အပိုင်း၇၃
Viewers 10k

🤚Chapter 73





အန်းနဉ်နှင့် ဝမ်ယွီတို့ ပြန်အဆင်ပြေသွားကြသော်လည်း ချန်းဟောင်နှင့် ပိုင်လုတို့ဘက်တွင် တစ်ခုခုမှားနေပြီဟု ခံစားရသည်။


စားသောက်နေစဉ် ပိုင်လုက ရုတ်တရက် ပြောလာသည်။


“အန်းနဉ် နင့်ဖုန်းကို ကြည့်လို့ရမလား...” 


ချန်းဟောင်က မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်သည်။


အန်းနဉ်က ပဟေဠိဖြစ်နေသော်လည်း ဖုန်းကိုထုတ်ပေးလိုက်သည်။


ပိုင်လုက ဖုန်းကိုတချက်ကြည့်ကာ အကြီးအကျယ်စိတ်ပျက်သွားပြီး မနေနိုင်ဘဲ ညည်းတွားလိုက်သည်။


“ဖုန်းက စုတ်နေပြီကို ဘာလို့ဆက်သုံးနေသေးတာလဲ...”


စကားအဆုံးတွင် ဝမ်ယွီအား မကျေနပ်သည့် အကြည့်နှင့် ကြည့်လိုက်သည်။


ဝမ်ယွီက မျက်ခုံးပင့်ကာ အေးစက်စွာ ပြန်ကြည့်လေသည်။


ပိုင်လုက ချန်းဟောင်၏ ရည်းစားဖြစ်သဖြင့် သူတို့အချင်းချင်း ရင်းနှီးသည်ဟု ဆိုရမည်။ သူမက ဝမ်ယွီနှင့် ပေါ့ပေါ့ပါးပါး စကားစမြည်ပြောဖူးသော်လည်း ထိုအကြည့်က သူမကျောရိုးတစ်လျှောက် အေးစက်လာစေသည်။


ထိုနေရာတွင် မုန့်ရှင်းယွီလည်း ရှိနေခဲ့ရာ သူမက ပိုင်လုကို တင်းမာသည့်အကြည့်ဖြင့် ကြည့်နေခဲ့သည်။


ချန်းဟောင်ကမူ ဘာမှမမြင်လိုက်ဟန်ဆောင်ကာ တစ်ဖက်သို့သာ မျက်နှာလွှဲနေသည်။


အန်းနဉ်က စိတ်ရှုပ်သွားကာ ဖုန်းကိုပြန်ယူလိုက်သည်။ သူမကိုယ်တိုင်ကလည်း အင်တာနက်သုံးခဲသည့်အပြင် အခြားလူများကဲ့သို့ အတန်းထဲ ဖုန်းသုံးလေ့သုံးထမရှိပေ။ ဖုန်းက လွယ်အိတ်ထဲတွင် ရှိနေသည်က ပိုများသည်။ သို့ဖြစ်၍ သူမသုံးနေသည့် ဖုန်းအမျိုးအစားကို ပိုင်လု သတိမထားမိသည်မှာ ပုံမှန်ပင်။


ဝမ်ယွီက ပိုင်လုကို နောက်ထပ်မေးခွန်းများ ဆက်မမေးတော့ရန် အချက်ပြလိုက်သည်။ အန်းနဉ်က သူများကိစ္စကြား ဝင်စွက်ဖက်ရခြင်းကို မနှစ်သက်သောကြောင့် တိတ်တိတ်ကလေးနေကာ ဆက်လက်စားသောက်နေလိုက်သည်။


စားသောက်ပြီးသည်နှင့် ဝမ်ယွီက အန်းနဉ်ကို အိမ်ပြန်ပို့ပေးရင်း ရှင်းပြသည်။


“မိန်းကလေးတွေက တခြားတစ်ယောက် ဖုန်းအသစ်ကိုင်တာမြင်ရင် သူတို့လည်းကိုင်ချင်ကြတာလေ...”


“ပိုင်လုရဲ့လက်ရှိဖုန်းက အကောင်းကြီးမဟုတ်ဘူးလား...”


