အပိုင်း၇၄
Viewers 11k

🤚Chapter 74





ဝမ်ယွီဆိုသည့် သခင်လေးက အတန်းဖော်များနှင့် ပတ်သတ်လာလျှင် အလွန်ပင် ပွင့်လင်းဖော်ရွေသည်။ သူက လူတိုင်းကို ကျောင်းနားရှိ စားသောက်ဆိုင်တွင် ဧည့်ခံခဲ့သည်။


စာမေးပွဲကြီးပြီးသွား၍ အားလုံးက စိတ်အေးလက်အေးနှင့် စားသောက်နေကြသည်။ ယောကျာ်းလေးများပင် အရက်များကို စိတ်အားထက်သန်စွာဖြင့် မှာယူလာကြသည်။


စားသောက်နေစဉ် ပညာသင်ဆုအကြောင်း ဆက်စပ်ပြောဆိုခဲ့ကြရာ မုန့်ရှင်းယွီက မည်မျှအားကျနေသည်ကို ကြည့်ရုံဖြင့် သိနိုင်သည်။ 


“ပညာသင်ဆုက ယွမ်ထောင်ပေါင်းများစွာ တန်တယ်နော်….”


အန်းနဉ်က စာမေးပွဲကို လွယ်ကူစွာ ဖြေဆိုနိုင်ခဲ့သဖြင့် သူမအတွက် ပညာသင်ဆုရရန် အခွင့်အရေးရှိမှန်း ခန့်မှန်းခဲ့သည်။


ခဏအကြာတွင် စီနီယာများက မေးလာသည်။


 “မင်းတို့ ဆရာတွေကို လက်ဆောင်ပေးကြသေးလား…”


သူတို့အားလုံးစိတ်ရှုပ်သွားကာ ပြန်မေးကြသည်။


 “လက်ဆောင်ပေးရတာလား…”


ပထမနှစ်ကျောင်းသားများက အလွန်ပင် အပြစ်ကင်းကြသည်။ စီနီယာများက ဟက်ဟက်ပက်ပက်ရယ်မောကာ ကျောင်းတွင်းပြိုင်ဆိုင်ခြင်းနှင့် နောက်ကွယ်မှ ကိစ္စရပ်များကို ရှင်းပြသည်။ ကျောင်းသားသမဂ္ဂ၏ အပိုမှတ်ကဲ့သို့ အကျိုးခံစားခွင့်များ အကြောင်းကိုပါ ပြောပြကြသည်။


မုန့်ရှင်းယွီက သက်ပြင်းချလိုက်သည်။


 “ကျောင်းသားသမဂ္ဂရဲ့ အပိုမှတ်အကြောင်းကိုတော့ သိပေမဲ့ ပညာသင်ဆုလေးအတွက် လက်ဆောင်ပေးဖို့ လိုလိမ့်မယ်လို့တော့ မထင်ထားဘူး….”


မုန့်ရှင်းယွီ၏ ပင်ကိုယ်စရိုက်အရ ထိုကိစ္စမျိုးကို လုပ်ဆောင်လိမ့်မည် မဟုတ်ချေ။ သို့သော် အန်းနဉ်က မုန့်ရှင်းယွီ ပညာသင်ဆုရလာမည်ကို သိနေခဲ့သည်။ အတန်းထဲတွင် မုန့်ရှင်းယွီက အမှတ်အများဆုံးဖြစ်ပြီး အတန်းမော်နီတာလည်း ဖြစ်နေသေးသည်။ သူမမှ မရလျှင် အလွန်ရှက်စရာကောင်းပေလိမ့်မည်။


အန်းနဉ်က မုန့်ရှင်းယွီကို နှစ်သိမ့်ပေးလိုက်သည်။


 “စိတ်မပူပါနဲ့… နင့်အဆင့်တွေက အရမ်းကောင်းတဲ့ဟာကို နင်သေချာပေါက်ရလိမ့်မယ်…”


ထို့နောက် တစ်ဖက်သို့ လှည့်လိုက်ရာ ဝမ်ယွီက သူမအား ပြုံးပြုံးလေး ကြည့်နေသည်ကို တွေ့ရသည်။ ထိုသူ၏လှည့်ဖြားတတ်သော အပြုံးအရ တစ်ခုခုကို ကြံစည်နေသည်မှာ ထင်ရှားသည်။


