်။

 "ငါကဘာလို့မှားနေတဲ့လူ ဖြစ်ရတာလဲ... မင်း ဘာမှမသိဘဲ ဘာလို့ ငါ့အပြစ်လို့ ယူဆလိုက်တာလဲ..."


"ဒါပေါ့ အဲ့လူကမင်းပဲလေ..." 

ချန်းဟောင်က ရဲရဲတင်းတင်းမှတ်ချက်ချလေသည်။

 "အန်းနဥ်နဲ့ မင်းကြားက အမှားတစ်ခုခုရှိခဲ့ရင် အဲဒါက သူ့အပြစ်မဖြစ်နိုင်ဘူး... "


လက်ဝှေ့ကလပ်တွင် အချိန်အတော်ကြာ လေ့ကျင့်နေခဲ့သော ချန်းဟောင်က ဝမ်ယွီ၏ ရုတ်တရက်ဆန်ဆန် ကန်သွင်းမှုကို ရှောင်လွှဲ၍ လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။


"သတ္တိရှိရင် လာစမ်းပါ..." 

ဝမ်ယွီက စိတ်ပျက်စွာ အော်လိုက်သည်


"ငါက အရူးမဟုတ်ဘူး..." 

ချန်းဟောင်က အလင်းသဖွယ်အလျင်ဖြင့် ပျောက်သွားသည်


ပိတ်ရက်တွင် ဝမ်ယွီ အိမ်ပြန်လာသည့်အခါ တစ်ခုခုလွဲမှားနေသည်ကို ဝမ်ကောအန်း သတိထားမိသည်။


"ဘာဖြစ်လို့လဲ... မင်းကိုကြည့်ရတာ စိတ်ညစ်နေသလိုပဲ..."

ဝမ်ကောအန်းက မေးသည်။


ဝမ်ယွီက သူ၏ကျောင်းအတန်းချိန် သို့မဟုတ် ကုမ္ပဏီတွင်အလုပ်လုပ်ရာ၌င ပြဿနာတစ်စုံတစ်ရာမရှိဟု ယူဆပါက ဖြစ်နိုင်ချေတစ်ခုသာရှိတော့သည်။


"မင်းရည်းစားနဲ့ ရန်ဖြစ်လို့လား..." 

သူ မှန်းဆသည်က မှန်ကန်သွားသည်။


ဝမ်ယွီက သူ့မျက်နှာကို ထိလိုက်ကာ အနည်းငယ် အံ့သြသွားသည်။

 "အဲလောက်တောင် သိသာနေတာလား..."


ဝမ်ကောအန်းက သူ့ကို စိတ်ခံစားချက်များအား မဖော်ပြရန်နှင့်သူ့အတွင်းစိတ်ကို ဖုံးကွယ်ထားရန် အမြဲအကြံပေးခဲ့သည်။ ဝမ်ယွီက ထိုကိစ္စရပ်တွင် သူကောင်းစွာလုပ်ဆောင်နေသည်ဟု အမြဲထင်ခဲ့၍ သူ့အဖေရှေ့တွင် တစ်မိနစ်အတွင်း ပေါ်လာမည်ဟု မမျှော်လင့်ထားခဲ့ပေ။


ဝမ်ကောအန်းက သူ့ကို ပါးနပ်သော အပြုံးဖြင့် ကြည့်သည်။

"ဒါဆို ဒီကောင်မလေးက မင်းအတွက် တကယ်ထူးခြားတာလား..."


သူ့သားက သူငယ်စဉ်ကကဲ့သို့ အတွေ့အကြုံရှိပြီး မည်သူနှင့်မှ မချည်နှောင်ထားပေ။ သူ့ယခင် ရည်းစားများထဲက တစ်ယောက်မှ သူ့ဘဝအပေါ် ခိုင်မာသည့် အထင်အမြင် တွေ မကျန်ခဲ့ဖူးရာ သူ့သားတွင် ရည်းစားရှိသည်ကို အမြဲသိသော်လည်း သူတို့၏ နာမည်၊ ပုံပန်းသဏ္ဍာန် သို့မဟုတ် ယနေ့ရည်းစားက ယမန်နေ့ကတစ်ယောက်နှင့် တူ မတူကို သူ မသိပေ။