“ကောင်းကောင်းမကောင်းကောင်းလေကွာ... သူက နောက်ဆုံးပေါ်မော်ဒယ် လိုချင်နေတာ...” 


 အန်းနဉ် နားလည်သွားချေပြီ။ 


“အဲ့ဒီတော့ ချန်းဟောင်ကို ဝယ်ပေးစေချင်တာလား...”


”ချန်းဟောင်မှာက ပိုက်ဆံအဲ့ဒီလောက်မရှိဘူး... သူက ချန်းဟောင်ကို တဝက်စိုက်စေချင်တာ...”


နောက်ဆုံးပေါ်မော်ဒယ်ဆိုတော့ ကုန်ကျစရိတ်က တဝက်ခွဲရင်တောင်….


“ချန်းဟောင်က သူ့လစဉ်နေထိုင်စရိတ် နှစ်ထောင်ရှိတယ်လို့ ပြောဖူးတယ်မလား...” 


 အန်းနဉ်က မေးကြည့်သည်။


“အင်း... လက်ရှိတော့ သူ အချိန်ပိုင်းအလုပ်တွေ ရှာနေတာပဲ... လိုင်းပေါ်ကနေ ဘာသာပြန်တဲ့အလုပ်ရသွားသေးတယ်... လူတစ်ယောက်အတွက် ဘာသာပြန်ပေးခဲ့ပေမဲ့ အဲ့ဒီလူကသူ့ကို ပိုက်ဆံမပေးဘဲ blockသွားတယ်လေ...နောက်တော့ စပေါ်ငွေအနေနဲ့ ယွမ်၁၀၀၀လက်ခံပြီးမှ အလုပ်လုပ်ပေးတော့တာ... အနည်းဆုံးတော့ နောက်ထပ်အလိမ်မခံရတော့ဘူးပေါ့... အခု လက်ကမ်းစာစောင်ဝေတဲ့ အလုပ်ပါလုပ်နေတာဆိုတော့ တစ်နေ့ကို ယွမ်၈၀ရတယ်ပြောတယ်...”


“ကျူတာပြလို့ရတယ်လေ... အဲ့ဒါဆို ပိုမကောင်းဘူးလား...”


“သူ့ကို တစ်နာရီလောက် ငြိမ်ငြိမ်နေခိုင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး... ကလေးတွေကို သင်နိုင်ဖို့မျှော်လင့်နေတာလား... အဲ့ဒီအကြောင်း ဆက်မပြောတာ ပိုကောင်းမယ်... သူက ကလေးမြင်ရင်ကို ခေါင်းကိုက်နေတာ...”


အန်းနဉ် ပြောစရာစကားမဲ့သွားသည်။


“အဲ့ဒါနဲ့ ကိုယ်လည်း သူ့အတွက် ကျောင်းနားက ကုမ္ပဏီတစ်ခုမှာ အလုပ်သင်လုပ်ဖို့ စီစဉ်ပေးလိုက်တယ်... တစ်လကို ယွမ်၁၅၀၀ ရလိမ့်မယ်...”


ချန်းဟောင်က ကျောင်းဆက်တက်ရန် လိုအပ်နေသေးသည်။ သို့ဖြစ်၍ အလုပ်သင်ဆိုသည်ထက် အသေးအဖွဲကိစ္စများသာ လုပ်ပေးရန်ဖြစ်သည်။ ထို့အပြင် အလုပ်ချိန်ကလည်း သေချာသတ်မှတ်ထားသေးသည်။ အမှန်တွင် ကုမ္ပဏီက အလုပ်သင်နေရာ မလိုအပ်သေးချေ။ ဝမ်ယွီက ချန်းဟောင်ကို ကူညီပေးရုံအတွက်သာ စီစဉ်လိုက်ခြင်းဖြစ်သည်။


သူတို့က သူငယ်ချင်းကောင်းတွေပဲ မလား...


အန်းနဉ်က အံ့အားသင့်သွားကာ ရယ်လိုက်သည်။ 


“ရှင်က တော်တော်ကြင်နာတတ်သားပဲ...”