အန်းနဉ်က အားလုံးစားသောက်ပြီးကာ ပြန်သွားသည်အထိ စိတ်ထိန်းထားခဲ့သည်။ ထို့နောက် သူမက ဝမ်ယွီ၏ အကျီစကိုဆွဲကာ သတိပေးလိုက်သည်။ 


“ကျွန်မကြိုပြောထားမယ်နော်… နောက်ကွယ်ကနေ ကြိုးကိုင်ဖို့ မစဉ်းစားနဲ့…”


“အိုး… ကိုယ်အတွေးတွေကို သိနေတာပဲ….” 


ဝမ်ယွီက ကျီစယ်လိုက်သည်။ 


“မင်း ကိုယ့်စိတ်ထဲမှာများ နေနေတာလားကွာ…”


“နောက်မနေနဲ့… “


အန်းနဉ်က သူ့အား ဆိတ်လိုက်သည်။


“ပြောပြီးပြီနော်… လုပ်ရဲရင်လုပ်ကြည့်လိုက်…”


ဝမ်ယွီက ကျောင်း၌ အဆက်အသွယ်ရှိသူဖြစ်၍ သူ့ဘက်က စကားလေး တစ်ခွန်းပြောလိုက်ရုံဖြင့် ပညာသင်ဆုက သူမအတွက် ဖြစ်လာမည်ပင်။ သို့သော် အန်းနဉ်က သူမအဆင့်များမှာ အခြားသူများနှင့်ယှဉ်လျှင် မကောင်းသေးသဖြင့် သူမသာ ပညာသင်ဆုရသွားပါက အတော်လေးကို ရှက်စရာကောင်းနေပေလိမ့်မည်။


သူမ၏ အလိုလိုသိစိတ်အရ ဝမ်ယွီက ဤသို့ လုပ်ဆောင်လာမည်မှာ ဖြစ်နိုင်ချေများသည်။


အန်းနဉ်၏ အတင်းအကြပ် ဖိအားပေးမှုကြောင့် ဝမ်ယွီက စိတ်ပျက်လက်ပျက်နှင့် သဘောတူလိုက်ရသည်။ 


“ကိုယ်နောက်ကွယ်ကနေ လိုက်မရှုပ်တော့ဘူး… စာမေးပွဲရလဒ်ကို အရင်စောင့်ကြည့်တာပေါ့… တကယ်လို့များ မင်းအမှတ်က သင့်တော်မယ်ဆိုရင် ကိုယ်က ကောင်းတဲ့ စကားလေးတစ်ခွန်းပြောပေးရုံပဲ… သူများတွေလည်း တစ်မျိုးထင်မှာမဟုတ်ဘူး…”


ရလဒ်ထွက်လာချိန်တွင် အန်းနဉ်၏အမှတ်များက ယခင်ဘဝကထက် သိသိသာသာကောင်းမွန်နေသဖြင့် ပညာသင်ဆုအတွက် ယှဉ်ပြိုင်ရန် အရည်အချင်း ပြည့်မှီပေသည်။


အမှန်တွင် ချင်းဟွာတက္ကသိုလ်ဝင်ခွင့်၌ အန်းနဉ် ပထမအဆင့် ရခဲ့စဉ်ကတည်းက သူမ၏ဉာဏ်ရည်ကို ဖော်ပြနေသည်။ အတိတ်ဘဝတွင် သူမ၏အချိန်နှင့်အင်အားများက အလုပ်တွင် ကုန်ဆုံးခဲ့သောကြောင့် ယခုဘဝကဲ့သို့ စာလေ့လာရာတွင် အာရုံစိုက်နိုင်ခြင်း မရှိခဲ့ချေ။


ဆောင်းရာသီအားလပ်ရက်မတိုင်မီ ပညာသင်ဆုရရှိသူစာရင်း ထွက်လာခဲ့ပြီး မုန့်ရှင်းယွီနှင့် အန်းနဉ်တို့ ပညာသင်ဆုရခဲ့ကြသဖြင့် နှစ်ယောက်လုံး ဝမ်းသာအားရဖြစ်ကြသည်။ ထို့အပြင် ပညာသင်ဆုကို laptopဝယ်ရာတွင် သုံးမည့်အကြံကလည်း တူနေခဲ့သည်။