ဝမ်ကောအန်းက ၎င်းကိစ္စနှင့်ပတ်သက်၍ ဂရုမစိုက်သောသဘောထားရှိသည်။


သို့သော် ဤတစ်ကြိမ်၌ မတူတော့ပေ။ သားဖြစ်သူက သူ့ချစ်ခြင်းမေတ္တာများကို လူမှုကွန်ရက်တွင် အရှက်မဲ့စွာဖြင့် ကြွားဝါဖူးပေသည်။


"မင်း သူ့ကို စိတ်ဆိုးနေတာလား..." 

စာကြည့်မျက်မှန်တစ်ဝက်တပ်ထားသည့် ဝမ်ကောအန်းက သူ့သားကို အကြံဉာဏ်တစ်ချို့ပေးသည်။

 "သူ့ကို တစ်ခုခုဝယ်ပေးရင် သူ ပျော်သွားမှာပါ..."


" ဈေးပေါလိုက်တာ...အချစ်ကို ငွေနဲ့ဝယ်လို့ရတယ်လား..." 

ဝမ်ယွီက လှောင်ပြောင်သည်။


"အာ ... သိပြီ ငါခန့်မှန်းကြည့်မယ်... သူက ငွေကြောင့် စိတ်မလှုပ်ရှားတတ်တဲ့ မာနကြီးတဲ့သူမျိုးဖြစ်မယ်..."

အရည်အချင်းရှိသည့် ကစားသမားတစ်ဦးဖြစ်သော ဝမ်ကောအန်းက ခေါင်းကို လက်သည်းနှင့် ထိလိုက်သည်။


ဝမ်ယွီ သက်ပြင်းချလိုက်သည်။

 "သူက မတုန်လှုပ်ရုံမဟုတ်ဘူး... ခေါင်းလည်းမာသေးတယ်..."


သူ၏ မာနကြီးအထက်စီးဆန်သည့်သားက   ဤမျှစိတ်ပျက်သွားလိမ့်မည်ဟု ဝမ်ကောအန်း မည်သည့်အခါကမှ မမျှော်လင့်ထားပေ။ အခုချိန်တွင် ဝမ်ကောအန်းက သိချင်လာသည်။

 "ဘာဖြစ်နေတာလဲ အဖေ့ကိုပြောပြလေ..."


ဝမ်ယွီက သူကိုင်ထားသည့် စစ်တုရင်အပိုင်းကို လှဲချလိုက်ပြီး ခုံနောက်ပြန်မှီကာ ဝမ်ကောအန်း၏ စားပွဲကြီးပေါ်သို့ သူ့ခြေထောက်ကို တင်လိုက်သည်။

 "ဒီလိုပါပဲ ကျွန်တော်က သူ့အကျိုးအတွက် လုပ်နေတာ..."


သူက ကျိအန်းနဥ်၏အခြေအနေကို သူ့အဖေအား အမြန်ရှင်းပြလိုက်သည်။


ဝမ်ကောအန်းက သူ့စာကြည့်မျက်မှန်ကိုချွတ်ပြီး  ပြောလာသည်။

“ဒါအလုပ်မဖြစ်တာ သေချာတယ်ကွ... မင်းကအဖွားနဲ့ သူ့မြေးကို ခွဲဖို့ ပြောနေတာပဲ... "


"ဘာလို့ အလုပ်မဖြစ်ရတာလဲ..." 

ဝမ်ယွီ တုန်လှုပ်သွားသည်။

 “အဲဒါက သူတို့ တစ်သက်လုံး မတွေ့ရတော့တာမှမဟုတ်တာ ပိတ်ရက်ဆို သွားလည်လို့ရလေ... မိသားစုနဲ့ တစ်မြို့တည်းမနေတဲ့ ကျောင်းသားတွေတောင် သူတို့ရဲ့မိဘနဲ့ တွေ့ဖို့ အားလပ်ရက်တွေနဲ့ ပွဲတော်တွေကို စောင့်ရတာပဲကို အကြာကြီးခွဲရတာမှမဟုတ်တာ..."