‘ကျစ်’


 “မင်းမျက်လုံးထဲမှာ ကိုယ့်ကို အသဲနှလုံးမရှိတဲ့ အရင်းရှင်ကြီးလို့ မြင်နေတာမလား...”


"ကျွန်မ ပိုင်လုနဲ့ စကားပြောကြည့်လိုက်မယ်... ဖြစ်နိုင်ရင် အချိန်ပိုင်းအလုပ်ရှာဖို့ အကြံပေးမလို့...”


“သူသာ ကြိုးကြိုးစားစား လုပ်မယ်ဆိုရင် ပိုက်ဆံစုထားလို့တောင်ရတယ်လေ...”


အချိန်ပိုင်းအလုပ်များနှင့် ပတ်သတ်လျှင် အန်းနဉ်မှာ အတွေ့အကြုံရှိသော်လည်း သူမက လူနှစ်ယောက်စာ စားဝတ်နေရေးအပြင် အဖွား၏ဆေးဖိုးဝါးခပါ ကာမိစေရန် ရှာဖွေရသည်။ အဖွားက နာတာရှည်ရောဂါရှိနေသည့်အပြင် ရံဖန်ရံခါတွင် ကျန်းမာရေးမကောင်းသဖြင့် ပိုက်ဆံစုမည့်ကိစ္စက အန်းနဉ်အတွက် ခက်ခဲလှသည်။


ပိုင်လုက သူမနှင့် မတူပေ။ ပိုင်လုတွင် နေထိုင်စရိတ်အလုံအလောက်ရှိပြီး ဖြစ်သည်။ အကယ်၍ တစ်ခုခုဝယ်လိုလျှင် ငွေစုခြင်းက အလွန်ပင်လွယ်ကူပေမည်ဟု တွေးလိုက်သည်။


ထိုအတွေးလေးက ဝမ်ယွီ၏ရယ်မောခြင်းကို ခံလိုက်ရသည်။


“တုံးလိုက်တာကွာ... ဟိုက အလုပ်လုပ်ချင်စိတ်ရှိရင် သူလိုချင်တာကို သူ့ဘာသာဝယ်မှာပေါ့... ချန်းဟောင်ဘက်က ပိုက်ဆံရှာပေးဖို့တောင် မလိုဘူး...”


အန်းနဉ်က ခဏတာ ငြိမ်သက်သွားပြီးနောက် ခေါင်းကိုယမ်းလိုက်သည်။


“ဘာလို့ခေါင်းခါနေတာလဲ...အဆိုးမြင်နေတာလား...”


ဝမ်ယွီက စနောက်ကာ သူမဆံပင်ကို ဖွလိုက်သည်။ 


“တကယ်တော့ ကိုယ်က မင်းကို ပိုင်လုဆီကနေ သင်စေချင်တာ... ငိုတဲ့ကလေးက သကြားလုံးရတယ်ဆိုတာ  သိရဲ့လား...”


အန်းနဉ်က ပြုံးလိုက်သည်။


“ရှင်က ကျွန်မအတွက် အရမ်းကောင်းနေပါပြီ...”


သူမမျက်လုံးများက တောက်ပနေပြီး အသံထဲတွင် စိတ်ကျေနပ်မှု အပြည့်နှင့်ပင်။


အနောက်မြောက်ဘက်မှ လေတဟူးဟူး တိုက်ခတ်လာသည်။


ဝမ်ယွီက သူ့နှလုံးသားထဲ ထူးဆန်းသောခံစားချက်တစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။


ထိုခံစားချက်အား စကားဖြင့် ဖော်ပြနိုင်စွမ်းမရှိပေ။ သူ့စိတ်များအား ရီဝေလာစေကာ သူမအား သူ့လက်မောင်းများကြား တင်းတင်းလေးဖက်ထားလိုက်ချင်မိသည်။


အန်းနဉ်က သူမအင်္ကျီကော်လံကို ဆွဲတင်လိုက်သည်။


“မြန်မြန်လျှောက်ရအောင်လေ... လေတိုက်တာ ပြင်းတယ်...”