အထက်တန်းကျောင်းတွင် ကွန်ပျူတာကို များများစားစား မသုံးခဲ့ရသော်လည်း တက္ကသိုလ်တွင်မူ သုံးရန်လိုအပ်လာရာ တစ်လုံး ဝယ်ထားသင့်သည်ဟု ခံစားရသည်။


ထို့ကြောင့် laptopဝယ်ရန် အတူတူဈေးဝယ်ထွက်ကြသည်။


ပိုင်လုက သူတို့ကိုမနာလိုဖြစ်ကာ ပြောလာသည်။


 “ငါ စာပိုလုပ်ခဲ့သင့်တာ… ပညာသင်ဆုနဲ့ဆို ငါလိုချင်နေတဲ့ ဖုန်းလေးဝယ်နိုင်မှာကို…”


ဆောင်းရာသီအားလပ်ရက်ရောက်သည်နှင့် အားလုံးကိုယ်စီ အိမ်ပြန်ကြသည်။ ဤနှစ် တရုတ်နှစ်သစ်ကူးက စောသေးသဖြင့် ဇန်နဝါရီလကုန်တွင် ‘chunyunx’ဟု လူသိများသော နွေဦးပွဲတော်တွင်း ခရီးသွားကာလကလည်း စောစီးစွာ ရောက်ရှိလာသည်။


ကျောင်းက လက်မှတ်များဝယ်ယူရာတွင် ကူညီပေးသဖြင့် ကျောင်းသားအများစုမှာ အိမ်ပြန်ကုန်ကြပြီဖြစ်သည်။


အားလပ်ရက်စသည်နှင့် ပိုင်လုက ကျောင်းတွင် နောက်တစ်ရက်လေးပင် ဆက်နေချင်ပုံမရသည့်အတိုင်း အိမ်မြန်မြန်ပြန်သွားသည်။ သို့ရာတွင် ချန်းဟောင်ကမူ  ၂၈ရက်နေ့အထိ ကျောင်းတွင် ဆက်နေခဲ့သည်။


ထိုအချိန်အတွင်းတွင် သူက ဝမ်ယွီမိတ်ဆက်ပေးထားသော ကုမ္ပဏီ၌ အလုပ်ဆက်လုပ်နေခဲ့သည်။ အားလပ်ရက်ရာသီဖြစ်၍ သူ့၌အချိန်များစွာပိုနေသည်။ ကုမ္ပဏီတွင် နှစ်ကုန်ပိုင်းအလုပ်များနှင့် ပြည့်နှက်နေရာ သူ၏စေ့စပ်စွာ လုပ်ဆောင်နိုင်စွမ်းကြောင့် နာမည်ကောင်းရလာခဲ့သည်။


သူ့လုပ်ဖော်ကိုင်ဖက်များထံမှ ထောက်ခံမှုများက ဝမ်ယွီနားထဲ ရောက်လာကာ အန်းနဉ်ကို ပြောသည်။ 


“သူက နေ့ခင်းဘက်ဆို အလုပ်လုပ်ပြီးတော့ အလုပ်ဆင်းတာနဲ့ လက်ကမ်းစာစောင်တွေ လိုက်ဝေတယ်လေ…”


ချန်းဟောင်၏မိသားစုက မချမ်းသာသော်လည်း ယခင်က လက်ဖွာခဲ့ခြင်း မရှိသည့်အတွက် ငွေကြေးဖိအားမျိုး မရှိပေ။ သူက နေ့ရက်များကို စာလေ့လာခြင်း၊ ဂိမ်းကစားခြင်းဖြင့် ရိုးရှင်းစွာဖြတ်သန်းသည်။ ကလပ်တွင် သူရှိနေရသည့် အကြောင်းရင်းမှာ ကျန်းမာရေးအတွက်သာ ဖြစ်သည်။ ပြောရမည်ဆိုလျှင် သူ့ဘဝက အလွန်ပင် သာယာခဲ့သည်။