“မတူဘူးလေ သူတို့က တစ်ယောက်နဲ့တစ်ယောက် အားကိုးကြတာ... အခက်ခဲဆုံးနေ့ရက်တွေကိုလည်း အတူတူဖြတ်သန်းခဲ့တာ... အခု မင်းက သူတို့ကို ခွဲချင်နေတာလား...”


ဝမ်ကောအန်း နားလည်သော်လည်း ဝမ်ယွီက သဘောမပေါက်ပေ။

" ဒီကိစ္စက အဲ့လောက်တောင် ကြီးတယ်လား..."


ဝမ်ကောအန်းက သူ့အား လက်ညှိုးထိုးကာ ခေါင်းယမ်း လိုက်သည်။

“မင်းကတော့ကွာ…”


ဝမ်ယွီမှာ ငယ်စဉ်ကတည်းက အာရုံစူးစိုက်မှု၏ ဗဟိုချက်ဖြစ်ခဲ့ပြီး မည်သူကမျှ သူ့ကို မရှိမဖြစ်ဟု ခံစားစေခဲ့သည်။  ဤကိစ္စတွင် သူက အနည်းငယ် ကိုယ့်ကိုယ်ကိုယ် ဗဟိုပြုထားပုံရသည်။


“ကြည့်ရတာကောင်မလေးက တော်တော်လိမ္မာပြီး ပြတ်သားလွန်းတာပဲ...” 

ဝမ်ကောအန်းက မှတ်ချက်ပေးသည်။


"ဒါပေါ့ ကျွန်တော်က ဘာလို့ အရူးတစ်ယောက်ကို ရွေးရမှာလဲ..." 

ဝမ်ယွီ မျက်ဆံလှန်လိုက်သည်။


"သူ့ကိုမြန်မြန်လက်ထပ်ပြီး ငါ့ကို မြေးလေးပေးတော့လေ..."

ဝမ်ကောအန်းက  နောက်ပြောင်ကာ ကျိီစယ်လိုဟန်ဖြင့်ပြုံးသည်။


"မင်းမှာ ကလေးတစ်ယောက်ရှိတာနဲ့ ငါ မင်းကို အများကြီး ဆုချမယ်..." 

သူ့လက်ဖြင့် နံပါတ်တစ်ခုကို လက်ဟန်ပြလိုက်သည်။


ဝမ်ယွီကလည်း ပြတ်သားသည်။

"အဖေ ကျွန်တော့်ကို ငွေနဲ့ မျှားလို့ရမယ် မထင်နဲ့..."


အသက်နှစ်ဆယ်မှာ တစ်ယောက်... ဆယ့်ရှစ်နှစ်မှာ တစ်ယောက်... ဒါက ဘယ်လိုစကားမျိုးကြီးလဲ... လူအိုကြီးက မြေးလိုချင်လို့ ရူးသွားတာဖြစ်မယ်..


ဝမ်ကောအန်းက စိတ်ပျက်အားငယ်စွာဖြင့် သက်ပြင်းချလိုက်ပြီး ပြောသည်။

"မင်းကို အသက်အရမ်းကြီးမှ မွေးလိုက်တာ ငါနောင်တရတယ်... ငါက မြေးလေးကို ထိန်းဖို့အထိ အသက်ရှည်နိုင်ပါ့မလားတောင် မသိပါဘူးကွာ... ငါတို့မိသားစုမှာ အမျိုးအနွယ်တွေ ခပ်များများ သိပ်မရှိဘူး ငါက တစ်ယောက်တည်းဖြစ်နေတဲ့ အဖိုးကြီးပဲလေ…”


ဝမ်ယွီက သူဟန်ဆောင်သည်ကို စိတ်ထဲမထည့်ပေ။

"အမေနဲ့ နောက်ထပ် ကလေးနည်းနည်းထပ်မယူဖို့ ဘယ်သူက ပြောလို့လဲ..."