ခြေလှမ်းအနည်းငယ်မျှလှမ်းပြီးနောက် အနောက်မှ လက်တစ်ဖက်က ဆန့်ထွက်လာကာ သူမကို ပွေ့ဖက်လိုက်သည်။


သူမအား ဖက်လိုက်သူမှာ ဝမ်ယွီပင်။ သူက ခေါင်းငုံ့ကာ သူမနဖူးကို နမ်းလိုက်သည်။


ထိုပွေ့ဖက်မှုက သူလက်မလွှတ်ချင်မိသည်အထိ စိတ်ကျေနပ်စေသည်။


ကျိအန်းနဉ်: ”…”


သူမမျက်နှာက နီမြန်းလာကာ တိတ်တဆိတ်မေးလိုက်သည်။ 


“နေ့ခင်းကြောင်တောင်ကြီး လမ်းပေါ်မှာကို ဘာလို့များ စိတ်အားထက်သန်နေရတာလဲ...”


ဝမ်ယွီ: “…..”


အိုး...


နေ့လည် သူမကျောင်းပြန်ရောက်ရောက်ချင်း မုန့်ရှင်းယွီနှင့် တိတ်တိတ်လေး ပြောဖြစ်သည်။


“အဲ့ဒါ ငါ့အမှားပါ... ငါကိုက သွားပြီးလျှာရှည်မိတာ... ငါတို့ရွာက ယွီရှားကို သိတယ်မလား... သူက နောက်ဆုံးပေါ်ဖုန်းကိုင်ထားတာဆိုတော့ ငါလည်း သူ ပိုက်ဆံဖြုန်းနေတယ်ထင်လို့ အဲ့ဒီကိစ္စကို အဆောင်မှာ ပြောဖြစ်သွားတယ်... ရလဒ်ကတော့ ပိုင်လုကပါ ဖုန်းအသစ်လဲချင်သွားတော့တာပဲ...”


မုန့်ရှင်းယွီက ဒေါသကို ပြန်ထိန်းလိုက်သည်။


“ကြည့်ရတာ ယွီရှားရဲ့အိမ်က သူ့အိမ်လောက် မချမ်းသာတာတောင် ဖုန်းအကောင်းစားသုံးနိုင်တယ်ဆိုပြီး ထင်သွားတာနေမှာပေါ့... ငါတို့ရွာက ကောင်မလေးက အလုပ်ပေါင်းစုံလုပ်ရတာကို ထည့်မစဉ်းစားဘူး... အနည်းဆုံးတော့ ယွီရှားက ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်တာလေ...”


မုန့်ရှင်းယွီက ယွီရှား၏ သူတစ်ပါးအပေါ် အားမကိုးသည့် စိတ်ဓာတ်အား လေးစားသည်။


သို့သော် အန်းနဉ်မှာမူ ယွီရှား၏ ငွေရေးကြေးရေး အခြေအနေအမှန်ကို သိနေခဲ့သည်။ သူမ မော်ဒယ်အလုပ်မလုပ်မီ အချိန်ကပင် ယွီရှား၏ဝင်ငွေမှာ သူမ၏ဝင်ငွေအား မမှီသေးချေ။


ထို့အပြင် ယွီရှားက သူမထက် ပိုသုံးသည်။ ယွီရှားအား သူမအိမ်မှ နေထိုင်ကြေးထောက်ပံ့သော်လည်း သူမ၏အသုံးစရိတ်များကြောင့် အန်းနဉ်ကဲ့သို့ ငွေစုရန် မလွယ်ကူပေ။


နောက်ဆုံးပေါ်မော်ဒယ်ကို ဝယ်ဖို့ကျတော့….


 အန်းနဉ်က ယွီရှားကိုယ်စား သူမ၏ခက်ခဲမှုများကို ခံစားမိသည်။


ဘယ်သူသိမှာလဲ... ဒါဝယ်ဖို့အတွက်နဲ့ ယွီရှားက အစားအသောက် ဘယ်လောက်တောင် ခြွေတာစားနေရမလဲဆိုတာကို... 