သို့သော် ယခု အရာရာပြောင်းလဲသွားပုံရသည်။


ပေါ့ပေါ့တန်တန်နေခဲ့သည့် ကျောင်းသားက ဘဝ၏ ဖိအားများကို ရုတ်တရက် ရင်ဆိုင်လာရလေသည်။ ချန်းဟောင်က ဝမ်ယွီအား ညည်းတွားလာသည်။ 


“ငါကွာ ရုတ်တရက်ကြီး သက်လတ်ပိုင်းအိမ်ထောင်သည် အမျိုးသားတွေကို စာနာလာမိသလိုပဲ…”


ခဏအကြာတွင် သူက ထပ်ပြောသည်။ 


“တကယ်တော့ အဲ့ဒီအမျိုးသားတွေတင် မကဘူး… အန်းနဉ်လို မိန်းကလေးကတောင် အလုပ်ကြိုးစားနေတာ…ရှင်းယွီတောင် အလုပ်လုပ်နေတယ်လို့ ကြားတယ်…”


သူတို့အားလုံးက ဘဝဖိအားများကို ရင်ဆိုင်နေရသူများဖြစ်သည်။ ထိုအခိုက်အတန့်တွင် ကောင်းမွန်သည့် မိသားစု၌ မွေးဖွားလာသူများကို အမှန်ပင် မနာလိုဖြစ်မိသည်။


“မင်းအဖေက နောက်သားတစ်ယောက်များ မလိုချင်ဘူးလား…” 


သူက ဝမ်ယွီ့ကို ပခုံးဖက်ရင်း‌မေးလိုက်သည်။ 


“အရပ်က ၁.၈မီတာလောက် ရှိပြီးတော့ အိပ်ရင်ဟောက်တတ်တဲ့ သားမျိုးလေ…”


ဝမ်ယွီက မျက်လုံးလှိမ့်ကာ ပြန်ဖြေသည်။ 


“သွားစမ်း… ငါ့မိသားစုအမွေက မင်းအတွက် မရှိဘူး…”


အန်းနဉ်က ချန်းဟောင်နှင့် တူညီသည့် အခြေအနေ၌ပင်။ အားလပ်ရက်ကြောင့် အချိန်ပိုများစွာ ရှိနေသည့်အတွက် သူမက ချန်းဟောင်ထက် ဝင်ငွေပိုရစေရန် အလုပ်ကို မမောမပန်းလုပ်ခဲ့သည်။


သူမအနေနှင့် အများသုံးယာဉ်များကို မကြာခဏ စီးရသည့်အတွက် ငွေသားများ ကိုင်ဆောင်ထားခြင်းက လုံခြုံမည်မဟုတ်ပေ။ အစ်ကိုမာက သူမအား တစ်ခါက သတိပေးဖူးသဖြင့် သူမက ဓာတ်ပုံဆရာကို သူမအားငွေလွှဲပေးရန်သာ တောင်းဆိုခဲ့သည်။


သူမဖုန်းထဲ ငွေလက်ခံရရှိသည့် အသံကြားတိုင်း လောင်မြိုက်နေသည့် နွေရာသီ၌ ရေခဲမုန့်တစ်ကိုက် စားလိုက်ရသည့်အတိုင်း အေးခဲသည့် ဆောင်းရာသီတွင် စွပ်ပြုတ်ပူပူလေး သောက်ရသကဲ့သို့ လူကို လန်းဆန်းလာစေသည်။


သုံးဆယ်ရက်မြောက်နေ့တွင် ဝမ်ယွီက အန်းနဉ်ကို သူ့အိမ်သို့ ခေါ်လာသည်။


အန်းနဉ်က ဝမ်ကောအန်းနှင့် ပတ်သတ်ပြီး သံသယရှိခဲ့သော်လည်း လူချင်းတွေ့ပြီးချိန်တွင် ဝမ်ကောအန်းက သူမတွေ့ခဲ့သည့် သူမဟုတ်မှန်း သိလိုက်ရသည်။


ထိုလူက ဝမ်ကောအန်းထက် ပိုငယ်ပြီး ပိုချောသည်။ သူက အမျိုးသမီးငယ်လေးများကိုပင် ဆွဲဆောင်နိုင်သည့်ပုံပင်။