ချန်းလျန်အကြောင်းကို ပြောသောအခါ  ဝမ်ကောအန်း၏ မျက်လုံးထဲတွင် အနည်းငယ်ကွဲပြားသောအမူအရာတစ်ခု ပေါ်လာသော်လည်း ပုံမှန်အတိုင်းပင် အမြန်ပြန်ဖြစ်သွားကာ  ပြောလာသည်။

“ကလေးနောက်တစ်ယောက်ရှိတာနဲ့ မင်းငါ့ရဲ့ စည်းစိမ်တစ်ဝက်ကိုပဲ အမွေရလိမ့်မယ်...  ကလေးနှစ်ယောက်ဆိုရင် မင်းအတွက် သုံးပုံတစ်ပုံပဲကျန်မှာ…”


ဝမ်ယွီ စိတ်ကူးယဉ်ကြည့်ပြီး သူ့ယခင်‌ပြောဆိုချက်ကို ပြန်ရုတ်သိမ်းလိုက်သည်။

 “မဟုတ်ဘူး ထားလိုက်‌ပါတော့ ကျွန်တော်ရှိရုံနဲ့အဆင်ပြေပါတယ်..."


သူကညတစ်ဦးတည်းသောသား၊ မိသားစုမျိုးရိုးတွင် တစ်ဦးတည်းသော အမွေဆက်ခံသူဖြစ်သည်။


ဤပိတ်ရက်ပြီးပါက နှစ်သစ်ကူးနေ့ဖြစ်သည့်အပြင် ကျောင်းပိတ်ရက်သာဖြစ်သည်။


ကျိအန်းနဥ်နှင့် သူ၏ဆက်ဆံရေးကို ပြုပြင်ရန် ဝမ်ယွီက သူ့အဖွားကို ခရီးတစ်ခုခေါ်သွားရန် အစီအစဉ်ကို အဆိုပြုခဲ့သည်။


“ငါတို့ တောင်ပိုင်းက ဘုရားကျောင်းကိုသွားပြီး အမွှေးတိုင်ထွန်းမယ် ပြိိီးရင် အဖွားအတွက် ကောင်းချီးပေးဖို့ ဆုတောင်းမယ်... ပြီးတော့ အဲ့မှာ တစ်ညအိပ်မယ် ဟိုမှာ ရေပူစမ်းရှိတယ်ဆိုတော့ အဖွားကို စိမ်ခိုင်းလို့ရတယ်... ကိုယ်မင်းကို ပြောရဦးမယ် ရေပူစမ်းမှာ စိမ်တာက သက်ကြီးရွယ်အိုတွေရဲ့ အရိုးနဲ့ ကျန်းမာရေးအတွက် ကောင်းတယ်တဲ့...”


ကျိအန်းနဉ်က သဘောကျခဲ့သည်။


ဝမ်ယွီက သူ၏ လမ်းကြမ်းယာဉ်ဂျစ်ကားကြီးကို အသုံးမပြုဘဲ ခပ်ကျယ်ကျယ်ဗင်ကားတစ်စီးကို ယာဉ်မောင်းအား ယူလာခိုင်းသည်။ နောက်ခန်းကို ပိတ်ထားပြီး မျက်နှာချင်းဆိုင်တွင် ထိုင်ခုံနှစ်တန်းပါရှိ၍ ကားကိုယ်ထည်က ကောင်းမွန်သောကြောင့် အဖွားက ခရီးဝေး သွားလာရခြင်းကြောင့် ဖျားနာမှုကို မခံစားရပေ။


သို့သော် သူမကအပြင်ကို လှမ်းကြည့်ရင်း မေးသည်။

“ မင်း ငါ့ကို ဘယ်ခေါ်သွားတာလဲ... ” 


ကျိအန်းနဉ်က ပြန်ဖြေသည်။

" ခရီးထွက်နေတာလေ... ဘုရားကျောင်းမှာ အမွှေးတိုင်သွားထွန်းရအောင်..."


ဝမ်ယွီ အံ့အားသင့်သွားသည်။


သူ့အဖွား၏ စကား၊ လေသံနှင့် စကားလုံးရွေးချယ်မှုများက သူ့အိပ်မက်ထဲကအတိုင်း အတူတူပင်။


ဘာတွေဖြစ်နေတာလဲ... ငါ ဘာလို့ အိပ်မက်နဲ့ လက်တွေ့ကို မခွဲခြားနိုင်တော့တာလဲ... ရူးသွားတာများလား...