သို့သော် ဤကိစ္စက သူမနှင့် မဆိုင်ပေ။


သူမက ယွီရှားအကြောင်းကို မေ့ထားလိုက်ပြီး ပိုင်လုအား အချိန်ပိုင်းအလုပ် စမ်းလုပ်ကြည့်ရန်အကြံပေးလိုခဲ့သည်။


မုန့်ရှင်းယွီကလည်း အကြံပေးရှာသည်။ 


“သူ့ကို ကျူတာပြဖို့ ပြောကြည့်ပါလား... စာမေးပွဲက လာတော့မယ်... ပိတ်ရက်ကျရင်လည်း အိမ်ပြန်ဦးမှာဆိုတော့ အများဆုံး ကျူတာပြမယ်ဆိုရင် တစ်ပတ်နှစ်ပတ်လောက်ပေါ့... ဘာမှမထိခိုက်ပါဘူး...”


အန်းနဉ်ကပြန်ပြောသည်။ 


“နောက်စာသင်နှစ်မှ ပြောကြတာပေါ့...”


စိတ်တူကိုယ်တူဖြစ်သည့် လူနှင့် စကားပြောရသည်မှာ အဆင်ပြေချောမွေ့သည်။ အထူးသဖြင့် အန်းနဉ်နှင့် မုန့်ရှင်းယွီတို့က ထိုသို့ခံစားလိုက်ရသည်။


တက္ကသိုလ်စတက်စဉ်ကတည်းမှ ပေါင်းလာကြသည်ဖြစ်၍ သူငယ်ချင်းကောင်းဟု သတ်မှတ်၍ရပြီဖြစ်သည်။


လက်ရှိသက္ကရာဇ်မှာ ၂၀၁၄ဖြစ်ပြီး နောက်ဆုံးစာမေးပွဲမှာ နောက်အပတ်ပင်ဖြစ်ကာ စာသင်နှစ်တစ်နှစ်ပြီးသွားမည်ဖြစ်သည်။


အန်းနဉ်၏ ဘဝအခြေအနေမှာ ယခင်ဘဝနှင့်မတူ ပိုကောင်းလာသဖြင့် ဝမ်ယွီ့အခြေအနေကိုလည်း မေ့ထားမည်မဟုတ်ချေ။


သူမက ဝမ်ယွီ့ကို မေးကြည့်လိုက်သည်။


“ယန်ပေါ်ဆိုတဲ့လူ ဘာဖြစ်သွားလဲ...”


ဝမ်ယွီက ထိုလူ့နာမည် ကြားရသည်အား ကြိုက်ပုံမပေါ်ပေ။ သူကမျက်ခုံးပင့်ကာ ပြန်မေးသည်။


“ဘာလို့ ရုတ်တရက်ကြီး သူ့အကြောင်း ထမေးရတာလဲ...”


သူမ၏ သိလိုစိတ်က သူ၏သဝန်တိုစိတ်ကို လှုံ့ဆော်မိလိုက်ပုံပင်။ သူမက ရွှတ်နောက်နောက်နှင့် ပြန်ဖြေသည်။


“သူကချောတယ်လေ...သူ့ကို မေ့လို့မရလို့ပေါ့...”


ဝမ်ယွီက စိတ်တိုသွားပြီး သူမမျက်နှာကို ပင့်လိုက်သည်။


 “သူ့အကြောင်းကို ဆက်တွေးရဲရင် တွေးကြည့်လိုက်... ကိုယ်…ကိုယ်...”


နောက်ဆုံးတွင် သူမနှုတ်ခမ်းက ယောင်ယမ်းနေသည်အထိ ပြဿနာအရှာခံလိုက်ရသော်လည်း ယန်ပေါ်အပေါ် ဝမ်ယွီ၏ရန်လိုစိတ်ကို အောင်အောင်မြင်မြင် လှုံ့ဆော်ပေးနိုင်ခဲ့သည်။


လူတစ်ယောက်က အခြားသူကို ရန်လိုလာသည့်အခါ သဘာဝအားဖြင့် ထိုလူနှင့်ပတ်သတ်ပြီး ပိုသတိထားလာကြလိမ့်မည်။


ထိုနောက် ဝမ်ယွီ၏မိသားစုအကြောင်းကို မေးကြည့်လိုက်ရာ သူကရယ်မောကာ ပြောသည်။


 “ဘာလဲ...ကိုယ်မိဘတွေနဲ့တွေ့ဖို့ အလျင်လိုနေပြီလား...”