ဝမ်ကောအန်းက အသက်ပိုကြီးကာ ထိုသူလောက် ချောမောခြင်း မရှိပေ။


သူက အန်းနဉ်အပေါ် ဘေးအိမ်ကလူအိုကြီးကဲ့သို့ နွေးထွေးကာ ဖော်ရွေသည်။ တစ်ဖက်တွင် ဝမ်ယွီ၏အမေဖြစ်သူ ချန်းလျန်က အန်းနဉ်အပေါ် ဆက်ဆံသည်မှာ အတော်လေးကွာခြားသည်။ သူမ၏ သပ်ရပ်စွာ ဝတ်စားထားပြီး တန်ဖိုးကြီးပုံရသည့် အသွင်အပြင်အရ ၎င်းကို ပြောနိုင်ပေသည်။ 


အန်းနဉ်က ဝမ်ယွီ၏အိမ်သို့ မနက်ပိုင်းတွင် ရောက်ရှိခဲ့ပြီး ဝမ်ယွီ့မိဘများနှင့်အတူ ထမင်းစားရသည်။ နေ့လည်စာအပြီးတွင် မပြန်မီ စကားခဏတဖြုတ် ပြောရပေမည်။


၎င်းက ကျင့်ဝတ်ရှိရမည့် ဧည့်သည်တစ်ဦး၏ လုပ်ဆောင်ချက်ဖြစ်သည်။


ဝမ်ယွီ့မိဘများနှင့် မတွေ့ရသေးမီ သူမဘေးရှိ လူကြီးများ၏ အကြံဉာဏ်များ  တောင်းရန် တွေးမိသည်။ သို့သော် သူမပတ်ဝန်းကျင်တွင် ထိုကဲ့သို့သူများ သိပ်မရှိချေ။ ထို့ကြောင့် အစ်ကိုမာကို အကြံဉာဏ်တောင်းရန် ဆုံးဖြတ်လိုက်သည်။ အစ်ကိုမာမှာ အနည်းဆုံး အသက်သုံးဆယ်ခန့်ရှိနေပြီဖြစ်၍ ကျင့်ဝတ်များအကြောင်းကို ပိုသိလောက်မည်ဟု တွေးလိုက်သည်။


အန်းနဉ်က ကောင်လေး၏မိဘများနှင့် သွားတွေ့ရမည်ကို အစ်ကိုမာ ကြားလိုက်ရသည်နှင့် ဧည့်သည်ကျင့်ဝတ်နှင့် ပတ်သတ်၍ သူသိထားသမျှအကုန်လုံးကို သေချာရှင်းပြလိုက်သည်။


ဘေးမှမိတ်ကပ်ပညာရှင်ကလည်း စကားဝိုင်းထဲ ဝင်ပါလာသည်။ 


“ဟေး ညီမကောင်လေးရဲ့ အသိုင်းအဝိုင်းက ချမ်းသာမယ့်ပုံပဲ… သူ့မိဘတွေနဲ့ တွေ့ရင် သူတို့က မင်းကို စာအိတ်နီအကြီးကြီး ပေးမယ်ထင်လား…”


လက်ထောက်ကလည်း ဝင်ပြောသည်။


 “ပထမအကြိမ် ငါ့ကောင်လေးအိမ်ကို သွားတုန်းကဆို သူ့အမေက တော်တော်ကပ်စေးနည်းလိုက်တာများ…. ငါ့ကိုယွမ်၈၀၀ပဲ ပေးတယ်…”


မိတ်ကပ်ပညာရှင်က လှောင်ပြောင်လိုက်သည်။ 


“ဒါကတော့ တွန့်တိုလွန်းပါတယ်ဟယ်… ငါ့တုန်းကဆို ယွမ်၂၀၀၀ရတာ…”


 ဤစကားဝိုင်းကြီးတစ်ခုလုံးက အန်းနဉ်ကို စိတ်ဖိစီးစေသည်။ အကြောင်းရင်းမှာ ဝမ်ယွီ့မိဘများက တွန့်တိုတတ်သည့်သူများ မဟုတ်သည်ကို သူမ သိနေ၍ပင်။