တောင်ပိုင်းဘုရားကျောင်းက တောင်တန်းများပေါ်တွင် တည်ရှိပြီး စိတ်ရင်းမှန်ဖြင့် လေးစားမှုကို ပြသရန်အတွက် နံ့သာပေါင်းကို မီးရှို့ရန် တောင်တက်ရမည်ဖြစ်သည်။


သို့သော်လည်း အဖွားက လမ်းလျှောက်ရန် ခက်ခဲသဖြင့် ဝမ်ယွီ၏ကားက ဘုရားကျောင်း အနောက်တံခါးဆီသို့ တိုက်ရိုက် မောင်းနှင်သွားခဲ့သည်။


ခန်းမထဲသို့ ဝင်သွားသောအခါ ကျိအန်းနဥ်၏ ခြေလှမ်းများ တစ်ခဏမျှ တုံ့ဆိုင်းသွားပြီး နောက်ပြန်မလှည့်ဘဲ ဝင်လာခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ဗုဒ္ဓက ဤ “ပိုးကောင်” ကို မဖယ်ရှားနိုင်ခဲ့ပေ။


သူမတွင် စကားဖြင့် မပြောနိုင်သော လျှို့ဝှက်ချက်တစ်ခုရှိပြီး အနာဂတ်ကို သူမကြောက်သည်။ သူမ စိုးရိမ်ထိတ်လန့်ကာ ဘုရားရုပ်တု၏ ရှေ့တော်မှောက်တွင် အထူး ရိုသေစွာ ဆုတောင်းခဲ့သည်။


ဝမ်ယွီသည်လည်း စိတ်ရင်းမှန်ဖြင့် ဆုတောင်းခဲ့သည်။


သူတို့လိုလူများက ဘုရားကျောင်းကို လက်ချည်းသက်သက် မရောက်ခဲ့ပေ။ သူတို့က မရောက်မီတည်းက ဘုရားကျောင်းအတွက် ဝမ်ယွီက အလှူလုပ်ဖူးသည်။ သူတို့က ကြိုတင် မှာထားကြပြီး ဂါရဝပြုရန် အချိန်တန်သောအခါ ဘုန်းတော်ကြီးလည်း အဖော်လိုက်လာသည်။ သူက တင်းမာသောအမူအရာရှိသော်လည်း သူ့မျက်လုံးထဲမှ ပျော်ရွှင်မှုကို မဖုံးကွယ်နိုင်ပေ။


ဝမ်ယွီက လက်အုပ်ချီကာ တိတ်တဆိတ် ဆုတောင်းလိုက်သည််။

“ဒီည ကျွန်တော့်ဆန္ဒတွေ ပြည့်သွားရင်  ရွှေရုပ်ထုလှူဖို့ ပြန်လာခဲ့ပါမယ်...”  


ဝမ်ယွီက ဤခရီးစဉ်ကို ရည်ရွယ်ချက်တစ်ခုဖြင့် စီစဉ်ခဲ့သည်။


သက်သတ်လွတ်ထမင်းတစ်နပ်စားပြီးနောက် သူတို့ ဘုရားကျောင်းမှ ထွက်ခွာပြီး အနီးနားရှိ ရေပူစမ်းဟိုတယ်သို့ မောင်းနှင်ခဲ့ကြသည်။ ဝမ်ယွီက သူတို့ သုံးယောက်အတွက် အခန်းကျယ်ကြီးကို စီစဉ်ပေးခဲ့သည်။


သို့သော်လည်း ကျိအန်းနဥ်က တစ်ချက်ကြည့်ရုံဖြင့် သူ၏ရည်ရွယ်ချက်များကို တန်းသိသည်။ ရေပူစမ်းတွင် ရေစိမ်ပြီးသည်နှင့် အဖွားကို အခန်းထဲပြန်အိပ်ရန် လိုက်ပို့သည်။ ဝမ်ယွီ တံခါးလာခေါက်ချိန်၌ ကျိအန်းနဉ်က နောက်နေ့မနက်မှ စကားပြောမည်ဟု တံခါးကြားထဲမှ ပြောလာသည်။