အန်းနဉ် ဆွံ့အသွားရှာသည်။


ဝမ်ယွီက စိတ်အားထက်သန်စွာနှင့် အကြံပေးလာသည်။


 “မင်း မပြောရင် ကိုယ်လည်းတွေးမိမှာမဟုတ်ဘူး... စာမေးပွဲပြီးတာနဲ့ ကိုယ့်မိဘတွေနဲ့ တွေ့ဖို့ခေါ်သွားမယ်နော်...”


သူ့မိဘများနှင့်တွေ့ဆုံခြင်းက သူ့နောက်ခံအား စစ်ဆေးနိုင်မည့် နည်းလမ်းကောင်းဖြစ်သော်လည်း ‘မိဘများနှင့်တွေ့ဆုံခြင်း’ ဆိုသည့် အရာက သူမအား ကြီးကြီးမားမား စိတ်ဖိစီးစေခဲ့သည်။


ဝမ်ယွီက သူမအား ငြင်းခွင့်ပင်မပေးဘဲ ဆုံးဖြတ်ချက်ချလိုက်သည်။ 


“ဒါဆို အဲ့ဒီလိုလုပ်ဖို့ဆုံးဖြတ်လိုက်ပြီနော်...”


၎င်းက သူမအား မျက်လုံးပြူးကာ ကြောင်အသွားစေသည်။


ကြည့်ရသည်မှာ ဝမ်ယွီစိတ်ကို မည်သည့်အရာကမှ ပြောင်းအောင်လုပ်နိုင်ပုံ မပေါ်ချေ။ 


ကောင်းပြီလေ... ငါ့ဘက်က ကြည့်ကြပ်ဖြတ်သန်းရတော့မယ့်ပုံပဲ...


သူမ၏ ပြန်လည်မွေးဖွားခြင်းမတိုင်မီ ဝမ်ယွီထောင်ထဲ ရောက်နေစဉ် သူ့ထံလာကြည့်သူမှာ ယန်ပေါ်အပြင် နောက်ထပ်သက်လတ်ပိုင်း အမျိုးသားတစ်ယောက် ရှိသေးသည်။ 


“ဖြစ်နိုင်ပါတယ်... ဒီဘဝမှာ ငါတို့ကြား ရေစက်မရှိဘူး...” 


၎င်းက ထိုအမျိုးသားက ဝမ်ယွီအား ပြောခဲ့သည့်စကားဖြစ်ကာ အလွန်ပင် ထူးဆန်းနေပေသည်။


ရေစက်ဆိုသည့် စကားကို ယေဘုယျအားဖြင့် အမျိုးသားနှင့် အမျိုးသမီးအကြားအချစ်ရေးကိစ္စများတွင် အသုံးပြုလေ့ရှိပြီး ညီအစ်ကိုမောင်နှမ၊ အမေနှင့် သမီး၊ အဖေနှင့်သားအကြား မိသားစုဆက်ဆံရေးတွင်လည်း သုံးတတ် သည်။


ဝမ်ယွီသူငယ်ချင်းထဲတွင် သက်လတ်ပိုင်းအရွယ် မရှိချေ။ ဝမ်ယွီ ပြောပြဖူးသည့် လူများထဲတွင် ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးလည်း ရှိပုံမပေါ်ပေ။


အဲ့ဒီလူက ဘယ်သူများလဲ...