ထင်ထားသည့်အတိုင်းပင် ဝမ်ယွီ့အဖေက အလွန်ကို ရက်ရောသည်။ အန်းနဉ်ပြန်တော့မည့်အချိန်တွင် သူက ဘူးအသေးလေးတစ်ဘူးကို ထုတ်လိုက်သည်။


“ဦးလေးတို့ ပထမဆုံးတွေ့တဲ့ အထိန်းအမှတ်အနေနဲ့ လက်ဆောင်လေးပေးမယ်… ဒါက ဦးလေးအမေဝတ်လေ့ရှိတဲ့ ရှေးဟောင်းပစ္စည်းလေးတစ်ခုပါပဲ… အဟောင်းဆိုပေမဲ့ ဒီလက်ဆောင်လေးကို လက်ခံပေးပါ…”


စာအိတ်အနီကို လက်ခံရသည်ထက်ပင် ပို၍ဖိအားများသည်။


အန်းနဉ်က ငြင်းရန်ပြင်စဉ် ဝမ်ယွီက ရုတ်တရက် ဘူးကိုယူလိုက်သည်။


“ငြင်းဖို့မလိုဘူးနော်…ကိုယ်လက်ခံလိုက်ပြီ…”


ဝမ်ကောအန်းက ရယ်လေသည်။ 


အဖေနှင့်သားက အန်နဉ်ကို ငြင်းရန်အခွင့်အရေး တစ်ခုပင် မပေးချေ။ 


ချန်းလျန်က ထိုသားအဖနှစ်ယောက် ပျော်ရွှင်စွာ လှည့်စားနေကြပုံကို ဆန့်ကျင်ဖက်မျက်နှာထားနှင့် ကြည့်နေခဲ့သည်။


ဝမ်ယွီက အန်းနဉ်ကို လိုက်ပို့ပေးသည်ကို မြင်သည်နှင့်  သူမက ပြောလာသည်။


 “ရှင့်အမေရဲ့ ပစ္စည်းကို ပေးလိုက်ဖို့ထိ လိုလို့လား… ကျောင်းတွင်းချစ်ကြိုက်တာလေးပဲကို… ဘယ်လောက်များ မြဲမှာမလို့လဲ…”


အတွဲအများစုက ဘွဲ့ရပြီးသည့်နောက် ပြတ်သွားကြသည်ကများသည်။ အချို့က ဘွဲ့ရသည်အထိပင် မမြဲချေ။


ဝမ်ကောအန်းက တည်ငြိမ်စွာ ပြန်တုံ့ပြန်သည်။ 


“ငါတို့သားက အရွယ်ရောက်နေပြီ… ပြီးတော့ ဒါက သူ့မိဘတွေနဲ့ မိတ်ဆက်ပေးဖို့ ကောင်မလေးတစ်ယောက်ကို အိမ်ခေါ်လာတာ ပထမဆုံးအကြိမ်လေကွာ… ဘာလို့ အရမ်းတွက်ကပ်နေရတာလဲ…. နောက်ပြီး ငါတို့မိသားစုက ဘာမှချို့တဲ့မနေဘူး….”


ချန်းလျန်က သူမမျက်ခုံးများကို ပင့်လိုက်ပြီး ဒေါသတကြီး ထွက်သွားသည်။


သူမက လွန်ခဲ့သည့်နှစ်ကတည်းက သွေးဆုံးခြင်းဝေဒနာကို ခံစားနေရပြီး ပုံမှန်မဟုတ်ဘဲ ဒေါသထွက်လေ့ရှိသည်။ ဝမ်ကောအန်းက သူမနှင့် ပြောဆိုရန် စိတ်မဝင်စားပေ။


ကားထဲတွင် အန်းနဉ်က ဘူးကိုဂရုတစိုက် ဖွင့်လိုက်ပြီးနောက် အံ့အားသင့်သွားသည်။


ဘူးထဲတွင် ဖောက်ထွင်းမြင်ရပြီး တောက်ပသည့် ကျောက်စိမ်းလက်ကောက်တစ်ကွင်း ရှိနေလေသည်။


“ဒါက…”


“သိမ်းထား…” 


ဝမ်ယွီက ငြင်းခွင့်မပေးသည့်ပုံစံဖြင့် ပြောလာသည်။


 “ဒါက ပိုက်ဆံမဟုတ်ဘူး… လူကြီးတွေက ပေးတာလေကွာ…”


“ဒါပေမဲ့ ဒါက အရမ်းတန်ဖိုးကြီးလွန်းတယ်… ရှင့်အဖွားရဲ့ အမွေပစ္စည်းလေ….” 