ဝမ်ယွီ၏ ဂရုတစိုက်စီစဉ်ထားသော အစီအစဥ်များ ပျက်ပြယ်သွားခဲ့ပြီး ပရောပရည်ကျရန် အခွင့်အရေးပင် မရှိခဲ့ပေ။ ရေကူးဝတ်စုံဝတ်ထားသည့် ကျိအန်းနဉ်အကြောင်းတွေးရင်း စိတ်ပျက်လက်ပျက်ဖြစ်ပြီး ဘုရားကျောင်းက အလှူငွေတအားလုံးကို အိတ်ထဲထည့်ထားသည်ဟု ခံစားလိုက်ရသည်။


ရေပူစမ်းသည် လူတို့ကို ကျန်းမာရေးကောင်းစေသည်။ ကျိအန်းနဉ်နှင့် သူမ၏အဖွားတို့က ကောင်းမွန်စွာအိပ်စက်ရုံသာမက အသားအရည်များလည်း ပန်းရောင်သန်းလာသည်။ သခင်လေးဝမ်တစ်ဦးတည်းသာ သူ့မျက်လုံးအောက်တွင် မည်းမှောင်နေပြီး ညဘက်အိပ်မပျော်ပုံရသည်။


ကျိအန်းနဉ်က အခြေအနေကို ကောင်းစွာသိသော်လည်း သတိမထားမိဟန်ဆောင်နေသည်။


အပြန်လမ်းတွင် အဖွားက အိပ်ပျော်သွားခဲ့၍ ခုံတစ်တန်းလုံးပြည့်သွားသည်။ ထိုအချိန်တွင် ဝမ်ယွီက သူ၏ "ဝံပုလွေခြေသည်းများ" ကို ဆန့်ထုတ်လိုက်သည်။


ကျိအန်းနဥ်က အဖွားနိုးလာမည်ကို ကြောက်သဖြင့် ဘာမှ မပြောဝံ့ဘဲ သူမကိုဖက်ထားသည်အား သည်းခံလိုက်ပြီး တစ်လမ်းလုံး သူမလည်ပင်းကို ကိုက်ခွင့်ပြုထားလိုက်ရသည်။


ဤလူက သူမလည်ပင်းကို ကိုက်ရခြင်းအား သဘောကျနေသည်။ ကျိအန်းနဉ်အိမ်ပြန်ရောက်သောအခါတွင် သူမလည်ပင်းတစ်ဝိုက်၌ စတော်ဘယ်ရီ အမှတ်အသားများကို တွေ့ရှိခဲ့ရသည်။ သူမ၏ ဗီရိုထဲတွင် ရှာဖွေခဲ့ရာ ကံကောင်းထောက်မစွာဖြင့် နောက်နေ့တွင် ဝတ်ဆင်ရန် လည်ပင်းမြင့် ဆွယ်တာအင်္ကျီကို တွေ့ရှိခဲ့သည်။


သခင်လေးဝမ်က သူမ လည်ပင်းမြင့်ဆွယ်တာအင်္ကျီ ဝတ် ထားသည်ကို မြင်သောအခါ ခပ်ဆိုးဆိုးပြုံးနေသည်။ သူ့အပြုံးက ကျိအန်းနဉ်ကို ရှက်သွားစေသည်။


ဝမ်ကောအန်း၏သတိပေးချက်ကြောင့် ဝမ်ယွီက သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေးဂေဟာအကြောင်းကို ပေါ့ပေါ့ပါးပါး ဘေးဖယ်ထားလိုက်သည်။ ကျိအန်းနဉ်က အဖွားနှင့် မခွဲခွာနိုင်သောကြောင့် အနာဂတ်တွင် ဖြေရှင်းချက် ရှာဖွေရန် ဆုံးဖြတ်ခဲ့ကြသည်။


ဤသို့ဖြင့် ကိစ္စတစ်ခုက အဆုံးသတ်သွားသည်။



###