ထင်ကြေးတစ်ခုတည်းနှင့် အဓိပ္ပာယ်ကောက်ရန်မှာ မလွယ်ကူလှပေ။ သို့ဖြစ်၍ သဲလွန်စများကို ပိုရှာနိုင်ရန်အတွက် သူ့မိဘများနှင့် လူချင်းတွေ့ရန် ဆုံးဖြတ်ချက်ချလိုက်သည်။ 


သူမ လက်ရှိ ဦးစားပေးရမည့်အရာမှာ စာလေ့လာရန်သာ ဖြစ်သည်။


အန်းနဉ်က ယခင်ဘဝကကဲ့သို့ အကြိုစာမေးပွဲအတွက် ပြင်ဆင်ခြင်းကို စတင်ခဲ့သည်။ ပုံမှန်ဆိုလျှင် သူမက အလုပ်များကြောင့် ပင်ပန်းကာ စာသေချာမလေ့လာနိုင်ခဲ့ပေ။ စာမေးပွဲကျခြင်းမျိုး မဖြစ်ရအောင် စာမေးပွဲနီးချိန်မှ စာများကို ဖိသိပ်ကျက်ရသည်။


သို့သော် ယခုတစ်ကြိမ် လေ့လာရာတွင် သူမ၌ အခက်အခဲ မရှိသည်ကို တွေ့လိုက်ရသည်။ သူမက ဇွဲရှိရှိလေ့လာအားထုတ်ခဲ့သောကြောင့် အရာရာအဆင်ပြေနေခဲ့သည်။ ဖိသိပ်ကျက်ရန်ပင် မလိုချေ။ 


အသစ်တွေ့ရှိထားသည့် ယုံကြည်ချက်များကြောင့် အန်းနဉ်က နောက်ဆုံးစာမေးပွဲအတွက် ပြင်ဆင်ရာတွင် စိတ်နှစ်ထားခဲ့သည်။


စာမေးပွဲကြီး ပြီးဆုံးသွားပြီးနောက် ဝမ်ယွီက သူမကို ခေါ်လိုက်သည်။


“နေ့လည်စာ တူတူစားရအောင်...” 


ချန်းဟောင်ကလည်း ပိုင်လုကိုခေါ်လိုက်သည်။


 “ဝမ်ယွီက ကိုယ်တို့အားလုံးကို လိုက်ကျွေးမှာတဲ့...”


ဝမ်ယွီက အန်းနဉ်ကို ဆက်ပြောသည်။ 


“မုန့်ရှင်းယွီကိုပါ ခေါ်လိုက်လေ...”


အန်းနဉ်နှင့် မုန့်ရှင်းယွီက သူငယ်ချင်းကောင်းများ ဖြစ်ကြောင်းကို ဝမ်ယွီသိသည်။ ‘အိမ်ကိုချစ်ရင် ငှက်တွေကိုပါချစ်ရမယ်‘ ဟူသည့် ဆိုရိုးစကားအတိုင်းပင်။

(ဆိုလိုရင်းက မင်းက လူတစ်ယောက်ကို ချစ်မိပြီဆိုလျှင် ထိုလူနှင့် သက်ဆိုင်သည့် အရာများကိုပါ ချစ်ပေးရပေမည်)


စကားပြောဆိုရယ်မောကာ စိတ်အေးလက်အေးဖြစ်နေသည့် ပုံစံလေးက အန်းနဉ်၏ ကျောင်းစတက်ချိန်က အေးစက်စက်ပုံစံထက် ပိုပြီးနှစ်လိုဖွယ်ကောင်းလေသည်။


သူမက သူ့အိပ်မက်ထဲမှ အတန်းဖော်များ၏ ဖယ်ကျဉ်ခြင်း ခံရသည့် ကောင်မလေးမဟုတ်တော့ချေ။


သုံးယောက်သား ကျောင်းဂိတ်သို အတူတူလျှောက်လာကြရာ လမ်းတွင် ယွီရှားနှင့် ဆုံသဖြင့် နှုတ်ဆက်လိုက်ကြသည်။ ယွီရှားက COACH တံဆိပ်နှင့်အိတ်ကို လွယ်လာသည်။


“ဟေး နင့်အိတ်က လှလိုက်တာ... အသစ်ဝယ်လာတာလား...”


 မုန့်ရှင်းယွီက မေးလိုက်သည်။ 


“ဘယ်ကနေဝယ်တာလဲ... ဝမ်ယွင်ကလား...”