အန်းနဉ်က ကန့်ကွက်ခဲ့သည်။ အထူးသဖြင့် နောက်ဆုံးအပိုင်းက သူမကို ပိုပြီး ဖိအားဖြစ်စေခဲ့သည်။


“ကိုယ့်အဖွားရဲ့ လက်ဝတ်ရတနာစုဆောင်းမှုကြီးက အခုဆို တောင်တစ်လုံးလောက်ရှိနေလောက်ပြီ” 


ဝမ်ယွီက ရယ်မောလိုက်သည်။


 “ဒါပေမဲ့ ကိုယ့်အဖေက မင်းအတွက် အထူးသီးသန့်ရွေးပေးတယ်ဆိုကတည်းက မင်းကို သူအတော်လေး သဘောကျနေတဲ့ပုံပဲ…”


အန်းနဉ်: “…..”


တောင်တစ်လုံးစာ လက်ဝတ်ရတနာများနှင့် ယှဉ်လိုက်လျှင် သူမ၏စိတ်ဖိစီးမှုများကို သက်သာရာရစေသည်။


“လူကြီးတွေပေးတဲ့ လက်ဆောင်မလို့ လက်ခံလိုက်ပါ…” 


ဝမ်ယွီက လက်ကောက်ကို ဘူးထဲမှထုတ်လိုက်ကာ အန်းနဉ်၏လက်ကောက်ဝတ်တွင် ဝတ်ပေးလိုက်သည်။


အန်းနဉ်၏ လက်ကလေးများက သေးသွယ်သောကြောင့် လက်ကောက်က သူမ၏နူးညံ့သော လက်ကောက်ဝတ်လေးတွင် လျှောကျနေပေသည်။ မြစိမ်းရောင် တောက်ပြောင်နေသော လက်ဝတ်ရတနာက သူမလက်ကလေးကို ပိုလှပစေရန်ပင် ပံ့ပိုးပေးသည်။


“လှတယ်...” 


ဝမ်ယွီက ဆိုသည်။ 


“ဒါကို ဝတ်ထားနော်…”


၎င်းက အမှန်ပင် လှသဖြင့် အန်းနဉ်၏ ပိုပြီး သဘောကျလာသည်။ ဝမ်ယွီ့အဖေက အမှန်ကိုပင် ရည်မွန်ပြီး ဖော်ရွေတတ်သည့်သူဖြစ်သည်။


အန်းနဉ်က လက်ကောက်ကို ထိလိုက်ပြီး မေးသည်။ 

“ရှင့်မှာ မိသားစုဝင် သုံးယောက်ပဲရှိတာလား… တခြားဆွေမျိုးတွေကော…”


“အများကြီးမရှိပါဘူး… ကိုယ့်အဖေက တစ်ဦးတည်းသော သားလေ… ပြီးတော့ သူ့မျိုးဆက်က လူတွေထက် ပိုအသက်ကြီးတယ်… ကိုယ်တို့ချင်း သိပ်ပြီး အဆက်အသွယ်မရှိကြဘူး….”


သူက ချန်းလျန်ဘက်က ဆွေမျိုးများကိုမူ ထည့်မပြောပေ။


အန်းနဉ်က ခဏလောက်တွေးပြီး မေးလာသည်။

“ရှင်က ရှင့်အမေလိုပဲ ကြည့်ကောင်းတယ်… ရှင့်အမျိုးတွေကော အဲ့လိုပဲလား… ချောတဲ့ဦးလေးတို့ဘာတို့ မရှိဘူးလား…”


“ဦးလေးတော့ မရှိဘူး…. ကိုယ့်အမေကလည်း တစ်ဦးတည်းသော သမီးလေ… အမေ့ဘက်က အမျိုးတွေဆိုရင်တော့ သူက အဲ့ဖက်ကအမျိုးတွေနဲ့ ဆက်ဆံရတာမကြိုက်ဖူး…  ရင်းနှီးတဲ့ ဆွေမျိုးရယ်လို့တော့ သိပ်မရှိဘူး…”


သူရှင်းပြသည်ကို နားထောင်ပြီးနောက် အန်းနဉ်က အသုံးဝင်နိုင်မည့် အချက်အလက်များကို မရခဲ့၍ စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။ ဝမ်ယွီ၏အိမ်တွင် ထူးထူးခြားခြား မည်သည်မျှမရှိဘဲ ကိစ္စကြီးကြီးမားမားဖြစ်ပျက်ခဲ့သည့်ပုံ မပေါ်ပေ။


အန်းနဉ်က ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။ ဝမ်ယွီ့အပေါ် စောစောစီးစီး ဂရုမစိုက်လိုက်မိသည့်အတွက် နောင်တရနေခဲ့သည်။ သူ ကျောင်းက ရုတ်တရက်ပျောက်သွားသည်ကိုပင် စွန်းယာရှန့်က အတန်းထဲတွင် မေးမြန်းပြောဆိုလာချိန်မှ သိခဲ့ရသည်။


ထိုစဉ်က အန်းနဉ်မှာ သူမကိုနှောင့်ယှက်မည့်သူ မရှိတော့၍ စိတ်သက်သာရာ ရခဲ့သည်။ စွန်းယာရှန့်ဆီမှ အတင်းအဖျင်းများကို သွားနားထောင်ရန် မဖြစ်နိုင်ပေ။ ယခုအချိန်တွင် သူမ သိနိုင်သည်မှာ တစ်ခုမှမရှိ၍ အမှောင်ထဲ လမ်းပျောက်နေသည်ကို ခံစားရပြီး စိတ်ပျက်လာခဲ့သည်။


“နှစ်သစ်မှာ ဘာလို့သက်ပြင်းချနေရတာလဲ…” 

ဝမ်ယွီက ပြောသည်။ 

“ပျော်ပျော်နေပါကွာ…”


ထို့နောက် သူက အကြောင်းရင်းကို စဉ်းစားကာ နှစ်သိမ့်ပေးသည်။

 “ကိုယ့်အမေက အဲ့လိုပဲ… လူတွေနဲ့တွေ့ရင် စကားသိပ်မပြောဘူး… နည်းနည်းခေါင်းမာတယ်… ကိုယ်လည်း အဲ့ဒါကို သိပ်မကြိုက်ဘူး… လျစ်လျူရှုထားလိုက်နော်…”


ယနေ့ ချန်းလျန်၏သဘောထားနှင့် ပတ်သတ်ပြီး ဝမ်ယွီက စိတ်မကျေနပ်ချေ။ သူ့မိသားစုအား အသေအချာကို ကြိုသတိပေးထားခဲ့သော်လည်း ချန်းလျန်က အန်းနဉ်အပေါ် အေးစက်နေခဲ့သည်။ ၎င်းက သူ့အားစိတ်ဆိုးစေမိသည်။


သူတို့ အိမ်ပြန်ရောက်သည်နှင့် သူမက ဝမ်ယွီကို မြန်မြန်ပြန်စေသည်။

 “အိမ်ကို မြန်မြန်ပြန်တော့… အခုက နှစ်သစ်ကူးအကြိုရက်လေ…”


ဝမ်ယွီက မေးသည်။

 “မင်း နှစ်သစ်ကို ဘယ်လိုဖြတ်သန်းမှာလဲ…”


အန်းနဉ်က ပြုံး ပြန်ဖြေသည်။

 “ကျွန်မ ဖက်ထုပ်လုပ်မယ်… အစာပလာတွေက အကုန်ပြင်ပြီးသားလေ…”


ဝမ်ယွီက မပြန်မီ သူမအား နမ်းလိုက်သည်။


ယနေ့က နှစ်သစ်ကူး အကြိုနေ့ဖြစ်ပြီး ညကုန်ဆုံးသည်နှင့် နှစ်သစ်ရောက်လာမည်ဖြစ်သည်။


 


###