ဝမ်ယွင်ဆိုသည်မှာ သားရေဖိနပ်နှင့် အိတ်များကို တုပရောင်းသည့် ဈေးကွက်ဖြစ်သည်။ နာမည်ကြီးသော်လည်း ရောင်းသမျှပစ္စည်းတိုင်းက အတုပင်။


မုန့်ရှင်းယွီက ကုန်အမှတ်တံဆိပ်များနှင့် ပတ်သတ်ပြီး စိတ်ဝင်တစားမရှိခဲ့ချေ။ အိတ်က ရိုးရိုးကြည့်ကောင်းသည်ဟုတွေးမိသဖြင့် လှမ်းကိုင်ကြည့်ရန် လက်ဆန့် လိုက်သည်။


ယွီရှားက အပြုံးလေးနှင့် မုန့်ရှင်းယွီ၏လက်ကို ညှင်သာစွာ ပြန်တွန်းလိုက်သည်။


“အိုး အဲ့ဒီက မဟုတ်ပါဘူး... အရောင်းဆိုင်ကနေဝယ်လာတာလေ...”


မုန့်ရှင်းယွီက ဝမ်ယွင်၏ပစ္စည်းနှင့် အရောင်းဆိုင်ပစ္စည်းအကြားရှိ ခြားနားချက်ကို မသိ၍“အိုး” ဟုသာ တုံ့ပြန်ပြီးနှုတ်ဆက်လိုက်သည်။


“အဲ့ဒါ ဖုန်းအသစ်ဝယ်လိုက်တယ်ဆိုတဲ့ နင့်သူငယ်ချင်းလား...”


ပိုင်လုက မေးသည်။


“ဟုတ်တယ်လေ...”


“ဖုန်းကောအိတ်ကော ဝယ်နိုင်တယ်ဆိုတော့ တကယ်ချမ်းသာတာနေမယ်...”


မုန့်ရှင်းယွီက စိတ်ရှုပ်သွားသည်။


“စောစောက သူပြောတဲ့ ‘အရောင်းဆိုင်’ ဆိုတာဘာကြီးလဲ... ဈေးကြီးတာလား...”


ပိုင်လုက ပြန်ရှင်းပြသည်။ 


“စွန်းယာရှန့်ကိုင်တဲ့ အိတ်လောက်တော့ ဈေးမကြီးပေမဲ့ အရောင်းဆိုင်ကသာ တကယ်ဝယ်လာတာဆိုရင် ထောင်ဂဏန်းလောက်တော့ ကုန်မှာပဲ...”


မုန့်ရှင်းယွီက အံ့အားသင့်သွားပြီးနောက် သက်ပြင်းချလိုက်သည်။ 


“ပိုက်ဆံ တအားဖြုန်းလွန်းတယ်...”


ပိုင်လုက ထပ်ပြောသည်။


“အချိန်ပိုင်းအလုပ်က အဲ့ဒီလောက်ရလို့လား... နောက်စာသင်နှစ်ကျရင် ငါလည်း လုပ်ကြည့်ချင်တယ်... နင်တို့ ငါ့ကို ခေါ်ရမယ်နော်...”


“‌သေချာတာပေါ့...” 


မုန့်ရှင်းယွီက သဘောတူလိုက်သည်။ 


“ဒါပေမဲ့ ပိတ်ရက်တွေကျရင် နင်အစောတော့ ထရမယ်နော်... နေ့လည်ထိအိပ်နေလို့ မရဘူး...”


နှစ်ဦးသား စကားစမြည်ပြောရင်း ရယ်မောကာ ထွက်သွားသည်။


အန်းနဉ်က နောက်ပြန်လှည့်ပြီး ယွီရှား၏ နောက်ကျောကို ကြည့်ကာ အနည်းငယ် ပဟေဠိဖြစ်သွားသည်။ 


ယွီရှားမှာ တကယ်ရော ပိုက်ဆံအဲ့ဒီလောက်ရှိလို့လား....


ဒါပေမဲ့လည်း ငါ့ကိစ္စမှ မဟုတ်တာ.... 


“စောင့်ပါဦး...” 


အန်းနဉ်က သူတို့ကို အမှီလိုက်ရန် အရှိန်မြှင့်လိုက်သည်။


 

###